ကျွန်တော် ဆယ်တန်းဖြေပြီးတဲ့နှစ်မှာ အလယ်တန်းတုန်းက ဆရာမကြီးတစ်ဦးကွယ်လွန်ပါတယ်။ သဂြိုင်္လ်တဲ့အခါ သူငယ်ချင်းတစ်ယောက်ကားနဲ့ အားလုံးစုပြီး လိုက်ပို့ကြပါတယ်။ အဲဒီအချိန်က ကျောင်းဖွင့်ရက်ဆိုတော့ ကျောင်းက ဆရာဆရာမတွေရော ကျောင်းသားတွေရော အများကြီးပေါ့။ တောင်ငူဆိုတာက စက်ဘီးလည်း အတော်စီးကြတာကလား။ စက်ဘီးနဲ့ကျောင်းသားကျောင်းသူတွေကြားထဲမှာ သူလေးကို ကျွန်တော်လှမ်းတွေ့လိုက်တယ်။ အဖြူအစိမ်းလေးနဲ့ ခေါင်းမှာ ဖဲကြိုးအစိမ်းလေး နှစ်ဖက်စီးထားတယ်။ သူ့မျက်နှာလေးက အေးချမ်းပြီး ရိုးရိုးရှင်းရှင်းလေး။ တခြားကောင်လေးတွေ လိုက်စနေလို့ သူလေးခမျာ စက်ဘီးကို အမြန်နင်းထွက်ရအောင်လည်း လူတွေက ကြပ်ကြပ်ဖြစ်နေတာမို့ ရှက်လည်းရှက် စိတ်လည်းရှုပ်နေတဲ့ အဲဒီနေ့က သူလေးရဲ့မျက်နှာလေးဟာ ကျွန်တော့်ရင်ထဲကို နတ်သျှင်နောင်ကလောင်သွား စွဲစိုက်ထားလိုက်သလိုပါပဲ။
တကယ်တော့ သူလေးက ကျွန်တော့်ဘကြီးတစ်ယောက်ရဲ့ ဇနီးဖက်က မြေးဝမ်းကွဲတော်ပါတယ်။ ဝါစဉ်အရကြံဖန်ကြည့်ရင်တော့ ကျွန်တော်နဲ့ဆို တူမပေါ့လေ။ တောင်ငူရာဇဝင်နဲ့ ပြောင်းပြန်ဗျ။ ရာဇဝင်မှာက အဒေါ်နဲ့တူလေ။ ရာဇဓါတုကလျာက နတ်သျှင်နောင်ရဲ့ အဒေါ်တော်တာကိုး။ သူလေးကို ငယ်ငယ်တည်းက မြင်ဖူးပြီးသား သိပြီးသားပါ။ သူလေးတို့ အမျိုးတွေကလည်း အိမ်နားတင်နေကြတာလေ။ သူလေးလာလည်တဲ့အခါ မြင်ဖူးတာပေါ့။ သိပ်ချစ်စရာကောင်းတဲ့ ကောင်မလေးမှန်းတော့ သိခဲ့တယ်။ ဒါပေမယ့် ဒီလောက်ထက်မပိုခဲ့ပါဘူး။ အဲဒီနေ့ကမှ အဲဒီနေ့ကပါပဲ။
ဒီလိုနဲ့ သူဆယ်တန်းနှစ်ထိ ကျွန်တော်လည်း တောင်ငူမှာ ကျောင်းတက်နေရတုန်းပဲဗျ။ (၉၆ ၉၇ ၉၈ ဆယ်တန်းအောင်သမားတွေအတွက် YTUဆိုတာက ပထမနဲ့ ဒုတိယနှစ်တွေကို နီးစပ်ရာ ဂျီတီအိုင်ကျောင်းတွေမှာ တက်ခဲ့ရပါတယ်)။ အဲဒီတော့ ဘာလုပ်သလဲဆိုရင် သူလေးကျူရှင်ချိန်တချို့ကို သွားသွားချောင်းပါတယ်။ အဲ တစ်ခုကျန်သေးတယ်။ ကျွန်တော့်ညီမဝမ်းကွဲက သူလေးနဲ့ အင်မတန်ခင်ကြတဲ့ သူငယ်ချင်းအရင်းကြီးတွေ။ အဲဒါဟာ ကျွန်တော်ဖို့ အဆင်ပြေမလိုနဲ့ မထူးခဲ့ပါဘူး။ ညီမလုပ်တဲ့သူက အောင်သွယ်လုပ်ဖို့မပြောနဲ့ သူ့သူငယ်ချင်းရဲ့ သတင်းလေးတွေတောင် ပေးဖော်မရဘူး။ သချာင်္ချိန်ဆို ဆရာမက ကျွန်တော်တို့ဆရာမပဲဆိုတော့ အေးဆေးပဲ။ ဆရာမပဲ သတိရလို့ လာလည်သလိုလိုနဲ့ သူလေးကို ချော်လဲရောထိုင် သွားငမ်းတာပါ။ သူလေးက သိပ်လှတော့ အထက်တန်းကျောင်းသူဘဝကတည်းက လိုက်တဲ့ကောင်တွေ အတော်များပါတယ်။ ကျွန်တော်ဘာမှမကြိုးစားခဲ့ပါဘူး။ သူ့ကျူရှင်ရယ် သူ့အိမ်ရယ်ကိုပဲ မသိမသာ သွားပတ်ပါတယ်။ သူလေးက စာအရမ်းတော်တယ်။ သွားပြီးစိတ်ကစားအောင်လုပ်ရင် ဆေးကျောင်းမဝင်မှာ ချွတ်ချော်သွားမှာ ကျွန်တော်မလိုလားပါဘူး။ ဒါကြောင့် အဝေးမှသာပေါ့ဗျာ။
အောင်စာရင်းတွေထွက်တော့ ဂုဏ်ထူးလေးဘာသာရပြီး မကွေးဆေးကျောင်းရောက်ပါတယ်။ ကျွန်တော်သိပ်ပျော်တာပေါ့။ သူမကွေးစတက်တဲ့အချိန်မှာ ကျွန်တော်က ပြည်နည်းပညာတက္ကသိုလ်မှာ တက်နေပြီလေ။ မကွေးသားသူငယ်ချင်းတစ်ယောက်ရဲ့အမက သူလေးတို့ဆေးကျောင်းက ပထမနှစ်သင်တဲ့ ဆရာမတဲ့။ သူ့သတင်းလေးတွေ နည်းနည်းပါးပါးကြားရသေးတယ်။ နောက်နှစ်တွေကြတော့ ဘယ်ရမလဲ တောင်ငူသားပဲဟာ မကွေးဆေးကျောင်းက ညီငယ်တွေဆီကနေ သတင်းတွေ အမြဲရတယ်။ သူလေး Miss Glory အဖြစ်အရွေးခံရတဲ့အကြောင်း ဆံပင်တွေရှည်ပြီး နည်းနည်းပိန်သွားတယ်ဆိုတဲ့အကြောင်း လိုက်တဲ့သူအရမ်းများပေမယ့် ခုထိဘယ်သူ့ကိုမှ(ဘယ်သူနဲ့မှ) ပြန်မကြိုက်သေးတဲ့အကြောင်း အစုံပါပဲ။
ကျောင်းတံဆိပ်စာအိတ်မရောင်းတဲ့အတွက် ကျောင်းလိုဂိုကို အေဖိုးနဲ့ ကိုယ်တိုင်ဒီဇိုင်းဆွဲ စာအိတ်ချိုးထားပါတယ်။ မကွေးဆေးက သူလေးဆီကို ပို့ဖို့ပါ။ ကျွန်တော့်စာအိတ်ကို မြင်ဖူးလိုက်တဲ့ သူငယ်ချင်းတွေက သူတို့လည်းလိုချင်လို့ မိတ္တူဆွဲယူချင်တာကို ညစ်ပြီး မပေးခဲ့ဘူး။ တကယ်တော့ သူလေးအတွက် သီးသန့်လေးဖြစ်ချင်တာပါ။ ကျွန်တော်က လူသာမရောက်ပေမယ့် ပြည်ကနေ သူလေးဆီကို မွေးနေ့ကတ်တွေ ချစ်သူများနေ့ကတ်တွေ အခွင့်သင့်တိုင်းပို့တယ်။ ဘာပို့ပို့ အမြဲပါတာကတော့ အသည်းပုံကတ်ပြားလေးတွေပါပဲ။ ဗူးလိုက်ကို ဝယ်ထားတာပါ။ စာပို့တိုင်း စာတိုက်က စာရေးမတွေ အမြဲမေးလေ့ရှိတာတစ်ခုက စာရောပါရဲ့လားဆိုတာပါပဲ။ ဘာလို့လဲဆိုတော့ ကျွန်တော့်စာအိတ်က ပေါ့ပါး ပြားချပ်ပြီး အထဲမှာက များသောအားဖြင့် အသဲပုံကတ်လေးတစ်ခုထဲပဲပါတာကိုး။ လုပ်ပုံကို ပြောပါတယ်။ မလှမွန်(ရေနံ့သာ) ရေးတဲ့ “မိန်းမတို့၏ ကောင်းမြတ်သော စံလက္ခဏာများ"ဆိုတဲ့ စာအုပ်တစ်အုပ်လည်းပို့ဖူးတယ်။
