တောင်ငူသား

..... စိမ်းလန်းပါစေ ကမ္ဘာမြေ ... ငြိမ်းချမ်းပါစေ ကမ္ဘာမြေ .....

Friday, November 28, 2008

ဘဲစာသစ်

အဖိုးက တစ်ဦးတည်းသောသား။ အဖိုးရဲ့ ဦးလေးအဒေါ်တွေကလည်း အပျိုကြီး၊ လူပျိုကြီးတွေဆိုတော့ မောင်နှမဝမ်းကွဲတောင် မရှိရှာဘူး။ အဲဒါကြောင့်မို့လားတော့ မသိဘူး။ အဖွားနဲ့ လက်ထပ်ပြီး မွေးထားတာ သားသမီးကိုးယောက်တောင်။ ကျွန်တော်သိတတ်စအချိန်မှာ အိမ်မှာ ကျွန်တော်တို့မိသားစုရယ်၊ အဖိုးနဲ့ အဖွားရယ်၊ အဖိုးရဲ့ အဒေါ်အငယ်ဆုံး အဖွားအပျိုကြီးရယ်၊ အဖေ့အကိုအကြီးဆုံးရဲ့ သမီးရယ် နေကြတယ်။ အဖိုးရဲ့ အဒေါ်အငယ်ဆုံးဆိုပေမယ့် အဖိုးနဲ့ အသက် အများကြီးမကွာဘူး။ အဖိုးက သူ့အဒေါ်ကို မမလို့ပဲ ခေါ်လေ့ရှိတာ မှတ်မိတယ်။ အဖွားအပျိုကြီးက ကျွန်တော်နဲ့ဆို အဘေး တော်တာပေါ့။

ကျွန်တော့်အဘေးက အသက်အရွယ်ရလာတဲ့အချိန်မှာ သွားတွေက အရမ်းမာတာတွေ မဝါးနိုင်တော့ဘူး။ ထမင်းချက်ရင် ခပ်ပျော့ပျော့လေး ချက်ပေးရတယ်။ အသား၊ ငါးတွေဆိုလည်း နူးနေအောင် ပြုတ်ပြီးမှ စားလို့ရတယ်။ အိမ်ထဲက အိမ်ပြင်တောင် ထွက်လေ့မရှိတော့ဘူး။ သူ့အခန်းလေးထဲမှာပဲ အနေများတယ်။ အပြင်က တခြားအကြောင်းအရာတွေ ဘာတွေလည်း စိတ်မဝင်စားပါဘူး။ သူမေးတတ်တာ ဘိုးဘွားစဉ်ဆက်ကိုးကွယ်လာတဲ့ ဘုန်းကြီးကျောင်းအကြောင်းရယ်၊ တူဖြစ်သူက မွေးတဲ့ မြေးတွေ(အဖေတို့မောင်နှမတွေ) အကြောင်းလောက်ရယ်သာ သတိရတဲ့အခါ မေးတတ်တယ်။ သူ့ဟာသူ ပုတီးလေးစိပ် ဘုရားရှိခိုးနဲ့ပဲနေတာ။ အိမ်မှာ ကျွန်တော်တို့တွေ ပြောကြဆိုကြတာတွေတော့ နားစွန်နားဖျား ကြားမိပါလိမ့်မယ်။ လူကြီးဆိုတော့လည်း သူ့စိတ်ထဲ တွေးမိတွေးရာ တွေးတာလည်း ရှိမှာပေါ့။


ကျွန်တော့်အဖွားက အသက် ၈၆နှစ်အရွယ် မကွယ်လွန်ခင် အချိန်ထိ မီးဖိုဆောင်ကို အမေနဲ့အတူ ကိုယ်တိုင်ဝင်ပြီး ချက်ပြုတ်ရမှ ကျေနပ်တာ။ အဖွားက သွေးတိုးသာ ရှိတာ ဟင်းချက်ရင် လေးလေးပင်ပင်လေး ချက်လေ့ရှိတယ်။ ပေါ့ရွှတ်ရွှတ်ဟင်းတွေဆိုရင် စားမဝင်တတ်ဘူး။ အဲဒီအလေ့က စွဲနေတော့ အဒေါ်ဖြစ်သူအတွက် ထမင်းပွဲ ဟင်းပွဲလုပ်ပေးတဲ့အခါမှာလည်း လေးလေးပင်ပင်လေးဖြစ်အောင် ပြင်တော့တယ်။


တစ်နေ့တော့ ဘဲဥပြုတ်လေးကို ဆီဆမ်းပြီး ထမင်းပူပူလေးနဲ့ စားဖို့ကို အဖွားက လုပ်ပေးတယ်။ ကျွန်တော့်အဘေးလည်း ထမင်းပွဲဝင်ထိုင်ပြီး ဘဲဥပြုတ်လေးတစ်ဖတ်ကို အရင်ကောက်မြည်းလိုက်တယ်။ ပြီးတော့ ဘယ်သူ့ကိုမှ ပြောတာမဟုတ်ပါဘူး။ သူ့ဘာသာသူလေး ရေရွတ်လိုက်တာ...

“သြော်... ဈေးတွေကြီးလာတော့ လူတွေလည်း ဘဲတွေကို အစာမကျွေးနိုင်ဘဲ ဆားတွေပဲ ကျွေးလားမသိဘူးကွယ်။ ဘဲဥတွေက ဆားငန်လိုက်တာ” တဲ့။

Sunday, November 23, 2008

မိုင်ဆွန်ခ

စင်္ကာပူရောက် ရှမ်းတိုင်းရင်းသားများရဲ့ ရှမ်းရိုးရာနှစ်သစ်ကူးပွဲကို နိုဝင်ဘာ ၂၂ရက် ညနေခင်းမှာ Lavender MRT အနီးက Foochow Building မှာ ကျင်းပခဲ့ပါတယ်။ ရှမ်းပြက္ခဒိန်အရ ယခုနှစ်ဟာ ၂၁၀၃ ခု လို့သိရတယ်။ အစောကတည်းက သွားချင်ပေမယ့် မသေချာတာကြောင့် လက်မှတ်မဝယ်ထားရဘူး။ အဲဒီနေ့လယ်ရောက်မှ သူငယ်ချင်းနဲ့ ဖုန်းဆက်ဖြစ်ပြီး သူ့မှာ လက်မှတ်အဆင်သင့်ရှိတာနဲ့ ရောက်ဖြစ်တယ်။ ခန်းမရောက်တော့ ဝယ်ထားတဲ့ လက်မှတ်တွေကို ကပ်ခွာခုံနံပါတ်လေးတွေနဲ့ လဲပေးတယ်။ ပြီးတော့ ရှမ်းအစားအစာ ထမင်းဘူးတွေ တစ်ယောက်တစ်စုံစီပေးတယ်။ ရှမ်းပြက္ခဒိန်တွေ၊ တီရှပ်တွေ ရောင်းနေတာလည်း တွေ့ခဲ့တယ်။

ခန်းမရောက်တော့ ၅ နာရီစမယ်ဆိုပေမယ့် တကယ်တမ်းက နည်းနည်းနောက်ကျပြီးမှ စဖြစ်တယ်။ လူတော့ အများကြီး ပြည့်ကျပ်မနေဘူး။ ထိုင်ခုံမှာဝင်ထိုင်ပြီး ဘူးကို ဖွင့်လိုက်တော့ သွားရည်ကျသွားတယ်။ ဘူးထဲမှာ ထမင်းရယ်၊ ငါးရယ်၊ မုန်ညင်းချဉ်ရယ်၊ ငါးဆုပ်လုံးလိုလုပ်ထားတာရယ်။ ပြီးတော့ ငှက်ပျောကောက်ညှင်းထုပ်မီးကင် ကလည်း တော်တော်ကောင်းတယ်။ ရွှေရင်အေးလို အချိုပွဲ တစ်ဘူးလည်း သောက်လို့ကောင်းတာပဲ။ အားလုံးခြုံပြောရရင် ရှမ်းဟင်းတွေ အများကြီးမစုံပေမယ့် ကျွေးသမျှတော့ အကုန်စားလို့ကောင်းတယ်။ လုံးဝမဝဘူး။ စားနေရင်းနဲ့ သူများတွေဖက်ကို စပ်စုကြည့်တော့မှ တို့ဟူးခြောက်ကြော်ထုပ်လေးတွေ တွေ့တယ်။ ဒါနဲ့ ထမင်းဘူးသွားထုတ်လာတဲ့ သူငယ်ချင်းကို မေးတော့ သူလည်း ပေးတဲ့အတိုင်းယူလာတာတဲ့။ တို့ဟူးခြောက်ကြော်က သူတော့ မကြိုက်ဘူးတဲ့လေ။ ဆိုးဝါးလိုက်တာ။ ကျွန်တော်အရမ်းကြိုက်တာ။ အရမ်းကြိုက်တဲ့လူကျမှ မရခဲ့ဘူး။ ခဏနေတော့ နောက်ကခုံတန်းမှာ နိုင်ငံခြားသားတစ်ချို့ပါ လိုက်လာကြည့်တာတွေ့တယ်။ ရှေ့က အစီအစဉ်တွေ ကြည့်နေရင်းနဲ့ သူတို့ဆီက တကြွပ်ကြွပ်နဲ့ တို့ဟူးခြောက်ကြော် ဝါးစားသံထွက်လာတိုင်း ကျွန်တော့်မှာ ကလိကလိဖြစ်နေရတယ်။ ဟင်း..

တကယ်တော့ ကျွန်တော့်အဖေဖက်က အဖိုးအဖွားတွေ နှစ်ဖက်စလုံး ရှမ်းစစ်စစ်တွေ။ ဒါပေမယ့် မြေပြန့်မှာ အခြေချခဲ့တာ မျိုးဆက်လေးငါးဆက်လောက်ရှိနေပြီဆိုတော့ ကျွန်တော်တို့လက်ထက်မှာ ရှမ်းဓလေ့၊ ရှမ်းစကား ဘာမှမသိတော့ဘူး။ ဒါပေမယ့် ကျွန်တော်ကတော့ ရှမ်းအစားအစာဆိုရင် တော်တော်ကြိုက်တယ်(စားဖူးပြီးသမျှတွေထဲမှာ)။ ရှမ်းအိုးစည်သံကြားရင်လည်း တော်တော်မြူးတယ်။ လိုက်ကချင်နေတယ်။ တောင်ကြီးတန်ဆောင်တိုင် တစ်ခေါက်ရောက်တုန်းကဆိုရင် အရမ်းပျော်တာပဲ။ တို့ဟူးနှစ်ပြန်ကြော်ဆို အသေကြိုက်။

အခမ်းနားဖွင့်ပြီးတော့ စိုင်းအောင်မြင့်(ကျောင်းက Mechanical major က သူငယ်ချင်းပါ)က ရှမ်းလို နှုတ်ဆက်စကားပြောတယ်။ ရှမ်းအကအလှတွေ တစ်ပုဒ်ပြီးတစ်ပုဒ်တင်ဆက်တယ်။ ဓါးသိုင်းတွေလည်း ပါတယ်။ ဒါပေမယ့် ကျွန်တော့်စိတ်ထင် သိပ်မမြူးသလိုဖြစ်နေတယ်။ တူရိယာသံတွေကပဲ တိုးနေလို့လား မသိဘူး။ အဆိုတော် စိုင်းထီးဆိုင်ရဲ့ ညီ စိုင်းအောင်ထီးခမ်း ဖျော်ဖြေတဲ့အလှည့်ရောက်တော့ ရှမ်းသီချင်းတွေ၊ စိုင်းထီးဆိုင်သီချင်းတွေနဲ့ သူရဲ့ သီချင်းတချို့ဆိုတယ်။ အဲဒီကျမှ နည်းနည်းသွက်လာတယ်။ ပြီးတော့ တင့်တင့်ထွန်း။ မတင့် ထွက်လာတော့မှ ပွဲက ပိုပြီးစိုပြေသွားတယ်။ သီချင်းတွေ တစ်ပုဒ်ပြီး တစ်ပုဒ်ဆိုတယ်။ မတင့်ထုံးစံအတိုင်း အကလေးတွေလည်း ပါတော့ အားပေးကြတာပေါ့။ နောက်တန်းက နိုင်ငံခြားသားတွေကလည်း ထထအော်ကြတယ်။ မတင့်ကပုံကို သဘောကျတယ် ထင်တယ်။

ကြားမှာ ၁၀မိနစ်လောက် နားသေးတယ်။ ပြီးတော့ တိုးနယားအက၊ ရှမ်းအကတွေနဲ့ ပြန်ဖွင့်တယ်။ နောက် စိုင်းအောင်ခမ်းထီးနဲ့ မတင့်တို့ အဝတ်အစားသုံးစုံလောက်စီ လဲပြီး ဆိုကြတယ်။ မတင့်က ရှမ်းဝတ်စုံလေးလဲပြီး တစ်ခါထွက်လာပြန်တော့လည်း လှလိုက်တာ။ မတင့်က အသက်လေးဆယ်သာ ကျော်နေတယ် အတော်လှသေးတာ။ တော်ရုံမင်းသမီးတွေလောက်တော့ အသာလေးယှဉ်နိုင်တယ်။ စင်ပေါ်က မတင့်နဲ့ စင်အောက်က ပရိတ်သတ် အပေးအယူမျှမျှနဲ့ သီဆိုဖျော်ဖြေသွားလိုက်တာ တစ်သားတည်းပါပဲ။ နောက်ဆုံးသီချင်းတွေကျတော့ စင်ပေါ်မှာ ကလိုက်ကြတာ တကယ့်ကို ပျော်စရာကြီး။

စိုင်းအောင်ထီးခမ်းက ရှမ်းစကားနဲ့ “မိုင်ဆွန်ခ” လို့ နှုတ်ဆက်တော့ စင်အောက်က နားလည်တဲ့လူတွေက ရှမ်းလိုပဲ ပြန်နှုတ်ဆက်ကြတယ်။ နာမည်ကြီးတဲ့ ရှမ်းသီချင်းတချို့လည်း ဆိုရော ရှမ်းလိုရတဲ့သူတွေ လိုက်ဆိုကြတာပေါ့။ ကျွန်တော်လည်း ရှမ်းသွေးပါလျက်နဲ့ ရှမ်းလိုလေးတောင် ပြန်ပြီး နှုတ်မဆက်တတ်ဘူး။ နောက်တစ်ခါတော့ ပြန်နှုတ်ဆက်တတ်အောင် ရှမ်းစကားလေးတော့ သင်ထားရဦးမယ်။

ကင်မရာက indoor ပုံတွေ ကောင်းကောင်းရအောင် ရိုက်မရလို့ မတင်လိုက်နိုင်ဘူး။ ကိုဒီ ဆီမှာပဲ အားပါးတရကြည့်လိုက်ကြပါခင်ဗျာ။

Tuesday, November 18, 2008

ဘယ်သူပြောရဲလဲ

ရေခြားမြေခြားမှာ ရောက်နေရတော့ မြန်မာအစားအစာဆိုရင် အရမ်းလွမ်းတယ်။ ပြောမဲ့သာ ပြောတာပါ။ တိုင်းတပါးမှာ ဒီနိုင်ငံလောက် မြန်မာအစာ အလွယ်တကူစားနိုင်တာ မရှိသေးဘူးထင်တယ်။ အိမ်မှာလည်း အမြဲချက်စားနေတာပါပဲ။ ဟင်းချက်ဖို့ လိုချင်တဲ့ မြန်မာအမယ်တွေလည်း စုံစုံလင်လင်ဝယ်လို့ရတာကိုး။ တကယ်တော့ ကျွန်တော် ဒီမရောက်ခင်က ဘာမှ မချက်တတ်ဘူး။ ကြက်ဥကြော်လောက်၊ ကြက်သားစော်ဘွားချက်လောက်ပဲ ချက်တတ်ခဲ့တာ။ ငယ်ငယ်က အမေနဲ့ အဖွားချက်တာကို မြင်ဖူးနေတော့ အဲဒီအတိုင်း မှတ်မိတာတွေ ချက်ကြည့်တယ်။ အမေ့ကို ဖုန်းဆက်လို့ကြုံရင် ပြန်မေးတယ်။


ချက်ကာစကဆိုရင် ဘာဟင်းချက်ချက် မျက်လုံးထဲမြင်တာ အကုန်ကောက်ထည့်တာပဲ။ တစ်ခါတစ်လေလဲ အဆင်ပြေပြီး စားကောင်းနေတယ်။ တစ်ခါတစ်လေ ဘာဟင်းမှန်းမသိ အရသာကဆိုး စားမဲ့သူမရှိတော့ လွှင့်ပစ်လိုက်ရတာပဲ။ နောက်ပိုင်း ဟင်းချက်သက်လေး နည်းနည်းရလာတော့မှ လက်စွမ်းထက်လာတယ်။ အခုဆို ကျွန်တော့်လက်ရာ စပါယ်ရှယ်ဟင်းတချို့ဆို သူငယ်ချင်းတွေကြားထဲ နာမည်ကြီးပဲ။ ကောင်မလေးတွေဆို ညာညာပြီး ချက်ကျွေးခိုင်းနေကြ။ ကျွန်တော်တို့အိမ်မှာက သူငယ်ချင်းခြောက်ယောက်မှာ တရုတ်နှစ်ယောက်က ဘာမှ မချက်တတ်ဘူး။ အဲဒီတော့ သူတို့ကို “အရက်ဝယ်၊ ကြက်ဖမ်း၊ ငရုပ်သီးထောင်း၊ ခွေးမောင်း” ဆိုတဲ့ ရာထူးပေးထားတယ်။ တဖြည်းဖြည်းနဲ့ တစ်ယောက်ကတော့ တိုးတက်လာတယ်ဆိုရမယ်။ ဟင်းချက်မဲ့သူ မရှိရင် သူ့ဘာသာသူ ကောက်ချက်ထားတတ်တယ်။ ကျန်တဲ့တစ်ကောင်ကတော့ မတိုးတက်ဘူး။ ဘယ်ရမလဲ သူက မသင်ယူဘူးလေ။ သူ့ကောင်မလေးနဲ့ လျှောက်သွားလျှောက်စားနေတာကိုး။


တစ်ခါကတော့ သူငယ်ချင်းတွေစုံတုန်း ဘာစိတ်ကူးပေါက်လဲ မသိဘူး။ အသင့်ကြော်စားတဲ့ ကြက်သားလိပ်ထုပ်ကို သူကြော်ပေးမယ်ဆိုပဲ။ အဲဒါနဲ့ ကျွန်တော်တို့လဲ သူ့လွှတ်ပေးလိုက်တယ်။ မောင်မင်းကြီးသားကဗျာ ဆီအိုးထဲကို ကြက်သားမပစ်ချရဲဘူး။ တုန်တုန် တုန်တုန်နဲ့ အဝေးကြီးကနေ ပစ်ထည့်နေတော့ အနားက တခြားလူကို ဆီတွေစင်တော့ပေါ့။ နောက်တော့ သူ့ကို မူလရာထူးပဲ ပြန်ပေးထားရတယ်။ ကျန်တဲ့လေးယောက်ကတော့ စာဖိုးမှူးတာဝန်ယူတယ်။ ရခိုင်ဖြစ်တဲ့ ပုလုကွေးက ရခိုင်ဟင်းချက်တယ်။ သူ့ဟင်းတွေက အစပ်တွေဆိုတော့ စားလို့တော့ အတော်ဝင်တယ်။ ပအို့ဝ်ကတော့ ရိုးရာဟင်း သိပ်မချက်ဘူး။ စိတ်ကူးပေါက်ရင်တော့ သူက ထချက်တတ်တယ်။ ကျွန်တော့်အကိုဝမ်းကွဲကတော့ နားရက်တစ်ရက်ပဲ ရတာဆိုတော့ သူအားမှပဲ ဝင်ချက်တယ်။ တောင်ငူမုန့်ဟင်းခါး ဟင်းရည်ကျဲလိုမျိုး စားချင်လာရင်တော့ သူ့ကို ချက်ခိုင်းရတယ်။ အရင်ကတော့ ဒိုင်ခံစားဖိုမှူးက အစောဆုံးအိမ်ပြန်ရောက်တတ်တဲ့ ကျွန်တော်ပါ။ အခုတလောတော့ အပျင်းကြီးနေတာမို့ သိပ်မချက်ဖြစ်ဘူး။ ဆန်ကလဲ အိတ်လိုက် အော်ဒါမှာစားတော့ ပိုတန်တယ်ပြောရမယ်။ အိမ်ထိလာပို့တော့ သယ်ရတဲ့ဒုက္ခက လွတ်တယ်လေ။


ဒီနေ့တော့ ရုံးအဆင်းမှာ မြန်မာစာစားချင်တာနဲ့ Clementi က မြန်မာဆိုင်ထပ်ဖွင့်တဲ့ဆီမှာ သွားစားဖြစ်တယ်။ (Clementi ဆိုလို့ ဒီက နာမည်တွေထဲမှာ ကျွန်တော် ပထမဆုံးမှတ်မိတာ Clementi ဗျ။ ကျောင်းတုန်းက ကျွန်တော်တို့ Electronics က ဆရာကြီး ဦးကလဲမင့် နာမည်နဲ့ နီးစပ်လို့လားတော့ မသိဘူး)။ ဘလော့တစ်ခုမှာတွေ့လို့ သွားစားဦးမယ်ပြင်နေတာ ဒီနေ့မှရောက်ဖြစ်တယ်။ “မန္တလေး” တဲ့ ဆိုင်နာမည်က။ MRTကနေ ကတ်ဖြတ်ပြီးရင် ညာဖက်ခြမ်း စင်္ကြံလမ်းအတိုင်း အဆုံးထိလျှောက်ရင် စားသောက်ဆိုင်တန်းတစ်ခုရှိတယ်။ အဲဒီမှာလည်း မြန်မာဆိုင်တစ်ဆိုင်ရှိတယ်။ အဲဒီကနေ တိုက်တွေအောက်က ဆိုင်တန်းတွေအတိုင်း ဆက်သွားရင် “ကောင်းဇုံ စတိုး”ကို ကျော်ပြီးရင် ရောက်ပါပြီ။ တကယ်တော့ လမ်းမကြီးအတိုင်း လျှောက်ရင်လည်း ရပါတယ်။ လမ်းမနဲ့ ကပ်လျက်က ဆိုင်တန်းမှာပါပဲ။ စားသောက်ဆိုင်တန်းတွေထဲက ဆိုင်တစ်နေရာမှာ ဖွင့်ထားတာပါ။ ဆိုင်နာမည်ကို မြန်မာလို မရေးထားဘဲ အင်္ဂလိပ်လိုသာ ရေးထားလို့ ရုတ်တရက် မတွေ့ဘဲနေလိမ့်မယ်။ စားသောက်ဆိုင်တန်းရဲ့ ရှေ့ကကြည့်ရင် ဘယ်ဖက်ခြမ်းမှာပါ။ ဆိုင်တန်းတစ်ခုလုံးရဲ့ အပေါ်တွေမှာ တိုက်ဂါးဘီယာဆိုင်းဘုတ်တွေ ရှိပါတယ်။


ကျွန်တော်ရောက်တဲ့အချိန်က ည ၇ နာရီဝန်းကျင်ပါ။ ပင်နီဆူလာကဆိုင်တွေလောက် ဟင်းတွေ မစုံလင်ပေမယ့် ရွေးချယ်စရာတွေရှိပါတယ်။ ကျွန်တော်စားဖြစ်တာက ဆိတ်သားအာလူးဟင်း၊ ငါးချဉ်သုတ်နဲ့ ဟင်းရွက်ကြော်အကြီးကြီးတစ်ချပ်ပါ။ ၄ကျပ် နှစ်ဆယ်ပေးရပါတယ်။ ဝက်သားလုံး၊ မြင်းခွာရွက်သုပ်၊ ဘာလချောင်ကြော်နဲ့ စားတဲ့သူငယ်ချင်းကတော့ ၃ကျပ် ငါးဆယ်ပါ။ ဟင်းရည်တစ်ခွက်လဲ ရပါတယ်။ ဟင်းထည့်တာ နည်းတယ်ထင်ရပေမယ့် ဟင်းစားမကြီးတဲ့လူအတွက်တော့ အတော်ပါပဲ။ ဆိတ်သားက နူးနေတော့ စားရတာ အဆင်ပြေတယ်။ အရသာလည်း ကောင်းတယ်။ ငါးပိထောင်း၊ ငါးပိရည်၊ အချဉ်ရည်၊ တို့စရာတွေလည်း ထားပေးထားပါတယ်။ ဇွန်း၊ ခက်ရင်းကို တစ်ရှူးစနဲ့ပါ ပတ်ပေးထားပါတယ်။ ပန်းကန်၊ ခွက်တွေကတော့ တစ်ခါသုံးတွေပါ။ မြို့ထဲထိ သွားစားဖို့ အချိန်မရတဲ့သူတွေအတွက်တော့ အဆင်ပြေပါတယ်။ ဈေးနှုန်းအနေနဲ့ကတော့ မြန်မာအစားအစာအနေနဲ့ ပုံမှန်ပဲလို့ဆိုရမယ်။ ဒီကအစားအစာတွေတောင် သုံးလေးကျပ်တော့ ပေးနေရပြီလေ။ မနက် ၈နာရီလောက်ကနေ ည ၁၀နာရီလောက်ထိ ဖွင့်တယ်တဲ့။


