တောင်ငူသား

..... စိမ်းလန်းပါစေ ကမ္ဘာမြေ ... ငြိမ်းချမ်းပါစေ ကမ္ဘာမြေ .....

Wednesday, July 30, 2008

တစ်အူထုံဆင်း

ကျွန်တော် ၇ တန်းတက်တဲ့အချိန်ထိ တစ်ဦးတည်းသော သား အဖြစ် ကိုယ့်ကိုကိုယ် အမြဲကျေနပ်နေခဲ့တယ်။ အဲဒီနှစ်သီတင်းကျွတ်မှာ တောင်ငူပြည်သူ့ဆေးရုံကြီးမှာ ညီမလေးကို မေမေမွေးခဲ့ပါတယ်။ မွေးပြီးစ ကလေးသေးသေးလေးကို ကြည့်ပြီး ကျွန်တော် ဘယ်လိုမှ ချစ်လို့မရပါဘူး။ ဒါ ငါ့ညီမလေးပဲဆိုတဲ့ အသိဝင်ဖို့ ဝေးစွ မိဘတွေဆီက မေတ္တာတွေကို ငါ့ဆီက ခွဲပေးရတော့မှာပဲဆိုပြီး အနားတောင် သိပ်မကပ်ခဲ့ပါဘူး။ တကယ်တော့ ကျွန်တော် လိုချင်ခဲ့တာ ကစားဖော်ရဖို့ ညီလေးတစ်ယောက်ပါ။ ညီမလေးတစ်ယောက် ရတာဟာ ညီလေးတစ်ယောက်ရတာလောက် ပျော်စရာမကောင်းဘူးလို့ ကျွန်တော်ထင်ခဲ့တယ်။

ဒါပေမယ့် အဲဒီအထင် ကြာရှည်မခံပါဘူး။ အနှီးလေးနဲ့ထုပ်ပြီး လူကြီးတွေ ချီပိုးပြီဆို ကျွန်တော် လုပြီးချီချင်နေပြီ်။ တဖြည်းဖြည်း လေးဖက်ထောက်သွားတတ်တဲ့အရွယ်၊ ထိုင်တတ်တဲ့ အရွယ်လေးတွေ ရောက်လာတော့ ချော့မြှူတဲ့အခါ ပြုံးတာ ရယ်တာလေးတွေ မြင်ရရင်ကိုပဲ ပျော်ရွှင်ကြည်နူးရပါတယ်။ အခါလည်လောက်ရောက်တော့ နာမည်ပေးဖို့ စဉ်းစားကြပါတယ်။ အိမ်ရှေ့အိမ်က အဒေါ်အပျိုကြီးပေးတဲ့ နာမည်က သူ့အတွက် ပထမဆုံးနာမည်ပါ။ ကျွန်တော့် နာမည်ကိုလည်း အဲဒီအဒေါ်ပဲ ပေးခဲ့တာပါ။ သူမွေးတဲ့နေ့မှာ ရန်ကုန်က ဆွေမျိုးတွေ ကားတစ်စီးနဲ့ အပြည့် လာလည်ကြလို့ ရွှေအိမ်ကြီးမှာ လူစည်ကြတဲ့နေ့မှာမွေးလို့ "ရွှေအိမ်စည်" လို့ပေးပါတယ်။ အဲဒီအဒေါ်အိမ်နဲ့ အိမ်ရှေ့အိမ်နှစ်အိမ်စလုံးက ခုထက်ထိ သူ့ကို "ရွှေအိမ်စည်" ဆိုတဲ့နာမည်ပဲ ခေါ်ပါတယ်။

မပီကလာ ပီကလာ စကားပြောတတ်စအရွယ်မှာ သူ့ကို မငိုငိုအောင် အစဆုံးက ကျွန်တော်ပါ။ အမြဲတမ်း ကလေးပိစိလေးကို စိတ်တွေဆိုးအောင် စနေကြပါ။ သူစိတ်ဆိုးပြီဆိုရင် ပြန်ပြီးပြောလေ့ရှိတာက "အာပီကျာ အာပီကျာ" တဲ့။ ဘာကို ပြောချင်တာလဲတော့ မသိပါဘူး။ အမြဲအဲလိုပဲ ပြန်အော်တယ်။ ဒါနဲ့ ကျွန်တော်လည်း သူပြောတာ ကာတွန်းအော်ပီကျယ် နာမည်နဲ့နီးစပ်တယ်ဆိုပြီး သူ့နာမည်ကို စနောက်ခေါ်ရင်းက "အော်ပီကျယ်" ဆိုတဲ့ ဒုတိယနာမည် ထပ်ရလာပါတယ်။ ကျွန်တော်တို့ ခေါင်းရင်းအိမ်နဲ့ ခြေရင်းအိမ်တွေက ခုထက်ထိ "အော်ပီကျယ်"ပါပဲ။

ဈေးလမ်းမှာ ကျွန်တော်တို့မိသားစုတွေနဲ့ ဆွေမျိုးအရင်းခြာလို ရင်းနှီးကြတဲ့ အဖွားရယ်၊ အဖွားရဲ့ သမီးတွေ ဖြစ်ကြတဲ့ အဒေါ်အပျိုကြီး ၇ ယောက်ရယ်ရှိပါတယ်။ သူတို့အိမ်ကတော့ နေ့သင့်နံသင့် ဗေဒင်ဆရာ ရွေးပေးလိုက်တဲ့ နာမည်တွေထဲက "ဝတ်ရည်လင်း" ဆိုတဲ့နာမည်ကိုပဲ ကြိုက်လှချည်ရဲ့ဆိုပြီး ဘယ်အချိန်သွားလည်လည် ဘယ်နားတွေ့တွေ့ တစ်ညီတစ်ညွတ်တည်း "ဝတ်ရည်လင်း" ပဲခေါ်ပါတယ်။

ကျွန်တော့်မေမေမှာ မောင်နှမခြောက်ယောက် ရှိတဲ့အထဲမှာ မေမေရယ် ဘကြီးတစ်ယောက်ရယ်ပဲ အိမ်ထောင်ကျတာပါ။ အဖွားဖြစ်သူနဲ့ ဦးလေးတွေ အဒေါ်တွေ အားလုံးကတော့ "မီးလေး" တဲ့လေ။ ခုချိန်ထိ အမျိုးတွေ အသိမိတ်ဆွေတွေဟာ သူ့ကို သူတို့သဘောတကျ ပေးခဲ့ခေါ်ခဲ့တဲ့ နာမည်လေးတွေကိုပဲ ခေါ်ခေါ်နေကြလေတော့ ကျွန်တော့်ညီမလေးမှာ နာမည်တွေ ပေါများနေတော့တာပေါ့။

ကျောင်းထားရမဲ့အရွယ်မှာ နာမည်တစ်ခုကို သတ်သတ်မှတ်မှတ်ပေးရတော့မယ့်အခါကြတော့ စဉ်းစားရပါပြီ။ ဘယ်သူများ စဉ်းစားတယ်ထင်လို့လဲ။ ကျွန်တော့်မိဘတွေဆီက ညီမလေးကို နာမည်ပေးဖို့ အလိုလို အာဏာကုန်ယူလိုက်တာကတော့ ကျွန်တော်ပါပဲ။ ဗေဒင်ဆရာရွေးပေးတဲ့ နေ့နံသင့် နာမည်တွေထဲကမှ ဒီနာမည်ကိုပဲ မှည့်ရမယ်ဆိုပြီး မရမက ဂျီကျခဲ့တာ။ ညီမလေးက အသားလည်းတော်တော်ဖြူတယ်။ ဒီနာမည်လေးကို ညီမလေးနဲ့ အလိုက်ဖက်ဆုံးလို့ ကျွန်တော်ထင်တယ်လေ။ ပန်းနာမည်လေးတစ်ခုပါ။ အဲဒီပန်းက နည်းနည်းရှားပါးပြီး နေရာတိုင်းမှာလဲ မတွေ့နိုင်ပါဘူး။ သူ့ရနံ့ကလဲ သင်းသင်းလေး။ ရှာကြံပြောဦးမယ်ဆို ဗုဒ္ဓဝင်သမိုင်းထဲမှာလည်း ပါသေးတယ်။ ညီမလေးအတွက် အသင့်လျော်ဆုံး အလိုက်ဖက်ဆုံးလည်းဖြစ် အဓိပ္ပါယ်လည်းရှိတဲ့ အဲဒီနာမည်လေးကို နောက်ဆုံးမှာတော့ အောင်မြင်စွာနဲ့ ကျွန်တော်ကိုယ်တိုင် ရွေးချယ်ခဲ့ပါတော့တယ်။