အဲဒါလေးတွေရဲ့ အကျိုးဆက်ကတော့ PTUဆိုတဲ့ကျောင်းကြီးကနေ မကွေးဆေးကို မကြာမကြာ ရောက်လာလေ့ရှိတဲ့ လက်ဖြစ်စာအိတ်လေးတွေနဲ့ ကတ်ပြားလေးတွေကို သူလေးသတိထားမိနေခြင်းပါပဲ။ အဲဒါကတော့ ညီငယ်တွေ ပြန်ပြောပြလို့ သိရတာပါ။ ပို့တဲ့သူဟာ ကျွန်တော်မှန်းလည်း သိတယ်လို့ ပြောပါတယ်။ ကျောင်းက အပျော်ခရီးတွေထွက်တော့ အပြန်မှာ မကွေးကို ဝင်လည်ကြပါတယ်။ မကွေးသား သူငယ်ချင်းက သူနဲ့ဆင်းနေခဲ့ပြီး သူလေးဆီလိုက်ပို့ပေးမယ်လို့ အတန်တန်ပြောပါတယ်။ ကျွန်တော်က နောက်တစ်နေ့မှာ ဒီအပတ်အတွက်လာသင်တဲ့ဆရာမရဲ့ နောက်ဆုံး lectureချိန်လေးရှိတာမို့ နေခဲ့ချင်ပေမယ့် ပြန်လိုက်ခဲ့ရပါတယ်။ ဆရာအပိုင် မရှိတဲ့ PTU ကျောင်းသားဘဝရဲ့ အဖြစ်တစ်ခုပေါ့ဗျာ။

တိုက်ဆိုင်တာလေးတွေက ပြည်မှာကျောင်းတက်နေတဲ့ကျွန်တော် တောင်ငူပြန်တဲ့အခါ မကွေးမှာကျောင်းတက်နေတဲ့ သူလေးဟာလည်း တောင်ငူပြန်တဲ့အချိန်နဲ့ သွားတိုက်ဆိုင်နေတတ်တယ်။ သုံးကြိမ်လောက် အဲဒီလိုဆုံပါတယ်။ လူချင်းမဟုတ်ပါဘူး။ သူလေးပြန်လာတာကို အားမကိုးရတဲ့ ညီမဆီက သိတာပါ။ သူ့ဆီလာလည်ပါသတဲ့။ ကျွန်တော် စွမ်းသလောက်တော့ ကြိုးစားခဲ့ပါတယ်။ သူလေးလည်း ပြန်ရောက်နေတယ် ကြားတိုင်း ချက်ချင်းဆိုင်ကယ်ထုတ် သူလေးအိမ်ရှေ့ မျက်စိနောက်လောက်အောင် ပတ်မောင်းနေတော့တာပဲ။ မတွေ့ပါဘူးဗျာ တစ်ခါမှ။ အမြဲတမ်း မဆုံနိုင်အောင် ဘယ်လိုအကြောင်းတွေကများ ဖန်တီးနေလဲ မသိပါဘူး။
ဒီကို မထွက်လာခင်ကတော့ သတင်းကြားခဲ့ပါတယ်။ ကောလဟလမဟုတ်ပါဘူးဗျာ။ အမှန်ကြီးပါ။ တောင်ငူက စီနီယာဆေးကျောင်းသားလေးတစ်ယောက်နဲ့တဲ့လေ.......။ အဲဒါပါပဲဗျာ။ ကျွန်တော်တက္ကသိုလ်တက်တဲ့ တစ်လျှောက်လုံး သူလေးသာ လွှမ်းမိုးထားခဲ့လို့ ဂျီဟောသူမဟုတ်သော (လက်ခုပ်ပင်သူ၊ နှောကုန်းသူ) ကျောင်းသူမလေးများကို စိတ်မဝင်စားခဲ့မိပါ။ သြော်..တစ်ခုကျန်သေးတယ်ဗျ။ သူလေးကို ကျွန်တော်နောက်ဆုံးမြင်ခဲ့ရတာ ၂၀၀၁ မတ်လရဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲရက်တစ်ရက်မှာပါ။ ခုချိန်ထိပဲ ဆိုပါတော့။ ခုနစ်နှစ်ရှိပါပြီ။ အချိန်တွေ အကြာကြီး မမြင်မတွေ့ရပဲ စွဲလန်းနေခဲ့တာကို ရူးတယ်လို့ဆိုကြမယ်ဆိုရင် ကျွန်တော်ရူးခဲ့တာပေါ့။ တကယ်တော့ စိတ်သာဆောင်လေတယ် လူကမနှောင်ခဲ့လေတော့ အလွမ်းမင်းသားကြီး ကျွန်တော့်ခမျာ နောက်ဆုံးတော့လည်း ကျန်ရစ်သားလေး ဖြစ်ရပြန်ပြီပေါ့ဗျာ။
