တောင်ငူသား

..... စိမ်းလန်းပါစေ ကမ္ဘာမြေ ... ငြိမ်းချမ်းပါစေ ကမ္ဘာမြေ .....

Thursday, January 29, 2009

သွားရည်ကျတဲ့ပုံပြင်

တစ်ခါတုန်းက လင်ဗန်းတိုင်းပြည်ကြီးမှာ ပေါင်မုန့်ဘုရင်ကြီးရယ် ကိတ်မုန့်မိဖုရားကြီးရယ် အုပ်ချုပ်သတဲ့ကွယ်။ သူတို့မှာ ဘီစကစ်သားတော်လေးတစ်ပါး ထွန်းကားတယ်။ ဘီစကစ်မင်းသားလေး အရွယ်ရောက်လာတော့ ဟိုဖက်တိုင်းပြည်က ကျောက်ကျောပါမောက္ခဆရာကြီးဆီမှာ ဓါးခုတ်၊ လှံထိုး၊ စက်ကြိုး၊ ယန္တရား၊ ဘာညာကွိကွ အစရှိတဲ့ အဌာရဿဆယ့်ရှစ်ရပ်ကို သွားရောက်သင်ကြားစေသတဲ့။ တကယ်တော့ မင်းသားလေးက ဂေါ်လီလုပ်လို့ကောင်းနေတုန်းအရွယ်ဆိုတော့ ပညာသင်မသွားချင်ဘူးလေ။ ဒါပေမယ့် ခမည်းတော်က တစ်ချက်လွှတ်အမိန့်ဆိုတော့လည်း သွားရတော့တာပေါ့။



အတိုင်းတိုင်းအပြည်ပြည်က မင်းညီမင်းသားတွေထဲမှာမှ ဘီစကစ်မင်းသားလေးက ဘာသာရပ်တိုင်းမှာ တကယ်ကို ထူးချွန်သတဲ့။ ကျောက်ကျောပါမောက္ခဆရာကြီးကို လာဘ်ထိုးပြီး အမှတ်ကောင်းအောင် လုပ်လို့လဲ မရဘူးလေ။ ဟိုက private ကျောင်းကိုး။ ဆရာကြီးမှာ အင်မတန်ချောမောလှပပြီး ယဉ်ကျေးသိမ်မွေ့လှတဲ့ ဟာလဝါသမီးလေးတစ်ယောက် ရှိတယ်လေ။ သူ့သမီးလေးက မင်းသားလေးနဲ့ အရွယ်တူဆိုတော့ ထိမ်းမြားပေးရင်ကောင်းမယ်လို့ ဆရာကြီးစဉ်းစားမိတယ်။ ဆရာကြီးအနေနဲ့ကလည်း မင်းသားတွေအများကြီးထဲက တစ်ယောက်မဟုတ် တစ်ယောက်နဲ့ ပေးစားလို့ရပေမယ့် ဘုရင့်သားတော်ဖြစ်တိုင်း အရည်အချင်းရှိတာမျိုးမှမဟုတ်ဘဲကိုး။ ဘီစကစ်မင်းသားလေးကတော့ တပည့်တွေထဲမှာ လိမ္မာရေးခြားလည်းရှိ ထူးလည်းထူးချွန်တော့ ဆရာကြီးက သဘောကျသတဲ့။ သူ့သမီးကိုသာ မင်းသားလေးနဲ့ ပေးစားနိုင်ရင် သူလည်း ပေါင်မုန့်ဘုရင်ကြီးနဲ့ ခမည်းခမက်ဖြစ်၊ သူ့သမီးလည်း အိမ်ရှေ့စံကတော်ဖြစ် နောက်ဆို မိဖုရားကြီးတောင်ဖြစ်မှာဆိုတော့ အဲဒီ projectကို မဖြစ်ဖြစ်အောင်စီစဉ်သတဲ့။



