အမ မိုးချိုသင်း၊ အကိုဇနိ အမဇနိ၊ အမဒေါက်တာနုသွဲ့၊ ညီမလေးတွေ ဖြစ်ကြတဲ့ နန္ဒာ၊ nn၊ မေမိုး၊ ညီငယ် black dream၊ အကိုအန်ဒီ၊ အကိုလူသစ်နဲ့တကွ အားလုံးကို ကျွန်တော် ကြိုးစားရေးသားတဲ့ သရော်စာကို အပြစ်မမြင်ဘဲ ချစ်ခင်စွာ စာမူခချီးမြှင့်သွားကြတဲ့ အတွက် ဝမ်းသာကျေနပ်သလို ကျေးဇူးလည်းတင်ပါတယ်။
မြန်မာစာပေမှာ သရော်စာရေးသားတာတွေ ရှိပါတယ်။ ဖတ်ဖူးတဲ့ သရော်စာတွေထဲမှာ ကျွန်တော် သဘောအကျဆုံးက ဆရာမောင်သာချို (ဆရာကြီး ဂျက်ကွမ်းခြံကုန်း)ပါ။ ဆရာ့သရော်စာတွေကို ယခင်ထုတ်ဝေခဲ့တဲ့ မြှားနတ်မောင်မဂ္ဂဇင်းမှာ ဖတ်ဖူးတာပါ။ ထေ့လုံး ပြက်လုံးများနဲ့ ဟာသပါအောင် ရေးရတဲ့အရေးအသားမျိုးမို့ ဖတ်ရတာ ရွှင်လည်းရွှင် သွက်လည်းသွက်ပါတယ်။ ဆရာကြီးဂျက် ဆိုပြီး အစချီလိုက်တိုင်း ဒီတစ်ခါဘာများရေးမှာလဲ၊ ဘယ်လိုများ ရယ်ရတော့မလဲ၊ ဘယ်နေရာမှာ ထေ့ထားသလဲဆိုပြီး မဂ္ဂဇင်းအသစ်ထွက်တိုင်း စောင့်ဖတ်ရတာပါ။ ဆရာဂျက်ရဲ့ သရော်စာမပါတဲ့လဆိုရင် မဂ္ဂဇင်းဖတ်ရတာ မပြည့်စုံသလို ဖြစ်နေတတ်တယ်။ တောင်ငူမှာကျင်းပခဲ့တဲ့ စာပေဟောပြောပွဲ တစ်ခုတုန်းကဆိုရင် ဆရာဂျက် သရော်စာအကြောင်း ဟောသွားတာများ ရယ်လိုက်ရတာ အတောမသတ်နိုင်အောင်ပါပဲ။ အဲဒါကြောင့် ဆရာကြီး ဂျက်ကွမ်းခြံကုန်းကို အားကျပြီး မြန်မာဘလော့ဂ်လောကမှာ မြင်တွေ့ရသမျှကို တစ်ထောင့်တစ်နေရာကနေ ကြိုးစားပြီး ရေးကြည့်တာပါ။
စာမူခ ပို့စ်ရေးမိတဲ့ ကျွန်တော့်အတွက် အဲဒီ ကွန်မန့်ဆိုတာက အမြဲခြောက်လှန့်နေပါတယ်။ ဘာကိုပဲဖတ်ဖတ် စာမဖတ်ခင် ကွန်မန့်ဘယ်နှစ်ခုများရပြီလဲဆိုတာ အရင်ကြည့်မိနေတယ်။ ကွန်မန့်ရှိရှိ မရှိရှိ စာကိုတော့ ဝင်ဖတ်တာပါပဲ။ ကွန်မန့်အများကြီးရထားပြီဆိုရင်တော့ စာမူခတွေထောပြီဟေ့ ဆိုပြီး