တောင်ငူသား

..... စိမ်းလန်းပါစေ ကမ္ဘာမြေ ... ငြိမ်းချမ်းပါစေ ကမ္ဘာမြေ .....

Saturday, October 18, 2008

ဘောင်ဘင်ခတ်သေး ရေအိုးလေး

ကျွန်တော့်မှာ အတော်ငယ်ငယ်တည်းက အရမ်းဆန္ဒပြင်းပြခဲ့တဲ့ စိတ်ဓါတ်တစ်ခုဖြစ်နေခဲ့တယ်။ အကူအညီလိုတဲ့သူတွေ၊ ဒုက္ခရောက်နေတဲ့သူတွေကို လိုတာတွေ ဖြည့်ဆည်းပေးချင်စိတ်ပါ။ ဒီစိတ်နဲ့ ပက်သက်ပြီး ဆက်ဖြစ်လာတာက “ဘိုးဘွားရိပ်သာ” တွေ၊ “မိဘမဲ့ဂေဟာ” တွေ ထူထောင်ချင်တယ်။ နိုင်ငံအနှံ့ ကျယ်ကျယ်ပြန့်ပြန့်ကို တည်ထောင်ပေးချင်တာ။ မဖြစ်ဖြစ်အောင် ငါလုပ်နိုင်မှာလို့ ကိုယ့်ဘာသာ စဉ်းစားမိတာနဲ့ကို တော်တော်ပီတိဖြစ်နေခဲ့တယ်။


ကျွန်တော်ကြံစည်မိတာက ကြီးပွားချမ်းသာအောင်လုပ်မယ်။ ပိုက်ဆံတွေအများကြီးရှိလာတဲ့တစ်နေ့ ဟုန်းခနဲ ရိပ်သာကြီးတွေ၊ ဂေဟာကြီးတွေ တည်ထောင်မယ်။ အဲဒီလိုမျိုး စိတ်ကူးထားတာ။ ဒါပေမယ့် တဖြည်းဖြည်း ဆင်ခြင်သိတတ်လာတဲ့အခါမှာ ကျွန်တော်ဟာ တော်တော်စိတ်ကူးယဉ်နေမိပါလားဆိုတာ သိလာတယ်။ ဘယ်လောက်ပမာဏအထိရောက်မှ လုပ်နိုင်မှာလဲ လုပ်မှာလဲဆိုတဲ့မေးခွန်း ကျွန်တော့်ခေါင်းထဲ ဝင်ဝင်လာတယ်။ အဓိကလိုအပ်ချက်က စိတ်ဓါတ်ဘယ်လောက်ပဲ ပြင်းပြင်း သက်ရောက်မှုမပါရင် ဘာအလုပ်မှ အကောင်ထည်ပေါ်မှာ မဟုတ်ဘူး။


ဒီလိုနဲ့ ကျွန်တော်လုပ်ချင်နေတာတွေကို အများတကာတွေက လက်တွေ့လုပ်နေကြတာ တွေ့ရမြင်ရတာ အင်မတန်အားရစရာကောင်းတယ်။ ပုံစံအမျိုးမျိုး၊ အသွင်အမျိုးမျိုးနဲ့ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး အစရှိတဲ့ ကူညီမှုတွေ အားကြိုးမာန်တက် လုပ်ကိုင်နေတဲ့သူတွေဟာ ကျွန်တော့်လို လေထဲတိုက်အိမ်ဆောက်တဲ့သူတွေ မဟုတ်ဘူး။ ကျွန်တော့်လို ဘယ်လောက်ဖြစ်မှ ဘယ်လောက်ရမှ ဘယ်လိုမျိုးလုပ်လိုက်မယ်ဆိုတဲ့လူမရှိဘူး။ ကိုယ်တတ်နိုင်တဲ့ဝန်ကို ကိုယ်နိုင်သလောက်ဝင်ထမ်းနေကြတာ။ ငွေကြေးတတ်နိုင်တဲ့သူက ငွေကြေး၊ လုပ်အားတတ်နိုင်တဲ့သူက လုပ်အား စိုက်ထုတ်ကြတယ်။ အဲဒီမြင်ကွင်းတွေကို မြင်ရတိုင်း၊ ကြားရတိုင်း၊ ဖတ်ရတိုင်း ကျွန်တော် လိပ်ပြာမလုံတော့ဘူး။ ဘယ်သူ့မှ မသိဘဲ ကိုယ့်ဟာကို ရှက်နေတယ်။ လောကမှာ ကိုယ့်စိတ်ကို ကိုယ်ပြန်မြင်ပြီး ရှက်ရတာလောက် ခံရခက်တာမရှိတော့ဘူး။