အပြန်ကျတော့ Bukit Batok ကို ၁၀၆ စီးပြီး ပြန်ခဲ့တယ်။ ကျွန်တော့်လို တောထဲမှာ ရုံးတက်ရတဲ့ သူအတွက်တော့ အိမ်နဲ့ နည်းနည်းနီးတယ်ပြောလို့ရတဲ့ Clementi ဆိုင်က အဆင်ပြေပါတယ်။ မြန်မာစာလည်း စားချင် အိမ်မှာလည်း မချက်နိုင်၊ မြို့ထဲလည်း သွားဖို့အချိန်မရတဲ့နေ့မျိုးအတွက် အရံသင့်ပဲ။ ကျွန်တော်တို့စားနေတုန်းလည်း မြန်မာတွေ အတော်လာစားကြပါတယ်။ ပြည်ကျောင်း ရှေ့နှစ် စက်မှုက queen အမကြီးတို့ရယ်၊ ရန်ကုန်ကျောင်းက ဘော်ဒါတစ်ချို့ရယ်လဲ လာစားကြတာ တွေ့ခဲ့တယ်။


ပင်နီဆူလာ မြေအောက်ထပ်မှာ “မြနန္ဒာ”ဆိုင် ထပ်ဖွင့်တော့ ကျွန်တော် စစားမိတဲ့နေ့က တန်းစီနေတုန်း အိန္ဒိယအမျိုးသမီးနှစ်ယောက်(ထင်တာပဲ) ဝင်လာတယ်။ တန်းစီနေတဲ့ လူတန်းကို ကြည့်ပြီး စိတ်ဝင်စားသွားမှာပေါ့။ ကျွန်တော့်နောက်မှာ ဝင်တန်းစီပြီး ဘာဆိုင်လဲ ဘာဟင်းလဲဆိုပြီးမေးတယ်။ ဘယ်ရမလဲဗျာ။ ဒီကကောင်ကလဲ ဒီလိုကိုယ့်အစားအစာကို အရေးတယူ လုပ်ပြီး မေးလို့ကတော့ “ဒါမြန်မာဟင်း၊ စားလို့အရမ်းကောင်းတယ်၊ အရသာရှိတယ်၊ ဟင်းတွေ အမယ်စုံတယ်” အစချီပြီး ကြော်ငြာကောင်းကောင်းဝင်လိုက်တာပေါ့။ အမျိုးသမီးကြီးနှစ်ယောက်လည်း ဟင်းတွေလိုက်ကြည့်ပြီး သွားရည်ယိုသွားလားမသိဘူး။ လက်ညှိုးတစ်ထိုးထိုးနဲ့ မှာနေကြပါရော။ ကျွန်တော်လည်း စားနေရင်းနဲ့ သူတို့ဝိုင်းကို အသာလေးလှမ်းကြည့်မိတယ်။ ရေနွေးတွေတောင် မှာသောက်လို့။ တစ်ယောက်ဆိုရင် ထမင်းလိုက်ပွဲတောင် ပြောင်နေပြီ။ စားကောင်းကြတယ် ထင်ပ။ တစ်ခါတစ်လေလည်း ဒီက စလုံးတွေလား မသိဘူး။ ဟင်းတွေ ပါဆယ်လာဝယ်နေတာနဲ့ ကြုံဖူးတယ်။ သူတို့ ခံတွင်းတွေ့လို့ နေမှာ။


သူတစ်ပါးတိုင်းပြည်မှာ ကိုယ့်နိုင်ငံက ကိုယ့်လူမျိုးတွေ ကိုယ်ပိုင်စီးပွားရေးတစ်ခု လုပ်နိုင်တိုင်း ကျွန်တော်ဝမ်းမြောက်မိတယ်။ အထူးသဖြင့် မြန်မာအစားအစာတွေကို အခုလို အလွယ်တကူစားလို့ရနိုင်အောင် ရောင်းနိုင်တာ တကယ်အဆင်ပြေတယ်။ ကိုယ့်လူမျိုးတွေသာမက ဒီက တခြားလူမျိုးတွေပါ စားတတ်လာအောင် စားချင်လာအောင် တိုးချဲ့လုပ်ကိုင်နိုင်မယ်ဆိုရင် ကောင်းမယ်။ မြန်မာအစားအစာ နိုင်ငံတကာမှာ ဘာလို့မထိုးဖောက်နိုင်ရမှာလဲ။ ဒီအကြောင်းအရာက ဒီထက်ပို အသေးစိတ်ရေးချင်သေးပေမယ့် အခုတောင်အတော်ရှည်နေပြီမို့ ဒီလောက်နဲ့ပဲ တော်ဦးမယ်။ နောက်များမှပေါ့။


“မြန်မာအစားအစာ မကောင်းဘူးလို့ ဘယ်သူပြောရဲလဲ”

Sunday, November 16, 2008

တောင်ငူ အ.ထ.က (၂) ဆရာပူဇော်ပွဲ

ကိုလိုနီခေတ် ၁၉၂၀ မှာ မြန်မာနိုင်ငံ အနှံ့အပြား အမျိုးသားကျောင်းတွေ ပေါ်ပေါက်လာကြတယ်။ နောက်တစ်နှစ်အကြာ ၁၉၂၁ ခုနှစ်မှာတော့ တောင်ငူမြို့ရဲ့ အသည်းနှလုံးနေရာလို့ တင်စားရမယ့် ကေတုမတီနန်းတော်ဟောင်း နေရာမှာ နောင်တစ်ချိန် အ.ထ.က (၂) တောင်ငူ ရယ်လို့ ဖြစ်လာမယ့် အမျိုးသားကျောင်းကြီးကို စတင်တည်ထောင်ခဲ့ပါတယ်။ ယခုဆိုလျှင် အမျိုးသားကျောင်းကြီးရဲ့ သက်တမ်းဟာ (၈၇)နှစ် ကျော်လာပါပြီ။ တောင်ငူရဲ့ သက်တမ်းအကြာဆုံးနဲ့ တစ်ခုတည်းသော အမျိုးသားကျောင်းဆိုရင်လည်း မမှားပါဘူး။ အမျိုးသားကျောင်းကြီးကနေ ခေတ်အဆက်ဆက် ဆရာဝန်၊ အင်ဂျင်နီယာမှ အစပြု၍ အသိပညာရှင်၊ အတတ်ပညာရှင်များ မြောက်မြားစွာ အပါအဝင် နိုင်ငံကျော် အနုပညာရှင် တချို့ကိုပါ မွေးထုတ်ပေးနိုင်ခဲ့ပါတယ်။


အမျိုးသားကျောင်းကြီးရဲ့ ကျောင်းသား၊ကျောင်းသူဟောင်းများ စုပေါင်းကန်တော့ကြတဲ့ အာစရိယပူဇော်ပွဲ ကျင်းပလာတာ ယခုနှစ်ဆိုလျှင် (၁၇)ကြိမ်မြောက် တိုင်ခဲ့ပြီ ဖြစ်ပါတယ်။ အသက်(၆၀) ပြည့်လို့ အငြိမ်းစားယူသွားကြပြီဖြစ်တဲ့ ဆရာကြီး၊ ဆရာမကြီးများကို လက်ရှိနေထိုင်ကြရာ မြို့ရွာများသို့တိုင် ဆက်သွယ်ဖိတ်ကြားပြီး ပူဇော်ကန်တော့ကြခြင်းဖြစ်ပါတယ်။ ကန်တော့ပွဲ နှစ်စဉ်အမြဲမပြတ် ကျင်းပနိုင်ဖို့အတွက်လည်း ရာသက်ပန်ပဒေသာပင် များလည်း စိုက်ထူထားရှိပါတယ်။


သူငယ်တန်းကနေ ဒဿမတန်းအောင်တဲ့အထိ (၁၁)နှစ်လုံးလုံး အမျိုးသားကျောင်းကြီးရဲ့ ရင်ခွင်မှာ ပညာရင်နို့ သောက်စို့ခဲ့တဲ့ ကျွန်တော့်အတွက်တော့ ဒီလိုကန်တော့ပွဲမျိုးမှာ ပူဇော်ကန်တော့ခွင့်ရခြင်းဟာ အင်မတန် ဝမ်းမြောက်ပီတိဖြစ်ရပါတယ်။ ကျွန်တော် ဆယ်တန်းအောင်ပြီးလို့ ကျောင်းသားဟောင်းအနေနဲ့ ပထမဆုံး ကန်တော့ခဲ့ရတဲ့နှစ်မှာတော့ သင်ကြားပေးခဲ့ဖူးတဲ့ ဆရာဆရာမကြီးတွေ အနည်းငယ်သာ ပါဝင်ခဲ့ပေမယ့် ယခုအချိန်မှာတော့ တစ်နှစ်ထက်တစ်နှစ် ပင်စင်ယူသွားကြတဲ့ ဆရာတွေ တိုးတိုးလာပါတယ်။



အငြိမ်းစား ဆရာကြီးများ (၃၇) ဦး


၁။ ဦးဂျီထွန်းဘော် (ဘားအံ)
၂။ ဦးဘဝင်းချစ် (ရန်ကုန်)
၃။ ဦးကျော်မြင့် (တောင်ငူ) - အ.ထ.က (၂) ကျောင်းအုပ်ကြီး ဖြစ်ပါတယ်
၎။ ဦးကျော်သိန်း (တောင်ငူ)
၅။ ဦးကြင်ထွန်း (ရန်ကုန်)
၆။ ဦးမြင့်ဟန် (အင်းစိန်)
၇။ ဦးစောဂျွန်ကျား (တောင်ငူ)
၈။ ဦးအောင်သန်း (တောင်ငူ)
၉။ ဦးစောဘလှ (တောင်ငူ)
၁၀။ ဦးစောသီအိုဖိလစ် (တောင်ငူ)
၁၁။ ဦးစိန်ဝင်း (တောင်ငူ)
၁၂။ ဦးထွန်းလှိုင် (တောင်ငူ)
၁၃။ ဦးလွင် (တောင်ငူ)
၁၄။ ဦးချစ်ထွန်း (တောင်ငူ)
၁၅။ ဦးထွန်းကြည် (တောင်ငူ) - အ.ထ.က (၂) ကျောင်းအုပ်ကြီး ဖြစ်ပါတယ်
ီ၁၆။ ဦးတင်အုန်း (ထန်းတပင်)
၁၇။ ဦးလှရွှေ (ထန်းတပင်)
ီ၁၈။ ဦးထွန်းအောင် (တောင်ငူ)
၁၉။ ဦးသိန်းအောင် (တောင်ငူ-ကေတု) - ပဉ္စမတန်း အတန်းမှူးဖြစ်ပြီး မြန်မာစာ သင်ပါတယ်
၂၀။ ဦးအောင်မြင့် (တောင်ငူ)
၂၁။ ဦးစိန်လှိုင် (တောင်ငူ)
၂၂။ ဦးဗိုလ်ခင် (တောင်ငူ)
ီ၂၃။ ဦးလှထွန်း (မော်လမြိုင်)
၂၄။ ဦးသန်းလွင် (ဆွာ)
၂၅။ ဦးထွန်းကြည် (တောင်ငူ)
၂၆။ ဦးသိန်းအောင် (တောင်ငူ-ရေနီ)
၂၇။ ဦးစောရွှေဝင်း (တောင်ငူ) - ပဉ္စမတန်း ကမ္ဘာ့ပထဝီဝင် သင်ပါတယ်
၂၈။ ဦးမျိုးအောင် (ရန်ကုန်)
၂၉။ ဦးကြည်ဝင်း (ရန်ကုန်)
၃၀။ ဦးထွန်းရှိန် (တောင်ငူ) - ဒဿမတန်း ရူပဗေဒ သင်ပါတယ်
၃၁။ ဦးစံသိန်း (တောင်ငူ)
၃၂။ ဦးအောင်မွန် (တောင်ငူ)
၃၃။ ဦးစောဂျွန်ရော့ခို (တောင်ငူ)
၃၄။ ဦးတင်မြင့် (တောင်ငူ) - အဌမတန်း စိုက်ပျိုးရေးဘာသာ(ကြို/သက်) သင်ပါတယ်
၃၅။ ဦးလှကျော် (ရန်ကုန်)
၃၆။ ဦးကျော်သန်း (တောင်ငူ) - ဒဿမတန်း ပထဝီဝင်၊ သမိုင်း သင်ပါတယ်
၃၇။ ဦးတင်အေး (တောင်ငူ) - သတ္တမတန်း၊ အဌမတန်း မြန်မာစာ သင်ပါတယ်



အငြိမ်းစား ဆရာမကြီးများ (၇၉) ဦး


၁။ ဒေါ်တင်ညွန့် (တောင်ငူ) - အ.ထ.က (၂) ကျောင်းအုပ်ကြီး ဖြစ်ပါတယ်
၂။ ဒေါ်အေးလှတင် (ရန်ကုန်)
၃။ ဒေါ်မိုရင်းလှလှဝင်း (တောင်ငူ)
၎။ ဒေါ်အုန်းမြ (တောင်ငူ)
၅။ ဒေါ်အုန်းမြ(ခိုင်) (တောင်ငူ)
၆။ ဒေါ်ရိုစ်ကရင်(မ်) (တောင်ငူ)
၇။ ဒေါ်ရီရီမာ (တောင်ငူ)
၈။ ဒေါ်ထားမြင့် (တောင်ငူ) - နဝမတန်း မြန်မာစာ သင်ပါတယ်
၉။ နော်လုလုကျော်ဇော (ရန်ကုန်)
၁၀။ ဒေါ်ခင်လေး (တောင်ငူ) - ဒဿမတန်း သမိုင်း သင်ပါတယ် (ကျွန်တော့်အတန်းပိုင်ပါ)
၁၁။ ဒေါ်အေမီသင် (ရန်ကုန်)
၁၂။ ဒေါ်မြင့်မြင့်ဝေ (တောင်ငူ)
၁၃။ ဒေါ်ခင်အုန်းမြင့် (ရန်ကုန်)
၁၄။ ဒေါ်အေးယဉ် (ရန်ကုန်)
၁၅။ နော်အဲ(လ်)နာညွန့် (ရေတာရှည်) - သတ္တမတန်း အင်္ဂလိပ်စာ သင်ပါတယ်
၁၆။နော်လူခရစ်ရှာ (တောင်ငူ)
၁၇။ ဒေါ်ခင်စု (မန္တလေး) - ဆဌမတန်း သမိုင်း သင်ပါတယ်
၁၈။ ဒေါ်တင်ညွန့် (တောင်ငူ) - နဝမတန်း မြန်မာစာ သင်ပါတယ်
၁၉။ ဒေါ်ခင်သိန်း (ရန်ကုန်)
၂၀။ ဒေါ်ခင်အေး (တောင်ငူ)
၂၁။ ဒေါ်အုန်းကြည် (တောင်ငူ)
၂၂။ ဒေါ်စန်းရီ (ရန်ကုန်) - နဝမတန်း မြန်မာစာ သင်ပါတယ်
၂၃။ ဒေါ်ခင်မြင့်နွယ် (တောင်ငူ) - ဆဌမတန်း မြန်မာစာ သင်ပါတယ်
၂၄။ ဒေါ်ဝိုင်း (ခရမ်း)
၂၅။ ဒေါ်တင်နွယ် (တောင်ငူ) - နဝမတန်း ပထဝီဝင် သင်ပါတယ် (ကျွန်တော့် အတန်းပိုင်ပါ)
၂၆။ ဒေါ်ခင်ခင်ဝင်း (ရန်ကုန်)
၂၇။ ဒေါ်အုန်းသန်း (တောင်ငူ) - ဒဿမတန်း မြန်မာစာ သင်ပါတယ်
၂၈။ ဒေါ်အေးမြင့်(သိန်း) (တောင်ငူ) - အဌမတန်း အင်္ဂလိပ်စာ သင်ပါတယ်
၂၉။ ဒေါ်စန်းစန်းယဉ် (တောင်ငူ) - ဒဿမတန်း အင်္ဂလိပ်စာ သင်ပါတယ်
၃၀။ ဒေါ်ခင်စောနွဲ့ (တောင်ငူ)
၃၁။ ဒေါ်ခင်မိမိစိန် (တောင်ငူ)
၃၂။ ဒေါ်မမလေး (အင်းစိန်)
၃၃။ ဒေါ်တင်တင်နု (ကညွှတ်ကွင်း)
၃၄။ ဒေါ်ဌေးရီ (ရန်ကုန်)
၃၅။ ဒေါ်ခင်နွဲ့ (ရန်ကုန်)
၃၆။ ဒေါ်ခင်နွဲ့(နိုင်) (ရန်ကုန်)
၃၇။ ဒေါ်မြင့်မြင့် (တောင်ငူ)
၃၈။ ဒေါ်ကြွယ် (တောင်ငူ) - ဆဌမတန်း - သိပ္ပံ သင်ပါတယ်
၃၉။ ဒေါ်ခင်လှကြည် (တောင်ငူ)
၄၀။ ဒေါ်ခင်မြင့်သိန်း (တောင်ငူ)
၄၁။ ဒေါ်သန်းသန်းညွန့် (တောင်ငူ)
၄၂။ ဒေါ်ခင်သိန်းကြည် (ရန်ကုန်)
၄၃။ ဒေါ်မြင့်မြင့်ခင် (ရန်ကုန်)
၄၄။ ဒေါ်ခင်မြင့်မြင့် (တောင်ငူ)
၄၅။ ဒေါ်ဝင်းမြတ်စိန် (တောင်ငူ) - နဝမတန်း ပထဝီဝင် သင်ပါတယ်
၄၆။ ဒေါ်တင်ရီ (တောင်ငူ)
၄၇။ ဒေါ်ညွန့်ညွန့်ခင် (ရန်ကုန်)
၄၈။ ဒေါ်ဝင်းဝင်းသိန်း (တောင်ငူ) - ဒဿမတန်း ဘောဂဗေဒ သင်ပါတယ်
၄၉။ ဒေါ်ကင်းစိန် (တောင်ငူ) - နဝမတန်း အင်္ဂလိပ်စာ သင်ပါတယ်
၅၀။ ဒေါ်အုန်းကြွယ် (ရန်ကုန်) -နဝမတန်း သချာင်္ သင်ပါတယ်
၅၁။ ဒေါ်လုံးကြည် (တောင်ငူ) - ပဉ္စမတန်း သမိုင်း သင်ပါတယ်
၅၂။ ဒေါ်လှမြင့် (တောင်ငူ)
၅၃။ ဒေါ်လှစိန် (ရန်ကုန်)
၅၄။ ဒေါ်သင်းလှိုင် (မန္တလေး)
၅၅။ ဒေါ်တင်ရီ (ရန်ကုန်)
၅၆။ ဒေါ်ခင်ခင်အေး (ရန်ကုန်)
၅၇။ ဒေါ်ရင်မြင့် (ဖြူး)
၅၈။ ဒေါ်ခင်သန်းရီ (ရန်ကုန်) - ဒဿမတန်း ဓါတုဗေဒ သင်ပါတယ်
၅၉။ ဒေါ်ဝင်းကြည် (တောင်ငူ) - ဒဿမတန်း ဇီဝဗေဒ သင်ပါတယ်

၆၀။ နော်ဂလက်ဒစ် (တောင်ငူ)
၆၁။ ဒေါ်ခင်ညွန့်ဝေ (စစ်ကိုင်း)
၆၂။ ဒေါ်ခင်ရီ (တောင်ငူ) - အဌမတန်း သိပ္ပံ သင်ပါတယ်
၆၃။ ဒေါ်လီလီဆာသလင်း (တောင်ငူ)
၆၄။ ဒေါ်ညွန့်ရီ (တောင်ငူ)
၆၅။ ဒေါ်မြင့်မြင့်သန်း (ရန်ကုန်)
၆၆။ ဒေါ်ချစ်ချစ် (တောင်ငူ) - ဒဿမတန်း မြန်မာစာ သင်ပါတယ်
၆၇။ ဒေါ်ကြူကြူသန်း (တောင်ငူ) - ဒဿမတန်း သချာင်္ သင်ပါတယ်
၆၈။ ဒေါ်မာမာသန်း (တောင်ငူ) - သတ္တမတန်း အင်္ဂလိပ်စာ သင်ပါတယ်

၆၉။ ဒေါ်ရီရီ (တောင်ငူ)
၇၀။ ဒေါ်ခင်အေးကြူ (တောင်ငူ)
၇၁။ ဒေါ်ခင်သန်းစော (တောင်ငူ) - ဆဌမတန်း၊ သတ္တမတန်း သိပ္ပံ သင်ပါတယ်
၇၂။ ဒေါ်လှမြင့် (တောင်ငူ) - ဒုတိယတန်း သင်ပါတယ် (ကျွန်တော့် အတန်းပိုင်ပါ)
၇၃။ ဒေါ်အေးမြင့် (ရန်ကုန်)
၇၄။ ဒေါ်ညွန့်ရီ (TTC) (တောင်ငူ)
ိ၇၅။ နော်ယွာစေး (တောင်ငူ)
၇၆။ ဒေါ်ခင်စန်းကြည် (တောင်ငူ)
၇၇။ ဒေါ်တင်တင်ကြည် (တောင်ငူ) - ဆဌမတန်း အင်္ဂလိပ်စာ သင်ပါတယ် (ကျွန်တော့် အတန်းပိုင်ပါ)
၇၈။ ဒေါ်ခင်နုနု (တောင်ငူ) - ပဉ္စမတန်း အင်္ဂလိပ်စာ သင်ပါတယ်
၇၉။ ဒေါ်အယ်လ်မာမြင့် (တောင်ငူ)


အထက်ပါစာရင်းမှာ ၂၀၀၇ ခုနှစ်မှာ ကျင်းပခဲ့တဲ့ (၁၆)ကြိမ်မြောက် အာစရိယပူဇော်ပွဲရဲ့ ကန်တော့ခံ ဆရာကြီး ဆရာမကြီးများ ဖြစ်ကြပါသည်။ ယခု ၂၀၀၈ ခုနှစ်အတွက် ထပ်မံသိရပါက ဆက်လက်ဖော်ပြပေးပါမည်။ အနီရောင်ပြထားသော ဆရာကြီး ဆရာမကြီးများမှာ ကျွန်တော် သိမှီသော သင်ကြားပေးခဲ့ဖူးသော ဆရာဆရာမကြီးများ ဖြစ်ကြပါသည်။ ယခုနှစ်ပူဇော်ပွဲအတွက်ဖြစ်စေ၊ ရာသက်ပန် ပဒေသပင်အတွက်ဖြစ်စေ အလှူငွေများ ထည့်ဝင်လိုပါက ဆက်သွယ်နိုင်ရန်-

အမျိုးသားကျောင်း အ.ထ.က (၂)

တောင်ငူမြို့။

ဖုန်း ၀၅၄-၂၃၁၄၆ သို့ ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။

ယခုနှစ် အာစရိယပူဇော်ပွဲကို ၂၀၀၈ ခုနှစ် ဒီဇင်ဘာလ (၂၆)ရက် တွင် ကျင်းပပြုလုပ်မည်ဟု သိရပါသည်။

Saturday, November 15, 2008

အရံ / မင်္ဂလာဦးည

“အိမ်ထောင်မှု၊ ဘုရားတည်၊ ဆေးမင်ရည် စုတ်ထိုး၊ ဤသုံးခု ချက်မပိုင်လျှင်၊ နောင်ပြင်ရန် ခက်သည့်မျိုး”ဆိုတာ မြန်မာမှုနယ်ပယ်မှာ ထင်ရှားတဲ့ စကားတစ်ခုပါ။ အချိန်တန်အရွယ်ရောက်တဲ့အခါ ကိုယ်တိုင်က နှစ်သက်မြတ်နိုးလို့ပဲဖြစ်ဖြစ်၊ မိဘတွေက ထိမ်းမြားပေးလို့ပဲ ဖြစ်ဖြစ် အိမ်ထောင်ပြုကြတော့မယ် ဆိုရင် မင်္ဂလာဧည့်ခံပွဲဆိုတာ အဓိကနေရာက ပါဝင်လာပါပြီ။ မင်္ဂလာဧည့်ခံပွဲလို့ ခြုံပြောပေမယ့် တကယ့်လက်တွေ့မှာတော့ နှစ်ဖက်မိဘအသိုင်းအဝိုင်းနဲ့ မင်္ဂလာမောင်နှံတို့ရဲ့ အခြေအနေအရပ်ရပ်ပေါ် မူတည်ပြီး အသွင်သဏ္ဌာန်လေးတွေ ကွဲပြားသွားကြပါတယ်။


နီးစပ်ရာ မိတ်ဆွေတစ်စုကို လက်ဖက်ရည်၊ မုန့်နဲ့ ဧည့်ခံပြီး အကျဉ်းရုံး ကျင်းပကြတဲ့ ဧည့်ခံပွဲမှသည် သိန်းပေါင်းများစွာ အကုန်ကျခံပြီး အဆင့်မြင့်ဟိုတယ်ခန်းမကြီးတွေမှာ ခမ်းခမ်းနားနားကျင်းပကြတဲ့ ဧည့်ခံပွဲတွေအထိ ဘယ်လိုပင် အသွင်ပြောင်းပြောင်း တကယ့်အနှစ်သာရကတော့ မောင်နှံနှစ်ဦး နားလည်မှုရှိစွာ၊ သစ္စာရှိစွာနဲ့ သက်ဆုံးတိုင် ပျော်ရွှ့င်စွာ အတူလက်တွဲ ပေါင်းဖက်ကြဖို့ပါပဲ။