-----------------------------------------------------------------------------------------
အောက်က သီချင်းဟာ ကျောင်းက သူငယ်ချင်းတွေကြားထဲ ပေါက်သွားခဲ့တဲ့ ကျွန်တော့်ရဲ့ "(ဦး)ကိုကျော်သန်းက သိတယ်" သီချင်းပါ။ ပဉ္စမနှစ်မှာ တစ်ကြိမ်သာ အပျော်ရေးထုတ်ခဲ့တဲ့ ကျွန်တော့်ရဲ့ တစ်ကိုယ်တော် "တစ်တို့ (onetouch) ဂျာနယ်" မှာ ထည့်ရေးခဲ့တာပါ။ ဆရာဦးကျော်ကျော်သန်းမှာ အလွန်သဘောကောင်းသော ကျွန်တော်တို့ရဲ့ လူဆိုးထိန်း (မော်ကွန်းထိန်း) ဖြစ်ပါသည်။ "တောင်ပြာတန်းက သိတယ်" သီချင်းကို စာသားတစ်ချို့ ပြင်စပ်ထားခြင်းဖြစ်ပါသည်။
မေရယ်...... အထင်တော့မလွဲလိုက်နဲ့ဦး
စာလွှာများရောက်မလာခဲ့ရင်.....
မောင့်အပေါ်မှာ...မငြိုငြင်ပါနဲ့နော်
ပီတီယူကျောင်းသားဘဝဟာ... ချစ်သူကို လွမ်းဖို့ရာ
တစ်ခါတစ်လေ... အချိန်တော့ မပေးနိုင်ပါ
ဆပ်ပလီ ကိုကျော်ကာဖြတ်ဖို့.......... အတန်းတွေမှန်မှန်တက်လို့
မရမက အမှတ်ကိုယူကာ
ဒါတွေကို (ဦး)ကိုကျော်သန်းက ..... အသိဆုံးပါမေရယ်
မေးကြည့်ပါကွယ်...........
မောင့်သဘောနဲ့....ပြောရရင်
အချစ်ဆုံးချစ်သူလေးနဲ့
မကွေးမှာလေ......အတူနေချင်သပေါ့နော်
ဒါပေမယ့်... ပြည်မြို့ရောက်နေ ချစ်သူမှာလေ
လွမ်းတာကို လုံအောင်ဖုံးလို့
မှန်းကာလေ...ရမ်းသမ်းဖြေဆို.........
10 comments:
ဒီလောက်လှတဲ့ ကောင်မလေးကို ဘာလို့ ဆေးကျောင်းရောက်တဲ့အထိ အလှကြည့်နေသလဲ။ ငယ်ငယ်က မကြိုးစားဘူးနော်။ အဲဒါတွေ ခက်တယ်ပြောတာ။ အင်ဂျင်နီယာကောင်လေးတွေ အဝေးကကြိုက်နေကြတယ်၊ သူများဆီပါသွားမှ “အဲကောင်မလေးလှတာ သိတယ်၊ ငါ့ရင်ထဲမှာရှိနေတာ ကြာပြီ“ လုပ်ရော။
ရည်းစာစာပို့နည်းကတော့ ကောင်မလေးက အတော်သဘောကျနိုင်တယ်နော်။ ကျောင်းလိုဂိုလေးကို ဘလော့ဂ်ပေါ်တင်ပါ့လား မမြင်ဖူးလို့။ ဟဲ ဟဲ တော်ကြာသီးသန့်မဖြစ်ဘဲနေပါ့မယ်။
အင်ဂျင်နီယာကျောင်းသားက ဂျီဟောသူကို ဘယ်ရင်ခုန်ပါ့မလဲ၊ လှမှမလှတာ။ ကျောင်းသားအကုန် အားတိုင်း ဆေးကျောင်းကို သွားဝိုက်နေကြတာ သိသား။
ဆရာအပိုင်မရှိတော့ အတော်ကသီတယ်နော် အဲဒီကာလတွေက။ ဆရာမတွေလည်း ပင်ပန်းတယ်။ ကျောင်းသားတွေလည်း ပင်ပန်းတယ်။
ဒါနဲ့ သီချင်းစာသားလေးလည်း ကြိုက်တယ် “ပီတီယူက သိတယ်“လို့ ခေါင်းစဉ်လေး ပေးလိုက်မလား?