ပိုစိတ်ဝင်စားမိပါတယ်။ ဖတ်မိတော့မှ သဘောကျတဲ့အကြောင်းအရာဆိုရင် ရက်ရက်ရောရောကို စာမူခပေးဖြစ် ရေးဖြစ်ပါတယ်။ ကျွန်တော့် ကွန်မန့်တွေကို ကြုံကြိုက်ရင် သတိထားကြည့်ပါ။ ကျွန်တော့်ရှုမြင်သုံးသပ်မိတဲ့အတိုင်း ဝေဖန်ထောက်ပြခဲ့ပါတယ်။ သဘောကျရင် ကျသလို လှိုက်လှိုက်လှဲလှဲကို ရေးဖြစ်ခဲ့တာပါ။ အဲလိုမှ မဟုတ်ဘဲ ကွန်မန့်သာများနေတာ အကြောင်းအရာက ရမယ်ရှာမရရင် ကျွန်တော်စိတ်ပျက်မိပါတယ်။
ကိုယ့်ဒေါသနဲ့ကိုယ် လို့ပဲဆိုဆို၊ မယောင်ရာ ဆီလူး ပဲပြောပြော။ စာမူခက ခြောက်လိုက်တဲ့ တစ္ဆေဟာ ကျွန်တော့်ကို သရော်စာရေးဖြစ်အောင် စေ့ဆော်လိုက်တာပါ။ ကျွန်တော်ဖတ်မိတဲ့ ဘလော့ဂ်တွေထဲမှာ တကယ်ကောင်းမွန်တဲ့ အရေးအသားတွေ အကြောင်းအရာတွေ အများကြီးတွေ့ရပါတယ်။ ဒါပေမယ့် တချို့ပို့စ်တွေမှာ ရေးတာကောင်းပါလျက်နဲ့ ကွန်မန့်ရသင့်သလောက်မရကြပါဘူး။ အဲဒီအခါ ကျွန်တော်အားမလို အားမရဖြစ်ရပါတယ်။ ဖွံ့ဖြိုးစသာ ရှိသေးတဲ့ မြန်မာဘလော့ဂ်လောကမှာ ကျွန်တော်တို့ဟာ ရေလိုတဲ့အပင်ကို ရေလောင်း မြေဆီလိုတဲ့အပင်ကို မြေဆီကျွေးမှသာ ပိုမိုလန်းဆန်းလာမှာပါ။
ပို့စ်လို့တင်လိုက်တာနဲ့ ကိုယ့်ဘလော့ဂ်တစ်နေရာမှာ နေ့ရက် အချိန်နာရီ အတိအကျနဲ့ကို မှတ်တမ်းတင်လိုက်ပါပြီ။ အဲဒီ ပို့စ်ရဲ့ အောက်က ကွန်မန့်တွေကအစ ကိုယ့်ဘလော့ဂ်ရဲ့ မော်ကွန်း ဖြစ်သွားပါပြီ။ ဒီနေ့ဒီအချိန်မှာ ဘယ်သူရေးတဲ့ ဘာအကြောင်းအရာကို ဒီလူဒီလူတွေက ဤသို့မှတ်ချက်ချခဲ့လေသည် ဆိုပြီး ဖြစ်သွားတဲ့အခါ ကျွန်တော်တို့ ဘာတွေတင်လို့ ဘာတွေပြောခဲ့ကြမှာလဲ။ နောင်ကြုံလို့ ဖတ်မိတဲ့သူတွေကရော ဘယ်လိုထင်မြင်ကြမလဲ။ မြန်မာဘလော့ဂ်ဆိုတာ ဒီလိုပါလား ဆိုတာရဲ့ နောက်ကွယ်မှာ ကျွန်တော်တို့ ဘာတွေ ရပြီး ဘာတွေ ပေးလိုက်ရတော့မလဲ ဆိုတာ...