“ဘယ်အချိန်မှာ ဘာလုပ်မယ်” ဆိုတာအစား “အခု ငါဘာလုပ်ပေးနိုင်မလဲ” ဆိုတဲ့ အသိတစ်ခု ဖြစ်လာတယ်။ ပြောင်းလဲမိလာတယ်။ ကျွန်တော်လုပ်ချင်တာသည် ကြီးကြီးမားမား။ အခုလက်ရှိမှာ ကျွန်တော် ဘာမှမတတ်နိုင်သေးဘူး။ ဟုတ်ပြီ ဒါဆို ကျွန်တော် ဘာလုပ်မလဲ။ ဖြစ်ချင်တဲ့အနေအထား မရောက်နိုင်သေးသရွေ့ ဖြစ်နေတဲ့အနေအထားမှာ ငုတ်တုတ်ထိုင်နေမှာလား။ အသက်တွေသည် တဖြည်းဖြည်းကြီးလာတာ။ အိုလာတာ။ ဘယ်အချိန်ပြည့်မယ်မှန်း မသိနိုင်တဲ့ ရေအိုးကို ငုတ်တုတ်ထိုင်စောင့်နေတာဟာ တော်တော်မိုက်မဲရာကြပါတယ်။


ရေငတ်နေတဲ့သူတွေ ကိုယ့်ရှေ့မှာ မြင်တွေ့ပါလျက်နဲ့ ရေတိုက်ချင်စိတ်လဲ ရှိပါလျက်နဲ့ ရေအိုးမပြည့်သေးလို့ ရေမတိုက်သေးဘဲထားရင် ကျွန်တော့်လောက် မိုက်မဲတဲ့သူ ရှိတော့မှာမဟုတ်ဘူး။ “မပြည့်တဲ့အိုး ဘောင်ဘင်ခတ်”လို့ဆိုပေမယ့် ရေပြည့်နေပြီး အလှသက်သက်ဖြစ်နေတဲ့ ရေအိုးတွေထက်စာရင်တော့ မပြည့်သေးပေမယ့် ခပ်သုံးလို့ရတဲ့ ရေအိုးမျိုးကသာ ပိုပြီး အဓိပ္ပါယ်ရှိပါတယ်။ ကျွန်တော်ရဲ့ မပြည့်သေးတဲ့ရေအိုးလေးကိုလဲ ရေဆာနေတဲ့သူအတွက် တစ်ငုံပဲဖြစ်ဖြစ်၊ တစ်ပေါက်ပဲဖြစ်ဖြစ်တိုက်ဖို့ ပြုပြင်ပြောင်းလဲလိုက်ပါတယ်။


ခြေလှမ်းကျဲကျဲနဲ့ ဝေးဝေးမသွားနိုင်ရင် ကိုယ့်နားအနီးဆုံးကိုပဲ မြင်အောင်ကြည့်ကြည့်ပါ။ ကိုယ်တိုင်ပြည့်စုံကောင်းပေမယ့် ကိုယ့်မိဘ၊ ညီအစ်ကိုမောင်နှမ၊ ဆွေမျိုးသားချင်းတွေ အဆင်ပြေပါရဲ့လား။ အဲဒီအဆင့်ကို ကျော်ပြီဆိုရင် ကိုယ့်ရပ်ရွာ၊ ကိုယ့်ဇာတိ၊ ကိုယ့်မြို့လေးမှာ အဆင်ပြေကြပါရဲ့လား။ အဆင့်ဆင့်ကြည့်တတ်မြင်တတ်ရင် ဖြည့်ဆည်းတတ်မယ်ဆိုရင် အတိုင်းတာတစ်ခုထိ အင်မတန်အကျိုးကျေးဇူးရှိပါတယ်။