စတုတ္ထတန်းကတည်းက အခုချိန်ထိ ပြောမနာဆိုမနာ ရင်းနှီးတဲ့ သူငယ်ချင်းမတစ်ယောက်ရဲ့ မင်္ဂလာဧည့်ခံပွဲအတွက် သတိုးသားအရံအဖြစ် သူငယ်ချင်းတွေထဲက ရွေးချယ်လိုက်တော့ ကျွန်တော် မဲပေါက်ပါတယ်။ မဲပေါက်တယ်ဆိုတော့ ချက်ချင်းနှိုက်တဲ့မဲမျိုး မဟုတ်ပါဘူး။ ပြုခဲ့ဖူးတဲ့ ကုသိုလ်ကံနဲ့ မိဘနှစ်ပါးရဲ့ ကျေးဇူးကြောင့် မွေးကတည်းက ပေါက်လာခဲ့တဲ့မဲမျိုးပါ။ သူငယ်ချင်းတွေကတော့ ဝိုင်းပြီး သြဘာပေးကြတယ်။ သတိုးသားအရံဆိုတာဟာ သတိုးသားထက် ရုပ်ဆိုးတဲ့လူကို ရွေးရတယ်တဲ့။ အဲဒါမှ သတိုးသားက ပိုပေါ်လွင်တာတဲ့။ ကျွန်တော်ကတော့ အဲဒီလို မထင်ပါဘူး။ အဘယ်သို့သော မင်္ဂလာမောင်နှံကမှ စင်ပေါ်မှာ သူတို့နဲ့ အတူတွဲပြီး ဓါတ်ပုံအရိုက်ခံ အရှုစားခံမည့်သူတွေကို ရုပ်ဆိုးဆိုးတွေ ထည့်ပါ့မလဲ။ ချောမောပြေပြစ်တဲ့သူတွေကို ခြံရံမှသာ ပရိတ်သတ်တွေ ကြည့်လို့လည်း တင့်တယ်တယ်။ ဓါတ်ပုံတွေ ဗွီဒီယိုတွေအဖြစ် တစ်သက်လုံးအမှတ်တရ သိမ်းဆည်းတဲ့အခါမှာလည်း ဘယ်အချိန်ချိန်ပြန်ကြည့်ကြည့် လှလှပပဖြစ်နေတော့မှာပေါ့။ ဒါနဲ့ပဲ ကျွန်တော်ဟာ ပထမဆုံးနဲ့ တစ်ကြိမ်တည်းအဖြစ် သတို့သားအရံ လုပ်ဖူးခဲ့ရတယ်။


ဒီလိုနဲ့ အခမ်းနားကျင်းပမဲ့နေ့ ရောက်တော့ ရန်ကုန်က Sedona Hotel ရဲ့ မင်္ဂလာခန်းမထဲ ဧည့်သည်တွေက တဖွဲဖွဲရောက်လာကြပြီ။ အပေါ်ထပ်က အခန်းတစ်ခုထဲမှာတော့ မင်္ဂလာမောင်နှံအပါအဝင် အရံတွေ ပန်းကြဲ ပန်းကိုင် ဗန်းကိုင်တွေနဲ့ မိဘဆွေမျိုးတွေ (အထူးသဖြင့် အမျိုးသမီးတွေ)ကို အလှဖန်တီးရှင်တစ်စုက အလှအပတွေ ပြင်ဆင်ပေးနေကြပြီ။ သတိုးသားကတော့ တောင်ရှည်ပုဆိုးတွေ ခေါင်းပေါင်းတွေနဲ့ ဆိုတော့ သူတို့လက်က မလွတ်မှာ သေချာတယ်။ အရံကတော့ ရိုးရိုးပိုးပုဆိုးနဲ့ တိုက်ပုံပဲဆိုတော့ ကိုယ့်ဘာသာ ဝတ်မယ်ပေါ့။ မရပါဘူးဗျာ။ ကိုယ့်ဘာသာ ဝတ်ရင် အဆင်မပြေဘူးတဲ့။ အင်း...သတိုးသားတော့ ဘယ်လိုနေမယ်မသိဘူး။ ကျွန်တော်ကတော့။ ဒါတွေက ကိုယ်တိုင်ကြုံမှ သိမှာပဲ။ သြော်... နေရခက်လိုက်တာ ပြောပါတယ်။ ဘယ်လိုပြောပြောမရဘူးလေ။ ဒီမိတ်ကပ်တွေ မတို့ပါနဲ့လို့ ပြောတာ။ မိတ်ကပ်မတို့ရင် ဓါတ်ပုံရိုက်တဲ့အခါ မျက်နှာကြီး မည်းနေလိမ့်မယ်တဲ့။ တော်သေးတာပေါ့နော့။ မိတ်ကပ်ကယ်ပေလို့။ မဟုတ်ပါဘူး။ ဓါတ်ပုံတွေ ထွက်လာတော့ သန့်သန့်ခန့်ခန့် ဖြစ်နေလို့ ပြောပါတယ်။ ဝဏ္ဏခွါနီးရဲ့ ရိုက်ချက်ကလည်း ကောင်းတော့ ပုံတွေက မိုက်တာပေါ့။


အခမ်းနားစတော့ ဟေမာနေဝင်းရဲ့ အခါတော်ပေးသီချင်းနဲ့ ခန်းမထဲ ဝင်ကြတာပေါ့။ မင်္ဂလာမောင်နှံတော့ မသိဘူး။ ကျွန်တော့်မှာတော့ မီးဆလိုက်တွေကြားထဲ သတိုးသမီးအရံလေးနဲ့ တွဲလျှောက်ရတာ ရှက်သလိုလို ပျော်သလိုလိုနဲ့ စင်ပေါ်ကို ဘယ်လိုရောက်လာမှန်းတောင် မသိတော့ဘူး။ ဦးကျော်စိုးဦးရဲ့ အစီအစဉ်တွေ မပြီးခင်ကတည်းက ဗိုက်ကဆာနေပြီ။ စားလို့လည်း ရပါပြီဆိုရော ဘယ်ရမလဲ တွယ်တာပေါ့။ ရှေ့က စားပွဲလေးပေါ်မှာ ချပေးထားတဲ့ မုန့်တွေ တစ်ခုပြီးတစ်ခု စားလိုက်။ ကော်ဖီလေးသောက်လိုက်နဲ့ တယ်လည်းကောင်းသကိုး။ စားလို့မှ မပြီးသေးဘူး။ သတိုးသား သတိုးသမီးက စင်ပေါ်ကဆင်းပြီး ပန်းကုံးတို့၊ လက်ထပ်လက်စွပ်တို့ စွပ်ပေးတဲ့ လူကြီးတွေဝိုင်းကို သွားနှုတ်ဆက်တယ်။ ပြီးတာနဲ့ ပရိတ်သတ်တွေလည်း တဖြည်းဖြည်း စပြီးပြန်ကုန်ကြပါရော။ အဆိုတော်တွေက ကိုယ်ကြိုက်တဲ့ သူတွေပဲဆိုတော့ စားသောက်ရင်း သီချင်းလေးတွေ နားထောင်မယ်လို့ ကျွန်တော်က အားခဲထားတာ။ သူတို့လည်း ဆိုချင်တာ ဆိုကြပြီး လစ်ကြပြန်ရော။ ရန်ကုန်မင်္ဂလာဆောင်များ ဘယ်လိုမှန်းကို မသိတော့ဘူး။ ပိုက်ဆံတွေ အများကြီးကုန်ထားတာ ဘယ်နှစ်နာရီမှ မခံပါလားဗျာ။


မင်္ဂလာစုံတွဲဆင်းသွားတော့ ကျွန်တော်လည်း သတိုးသမီးအရံလေးကို လှမ်းကြည့်လိုက်တယ်။ တို့လည်း ဆင်းကြမယ်ပေါ့။ ဒါနဲ့ မစားရသေးတဲ့ ရေခဲမုန့်ခွက်ကလေး ကိုင်ဆင်းလာပြီး ကျွန်တော်တို့အတွက် စီစဉ်ပေးထားတဲ့ ထိပ်ဆုံးက ထောင့်ဝိုင်းမှာ ထိုင်ပြီး ထပ်စားပြန်ရော။ သူငယ်ချင်းမက သိပ်တော်တယ်။ သူတို့နဲ့အတူ ပွဲထွက်ဖို့ ရွေးထားတဲ့ သူလေးတွေက အလှကလေးတွေချည်းပဲ။ သူတို့လေးတွေကြားထဲ ကျွန်တော်တစ်ယောက်တည်းဆိုတော့ ရှက်တာပေါ့ဗျာ။ ရှက်ရှက်နဲ့ပဲ မုန့်တွေ ထပ်စားလိုက် ကော်ဖီတွေ သောက်လိုက်နဲ့။ ပျော်စရာကြီးဗျ။


သူငယ်ချင်းတွေက အလိုက်ကို မသိကြဘူး။ သူတို့မနာလိုကြဘူးလေ။ ဟိုးနောက်ဝိုင်းကနေ ကျွန်တော့်ကို လှမ်းကြည့်ကြတော့ သူတို့ဆီ ထသွားရတာပေါ့။ ကျွန်တော်ဖြင့် ဝတောင်မဝသေးဘူး။ မုန့်စားတာ ပြောပါတယ်။ ဧည့်သည်တွေကုန်တော့မှ ကျွန်တော်တို့လည်း ဟိုစုံတွဲကို နှုတ်ဆက်ပြီး အပြင်ထွက်လာကြတယ်။ ဆီဒိုးနားရှေ့က အင်းလျားကန်ဘောင်ပေါ်မှာ ဓါတ်ပုံရိုက်ကြသေးတယ်။ ပြီးတော့ ဒဂုံစင်တာသွားကြမယ်တဲ့။ လုပ်ကြပုံက။ ဒဂုံစင်တာကို ကျွန်တော် ဒီဝတ်စုံနဲ့သာ သွားလို့ကတော့ မင်းသားအသစ်တစ်ယောက် ရုပ်ရှင်လာရိုက်တယ်ထင်ပြီး ဝိုင်းကြည့်ကုန်တော့မှာပေါ့။


အဲဒီညကျတော့ ညစာစားပွဲလေ။ လူကြီးတွေ မပါဘူး။ နှစ်ဖက်စလုံးရဲ့ သူငယ်ချင်းတွေချည်းပဲ ဆိုတော့ တကယ့်ကို လွတ်လွတ်လပ်လပ်ပဲ။ မလွတ်လပ်ပဲနေပါ့မလား။ ဝါးတန်းလမ်းဆိပ်ကမ်းက (အရင် Princess Resturant, အခုနာမည်တော့ မေ့နေတယ်) သဘောင်္ကြီးပုံလုပ်ထားတဲ့ ဆိုင်မှာ။ ရန်ကုန်မြစ်ပြင်က လေတဖြူးဖြူးနဲ့ ကြယ်မြင်လမြင်။ ကျွန်တော်တို့ ရောက်သွားတော့ သတိုးသားက သူ့သူငယ်ချင်းတစ်ဖွဲ့ကို သွားခေါ်နေတယ်။ သူငယ်ချင်းမက ပင်ပန်းပြီး ရုတ်တရက်နေမကောင်းဖြစ်သွားလို့ ဆေးခန်းကို မိန်းကလေးတစ်ဖွဲ့ သွားပြတယ်။ ခဏနေတော့ လိုက်သွားတဲ့မိန်းကလေးတစ်ချို့ ပြန်လာပြီး သတိုးသားအရံပူပူနွေးနွေး လက်ထဲကို ပိုက်ဆံ အထုပ်လိုက် လာထည့်တယ်။ သတိုးသမီးက အရမ်းပင်ပန်းသွားလို့ ဒီည ဆေးခန်းမှာ နားမှရမယ်တဲ့။ သတိုးသားလည်း လိုက်လာလို့ ဆေးခန်းမှာ ရောက်နေပြီတဲ့။ ဆိုင်မှာရောက်နေတဲ့ သူငယ်ချင်းတွေအားလုံးကို သတိုးသားအရံကပဲ လိုလေသေးမရှိအောင် ဧည့်ခံပေးပါလို့ အမှာစကား ပါးလိုက်လေရဲ့။ အဲဒီတော့လည်း အရံသတိုးသားတို့ ဝတ္တရားနဲ့အညီ အဓိက ကစားသမားတွေ ကွင်းထဲမှာ မရှိတဲ့အချိန်မှာ တာဝန်ကျေခဲ့ရပါတော့တယ်။


ကောင်းကင်ရဲ့ မဟူရာဧည့်ခံပွဲမှာ လမင်းကြီးက ကြယ်လေးတွေကြား တစ်ကိုယ်တည်း ဧည့်ဝတ်ကျေနေသလို၊ ရန်ကုန်မြစ်နံဘေးက မင်္ဂလာညစာစားပွဲလေးတစ်ခုမှာ အဖော်မပါတဲ့ သတိုးသားအရံလေးတစ်ယောက်က သူငယ်ချင်းတွေကြား အပြေးအလွှားဧည့်ခံနေတာကိုဖြင့်...


တစ်ခုသော ဆေးခန်းပေါ်က ကုတင်ထက်မှာ အနားယူနေရတဲ့ သတိုးသမီးရယ်၊ ကုတင်ဘေးက ထိုင်ခုံလေးမှာ ချစ်ရသူရဲ့ လက်ဖဝါးကို ခပ်ဖွဖွဆုပ်ကိုင်ရင်း ငိုက်မြည်းနေရှာတဲ့ သတိုးသားရယ်ကတော့ သိနိုင်ပါ့မလား...

သြော်... အရံ / မင်္ဂလာဦးညပါတကား။
--------------------------------------------------------------------------------------
သူငယ်ချင်း ဇနီးမောင်နှံသို့ အမှတ်တရ။
--------------------------------------------------------------------------------------
ဆေးကွေးက စာဖတ်သူတစ်ယောက်ရဲ့ စာမူခအရ ခေါင်းစဉ်ကို (/) လေး ခံလိုက်ပါတယ်။ ပိုအဆင်ပြေသွားမယ် ထင်ပါတယ်။ ခုလိုထောက်ပြတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ။

Tuesday, November 11, 2008

တန်ဆောင်တိုင်

မကြာခင် တန်ဆောင်မုန်းလပြည့်နေ့ကို ရောက်တော့မယ်။ တောင်ငူမှာ အခုအချိန်ဆိုရင် လပြည့်နေ့မနက် အာရုဏ်ခံဆွမ်းလောင်းပွဲအတွက် လူငယ်တွေရော လူကြီးတွေရော တက်ကြွလှုပ်ရှားနေကြပြီ။ အာရုဏ်ခံပွဲ မရောက်တာ ဘယ်နှစ်နှစ်လောက်ရှိပြီလဲ မသိဘူး။ တောင်ငူသားတိုင်း အင်မတန်လွမ်းရတဲ့ပွဲပါ။ မနေ့ညနေက နှစ်ကျိပ်ရှစ်ဆူဘုရားများ ဒေသစာရီကြွချီပွဲ ကတော့ ပြီးသွားပြီးပြီ။ မနှစ်ကတော့ မိုးဖျက်သွားလို့ ဘုရားတွေရော၊ ဘုရားပင့်တဲ့ကားတွေရော၊ လူသူပရိတ်သတ်တွေရော ခပ်သုတ်သုတ်ကြွခဲ့ရတယ်လို့ ကြားခဲ့တယ်။ တနင်္ဂနွေနေ့က အိမ်ကို ဖုန်းဆက်တော့ ရာသီဥတုက အတော်သာယာနေတယ်တဲ့။ ဒါဆို ဒီနှစ်ပွဲတော့ စည်ကားမှာပါ။

ခုနောက်ပိုင်း ကျွန်တော်တို့ ငယ်ငယ်ကလောက် မစည်ကားတော့တာ အမှန်ပဲ။ အရင်နှစ်တွေတုန်းက ဖျော်ဖြေရေးကားတွေ အများကြီးပါ။ မှတ်မှတ်ရရ လေးဖြူတို့ လာဆိုတဲ့နှစ်ကဆို လုံးဝတိုးမပေါက်အောင်ပဲ။ အဲဒီတစ်နှစ်က အဆိုတော်တွေ အတော်များတယ်။ ကြယ်နီ+၁၇ ရပ်ကွက် ဝိုင်းရယ်၊ ၁၆ ရက်ကွက်ဝိုင်းရယ်က အပြိုင်ပဲလေ။ ခြေချစရာမရှိအောင် အတော်လေးကို စည်ခဲ့တာ။ အဲဒီနောက်ပိုင်း သိပ်မငှားနိုင်ကြတော့ဘူး။ နယ်ကလူတွေအနေနဲ့က အဆိုတော်တွေဆိုတာ အပြင်မှာ နားထောင်လို့ရတာ ဒီတစ်ချိန်ပဲ အခွင့်အရေးလေးရှိကြတာကိုး။

နယ်မှာက ရှိုးပွဲက အင်မတန်လုပ်ခဲတာ။ ကျွန်တော့်သက်တမ်းတစ်လျှောက် အပြင်မှာ ရှိုးပွဲကြည့်ဖူးတာဆိုလို့ အိုင်စီ (IC) ဝိုင်း တစ်ခုပဲရှိတယ်။ တောင်ငူမှာ လာဆိုတာ။ အဲဒီတုန်းက နာမည်ကြီးခါစ အချိန်တွေဖြစ်မယ်။ စောဘွဲ့မှူးလည်း ပါတယ်။ အဲဒီအချိန်က ချာတိတ်ရှိသေးတာ။ အဖေနဲ့ အမေက ကျွန်တော့်ကို အိမ်မှာ ထားခဲ့တယ်လေ။ ပျင်းမှာစိုးလို့တဲ့။ ဟိုရောက်လို့ ပွဲမစခင်လေးကျမှ တစ်ဦးတည်းသောသားလေးကို သတိရသွားတယ်နဲ့တူတယ်။ အဖေက ပြန်လာနှိုးပြီး ခေါ်တယ်။ နို့မဟုတ်လို့ မနက်ကျမှ သိရင် ကောက်လို့ပြီးမှာ မဟုတ်ဘူးလေ။ အဲဒါ ဘဝမှာ ပထမဆုံးအကြိမ် ကြည့်ဖူးတဲ့ စင်မြင့်ဂီတဖျော်ဖြေပွဲ (စတိတ်ရှိုး) ပါ။

ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ လူငယ်တွေ အဓိကအားခဲထားကြတာက အာရုဏ်ဆွမ်းလောင်းပွဲ ပဲ။ နှစ်ကျိပ်ရှစ်ဆူဘုရားတွေ မြို့ထဲလမ်းတွေတလျှောက် မနက်တစ်နာရီလောက်က စပြီး ကေလဇာတီဘုရားကနေ ကြွချီကြတာ နောက်ဆုံးဘုရားအမှတ်(၂၈) ဘုရားကို ပြန်ဝင်ကြွတဲ့ အချိန်ဟာ မနက်ခင်း လင်းကျင်းတဲ့အထိပဲ။ လမ်းမှာ အကျွေးအမွေး ဧည့်ခံတဲ့ အလှူရှင်တွေ များရင် များသလို နေမြင့်တဲ့အထိတောင် ဖြစ်သွားတတ်တယ်။

အဲဒီအကြောင်းလေးတွေကို အသေးစိပ်ရေးထားတဲ့ ပို့စ်လေးတွေ ကျွန်တော်ရေးထားတာ ရှိပါတယ်။ ဒီနှစ်တော့ မဖြစ်နိုင်တော့လို့ အဝေးကနေပဲ လွမ်းရတော့မယ်။ နောက်နှစ်များတော့ ကိုယ်တိုင် အရောက်ပြန်ဖြစ်အောင် ပြန်ပြီး ဓါတ်ပုံတွေနဲ့ လှလှပပ ဝေဝေဆာဆာကို ထပ်ရေးနိုင်ဖို့ကြိုးစားဦးမယ်။ ခုချိန်ဆို ဟိုမှာ ည ၁၀ နာရီထိုးပြီ။ ဒါဆို ကျွန်တော်တို့ သူငယ်ချင်းတွေ ကေလဇာတီဘုရား အာရုဏ်ခံတန်ဆောင်းထဲ တိုးဝှေ့နေကြပြီ....

Sunday, November 9, 2008

အလင်းပြန်နိယာမ

ကိုးတန်းတုန်းက ရူပဗေဒမှာ သင်ခဲ့ရတယ်။ ကြေးမုံဆိုတဲ့ မှန်တွေအကြောင်း သင်တဲ့ သင်ခန်းစာမှာပေါ့။ ရိုက်လင်းတန်းနဲ့ မတ်မျဉ်းကြားမှာရှိတဲ့ ထောင့်ဟာ ပြန်လင်းတန်းနဲ့ မတ်မျဉ်းကြားမှာရှိတဲ့ ထောင့်နဲ့ တူညီတယ်တဲ့။ အဓိကကတော့ ရိုက်ထောင့်နဲ့ ပြန်ထောင့် တူညီသည်ပေါ့ဗျာ။ ဒါပေမယ့် လက်တွေ့ဘဝမှာတော့ သေချာချိန်ပြီး ကိုယ်ရိုက်လိုက်တဲ့ ထောင့်တွေဟာ တူညီတဲ့ ပြန်ထောင့်လေးတွေ ထွက်မလာခဲ့ဘူး။

အထူးသဖြင့် အချစ်ရေးမှာပေါ့။ ကိုယ်လိုချင်တဲ့ အချစ်ကို ဘယ်လိုရိုက်ထောင့်နဲ့ပဲ သေချာချိန်ရိုက်ပေမယ့် ပြန်ထောင့်တွေက မလှပခဲ့ဘူး။ အချစ်က ဆန်းကြယ်သလို မှန်းလို့လည်း မလွယ်ပါဘူး။ အချစ်စိတ်က ကာလံဒေသံလည်း မရွေးဘူး။ အဖွားပြန်ပြောပြဖူးလို့ သိခဲ့ရတဲ့ အကြောင်းလေး တစ်ခုပါ။ ကျွန်တော့်ကြီးတော်ကြီးတစ်ယောက်က အပျိုဘဝမှာ ကျောင်းဆရာမအဖြစ်နဲ့ ကျေးလက် ရွာလေးတစ်ရွာမှာ တာဝန်ကျတယ်။ ကြီးတော်ကြီးက အဲဒီအချိန်တုန်းက ပညာတတ်ဘွဲ့ရဖြစ်တဲ့အပြင် လှလည်းအတော်လှတယ်လို့ ပြောပါတယ်။ ကျွန်တော် မှတ်မိတဲ့အချိန်တွေမှာတော့ အတော်ကို ဝဝကြီးဖြစ်နေပါပြီ။ အဲဒီအဒေါ်က ရွာမှာ ဆရာမ လုပ်ရင်း အဲဒီရွာသားတစ်ယောက်နဲ့ မေတ္တာမျှပါတယ်။ မြို့မှာ ဆရာဝန်တစ်ယောက် လာတောင်းရမ်းတုန်းက လက်မခံခဲ့တဲ့ ကြီးတော်ကြီးဟာ အဲဒီရွာသားနဲ့ကျမှ ဘယ်လိုလုပ် သဘောကျသွားမှန်းမသိဘူး။ ကျွန်တော်တို့ ဘကြီးဖြစ်လာမဲ့သူဟာ အတန်းပညာလည်း မယ်မယ်ရရ မတတ်တဲ့အပြင် ရုပ်အဆင်းလည်း မချောမွေ့ပါဘူး။ ရိုးသားကြိုးစားတဲ့ သာမန်ရွာသားတစ်ဦးပါပဲ။

အဲဒီလို ချစ်ကြိုက်နေတာကို မြို့က ကျွန်တော့်အဖိုးအဖွားတွေကြားတော့ အဖွားက အရမ်းစိတ်ဆိုးပြီး လုံးဝသဘောမတူဘူးတဲ့။ အဖိုးကတော့ အေးဆေးပဲ။ သားတွေအကုန်လုံး သူတို့နှစ်သက်တဲ့သူကို လိုက်တောင်းပေးတာပဲ။ သမီးတွေကိုလည်း သဘောတူခဲ့တာပဲ။ အဲဒီအခါမှာ အဖိုးက အဖွားကို မင်းကုသနဲ့ ပပဝတီဇာတ်တော်ကို ပြောပြပြီး နားချတယ်။ အဖိုးပြောချင်တဲ့ လိုရင်းကတော့ ကြီးတော်ကြီးဟာ ပပဝတီမင်းသမီးလောက် ချောမောလှပနေတာမဟုတ်သလို ဘကြီးဖြစ်လာမဲ့သူဟာလည်း မင်းကုသ လောက် အရုပ်ဆိုးအကျည်းတန်နေတာ မဟုတ်ပါဘူးတဲ့။ သူတို့ဖူးစားပါလို့ ဆုံကြ ကြိုက်ခဲ့ကြတာ ဆိုပြီး ဖြောင်းဖျပြောဆိုခဲ့တယ်။ နောက်ဆုံးတော့ အဖွားလည်း သဘောတူ ပေးစားခဲ့ရပါတယ်။

မိန်းကလေးတွေဟာ သူတို့ကို ကမ်းလှမ်းလာတဲ့သူတွေထဲကမှ ရွေးချယ်ကြရလို့လားတော့ မသိဘူး။ တချို့စုံတွဲတွေကိုမြင်ရတာ မိန်းကလေးက လှလှပပ အတူတွဲလာတဲ့သူက အထာမကျ။ ယောက်ျားလေးတွေကြတော့ ရွေးချယ်စရာအခွင့်အလမ်း အပြည့်ရှိတာမို့ ကိုယ်ရုပ်ရှိရင် ရှိသလို စကာတင် ရွေးနိုင်ခွင့်ရှိတယ်လို့ ထင်ပါတယ်။