မြင်မိတဲ့ ကွက်လပ်ကလေးကို ကိုယ့်စာတွေပေါ် မူတည်ပြီး သရော်စာဖြစ်အောင် ကြိုးစားရေးသားလိုက်ရတာပါ။ တိုက်ဆိုင်သွားသူတွေကို နစ်နာအောင်လုပ်တာ မဟုတ်ပါဘူး။ လစ်ဟာတာ မဖြစ်အောင် အမုန်းဝင်ခံတာပါ။ အသစ်တွေ့ရှိတဲ့ ဘလော့ဂ်မှန်သမျှ ကျွန်တော့် Google reader ထဲမှာ ထည့်ပြီးသားပါ။ ဘယ်ဘလော့ဂ်ဆို မဖတ်ဘူး၊ ဘယ်သူ့စာဆို မဝေဖန်ဘူး ကျွန်တော့်မှာမရှိပါဘူး။ ကျွန်တော်စလုပ်တုန်းကလည်း ဝိုင်းဝန်းအားပေးကြလို့ ဒီလောက်ထိ စိတ်ထက်သန်လာတာပါ။ အခုအသစ်တက်လာတဲ့အထဲမှာလည်း အလားလာကောင်းရင်ကောင်းသလို အားပေးပါတယ်။ ကျွန်တော် တူရာသီဖွားပါ။ တစ်ခုတော့ရှိပါတယ်။ ကျွန်တော် မပေးဝံ့တဲ့ ပို့စ်တွေ အများကြီးရှိပါတယ်။ ကျွန်တော့်စာတွေ စာမူခများများမရလို့လဲ ကျွန်တော်ဘာမှဘာမဖြစ်သလို ရတဲ့သူတွေရကြလို့လဲ ကျွန်တော့်ကို ဘာမှ မသက်ရောက်ပါဘူး။ အားကျတယ်ဆိုတာ ဝန်ခံပေမယ့် ကျွန်တော့် ဘလော့ဂ်သက်နဲ့ ဒီလောက်အတိုင်းအတာဟာ ရောင့်ရဲနိုင်ပါတယ်။ အမဒေါက်တာနုသွဲ့ ပြောသလို ဘလော့ဂ်ဟာ ဘဝ မဟုတ်ပါဘူး။
blogspot ကို လေ့လာကြည့်ရင် ကိုယ့်ဘလော့ဂ်ကို မွမ်းမံလို့ရတာတွေ အများအပြားပါ။ ပြောချင်တာတွေကို တင်ချင်တာတွေကို ပို့စ်တင်မှ မဟုတ်ပါဘူး။ အခြားနည်းနဲ့လည်း ဖော်ပြနိုင်ပါတယ်။ ကျွန်တော်ဆိုလိုတာက ပို့စ်တစ်ခုကို တန်ဖိုးထားစေချင်တာပါ။ ဘာမှမယ်မယ်ရရ မရှိဘဲ လွယ်လွယ်နဲ့ မတင်စေချင်ပါဘူး။ စာလာဖတ်သူကို ပေါ့ပေါ့ပါးပါး ပြောစရာရှိရင် ပို့စ်တင်မှ မဟုတ်ပါဘူး။ အများစုမှာ စီပုံးတွေရှိကြပါတယ်။ စီပုံးကြီးထဲမှာ အားရပါးရ ပြောလို့ရတယ်။ မြန်မြန်ဆန်ဆန်ပြောလို့ရတယ်။ ဝါသနာပါရင် ထကလို့တောင် ရပါတယ်။ Google reader နဲ့ဖတ်သူတွေ အတွက်တော့ အချိန်ကုန် အရမ်းသက်သာပါတယ်။ ကျွန်တော်လည်း အဲဒီလောက် ကျွမ်းကျင်သူမဟုတ်ပါဘူး။ ကလိရင်းနဲ့ လေ့လာ လေ့လာရင်းနဲ့ တွေ့ရှိခဲ့တာပါ။
တောင်ငူသားဟာ အိမ်တွေလည်ပြီး နှာခေါင်းရှုံ့ အပြစ်ပြောတာချည်း လိုက်လုပ်နေတဲ့လူမျိုး မဟုတ်ရပါ။ ကောင်းတာတွေ့ရင် ကောင်းတယ်။ ပြောစရာတွေ့ရင် ပြောမယ်ဆိုတဲ့လူမျိုးပါ။ ရယ်စရာတွေ့ရင် လိုက်ရယ်တတ်ပါတယ်။ ငိုစရာတွေ့ရင်လည်း မျက်ရည်ဝဲပါတယ်။ အမိမြေရဲ့ ဝေးရာကို ရောက်နေတဲ့အချိန်မှာ ကိုယ်ခင်တွယ်နေမိတဲ့ မြန်မာအသိုက်အမြုံလေး သာယာစိုပြေစေ မြန်မာဘလော့ဂ်သမိုင်းလည်း လှပစေ ဆိုတဲ့ စိတ်နဲ့ ကွက်လပ်ကလေး ဖြည့်မိတာပါ။ တောင်ငူသားဟာ ကျောက်ရုပ်လည်း မဟုတ်ရပါ။ စက်ရုပ်လည်း မဟုတ်ရပါ။ တောင်ငူသားမှာ ခံစားတတ်တဲ့ နှလုံးသား ရှိပါတယ်။