ကျွန်တော့်အမေရဲ့ ကြီးဒေါ်အကြီးဆုံးသည် သားသမီးအရင်းခြာမရှိဘဲ တစ်ကိုယ်တည်းပဲနေပါတယ်။ အရင်ကတော့ ဈေးဆိုင်လေးတည်ထားတယ်။ နောက်ပိုင်းတော့ အရွယ်ထောက်လာတာကြောင့် မထွက်တော့ပေမယ့် ဆိုင်ထွက်ခဲ့တဲ့ အခန်းလေးမှာပဲ နေတယ်။ စားသောက်ရေးအတွက်တော့ သူ့ဆိုင်လေးဖွင့်ထားတဲ့အိမ်က အမျိုးရင်းတွေထက်တောင် သူ့အပေါ်မှာ ပိုပြီးခင်မင်တွယ်တာသေးတယ်။ အားလုံးက မိသားစုလိုပဲ ကျွေးမွေးစောင့်ရှောက်ထားတယ်။ သူကလဲ အဲဒီမှာပဲပျော်တယ်။ သီတင်းကျွတ်လို အခါကြီးရက်ကြီးတွေ ကြုံကြိုက်တဲ့အခါတွေမှာတော့ အမေက မုန့်တို့၊ ပိုက်ဆံတို့နဲ့ သုံးချင်တာလေး သုံးနိုင်အောင် စားချင်တာလေး စားနိုင်အောင် ကန်တော့လေ့ရှိပါတယ်။ အခြားတူတူမတွေကလည်း ကန်တော့ကြတာပါပဲ။


ကျွန်တော်ဒီမလာခင်ကတော့ ရတဲ့လခကစားလောက်ရုံ၊ အခန်းခစာချုပ်ထပ်တိုးပြီဆို မိဘဆီက ပိုက်ဆံပြန်တောင်းနေရတဲ့ဘဝမို့ ဘာမှ မတတ်နိုင်ပါဘူး။ ဒီမှာ သင့်တင့်တဲ့လစာလေးနဲ့ ရပ်တည်မိတဲ့အခါမှာတော့ မြန်မာပြည်ပြန်ရင် အဖွားတွေကို ထိုက်ထိုက်တန်တန် ကန်တော့မယ်လို့ ဆုံးဖြတ်ထားပြီးသားပါ။ ဒါပေမယ့် ကျွန်တော်ဒီရောက်ပြီး တစ်နှစ်ပြည့်တဲ့အချိန်မှာ ကျွန်တော့်အဖွားက တရားပြသွားခဲ့ပါတယ်။ ငယ်ငယ်တည်းက အိမ်မှာအတူနေခဲ့တဲ့အဖွား (အဖေ့ရဲ့ အမေ) သဂြိုလ်တဲ့နေ့ဟာ ကျွန်တော်ဒီရောက်တာ တစ်နှစ်တိတိပြည့်တဲ့နေ့ပါ။ ကျွန်တော်အဝေးကနေ တတ်နိုင်တာတွေအကောင်းဆုံး ဖြည့်ဆည်းပေးခဲ့ပေမယ့် အချိန်မီ လုပ်နိုင်ခြင်းဟာ ဘယ်လောက်အရေးကြီးတယ်ဆိုတဲ့ အသိကို အဖွားက ကျွန်တော့်ကို သတိပေးလိုက်သလိုပါပဲ။