ကျွန်တော့်ရူပါဟာ လုံးဝ မချူချာဘူးဆိုတာ မြင်ဖူးတဲ့သူတွေ အကုန်အသိပါ။ ဒါနဲ့များ ကျွန်တော့်ဆီပြန်လာတဲ့ ပြန်ထောင့်လေးတွေဟာ ကျွန်တော်ရိုက်လိုက်တဲ့ ရိုက်ထောင့်အတိုင်း တူညီစွာမဖြစ်ဘဲ ဘာလို့ တိမ်းစောင်းသွားရတာလဲ။ ကျွန်တော် စဉ်းစားတယ်။ ဘာလွဲနေလဲပေါ့။ ကျွန်တော်ချစ်ခဲ့ဖူးတဲ့ နှစ်ကြိမ်စလုံးဟာ မအောင်မြင်ခဲ့ပါဘူး။ ပထမအကြိမ် ကတော့ မချိန်တတ်သေးတဲ့ အရွယ်မို့ထားပါတော့။ ဘယ်အောင်မြင်ပါ့မလဲ။ ဒုတိယအကြိမ် က ရိုက်တော့ ရိုက်တယ်လေ။ ဒါပေမယ့် ကိုယ့်ဟာကိုယ် ရိုက်ချင်တာတစ်ခုပဲ သိတာ။ ထည့်မတွက်မိတဲ့ အချက်တစ်ခုရှိနေတယ်။ နောက်မှ သွားတွေ့တယ်။ ဒါပေမယ့် ကျွန်တော်သိတဲ့အချိန်မှာ အားလုံးလွန်သွားခဲ့ပြီ။


ကျွန်တော့်ရဲ့ ပြန်ထောင့်လေးတွေ ရိုက်လိုက်တဲ့ထောင့်အတိုင်း တူညီစွာမထွက်လာရတဲ့ အကြောင်းကတော့ အဲဒီနိယာမက ပြင်ညီကြေးမုံမှသာ မှန်ကန်တယ်ဆိုတာကြောင့်ပါပဲ။ ကျွန်တော်က မျက်နှာပြင်ကို မစဉ်းစားမိခဲ့ဘူး။

အချစ်မှာ တူမျှတဲ့ အလင်းပြန်ဖို့ ပြင်ညီမျက်နှာပြင်တစ်ခု အမှန်တကယ်လိုအပ်တယ်လေ။

---------------------------------------------------------

ကိုရွှေအောင် စာမူခက sensitive ဖြစ်လို့ ကျွန်တော် ပြန်ပြင်လိုက်ပါပြီ။ နို့မဟုတ်ရင် ကျွန်တော့်စာရေးအမှားက မြန်မာ့ယဉ်ကျေးမှုအစဉ်လာကိုပါ ထိခိုက်နေတာမို့ သိသိချင်းအရေးယူလိုက်ပါတယ်။ ကျေးဇူးပါ ကိုရွှေအောင်။

Saturday, October 25, 2008

ပညာဒါနကျောင်းများ

တိုးတက်လာတဲ့ ခေတ်နဲ့အညီ ပညာရပ်တွေက သင်ယူစရာ များပြားလှပါတယ်။ ဘာသာစကား သင်တန်းတွေနဲ့ ကွန်ပျူတာဆိုင်ရာ သင်တန်းတွေကတော့ အများဆုံးပါပဲ။ တတ်နိုင်တဲ့သူတွေအဖို့ ဆန္ဒရှိတဲ့သင်တန်းကို အလွယ်တကူ တက်နိုင်ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် တက်ချင်လျက်နဲ့ အဝေးကနေပဲ ငံ့လင့်နေရသူတွေလည်း အများကြီးပါ။ ဒီလိုအခက်အခဲ ရှိသူတွေအတွက် သက်ဆိုင်ရာ ဘာသာရပ်အလိုက် ပညာဒါနကျောင်းတွေ အသီးအသီး ပေါ်ပေါက်လာခဲ့ပါတယ်။ ပညာဒါနကျောင်းများဟာ ဘုန်းတော်ကြီးကျောင်းများမှာ ဖွင့်လှစ်ထားကြတာပါ။ ကျောင်းထိုင်ဆရာတော်ရဲ့ သြဝါဒကိုခံယူပြီး စတင်ပံ့ပိုးတည်ထောင်သူများက ဦးဆောင်လို့ ချီတက်လာခဲ့ကြတာ ခုဆိုရင် သက်တမ်းအတော်ရလာကြပြီ ဖြစ်ပါတယ်။

ကျွန်တော်လက်လှမ်းမီသလောက်ဆိုရင်-

ကမ္ဘာ့ဗုဒ္ဓသာသနာပြုကျောင်း
မယ်လမုဘုရားအနီး (ဘုန်းကြီးလမ်းမှတ်တိုင်)၊ မြောက်ဥက္ကလာပမြို့နယ်။

မနောရမ္မာကျောင်း
အရှေ့ဥယျာဉ်တိုက်၊ ဗဟိုလမ်း (ရှမ်းလမ်း)၊
တရားရုံးအနောက် ဓါတ်ဆီဆိုင်အနီး၊ စမ်းချောင်းမြို့နယ်။
ဖုံး။ ။ ၅၃၇၀၂၆

ပစ္ဆိမာရုံစာသင်တိုက်
မိုးကောင်းလမ်းနဲ့ အေးသာယာလမ်းထောင့်
အဝိုင်းလေးမှတ်တိုင်အနီး၊ တာမွေမြို့နယ်။
ဖုံး။ ။ ၅၇၇၅၆၄၊ ၂၈၇၅၀၆၊ ၂၀၀၇၀၄၊ ၅၇၈၃၈၀၊ ၅၅၉၃၃၂

အစရှိတဲ့ ပညာဒါနကျောင်းများဖြစ်ကြပါတယ်။ အခြားနေရာများမှာလည်း အလားတူ သင်ကြားပေးတဲ့ကျောင်းတွေ ရှိနိုင်ပါသေးတယ်။

ကျောက်မြောင်းထဲနေတဲ့ ကျွန်တော့်အဖို့ ဘောက်ထော်က ပစ္ဆိမာရုံစာသင်တိုက်မှာ ဖွင့်လှစ်တဲ့ သင်တန်းတချို့ကို တက်ဖြစ်ခဲ့ပါတယ်။ ပညာဒါနဆိုပေမယ့် လုံးဝအခမဲ့တော့ မဟုတ်ပါဘူး။ စာရွက်စာတမ်းကြေး သဘောလောက် အလှူငွေထည့်ရတာပဲရှိပါတယ်။ အပြင်မှာပေးရတဲ့ သင်တန်းကြေးထက် အတော်ကို လျော့ပါတယ်။ ကျွန်တော်တက်စဉ်က အခြေခံအဆင့် သင်တန်းတစ်ခုကို မြန်မာငွေ ကျပ်တစ်ထောင် သွင်းရပါတယ်။ သင်တန်းကာလအနေနဲ့ကတော့ ဘာသာရပ်တွေပေါ်မူတည်ပြီး သုံးလေးလ ဝန်းကျင်ခန့် ကြာတတ်ပါတယ်။

ပစ္ဆိမာရုံစာသင်တိုက်ကို ကျိုက်လတ်ကျောင်းလို့လဲ ခေါ်ပါတယ်။ သင်တန်းခန်းမကို သုံးထပ်ဓမ္မာရုံကြီးရဲ့ အောက်ဆုံးထပ်မှာ ဖွင့်ထားတာပါ။ အလျားရှည်အခန်းကျယ်ကြီးထဲမှာ သစ်သားစားပွဲရှည်တွေ ထိုင်ခုံရှည်တွေနဲ့ ကျောင်းစာသင်ခန်းအတိုင်း ဖြစ်နေတာမို့ ကျောင်းတုန်းက အချိန်တွေကို လွမ်းမိပါသေးတယ်။ အခန်းက ကျယ်တဲ့အပြင် ပန်ကာတွေ၊ မီးချောင်းတွေနဲ့ အသံချဲ့စက်ကအစ စီစဉ်ပေးထားတာကြောင့် ဘာမှ လိုလေသေးမရှိအောင် ပြည့်စုံလှပါတယ်။ ညပိုင်းရောက်သွားတဲ့ သင်တန်းတချို့အတွက် မီးပျက်ခဲ့ရင်တောင် မီးစက်ကို အဆင်သင့်နှိုးပြီး သင်ကြားနိုင်ပါတယ်။ ကျွန်တော်စတက်စဉ်က အင်္ဂလိပ်စာ၊ တရုတ်စာ အစရှိတဲ့ ဘာသာစကားသင်တန်းအချို့သာ ရှိခဲ့ပေမယ့် နောက်ပိုင်းမှာ တဖြည်းဖြည်း တိုးချဲ့သင်ကြားပေးခဲ့ပါတယ်။ ကျွန်တော် နောက်ဆုံးတက်ခဲ့တဲ့ အချိန်မှာတော့ အီလက်ထရွန်းနစ်သင်တန်း၊ မုန့်မျိုးစုံလုပ်နည်းသင်တန်းအပြင် ကွန်ပျူတာသင်တန်းတချို့ပါ ဖွင့်လှစ်နိုင်ခဲ့ပါပြီ။ အရေအတွက် သိပ်မများသေးပေမယ့် ကွန်ပျူတာခန်းကို ကျောင်းရဲ့ ပထမထပ်မှာ သီးသန့်လုပ်ပြီးတော့ကို သင်ကြားပေးတာပါ။

ပစ္ဆိမာရုံကျောင်းရဲ့ ပညာဒါနသင်တန်းတွေကို ဦးဆောင်စီစဉ်တဲ့ ဆရာတွေကတော့ အင်္ဂလိပ်စာ ဆရာများဖြစ်ကြတဲ့ ဆရာဦးထွန်းစိန်နဲ့ ဆရာဦးအေးချစ် တို့ ဖြစ်ပါတယ်။ သင်တန်းဆင်းပွဲများကိုလည်း အခါအားလျော်စွာ စည်ကားသိုက်မြိုက်အောင် ထူးခြားကောင်းမွန်တဲ့ အစီအစဉ်လေးတွေနဲ့ ကျင်းပလေ့ရှိပါတယ်။ ပညာဒါနသင်တန်းတွေကို လူငယ်များသာမက ဝန်ထမ်းတွေ၊ လူကြီးတွေအပြင် သံဃာတော်များပါ တက်ရောက်သင်ယူကြတာကို တွေ့ရပါတယ်။ လူကြီးတွေအနေနဲ့ အသက်ရွယ်အားဖြင့် ငါးဆယ်၊ ခြောက်ဆယ်ဝန်းကျင်တွေကိုပါ ကြိုကြားကြိုကြား တွေ့ရတတ်တယ်။ ပညာဒါနသင်တန်းဆိုပေမယ့် အလွှာအသီးသီးက လူငယ်လူရွယ်တွေ စုံလင်လှပါတယ်။ သင်တန်းဆင်းချိန်ဆို လာကြိုတဲ့ကားတချို့ကိုလည်း တွေ့ရတယ်။ အများစုကတော့ အများသုံးကားနဲ့ပြန်ကြတော့ အဝိုင်းလေးမှတ်တိုင်ဟာ အိမ်ပြန်ချိန်တွေမှာ အမြဲ လိုလိုစည်ကားနေတတ်တယ်။

ကျောင်းသားဦးရေ အများဆုံးတက်ကြတာကတော့ အင်္ဂလိပ်စာနဲ့ တရုတ်စာ သင်တန်းတွေပါ။ ဒါပေမယ့် အခြေခံသင်တန်းများသာ ခုံပြည့်လူပြည့်ဖြစ်တတ်ပြီး တစ်ဆင့်မြင့်တန်းတွေမှာတော့ တဖြည်းဖြည်း လူဦးရေ သိသာစွာ လျော့နည်းသွားတာတွေ့ရပါတယ်။ လူငယ်တွေအနေနဲ့ သက်သက်သာသာတက်ရတဲ့ သင်တန်းဖြစ်လို့ တန်ဖိုးမထားကြတာမျိုးတော့ မဖြစ်သင့်ပါဘူး။ ပညာရပ်တစ်ခုအပေါ် စွဲစွဲမြဲမြဲစူးစိုက်အားထုတ်နိုင်ပါမှ သင့်တင့်တဲ့ အကျိုးကျေးဇူးခံစားရရှိမှာပါ။ အပျော်တမ်းသဘောမျိုးဖြစ်ဖြစ်၊ အိမ်တွေက အပြင်ထွက်လို့ရအောင် ရမယ်ရှာတက်တာမျိုးဖြစ်ဖြစ်၊ ချစ်သူရည်းစားနဲ့ အတူဆုံတွေ့ဖို့ပဲဖြစ်ဖြစ် ဘယ်လိုအကြောင်းကြောင့်ဖြစ်စေကာမူ တက်နေစဉ်ကာလအတွင်းမှာတော့ လုံ့လစိုက်ကြိုးပမ်းမှသာ အကျိုးရှိမှာဖြစ်ပါတယ်။ “ငါးမရ လို့ ရေချိုးပြန်” ရတာထက် “တစ်ချက်ခုတ် နှစ်ချက်ပြတ်” ဖြစ်အောင်လုပ်နိုင်ရင် အကောင်းဆုံးပေါ့။ “မြွေပါလည်းဆုံး သားလည်းဆုံး” အဖြစ်မျိုးရောက်သွားရင်တော့ ကိုယ်ပဲနစ်နာမှာပါ။

ကျွန်တော့်အနေနဲ့ ပစ္ဆိမာရုံမှာ ဘာသာစကားသင်တန်းတချို့ တက်ခဲ့ပါတယ်။ ဒီမလာခင်မှာ ပထမဆုံးအဖြစ် ဖွင့်လှစ်ခဲ့တဲ့ ထူးခြားတဲ့သင်တန်း တစ်ခုကိုလည်း တက်ရောက်ဖြစ်ခဲ့ပါတယ်။ အဲဒီသင်တန်းက နည်းနည်းဆန်းနေမယ် ထင်ပါတယ်။ ကျွန်တော်တော့ အရင်က အဲဒီသင်တန်းမျိုး မကြားဖူးခဲ့ပါဘူး။ စိတ်ဝင်တစား တက်ရောက်သူတွေဟာ သင်တန်းကာလတစ်လျှောက်လုံး မထင်မှတ်လောက်အောင် ခန်းမတစ်ခုလုံး အပြည့်ပါပဲ။

Wednesday, October 22, 2008

ရာချို

မနက်ခင်းတွေဆို အဖေက ကျွန်တော်တို့သားအမိနှစ်ယောက်ကို စက်ဘီးနဲ့ အမေ့ဖက်က အဖွားအိမ်ကို ပို့ပေးပြီးမှ ဆိုင်သွားထွက်တယ်။ ညနေဆိုင်သိမ်းပြီးမှ လာကြိုတာပေါ့။ ကျွန်တော်တို့မိသားစုက အဖေဖက်က အဖိုးအဖွားတွေနဲ့ နေတာလေ။ အိမ်ပြန်မယ်ဆိုရင် ညအိပ်တဲ့အဖွားအိမ်ကို ပြောတာလို့နားလည်ပြီး အနောက်ဖက်အိမ်သွားမယ်ဆိုရင် နေ့ခင်းနေတဲ့အဖွားအိမ်ကို ပြောတယ်ဆိုတာ ကျွန်တော်တို့မိသားစုအဝန်းက အခေါ်အဝေါ်တစ်ခုပါပဲ။


အနောက်ဖက်အိမ်က အောက်ထပ်နိမ့်နိမ့်ဆောက်ထားတဲ့ ပျဉ်ထောင်အိမ်လေးတစ်လုံးပါ။ ဘုရားအိုးစင်အောက်ဖက် ပြတင်းပေါက်လေးဟာ ခေါင်းရင်းအိမ်ဖက်ကို ကျွန်တော်ကင်းထောက်တဲ့ နေရာလေးပါ။ ခေါင်းရင်းအိမ်က ကျွန်တော့်ရဲ့ စားအိမ်သောက်အိမ်လည်းဖြစ်၊ ကစားကွင်းလည်းဖြစ်ပါတယ်။ အဲဒီအိမ်က အဖိုးက ဆိုင်ကယ်ပြင်တယ်။ ကလေးငယ်မရှိတဲ့အတွက် တစ်အိမ်လုံးက ကျွန်တော့်ကို အရမ်းချစ်တယ်။ အငြိမ်းစားကျောင်းဆရာမကြီးဖြစ်တဲ့ အဲဒီအိမ်က အဖွားက ကျွန်တော့်ကို ပုံပြင်လေးတွေ ပြောပြတတ်သလို ခြေချိုးလက်ချိုးအက လေးတွေလည်း သင်ပေးတတ်တယ်။ အမကြီးနှစ်ယောက်ကတော့ ကျွန်တော့်ထက် အသက်အများကြီး ကြီးပေမယ့် ကျွန်တော်နှိပ်စက်သမျှ အနွံတာခံတဲ့ ကစားဖော်တွေပါပဲ။


ကျွန်တော်အိမ်မှာ ပျင်းလို့ ကစားချင်ပြီ အိမ်လည်ထွက်ချင်ပြီဆို အမကြီးတွေ ရှိလားမရှိလား ပြတင်းပေါက်ကနေ ကင်းထောက်ပါတယ်။ နောက်ထပ်ကင်းထောက်တဲ့ အကြောင်းတစ်ခုကတော့ ရာချိုအတွက်ပါ။ အဖိုးက နေ့လယ်ခင်းအလုပ်ခဏနားချိန်ဆို အပြင်ထွက်လေ့ရှိပါတယ်။ ဦးချစ်ဆိုင်ကိုပေါ့။ ဦးချစ်ဆိုင်သွားတိုင်း ဒန်ချိုင့်လေးတစ်လုံးက အမြဲပါတယ်။ အဖိုးပြန်လာပြီဆို ပြတင်းပေါက်သံတိုင်ကြားကနေ “ဘ သားသားအတွက် ရာချိုပါလား” ဆိုပြီး လှမ်းလှမ်းမေးတယ်။ တကယ်တော့ ပါမှန်းသိပြီးသား။ လက်ထဲက ဒန်ချိုင့်ကလေးကို မြင်နေရတာပဲလေ။ ဟိုဖက်အိမ်ကို ဒီတိုင်းသွားတာထက် အဲလိုလေး စကားဦးလေးသမ်းပြီးမှ ကူးလိုက်တော့ ညာတုတ်လို့ ပိုကောင်းတာပေါ့။ နေပူထဲက ဖြတ်ပြန်လာရတဲ့ အဖိုးအတွက် ရောက်ရောက်ချင်း ကလေးက တီတီတာတာ နှုတ်ဆက်လိုက်တော့ အမောပြေတာပေါ့။ ဒါနဲ့ “အေး သားသားရေ လာကွ” ဆိုရင် တန်းပြေးတော့တာပဲ။ အမေက နေပူတယ် ဦးထုပ်ဆောင်းဦးဆိုလည်း မကြားတော့ဘူး။ တကယ်တော့ ခေါင်းရင်း ရေတွင်းဘေးကနေ ဖြတ်ကူးရင် နေရိပ်တယ်။ ဒါပေမယ့် ဘယ်တော့မှ မကူးဘူး။ အိမ်ရှေ့ကနေပဲ သွားတယ်။ ခေါင်းရင်းဖက်က အိမ်တိုင်ကြားမှာ ကျွန်တော်ကြောက်တဲ့ တောက်တဲ့ကြီးရှိနေတယ်။


ရောက်ရင်တော့ ရာချိုပူပူလေးကို ဒန်ချိုင့်အဖုံးလေးထဲထည့် အအေးခံပြီးမှ အဖွားက တိုက်တယ်။ အဲဒီအချိန်တုန်းက သောက်ခဲ့ရတဲ့ ရာချိုတွေဟာ ကျွန်တော့်အဖို့ အချိုမြိန်ဆုံး အရသာအရှိဆုံးလို့ ထင်တယ်။ အဲဒီကတည်းက ရာချိုကို စွဲပြီး ကြိုက်လာခဲ့တာ ခုထက်ထိပဲဆိုပါတော့။ တော်သေးတာက ဒီမှာလည်း ရာချိုဆိုင်တွေရှိလို့။ ဒါပေမယ့် မြန်မာပြည်က ရာချိုကိုတော့ လုံးဝမမှီဘူး။ ကျဲတောက်တောက်နဲ့။ ငယ်ငယ်ကဆို အိမ်မှာဖြစ်ဖြစ် ဘယ်မှာပဲဖြစ်ဖြစ် ကျွန်တော့်ကို ရာချိုပဲ တိုက်လို့ရတယ်။ တခြားဟာတွေ ဘယ်တော့မှ မသောက်ဘူး။ အဖေနဲ့ အပြင်ထွက်ရင်လည်း ကျွန်တော် ရာချိုပဲသောက်တာ။ နောက်ပိုင်း တော်တော်ကြီးမှ တခြားဟာတွေပါ သောက်လို့ရလာတာ။


ဒီရောက်တော့ ရာချိုကောင်းကောင်းမရတာ အတော်စိတ်ပျက်မိတယ်။ ကျွန်တော်ထင်တယ်လေ ကမ္ဘာပေါ်မှာ အမျိုးအစုံလင်ဆုံးနဲ့ အကောင်းဆုံးအရသာတွေရှိတဲ့ ရာချို ရနိုင်တာဆိုလို့ ကျွန်တော့်တို့ မြန်မာတစ်ပြည်တည်း ရှိမယ်။ ငယ်ငယ်ကတော့ ရာချိုတွေဟာ ရိုးရိုးတစ်မျိုးသာ ရှိတာပဲ။ ဘာဇွန်းမှလဲ မတပ်ထားပါဘူး။ မတ်ခွက်ကြီးနဲ့ ဆွဲမြှောက်ပြီး ဖျော်နေတာ ကြည့်ရင်းနဲ့ကို သောက်ချင်စိတ်တွေ တားမရ ဆီးမရပဲ။ နို့အိုးထဲက အပေါ်ယံလေး ဆွဲခပ်လိုက်လို့ ပါလာတဲ့ မလိုင်ဖတ်လေးတွေဆို ရာချိုလေးထဲ ထည့်ခိုင်းဖို့ မမေ့မလျော့ပြောရသေးတယ်။ ဒီကဆိုင်တွေများ မလိုင်ဖတ်မပြောနဲ့ နွားနို့ကို ကျိုထားတာတောင် မြင်ဖူးကြရဲ့လားမသိ။ ပြောရင်းနဲ့ မြန်မာရာချို အရသာစစ်စစ်လေးကို အရမ်းလွမ်းသွားပြီဗျာ။


ကျွန်တော်ငယ်ငယ်ကတော့ ရာချိုလို့ပဲ ခေါ်တာပဲ။ အဲဒါသောက်ချင်ရင် ရာချိုသောက်ချင်တယ် ဆိုပြီး ဂျီကြတာ။ ကျွန်တော်ထင်တာတော့ ကလေးသဘာဝ တစ်ခုခုကို လူကြီးတွေ ပြောသလိုမပြောတတ်ရင် သူခေါ်တတ်သလို ခေါ်လိုက်တဲ့သဘောမျိုးဖြစ်မယ်။ ကလေးပေါက်စနတစ်ယောက်အနေနဲ့ မူလအမည်က နည်းနည်းခေါ်ရခက်မယ် ထင်တာပဲလေ။ ဘယ်အချိန်ကျမှ မူလအမည် ပြောင်းခေါ်လဲတော့ မမှတ်မိဘူး။ ဒါပေမယ့် ရာချိုဆိုတာလေးက နည်းနည်းများဆန်းနေသလားလို့ ရေးကြည့်တာပါ။

Monday, October 20, 2008

ဆရာဖြစ်သွားသော တပည့်များ

ဆယ်တန်းအောင်စာရင်းတွေထွက်တော့ ဂုဏ်ထူးနှစ်ခုပဲပါတယ်။ အမှတ်စာရင်းမရသေးတဲ့အချိန်ထိ ကိုယ့်ကိုယ်ကို မကျေနပ်ဘူး။ ကြိုးစားခဲ့ပါလျက်နဲ့ ဂုဏ်ထူးနှစ်ခုပဲပါတာကို ဒေါသတွေထွက်နေတယ်။ အမှတ်စာရင်းတောင်းလို့ ရလာတော့မှ အရမ်းပျော်သွားတယ်။ သိပ်တက်ချင်နေတဲ့ RITမှတ်ကို မျက်စိမှိတ်ပြီး ဝင်နေပြီလေ။ ကျွန်တော်တို့နှစ်မှာ တောင်ငူက တစ်နိုင်ငံလုံး အမှတ်အများဆုံး ၁၀ယောက်ထဲ ဦးဦးဖျားဖျား စဝင်တဲ့နှစ်။ ရတာမှ တစ်နိုင်ငံလုံး ပထမရတာ။ ကျွန်တော်တို့ကျောင်းကတော့ မဟုတ်ဘူး။ ထ-၁ က။ ဒါပေမယ့် ကျွန်တော့်သူငယ်ချင်း အရင်းကြီးပါပဲ။ နောက် ၂၀၀၂ လား ၂၀၀၃ လားမမှတ်မိဘူး။ အဲဒီနှစ်မှာ တစ်နိုင်ငံလုံး ပဉ္စမ တစ်ခါထပ်ဝင်တယ်။ တခြားလူမဟုတ်ပြန်ဘူး။ ကျွန်တော့်ညီမဝမ်းကွဲ။ အဲသလို တောင်ငူသားရဲ့ ပတ်ဝန်းကျင်မှာ ထူးချွန်တဲ့သူတွေ ပေါများတာ။