Friday, July 25, 2008

အဆစ်

"အမရေ အဆစ်ကလေးမပေးတော့ဘူးလား" "အဒေါ်ရေ အဆစ်ကလေး နည်းနည်းထည့်ပါဦး" တို့ဆိုတာ ကျွန်တော်တို့ မကြားရတာ ကြာလှတဲ့စကားလေးတွေပေါ့။ မုန့်ဟင်းခါးစားရင်လည်း ဟင်းရည်အဆစ်တောင်း၊ စားတော်ပဲဝယ်ရင်လည်း အဆစ်တောင်း၊ ဘာဝယ်ဝယ် ဘာစားစား အဆစ်ကလေးနည်းနည်းထည့်ပါ ဆိုတာက အစဉ်အလာတစ်ခုလိုတောင် ဖြစ်နေသလားပဲ။ နည်းတယ်များတယ်ရယ်မဟုတ် နည်းနည်းလေးဖြစ်ဖြစ်ရလိုက်မှ ဝယ်တဲ့သူက ကျေနပ်သွားတယ်။ ဈေးသည်တွေထဲမှာတောင် အဆစ်ပိုပေးလေ့ရှိတဲ့သူကိုမှ လက်သာတယ်ဆိုပြီး အမြဲဖောက်သည်လုပ် ဝယ်လေ့ရှိကြတာ မဟုတ်လား။ ဘာမှ အဆစ်တောင်းလို့မရတဲ့ နိုင်ငံမှာ ရောက်နေတာ နည်းနည်းကြာလာတော့ အဆစ်ကိုပင် မေ့ချင်သလို ဖြစ်နေခဲ့တယ်။ တစ်နေ့တော့ Mac Donald က လက်ဆောင်ပေးတဲ့ ဖန်ခွက်လေးတစ်လုံး မြင်လိုက်တော့ အဆစ်ကို သတိရသွားတယ်။ တော်တော်တူပါတယ် အဲဒီလိုပုံစံမျိုးဖန်ခွက်လေးတွေပေါ့။ ကျွန်တော်ဟာ ငယ်ငယ်တည်းက အဆစ်တောင်းရတာ ပျော်ကိုပျော်တာ။ ကလေးလုပ်လို့ကောင်းတဲ့အရွယ်တုန်းက တောင်ငူသားတို့ အဆစ်တောင်းလို့ သိပ်ကောင်းခဲ့တာလေ။

ကျွန်တော်ကျောင်းတက်တာက တောင်ငူ အ.ထ.က (၂) မှာပါ။ အမျိုးသားကျောင်းသားဟောင်းကြီးပေါ့ဗျာ။ ကျွန်တော့်အဖွား (အမေ့ရဲ့အမေ) အိမ်က ကျွန်တော်တို့ကျောင်းနားမှာပါ။ မနက်ဆို အဖေက ကျွန်တော်တို့ သားအမိနှစ်ယောက်ကို စက်ဘီးနဲ့ လိုက်ပို့တယ်။ ကျွန်တော်က ကျောင်းတက်။ အမေက အဖွားအိမ်မှာ အကျီင်္ချုပ်ပေါ့။ အဖေကတော့ လိုက်ပို့ပြီးတာနဲ့ အဖွား(အဖေရဲ့ အမေ)နဲ့ ဈေးကြီးထဲမှာ ဆိုင်သွားထွက်တယ်။ ညနေ ကျောင်းဆင်းလို့ အိမ်ရောက်တာနဲ့ "အမေ ဒေါ်ဆစ်တိုလာသွားပြီလား" ဆိုပြီး တန်းမေးတော့တာပဲ။ ဒေါ်ဆစ်တိုဆိုတာက မုန့်လက်ဆောင်းရောင်းတဲ့ အဒေါ်ကြီးပါ။ ဗန်းထဲမှာ မုန့်လက်ဆောင်းအိုးလေး နှစ်လုံးရယ် အုန်းသီးတို့ အုန်းနို့တို့ရယ်နဲ့ ပန်းကန်ဆေးတဲ့ရေခွက်ပါမကျန်တင်ပြီး ခေါင်းရွက်ဗျပ်ထိုး လျှောက်ရောင်းတာပါ။ မုန့်လက်ဆောင်အိုးဆိုတာက ရိုးရိုးရေအိုးလိုပေမယ့် သူက အပြင်မျက်နှာပြင်တစ်ခုလုံး ပြောင်ချောနေအောင်လုပ်ထားတာပါ။ ကျွန်တော်က မုန့်လက်ဆောင်းသောက်ရင် ထန်းလျက်ရည်ကိုပဲ ပိုကြိုက်ပါတယ်။ သကြားရည်ကို သိပ်သောက်လေ့မရှိပါဘူး။ မုန့်လက်ဆောင်းခွက်စိမ်းစိမ်းလေးထဲ အုန်းသီးဖတ်များများနဲ့ သောက်ရတာ သိပ်ကောင်းတာပေါ့။ ကျွန်တော်ပြောတာ အဲဒီမုန့်လက်ဆောင်းခွက်ပါပဲ။ တောင်ငူမှာ ခေါ်တာပြောပါတယ်။ ဖန်ခွက်လေးက ပြည်တွင်းထုတ်ပါ။ ဘေးမှာ အစင်းလေးတွေပါတယ် အရောင်က စိမ်းစိမ်းကြည်ကြည်လေး။ မုန့်လက်ဆောင်းသောက်ရင် အရင်ကုန်သွားတာက အရည်ပဲ။ မော့သောက်ပစ်တာကိုး။ အဖတ်တွေက ကျန်နေသေးတော့ အဒေါ်ရေ ထန်းလျက်ရည်လေး အဆစ်ထည့်ပါဦးပဲ။ အဲဒီအဒေါ်ကြီးနာမည်က တကယ်တော့ ဒေါ်ဆစ်တို မဟုတ်ပါဘူး။ ဘာလို့ဒေါ်ဆစ်တိုလို့ခေါ်လဲဆိုတော့ အဆစ်ကလေး ထည့်ပါဦး တောင်းရင် လက်တိုတတ်လို့လို့ပြောတာပဲ။ ကျွန်တော်တောင်းရင်တော့ မတိုပါဘူး။ ဘယ်တိုမလဲ ကျွန်တော်ကလည်း ကလေးပေမယ့် အလိုက်သိတယ်လေ။ အိမ်ကိုလာရောင်းတိုင်း အဒေါ်ကြီးကို ပန်းကန်ဆေးတဲ့ ရေခပ်ပေးနေကြလေ။ အဲဒီတော့ သူကလဲ ကျွန်တော့်ကိုဆို ကြည်ကြည်ဖြူဖြူနဲ့ အဆစ်အမြဲပေးတာပေါ့။