မြန်မာပြည်ပြန်မှဆိုတဲ့ ရေပြည့်နေတဲ့အိုးဖြစ်အောင်ထိကို ကျွန်တော်ထိုင်မစောင့်တော့ဘူး။ သက်ရှိထင်ရှားကျန်နေသေးတဲ့ အဖွား(အမေ့ရဲ့ အမေ)နဲ့ စောစောကရေးခဲ့တဲ့ အဖွားကို လစဉ် မိဘတွေဆီ ငွေပို့ပေးတိုင်း ကျွန်တော်တတ်နိုင်တဲ့ ငွေပမာဏနဲ့ ကန်တော့ခဲ့တယ်။ ပထမဆုံးကန်တော့တဲ့လတုန်းက ငွေလွှဲပြီး နောက်တစ်ပတ်ဖုန်းဆက်တော့ အမေက ပြောပြတယ်။ ကျွန်တော့်ဆီက အဲလို လစဉ်ကန်တော့မယ်ဆိုတဲ့အကြောင်းသွားပြောတော့ ဝမ်းသာလို့ ဆုတွေပေးလိုက်တာ စုံနေတာပဲတဲ့လေ။ ပထမဆုံးကန်တော့တဲ့ငွေကို ဘာလုပ်လဲဆိုတာသိရတော့ ကျွန်တော့်မှာ ဝမ်းနည်းဝမ်းသာဖြစ်ပြီး မျက်ရည်ဝဲရတယ်။ တောင်ငူက ဗိုလ်မှူးဖိုးကွန်းလမ်းပေါ်မှာ ရွှေနှင်းဆီ ဒေါ်အုန်းခင် ဓမ္မာရုံကြီးရှိတယ်။ အဲဒီမှာ တစ်နှစ်ပတ်လုံး အာရုဏ်ဆွမ်းလောင်းအသင်း ထူထောင်ထားတာ သက်တမ်းအနေနဲ့ သိပ်တော့မကြာသေးဘူး။ အဲဒီဆွမ်းဝတ်ကို သူလှူချင်နေတာကြာလှပြီတဲ့ ခုမှလှူရတော့မယ်ဆိုပြီး သွားလှူလိုက်ပါသတဲ့ဗျာ။ ကျွန်တော်လေ အားပါးတရကို သာဓုခေါ်မိပါတော့တယ်။


အလှူဆိုတာ ဆက်စပ်စဉ်းစားကြည့်ရင် ယူတတ်ရင် ကုသိုလ်တိုးပါတယ်။ စိတ်ထားတတ်ရင် မြတ်ပါတယ်။ ကျွန်တော့်ရဲ့ မပြည့်တတ်သေးတဲ့ ရေအိုးသေးသေးလေးထဲက ဘောင်ဘင်ခတ်နေတဲ့ ရေတစ်ပေါက်ဟာ တတိယအရွယ်အမယ်အိုတစ်ယောက်ရဲ့ ဒါနစိတ်ကို ဖြည့်ဆည်းပေးနိုင်ခဲ့တယ်။ အဲဒီကတစ်ဆင့် သာသနာ့ဝန်ထမ်း ရဟန်းတော်တွေအတွက် သပ္ပါယမျှတသော ဆွမ်းတစ်လုတ်သာ ဖြစ်ထွန်းစေဦး။ အဘယ်မျှ အကျိုးများနေပါပြီလဲဗျာ။
ဘောင်ဘင်ခတ်နေပေမယ့် အဓိပ္ပါယ်ရှိသော ရေအိုးလေးများအဖြစ် လောကကို တစ်ထောင့်တစ်နေရာမှ ဖြည့်ဆည်းပေးချင်စိတ်တွေ ဖြစ်ပေါ်ကြပါစေ။

14 comments:

အမယ်လေးဗျာ...
ကောင်းလိုက်တဲ့စာ...
ကိုတောင်ငူရေ..
ကျေးဇူးအများကြီးတင်ပါတယ်ဗျာ...
ကိုတောင်ငူရေးသမျှမှာ ဒီစာ အကြိုက်ဆုံးထင်တယ်..
ရေမပြည့်သေးမယ့် ရေငတ်ပြေစေမယ့် ရေအိုးလေး...
ကျွန်တော် ကြုံဖူးတယ်...ကျွန်တော်တို့ကို သူငယ်တန်း နဲ့ စတုတ္ထတန်း သင်ဖူးတဲ့ ကျွန်တော် အရမ်းချစ်တဲ့ ဆရာမက ပင်စင်ယူသွားတော့ ထုံးစံအတိုင်းပေါ့ဗျာ...
ကျွန်တော် အလုပ်ရတော့ အိမ်ကိုလည်း ကန်တော့ရင်း ဆရာမကိုလည်း ကန်တော့ဖို့ ဘယ်လောက်ဆိုပြီး ပိုက်ဆံပို့ပေးတာလေ...အဖေက ဒါ နင့်တပည့် ကန်တော့တဲ့ ပိုက်ဆံ ဒီမှာ သူရေးပေးတဲ့စာဆိုပြီး ပေးတော့ ဆရာမဆိုတာ ငိုလိုက်တာတဲ့...အဖေလည်း စိတ်မကောင်းဘူးတဲ့...အမေက ကျွန်တော့်ကို ပြန်ပြောရင်း မျက်ရည်တွေ ဝဲလို့...ကျွန်တော်ကတော့ သူ့လိုမျိုး တပည့်တွေကို စေတနာ မေတ္တာ အပြည့်နဲ့ သင်ပေးတဲ့ ဆရာမကို နောက်ထပ် မတွေ့ဖူးဘူးဗျာ...
ကျွန်တော်ကတော့ အဲဒီကတည်းက သဘောပေါက်သွားတာဗျ...ကိုတောင်ငူရေးလိုက်မှ ကျန်တဲ့ ကျွန်တော် လုပ်နိုင်တဲ့ဟာတွေပါ တွေ့သွားလို့ ကျေးဇူးအများကြီး တင်ပါတယ်ဗျာ...
စာရေးရတာ ကောင်းတယ်နော်..အတွေ့အကြုံတွေ ဗဟုသုတတွေ ဝေပေးနိုင်တယ်...
ကြိုးစားလိုက်ဦးမယ်ဗျို့...
 
ဒါကြောင့်ပြောတာပေါ့...တော်ပါတယ်ဆို...ဟုတ်တယ်မလား...
တို့လူမျိုး..တို့ယဉ်ကျေးမှု..တို့ဘာသာရေးရဲ့အနှစ်သာရကိုပါမြင်နေရတယ်..
ဆက်လုပ်...ကလေးလေး..
 
မောင်လေးတောင်ငူ ရေ..
အမတို့လည်း ဘိုးဘွာရိပ်သာတွေမှာ အလှူလုပ်ဖြစ်ကြတယ် ။ တတ်နိုင်သလောက်လေး
လှူကြတယ်။ တခါတလေ အဖိုးအဖွါးတွေ ဆုပေးရင်
မျက်ရည်ဝဲမိတယ်။ ကိုယ်လည်းတချိန် သူတို့လို ဘဝ
လေးတွေ ရောက်ရဦးမှာလေ။ စောစောမသေသေးရင်ပေါ့။ အမ အမျိုးသားက
နှင်းဆီကုန်းဘိုးဘွားရိပ်သာမှာ တစ်ပတ် ၁ရက် နဲ့
ဇီဝိတဒါနဆေးရုံမှာ တစ်ပတ် ၁ရက် လုပ်အားအလှူ
သွားပေးတဲ့ အခါ အမ လည်း မကြာခဏ လိုက်ပါသွား
ဖြစ်ပြီး လုပ်နိုင်သလောက် တတ်နိုင်သလောက်လေး
လုပ်အားဒါန ပါဝင်ခဲ့ဘူးပါတယ်။ အဲဒီအချိန်လေးတွေ
မှာ အလွန်ပီတိ ဖြစ်ခဲ့ရပါတယ်။
မောင်လေး ပြောသလိုပဲ....
“ဘယ်အချိန်မှာ ဘာလုပ်မယ်” ဆိုတာအစား “အခု ငါဘာလုပ်ပေးနိုင်မလဲ” ဆိုတဲ့ အသိတစ်ခု လေးကို
တတ်နိုင်သလောက် အကောင်အထည်ဖော်ဖြစ်ခဲ့ပါ
တယ်။ မြန်မာပြည် ပြန်ရောက်ခဲ့ရင်လည်း ဆက်လက်
လုပ်အားဒါနယူဘို့ ဆန္ဒရှိနေပါတယ်ကွယ်။
အဆင်ပြေပါစေ။
မ၀ါ
 