သီတင်းကျွတ်ပြီး ဒီလိုအချိန်ဆို ဆယ်တန်းကလေးတွေအတွက် ဂိုက်ဇာတ်လမ်းတွေ ပိုပြီး သက်ဝင်လှုပ်ရှားလေ့ရှိတယ်။ ဘယ်အချိန်ကတည်းက ခေတ်စားခဲ့တဲ့ စာကျက်မှု အထောက်အကူပြု ဝန်ဆောင်မှုလည်းတော့ မသိပါဘူး။ ကျွန်တော် ၁၀တန်းရောက်တဲ့အချိန်မှာ အတော်ကို အရှိန်ရနေပါပြီ။ ကျွန်တော်လည်း ၁၀တန်းမှာ ဂိုက်တွေနဲ့ ကျက်ခဲ့တွက်ခဲ့တာပါပဲ။ အခုလည်း ကျွန်တော့်ကို ဆရာမက ဂိုက်မလုပ်သေးဘူးလားလို့ မေးနေပါပြီ။ ခက်တာက ကျွန်တော်က တခြားနေရာမှာသာ ဆရာလုပ်တတ်တာ လုပ်ချင်တာ။ စာသင်ဖို့ကိုတော့ နည်းနည်းလန့်နေတယ်။ ဒါပေမယ့် ကိုယ့်တုန်းကလည်း ဆရာမပဲ အဆင်ပြေအောင် ဂိုက်ရှာပေးထားတော့ ကျွန်တော်လည်း မငြင်းသာတော့ဘူး။


ဒါနဲ့ပဲ ကျွန်တော့်ရဲ့ ပထမဆုံးဂိုက်လုပ်ပေးရမဲ့ တပည့်ကလေးရလာပါတယ်။ အ.ထ.က (၂) ကပါပဲ။ လူချင်းမခင်ပေမယ့် ၆တန်းလောက်ကတည်းက ကျောင်းမှာ မြင်တွေ့နေကြဆိုတော့ သူ့ကို သိပြီးသားပါ။ ကျွန်တော်သိထားတာက ဂိုက်တွေသည် တပည့်တွေရဲ့ အိမ်တွေမှာသာ လိုက်သင်ကြတာပါ။ ဒါပေမယ့် ကျွန်တော့်ရဲ့ ချစ်စွာသော တပည့်အသစ်စက်စက်က သူ့အိမ်မှာ စာမကျက်ချင်တဲ့သူမို့ ကျွန်တော့်အိမ်မှာပဲ လာကျက်ပါရစေတဲ့။ အဲဒီတော့လည်း ကိုယ်လည်း သွားရသက်သာတာပေါ့ဆိုပြီး အိမ်လာဖို့ မီးစိမ်းပြလိုက်ပါတယ်။


ကိုယ့်အိမ်လာကျက်မယ်ဆိုတော့ အဆင်ပြေအောင် ကိုယ်စာကျက်ခဲ့တဲ့ စားပွဲကြီးကိုပဲ အိမ်ပေါ်ထပ်မှာပြင် မီးချောင်းလည်းဆင်ပေါ့။ မီးကပျက်တော့ အင်ဗာတာမီးချောင်းနဲ့ အားလုံးအသင့်ပြင်ထားရတယ်။ ရေပုလင်းကအစပေါ့။ ကိုယ်လည်းအားလုံးပြီးစီးတော့ သူကရောက်လာပြီ။ ပထမဆုံးနေ့လည်းဖြစ် ကိုယ်လည်းတစ်ခါမှ မသင်ဖူးသေးတော့ ဘယ်ကဘယ်လို စဂိုက်ရမှန်းမသိဖြစ်နေတယ်။ အဲဒီတော့ တပည့်က ဆရာပြန်လုပ်တော့တယ်။ အစ်ကိုတဲ့ ကျွန်တော့်ကို ဒီစာရှင်းပြပါတဲ့။ ဘိုင်အိုထင်တယ်။ အဲဒါမှ ကျွတ်ကျဲတာပဲ။ သူလာမှာမို့ ခင်းကျင်းပြင်ဆင်နေရတာနဲ့ ကိုယ့်မှာ ဘယ်စာမှ ကြိုမဖတ်ထားရဘူးလေ။ အဲဒါကြောင့် ရူးချင်ယောင်ဆောင်ပြီး မှတ်မိသလောက်ရှင်းပြ ပြီးတာနဲ့ ဟိုဟာကျက် ဒီဟာကျက်ဆိုပြီး လမ်းကြောင်းလွှဲရတော့တယ်။ အဲဒါပထမဆုံး ဆရာဖြစ်သွားတဲ့ ကျွန်တော့် ဂိုက်တပည့်ပါပဲ။ ခုတော့ သူလည်း ဒီရောက်နေပါပြီ။


မကြာခင်မှာပဲ ဆရာမက ဒုတိယတစ်ယောက် ထပ်ပို့ပြန်ပါတယ်။ သူကလည်း သူ့အိမ်မှာ မကျက်ပါရစေနဲ့တဲ့။ ဆိုတော့ကာ အိမ်မှာပဲလာကျက်ပြန်တယ်။ သူကတော့ ခပ်အေးအေးပဲဆိုတော့ ဆရာ မဖြစ်လိုက်ပါဘူး။ တတိယနဲ့ စတုတ္ထမြောက်နှစ်ယောက်ကတော့ ဆရာအပီပြင်လုပ်ကြတဲ့တပည့်တွေပါပဲ။ တစ်ယောက်ကတော့ ကျွန်တော့်အိမ်နဲ့ နီးတယ်။ နောက်တစ်ယောက်ကတော့ လေးမိုင်ဖက်က အရာရှိကြီးတစ်ယောက်ရဲ့သား။ သူတို့သူငယ်ချင်းနှစ်ယောက်က အတူတူပဲ ကျက်ချင်တယ်ဆိုလို့ ထုံးစံဖြစ်သွားတဲ့ ကျွန်တော့်အိမ်ပဲ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပါတယ်။


ကလေးတွေက ကျောင်းပြီးတော့ ကျူရှင်၊ ကျူရှင်ပြီးတော့ အိမ်ထမင်းပြန်စား ပြီးတာနဲ့ ကျွန်တော့်ဆီလာဆိုတော့ နောက်ကျတတ်တယ်။ အချိန်မရတဲ့နေ့ကျတော့လည်း ထမင်းမစားလာရဘူး။ အဲဒီတော့ စာကျက်နေတုန်း “အကို ဗိုက်ဆာလို့”ဆိုရင် “အေး အေး” ဆိုပြီး အောက်ထပ်ဆင်း “အမေ ကလေးတွေက ဗိုက်ဆာလို့တဲ့” ဆိုတော့ အမေလည်း ရှိတဲ့မုန့် ထုတ်ပေး ကိုယ်လည်း ရေခဲရေပုလင်းနဲ့ ဖန်ခွက်ဆွဲပြီး တပည့်တွေကို ဧည့်ခံရတာပေါ့။ တစ်ခါတစ်လေတော့ အကြော်တို့ကောက်ညှင်းပေါင်းတို့ ဝယ်လာကြရှာတယ်။ “အကိုရေ ပန်းကန်လေး လုပ်ပါဦး” ဆိုတော့ ဟုတ်တာပေါ့ အချဉ်ရည်တွေဘာတွေနဲ့ ပန်းကန်နဲ့ထည့်မှ အဆင်ပြေမှာပေါ့။ ကိုယ်လည်း အလိုက်သိပါတယ်။ တစ်ခါတည်း အကြမ်းပန်းကန်နဲ့ ဓါတ်ဘူးပါ လက်ဖက်ခြောက်ခပ်လာခဲ့တယ်။ အဲဒီတော့လည်း အကိုက အရမ်းသဘောကောင်းတာပဲတဲ့။ လာသေးတယ်။ သူတို့ကချည်း ကိုယ့်ကို ပြန်ခိုင်းသွားတာချည်းပဲ။


ဇာတ်လိုက်တွေက ဗိုက်များပြည့်နေလို့ကတော့ စာမှ ကောင်းကောင်းမကျက်ရသေးဘူး။ အိပ်ငိုက်ကြပြီ။ မြန်မာကဗျာတွေလည်း စာကြောင်းတွေ ရှေ့ရောက်နောက်ရောက်။ အိပ်ငိုက်ပြီး ပေါက်ကရတွေ ဆိုနေကြတာလေ။ ခက်ဆစ်တွေဆို အနက်အသစ်တွေတောင် ထွက်တယ်။ အဲဒီတော့ ကိုယ်လဲအလိုက်တသိနဲ့ အိပ်ငိုက်ပြေအောင် အာရုံပြောင်းပြီး ရယ်စရာလေးဘာလေးပြော။ နည်းနည်းလေး ရွှင်လာတော့မှ စာဆက်ကျက်ခိုင်း တွက်စရာရှိတာတွက်ခိုင်းလုပ်ရတယ်။ နှစ်ယောက်ဆို ဆိုသလောက်ပဲ။ တစ်ယောက်က ဒီဟာဆို နောက်တစ်ယောက်က ဟိုဟာ။ ကိုယ်ခိုင်းတာထက် သူတို့လုပ်စေချင်တာပဲ ကိုယ်က လိုက်လျောနေရတယ်။


နောက်ဆုံးတစ်ယောက်ကတော့ အားလုံးထဲမှာ ဆရာအကျဆုံး။ သူနဲ့ကျမှ ကျွန်တော်လည်း ဂိုက်လုပ်ချင်စိတ်ကို ကုန်ရော။ ရန်ကုန်သားလေး။ တောင်ငူက အမျိုးတွေဆီမှာ ၁၀တန်းလာနေတာ။ ရုပ်ကလည်းဖြောင့် အပြောကလည်းကောင်းတော့ SKB (စော်ကြည်ဘဲ) ပေါ့။ ထုံးစံအတိုင်း ကျွန်တော့်အိမ်မှာပဲ လာကျက်တယ်။ သူလာပြီဆို ကျွန်တော့်မှာ ဘယ်လိုများ သူ့ကို စာကျက်ခိုင်းရမလဲ ကြိုတွေးပြီး လန့်နေရတယ်။ စာကျက်ဖို့ အခမ်းနားကို ဘယ်တော့မှ တော်တော်နဲ့ မစနိုင်ဘူး။ ကျောင်းမှာ ဘယ်ကောင်မလေးက ဘယ်လို။ ဘယ်ကောင်မလေးကဖြင့် သူ့ကို ခိုးကြည့်နေတာ။ သူနဲ့အဆင်ပြေသွားတဲ့ ကောင်မလေးအကြောင်း၊ ကျောင်းလှေကားကနေ လက်သန်းချင်း ချိတ်ပြီး ဆင်းကြတဲ့အကြောင်း။ အားပါး သူ့ရဲ့ ရင်ဖွင့်အချစ်တွေကို ကျွန်တော့်မှာ နေ့တိုင်း နားထောင်ပေးရတယ်။ သူပြောချင်တာမပြောရရင် စာကောင်းကောင်းမကျက်ဘူး။ ကျွန်တော့်ကို အမျိုးမျိုးလှည့်ပတ်ပြီး စာမကျက်ရအောင် လုပ်လုပ်သွားတာ။


ဒီလိုနဲ့ ကျွန်တော့်ရဲ့ ၁၀တန်းဂိုက် စာသင်ကြားမှု လုပ်ငန်းကြီးဟာ သိပ်မကြာလိုက်ဘဲ နှစ်လကျော် သုံးလလောက်မှာပဲ တပည့်တွေအားလုံးကို နှုတ်ဆက်လိုက်တော့တယ်။ ကျောင်းတွေတက်ရတော့မှာရယ်၊ ကိုယ်ကိုယ်တိုင်ကလည်း ကလေးမထိန်းတတ်တာရယ်ကြောင့် ဆက်မသင်ဖြစ်တော့ဘူး။ ဒါတောင် လာကြသေးတယ်။ ၁၀တန်းဖြေခါနီးတော့ အကိုရေ စာမေးပွဲအနီးကပ်လေး သင်ပေးပါဦးဆိုပြီး။ ဒါပေမယ့် ပထမဆုံးညီငယ်တစ်ယောက်ကိုပဲ ဆရာမအိမ်မှာ ခဏသွားကြည့်ပေးဖြစ်တော့တယ်။


ကျွန်တော့်ရဲ့ ဆရာဖြစ်လိုက်ရတဲ့ အချိန်လေးဟာ သိပ်မကြာခဲ့ပေမယ့် ပျော်စရာတော့ အတော်ကောင်းခဲ့ပါတယ်။ ပြန်တွေ့ရတဲ့ ညီငယ်တွေကလည်း ခုထိ သူငယ်ချင်းတွေအတိုင်းပါပဲ။ ခင်မင်ကြဆဲပါပဲ။ တစ်ခုပါပဲ။ ကျွန်တော်လုပ်လိုက်တာက ဆရာ၊ ကျွန်တော်ဖြစ်သွားရတာက သူတို့တပည့်ပါ။ နောက်ဆုံးတော့ ကနေဒါရောက်နေတဲ့ သူငယ်ချင်းညီငယ်တစ်ယောက်ပြောတာ သတိရသွားတယ်။ သူက ကျွန်တော့်ထက်ငယ်ပေမယ့် အတော့်ကို ပြောမနာဆိုမနာ ရင်းနှီးပါတယ်။ သူ့သူငယ်ချင်းတစ်ယောက်နဲ့ ဆုံတုန်းက ကျွန်တော့်ကို မိတ်ဆက်ပေးတယ်။ “ဒါ ငါ့ရဲ့ တပည့်ဆရာ” တဲ့။ တပည့်တွေထဲမှာ ဆရာကျလို့ဆိုပဲ။ ကောင်းပါလေ့ဗျာ။

------------------------------------------------------------------------------------------------
GUIDE ဆိုတာ ကျောင်းသားတွေ (အထူးသဖြင့် ၁၀တန်း၊ အခုတော့ တက္ကသိုလ်ဝင်တန်း) ကို အိမ်တွေမှာ လာပြီး အတွက်အချက်၊ အဖတ်အကျက်၊ အဆွဲအလွဲတွေ အားလုံးကို အနီးကပ်ကြီးကြပ်ပေးတယ်။ မသိတာတွေရှင်းပြပေးတယ်။ လိုအပ်ရင် စာပါကူကျက်ပေးတယ်။ များသောအားဖြင့် ဂိုက်တွေဟာ ဘာသာစုံတာဝန်ယူပေးကြပေမယ့် သီးသန့်ဘာသာရပ်တွေအလိုက် သင်ကြတာမျိုးလည်းရှိပါတယ်။ ကျောင်းသားရဲ့လိုအပ်ချက်ကို ကြည့်ပြီး ပိုမိုတိုးတက်ကောင်းမွန်တဲ့ အခြေအနေရောက်အောင် တစ်ဖက်တစ်လမ်းကနေ ပံ့ပိုးပေးသူများဖြစ်လို့ မြန်မာ့ပညာရေးနယ်ပယ်မှာ အောင်မြင်စွာနဲ့ ဆက်လက်ချီတက်နေဆဲပါ။ တကယ်ကြိုးစားမှုရှိတဲ့ကလေးဟာ ဂိုက်ရဲ့ ပံ့ပိုးမှုကောင်းကောင်းကိုရရင် ပိုမိုအောင်မြင်နိုင်ပါတယ်။ ကျွန်တော့်ရဲ့ ဆရာ ဂိုက်တွေအကြောင်းလည်း ရေးပါဦးမယ်။ သုံးယောက်ကတော့ ဒီမှာပဲ ရှိနေပါတယ်။

Saturday, October 18, 2008

ဘောင်ဘင်ခတ်သေး ရေအိုးလေး

ကျွန်တော့်မှာ အတော်ငယ်ငယ်တည်းက အရမ်းဆန္ဒပြင်းပြခဲ့တဲ့ စိတ်ဓါတ်တစ်ခုဖြစ်နေခဲ့တယ်။ အကူအညီလိုတဲ့သူတွေ၊ ဒုက္ခရောက်နေတဲ့သူတွေကို လိုတာတွေ ဖြည့်ဆည်းပေးချင်စိတ်ပါ။ ဒီစိတ်နဲ့ ပက်သက်ပြီး ဆက်ဖြစ်လာတာက “ဘိုးဘွားရိပ်သာ” တွေ၊ “မိဘမဲ့ဂေဟာ” တွေ ထူထောင်ချင်တယ်။ နိုင်ငံအနှံ့ ကျယ်ကျယ်ပြန့်ပြန့်ကို တည်ထောင်ပေးချင်တာ။ မဖြစ်ဖြစ်အောင် ငါလုပ်နိုင်မှာလို့ ကိုယ့်ဘာသာ စဉ်းစားမိတာနဲ့ကို တော်တော်ပီတိဖြစ်နေခဲ့တယ်။


ကျွန်တော်ကြံစည်မိတာက ကြီးပွားချမ်းသာအောင်လုပ်မယ်။ ပိုက်ဆံတွေအများကြီးရှိလာတဲ့တစ်နေ့ ဟုန်းခနဲ ရိပ်သာကြီးတွေ၊ ဂေဟာကြီးတွေ တည်ထောင်မယ်။ အဲဒီလိုမျိုး စိတ်ကူးထားတာ။ ဒါပေမယ့် တဖြည်းဖြည်း ဆင်ခြင်သိတတ်လာတဲ့အခါမှာ ကျွန်တော်ဟာ တော်တော်စိတ်ကူးယဉ်နေမိပါလားဆိုတာ သိလာတယ်။ ဘယ်လောက်ပမာဏအထိရောက်မှ လုပ်နိုင်မှာလဲ လုပ်မှာလဲဆိုတဲ့မေးခွန်း ကျွန်တော့်ခေါင်းထဲ ဝင်ဝင်လာတယ်။ အဓိကလိုအပ်ချက်က စိတ်ဓါတ်ဘယ်လောက်ပဲ ပြင်းပြင်း သက်ရောက်မှုမပါရင် ဘာအလုပ်မှ အကောင်ထည်ပေါ်မှာ မဟုတ်ဘူး။


ဒီလိုနဲ့ ကျွန်တော်လုပ်ချင်နေတာတွေကို အများတကာတွေက လက်တွေ့လုပ်နေကြတာ တွေ့ရမြင်ရတာ အင်မတန်အားရစရာကောင်းတယ်။ ပုံစံအမျိုးမျိုး၊ အသွင်အမျိုးမျိုးနဲ့ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး အစရှိတဲ့ ကူညီမှုတွေ အားကြိုးမာန်တက် လုပ်ကိုင်နေတဲ့သူတွေဟာ ကျွန်တော့်လို လေထဲတိုက်အိမ်ဆောက်တဲ့သူတွေ မဟုတ်ဘူး။ ကျွန်တော့်လို ဘယ်လောက်ဖြစ်မှ ဘယ်လောက်ရမှ ဘယ်လိုမျိုးလုပ်လိုက်မယ်ဆိုတဲ့လူမရှိဘူး။ ကိုယ်တတ်နိုင်တဲ့ဝန်ကို ကိုယ်နိုင်သလောက်ဝင်ထမ်းနေကြတာ။ ငွေကြေးတတ်နိုင်တဲ့သူက ငွေကြေး၊ လုပ်အားတတ်နိုင်တဲ့သူက လုပ်အား စိုက်ထုတ်ကြတယ်။ အဲဒီမြင်ကွင်းတွေကို မြင်ရတိုင်း၊ ကြားရတိုင်း၊ ဖတ်ရတိုင်း ကျွန်တော် လိပ်ပြာမလုံတော့ဘူး။ ဘယ်သူ့မှ မသိဘဲ ကိုယ့်ဟာကို ရှက်နေတယ်။ လောကမှာ ကိုယ့်စိတ်ကို ကိုယ်ပြန်မြင်ပြီး ရှက်ရတာလောက် ခံရခက်တာမရှိတော့ဘူး။


“ဘယ်အချိန်မှာ ဘာလုပ်မယ်” ဆိုတာအစား “အခု ငါဘာလုပ်ပေးနိုင်မလဲ” ဆိုတဲ့ အသိတစ်ခု ဖြစ်လာတယ်။ ပြောင်းလဲမိလာတယ်။ ကျွန်တော်လုပ်ချင်တာသည် ကြီးကြီးမားမား။ အခုလက်ရှိမှာ ကျွန်တော် ဘာမှမတတ်နိုင်သေးဘူး။ ဟုတ်ပြီ ဒါဆို ကျွန်တော် ဘာလုပ်မလဲ။ ဖြစ်ချင်တဲ့အနေအထား မရောက်နိုင်သေးသရွေ့ ဖြစ်နေတဲ့အနေအထားမှာ ငုတ်တုတ်ထိုင်နေမှာလား။ အသက်တွေသည် တဖြည်းဖြည်းကြီးလာတာ။ အိုလာတာ။ ဘယ်အချိန်ပြည့်မယ်မှန်း မသိနိုင်တဲ့ ရေအိုးကို ငုတ်တုတ်ထိုင်စောင့်နေတာဟာ တော်တော်မိုက်မဲရာကြပါတယ်။


ရေငတ်နေတဲ့သူတွေ ကိုယ့်ရှေ့မှာ မြင်တွေ့ပါလျက်နဲ့ ရေတိုက်ချင်စိတ်လဲ ရှိပါလျက်နဲ့ ရေအိုးမပြည့်သေးလို့ ရေမတိုက်သေးဘဲထားရင် ကျွန်တော့်လောက် မိုက်မဲတဲ့သူ ရှိတော့မှာမဟုတ်ဘူး။ “မပြည့်တဲ့အိုး ဘောင်ဘင်ခတ်”လို့ဆိုပေမယ့် ရေပြည့်နေပြီး အလှသက်သက်ဖြစ်နေတဲ့ ရေအိုးတွေထက်စာရင်တော့ မပြည့်သေးပေမယ့် ခပ်သုံးလို့ရတဲ့ ရေအိုးမျိုးကသာ ပိုပြီး အဓိပ္ပါယ်ရှိပါတယ်။ ကျွန်တော်ရဲ့ မပြည့်သေးတဲ့ရေအိုးလေးကိုလဲ ရေဆာနေတဲ့သူအတွက် တစ်ငုံပဲဖြစ်ဖြစ်၊ တစ်ပေါက်ပဲဖြစ်ဖြစ်တိုက်ဖို့ ပြုပြင်ပြောင်းလဲလိုက်ပါတယ်။


ခြေလှမ်းကျဲကျဲနဲ့ ဝေးဝေးမသွားနိုင်ရင် ကိုယ့်နားအနီးဆုံးကိုပဲ မြင်အောင်ကြည့်ကြည့်ပါ။ ကိုယ်တိုင်ပြည့်စုံကောင်းပေမယ့် ကိုယ့်မိဘ၊ ညီအစ်ကိုမောင်နှမ၊ ဆွေမျိုးသားချင်းတွေ အဆင်ပြေပါရဲ့လား။ အဲဒီအဆင့်ကို ကျော်ပြီဆိုရင် ကိုယ့်ရပ်ရွာ၊ ကိုယ့်ဇာတိ၊ ကိုယ့်မြို့လေးမှာ အဆင်ပြေကြပါရဲ့လား။ အဆင့်ဆင့်ကြည့်တတ်မြင်တတ်ရင် ဖြည့်ဆည်းတတ်မယ်ဆိုရင် အတိုင်းတာတစ်ခုထိ အင်မတန်အကျိုးကျေးဇူးရှိပါတယ်။

ကျွန်တော့်အမေရဲ့ ကြီးဒေါ်အကြီးဆုံးသည် သားသမီးအရင်းခြာမရှိဘဲ တစ်ကိုယ်တည်းပဲနေပါတယ်။ အရင်ကတော့ ဈေးဆိုင်လေးတည်ထားတယ်။ နောက်ပိုင်းတော့ အရွယ်ထောက်လာတာကြောင့် မထွက်တော့ပေမယ့် ဆိုင်ထွက်ခဲ့တဲ့ အခန်းလေးမှာပဲ နေတယ်။ စားသောက်ရေးအတွက်တော့ သူ့ဆိုင်လေးဖွင့်ထားတဲ့အိမ်က အမျိုးရင်းတွေထက်တောင် သူ့အပေါ်မှာ ပိုပြီးခင်မင်တွယ်တာသေးတယ်။ အားလုံးက မိသားစုလိုပဲ ကျွေးမွေးစောင့်ရှောက်ထားတယ်။ သူကလဲ အဲဒီမှာပဲပျော်တယ်။ သီတင်းကျွတ်လို အခါကြီးရက်ကြီးတွေ ကြုံကြိုက်တဲ့အခါတွေမှာတော့ အမေက မုန့်တို့၊ ပိုက်ဆံတို့နဲ့ သုံးချင်တာလေး သုံးနိုင်အောင် စားချင်တာလေး စားနိုင်အောင် ကန်တော့လေ့ရှိပါတယ်။ အခြားတူတူမတွေကလည်း ကန်တော့ကြတာပါပဲ။