17 comments:
ပထမဆုံး မေတ္တာရပ်ခံချင်တာက ကျွန်မကို မနုသွဲ့လို့ပဲ ခေါ်ပါရှင့်။ ရိုးရိုးရှင်းရှင်းပဲပေါ့။
ကိုယ့်နာမည်နဲ့ quote လုပ်ခံထားရတာ တွေ့တော့ ဘယ်လို ပြောရမလဲ။ အားလည်း နာတယ်၊ ခင်လည်း ခင်တယ်ပေါ့။ (အမှန်တော့ လန့်တာပါ)
စကားလုံး နည်းနည်းကြီးလို့ သီးသွားတာ သည်းခံပါရှင်း) ပြီးခဲ့တဲ့ စာမူခကို လာပေးတုံးက လေရှည်လိုက်မိတာ ကိုယ်ချင်းစာလို့ပါနော်။ စာမူခနဲ့ ပတ်သက်ပြီး ကျွန်မကိုယ်တိုင်လည်း ခုတလောလေးတင်ပဲ ညည်းထားမိသေးတယ် (ဘလော့ဂ်ဝါ မရင့်ကျက်သေးတဲ့ သဘောတွေပေါ့လေ)။ ကိုယ်ချင်းစာပြီး ရောညည်းလိုက်တာ ဆရာလုပ်သလိုများ ဖြစ်သွားရင်တော့ တောင်းပန်ပါတယ်။ ဒါကြောင့်လည်း တချို့ ပညာရှိ (ဥပမာ ကိုအင်ဒီ) တွေက ဆိတ်ဆိတ်နေတာ ဖြစ်မှာ။ ကျွန်မ ပြောပြီးသားစကားကို မရုပ်သိမ်းပါဘူး။ ကျန်ခဲ့တာလေး ဖြည့်စွက်တာပါ။ ကျေးဇူးနော်။
ခင်မင်လျက်
နုသွဲ့
တို့လဲ ဆရာကြီးဂျက်ကို သဘောကျတယ်။ တူသွားပြီ။
တောင်ငူသားဆိုလိုတာကို နားလည်ပါတယ်။ ထပ်ရှင်းပြစရာ မလိုပါဘူးလေ။ ကွန်မန့်လေးက စာဖတ်သူရဲ့ response လေးတွေမို့ စာရေးတဲ့သူ ဘယ်သူမဆို စိတ်ဝင်စားကြတာပေါ့။ အပြစ်လဲ မဟုတ်ပါဘူး။ ဒါပေမဲ့ အမ သိသလောက်က ဘလော့ဂ်လောက က appreciate လုပ်တဲ့ အလေ့အထ လေး နဲ့ ကွန်မန့် ပေးလေ့ ရှိကြတာပါ။ အမလဲ တလကျော် ၂လ သမီး အတွေးနဲ့ ပြောကြည့်တာပါနော်။ အမှားပါရင် ခွင့်လွှတ်..။
ကိုယ်လာလည်တယ် စာလည်းဖတ်တယ်...။
ကိုယ့်ဆီမှာ ညီလေးဘလော့ဂ်ကို လင့်ခ် ထားချင်ပါတယ်...။
ညီလေးရေးတာတွေက ကောင်းပါတယ်။ဆက်ရေးပါ..။
ကို ယ့် ဘလော့ဂ်လေးဆို စက်တင်ဘာလကမှစတာပါ...။
မိတ်ဆွေလည်းမရှိ ပါ. လာကြမယ်လို့ လည်း မမျှော်လင့်ပါ..။ ဒါပေမယ့် မိတ်ဆွေ တွေ ရောက်လာကြတယ်..စာတွေ ဖတ်ကြတယ်..ညီလေးပြောသလို စာမူခလေးတွေ ပေးကြတယ်..။
ကိုယ့် ဘလော့ ဆို ညီလေးလိုတောင်မဟုတ်ဘူး၊ ဖတ်တဲ့ သူတွေ ကို စိတ်မကောင်း ဖြစ်စေတဲ့ အတွက် မရေးချင်တော့ဘူးလို့ စိတ်မှာတောင်တွေးမိတာ..။
ဒါပေမယ့် ရေးချင်တယ်..တစ်ခုမှ လုပ်ကြံရေးတာ မပါဘူး...၁၀ ယောက်မလာဘဲ ၁ယောက်လောက်လာပြီး...စာကိုဖတ်လို့ 
တခြားသူကို တခုခုတစ်ဆင့် ပြောပြယင်လည်း
ရင်နာစရာကောင်းတဲ့ ကလေးငယ်တွေဘ၀ကို နားလည်သွားမယ်ဆိုရင် ရေးရကျိုးနပ်ပါတယ်...။
ညီလေး လဲ အတူတူပါဘဲ၊ ဆက်ရေးပါ..။
ညီလေး စာလာဖတ်တဲ့ အချိန် ကိုယ်မရှိခဲ့ တာ..ဆိုးတယ်
ရှိနေခဲ့ ရင် တောင်ငူ အကြောင်းလေး ပြောလို့ ရတာပေါ့။
နောက်ဆုံကြတာပေါ့ ညီလေးရေ..။
ေ၇ာက်ဘူးတာပါ..