ရွှေနှင်းဆီ ဒေါ်အုန်းခင်ကတော့ တောင်ငူမှာနာမည်ကြီးတယ်နော်.. အမ မြတ်စောညီနောင် ဘုရားသွားဖူးတော့လည်း ဘုရားမှာ သူ့နာမည်တွေကြီးပဲ..

သာဓု သာဓု သာဓု ပါ ကိုတောင်ငူရေ.. နည်းပေမယ့် စေတနာက အဓိကပါ။ အမြဲတမ်းလည်း လှုနိုင်ပါစေလို့ ဆန္ဒပြုပါတယ်..

သီတင်းကျွတ်လပြည့်နေ့မှာ လာကန်တော့တဲ့အတွက် ကိုတောင်ငူ စိတ်ချမ်းသာ ကိုယ်ကျန်းမာ ပညာတတ် ဥစ္စာပေါ ရုပ်ချော မိန်းမလှလှလေးနဲ့ တွေ့.. သိန်းထီပေါက်.. ဘာကျန်သေးလဲ.. ဆုတွေနဲ့ပြည့်ပါစေ... မုန့်ဖိုးလည်း ယူနော်...ရော့.. yen ???? :)
 
အလှူအတွက် သာဓုခေါ်ပါတယ် .. စေတနာသာ အဓိကပါ။ ကိုတောင်ငူ ဆန္ဒပြင်းပြနေတဲ့ ဘိုးဘွားရိပ်သာနဲ့ မိဘမဲ့ဂေဟာ ကိုလည်း ထူထောင်နှိုင်ပါစေ။
 
ညီလေးေ၇...
စာရေးသူကိုယ်တိုင်က ကိုယ်တွေ့ သိလာတဲ့ အသိတရားကို ခုလိုပို့ စ်တစ်ပုဒ်အနေနဲ့ တင်ပြပေးတဲ့ အခါ ဖတ်သူတွေကို အသိလဲပေးတယ်...
မုဒိတာလဲပွားစေပါတယ်....
အင်မတန်အကျိုးရှိတဲ့ စာပါ.။
တန်ဘိုးလဲရှိတယ်...။
တို့ တွေအားလုံးအနီးမှုန်မဖြစ်ဘဲ တတ်နိုင်သလောက်တာဝန်ယူကြရတာပေါ့...။
ကိုယ့်ဆရာ(ပန်းချီ) ကြီးတစ်ဦးကို ရန်ကုန် ယဉ်ကျေးမှုတက္ကသိုလ်မှာ သွားတွေ့ စဉ်က
ကျောင်းကဆိုင်မှာ ခေါက်ဆွဲကြော်နဲ့  အအေးနဲ့ 
ကန်တော့ပြီး ပြုစုတော့..
ဆရာကြီးက မျက်ရည်ဝိုင်းပြီး ဇွန်းခက်ရင်းကိုင်တာလက်တွေတုန်နေတယ်...
“ဆရာ့တပည့်တွေ ရန်ကုန်မှာ အများကြီးပါတဲ့  ...ဒါပေမယ့် ခုမှ ခေါက်ဆွဲကြော် စားဘူးတော့တယ်တဲ့...။
ကိုယ်တစ်ကယ်စိတ်မကောင်းဘူး...
ဒီလိုဝမ်းနည်းနေတဲ့ ကျေးဇူးရှင်ဆရာတွေ လောကမှာ အများကြီးဘဲ...။
အဝေးကိုမငေးဘဲ၊ အနီးမှုန်မဖြစ်အောင်ကျိုးစားကြစို့ ညီိလေးရေ...။
 
တောင်ငူသားလေးရေ---
ရေးထားတာလေးတွေက သိပ်ကိုကောင်းပါတယ်
ဝေငှ ပေးတာကျေးဇူးပါ---
အားပေးနေပါတယ်ရှင်---
 