ကျွန်တော်ဒီမလာခင်ကတော့ ရတဲ့လခကစားလောက်ရုံ၊ အခန်းခစာချုပ်ထပ်တိုးပြီဆို မိဘဆီက ပိုက်ဆံပြန်တောင်းနေရတဲ့ဘဝမို့ ဘာမှ မတတ်နိုင်ပါဘူး။ ဒီမှာ သင့်တင့်တဲ့လစာလေးနဲ့ ရပ်တည်မိတဲ့အခါမှာတော့ မြန်မာပြည်ပြန်ရင် အဖွားတွေကို ထိုက်ထိုက်တန်တန် ကန်တော့မယ်လို့ ဆုံးဖြတ်ထားပြီးသားပါ။ ဒါပေမယ့် ကျွန်တော်ဒီရောက်ပြီး တစ်နှစ်ပြည့်တဲ့အချိန်မှာ ကျွန်တော့်အဖွားက တရားပြသွားခဲ့ပါတယ်။ ငယ်ငယ်တည်းက အိမ်မှာအတူနေခဲ့တဲ့အဖွား (အဖေ့ရဲ့ အမေ) သဂြိုလ်တဲ့နေ့ဟာ ကျွန်တော်ဒီရောက်တာ တစ်နှစ်တိတိပြည့်တဲ့နေ့ပါ။ ကျွန်တော်အဝေးကနေ တတ်နိုင်တာတွေအကောင်းဆုံး ဖြည့်ဆည်းပေးခဲ့ပေမယ့် အချိန်မီ လုပ်နိုင်ခြင်းဟာ ဘယ်လောက်အရေးကြီးတယ်ဆိုတဲ့ အသိကို အဖွားက ကျွန်တော့်ကို သတိပေးလိုက်သလိုပါပဲ။


မြန်မာပြည်ပြန်မှဆိုတဲ့ ရေပြည့်နေတဲ့အိုးဖြစ်အောင်ထိကို ကျွန်တော်ထိုင်မစောင့်တော့ဘူး။ သက်ရှိထင်ရှားကျန်နေသေးတဲ့ အဖွား(အမေ့ရဲ့ အမေ)နဲ့ စောစောကရေးခဲ့တဲ့ အဖွားကို လစဉ် မိဘတွေဆီ ငွေပို့ပေးတိုင်း ကျွန်တော်တတ်နိုင်တဲ့ ငွေပမာဏနဲ့ ကန်တော့ခဲ့တယ်။ ပထမဆုံးကန်တော့တဲ့လတုန်းက ငွေလွှဲပြီး နောက်တစ်ပတ်ဖုန်းဆက်တော့ အမေက ပြောပြတယ်။ ကျွန်တော့်ဆီက အဲလို လစဉ်ကန်တော့မယ်ဆိုတဲ့အကြောင်းသွားပြောတော့ ဝမ်းသာလို့ ဆုတွေပေးလိုက်တာ စုံနေတာပဲတဲ့လေ။ ပထမဆုံးကန်တော့တဲ့ငွေကို ဘာလုပ်လဲဆိုတာသိရတော့ ကျွန်တော့်မှာ ဝမ်းနည်းဝမ်းသာဖြစ်ပြီး မျက်ရည်ဝဲရတယ်။ တောင်ငူက ဗိုလ်မှူးဖိုးကွန်းလမ်းပေါ်မှာ ရွှေနှင်းဆီ ဒေါ်အုန်းခင် ဓမ္မာရုံကြီးရှိတယ်။ အဲဒီမှာ တစ်နှစ်ပတ်လုံး အာရုဏ်ဆွမ်းလောင်းအသင်း ထူထောင်ထားတာ သက်တမ်းအနေနဲ့ သိပ်တော့မကြာသေးဘူး။ အဲဒီဆွမ်းဝတ်ကို သူလှူချင်နေတာကြာလှပြီတဲ့ ခုမှလှူရတော့မယ်ဆိုပြီး သွားလှူလိုက်ပါသတဲ့ဗျာ။ ကျွန်တော်လေ အားပါးတရကို သာဓုခေါ်မိပါတော့တယ်။


အလှူဆိုတာ ဆက်စပ်စဉ်းစားကြည့်ရင် ယူတတ်ရင် ကုသိုလ်တိုးပါတယ်။ စိတ်ထားတတ်ရင် မြတ်ပါတယ်။ ကျွန်တော့်ရဲ့ မပြည့်တတ်သေးတဲ့ ရေအိုးသေးသေးလေးထဲက ဘောင်ဘင်ခတ်နေတဲ့ ရေတစ်ပေါက်ဟာ တတိယအရွယ်အမယ်အိုတစ်ယောက်ရဲ့ ဒါနစိတ်ကို ဖြည့်ဆည်းပေးနိုင်ခဲ့တယ်။ အဲဒီကတစ်ဆင့် သာသနာ့ဝန်ထမ်း ရဟန်းတော်တွေအတွက် သပ္ပါယမျှတသော ဆွမ်းတစ်လုတ်သာ ဖြစ်ထွန်းစေဦး။ အဘယ်မျှ အကျိုးများနေပါပြီလဲဗျာ။
ဘောင်ဘင်ခတ်နေပေမယ့် အဓိပ္ပါယ်ရှိသော ရေအိုးလေးများအဖြစ် လောကကို တစ်ထောင့်တစ်နေရာမှ ဖြည့်ဆည်းပေးချင်စိတ်တွေ ဖြစ်ပေါ်ကြပါစေ။

Monday, October 13, 2008

မြန်မာ့ရုပ်ရှင်နေ့

မြန်မာနိုင်ငံမှာ ရုပ်ရှင်ဖလင်နဲ့ အစောဆုံးမှတ်တမ်းတင် ရိုက်ကူးနိုင်ခဲ့တာက လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းမှာ အထင်ကရ ပုဂ္ဂိုလ်ကြီးများဖြစ်ကြတဲ့ ဖေ၊ပု၊ရှိန်အဖွဲ့က ဦးထွန်းရှိန် ရဲ့ ဈာပနအခမ်းအနားမှတ်တမ်းပဲဖြစ်ပါတယ်။ မြန်မာရုပ်ရှင်ခေတ်ဦးအချိန်ဟာ အာရှမှာ အတော်စောခဲ့ပါတယ်။ ၁၉၂၀ အောက်တိုဘာလ ၁၃ ရက် နေ့ မှာတော့ မြန်မာ့ပထမဆုံးရုပ်ရှင်ဖြစ်တဲ့ “မေတ္တာနဲ့သူရာ” အသံတိတ်ဇာတ်ကားကို စတင်ပြသနိုင်ခဲ့ပါတယ်။ ဆရာကြီးပီမိုးနင်းရဲ့ ဇာတ်လမ်းကို ပထမဆုံးမြန်မာဒါရိုက်တာအဖြစ် ဦးအုန်းမောင်က စတင်ရိုက်ကူးခဲ့ခြင်းဖြစ်ပါတယ်။ ပထမဆုံးမင်းသားအဖြစ် ဦးညီပု နဲ့ အခြားသရုပ်ဆောင်တွေ ပါဝင်ကြပါတယ်။ ဗိုလ်ချုပ်ဈေးအနီးက ရွိုင်ရယ်ရုပ်ရှင်ရုံမှာ ပြသခဲ့ခြင်းဖြစ်ပါတယ်။ အဲဒီနေ့ကို မြန်မာ့ရုပ်ရှင်နေ့အဖြစ် သတ်မှတ်ခဲ့ပါတယ်။

၁၂ နှစ်အကြာ ၁၉၃၂ မှာတော့ ပထမဆုံး မြန်မာအသံထွက်ရုပ်ရှင်ကားဖြစ်တဲ့ “ငွေပေးလို့မရ” ဇာတ်ကားကို ဒါရိုက်တာဦးတုတ်ကြီးက စတင်ရိုက်ကူးနိုင်ခဲ့ပါတယ်။ အသံထွက်ကားတွေ မပေါ်ခင်က ရုပ်ရှင်ရုံထဲမှာ နောက်ခံတီးလုံးထွက်ဖို့ ဆိုင်းဝိုင်းကြီးတွေနဲ့ တီးခတ်ကြတယ်လို့ ကြားဖူးပါတယ်။ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကိုတော့ ၁၉၄၆ မတ်လ ၈ရက်နေ့မှာ စတင်ဖွဲ့စည်းနိုင်ခဲ့ပါတယ်။ မြန်မာ့ရုပ်ရှင်သမိုင်းပြတိုက်ကို ဝင်္ကာပါလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မှာ ၁၉၉၈ က ဖွင့်လှစ်ခဲ့ပါတယ်။ အဲဒီမှာ ခေတ်အဆက်ဆက် မြန်မာ့ရုပ်ရှင်သမိုင်းကို အတော် စုံစုံလင်လင်ကို လေ့လာနိုင်ပါတယ်။ စိတ်ဝင်စားဖို့ကောင်းပါတယ်။ ရှားပါးဓါတ်ပုံတွေလည်း တွေ့ရမှာပါ။

အကယ်ဒမီလို့ သိကြတဲ့ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုကိုတော့ ၁၉၅၂ ခုနှစ်မှာ စတင်ချီးမြှင့်ခဲ့ပါတယ်။ စတင်ချီးမြှင့်စဉ်က ဇာတ်ကားဆု၊ မင်းသားဆု၊ မင်းသမီးဆု ဆိုပြီး အမျိုးအစားအနေနဲ့ သုံးမျိုးသာ ချီးမြှင့်ခဲ့ပေမယ့် ၁၉၉၄ ကစပြီး ၁၁ဆု အထိ တိုးချဲ့ချီးမြှင့်ခဲ့ပါတယ်။
အဲဒီဆုတွေကတော့-
၁။ ဇာတ်ကားဆု
၂။ ဒါရိုက်တာဆု
၃။ ဇာတ်ညွှန်းဆု
၎။ တည်းဖြတ်ဆု
၅။ အသံဆု
၆။ တေးဂီတဆု
၇။ ဓါတ်ပုံဆု
၈။ အမျိုးသားဇာတ်ပို့ဆု
၉။ အမျိုးသမီးဇာတ်ပို့ဆု
၁၀။ အမျိုးသားဇာတ်ဆောင်ဆု
၁၁။ အမျိုးသမီးဇာတ်ဆောင်ဆု တို့ ဖြစ်ကြပါတယ်။
အကယ်ဒမီသမိုင်းတလျှောက် ပထမဆုံး ထူးချွန်ဆုရ ဇာတ်ကားက အေဝမ်းဖလင်က ရိုက်ကူးတဲ့ “ချစ်သက်ဝေ” ဇာတ်ကားဖြစ်ပါတယ်။ ပထမဆုံးထူးချွန်ဆုရ အမျိုးသားဇာတ်ဆောင်က မာလာရီဇာတ်ကားမှ “ဦးကျော်ဝင်း” ဖြစ်ပြီး၊ အမျိုးသမီးဇာတ်ဆောင်က ချစ်သက်ဝေဇာတ်ကားမှ “ဒေါ်ကြည်ကြည်ဌေး” ဖြစ်ပါတယ်။


ထူးချွန်ဆုအရေအတွက် အများဆုံးရရှိသူတွေအနေနဲ့


ဦးညွှန့်ဝင်း (ဆုအရေအတွက် အများဆုံး ၇ ဆု၊ အမျိုးသားဇာတ်ဆောင်ဆု၊ ဇာတ်ပို့ဆုများ)
ဦးသုခ (ဒါရိုက်တာဆုအရေအတွက် အများဆုံး ၆ ဆု)
ရန်အောင် (အမျိုးသားဇာတ်ဆောင် (မင်းသား) ဆုအရေအတွက် အများဆုံး ၆ ဆု)
ဒေါ်မြင့်မြင့်ခင် (ဆုအရေအတွက် ၅ ဆု၊ အမျိုးသမီးဇာတ်ဆောင်ဆု၊ ဇာတ်ပို့ဆုများ)
မေသန်းနု (ဆုအရေအတွက် ၅ ဆု၊ အမျိုးသမီးဇာတ်ဆောင်ဆု၊ ဇာတ်ပို့ဆုများ)
ဦးတင်ဦး (ဒါရိုက်တာဆုအရေအတွက် ၅ ဆု)
ဦးကြည်စိုးထွန်း (ဆုအရေအတွက် ၅ ဆု၊ ဇာတ်ညွှန်းဆု၊ ဒါရိုက်တာဆုများ)




အထက်ပါ အနုပညာရှင် အတတ်ပညာရှင်များဟာ မြန်မာ့ရုပ်ရှင်သမိုင်းမှာ ထူးချွန်ဆုအရေအတွက် အများဆုံး ဆွတ်ခူးရရှိထားသူများဖြစ်ပါတယ်။ အသက်အရွယ်ရယ် သရုပ်ဆောင်မှုရယ်နဲ့ ကြည့်ရင်တော့ ရန်အောင်နဲ့ မေသန်းနုတို့ဟာ ထူးချွန်ဆု စံချိန်များကို ထပ်မံချိုးနိုင်ဖို့ အလားအလာတွေရှိပါတယ်။


အထူးဆုအဖြစ် ကလေးသရုပ်ဆောင်တွေကို ချီးမြှင့်ခဲ့တာ ၄ကြိမ်ရှိခဲ့ပါတယ်။ ၁၉၅၅ မှာ ဖိုးပြုံးချို ကားမှ မဝင်းမာ (ယခု ဒေါက်တာဝင်းမာ)၊ ၁၉၇၇ မှာ အဖေတစ်ခုသားတစ်ခု ကားမှ အောင်ထွန်းလေး၊ ၁၉၇၈ မှာ မေတ္တာရှင်မလေးငြိမ်းငြိမ်းအိ ကားမှ အင်္ဂလန်စိန် (ယခု အဆိုတော် ငြိမ်းငြိမ်းအိ)နဲ့ ၁၉၉၉ မှာ ရင်ထဲကဆောင်းရာသီ ကားမှ အိဖြူစိုး တို့ ရရှိထားကြပါတယ်။ ကလေးသရုပ်ဆောင်ထူးချွန်ဆုအနေနဲ့ ကြည့်ရင် အနှစ်နှစ်ဆယ်ကြာမှ တစ်ကြိမ်သာ ပေါ်ထွက်လာသလို ဖြစ်နေပါတယ်။


နှစ်နှစ်ဆက်တိုက်ဆွတ်ခူးသူတွေ အများအပြားရှိပေမယ့် သုံးနှစ်ဆက်တိုက်ထူးချွန်ဆုရသူကတော့ ဇာတ်ညွှန်းဆု ၃ဆုရ ဦးငြိမ်းမင်း ဖြစ်ပါတယ်။ ဆုရရှိတာကို မသိလိုက်ရဘဲ ကွယ်လွန်သွားရှာတဲ့သူတွေကတော့ (ကျွန်တော်မှတ်မိသလောက်) ဓါတ်ပုံ ဦးချစ်မင်းလူနဲ့ ဦးဇော်လင်းတို့ ဖြစ်ကြပါတယ်။ ဦးဇော်လင်းဆိုရင် ကွယ်လွန်ပြီးမှသာ နှစ်နှစ်ဆက်တိုက်ဆုရပြီး ထပ်ဆင့်အကယ်ဒမီ ဖြစ်ရရှာပါတယ်။ အချို့သော သရုပ်ဆောင်ပညာရှင်တွေဟာ အနုပညာအရည်အသွေးပြောင်မြောက်ပေမယ့် ထူးချွန်ဆု ရမသွားဘဲ ကွယ်လွန်သွားတဲ့သူတွေ အများကြီးပါ။ ဥပမာ မင်းသားကြီး ဦးဇေယျ ဆိုရင် ထူးချွန်ဆု ရမသွားရှာပါဘူး။ မြန်မာသရုပ်ဆောင်တွေထဲမှာ ပထမဆုံး ကိုယ်ပိုင်မာစီဒီးကား စီးနိုင်ခဲ့တာက ဦးဖိုးပါကြီး ဖြစ်ပါတယ်။ (ဦး)မောင်သင် ကတော့ ဆရာဝန်၊ စာရေးဆရာ၊ ဒါရိုက်တာ၊ သရုပ်ဆောင် အစရှိတဲ့စွယ်စုံရ အနုပညာရှင်ကြီးဖြစ်ပါတယ်။ ဦးဝင်းဦးသည်လည်း စာရေးဆရာ၊ ဇာတ်ညွှန်းရေးဆရာ၊ ဒါရိုက်တာ၊ သရုပ်ဆောင်၊ အဆိုတော် စတဲ့ စွယ်စုံရ အနုပညာရှင်ပဲ ဖြစ်ပါတယ်။


-----------------------------------------------------------------------------------------


မြန်မာ့ရုပ်ရှင်နေ့ အမီတင်ချင်လို့ စုဆောင်းမှတ်သားထားတာလေးတွေ၊ မှတ်မိတာလေးတွေနဲ့ ဝီကီတို့ ဘာတို့မှာ ပြန်လည်ရှာဖွေတွေ့ရှိတာလေးတွေကို အမြန်ရေးတင်လိုက်ရလို့ အစီစဉ်မကျခဲ့တာ နားလည်ပေးကြပါ။ နောင်လည်း မြန်မာရုပ်ရှင်နဲ့ ဆိုင်တဲ့အကြောင်းလေးတွေ ကျွန်တော့်အမြင်လေးတွေကို ရေးပါဦးမယ်။ ကျွန်တော်က မြန်မာ့ရုပ်ရှင်ကို အခွင့်ရတိုင်း မလွတ်တမ်းကြည့်တဲ့သူပါ။ အရမ်းနှစ်သက်ပါတယ်။ ဘာကြောင့် အဲဒီလောက် ကြိုက်လဲဆိုတော့ မြန်မာ့ရုပ်ရှင်နေ့မှာ မွေးခဲ့လို့များလား....
(သီတင်းကျွတ်လပြည့်နဲ့ မြန်မာ့ရုပ်ရှင်နေ့က တစ်နှစ်မှာတော့ တစ်ရက်တည်းကျခဲ့ဖူးတယ်ဗျ)

Monday, October 6, 2008

လရောင်အောက်က တစ်ယောက်သောသူ

မိုးလေတွေ ငြိမ်သက်စပြုနေပြီ။
အနောက်ဖက်ဆီမှာ ဒေါင်းယာဉ်ပျံဖန်ဝါနေမင်းကြီးက ဝင်လုဆဲဆဲ။
အရှေ့ဖက်ဆီမှာ ဝန်းဝန်းစက်စက် ဖိုးလမင်းက ထွက်ပြူစ။
ဆောင်းလေပြေက တစ်ချက်တစ်ချက် ညှင်းညှင်းသွဲ့သွဲ့။
လောကတစ်ခွင် အေးချမ်းသာယာနေတဲ့ တစ်ညနေ။

မြတ်ဘုရားရှင် မယ်တော်မိနတ်သားအမှူးပြုသော တာဝတိသာပရိတ်သတ်တွေကို ဝါတွင်းသုံးလ အဘိဓမ္မာတရားတော်မြတ် ဟောကြားတော်မူပြီး လူ့ပြည်ရွာ သင်္ကာသနဂိုရ်ပြည်သို့ ပြန်လည်ကြွချီတော်မူရာမှာ အထက်ကောင်းကင်မှ နတ်ဗြဟ္မာတွေက ထိန်ထိန်ငြီးငြီး နတ်မီးလျှံအသီးသီးနဲ့ လိုက်ပါပူဇော်ကြသလို မြေပြင်အဝှန်းမှ လူပရိတ်သတ်တွေကလည်း အထူးထူးသော မီးရောင်စုံများနဲ့ ရိုသေညွတ်တွား ကြိုဆိုကြတဲ့နေ့။

တစ်မြို့လုံး တစ်နိုင်ငံလုံး သီတင်းကျွတ်လပြည့်ည မီးထွန်းပွဲအတွက် ပြင်ဆင်နေကြချိန် သာယာလှတဲ့ အဲဒီညနေခင်း တောင်ငူပြည်သူ့ဆေးရုံကြီးအတွင်းမှာ သားဦးရတနာကို အောင်မြင်ချောမွေ့စွာ ဖွားမြင်ခဲ့တယ်။

ကျေးဇူးပါမေမေ

မီးရောင်စုံတွေက ထွန်းထွန်းပပ
ဖိုးလမင်းကြီးက ပြည့်ပြည့်ဖြိုးဖြိုး
ရာသီဥတုက အေးအေးချမ်းချမ်း

အဲဒီလို မြန်မာ့ရေမြေသဘာဝရဲ့ အလှပဆုံးအချိန်တစ်ခုမှာ လူဖြစ်ခွင့်ရအောင် ဖန်ဆင်းပေးတဲ့အတွက်

ကျေးဇူးပါဖေဖေ

Saturday, October 4, 2008

ရုပ်မြင်သံကြားမိတ်ဆက်

တောင်ငူကို တီဗွီ ဆိုတဲ့ ရုပ်မြင်သံကြားစက်လေး ဘယ်အချိန်လောက်ကတည်းက စရောက်ခဲ့လဲတော့ မသိပါ။ အဖိုးဖြစ်သူရဲ့ ကျေးဇူးကြောင့် စောစောစီးစီး ကြည့်ခွင့်ရခဲ့တာတော့ သေချာပါတယ်။ လေဖြတ်ထားလို့ အိမ်ထဲမှာပဲ အနေများရတဲ့အဖိုးဟာ ရုပ်မြင်သံကြားဆိုတာ ပေါ်လာတော့ ရန်ကုန်ဆင်းပြီး ဝယ်ဖို့စီစဉ်တယ်။ အဖိုးရဲ့ထုံးစံအတိုင်း လိုင်းဆွဲနေတဲ့ကား နားရက်မှာ ဆံ့သမျှ သားမြေး အကုန်တင်ပြီး ရန်ကုန်ကို ရုပ်မြင်သံကြားစက် အဝယ်ထွက်ခဲ့တယ်။ ဇာတ်လိုက်ကျော် ကျွန်တော်က မပါမဖြစ်ပေါ့။ အဲဒီတစ်ကြိမ်ဟာ ကျွန်တော်ရဲ့ ပထမဆုံး ရန်ကုန်ခရီးဖြစ်ပါတယ်။


ရုပ်မြင်သံကြားစက်ကို သဘောင်္သား အသိတစ်ယောက်အိမ်က မရမက အတင်းတောင်းဝယ်ခဲ့ပါတယ်။ သဘောင်္သားရဲ့ အမျိုးသမီးက မရောင်းချင်ပေမယ့် အဖိုးက အရမ်းလိုချင်နေတာရယ်၊ ချီတက်လာတဲ့ ကားစင်းလုံးပြည့်ကိုကြည့်ပြီး အားနာတာရယ်(တကယ်တော့ ဖြုံသွားတာ ဖြစ်မယ်း)ကြောင့် နောက်ဆုံးတော့ အောင်မြင်စွာနဲ့ ရုပ်မြင်သံကြားစက်ကြီး ဝယ်လာဖြစ်ပါတော့တယ်။ အဲဒီတုန်းက လေးဒေါင့်ကားကြီးနဲ့ မြို့ထဲမှာ လိုက်ရောင်းတဲ့ ရေခဲမုန့်လည်း စားခဲ့ရပါသေးတယ်။ ဦးလေးအငယ်ဆုံးက ကြို့ကုန်းကျောင်းထဲမှာ RIT တက်နေတာမို့ ကျောင်းထဲကို မိသားစုလိုက်ကြီး သွားလည်ခဲ့ကြတယ်။ နောင်အနှစ်နှစ်ဆယ်အကြာမှာ နောက်ဆုံးမျိုးဆက် ကျောင်းသားလေးဖြစ်လာမယ့် ချာတိတ်လေးရဲ့ RIT ကျောင်းတော်သို့ ပထမဆုံး ရောက်ဖူးခဲ့တဲ့ အလည်ခရီးပါ။

အဲဒီအချိန်တွေတုန်းက မြန်မာ့အသံက အဖြူအမည်း မြန်မာကားတွေပြတဲ့နေ့ဆိုရင် အိမ်မှာ အင်မတန်လူစည်ပါတယ်။ ကွမ်းအရမ်းကြိုက်တဲ့ ဖိုးဖိုးဝဝကြီးက အလယ်မှာ ထိုင်ခုံနဲ့ ကွမ်းအစ်နဲ့။ ထမင်းဆိုင်ဖွင့်ထားတဲ့ ဘကြီးအိမ်က လက်ဖက်သုတ်ဇလုံကြီးတွေနဲ့ တစ်ဖွဲ့လုံး ချီတက်လာလေ့ရှိသလို၊ ကျွန်တော့်အမေဖက်က ဆွေမျိုးစုတွေကလည်း အင်နဲ့အားနဲ့ ချီတက်လာကြတယ်။ အိမ်ရှေ့ဧည့်ခန်းမှာ နေရာလွတ်မရှိတဲ့အပြင် အပေါ်ထပ်တက်တဲ့ လှေကားထစ်တွေဟာလည်း ပွဲကြည့်စင်အဖြစ် ပြောင်းလဲသွားပါတယ်။ ကျွန်တော်တို့ ကလေးအဖွဲ့ကတော့ ရှေ့ဆုံးက အထူးတန်းမှာ နေရာယူပြီးသားပါ။အဲဒီအချိန်က ရုပ်ရှင်ကို ဘာမှနားမလည်သေးပေမယ့် အိမ်မှာလူတွေ အများကြီးရောက်နေတာကိုပဲ အရမ်းပျော်ဖို့ကောင်းနေတယ်။ ကာတွန်းကားတွေ လာရင်တော့ ထမင်းမေ့ဟင်းမေ့။ ကြွက်စူပါမင်းဆိုရင် အသည်းစွဲပဲ။