အားလုံးကတော်တော်လေးတော်ကြတယ်ဆိုတာသိသာပါတယ်...ညကမိုးလင်းခါနီးထိဖတ်နေမိတယ်..ကောင်းလွန်းလို.ပေါ့....ဟုတ်ဘူးလားးး...တကယ့်စာ
ေ၇းဆ၇ာလေးပါဘဲ....Carry on!
အမမိုးချိုသင်းပြောတာ အရမ်းမှန်ပါတယ်။ ကျွန်တော်ဆန္ဒစောပြီး ကိုယ့်အမြင်ကို ရှေ့တန်းတင်လိုက်မိတာပါ။
ကိုဆူးနဲ့လည်း ဆုံကြတာပေါ့ဗျာ။
လင့်ခ်ထားပါ အကိုရေ။ ရပါတယ်ဗျာ။
အမခင်မြတ်နွယ် အခုလို ကျွန်တော့်စာမျက်နှာထိ လိုက်လာဖတ်ရှုပေးတာ ကျွန်တော် အရမ်းဝမ်းသာရပါတယ်။
အမရဲ့ နားလည်မှုစကား တစ်ခွန်းဟာ ဘလော့ဂ်လူကြမ်းကြီး ဖြစ်ခဲ့ရတဲ့ ကျွန်တော့်ကို မျက်ရည်ဝဲစေပါတယ်။ ဒါ အမှန်စကားပါ။
မေတ္တာဖြင့်
ကျေးဇူးတင်ပါတယ်
ကျွန်တော်လည်း ရင်းနှီးပွင့်လင်းတတ်ပါတယ်။
မေတ္တာဖြင့်
၇ှည်ကြီးမျိုးတွေ တွေ့ဘူးလဲ..၇င်း၇င်း
နှီးနှီးနဲ့အားပေးပြီးနားလည်မှုစာမူခအကြီးကြီးတွေလေ..
တက္ကသိုလ်ဘုန်းနိုင်..မောင်သာ၇..အီကြာကွေး..ချစ်ဦးညို..နာမည်ကြီးတာချင်းမတူဘူးလေ...different style တွေနဲ့မလား...ဒီလိုဘဲပေါ့...ဟုတ်ဘူးလား...ကိုယ့်စတိုင်လ်နဲ့ကိုယ်ပေါ့...ကိုယ့်လိုင်းကိုကိုယ်ပေါက်အောင်ဖေါက်နိုင်တာလည်း..ကိုယ့်အ၇ည်အသွေးဘဲမလား........
KMN
တောင်ငူသားရဲ့ ပို့စ်တိုင်းမှာ ဖတ်သူအတွက် မှတ်သားစရာ အမြဲကျန်တယ်။ ဒါကြောင့်လည်း အမြဲလာဖတ်ဖြစ်ပါတယ်။
-----------------------------------
ကြောင်အစုတ်ပလုပ်လေး
မင့်ရေးမိတာ တစ်ကြောင်းလောက်ကို
ဟေမာနေဝင်းသီချင်း အာဗြဲကြီးနဲ့ ထဆိုလို့ င့ါမှာ လူမုန်းခံရတယ်။ နောက်ပို့စ်တင်ပြီး အတော် ဖြေရှင်းယူလိုက်ရတယ်။ ကလေးတွေကို မစတာဘဲကောင်းတယ်။
ကိုကြောင်မျိုးရဲ့ ဘလော့မှတဆင့်..
ဟီဟိ..