တောင်ငူမှာ ကျွန်တော် ကလေးလုပ်လို့ကောင်းတဲ့ အချိန်တွေတုန်းက ချာလပတ်ရည်ဟာလည်း ကျွန်တော့်ခရေဇီပါပဲ။ ချာလပတ်ရည်ဆိုတာ ချိုချိုမွှေးမွှေးနဲ့ အေးအေးလေးဖျော်ထားတဲ့ အဝါရောင်အဆင်းရှိတဲ့ ဖျော်ရည်ကျဲကျဲတစ်မျိုးပါပဲ။ ဘာတွေနဲ့ ဘယ်လိုဖျော်သလဲတော့မသိဘူး။ ရောင်းတဲ့ဘာဘူကြီးက တောင်းနှစ်လုံးကို ထမ်းပိုးနဲ့ ထမ်းရောင်းတာ။ ရှေ့တောင်းမှာ ချာလပတ်ရည်ဖျော်ထည့်ထားတဲ့ အိုးကြီးကိုထည့် နောက်တောင်းမှာတော့ ဖန်ခွက်တွေပေါ့။ အဲဒီအဆစ်ခွက် (မုန့်လက်ဆောင်းခွက်)နဲ့ပါပဲ။ ဘာဘူကြီးရဲ့ ချာလပတ်ရည်အိုးက သံဖြူဆိုင်မှာ စပါယ်ရှယ်လုပ်ထားတာဗျ။ ရေအိုးလိုပုံမျိုး နှုတ်ခမ်းအဝကျဉ်းနဲ့ ဗိုက်ကားကားပေါ့။ ဘေးမှာ အအေးဓါတ် တာရှည်ခံအောင်နဲ့တူပါတယ် ပိတ်စအနီနဲ့ ပတ်ထားသေးတယ်။ ဖန်ခွက်တွေထည့်တဲ့ဗန်းကလည်း စပါယ်ရှယ်သံဖြူဗန်းပဲ နှုတ်ခမ်းက စောက်နက်နက်နဲ့လေ။ အဲဒီထဲရေထည့်ထားပြီး ဖန်ခွက်တွေ ဆေးတယ်။ ဘာဘူကြီးက မတ်ခွက်တစ်လုံးနဲ့ သံဖြူအိုးကြီးကို ခေါက်ပြီးအော်သေးတာ။ မှတ်မိပါသေးတယ်။ အသံကို လေးလေးကြီးဆွဲပြီးတော့ "ချာ....... လပတ်ရည်...... ချိုချို......အေးအေး" ဆိုပြီးတော့။

ညနေဆိုင်သိမ်းပြီးလို့ အဖေ အဖွားအိမ်ကနေ လာပြန်ခေါ်ပြီဆို အိမ်ပြန်မရောက်ခင် “ဖေ့ ချာလပတ်ရည်“ ဆိုပြီး ဂျီကျတာပဲ။ မသောက်ရမချင်း “ချာလပတ်ရည်“ ပဲအော်နေတာ။ မသောက်ရလို့ကတော့ အိမ်ရောက်တာနဲ့ ကြမ်းပေါ်လှိမ့်ပြီး ယိုးဒယားကတော့တာပဲ။ သားတော်မောင်အကြောင်းသိတဲ့ အဖေလည်း စက်ဘီးကိုပြန်ထုတ် ကျွန်တော့်ကို စက်ဘီးရှေ့ဘားတန်းမှာတင် အဖေကနင်း အမေက နောက်ကကယ်ရီယာခုံမှာထိုင်ပြီး သားအမိသားအဖတစ်တွေ ချာလပတ်ရည်သည် ဘာဘူကြီးကို အရှာထွက်ကြတော့တာပဲ။ သိပ်မရှာရပါဘူး။ နံပါတ် ၆ လမ်းက ညဈေးတန်းလေ။ ခုထက်ထိရှိပါတယ်။ အဲဒီမှာ အများဆုံးရှိတတ်တယ်။ ဘာဘူကြီးတွေ့ရင်တော့ အများကြီးမသောက်ပါဘူး။ တစ်ခွက်ပဲ။ တစ်ခွက်ကုန်ရင် ခွက်ကလေးကို အသာလေးရှေ့ထိုးပေးလိုက်တယ်။ အဆစ်တောင်းတာပေါ့။ ဘာဘူကြီးက သဘောပေါက်ပြီးသား။ အလိုက်တသိနဲ့ နည်းနည်းထပ်ထည့်ပေးရတယ်။ မထည့်ပေးလို့ ရရိုးလား။ သူ့ဖောက်သည်ပဲလေ။ နေ့တိုင်းအားပေးနေတာကိုး။

ခုတော့လည်း ဒေါ်ဆစ်တိုရော ဘာဘူကြီးရော မရှိလောက်ကြတော့ပါဘူး။ ဒါပေမယ့် ကျွန်တော်ကတော့ အခွင့်သင့်တိုင်း အဆစ်တောင်းမြဲပဲလေ။

Thursday, July 17, 2008

ဝါဆိုပန်းခူး

ဝါဆိုလပြည့်နေ့မှာ ဥပုသ်သီတင်းဆောက်တည်ကြ ကုသိုလ်ကောင်းမှုတွေလုပ်ပြီးကြလို့ နောက်တစ်နေ့မှာတော့ ဝါဆိုပန်းခူးထွက်ကြလေ့ရှိတယ်။ ဝါဆိုပန်းဆိုတာ မိုးတွင်း ဝါဆိုချိန်ဆို အလေ့ကျပေါက်တဲ့ ပန်းလေးတွေပါ။ မြို့ထဲမှာလည်း ပေါက်ပေမယ့် တောထဲတောင်ထဲမှာ တပျော်တပါး ပန်းခူးထွက်ကြပြီး ဘုရားကပ်လှူကြတာပါ။ ဝါဆိုပန်းအကြောင်းကိုတော့ အသေးစိပ်မသိပါဘူး။ ကျွန်တော်မှတ်မိသလောက်တော့ ရိုးတံအစိမ်း၊ အရွက်စိမ်းနဲ့ အပွင့်က အဝါရောင်အခိုင်အဖူးလေးဖြစ်ပါတယ်။ အနီးစပ်ဆုံးပြောရရင် ပန်းထိမ်ငိုပန်းနဲ့ ဆင်ပါတယ်။

ကျွန်တော်ကလေးဘဝတုန်းကတော့ တောထဲမှာ ဝါဆိုပန်းခူးဖူးတဲ့ အတွေ့အကြုံလေးတွေ ရှိခဲ့ဖူးပါတယ်။ တောင်ငူမှာ အမေဖက်က အဘွားတွေ အမျိုးတွေ အိမ်နီးချင်းတွေနဲ့ ဝါဆိုလပြည့်ကျော်တစ်ရက်နေ့တိုင်း မြတ်စောညီနောင်ဘုရားသွားတဲ့ လမ်းမှာရှိတဲ့ ဘုရားနဲ့ဘုန်းကြီးကျောင်းတစ်ကျောင်းကို ဝါဆိုပန်းခူးရင်း သွားလေ့ရှိကြပါတယ်။ မြကျိုင်းတောင်ဘုရားလို့ထင်ပါတယ်။

မနက်စောစောကတည်းက ချက်ပြုတ် ပြင်ဆင်ထားကြပြီး စစ်တောင်းတံတားထိပ်ထိ လမ်းလျှောက်သွားကြပါတယ်။ အဲဒီမှာ မြင်းလှည်းဂိတ် ရှိတယ်လေ။ မြင်းလှည်းနှစ်စီး သုံးစီးငှားပြီး မြတ်စောညီနောင်ဘုရားနဲ့ ပသိချောင်း-သံတောင်(၁၃ မိုင်) သွားတဲ့ လမ်းခွဲဖြစ်တဲ့ လေးမိုင်လမ်းဆုံထိ မြင်းလှည်းစီးကြပါတယ်။ လမ်းဆုံကနေ ပသိချောင်းဖက်သွားတဲ့လမ်းပေါ်က လေသာတောင်ပေါ်တက်ပြီး ဘုရားဖူးကြပါတယ်။ အဲဒီကနေ ပြန်ဆင်းလာပြီး လမ်းတစ်ဖက်ခြမ်းကိုတော့ ကပ်ကျော်ကုန်းလို့ခေါ်တယ်။ တောင်ကုန်းလေးပေါ် တက်လိုက်ရင် ကပ်ကျော်စေတီလေး တစ်ဆူကို ဖူးမြင်ရပါတယ်။ ခပ်အုပ်အုပ်တောတန်းလေးထဲက ဆည်းလည်းသံ တရွှင်ရွှင်နဲ့ စေတီလေးကို ဖူးရတာ အင်မတန် အေးချမ်းလှပါတယ်။ စေတီလေးနားမှာ တစ်ပါးတည်း သီတင်းသုံးတဲ့ ဘုန်းကြီးကျောင်းလေး တစ်ကျောင်းလည်းရှိပါတယ်။ ဆရာတော်ကို ဝတ်ပြု၊ လှူဖွယ်တွေလှူပြီး တောလမ်းလေးအတိုင်း ဆက်သွားကြပါတယ်။ အဲဒီတောတန်း တစ်လျှောက်လုံးမှာတော့ ဝါဆိုပန်းဝါဝါတွေ ဟိုတစ်ပင်ဒီတစ်ပင် အလေ့ကျ ပေါက်နေကြတာ အများကြီးပါပဲ။ ပန်းတွေကို အလုအယက်ခူးကြတာ ပျော်စရာကောင်းလှပါတယ်။

