တောင်ငူသား

..... စိမ်းလန်းပါစေ ကမ္ဘာမြေ ... ငြိမ်းချမ်းပါစေ ကမ္ဘာမြေ .....

Friday, March 13, 2009

ရန်ကုန်-ကျိုက်ထို-ကင်ပွန်းစခန်း

တောင်ငူကနေ ရန်ကုန်ဆင်းလာကတည်းက အောင်မင်္ဂလာဂိတ်မှာ ကင်ပွန်းစခန်းထိ ရောက်တဲ့ Express ကားတွေကို လိုက်ကြည့်ပြီး ဖုံးနံပါတ်တွေ မှတ်လာခဲ့တယ်။ လက်မှတ်ကို တမင် ကြိုဝယ်မထားဘူး။ ဒီတစ်ခေါက်ကို လွတ်လွတ်လပ်လပ်နဲ့ ပေါ့ပေါ့ပါးပါးပဲ သွားချင်တယ်။ ဟိုလူစောင့် ဒီလူစောင့်တွေလဲ မလုပ်ချင်လို့ သူငယ်ချင်းနဲ့ နှစ်ယောက်ပဲ သွားဖြစ်တယ်။ တောင်ပေါ်ရောက်ရင် တည်းဖို့ကိုတော့ ကျိုက်ထိုဟော်တယ်ပဲ သဘောကျတယ်။ အရင်သွားတုန်းက booking လုပ်ပေးနေကြ သူငယ်ချင်းဆီ ဖုံးနံပါတ် လှမ်းတောင်းတယ်။ မြေနီကုန်းပလာဇာ အပေါ်မှာ ကျိုက်ထိုဟိုတယ် ရုံးခွဲရှိတယ်ဆိုတော့ အဆင်ပြေသွားတယ်။ တောင်ပေါ်ထိ booking လှမ်းပြီးတင်ရမယ် ထင်နေတာ။ အရင်အခေါက်တွေတုန်းက အဆင်သင့်လိုက်သွားရုံပဲဆိုတော့ မသိခဲ့ဘူး။ ဒါနဲ့ ဖုန်းဆက်ကြည့်တော့ သွားချင်တဲ့ရက် ရတယ်။ (တမင် လူရှင်းအောင် ကြားရက်ယူတာ)။ booking က ငွေလာသွင်းထားခိုင်းတယ်။ မသွင်းထားမိရင် တောင်ပေါ်ရောက်တဲ့အခါ အခန်းလက်ကျန်ရှိမှ ရနိုင်မယ်တဲ့။ သူငယ်ချင်းနှစ်ယောက် တစ်ချက်တိုင်ပင်လိုက်ပြီး နောက်တစ်ရက် နေ့လည်ပဲ သွားဖို့ ဆုံးဖြတ်လိုက်ကြတယ်။

နောက်နေ့မနက်ပိုင်းက ငွေနည်းနည်းသွားရောင်းတော့ ဈေးက စကျစပြုနေပြီ။ ရောင်းစရာရှိတာ ရောင်းပြီး အိတ်ပြန်ယူ ရေချိုး၊ ပြီးတဲ့အချိန်မှာပဲ သူငယ်ချင်းက ရောက်လာပြီ။ မြေနီကုန်းပလာဇာရောက်တော့ ဓါတ်လှေကား နည်းနည်းရှာလိုက်ရသေးတယ်။ အရင်က မရောက်ဖူးဘူး။ ဓါတ်လှေကားက ဒဂုံစင်တာဖက်အခြမ်းမှာ။ တက်သွားတော့ ကျိုက်ထိုဟော်တယ် ရုံးခန်းရောက်ပါတယ်။ နောက်တစ်နေ့ညအတွက် တစ်ရက်စာ ပိုက်ဆံရှင်းပြီးတာနဲ့ အောင်မင်္ဂလာကို တန်းဒိုးတယ်။ အောင်မင်္ဂလာရောက်တော့ ဘာကားစီးရမလဲ။ အချိန်တွေ တစ်ချက်ကြည့်လိုက်တော့ “ဝင်း” ကားက အနီးစပ်ဆုံးပဲ။ ညနေလေးနာရီခွဲကား။ တစ်နာရီလောက်လိုသေးတော့ ကားလက်မှတ်ဖြတ်ပြီး ဂိတ်မှာပဲ ခဏနားနေလိုက်တယ်။