နာမည် ဘယ်လိုအသံထွက်ရမှန်းမသိဘူးဗျာ။
ဧည့်သည်အသစ်ကို ကြိုဆိုပါတယ်။
ကြောင်စုတ်ကြောင်ပဲ့လေးကြောင့် ကျွန်တော့်စာမျက်နှာလေး သိသွားတာလားအမ။
ဟီဟိ.. ကလဲပါသေးတယ်။း)
အမလိုပဲ ကျန်တဲ့သူတွေပါ ဟီဟိနိုင်ပေးကြရင် ကောင်းမယ်ဗျာ။ အမရဲ့ ဟီဟိမှာ အကြည်ဓါတ်တွေ ပါတယ်လို့ ကျွန်တော် ခံစားမိလို့ပါ။
မေတ္တာဖြင့်
စာမူခလေးအတွက် ကျေးဇူးပါ.. :)
စာလေးတွေ.. ရေးသားထားပုံလေးတွေ အရမ်းကောင်းတယ်.. နှစ်သက်မိပါတယ်..။
“ဖွံ့ဖြိုးစသာ ရှိသေးတဲ့ မြန်မာဘလော့ဂ်လောကမှာ ကျွန်တော်တို့ဟာ ရေလိုတဲ့အပင်ကို ရေလောင်း မြေဆီလိုတဲ့အပင်ကို မြေဆီကျွေးမှသာ ပိုမိုလန်းဆန်းလာမှာပါ” ဆိုတဲ့ အရေးအသားလေးက ကိုတောင်ငူရဲ့ စေတနာကို မြင်နေရပါတယ်..။
သရော်စာတွေရေးတဲ့ ဆရာကြီးဂျက် ကို ကျနော်လည်း အရမ်းကြိုက်ပါတယ်..
စာပေလောကမှာ သရော်စာရေးသူတွေရှိသလို ဘလော့လောကမှာလည်း သရော်စာရေးသူတွေ ရှိသင့်ပါတယ်.. ပုဂ္ဂိုလ်ရေးမပါ ထိထိမိမိ ရေးနိုင်ရင်ကောင်းပါတယ်..။
ကျနော်လည်း သရော်စာတွေ ရေးတတ်ချင်တယ်.. သရော်စာက အရမ်းတာဝန်ကြီးတယ်လေ..။
မြင်တာကို မြင်တာအတိုင်း ဟာသနှော ရေးလိုက်ချင်ပေမယ့် ကိုယ်သရော်လိုက်သူရဲ့ စိတ်ခံနိုင်ရည်ကိုလည် ထည့်တွက်ရဦးမှာဆိုတော့ ရေးရမှာ ဝန်လေးမိတယ်.. ။
ကိုတောင်ငူရေ.. အားပေးနေပါတယ်..
သရော်စာ ကောင်းကောင်းလေးတွေကို စောင့်မျှော်နေပါမယ်..
ခင်မင်လေးစားလျှက်..
(ကိုရင်နော်)
မေတ္တာဖြင့်
ပျော်စရာကြီး။ ။
လူတွေ အများကြီးပဲ ကိုတောင်ငူကို လာအားပေးကြတယ်။ ဘာတတ်နိုင်သေးတုန်း။
နောက်တခါ စာကောင်းကောင်း တင်ဖို့သာ စဉ်းစားထား။ ။ လက်ရာကျသွားရင် အားလုံးက ကိုတောင်ငူ ကို ဂွီဂွီဂွမ်ဂွမ် လုပ်ကြလိမ့်မယ်။ ။
ကြိုးစားပါဗျ။ ။ အနော်က စာအစုံ ဖတ်တော့ ဆရာကြီး ဂျက် (ကွမ်းခြံကုန်း) ကို ဘယ်မှာ ဖတ်မိလဲတော့ မသိဘူးဗျ။ ။ လတိုင်း ဖတ်ရတာတော့ သိတယ်။ ။ ကောင်းတယ်ဗျ။ ။ စာတွေက အဆင့် ရှိတယ်။ အနော့် အမြင်ပေါ့ဗျာ။ ။ မဟေသီမှာ စဖတ်ဖူးတာ ထင်တာပဲ။ ။ သိတော့ဘူးဗျာ။ ။