တောတန်းလေးရဲ့ တစ်နေရာမှာတော့ သဘာဝအတိုင်းဖြစ်နေတဲ့ ဂူတစ်ဂူရှိတယ်။ အတွင်းမှာ မှောင်နေပြီး စမ်းရေတွေ တစ်စက်စက်စီးထွက်နေတယ်။ ပန်းတွေ အပြိုင်အဆိုင်ချိုးကြရင်း ရှေ့ဆုံးရောက်နေတဲ့ ကျွန်တော်တို့ ကလေးတွေ အဲဒီဂူကြီးနားရောက်ရင် အလိုလိုတံ့သွားကြပြီး လူကြီးတွေအလာကို စောင့်ကြပါတယ်။ သတ္တိကောင်းတာပါ။ တစ်ဖွဲ့လုံးမှာ ကလေးတွေက ကျွန်တော်အပါအဝင် နှစ်ယောက်လား သုံးယောက်လားပါပါတယ်။ ယောက်ျားသားဆိုလို့ ကျွန်တော်ရယ် ကျွန်တော့်ညီဝမ်းကွဲရယ် နှစ်ယောက်ကြီးများတောင်ပါ။ တောလမ်းလေးတစ်လျှောက် သွားကြရင်း ဟိုးဖက်ထိပ်ရောက်တော့မှ ကားလမ်းမပေါ်ပြန်ရောက်ကြပါတယ်။ အဲဒီကနေ လမ်းဆက်လျှောက်ကြပြီး မြတ်စောညီနောင်ဘုရားသွားတဲ့ လမ်းပေါ်က မြကျိုင်းတောင်ဘုရားနဲ့ ဘုန်းကြီးကျောင်းဆီကို ရောက်ပါတော့တယ်။

ဘုရားနဲ့ ဘုန်းကြီးကျောင်းမှာရှိတဲ့ ပန်းအိုးတွေအကုန် ဝါဆိုပန်းတွေနဲ့ ဝေဆာနေအောင် လဲလှယ် ကပ်လှူကြပါတယ်။ ဆရာတော်ကို အသင့်ယူလာတဲ့ သင်္ကန်းနဲ့ လှူဖွယ်တွေလှူ၊ သီလယူ၊ ဥပုသ်စောင့်ကြပြီး ဆွမ်းကပ်ကြပါတယ်။ ဆရာတော်ဘုန်းပေးပြီတော့မှ မွန်းမတည့်မီ နေ့လည်စာကို အားလုံးဝိုင်းဖွဲ့စားကြတာပေါ့။ သူ့အိမ်ကိုယ့်အိမ်က ဟင်းတွေအစုံအလင်နဲ့ အင်မတန်စားကောင်းလှပါတယ်။ နေ့လည်ခင်းမှာတော့ လူကြီးတွေက ဘုရားထဲသွားပြီး တရားထိုင် ဘုရားရှိခိုးနေကြချိန်မှာ ကလေးတွေကတော့ ကျယ်ဝန်းပြန့်ပြူးလှတဲ့ ဘုရားပရဝုဏ်ထဲမှာ ပြေးလွှားဆော့ကစားရတာ မောရပန်းရမှန်းတောင် သတိမရကြပါဘူး။ ညနေ နေအေးတော့မှ ဘုရားကန်တော့ ဆရာတော်ကို ဦးချပြီး အားလုံးပြန်ခဲ့ကြပါတော့တယ်။ အခုတော့ အဘွားတွေလည်း အသက်တွေ အတော်လေးရလာကြပြီမို့ မသွားနိုင်ကြတော့ဘူးထင်ပါတယ်။ အိမ်ကိုဖုံးဆက်တော့မှ မေးကြည့်ရဦးမယ်။

Sunday, July 13, 2008

ရတနာသုံးပါးစုံရာနေ့


၂၀၀၈ ခု ဇူလိုင် ၁၇ ရက်နေ့ဟာ မြန်မာသက္ကရာဇ် ၁၃၇၀ ပြည့်နှစ် ရဲ့ ဝါဆိုလပြည့်နေ့ ဖြစ်ပါတယ်။
ဝါဆိုလပြည့်နေ့ဟာ ဗုဒ္ဓသာသနာတော်ရဲ့ ထူးခြားတဲ့နေ့ထူးနေ့မြတ်တွေထဲမှာ တစ်နေ့အပါအဝင်ဖြစ်ပါတယ်။

ဝါဆိုလပြည့်နေ့တွင်

မြတ်စွာဘုရားအလောင်းတော်နတ်သားသည် မယ်တော်ဖြစ်လာမည့် မာယာဒေဝီရဲ့ ဝမ်းကြာတိုက်မှာ ပဋိသန္ဓေယူတော်မူ ပါသည်

မြတ်စွာဘုရားအလောင်းလျာ သိဒ္ဓတ္ထမင်းသားသည် သက်တော် ၂၉ နှစ်အရွယ်မှာ ထီးနန်းစည်းစိမ်ကိုစွန့်ပြီး တောထွက်တော်မူ ပါသည်

မြတ်စွာဘုရားရှင်သည် ပဉ္စဝဂ္ဂီငါးဦးတို့အား တရားဦး ဖြစ်သော ဓမ္မစကြာတရားတော် ကို မိဂဒါဝုန်တော၌ ဟောကြားတော်မူပါသည်

ဓမ္မစကြာတရားနာယူပြီးနောက် ပဉ္စဝဂ္ဂီငါးဦးထဲမှ အရှင်ကောဏ္ဍည သည် လူသားများထဲမှ ပထမဦးဆုံး သောတာပန်တည်သည့်ပုဂ္ဂိုလ် ဖြစ်လာပါသည်

မြတ်စွာဘုရားရှင်ထံ ထိုအရှင်ကောဏ္ဍညပင် ရဟန်းပြုခွင့်ပေးရန် တောင်းပန်လျှောက်ထားရာ မြတ်စွာဘုရားမှ ခွင့်ပြုပေးတော်မူသဖြင့် ပထမဦးဆုံးသံဃာတော် အဖြစ် ပေါ်ထွန်းလာပါသည်

ထို့ကြောင့် ဝါဆိုလပြည့်နေ့သည် ဗုဒ္ဓသာသနာတော်အတွက် ဘုရား၊ တရား၊ သံဃာ တည်းဟူသော ရတနာသုံးပါးတို့ စုဆုံရာနေ့ထူးနေ့မြတ်ပင် ဖြစ်ပါသည်။ ။


-------------------------------------------------------------------------------------------------အရှင်ကောဏ္ဍည အမည်စာလုံးပေါင်းကို “နှလုံးလှ“ အမည်ဖြင့် စာဖတ်သူတစ်ဦးမှ အမှန်ထောက်ပြသွားပါသဖြင့် ကျေးဇူးတင်ရှိကြောင်း ဆိုပါရစေခင်ဗျား။ နာယူခဲ့သော၊ ဖတ်မှတ်ခဲ့သော တရားတော်များမှ ကောက်နှုတ်ချက်များကို ပြန်လည်ဝေငှခြင်းဖြစ်ပါသည်။ မြတ်စွာဘုရား တရားဦးဟောတော်မူနေသောပုံအား ယုယမြတ်နိုးဘလော့ ညလေးဘလော့ တို့မှအဆင့်ဆင့် ပွားယူပူဇော်ပါသည်။ သက်ဆိုင်သူများအားလုံးအား ကျေးဇူးတင်ပါသည်။