နောက်တော့ အောက်စက်လို့ ခေါ်တဲ့ ဗွီဒီယိုပြစက်တွေ ငှားလို့ရလာတယ်။ ဈေးပိတ်ရက် ကျောင်းပိတ်ရက်တွေ ဆုံတဲ့အခါမျိုးမှာ ဆိုင်ကနေ အောက်စက် ငှားကြည့်လေ့ရှိတယ်။ ကျွန်တော်တို့ကလေးတွေအတွက် ကာတွန်းကားကတော့ မပါမဖြစ်ပေါ့။ အဲဒီနေ့ဆိုရင် မနက်ကတည်းက မောင်နှမတွေ မုန့်ဖိုးတွေစုပြီး သွားရည်စာမုန့်မျိုးစုံ အဆင်သင့်ဝယ်ဖွက်ထားကြတယ်။ ငှားကြည့်တဲ့အခါ သရဲကားလို၊ ခေါင်းနှစ်လုံးမြွေလို ကြောက်စရာကောင်းတဲ့ကားတွေလည်း ပါတတ်တယ်။ အဲဒီအတွက် စမပြခင်ကတည်းက စောင်တစ်ယောက်တစ်ထည်နဲ့ လုံခြုံအောင်လုပ်ပြီးသား။ ယူထားတဲ့နေရာကလည်း ရှေ့ဆုံးမှာ သရဲခန်းလာပြီဆိုရင် အသားကုန်အော်ကြပြီး ခေါင်းမြီးခြုံကြားထဲဝင်လိုက် ချောင်းကြည့်လိုက်နဲ့။ သရဲကားလည်းပြီးရော ရေအိမ်တောင် တစ်ယောက်တည်းမသွားရဲတော့ဘူး။ အာဂသတ္တိ။


ရုပ်မြင်သံကြားပေါ်စကတည်းက တီဗွီဖွင့်တာနဲ့ ကြည့်ဖို့အဆင်သင့်။ များသောအားဖြင့် တီဗွီရှေ့မှာ ဖိုးဖိုးနဲ့ ကျွန်တော်က အမာခံပရိသတ်။ အင်္ဂလိပ်ကားပြတဲ့နေ့ဆို အိမ်ရှေ့အိမ်မှာနေတဲ့ အန်တီတစ်ယောက် လာကြည့်လေ့ရှိတယ်။ အဲဒီအန်တီက တောင်ငူကို အလုပ်ကိစ္စနဲ့ ခဏပြောင်းလာတာ။ နိုင်ငံခြားမှာ အကြာကြီးနေခဲ့ဖူးလို့ အင်္ဂလိပ်လို ကောင်းကောင်းကျွမ်းတာပေါ့။ အန်တီ လာကြည့်တဲ့နေ့ဆို ဖိုးဖိုးကို အမြဲဘာသာပြန်ပေးတယ်။ ကျွန်တော်လည်း အကြိုက်ပေါ့။ ရုပ်ရှင်ကြည့်နေတုန်း အန်တီရယ်ပြီဆို အန်တီ ဘာပြောလိုက်လို့လဲဟင်ဆိုပြီး လှမ်းလှမ်းမေး ပြီးမှ လိုက်ရယ်နဲ့ တော်တော်အဆင်ပြေနေတာ။ အန်တီလည်း ရန်ကုန်ပြန်ပြောင်းသွားရော ကျွန်တော်တို့ မြေးအဖိုးကို ဘာသာပြန်ပေးမယ့်သူ မရှိတော့ဘူး။


တချို့ အင်္ဂလိပ်ကားတွေတော့ ကျွန်တော် မကြည့်တတ်ဘူး။ ဒါပေမယ့် တော်တော်များများတော့ ကြိုက်တယ်။ ဇာတ်လမ်းတွဲတွေဆိုပေမယ့် သူ့အပိုင်းနဲ့သူဖြစ်လို့ ကြည့်ရတာ အရသာမပျက်ဘူး။ Air Wolf ဇာတ်ကားဆိုရင် နောက်ခံတီးလုံးက အရမ်းမိုက်။ အဲဒီတီးလုံးကို အခုထက်ထိမှတ်မိနေတုန်း။ Charlie's Angels ကားကတော့ စုံထောက်အဖွဲ့ ဆရာကြီးနဲ့ တပည့်မသုံးယောက်။ ရေဒီယိုလိုဟာလေး စားပွဲရှေ့ချပြီး သတင်းကြားတာနဲ့ သွားတော့တာပဲ။ S.W.A.T ကွန်မန်ဒိုတွေ လူဆိုးဖမ်းတော့မယ်ဆို သေနတ်တွေ ပစ်ပစ်ပေးတာ သိပ်သဘောကျတာပေါ့။ အဲဒီထဲကအတိုင်း အပြင်မှာ ကျွန်တော်တို့ လိုက်ဆော့ကြသေးတာ။ Knight Rider ထဲက ကားမဲမဲလေးကိုဆို အရမ်းလိုချင်တာပဲ။ အဝေးကနေ ဇာတ်လိုက်က လှမ်းခေါ်လို့ရတယ်လေ။ ကားလေးက လူမပါဘဲလည်း မောင်းလို့ရတယ်။ အဲဒီအချိန်တုန်းက ဦးလေးတစ်ယောက်အိမ် သွားလည်တုန်း ဂျွမ်းထိုးတဲ့ကားလေး မြင်ခဲ့တာ သဘောကျလို့မဆုံးဘူး။ မှောင်ခိုခေတ်ဆိုတော့ ကစားစရာ ပစ္စည်းကအစ ဆန်းဆန်းပြားပြားလေးတွေချည်းပဲ။ Little houseဆိုတဲ့ကားလေးကတော့ ကလေးလေးတွေပါလို့ ပျင်းစရာကောင်းပေမယ့် ကြည့်တာပဲ။ ဒါပေမယ့် အိပ်ပျော်ပျော်သွားတယ်။ အက်ရှင်ကားတွေကတော့ ချဟယ်နှက်ဟယ်နဲ့ သွက်သွက်လက်လက်ဆိုတော့ အိပ်ငိုက်ဖို့သတိမရဘူး။ အဲဒီအချိန်တွေတုန်းက ရုပ်ရှင်တွေကလည်း စောစောလာတတ်တာကိုး။


ကျောင်းပိတ်ရက် နေ့လည်တွေမှာတော့ Telematch။ အသည်းစွဲပဲ။ ရယ်လဲရယ်ရတယ်။ လူကြီးတွေဆော့ကြတာပေမယ့် ပေါက်ကရမျိုးစုံ အရုပ်တွေကလည်း အများကြီးပါတော့ သိပ်ကြည့်လို့ကောင်းတာပေါ့။တစ်ချိန်က နှစ်ခြိုက်ခဲ့ရတဲ့ အင်္ဂလိပ်ဇာတ်ကားလေးတွေပါ။ ဇာတ်ကားမြင်ရင် မှတ်မိပေမယ့် နာမည်တော့ အကုန်မမှတ်မိတော့ဘူး။ စာလုံးပေါင်းကအစသိနေတဲ့ သူငယ်ချင်းကျေးဇူးနဲ့ youtube မှာ မွှေနှောက်ရင်း အခုမှပဲ အလွမ်းပြေရတော့တယ်။

Friday, October 3, 2008

ဒေါင်းပြီ

သူငယ်ချင်းတို့ရေ... ဝေ
လူစုံပြီလားဟေ့... အေး
လူစုံရင် ပိုကာဒေါင်းမယ်
ဝိုင်းလိုက်ကွဲ့လေး။

ကုလားဖန် ခါခါထိုးလို့
ခါးချိုးပြီး အောက်ဖဲဖော်
ဘယ်ရစ်ဝေနော်။

ဘယ်ရစ်ဝေ အိမ်စုံစေ့တော့
အပေါ်ဖဲ တစ်ချပ်လှန်
ဝိုင်းစဖို့ရန်။

ဝိုင်းစချင် စတင်ပစ်ပ
မချစ်ရင် တစ်ချပ်ဆွဲ
လာ.. ပိုက်ဆံဖဲ။

ပိုက်ဆံဖဲ ပေါ်မလာ
မျှော်ရှာတာ ဂျိုကာပေမယ့်
တက်ဖဲရယ် တကယ်ကောင်းတယ်
ငုတ်တုတ်ဒေါင်းပဲ။

Thursday, October 2, 2008

ဇာတ်ဝင်စကား

မြင်မြင်သမျှ
အလိုမကျတာ တွေ့တိုင်း
ဝင်ဝင်ကာ ပြော
ကြာတော့ နင်မောလာတယ်။

ဘယ်သူတွေဘာလုပ်
မဟုတ်တာ တွေ့တိုင်း
ဝင်ဝင်ကာ ပြော
ကြာတော့ နင်မောလာတယ်။

အမြင်မတော် ဆင်တော်နဲ့ခလောက်
သူ့ဟာသူ
ဆင်နဲ့ခလောက် မသင့်လျော်
ဘာမှ နင် ဖော်နေစရာမလိုဘူး။

မှန်တာလုပ် ဟုတ်တာပြော
သူ့ဟာသူ
မှားချင်မှား သွားချင်သွား
ဘာမှ နင် ပွားနေစရာမလိုဘူး။

နှစ်မွှာအသည်း ဇာတ်လမ်းထဲက
ဒေါ်မြလေးစကား နင် ဆောင်ထားလော့
“မပြောတော့ဘူး မပြောတော့ဘူး
ဘာမှကို မပြောတော့ဘူး”။ ။

Saturday, September 27, 2008

ကြူနိုင်ပါတယ်ဟေ့...

အခါတစ်ပါးမှာ ကျွန်ုပ်တောင်ငူသားတစ်ယောက် ကမ္ဘာအရပ်ရပ် အလည်ထွက်ဖို့ ပြင်ဆင်ပြီးသကာလ အဘယ်ဌာနသို့ ဦးစွာပထမ သွားရအံ့ဟု ကြည့်လေသော် ဘိလပ်လို့ အမည်တပ်တဲ့ အနောက်အရပ်ဆီသို့ ဦးတည်မိချေပြီတည့်။ အသို့ဆိုသော် ဘိလပ်တစ်ခွင် ပြဲပြဲစင်အောင် လည်ပတ်မွှေနှောက် ပြီးသည်၏နောက်တွင်ကား မပြန်ခင်တစ်ရက် လုံဒုံမြို့ရဲ့ လမ်းများပေါ် တစ်ကိုယ်တော်ရွက်လွှင့် နေဖြစ်ခဲ့ချေသည်။ တစ်နေရာအရောက်တွင်ကား သူငယ်လေးတစ်ယောက် ဘုတ်အုပ်သဏ္ဍာန် မဲမဲအရာကလေးပိုက်လျက် မတ်တပ်လျှောက်လာသည်ကို မြင်ချေသော် ကျွန်ုပ်စိတ်ထဲ မြင်ဖူးသလိုရှိသောစိမ့်ငှာ အနီးရောက်သောအခါမှ-
“အလို ဘယ်သူများမှတ်တယ် ရိုမီရိုငယ် ပါကလား” ဟု ဆိုမိချေ၏။ အမောင်သကောင့်သားကလေးက
“ဟား ကိုတောင်ငူငယ်။ မတွေ့ရတာ အတော်ကြာ စကားစမြည်ပြောရအောင် လာဗျာ ကျွန်တော် ဒကာခံပါ့မယ်”


ဟု သိတတ်လှစွာ လောကဝတ်ပြုချေသော် ငြင်းရန်မသင့်ဟု အလိုလိုသိနေသောစိတ်က ဆုံးဖြတ်လျက် အနီးအပါးရှိ အဖီလေးချကာ ဖွင့်ထားသော အအေးဆိုင်ငယ်လေးအတွင်းသို့ ဝင်လိုက်မိချေ၏။


“ကဲ ဆိုပါဦး အမောင်ငယ် ဘယ်တွေသွားလို့ ဘာတွေလုပ်နေသလဲ။ ဂျူးလိယက်လေးနဲ့ ဆုံဖြစ်ရဲ့လား။ နို့ မင့်လက်ထဲကကော ဘာများလဲကွယ့်”
“အာ.. ကိုတောင်ငူကြီး မေးခွန်းတွေများသလောက် ခေတ်နောက်ရောက်နေမှကိုး။ အခုကျွန်တော် ဂျူဂျူးငယ်နဲ့ အောက်ဒိုး မတွေ့ကြတော့ဘူးဗျ။ ဆရာကြီးရှိတ် ဆီမှာ သင်တန်းပြီးကတည်းက အွန်ဒိုး အဲ..အဲ.. အွန်လိုင်းပေါ်မှာပဲ တွေ့တော့တယ်”
“ဘယ်လို ဘယ်လို။ အွန်လိုင်း ဟုတ်စ။ အမောင်ငယ်ရဲ့ လင်းစမ်းပါဦး ကျွန်ုပ်နားမရှင်းလို့”
“ကျွတ်.. ကိုတောင်ငူကြီးက ဗျာ။ အင်တာနက်တို့ အီးမေးလ်တို့ ဒီလောက်တောင် ဖလန်းဖလန်းထ နေတဲ့ ခေတ်ကြီးမှာ ဝေးရန်ကော”



ဟူ၍ အစချီကာ မဲမဲသဏ္ဍာန် ဘုတ်အုပ်လေးအဆုံး စုံစီနဖာ အကုန်ဋီကာ ဖွင့်ပြပြီးသကာလ ကျွန်ုပ်သည်ကား ပါးစပ်အဟောင်းသားဖြင့် အံ့မခန်းလှသော လောကဓါတ်ပညာများကို ရင်သပ်ရှုမော နစ်မြောခဲ့ရပေ၏။ အနှစ်ချုပ်သည်ကား အနှီရိုမီရိုသူငယ်နှင့် ဂျုးလိယက်သူငယ်မ ချစ်သူနှစ်ဦးတို့သည် အွန်လိုင်းပေါ်မှာသာ ဂျီတော့ဖွင့်၍ ကျူကြလျက် အယူသည်း(သီး)တဲ့ လူကြီးတွေ မရိပ်မိဘဲ ရှိလေသဖြင့် အင်မတိအင်မတန်မှ အဆင်ပြေလျက်ရှိကြကြောင်း သိခဲ့ရပေသည်။ အနှီသကောင့်သားကလေး အမောင်ရိုမီရိုငယ် ဧည့်ခံသော ဒိုမီနိုတစ်ပန်းကန်မောက်မောက်ကို မြိန်မြိန်ကြီး သောက်ပြီးနောက်ဝယ် ကျွန်ုပ်တို့နှစ်ယောက်လည်း လက်ပြနှုတ်ဆက် လမ်းခွဲခဲ့ကြပေ၏တည်း။

ဘိလပ်က ပြန်ရောက်ပြီးတွင်မတော့ အနှီအင်တာနက်ဆိုသော လောကဓါတ်ပညာက ဖန်တီးလိုက်သော သတ္တဝါကလေးသည် ကျွန်ုပ်အား ကလူကျီစယ် နှိပ်စက်ဘိချေတော့၏။ ရိုမီရိုငယ်ရဲ့ ဆိုပုံအရ အပုံကြီးစိတ်ဝင်စားဖွယ်ရာတွေရှိသော ထိုသတ္တဝါကလေးအကြောင်းကို ပိုင်ပိုင်နိုင်နိုင်သိစိမ့်ရန်အလို့ငှာ ဒဂုံမြို့တော်တစ်ဝှန်း သင်တန်းအရှာ ထွက်ခဲ့ချေတော့၏။ လျှမ်းလျှမ်းတောက် သင်တန်းတို့ တည်ရှိရာ ဒေါင်းတောင်းဧရိယာ တစ်လျှောက် ခေါက်တုံ့ခေါက်ပြန် လျှောက်မိလတ်သော် အင်မတန်သင့်လျော်သော သင်တန်းကြီးတစ်ခုသို့ စာရင်းသွင်းမိပြီးဖြစ်တော့၏။ သင်တန်းခန်းမ အအေးခန်းအတွင်း ချင်းနင်းဝင်ရောက်ပြီးသကာလ ထိုင်ခုံပေါ် အသာထိုင်မိဆဲခဏ ထိုကာလဝယ် တစ်စုံတစ်ယောက်က ပြုံးပြနှုတ်ဆက်လာချေပြီကော။


“အို နန္ဒာမင်းသား။ ဘယ့်နှယ် မာဖီကြီးနဲ့ပါလား” ဟု ကျွန်ုပ်က အမေးရှိသော်
“ရှူး.. တိုးတိုးဟ။ တောင်ငူငယ်ရ။ ငါကိုယ်တော် ရုပ်ဖျက် နှုတ်မဆက်ဘဲ ထွက်လာ နန်းတော်ထဲက အသာခွာခဲ့တာကွယ့်”
“ဘဇာအရေးကြောင့်များလဲ မင်းသားရဲ့”
“သြော်.. တောင်ငူငယ် မသိလေတော့ ပြောရတော့မပေါ့။ ငါကိုယ်တော်ရဲ့ ငမိုးရိပ်ကြီးနဲ့ အန္တာရယ်တလှပ်လှပ်ကြားက ရန်ကုန်မြစ် တစ်ဖက်ကမ်းဖြတ် အကူးမတတ်ရင် ဒလက နှမတော် မွေ့လေး တွေ့ဖို့အရေး စိတ်မအေးရဘူးကွယ်။ ဒီကြားထဲ နာဂစ်က အသာနှာကစ်သွားရင် ငါ မသာမယာ အဖြစ်မခံနိုင်ဘူးကွယ့်။ ဒီတော့ နှမတော် ရှင်မွေ့နွမ်းနဲ့ လန်းလန်းဆန်းဆန်းကြည်ဖို့အရေး ဂျီတော့ကလေး သုံးဖို့ ငါကိုယ်တော် ရုပ်ဖျက် သင်တန်းတက် ထွက်ခဲ့တာကွယ့်”



ဟု မိန့်ကြားပြီးသကာလ သင်ခန်းစာဖက် တစ်ခါတက်ခဲ့ပြန်ပေ၏။ အနို့ကလို သို့ကလိုဖြင့် ကျွန်ုပ် တောင်ငူသားကလေးသည် သင်တန်းအောင်မြင် ပေါက်မြောက်ပြီး သကာလ မပြန်တာကြာပြီဖြစ်သော မွေးရပ်ဌာနေ ကေတုမြေသို့ ပျော်ပျော်ပါးပါး မော်တော်ကားဖြင့် သွားခဲ့လေသောဟူ၏။ ကေတုမြေသို့အရောက် တောင်ငူမုန့်ဟင်းခါး အဝစားပြီးနောက်ဝယ် ကန်တော်တစ်ပတ် လေညှင်းခံထွက်ခဲ့ချေ၏။ လေးကျွန်းကန်တော်ကြီးတစ်ပတ် မရပ်မနား ဆက်သွားပြီးသကာလ ကန်တော်အနောက်ရောက်လေသော် ရွိုင်ရယ်ကေတုမတီ ဟော်တယ်ကြီးက ထီးထီးမားမားရှိနေပြီတည့်။ အနှီဟော်တယ်တည်ရာ ကွင်းပြင်တစ်လျှောက်သည်ကား တောင်ငူသားကလေးတို့ နုနုနယ်နယ် ပျိုရွယ်စဉ်ကာလက ကစားဖော်သူငယ်ချင်း နှစ်သင်းစာနဲ့ ပေါပေါများများ ဘောကစားချင်းအမှုကို ပြုခဲ့ကြသည်တို့အား ပြန်ပြောင်းအောက်မေ့ချေသော် မျက်ဝန်းအိမ်ထဲဝယ် ပုလဲငွေဥ ဘုစုခရုတို့ စုလာမိချေသည်တမုံ့။ ထိုမှတလှပ် အနောက်ရပ်ကို ယွန်းသော် တောင်ငူမင်းအဆက်ဆက်တို့ စစ်မတိုက်မီ အောင်မြင်စေကြောင်း တောင်းဆုပြုခေါ် ကောင်းမှုတော် ဟု ဘွဲ့မည်နာမ အမည်ရသော ဘုရားဆီသို့ ဦးညွတ်ဝပ်တွား ကြည်ညိုသဒ္ဓါပွားဖို့အလို့ငှာ သွားဖူးခဲ့ချေသည်။ ရင်ပြင်တော်တစ်နေရာ အောင်မြေသာဝယ် ချပ်ဝတ်တန်ဆာ စုံလင်စွာဖြင့် အလို ဘယ်သူများပါလိမ့်။


“ကျန်းခန့်သာလို့ မာပါစ ကိုယ်တော်လေး”

“အိမ်း မောင်မင်းပို့သတဲ့ မေတ္တာကြောင့် ကိုယ်ကျန်းမာသော်လည်း စိတ်တော့ တယ်မချမ်းသာချင်ဘူးကွဲ့”

“အဘယ်အရေးကြောင့် ရတက်မအေးနိုင် ပူဆွေးဖြိုင်နေရလဲ ကိုယ်တော်လေးရဲ့”

“ရှေ့တန်းစစ်မျက်နှာ ထွက်ခွာဖို့အရေး အောင်မြေနင်းရင်းဆုတောင်း ရကောင်းသော်လည်း ငါကိုယ်တော်ရဲ့ ကျေးသားလိမ္မာ ထိုသတ္တဝါကလေး ငှက်တုပ်ကွေးဖြစ်ချင်ချင်မို့၊ ဓါတုကလျာ မဖုရားထံပါး ကျေးစေတမန်နဲ့ ရတုဆက် ပျက်ကွက်မိမှာတွေး ရတက်မအေးဘဲ စိတ်တွေလေးနေသကွဲ့ မောင်မင်းရဲ့”
“ဘဇာအရေးကြောင့်ဖြင့် ရွှေစိတ်တော်ဘဝင် မတင်မကျ ဖြစ်စရာမလ၊ို ရှေ့တန်းစစ်မျက်နှာ ဘယ်နေရာကျကျ၊ စပ်ချင်ရာစပ် ဆိုချင်ရာဆို၊ ထိပ်ထားဒေဝီ သခင်မဆီအရောက် ကြိုးပျောက်စနစ်နဲ့ ရတုဆက် မပျက်မကွက် ကြူနိုင် မူပိုင်အစစ်ဖြစ်ကြောင်း ချစ်သက်သေထူပါတော့ ကိုယ်တော်လေးသခင် နောင်နတ်သျှင်ဘုရား”

ဟူ၍ လျှောက်တင်ချေသော် နတ်သျှင်ကိုယ်တော်လေးမှာ ရွှေစိတ်တော်ရွှင်လန်း ဝမ်းမြောက်ဝမ်းသာ ဖြစ်ရသည့်အခိုက်ဝယ် အကြံကောင်းလျှောက်တင် အသင့်အတွက်-
“မဒီကညာလေးများနဲ့ ပလီပလာကြေး(ဂျီး) များမနေဘဲ ကြည်သာတေးသွားမှာ ဘီယာလေးဂျားနဲ့ ခံစားစေ”
ဟု ဆုလာဘ်တော်ချ တောင်ငူသားတစ်ယောက် ပွခဲ့ရပါလေတော့သတည်း။

Sunday, September 21, 2008

ခေတ်ပြိုင်သူငယ်ချင်းများ

တောင်ငူသားပေါက်စ စာလေးဖတ်တတ်လာတော့ ဟိုတောက်တောက် ဒီတောက်တောက် မြင်မြင်ရာကို ဖတ်ချင်နေတယ်။ ကံကောင်းချင်တော့ အိမ်ရှေ့အိမ်က အဒေါ်ဆရာမက အ.ထ.က(၁)ရဲ့ စာကြည့်တိုက်မှူး။ ကျောင်းစာကြည့်တိုက်အတွက် ရွှေသွေး၊ တေဇ၊ မိုးသောက်ပန်းတွေ ဝယ်ဝယ်လာတိုင်း အဒေါ်အိမ်မှာ သွားသွားဖတ်ဖြစ်တယ်။ အဲဒီအချိန်တည်းက ကာတွန်းတွေကို အရမ်းကြိုက်တတ်လာတယ်။ နောက်တော့ အဖေက ကုန်သည်ကြီးလမ်းက မြင့်မော်စာပေ(ယခု စိတ္တသုခဆေးဆိုင်)၊ ဈေးလမ်းက ငြိမ်းချမ်းရေးစာပေတွေကို ခေါ်သွားတယ်။ ကျောင်းပိတ်ရက်တိုင်း ကျွန်တော့်ရဲ့ ဘဏ်တိုက်ကြီးတွေကို အမြဲလိုက်ပို့ပေးတယ်။ ကာတွန်းဇာတ်ကောင်လေးတွေက ကျွန်တော့်ကို အမျိုးမျိုးသော ခံစားမှုတွေပေးတယ်။ ကလေးကြိုက်ပေမယ့် ကာတွန်းလေးတွေကနေ သင်ခန်းစာယူစရာ၊ အတုယူစရာ၊ မှတ်သားစရာတွေ ပါလာတယ်။ အပျင်းလည်းပြေ၊ ရယ်လည်းရယ်ရ၊ ဗဟုသုတလည်းရတဲ့အတွက် မြန်မာကာတွန်းလေးတွေဟာ ကျွန်တော့်ရဲ့ ငြိမ်ဆေးလေးတွေ ဖြစ်လာပါတယ်။