ဒီပိုစ့်ကိုဖတ်ပြီး မဗေဒါရဲ့ မဗေဒါဆိုရာဝယ်ဆိုတဲ့ပိုစ့်လေးနဲ့ပတ်သတ်ပြီး အရင်ကဖြေရှင်းခဲ့တာလေးကို အားမရလို့ ထပ်ပြောချင်စိတ်ဖြစ်မိပါတယ်.. အဟောင်းတွေကို ထပ်တူးပြောတယ်လို့မထင်စေချင်ပါ.. ဘာလို့လဲဆိုတော့ အဲဒိတုန်းက မြန်မာလိုရိုက်ပြီး စာပြန်ဖို့ မလွယ်တာရယ်.. ပြီးတော့ စိတ်မြန်လက်မြန်နဲ့ စာပြန်လိုက်မိတဲ့အတွက်.. မဗေဒါကို စပ်စပ်ထိမခံ အဝေဖန်မခံနိုင်တဲ့သူလို့ ကောက်ချက်မချစေချင်လို့ပါ.. အမှန်တော့.. အဲဒိနေ့က မဗေဒါစိတ်မကောင်းဖြစ်ရတာက မဗေဒါရဲ့ပိုစ့်မှာ ရေခပ်ဆင်းတဲ့ ဘေဒါရီက အဓိကမကျပါဘူး..ဆရာဇော်ဂျီကဗျာထဲက မဗေဒါကမှ အဓိကပါ.. အဲဒိအတွက် မဗေဒါက ဘေဒါရီကို focus မထားခဲ့ပါဘူး.. ကိုတောင်ငူ မဗေဒါရဲ့ပိုစ့်ကိုသေချာဖတ်ရင် သိနိုင်ပါတယ်.. အလေးအနက် မဖတ်ပဲ ဘေဒါရီကို ဗေဒါရီလို့ မဗေဒါက ရိုက်ခဲ့လို့ အမှားတွေ့ပြီ ဆိုပြီး အစောတလျှင်ကွန်မန့် ပေးခဲ့တယ်လို့ ခံစားလိုက်ရလို့ စိတ်မကောင်းဖြစ်သွားတာပါ.. ကိုတောင်ငူအဲလို ဆိုလိုခဲ့တာဟုတ်ချင်မှလဲဟုတ်မှာပါ.. စေတနာနဲ့ စာလုံးပေါင်းမှားတာကိုပြင်ပေးတာလဲဖြစ်နိုင်ပါတယ်.. ဒါပေမဲ့ အရှေ့မှာပြောခဲ့သလိုပဲ ဘေဒါရီဟာ ဒီပိုစ့်မှာ အဓိကမကျတဲ့အတွက် ကျမအတွက် ဒါကအရေးမပါလို့ မပြင်တော့ပါဘူး.. ကိုတောင်ငူ စာလုံးပေါင်းအမှန်ကိုပြောပြသွားတဲ့အတွက် ဗဟုသုတအနေနဲ့တော့ မှတ်ထားလိုက်ပါတယ်..
ပြီးတော့ ရာဇဝင်ထဲကဘေဒါရီကို ခပ်တုံးတုံးလို့မပြောသင့်ဘူးလို့ ကိုတောင်ငူပြောတာကိုတော့ သိပ်ဘဝင်မကျလှပါဘူး.. သူဟာဘုရားဒါကာမ ကျောင်းဒါကာမဆိုတာရော.. သူဟာရာဇဝင်ထဲက လူတစ်ယောက်ပဲဖြစ်ဖြစ်.. ကျမတို့ စာရေးသူမှာ ကိုယ်ပိုင်ဝေဖန်ခွင့်ရှိပါတယ်.. ကျမကသူ့ကို မကောင်းဘူးလို့ပြောတာလဲမဟုတ်ရပါဘူုး.. တစ်ယောက်နဲ့တစ်ယောက် အမြင်တူချင်မှတူပါမယ်.. အဲဒိအတွက်ကြောင့်ပါ.. နားလည်ပေးနိုင်မယ်ထင်ပါတယ်..
နောင်လဲ အမြဲလာလည်သေချာဖတ်ရှုပြီး မဗေဒါရဲ့စာမူခရထိုက်တယ်ထင်တဲ့ပိုစ့်လေးတွေကို စာမူခပေးဖို့ ဖိတ်ခေါ်ပါတယ်.. စာမူခပိုစ့်လေးကိုကြိုက်လို့ အဲဒိပိုစ့်အတွက် စာမူခလဲပေးခဲ့ပါတယ်.. စာလုံးလေးကိုလဲ ယူသုံးလိုက်ပါတယ်...
ခင်မင်လျက်
မဗေဒါ
Post a Comment