ကျောက်ကျောပါမောက္ခဆရာကြီးရဲ့ အစီအမံကောင်းမှုကြောင့် ဘီစကစ်မင်းသားလေးနဲ့ ဟလဝါမင်းသမီးလေးတို့လည်း ချစ်ကြိုက်သွားကြတော့တာပေါ့။ မင်းသားကလည်း မိန်းမကောင်းတို့ရဲ့ ကြန်အင်လက္ခဏာနဲ့ ပြည့်စုံနေတဲ့ဟာလဝါလေးကို စမြင်ကတည်းက ချစ်ကြိုက်မိနေတာတဲ့။ အတူပညာသင်ဖက်တွေထဲက ဆနွင်းမကင်းမင်းသားတို့၊ ရွှေကြည်မင်းသားတို့ဆိုရင် ဟာလဝါလေးကို အသည်းအသန် ကြွေနေကြရှာတာ။ ဆရာကြီး တင်းမှာစိုးလို့သာ ငြိမ်နေရတာ။ အခုတော့ ဆရာကြီးက အတိုင်းတိုင်းအပြည်ပြည်က ပညာလာသင်ကြတဲ့ တပည့်တွေထဲမှာမှ သူ့ကို လိုလိုလားလားဆိုတော့ သားသားကြိုက်ကြိုက်ပေါ့။ သူက ကံထူးရှင်ဖြစ်သွားတာကိုး။ ပညာစုံလို့ အိမ်အပြန်ခရီးမှာတော့ ဘီစကစ်မင်းသားလေးမှာ ပညာအပြင် ကြင်ယာပါ ရခဲ့တာပေါ့ကွယ်။



သြော်.. မင်းသားလေးက ပညာသင်ခရီးကို စထွက်လာကတည်းက မင်းသားတစ်ပါးရဲ့ အဆောင်အယောင်တွေ ကိုယ်ရံတော်တွေနဲ့ မလာခဲ့ဘူးတဲ့။ သူက အရည်အချင်းရှိတဲ့ ဘုရင့်သားတော်ဆိုတော့ သူ့အားသူကိုးပြီး သာမန်အရပ်သားလိုပဲ လာခဲ့တာ။ အခုအပြန်ခရီးမှာ ကြင်ယာတော်ပါ ပါလာပြီဆိုတော့ သူက တစ်မျိုးစဉ်းစားမိတယ်။ အလာလမ်းအတိုင်းပြန်ရင် ခရီးက နီးတယ်။ တိုင်းပြည်ပြန်ရောက်ရင်လည်း အိမ်ရှေ့စံအဖြစ်ကနေ ဘိသိက်ခံ ဘုရင်လုပ်ရတော့မှာဆိုတော့ ချစ်ချစ်နဲ့ ဟန်းနီးမွန်း သွားနိုင်တော့မယ်မထင်ဘူး။ အဲဒါကြောင့် အခုအပြန်ခရီးကို အခြားတစ်လမ်းကနေ သွားမယ်ဆိုပြီး မုန့်ဟင်းခါးဖတ်တောကြီးထဲကနေ ဖြတ်ပြန်ဖို့စီစဉ်တယ်။



မင်းသားလေးရဲ့ အကြံက မုန့်ဟင်းခါးဖတ်တောကြီးထဲမှာ ချစ်ချစ်နဲ့ နှစ်ယောက်တည်း တောတောင်သဘာဝတွေ ခံစားရင်း အေးအေးလူလူ နားနားနေနေ ပြန်ကြမယ်ပေါ့။ သူက လက်ရုံးရည်ရော နှလုံးရည်ရော ပြည့်စုံတဲ့သူဆိုတော့ ဘယ်သူ့အကူအညီမှ မယူဘဲ ကြင်ယာတော်ကို ကာကွယ်နိုင်ရမယ်လို့ သူ့ကိုယ့်သူ ယုံကြည်မှုအပြည့်ရှိတယ်လေ။ ဒီလိုနဲ့ မုန့်ဟင်းခါးဖတ်တောကြီးထဲမှာ တူနှစ်ကိုယ် ကလူကျီစယ်ရင်း ပြန်လာခဲ့ကြတယ်။ လမ်းခရီးတစ်ဝက်အရောက်မှာ တစ်ညတာ စခန်းချညအိပ်ကြသတဲ့။ မင်းသားလေးက မီးပုံလေးဖိုလိုက်ပြီး ချစ်သူလျောင်းစက်ဖို့ သူ့ပေါင်ကို ခေါင်းအုံးအဖြစ် အိပ်စေသတဲ့။ သူကတော့ မအိပ်ဘဲနဲ့ တစ်ညလုံး ထိုင်စောင့်နေသတဲ့။ အဲဒီညက တိုက်တိုက်ဆိုင်ဆိုင် လပြည့်ညတဲ့။ မိုးပေါ်က ထိန်ထိန်သာနေတဲ့ လမင်းကြီးရယ် မှိတ်တုတ်မှိတ်တုတ် ကြယ်လေးတွေရယ် အနီးနားက စမ်းရေစီးသံရယ် တောကောင်လေးတွေရဲ့ အော်သံရယ် ညက အတော်ကို ဆွတ်ပျံ့ကြည်နူးစရာကောင်းနေတယ်။ ဒါနဲ့ မင်းသားလေးကလည်း ရုတ်တရက် စိတ်မထိန်းဘဲနဲ့ သီချင်းလေး ညဉ်းမိတယ်တဲ့။ သီချင်းလေးက “အချစ်ညရင်ခုန်သံ”တဲ့။ နားထောင်ဖူးကြလားတော့ မသိဘူး။ တကယ့်ကို ရိုမန်တစ်သီချင်းလေးပေါ့။