Saturday, July 12, 2008

"အားကိုးပါတယ်" တရားပွဲ

ဒီနေ့ ဆရာတော် ဓမ္မဒူတ အရှင်ဆေကိန္ဒ“ တရားပွဲသွားပါတယ်။ ဝမ်းသာစရာတစ်ခုက ဒီတစ်ကြိမ် ဆရာတော်ကို ဖူးရတာ အတော်ကို ကျန်းမာရေးကောင်းမွန်နေတဲ့ပုံ ပေါ်ပါတယ်။ ယခင်တရားပွဲများဆိုလျှင် ဆရာတော်တရားဟောရာမှာ အသက်ရှူရာတွင် အတော်ကို ခက်ခဲနေပုံမြင်ရတဲ့အတွက် စိတ်မချမ်းမြေ့ဖွယ်ရာ ဖြစ်ရပါတယ်။ သူငယ်ချင်းတစ်ယောက်ကတော့ ဆရာတော် ပြည်ပနိုင်ငံတစ်ခုမှာဆေးကုသမှု ခံယူလိုက်ပြီးနောက် ကျန်းမာရေး ပြန်လည်ကောင်းမွန်လာတယ်လို့သိရပါတယ်။

တရားပွဲကို တိုပိုင်းရိုးက မြန်မာဘုန်းတော်ကြီးကျောင်းမှာ ကျင်းပပါတယ်။ ညနေ ၇ နာရီမှ ၈ နာရီထိဆိုပြီး ဒီနေ့မနက်စောစောကမှ သူငယ်ချင်းတစ်ယောက်ဆီက သတင်းတိုဝင်လာတာနဲ့ သွားနာဖြစ်တာပါ။ ဆရာတော်ဟာ U.Sက မြန်မာအများစုနေထိုင်တဲ့ မြို့တစ်မြို့မှာ စုပေါင်းရှင်ပြုအလှူတစ်ခုကို သွားရောက်ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။ ကျွန်တော်ဘုန်းကြီးကျောင်းရှေ့ရောက်တော့ ၇ နာရီထိုးပါ။ ကျောင်းထဲဝင်လိုက်တော့ ဘုရားကန်တော့နေကြပါပြီ။ အချိန်အတိအကျကို စတာပါ။ အောက်ထပ်တစ်ခုလုံး အပြည့်ပါပဲ။ အပေါ်ဝရန်တာ တက်သွားလိုက်တော့ ဟိုးရှေ့ပိုင်းလေးမှာ နည်းနည်းလွတ်နေတာနဲ့ အဆင်ပြေသွားပါတယ်။ နောက်ကျနေတဲ့ သူငယ်ချင်းတစ်ချို့တော့ ကျောင်းဝန်းထဲကပဲ နာလိုက်ရတယ်လို့ပြောပါတယ်။ ၇ နာရီကနေ ၈ နာရီထိ တစ်နာရီကြာ ဟောကြားရာမှာ အင်မတန် မှတ်သားနာယူဖွယ် ကောင်းလှပါတယ်။ တရားတော်ရဲ့ အကျဉ်းမျှကို ပြောတတ်သရွေ့ ကျွန်တော့်စကားနဲ့ပဲ ပြောလည်ပြောပြတာပါ။ တရားတော်ခေါင်းစဉ်က "အားကိုးပါတယ်" တရားတော်ဖြစ်ပါတယ်။

ဒီကနေ့ လူငယ်လူရွယ်တွေဟာ ပြည်ပမှာ ပညာတွေရှာ စီးပွားတွေရှာနေကြရာမှာ တစ်ချိန်မှာ အားကိုးလောက်သူဖြစ်အောင် ကြိုးပမ်းအားထုတ်သင့်ကြောင်းကို ဟောကြားသွားခဲ့ပါတယ်။ လူတိုင်းစိတ်ဆိုးဖူးကြမှာပါ။ လူတစ်ယောက်ကို စိတ်ဆိုးမိပြီရင်ဆိုရင် လူကိုစိတ်ဆိုးတာလား အဲဒီလူရဲ့ လုပ်ရပ်ကို စိတ်ဆိုးတာလား။ လုပ်ရပ်ဆိုတာ စိတ်ကြောင့်ဖြစ်လာတဲ့အတွက် အဲဒီစိတ်ဓါတ်ကိုပဲစိတ်ဆိုးတာလား။ ဘယ်အရာက အရေးကြီးပါသလဲ။ ကျွန်တော်တို့သည် လူကို စိတ်ဆိုးနေကြတာလား၊ လုပ်ရပ်နဲ့ စိတ်ဓါတ်ကို စိတ်ဆိုးကြ မကြိုက်ကြတာလား။

မြတ်စွာဘုရားအလောင်းတော် မျောက်မင်းဘဝတစ်ခုမှာ ဒေဝဒတ်ဖြစ်လာမဲ့ ပုဏ္ဏားဟာ ချောက်ထဲကျပြီး အစာရေစာငတ်နေတဲ့အတွက် မျောက်မင်းဟာ ကုန်းပိုးပြီး ချောက်ထဲက ခက်ခက်ခဲခဲ ကယ်ခဲ့ပါတယ်။ ချောက်ကမ်းပါးပေါ်ရောက်တော့ မျောက်မင်းဟာ ပင်ပမ်းလွန်းပြီး အိပ်ပျော်သွားခဲ့ပါတယ်။ ပုဏ္ဏားဟာ ဆာလောင်နေတဲ့အတွက် အသက်သခင်မျောက်မင်းကို သတ်စားမယ်ဆိုပြီး အနားမှာရှိတဲ့ ကျောက်တုံးနဲ့ ဦးခေါင်းကို ထုလိုက်ပါတယ်။ မျောက်မင်းရဲ့ဦးခေါင်းက သွေးတွေယိုစီးကျလာပြီး မျောက်မင်းလည်း သစ်ပင်တွေပေါ်တက်ပြေးရတော့တာပေါ့။ ဒါပေမယ့် မျောက်မင်းဟာ အပြစ်မယူခဲ့ပဲ ပြန်လမ်းမသိ မျက်စိလည်နေတဲ့ ပုဏ္ဏားကို သူ့ဦးခေါင်းက ကျလာတဲ့သွေးစက်တွေနဲ့ ရွာဆီရောက်အောင် လမ်းပြပေးခဲ့သည်အထိ ဘုရားလောင်းစိတ်ဓါတ်၊ ပါရမီကို မပြောင်းလဲစေဘဲ ထိန်းသိမ်းခဲ့ပါတယ်။

မြတ်စွာဘုရားရှင်ဟာ ဗျာဒိတ်ခံယူတော်မူပြီးကတည်းကစလို့ လေးအသင်္ချေနဲ့ကမ္ဘာတစ်သိန်းတိုင်အောင် ပါရမီဖြည့်ကျင့်ခဲ့တဲ့ ကာလတစ်လျှောက်လုံးမှာ ဘဝပေါင်းမရေမတွက်နိုင်အောင် ကျင်လည်ခဲ့ရပါတယ်။ မည်သည့်အလောင်းအလျာဘဝမှာဖြစ်စေ ဖြည့်ကျင့်လာတဲ့ ပါရမီ(၁၀)ပါးကို မပျက်မယွင်းစေဘဲ စောင့်စည်းထိန်းသိမ်းလာခဲ့တာမှာ လူသာ(ဘဝသာ)အမျိုးမျိုးပြောင်းလဲခဲ့သော်လည်း စိတ်ဓါတ်နဲ့ လုပ်ရပ်က မပြောင်းလဲပဲ ကျင့်ကြံလာခဲ့တဲ့အတွက် မြတ်စွာဘုရားရှင်အဖြစ် ပွင့်တော်မူခဲ့ရခြင်းဖြစ်ပါတယ်။