ပထမဆုံးကာတွန်းအဖြစ် ငှားဖူးတာက ဆရာကြီးဦးဖေသိန်းရဲ့ ပုံပမာကာတွန်းစာအုပ်ပါ။ ပုံပမာကာတွန်းလေးတွေက ဇာတ်နိပါတ်တော်တွေကို လူရုပ်လေးတွေနဲ့ ရေးဆွဲသရုပ်ဖော်ထားတာမို့ ကလေးတွေကို စိတ်ဝင်စားစေပြီး လိမ္မာယဉ်ကျေးတဲ့သူလေးတွေ ဖြစ်လာစေပါတယ်။

ဆရာကြီးဦးအောင်ရှိန်ရဲ့ ဇာတ်ကောင်တွေဖြစ်ကြတဲ့ ဦးရှံစားနဲ့ ဦးဒိန်းဒေါင်တို့ရဲ့ မှားတဲ့အခါလည်း မှားပေမပေါ့ ဆိုတဲ့စကားလေးဟာ ပတ်ဝန်းကျင်ကို မစူးစမ်းဘဲ ရမ်းတုတ်တတ်တဲ့ စရိုက်လေးကို ထင်ရှားစေတဲ့ အချက်လေးကို ပြနေပါတယ်။ ဦးကပ်စေး၊ ခင်မောင်သိန်းထွန်းဝင်း၊ တိုက်ဂါး ဇာတ်လမ်းလေးတွေကတော့ ပိုက်ဆံချမ်းသာသလောက် နှမြောတတ်တဲ့ ဦးကပ်စေးလို လူတွေရဲ့ စရိုက်ကို မြင်သာစေပါတယ်။ ထွင်ပါရဂူ ဖိုးဆိတ်ဖြူရဲ့ ဆန်းဆန်းပြားပြား တီထွင်မှုတွေကတော့ ကလေးသဘာဝ စိတ်ကူးယဉ်လို့ကောင်းလှပါတယ်။


ဖိုးဆိတ်ဖြူလိုပဲ ကျွန်တော် အရမ်းနှစ်သက်တဲ့ သိပ္ပံပညာရှင်လေးကတော့ ကာတွန်းသစ်ထွဏ်းရဲ့ မောင်တီထွင်နဲ့ ပိစိကွေးတို့ပါပဲ။ မောင်တီထွင်ရဲ့ လက်နက်ကိရိယာတွေကို ဖတ်ပြီး လိုချင်လို့ မိဘတွေကို ပူဆာရတာလဲအမောပါပဲ။ အဲဒီအချိန်က မှတ်မှတ်ရရ ဓါတ်ခဲနဲ့ အသံမျိုးစုံ ပြောင်းမြည်အောင် ပစ်လို့ရတဲ့ သေနတ်အဖြူလေးတွေ ပေါ်လာတာ သိပ်သဘောကျခဲ့တာပေါ့။ မီးရောင်စုံလဲ လင်းသေးတယ်။ တကယ့်ကာတွန်းထဲက သေနတ်လေးရတဲ့အတိုင်း အရမ်းပျော်တာပဲ။

ကာတွန်းမြေဇာရဲ့ စိန်မျောက်မျောက်က သူတစ်ပါးကို ချောက်တွန်းတာတွေ နှင်းနှင်းလေးက ပညာပြန်ပေးတာတွေ ဖတ်ရတဲ့အခါ သူတစ်ပါးကို မကောင်းကြံရင် နောက်ဆုံးကိုယ်ပဲ ခံရတယ်ဆိုတဲ့ အသိလေးတွေ တိုးပွားလာခဲ့ရတယ်။ အင်မတန်ဆော့တဲ့ကလေးတွေကို အိမ်မှာ စိန်မျောက်မျောက်လို့ ခေါ်ကြတဲ့အထိကို လူကြိုက်များခဲ့တယ်။


ဦးဦးပိုးဇာနဲ့ အမွှာညီအစ်မ လေးမွန် ထွေးမွန်၊ ဦးဦးပိုးချစ်နဲ့ ရွှေအိ ရွှေဘုတ် ဇာတ်လမ်းတွဲတွေကတော့ ကျွန်တော့်ကို အဖမ်းစားဆုံးပါပဲ။ မိန်းမလိုချင်လွန်းပြီး အမြဲကျန်ရစ်ဖြစ်ရတဲ့ လူပျိုကြီး ဦးဦးပိုးဇာ၊ အအိပ်မက်တဲ့ ရွှေအိ၊ အစားမက်တဲ့ ရွှေဘုတ် တို့တွေဟာ အင်မတန်ရယ်ရတဲ့ ဇာတ်ကောင်လေးတွေမို့ အခုထိ ကာတွန်းပိုးဇာ ပရိတ်သတ်ဖြစ်ဆဲပါပဲ။ ကာတွန်းပိုးဇာရဲ့ နောက်ဇာတ်ကောင်ဖြစ်တဲ့ ဖိုးသင်္ကြန် တစ်ဖြစ်လဲ ကိုပူစီလေးကတော့ ကျွန်တော့်သူရဲကောင်းလေးပါပဲ။


လူစွမ်းကောင်းတွေကို အားကျတတ်တဲ့အရွယ်မှာ အပြိုင်ပေါ်လာတဲ့ ဇာတ်ကောင်တွေကတော့ မောင်စူပါနဲ့ ဒီလုံးတို့ပါ။ နောက်ပိုင်းမထွက်တော့လို့ ဖန်တီးသူတော့ မေ့ပါပြီ။ ကာတွန်းမြင့်ဆွေ ဖြစ်မယ်ထင်ပါတယ်။ လေထဲမှာ ဝဲပျံနိုင်တဲ့ သတ္တိခဲလေးတွေကို အားကျပြီး ပုဆိုးနဲ့ ဝတ်ရုံလုပ် အမြင့်ကနေခုန်ချ။ အဆူခံရတာလဲ ခဏခဏပါပဲ။ အစွမ်းတစ်မျိုးစီရှိကြတဲ့ ထို့ပလို့ဂြိုလ်က နီပု၊ နီသေး၊ တော်တီးတုံ ဆိုတဲ့ ဂြိုလ်သားလေးတွေနဲ့ တက်ပုဆိုတဲ့ ဇာတ်လိုက်ချာတိတ်လေးကလဲ ကျွန်တော့်အချစ်တော်လေးတွေပါ။ အဲဒီအချိန်က လစဉ်ထွက်တဲ့ ဇီးကွက်ရုပ်စုံဆိုတဲ့ စာအုပ်လေးဟာ အင်မတန်နှစ်ခြိုက်စရာကောင်းတဲ့ ကာတွန်းလေးတွေချည်းပါပါတယ်။

ကာတွန်းဌေးဝင်းဇော်ရဲ့ ဖီးကြမ်း၊ သီးမွှေး၊ ဆရာကြီးရမ်းဖြီး ဇာတ်ကောင်တွေကတော့ ကျောက်ခေတ်လူသားတွေအသွင် အမြင်ဆန်းနေပါတယ်။ အဲဒီအချိန်မှာ ပုံတူပြိုင်ပွဲလေးတွေလည်း စတင်ထည့်သွင်းလာပါတယ်။


သမိန်ပေါသွပ်၊ ရှင်ဂွမ်းဂွိ၊ ပေတရာ၊ မြို့စားကြီးဦးအာလူး၊ အာတာလွတ်မြို့စားကြီး၊ ဆေးဆရာဦးတုတ်ကြီး၊ ဗညားပိစိ၊ အလကားကျော်စွာ။ ညောင်ရမ်းဂွတို ဆိုတဲ့ ဇာတ်ကောင်တွေကို ရာဇဝင်ဆန်ဆန်နာမည်ပေးထားပြီး သူ့နေရာနဲ့သူ စရိုက်အမျိုးမျိုးဖန်တီးထားအတွက် ရယ်ရွှယ်ဖွယ်ရာဇာတ်ကွက်တွေ ဖြစ်လာရပါတယ်။ ဇာတ်ကောင်းပေါင်းများစွာ မွေးထုတ်ပေးခဲ့တဲ့ ဆရာမောင်ဝဏ္ဏကတော့ ကွယ်လွန်ရှာပါပြီ။

ကျွန်တော် လုံးဝချန်ထားလို့မရတဲ့ ကွယ်လွန်သွားပြီဖြစ်သော ဆရာဆွေမင်း(ဓနုဖြူ) ကို နှမြောလှပါတယ်။ ကျွန်တော် ကာတွန်းဖတ်ဖြစ်စအချိန်တုန်းက ဆရာ့ကာတွန်းတွေ ဖတ်လို့မရပါဘူး။ ဇာတ်အိမ်ကြီးတာရယ် စာလုံးပုံမလှတာရယ်ကြောင့် ကလေးပီပီ မဖတ်ဖြစ်ပါဘူး။ လေးတန်းလောက်မှာ တွတ်ပီရုပ်စုံဆိုပြီး ပေါ်လာတယ်။ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ပုံတူပြိုင်ပွဲတွေပါပါတယ်။ အဲဒီအချိန်မှ တွတ်ပီကို စဖတ်ဖြစ်ပြီး အခုချိန်ထိ နှစ်ခြိုက်မိတုန်းပါပဲ။ သိက္ခာတရားစောင့်ထိန်းပြီး မိန်းမကြောက်တဲ့ မုဆိုးကြီးမြိုင်ရာဇာတွတ်ပီ၊ ယောက်ျားကို အင်မတန်ချစ်သလောက် အမဲရရင်တစ်မျိုး မရရင်တစ်မျိုး ပြောင်းလဲတတ်တဲ့ မသေးမျှင်၊ စိတ်ကောင်းရှိပြီး ဂေါ်မစွံဖြစ်နေရှာတဲ့ တပည့်ကျော်ဗိုက်ကလေး၊ သူကြီးဘစီ၊ လူပျိုကြီးစောတင်မောင်၊ နဂါးပျံအတီး၊ အာနိုးလှမိုး၊ ဆေးဆရာကြီးဦးဧရာချမ်း၊ ဆရာလေးကိုကြည်နိုင် အစရှိတဲ့ များပြားစွာသော ဇာတ်ကောင်စရိုက်တွေကို မထပ်ရအောင် အသက်သွင်းနိုင်လို့ ဆရာဆွေမင်းရဲ့ တွတ်ပီဇာတ်လမ်းတွဲတွေဟာ လူ့သဘော လူ့မနောကို အထင်သားပေါ်လွင်စေပါတယ်။ ရိုးမတောတွင်းစွန့်စားခန်းတွေဟာ တောရဲ့သဘာဝတွေကို သိရတာမို့ ဗဟုသုတရစေပါတယ်။
အခုဇာတ်ကောင်တွေ အားလုံးဟာ ကျွန်တော် စာစဖတ်ဖြစ်တဲ့အချိန်ကနေပြီး ကလေးဘဝတစ်လျှောက်လုံး အတူကြီးပြင်းလာတဲ့ ကျွန်တော့်သူငယ်ချင်းတွေဖြစ်တဲ့အပြင် ကျွန်တော့်ကို အသိအလိမ္မာဗဟုသုတတိုးအောင် သင်ကြားပေးတဲ့ မြင်ဆရာလေးတွေလည်း ဖြစ်ကြပါတယ်။ ကျွန်တော်ဖတ်ခဲ့ဖူးပေမယ့် မစွဲလမ်းခဲ့တဲ့ ကာတွန်းဇာတ်ကောင်လေးတွေ အများကြီးကျန်ပါသေးတယ်။ နောက်ပိုင်းမှ ပေါ်လာတဲ့ ဇာတ်ကောင်လေးတွေရောပေါ့။ အချို့က အခုချိန်ထိ ရှင်သန်လှုပ်ရှားဆဲ၊ အချို့ကတော့ မှေးမှိန်ပျောက်ကွယ်သွားကြပြီလေ။ အချို့က တစ်ခါတစ်ရံမှ ပေါ်ပေါ်လာတတ်တယ်။ အချို့ကတော့ လွမ်းပြီးကျန်ရစ်ရုံကလွဲလို့။

မိတ်ဆွေတို့ရော မည်သည့်ကာတွန်းဇာတ်ကောင်လေးတွေကို နှစ်သက်ခဲ့ပါသလဲ။ မိမိတို့နှစ်သက်ရာ ဇာတ်ကောင်လေးတွေကို ကိုယ့်ခေတ်အလိုက် ပြောသွားကြရင်ဖြင့် ဆုံနိုင်ခဲလှတဲ့ ခေတ်အဆက်ဆက် မြန်မာကာတွန်းဇာတ်ကောင်လေးတွေ တစ်နေရာထဲမှာ တစ်စုတစ်ဝေးတည်း မြင်ရသိရဖလှယ်ရမှာ ဝမ်းသာစရာပေါ့ဗျာ။ မိတ်ဆွေတို့ လာရောက်ပို့ဆောင်ပေးသော ကာတွန်းဇာတ်ကောင်လေးတွေကလည်း ကျွန်တော်နဲ့အတူ မိတ်ဆွေတို့ကို ကျေးဇူးတင်နေမှာပါ။

Saturday, September 20, 2008

ကွက်လပ်ကလေး ဖြည့်မိတယ်

အမ မိုးချိုသင်း၊ အကိုဇနိ အမဇနိ၊ အမဒေါက်တာနုသွဲ့၊ ညီမလေးတွေ ဖြစ်ကြတဲ့ နန္ဒာ၊ nn၊ မေမိုး၊ ညီငယ် black dream၊ အကိုအန်ဒီ၊ အကိုလူသစ်နဲ့တကွ အားလုံးကို ကျွန်တော် ကြိုးစားရေးသားတဲ့ သရော်စာကို အပြစ်မမြင်ဘဲ ချစ်ခင်စွာ စာမူခချီးမြှင့်သွားကြတဲ့ အတွက် ဝမ်းသာကျေနပ်သလို ကျေးဇူးလည်းတင်ပါတယ်။

မြန်မာစာပေမှာ သရော်စာရေးသားတာတွေ ရှိပါတယ်။ ဖတ်ဖူးတဲ့ သရော်စာတွေထဲမှာ ကျွန်တော် သဘောအကျဆုံးက ဆရာမောင်သာချို (ဆရာကြီး ဂျက်ကွမ်းခြံကုန်း)ပါ။ ဆရာ့သရော်စာတွေကို ယခင်ထုတ်ဝေခဲ့တဲ့ မြှားနတ်မောင်မဂ္ဂဇင်းမှာ ဖတ်ဖူးတာပါ။ ထေ့လုံး ပြက်လုံးများနဲ့ ဟာသပါအောင် ရေးရတဲ့အရေးအသားမျိုးမို့ ဖတ်ရတာ ရွှင်လည်းရွှင် သွက်လည်းသွက်ပါတယ်။ ဆရာကြီးဂျက် ဆိုပြီး အစချီလိုက်တိုင်း ဒီတစ်ခါဘာများရေးမှာလဲ၊ ဘယ်လိုများ ရယ်ရတော့မလဲ၊ ဘယ်နေရာမှာ ထေ့ထားသလဲဆိုပြီး မဂ္ဂဇင်းအသစ်ထွက်တိုင်း စောင့်ဖတ်ရတာပါ။ ဆရာဂျက်ရဲ့ သရော်စာမပါတဲ့လဆိုရင် မဂ္ဂဇင်းဖတ်ရတာ မပြည့်စုံသလို ဖြစ်နေတတ်တယ်။ တောင်ငူမှာကျင်းပခဲ့တဲ့ စာပေဟောပြောပွဲ တစ်ခုတုန်းကဆိုရင် ဆရာဂျက် သရော်စာအကြောင်း ဟောသွားတာများ ရယ်လိုက်ရတာ အတောမသတ်နိုင်အောင်ပါပဲ။ အဲဒါကြောင့် ဆရာကြီး ဂျက်ကွမ်းခြံကုန်းကို အားကျပြီး မြန်မာဘလော့ဂ်လောကမှာ မြင်တွေ့ရသမျှကို တစ်ထောင့်တစ်နေရာကနေ ကြိုးစားပြီး ရေးကြည့်တာပါ။


စာမူခ ပို့စ်ရေးမိတဲ့ ကျွန်တော့်အတွက် အဲဒီ ကွန်မန့်ဆိုတာက အမြဲခြောက်လှန့်နေပါတယ်။ ဘာကိုပဲဖတ်ဖတ် စာမဖတ်ခင် ကွန်မန့်ဘယ်နှစ်ခုများရပြီလဲဆိုတာ အရင်ကြည့်မိနေတယ်။ ကွန်မန့်ရှိရှိ မရှိရှိ စာကိုတော့ ဝင်ဖတ်တာပါပဲ။ ကွန်မန့်အများကြီးရထားပြီဆိုရင်တော့ စာမူခတွေထောပြီဟေ့ ဆိုပြီး ပိုစိတ်ဝင်စားမိပါတယ်။ ဖတ်မိတော့မှ သဘောကျတဲ့အကြောင်းအရာဆိုရင် ရက်ရက်ရောရောကို စာမူခပေးဖြစ် ရေးဖြစ်ပါတယ်။ ကျွန်တော့် ကွန်မန့်တွေကို ကြုံကြိုက်ရင် သတိထားကြည့်ပါ။ ကျွန်တော့်ရှုမြင်သုံးသပ်မိတဲ့အတိုင်း ဝေဖန်ထောက်ပြခဲ့ပါတယ်။ သဘောကျရင် ကျသလို လှိုက်လှိုက်လှဲလှဲကို ရေးဖြစ်ခဲ့တာပါ။ အဲလိုမှ မဟုတ်ဘဲ ကွန်မန့်သာများနေတာ အကြောင်းအရာက ရမယ်ရှာမရရင် ကျွန်တော်စိတ်ပျက်မိပါတယ်။



ကိုယ့်ဒေါသနဲ့ကိုယ် လို့ပဲဆိုဆို၊ မယောင်ရာ ဆီလူး ပဲပြောပြော။ စာမူခက ခြောက်လိုက်တဲ့ တစ္ဆေဟာ ကျွန်တော့်ကို သရော်စာရေးဖြစ်အောင် စေ့ဆော်လိုက်တာပါ။ ကျွန်တော်ဖတ်မိတဲ့ ဘလော့ဂ်တွေထဲမှာ တကယ်ကောင်းမွန်တဲ့ အရေးအသားတွေ အကြောင်းအရာတွေ အများကြီးတွေ့ရပါတယ်။ ဒါပေမယ့် တချို့ပို့စ်တွေမှာ ရေးတာကောင်းပါလျက်နဲ့ ကွန်မန့်ရသင့်သလောက်မရကြပါဘူး။ အဲဒီအခါ ကျွန်တော်အားမလို အားမရဖြစ်ရပါတယ်။ ဖွံ့ဖြိုးစသာ ရှိသေးတဲ့ မြန်မာဘလော့ဂ်လောကမှာ ကျွန်တော်တို့ဟာ ရေလိုတဲ့အပင်ကို ရေလောင်း မြေဆီလိုတဲ့အပင်ကို မြေဆီကျွေးမှသာ ပိုမိုလန်းဆန်းလာမှာပါ။


ပို့စ်လို့တင်လိုက်တာနဲ့ ကိုယ့်ဘလော့ဂ်တစ်နေရာမှာ နေ့ရက် အချိန်နာရီ အတိအကျနဲ့ကို မှတ်တမ်းတင်လိုက်ပါပြီ။ အဲဒီ ပို့စ်ရဲ့ အောက်က ကွန်မန့်တွေကအစ ကိုယ့်ဘလော့ဂ်ရဲ့ မော်ကွန်း ဖြစ်သွားပါပြီ။ ဒီနေ့ဒီအချိန်မှာ ဘယ်သူရေးတဲ့ ဘာအကြောင်းအရာကို ဒီလူဒီလူတွေက ဤသို့မှတ်ချက်ချခဲ့လေသည် ဆိုပြီး ဖြစ်သွားတဲ့အခါ ကျွန်တော်တို့ ဘာတွေတင်လို့ ဘာတွေပြောခဲ့ကြမှာလဲ။ နောင်ကြုံလို့ ဖတ်မိတဲ့သူတွေကရော ဘယ်လိုထင်မြင်ကြမလဲ။ မြန်မာဘလော့ဂ်ဆိုတာ ဒီလိုပါလား ဆိုတာရဲ့ နောက်ကွယ်မှာ ကျွန်တော်တို့ ဘာတွေ ရပြီး ဘာတွေ ပေးလိုက်ရတော့မလဲ ဆိုတာ...


မြင်မိတဲ့ ကွက်လပ်ကလေးကို ကိုယ့်စာတွေပေါ် မူတည်ပြီး သရော်စာဖြစ်အောင် ကြိုးစားရေးသားလိုက်ရတာပါ။ တိုက်ဆိုင်သွားသူတွေကို နစ်နာအောင်လုပ်တာ မဟုတ်ပါဘူး။ လစ်ဟာတာ မဖြစ်အောင် အမုန်းဝင်ခံတာပါ။ အသစ်တွေ့ရှိတဲ့ ဘလော့ဂ်မှန်သမျှ ကျွန်တော့် Google reader ထဲမှာ ထည့်ပြီးသားပါ။ ဘယ်ဘလော့ဂ်ဆို မဖတ်ဘူး၊ ဘယ်သူ့စာဆို မဝေဖန်ဘူး ကျွန်တော့်မှာမရှိပါဘူး။ ကျွန်တော်စလုပ်တုန်းကလည်း ဝိုင်းဝန်းအားပေးကြလို့ ဒီလောက်ထိ စိတ်ထက်သန်လာတာပါ။ အခုအသစ်တက်လာတဲ့အထဲမှာလည်း အလားလာကောင်းရင်ကောင်းသလို အားပေးပါတယ်။ ကျွန်တော် တူရာသီဖွားပါ။ တစ်ခုတော့ရှိပါတယ်။ ကျွန်တော် မပေးဝံ့တဲ့ ပို့စ်တွေ အများကြီးရှိပါတယ်။ ကျွန်တော့်စာတွေ စာမူခများများမရလို့လဲ ကျွန်တော်ဘာမှဘာမဖြစ်သလို ရတဲ့သူတွေရကြလို့လဲ ကျွန်တော့်ကို ဘာမှ မသက်ရောက်ပါဘူး။ အားကျတယ်ဆိုတာ ဝန်ခံပေမယ့် ကျွန်တော့် ဘလော့ဂ်သက်နဲ့ ဒီလောက်အတိုင်းအတာဟာ ရောင့်ရဲနိုင်ပါတယ်။ အမဒေါက်တာနုသွဲ့ ပြောသလို ဘလော့ဂ်ဟာ ဘဝ မဟုတ်ပါဘူး။


blogspot ကို လေ့လာကြည့်ရင် ကိုယ့်ဘလော့ဂ်ကို မွမ်းမံလို့ရတာတွေ အများအပြားပါ။ ပြောချင်တာတွေကို တင်ချင်တာတွေကို ပို့စ်တင်မှ မဟုတ်ပါဘူး။ အခြားနည်းနဲ့လည်း ဖော်ပြနိုင်ပါတယ်။ ကျွန်တော်ဆိုလိုတာက ပို့စ်တစ်ခုကို တန်ဖိုးထားစေချင်တာပါ။ ဘာမှမယ်မယ်ရရ မရှိဘဲ လွယ်လွယ်နဲ့ မတင်စေချင်ပါဘူး။ စာလာဖတ်သူကို ပေါ့ပေါ့ပါးပါး ပြောစရာရှိရင် ပို့စ်တင်မှ မဟုတ်ပါဘူး။ အများစုမှာ စီပုံးတွေရှိကြပါတယ်။ စီပုံးကြီးထဲမှာ အားရပါးရ ပြောလို့ရတယ်။ မြန်မြန်ဆန်ဆန်ပြောလို့ရတယ်။ ဝါသနာပါရင် ထကလို့တောင် ရပါတယ်။ Google reader နဲ့ဖတ်သူတွေ အတွက်တော့ အချိန်ကုန် အရမ်းသက်သာပါတယ်။ ကျွန်တော်လည်း အဲဒီလောက် ကျွမ်းကျင်သူမဟုတ်ပါဘူး။ ကလိရင်းနဲ့ လေ့လာ လေ့လာရင်းနဲ့ တွေ့ရှိခဲ့တာပါ။


တောင်ငူသားဟာ အိမ်တွေလည်ပြီး နှာခေါင်းရှုံ့ အပြစ်ပြောတာချည်း လိုက်လုပ်နေတဲ့လူမျိုး မဟုတ်ရပါ။ ကောင်းတာတွေ့ရင် ကောင်းတယ်။ ပြောစရာတွေ့ရင် ပြောမယ်ဆိုတဲ့လူမျိုးပါ။ ရယ်စရာတွေ့ရင် လိုက်ရယ်တတ်ပါတယ်။ ငိုစရာတွေ့ရင်လည်း မျက်ရည်ဝဲပါတယ်။ အမိမြေရဲ့ ဝေးရာကို ရောက်နေတဲ့အချိန်မှာ ကိုယ်ခင်တွယ်နေမိတဲ့ မြန်မာအသိုက်အမြုံလေး သာယာစိုပြေစေ မြန်မာဘလော့ဂ်သမိုင်းလည်း လှပစေ ဆိုတဲ့ စိတ်နဲ့ ကွက်လပ်ကလေး ဖြည့်မိတာပါ။ တောင်ငူသားဟာ ကျောက်ရုပ်လည်း မဟုတ်ရပါ။ စက်ရုပ်လည်း မဟုတ်ရပါ။ တောင်ငူသားမှာ ခံစားတတ်တဲ့ နှလုံးသား ရှိပါတယ်။

Popular Posts