မင်းသားလေးရဲ့ သီချင်းသံလေးကြားရတော့ ကြင်ယာတော်မင်းသမီးလေးလည်း နိုးလာတယ်။ မင်းသားလေးက အသံလည်းသာ အဆိုလည်းကောင်းတော့ မင်းသမီးလေးလည်း မနေနိုင်ဘူး ထလာတယ်။ ဒါနဲ့ မင်းသားလေးက “အိပ်လေ နှမတော်ရဲ့ စက်တော်ခေါ်လို့ မပျော်ဘူးလား” လို့ ကြင်ကြင်နာနာမေးလိုက်တယ်။ မင်းသမီးလေးက “အခုလို သာယာတဲ့ညလေးမှာ မောင်တော် တစ်ပါးတည်း စောင့်နေရတာ နှမတော်ဖြင့် ရွှေစိတ်တော်ပူလို့ စက်တော်ခေါ် မပျော်နိုင်ပါဘူး မောင်မောင်ရယ်”လို့ သံတော်ဦးတင်လိုက်တယ်။ ဒီလိုနဲ့ အိပ်မရကြမဲ့အတူတူ ချစ်သူနှစ်ဦးရဲ့ မင်္ဂလာဦးညလေးကို တစ်ယောက်မျက်နှာ တစ်ယောက် တစိမ့်စိမ့်ကြည့်ရင်းနဲ့ ကုန်ဆုံးခဲ့ကြသတဲ့။



နောက်နေ့နံနက် ခရီးဆက်တော့ တစ်နေရာအရောက်မှာ ရုတ်တရက် သူတို့ရှေ့မှာ ပေါက်ပေါက်ဆုပ်ဘီလူးညီနောင်“ပလွတ်”ဆို ရောက်လာသတဲ့။ ဖြတ်လတ်တဲ့ မင်းသားလေးက မုန့်လက်ညိုးဓါးကို အသင့်ထုတ်ပြီးသားပေါ့။ ဘလောင်နှစ်ကူးက “ဒီတောထဲက ဖြတ်သွားတဲ့သူမှန်သမျှ ငါတို့အစာပဲ”လို့ပြောပြီး ရန်မူဖို့ပြင်တယ်။ ဘယ်ရမလဲ မင်းသားလေးက ဇာတ်လိုက်လေ။ အဲဒီတော့ အဲဒီပေါက်ပေါက်ဆုပ်နှစ်ကောင်ကို မုန့်လက်ညှိုးဓါးနဲ့ ဆော်ပလော်တီးလိုက်တာ ဆေးရုံတောင် မရောက်သွားရှာဘူး။ မာလကီးယားသွားတော့တယ်။ တောထဲမှာဆိုတော့ ဆေးရုံလည်းမရှိပါဘူး။ အဲဒီအချိန်မှာ မုန့်ဆီကြော်ဘီလူးမကြီးက အုန်းမှုတ်ခွက် satellite ကနေ သူ့သားတွေ ဒီနေ့ဘာအစာရလဲဆိုပြီး လှမ်း check တယ်လေ။ အဲဒီတော့ သူ့သားနှစ်ကောင် ရှောနေတာကို တွေ့သွားပြီး ဒေါသထွက်ထွက်နဲ့ သူနေတဲ့ မုန့်စိမ်းပေါင်းတောင်ပေါ်ကနေ ဖနောင့်နဲ့ သုံးချက်ပေါက်လိုက်တော့ သာကူဆိုင်ကလုန်းက တိုက်ခတ်လာပါရော။