ကျွန်တော်တို့သည် ဘယ်အရပ် ဘယ်ဒေသပဲရောက်ရောက် မိမိတို့ရောက်တဲ့အရပ်မှာ အသိပညာ အတတ်ပညာတွေစု စီးပွားဥစ္စာတွေစုရင်း မိမိ၊ မိဘ၊ မိသားစု၊ ဆွေမျိုး၊ ရပ်ရွာ၊ တိုင်းပြည်အတွက် တစ်ချိန်မှာ ပြန်လည်အကျိုးပြုမယ်ဆိုတဲ့စိတ်ဓါတ် ထားရမှာဖြစ်ပါတယ်။ ဒါကြောင့် မိမိကိုယ်တိုင်မိမိ အားကိုးရမှာ ဖြစ်သလို၊ မိဘဆွေမျိုး တိုင်းပြည်နဲ့လူမျိုးအတွက်လည်း အားကိုးရတဲ့လူဖြစ်အောင် မပြောင်းလဲသော စိတ်ဓါတ် ကောင်းမွန်သော စိတ်ဓါတ်မျိုး မွေးကြရမှာဖြစ်ပါတယ်။

ရေကိုလိုချင်လို့ ရေတွင်းတူးရာမှာ လိုချင်တာက ရေဖြစ်ပေမယ့် တူးလို့ထွက်နေတာက မြေစိုင်ခဲ မြေကြီးတွေချည်းသာ အရင်ထွက်လာမှာဖြစ်ပါတယ်။ နောက်မဆုတ်ဘဲ အလိုရှိတဲ့ ရေကြည်ရေအေးကို ရရှိသည်အထိ တူးရမှာသည် မိမိတို့တာဝန်သာဖြစ်ပါတယ်။ အဲဒီလိုပဲ အခုရောက်နေတဲ့အရပ်ဒေသမှာ လိုချင်တဲ့ ပြည့်စုံအဆင်ပြေမှုကို မရသေးခင် အခက်အခဲတွေ ဒုက္ခတွေကို အရင် ရင်ဆိုင်ရနိုင်ပါတယ်။ သို့သော် မိမိတို့သည် လိုရာခရီးကို ရောက်အောင် မပြောင်းလဲတဲ့စိတ်ဓါတ်မျိုး ခိုင်ခိုင်ထားရပါမယ်။

ပြည်ပရောက်တာချင်းတူပေမယ့် အချို့မှာ အချိန်တိုနဲ့ အဆင်ပြေကြပေမယ့် အချို့မှာ အဆင်ပြေမှုများစွာ ကြုံရတာမှာ မိမိပြုခဲ့ဖူးတဲ့အကျိုးအတိုင်းသာ ခံစားကြရပါတယ်။ နေ့စဉ် အချိန်ရတိုင်းမှာ မည်သည့်နေရာတွင်ပင်မဆို မြတ်စွာဘုရားရှင်အား အနည်းဆုံး "နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ" ဆိုပြီး ရွတ်ဆိုပူဇော်သင့်ပါတယ်။ အနက်အဓိပ္ပါယ်ကို မသိသည့်တိုင်အောင် ကြည်ညိုတဲ့စိတ်နဲ့ ပူဇော်တဲ့အတွက် အင်မတန်အကျိုးကျေးဇူးထူးပါတယ်။

ကျွန်တော်တတ်နိုင်သရွေ့ အနီးစပ်ဆုံး ပြန်လည်ဓမ္မဒါနပြုခြင်းဖြစ်ပါတယ်။

Sunday, July 6, 2008

Comment (ကွန်မန့်) ဘာလဲ? ဘယ်လဲ?

ဘလော့ဂ်ဆိုတဲ့ အဝန်းအဝိုင်းတစ်ခု ဘယ်လိုအနေအထားဖြင့် တည်ရှိသည်၊ ဘယ်လိုကူးလူး ဆက်သွယ်နေကြသည် ဆိုတာကို တစ်စွန်းတစ်စမျှ မသိခင်ကတည်းက ဘလော့ဂ်တွေကို ဖွင့်ဖတ်မိခဲ့ဖူးပါသည်။ အဲဒီအချိန်က မြန်မာလိုရေးသားထားသော အင်တာနက်စာမျက်နှာတစ်ခုဆိုသော အသိထက် မပိုသေးတာ အမှန်ပါ။ နောက်ပိုင်း ဘလော့ဂ်တွေ ဟိုတစ်စဒီတစ်စ ဖတ်မိလာရာမှ ဘလော့ဂ်တွေအကြောင်း သိလာရသည်။ ကိုယ်တိုင်ပါ ရေးချင်လာသည်။ ဒါပေမယ့် မြန်မာလိုလုံးဝမရိုက်တတ်သေးသည့်အတွက် လက်လျှော့ထားရသည်။ သူငယ်ချင်းကြီးရောက်လာမှ သူ့ကျေးဇူးနှင့် တောင်ငူ ဆိုတဲ့ဘလော့ဂ်လေးတစ်ခုကို ပိုင်ဆိုင်ခွင့်ရခဲ့သည်။

ယခုဆိုလျှင် တောင်ငူဘလော့ဂ်၏ သက်တမ်း ၅လသာရှိသေးသော ကာလအတွင်းမှာ ကိုယ်တိုင်လည်း အခါအားလျော်စွာ ရေးသလို အခြားသောဘလော့ဂ်များကိုလည်း မျက်နှာကြီးငယ်မဟူ(အသစ်အဟောင်းမရွေး) အဆင်သင့်လျှင်သင့်သလို လည်ပတ်ဖတ်ရှုခဲ့ပါသည်။ ယခုအကြောင်းအရာမတိုင်ခင်အထိ စီဘောက်စ်များတွင်ရေးသားခြင်း၊ ကွန်မန့်ရေးသားခြင်းတို့ကို တစ်ခါတစ်ရံ ပေါ့ပေါ့ပါးပါး၊ တစ်ခါတစ်ရံ လေးလေးနက်နက် ပြုလုပ်ခဲ့ပါသည်။ အချိန်အပိုင်းအခြားတစ်ခုကြာလာသောအခါ သိလာရသည်မှာ ထိုနေရာတို့တွင် ပြီးစလွယ်ဝင်ရေးခဲ့သောစာများထက် အပြုသဘောဆောင်သော ဝေဖန်ထောက်ပြခြင်းများ၊ ရေးသားဖော်ပြချက်များကို ပိုမို၍ ပြန်လည်ဖြေကြားခြင်း၊ တကူးတက (အိမ်တိုင်ယာရောက်) အကြောင်းပြန်ကြားခြင်းတို့ဖြင့် တုန့်ပြန်ကြသည်ကို တွေ့ရှိရပါသည်။

ကျွန်တော်တစ်ဦးတည်းအမြင်ဖြင့်ဆိုရလျှင်

C-Box (စီပုံး)ကို

- ဘလော့ဂ်ချစ်သူ(ရေးသူရော၊ ဖတ်သူပါ) အချင်းချင်း လာလည်ကြောင်း အိမ်ရှင်ကို အသိပေးနှုတ်ဆက်ခြင်း၊
- ခင်မင်စိတ်ဖြင့် ပျော်စေရန် စနောက်ကျီစယ်ခြင်း၊
- လက်ရှိတင်ထားသောပို့စ်များနှင့် မပက်သက်သောအကြောင်းအရာများအား ပြောကြားလိုခြင်း
အစရှိသည်တို့အတွက် သုံးစွဲသင့်သည်ဟု ယူဆလိုပါသည်။

သို့သော်
Comment (ကွန်မန့်) ကိုမူ တင်ထားသော ပို့စ်ကို ဖတ်ရှုမိပြီးနောက် ၎င်းနှင့်ပက်သက်၍

- ဖတ်ရှုသူ၏ ထင်မြင်ယူဆချက်၊
- အပြုသဘောဆောင်သော ကောင်းဆိုးဝေဖန်မှု၊
- အကယ်၍ ထောက်ပြစရာတွေ့ရှိပါက ဝင်ရောက်ဆွေးနွေးခြင်း