ကားစထွက်တဲ့အထိ အေးဆေးပဲ။ ပဲခူးဝင်တော့ ကိုယ်ပေါ်မှာ ရွစိရွစိဖြစ်လာသလိုပဲဆိုပြီး ကြည့်လိုက်တော့။ ပုရွက်ဆိတ်တစ်ကောင်။ ဒါနဲ့ အသာပဲ ဖယ်လိုက်တယ်။ ခဏနေပြန်တော့ ဘေးက သူငယ်ချင်းက သူ့လဲ ကိုက်တယ်တဲ့။ ပြောနေရင်းပဲ နှစ်ကောင် သုံးကောင်တွေ့လာတယ်။ ဒါနဲ့ ဟိုဒီလှန်လှောရှာတော့မှ... လား...လား...။ ကူရှင်အစွပ်အောက်မှာ ကျေးဇူးရှင်တွေ။ ဒါနဲ့ အရေးပေါ်ဉာဏ်နီဉာဏ်နက်သုံးပြီး မလွှဲမရှောင်သာ ဖယ်ရှားလိုက်ရတယ်။ ပုရွက်ဆိတ်တစ်ရန် အေးပြန်တော့... ထိုင်ခုံ။ သူငယ်ချင်းက တံခါးဖက်အခြမ်း ထိုင်တယ်။ သူ့ထိုင်ခုံ ကူရှင်က တကယ့်ကို အရှင်ကြီး။ ရှင်လွန်းလို့ ခဏခဏပြုတ်ကျတယ်။ အောက်က သံဖရိန်နဲ့ ကူရှင်ကို ဘာမှ စွဲထားတာမရှိတော့ဘဲ လွတ်နေတော့ ကားသွားတဲ့အရှိန်နဲ့ နည်းနည်းကြာရင် တစ်ခါပြုတ်နဲ့ ကောင်းကောင်းကို ထိုင်လို့အဆင်မပြေဘူး။ ဒီတော့ ဒုတိယမြောက် ဉာဏ်နီဉာဏ်သုံးပြီး ကူရှင်ကို ကန့်လန့်ဖြတ်ထည့်လိုက်တော့မှ အဆင်ပြေသွားတယ်။ ဒီလိုနဲ့ နည်းနည်းမှောင်လာတော့ နောက်မော်ဒယ် ကျေးဇူးရှင်တစ်ကောင်က ထွက်လာပြန်တယ်။ ဘယ်သူမှတ်လဲ။ နှုတ်ခမ်းမွှေးကောင်လေ။ ပိုးဟပ်ပေါ့။ ဘယ်ကနေ ဘယ်လိုပါလာလဲမသိဘူး။ ဒါနဲ့ သူ့လည်းဖယ်ပြီးမှ အေးဆေးသွားတယ်။ သြော်.. ကျွန်တော်တို့ ရှေ့ထိုင်ခုံ အောက်က အင်ဂျင်ပေါက်ခေါ်မလား ဘီးပေါက်ခေါ်မလား အဲဒီနေရာကလဲ အဖုံးမပါဘူးခင်ဗျ။ အောက်က ကတ္တရာလမ်းကို လှမ်းမြင်နေရတော့ ကိုယ့်ပစ္စည်းပစ္စယ ထွက်မကျအောင် သတိထားနေရတယ်။


ညဖက် ကင်ပွန်းစခန်း ဈေးတန်းတစ်နေရာ


လမ်းမှာတစ်ထောက်နားတော့ သိမ်ဇရပ်ထင်တယ်။ ဗိုက်ဆာဆာနဲ့ ထမင်းကြော်ပူပူနွေးနွေးကို နှစ်ယောက်သား အဝတီးပြီး နွားနို့ပါ ဆွဲကြသေးတယ်။ နွားနို့ကလည်း ကောင်းတယ်။ ကျိုက်ထိုနားနီးလာတော့ “စိမ်းလဲ့တင်” ကို ဖြတ်လာခဲ့တယ်။ “ငွေမိုး ဆေးခန်း” အတွက် ခွဲခန်းစလောင်းသွားဆင်တုန်းက မော်လမြိုင်ကားရပ်တာနဲ့ စိမ်းလဲ့တင် မှာ တစ်ထောက်နားခဲ့ဖူးတယ်။ တော်တော်လေး သန့်ရှင်းသပ်ယပ်ပြီး အဆင်ပြေတယ်။ ကျိုက်ထိုရောက်တော့ ဝင်းကားဂိတ်မှာ ခဏရပ်ပြီး ကင်ပွန်းစခန်းထိ ဆက်မောင်းတယ်။ ကင်ပွန်းစခန်းဝင်တော့ ဆိုင်တွေတောင် အတော်ပိတ်ကုန်ပြီ။ လက်ဖက်ရည်ဆိုင်တချို့လောက်ပဲ ရှိတော့တယ်။ ကားပေါ်က ဆင်းဆင်းချင်း ဘယ်မှာ တစ်ညတာ တည်းရမလဲ စဉ်းစားရတယ်။

2 comments:

အခြေအနေတွေကတော့နော်...
ထူးမလာဘူး..
ခရီးသွားဘို့ကို...ကားကောင်းကောင်းလေးတွေနဲ့..
ဘယ်တော့လဲမသိဘူး...
 
ကျိုက်ထီးရိုးသွားချင်တယ်
 

Popular Posts