ပို့စ်လည်းဆုံးရော အလွမ်းမင်းသားကြီးပါလား ကိုတောင်ငူရယ် ။ ဒီလောက် စာရေးကောင်းတာ ဘာလို့များ အလွမ်းမင်းသားဖြစ်နေပါလိမ့်??????
မဇနိ
စာရေးထားတာ ကောင်းတယ် ရီလည်း ရီရတယ်... သီချင်းလည်း လိုက်ဆိုကြည့်လိုက်သေးတာပဲ... ကိုတောင်ငူဇာတ်လမ်းက အစတုန်းကတော့ romantic ဖြစ်သားလားပဲ..ဖတ်ရင်းက နောက်ဆုံးကျတော့ အလွမ်းဇာတ်ဖြစ်နေတော့ စိတ်မကောင်းပါဘူး လွဲသွားပါတယ် ဆိုသလိုပေါ့ ... နောက်တစ်ယောက်ဆို သိပ်မစဉ်းစားနဲ့တော့နော်.. :D
ပီတီယူ - ဆေးကွေး = ?
တောင်ပြာတန်းကသိတယ် ဆိုတဲ့မူရင်းနာမည်နဲ့ နည်းနည်းလိုက်အောင်ရယ် ဆရာ့နာမည်လည်း သီချင်းထဲမှာ ပါနေတဲ့အတွက် ပေးလိုက်တာပါ
လွမ်းရသော တက္ကသိုလ်နေ့ရက်များလည်း စီးရီးလိုက် ရေးဦးမှာပါ
ပြောပြစရာတွေ များလွန်းလို့ ဘယ်ကစရမှန်းမသိဖြစ်နေတာပါ
ကျောင်းလိုဂိုကတော့ တောင်ငူအိမ်မှာ ကျန်ခဲ့လို့ပါ
ကိုသင်္ကြန်ရေ
တောင်ငူသားက သနားစရာလေးပါဗျာ သူ့ခမျာ ပြန်ရှာမတွေ့တာနဲ့
ကိုရွှေအောင်ရေ
လာပါမယ် မကြာခင် ကျောင်းတုန်းက အဖြစ်ကလေးတွေ အလွမ်းအကြမ်း ဟာသ ပေါက်ကရ အဆောင်နဲ့ ကျောင်းက ဇာတ်လမ်းတွေ မရိုးနိုင်အောင် လာပါတော့မယ်ဗျာ
ပါသွားတာနဲ့
အမနုစံရေ
ဘုရင့်နောင်ရဲ့ သခင်ကြီးကို ချစ်တဲ့အချစ်
နတ်သျှင်နောင်ရဲ့ ဓါတုကလျာကို ချစ်တဲ့အချစ်
အချစ်ကြီးကြတဲ့ တောင်ငူသားအဆက်ဆက်ရဲ့ အချစ်တွေ
အဲဒီထဲမှာမှ ကျွန်တော်သာ မပြောရဲလို့ လွဲခဲ့ရလေသည်
ဒေါက်ဒေါက်ရဲ့
ပန်းနာမည်နဲ့ တောင်ငူသူလေးကတော့ တော်တော်စွာတယ်ဗျို့
ကျွန်တော်ဖုံးဆက်တိုင်း သူကအရင်ကိုင်ပြီး ဂျီကျတာလည်း စုံနေတာပဲ
ဒီညီမလေးတစ်ယောက်တည်းရှိတာဆိုတော့လည်း အလိုလိုက်ရတာပေါ့ဗျာ
2001 က Miss glory ဘယ်သူများပါလိမ့်နော်.. ခွိခွိ :P
Post a Comment