အစရှိသည်များကို ပြုလုပ်သင့်သည်ဟု ယူဆပါသည်။ အကြောင်းအမျိုးမျိုးကြောင့် သက်ဆိုင်ရာပို့စ်အတွက် ကွန်မန့်ပေးမည့်အစား စီပုံးတွင်းဝင်ရေးခဲ့ပါက နှမြောစရာကောင်းသည်ဟု ထင်ပါသည်။ အဘယ်ကြောင့်ဆိုသော် ကွန်မန့်တစ်ခုသည် အဆိုပါပို့စ်ရေးသားရာတွင် စိုက်ထုတ်အပ်သော ရေးသားသူ၏ ပေးဆပ်မှု (ဥပမာ- အချိန်)ကို လေးစားရာ၊ အသိအမှတ်ပြုရာရောက်သောကြောင့် အဖိုးတန်လှသလို၊ ဆက်လက်ရှင်သန်လိုစိတ်ကိုပါ ဖြစ်ပေါ်စေသည်ဟု ယုံကြည်ပါသည်။ ဘလော့ဂ်ရေးသားသူ အားလုံးနီးပါးမှာ အလုပ်တစ်ဖက်၊ ကျောင်းတစ်ဖက်နှင့် ရပ်တည်ကြသူများဖြစ်မည်ထင်ပါသည်။ ကျွန်တော့်အနေဖြင့် ကွန်မန့်ကို ဘလော့ဂ်အတွက်ပေးသော "စာမူခ" လို့တောင် တင်စားချင်ပါသည်။

အချို့ပို့စ်များသည် ကွန်မန့်ပေးခဲ့ရလောက်အောင် အကြောင်းခြင်းရာ မရှိပါဘဲလျက် ပေးနေတာကိုလည်း တွေ့ရပါသည်။ ကွန်မန့်ချန်ခဲ့ချင်လောက်အောင် နှစ်ခြိုက်မိပါလျက်နဲ့ အကြောင်းအမျိုးမျိုးကြောင့် မပေးခဲ့ကြတာတွေလည်း ရှိပေမည်။ ထို့ကြောင့် ကျွန်တော်ဖတ်ရှုမိသော ပို့စ်တိုင်းအား မနှစ်သက်ဘဲ ကွန်မန့်မပေးချင်သလို၊ ကျွန်တော်ပေးခဲ့သော ကွန်မန့်သည်လည်း ရေးသားသူကို စိတ်ကျေနပ်သွားစေရန်၊ ပျော်ရွှင်သွားစေရန်၊ အကျိုးတစ်စုံတစ်ရာဖြစ်ထွန်းစေရန်သာ ရည်ရွယ်လိုပါသည်။ ယခင်ပေးခဲ့သည်များတွင် အကျည်းတန်ခြင်းများ ပါကောင်းပါနိုင်ပါသည်။ ထိုအတွက်လည်း ရှက်မိပါသည်။

မည်သည့်စိတ်ဆန္ဒဖြင့်မဆို ဖန်တီးတည်ဆောက်ထားရသော ဘလော့ဂ်များသည် ရေးသားသူအတွက် အနည်းဆုံး "အချိန်" ပေးနိုင်ရသလို၊ လာရောက်ဖတ်ရှုသူတွေအတွက်လည်း ထို "အချိန်" ပင်ပေးရပါသည်။ မိမိတို့၏ ဖဲ့ပေးရသော အချိန်များအတွက် ခံစားမှုတစ်ခု၊ ကျေနပ်မှုတစ်ခုကိုသော်မှ မရပါလျှင် ဆုံးရှုံးခြင်းတစ်မျိုးပင်ဖြစ်ပါသည်။ အပျော်တမ်းဖြစ်စေ၊ မိမိမှတ်တမ်းသဘောမျိုးဖြစ်စေ၊ ရောက်တတ်ရာရာဖြစ်စေ ရေးသားသော ပို့စ်များအတွက် ဖတ်သူရှိခြင်းမရှိခြင်းသည် အကြောင်းမထူးသော်လည်း၊ ကောင်းမွန်သောရည်ရွယ်ချက်ဖြင့် အကျိုးပြုဖွယ်ရှိသော ပို့စ်များအား ကျွန်တော်ကိုယ်တိုင်လည်း ဖတ်ရှုလိုစိတ်ရှိသလို အများသူငါတို့အားလည်း ဝေမျှခံစားစေချင်ပါသည်။

သို့အတွက် ကောင်းမွန်သင့်မြတ်သောပို့စ်များတွင် ကွန်မန့်လေးများဝေဆာနေစေရန် (သို့မဟုတ်) အားထုတ်ရေးသားသူတို့ "စာမူခ" မြိုးမြိုးမျက်မျက်ကလေး ရရှိနိုင်ကြစေရန်အလို့ငှါ ယခုကဲ့သို့ အကြံပြုချင်ပါတော့သည်။

Thursday, July 3, 2008

ခုတော့ဖြင့် ဒီတောင်ငူမှာလေ

ဒီနေ့ကျောင်းစဖွင့်တဲ့နေ့ပေါ့။ တတိယတန်း(က)ဆိုတဲ့အခန်းထဲကို ကျောင်းသူမလေးတစ်ယောက်ဝင်လာတယ် ဆံပင်ဂုတ်ဝဲလေးနဲ့။ ဟာ... သူမလေးပါလား။ "ကြည်ပြာ" ရယ်လေ။ ဒါဆိုသူမလေးက ကျွန်တော်တို့ကျောင်းပြောင်းလာပေါ့။ သူမလေးနဲ့ နွေကျူရှင်တုန်းက အတူတူတက်ခဲ့ရတယ်လေ။ ကျောင်းတွေပြန်ဖွင့်တော့ မတွေ့ရတော့ဘူးထင်တာ။ ခုတော့ ကျွန်တော်အရမ်းပျော်သွားတယ်။ သူမလေးလည်း စာတော်တယ်ဗျ။ အတန်းပိုင်ဆရာမက ကျက်စာဆိုရင် အတိုကောက်လေးတွေ သင်ပုန်းကြီးပေါ်မှာ ရေးပြီးတော့ စာကျက်ပေးလေ့ရှိတယ်။ ပြီးရင် ရတဲ့သူက အရင်ထဆိုစတမ်းလေ။ ယောက်ျားလေးဖက်နဲ့ မိန်းကလေးဖက်အပြိုင်ပေါ့။ မိန်းကလေးတွေအလှည့်ဆို သူမလေးက အမြဲတမ်း ထဆိုတယ်။ ဘယ်ရမလဲ ကျွန်တော်လည်း အားကျမခံပေါ့။ အစကတော့ သူမလေးက မသိဘူးဗျ။ နောက်တော့ သတိထားမိသွားတယ်။ အမြဲတမ်း သူဆိုပြီးပြီဆိုတာနဲ့ ယောက်ျားလေးဖက်က ထွက်တဲ့သူဟာ ကျွန်တော်ပဲ ဖြစ်ဖြစ်နေတာလေ။ သူ့အလှည့်ပြီးပြီဆို ကျွန်တော်မတ်တတ်ထရပ်လိုက်တာနဲ့ သူမလေးဆီက မျက်စောင်းလှလှလေးတစ်ချက် ရောက်လာလေ့ရှိတယ်။ အဲဒီနောက်တော့ သူမလေးရဲ့ မျက်စောင်းလေးတွေဟာ ကျွန်တော်စာစဆိုဖို့ အချက်ပေးနေသလိုပါပဲ။ ကျေကျေနပ်နပ်ကြီး ခံယူမိလျက်သားဖြစ်နေတယ်။


(စတုတ္ထတန်း)