အစ်မလည်း တစ်ခါတော့ ကောက်ခါငင်ကာ ကျမ အသက်ရှည်ချင်တယ်တော့လို့ ပြောမိလို့ အမျိုးသားက ဘယ်သူ အသက်မရှည်ချင်ဘဲရှိမလဲတဲ့။ ဆိုလိုချင်တာက အသက်ကလေးရလာတော့ ကိုယ်ဘောင်ဘင်ခတ်တာတွေ သတိထားမိလာပြီး တတ်နိုင်သလောက် ပြည့်အောင်ဖြည့်ချင်၊ ဖြည့်တတ်လာတယ်။
ပြည့်အောင် ကြိုးစားကြစို့။
 
မောင်လေး တောင်ငူသားရေ... ဖတ်အပြီးမှာ ပြောချင်တာတွေ ပြည့်နေပါတယ်။ ကျေးဇူးလည်း တင်ပါတယ်။ တကယ်ကို အသိတရားတစ်ခု ရသွားလို့ပါ။ အစ်မလည်း ရေအိုးပြည့်တဲ့အထိ မကြာခဏထိုင်စောင့်နေတတ်သူပါ။ “စိတ်ဓါတ်ဘယ်လောက်ပဲ ပြင်းပြင်း သက်ရောက်မှုမပါရင် ဘာအလုပ်မှ အကောင်ထည်ပေါ်မှာ မဟုတ်ဘူး။” သိပ်မှန်တာပါပဲ။ သေချာဖတ်မှတ်သွားပါတယ်။ မောင်လေးနဲ့ အဖွားရဲ့အလှူအတွက်လည်း သာဓုခေါ်ပါတယ်။
 
အာ.. ကိုတောင်ငူ မရောက်တာကြာတယ်။ ရောက်ပြန်တော့လည်း စာကောင်းတွေကြည့်ပပဲ။ ကျွန်တော့်မှာရှိသလောက် အများခပ်သောက်နိုင်စေချင်တာ စေတနာအမှန်ပါ။ ကောင်းတဲ့ ပိုစ့်လေးပါပဲ။

ပျော်ရွှင်အဆင်ပြေပါစေ။

သုခမိန်(E-Journal)
 
သိပ်ကောင်းတဲ့ ပို့စ်လေးနဲ့ အတွေးအခေါ်လေးတစ်ခုပါပဲ ကိုတောင်ငူသားရေ...

နည်းနည်းချင်းကန တဖြည်းဖြည်း အားယူပြီး တစ်နေ့မှာ ကိုတောင်ငူသား မျှော်မှန်းထားတဲ့ ဖောင်ဒေးရှင်းကြီးတစ်ခု ဖြစ်သည်အထိ အကောင်အထည်ဖော်နိုင်ပါစေဗျာ...

စိတ်ဓါတ်ဘယ်လောက်ပဲ ပြင်းပြင်း သက်ရောက်မှုမပါရင် ဘာအလုပ်မှ အကောင်ထည်ပေါ်မှာ မဟုတ်ဘူး။

လောကမှာ ကိုယ့်စိတ်ကို ကိုယ်ပြန်မြင်ပြီး ရှက်ရတာလောက် ခံရခက်တာမရှိတော့ဘူး။

“မပြည့်တဲ့အိုး ဘောင်ဘင်ခတ်” လို့ဆိုပေမယ့် ရေပြည့်နေပြီး အလှသက်သက်ဖြစ်နေတဲ့ ရေအိုးတွေထက်စာရင်တော့ မပြည့်သေးပေမယ့် ခပ်သုံးလို့ရတဲ့ ရေအိုးမျိုးကသာ ပိုပြီး အဓိပ္ပါယ်ရှိပါတယ်။


အဲဒီ့စာကြောင်းလေးတွေကို ကျွန်တော် အရမ်းသဘောကျတယ်.

ဘရာဗို ဘရားသား..