ဒီနှစ်တော့ ကျောင်းမှာအတန်းချင်း တူရုံတင်မကဘူး။ ကျူရှင်ပါတူတယ်။ ကျွန်တော်လေ ပျော်လိုက်တဲ့ဖြစ်ခြင်း။ ကျောင်းကိုတော့ အဖေကလိုက်ပို့တယ်။ ကျူရှင်က အိမ်နဲ့နီးတော့ ဘီအမ်အိပ်စ် (BMX)စက်ဘီးလေးနဲ့ သွားခွင့်ရတယ်။ ကျူရှင်မှာ စက်ဘီးရပ်ရင် အမြဲသူမလေးရဲ့ စက်ဘီးနားမှာပဲ ကပ်ကပ်ရပ်တယ်။ ဟာ.. သူမလေးလဲ ဘီအမ်အိပ်စ်အနီလေးနဲ့ပါလား။ အဲဒီစက်ဘီးရပ်တာကနေစပြီး သူငယ်ချင်းတွေ သိကုန်တယ်။ လိုက်စကြတယ်။ သူမလေးတော့ ဘယ်လိုနေမယ်မသိဘူးပေါ့။ ကျွန်တော်ကတော့ ပျော်လိုက်တာ။ ကျူရှင်မှာ ဆရာက သချာင်္တွက်ခိုင်းရင် မှန်လဲမှန် အရင်လဲပြီးတဲ့သူကို ပထမ၊ ဒုတိယ အဲဒီလိုပေးတယ်။ ပြိုင်တွက်ခိုင်းတာပေါ့။ အမြဲလိုလို ပထမချည်းရတာများတဲ့ ကျွန်တော့်ကို လှမ်းကြည့်တဲ့အခါ နှုတ်ခမ်းလေးပဲ စူတော့မလို ရန်ပဲတွေ့တော့မလိုပဲ။ အူယားစရာလေး။ ကျောင်းမှာဆိုလည်း ဆရာမက စာတော်တဲ့သူတွေဆို ကျက်စာများများပေးတယ်။ နောက်တစ်နေ့မှာ အလွတ်ပြန်ရေးရတယ်။ မှားရင်တော့ လက်ဆစ်ကလေးတွေ တိန်တိန်မြည်ပေါ့။ အဲဒီမှာတော့ သူမလေးက အမြဲလိုလိုအခေါက်ခံရတာကနေ လွတ်တယ်။ သိပ်တော်တဲ့ သူမလေးပါလား။ ဒီလိုနဲ့ အပြိုင်အဆိုင်ကြိုးစားကြတာ ရီပို့ကတ် (Report Card)ရတော့ အမေကတောင် အံ့တွေသြလို့။ အဆင့်တွေ အမှတ်တွေကောင်းနေလို့လေ။ သားဖြစ်သူ ဘာလို့ ဒီလောက်ကြိုးစားနေလဲဆိုတာ သိရင်တော့... ဟင်းဟင်း။ ဒီလိုနဲ့ အတန်းတင်စာမေးပွဲကြီးအောင်စာရင်းတွေ ထွက်တော့ ကျွန်တော် ဒုတိယ။ သူမလေးက ပထမ။ ဘာပြောကောင်းမလဲ။ ပျော်လိုက်တဲ့ဖြစ်ခြင်း။ ဆုပေးပွဲကျတော့ "မခင်ကြည်ပြာနှင်း ပထမဆုယူရန် ကြွပါ" ဆိုတဲ့ အခမ်းနားမှူးရဲ့ ကြေညာသံနောက်မှာ အကျယ်ဆုံးဖြစ်တဲ့ လက်ခုပ်သံဟာ တစ်ခြားလူဟုတ်ရိုးလားဗျာ။


(ပဉ္စမတန်း)

အချိန်ဇယားထဲမှာ ဒီအချိန်တွေကို အမုန်းဆုံးပဲ။ ဟုတ်တယ်လေ။ အကြိုအသက်မွေးဘာသာရပ်တဲ့။ အလယ်တန်းရောက်ပြီဆို စသင်ရပြီ။ ရှစ်တန်းထိအောင်ပဲ။ တောင်ငူတစ်မြို့လုံးမှာ ဒီဘာသာသင်ရတာဆိုလို့ ကျွန်တော်တို့ အ.ထ.က(၂) အမျိုးသားကျောင်း ပဲရှိတယ်။ ယောက်ျားလေးတွေဆိုရင် စိုက်ပျိုးရေး၊ မိန်းကလေးတွေဆိုရင် အချက်ပြုတ်၊ အချုပ်လုပ်တွေ သင်ပေးတယ်။ စာတွေ့ရော၊ လက်တွေ့ရောပဲ။ အပင်လေးတွေ စိုက်လိုက်ကြ၊ မုန့်တွေလုပ်စားကြနဲ့ ပျော်ဖို့တော့ကောင်းပါတယ်။ ဒါပေမယ့် ပျော်ပါဘူးဗျာ။ သင်ရတာက နှစ်တန်းစီပေါင်းလိုက်ပြီး ကျား သပ်သပ်၊ မ သပ်သပ်ခွဲလိုက်တော့ သူမလေးနဲ့ ကျွန်တော်ခွဲရတာပေါ့။ နောက်ပြီး နေ့ခင်းတစ်ပိုင်းလုံး အချိန်ဆက်တိုက်ကြီးလေ။ ကျွန်တော်တို့က စာဖတ်ဝါသနာပါတာလည်း တူတယ်ဗျ။ နေ့လည်ထမင်းပြန်စားပြီး ကျောင်းပြန်ရောက်တာနဲ့ ကိုယ့်စားပွဲစောင်းထဲ လွယ်အိတ်ထိုးထည့်ပြီး ကျောင်းစာကြည့်တိုက်ဆီ တန်းပြေးတော့တာပဲ။ သူမလေးက ထမင်းချိုင့်ပါတယ်လေ။ အဲဒီတော့ စာကြည့်တိုက်ကို အမြဲစောရောက်တာပေါ့။ အမြန်သွားနိုင်ကာမှ သူမလေးဖတ်တဲ့စားပွဲမှာ နေရာရမှာလေ။ ဟဲ.. ဟဲ။



ဒီလိုနဲ့ ရှစ်တန်းနှစ်မှာ သူမလေးနဲ့ ကျွန်တော် မမျှော်လင့်ပဲ ခွဲရဖို့ အကြောင်းဖန်လာခဲ့တယ်။ သူမလေးတို့ တစ်မိသားစုလုံး မန္တလေးပြောင်းကြတော့မယ်တဲ့။ ပြောင်းတာမှ အိမ်တွေခြံတွေတောင် ရောင်းပြီး အပြီးပြောင်းကြမှာတဲ့။ ကျွန်တော်ဆွေးရပြီပေါ့။ သူမလေးလိပ်စာ တောင်းဖို့မပြောနဲ့ စကားတောင် ရဲရဲသွားမပြောရဲတဲ့ ကျွန်တော်ဟာ ဆွေးရုံကလွဲလို့ ဘာများတတ်နိုင်မှာတဲ့လဲ။ ခုတော့ နှစ်တွေကြာခဲ့ပြီပေါ့လေ။ တက္ကသိုလ်ရောက်တော့လည်း မန္တလေးသားသူငယ်ချင်းတွေရတိုင်း သူမလေးနာမည်ပြောပြီး သူတို့နဲ့များ ကျောင်းတို့၊ ကျူရှင်တို့ အတူတူတက်ခဲ့ဖူးလေမလားလို့ သူမလေးရဲ့ သတင်းလေးဘာလေးရအောင် မေးရတာ အမောပါပဲ။ မန္တလေးကျောင်း ပြောင်းသွားတဲ့သူငယ်ချင်းတွေလည်း ကျွန်တော့်ဒဏ်မလွတ်ပါဘူး။ MIT မှာများ တက်နေမလား။ ဒါမှမဟုတ် ဆေးမန်းပဲ ရောက်နေပြီလား။ သူမလေးက စာတော်တယ်မဟုတ်လား။ ဒါပေမယ့်လည်းလေ အချိန်တွေသာ ကြာခဲ့ပါတယ်။ သူမလေးအကြောင်း ဘယ်သူ့ဆီကမှ ဘာသတင်းမှ ခုထိမရခဲ့ပါဘူးဗျာ။ ။

သြော်... ခုတော့ဖြင့် ဒီတောင်ငူမှာလေ။ ။

စာကြွင်း။ ။တောင်ငူသားကို မချစ်တတ်ဘူး ပြောကြလွန်းသော သူငယ်ချင်းများကြောင့် ရေးပါသည်။

Popular Posts