ခင်မင်စွာဖြင့်

ရန်အောင်
 
နွယ်နွယ်သို့
အားပါးတရ စာမူခချီးမြှင့်သွားတဲ့နွယ်နွယ်ရေ ဒီပို့စ်လေးကို အကြိုက်ဆုံးဆိုတဲ့အတွက် ဝမ်းသာပါတယ်ညီမ

အမခင်မြတ်နွယ်သို့
အမကတော့ မြှောက်ပေးပြန်ပြီဗျို့

မမဝါဝါသို့
ဆရာနဲ့ အမတို့ရဲ့ ကုသိုလ်အလှူအတွက်လည်း ကျွန်တော်သာဓုခေါ်ပါတယ်ဗျာ။ သာဓု သာဓု သာဓု ပါ။

မမနုသို့
ဟုတ်တယ်အမရ။ အဖွားဒေါ်အုန်းခင်ရဲ့ ကုသိုလ်တွေကတော့ တောင်ငူတစ်ခွင်မှာ အများကြီးပါပဲဗျာ။
မုန့်ဖိုးတွေရော ဆုတွေရော အများကြီး ပွတာပဲ။

အမချိုသို့
အားပေးတဲ့အတိုင်း ဖြစ်အောင်လုပ်ဖို့ ကြိုးစားပါ့မယ်အမရေ

ဆရာဆူးသို့
အို.. ဆရာဆူးလည်း ရေငတ်နေတဲ့ ဆရာကြီးကို ရေကြည်တစ်ပေါက် တိုက်ဖူးခဲ့တာပါပဲလား။

မသက်ဇင်သို့
အားပေးတာ ကြိုဆိုပါတယ်အမ။

အမကြီးသီတာသို့
ဟုတ်တယ်အမကြီးရေ။ ဖြည့်နိုင်သလောက် လိုက်ဖြည့်ရမယ်။

မမရွှေသို့
အမလည်း ရေအိုးလေးပြည့်အောင် စောင့်ဖူးတာကိုး။ စောင့်မနေနဲ့တော့အမရေ။ ရှိတဲ့ရေကြည်လေးကို အရင်တိုက်ထားမှ လန်းဆန်းကြမှာလေ။

ကိုတားသို့
အမှန်ပဲ အကိုရေ။

ကိုရန်အောင်သို့
ရွှေပါးစပ်ငွေပါးစပ်ပါဗျာ။
အကိုပြောတဲ့အတိုင်း လုပ်ကိုင်နိုင်တုန်းအရွယ်မှာ ထူထောင်နိုင်တဲ့သူ အမြန်ဆုံး ဖြစ်ပါရစေ။

အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။ အေးချမ်းပျော်ရွှင်ကြပါစေ။

မေတ္တာဖြင့်
 
ဟုတ်တယ် တောင်ငူသားရေ...
ကိုယ်နိုင်သလောက် စွမ်းသလောက် လုပ်ကြတာ ကောင်းတယ်...
ငယ်ငယ်တုန်းက အဖွားကြီးအရွယ်တွေ တလမ်းဝင် တလမ်းထွက် ဈေးရောင်းနေတာတွေ့ရင် သနားမိတယ်.. လူသားတဦးချင်းစီကနေ ကိုယ်စွမ်းသလောက် အကူအညီပေးတာ လူ့လောကကို စောင့်လျှောက်တာပါပဲလေ..
သတိမေ့နေသူတွေကို သတိပေးတဲ့ စာကောင်းလေးတခုပါပဲ..
 
တောင်ငူသားရေ သိတ်ကောင်းတဲ့စိတ်ကူးပဲ။
ကိုယ့်အနားလေးမှာပဲအရင်ကြည့်ပြီး နိုင်သလောက်ကူညီမယ်ဆို ကူညီရမှာတွေ အများကြီးပဲ။ ဆွေမျိုးတွေ အသိတွေလေ။ လူတိုင်းအဲ့လို လုပ်နေရင် ပြီးတာပဲ။ ကြီးကြီးကျယ်ကျယ်တွေ ပြောနေစရာကို မလိုတော့ဘူးပေါ့။
 

Popular Posts