မင်းသားလေးက သတ္တဝါချင်းပဲ ယှဉ်နိုင်တာလေ။ အခုဟာက သာကူဆိုင်ကလုန်းဆိုတော့ သူလည်း မင်းသမီးလေးလက်ကို အမြန်လှမ်းဆွဲပြီး နီးရာသစ်ကိုင်းကို ဖမ်းဆုပ်ထားလိုက်တယ်။ ဒါပေမယ့် သာကူဆိုင်ကလုန်းက တော်တော်နဲ့ မရပ်တော့ ကြာရှည်မခံနိုင်တော့ဘဲ တကွဲတပြားစီ လွင့်ပါသွားတယ်။ မင်းသားလေးက ကော်ဖီချောင်းရေထဲ မျောပါသွားသလို မင်းသမီးလေးကလည်း လက်ဖက်ရည်ချောင်းထဲ မျောပါသွားတယ်။ အဲဒီကော်ဖီချောင်းနဲ့ လက်ဖက်ရည်ချောင်းက လင်ဗန်းတိုင်းပြည်ရဲ့ နယ်စပ်က နွားနို့ကန်ကြီးထဲကို စီးဝင်တယ်။



ကံကောင်းချင်တော့ နွားနို့ကန်ကြီးရဲ့ ကမ်းစပ်က မလှမ်းမကမ်းနေရာတွေမှာ သူတို့နှစ်ဦးလုံး တင်ကျန်ရစ်တယ်။ မသေဘူးပေါ့ကွယ်။ သေလို့လဲ မရဘူးလေ။ ဇာတ်လိုက်တို့စုံတွဲကိုး။ မေ့မျောနေတာပေါ့။ အဲဒီအချိန်ဟာ ပေါင်မုန့်ဘုရင်ကြီးနဲ့ ကိတ်မုန့်မိဖုရားကြီးတို့ တိုင်းခန်းလှည့်လည်ရင်း နွားနို့ကန်နားကို ရောက်လာတာနဲ့ တိုက်ဆိုင်နေတယ်တဲ့။ ဒီနေရာမှာ နည်းနည်းကျော်လိုက်မယ်။ ဟုတ်ပါတယ်။ အားလုံးထင်ထားကြတဲ့အတိုင်းပဲ ဇာတ်လိုက်မင်းသားလေးဟာ မင်းသမီးလေးနဲ့ ပျော်ရွှင်စွာပေါင်းဖက်ရင်း လင်ဗန်းတိုင်းပြည်ကြီးကို ဘုရင်အဖြစ် သက်ဆုံးတိုင် မင်းကျင့်တရားဆယ်ပါးနဲ့အညီ အုပ်ချုပ်သွားတော့သတဲ့ကွယ်။

ပုံပြင်လေးကတော့ ဒါပါပဲကွယ်။



(လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ဝန်းကျင်က လုံမလေးမဂ္ဂဇင်းပါ ပုံပြင်လေးတစ်ပုဒ်ကို တောင်ငူသား version နဲ့ အသက်ပြန်သွင်းထားတာပါ။ သားသားဂျူလိုင်ရေ ကျေနပ်ပါနော်)



အားလုံးကိုယ်စိတ်နှလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ။

Thursday, January 15, 2009

အကြွေးရှင်းတမ်း

ခရီးရောက်မဆိုက် ပို့အသစ်တင်ဖို့ ပျင်းနေတာကို အကြွေးလာတောင်းတဲ့သူက ရှိသေးတယ်။ ကျွန်တော်က စာရေးတာ ဝါသနာပါပေမယ့် ကိုယ်သန်ရာကိုပဲ ရေးချင်တယ်။ တစ်ချို့အကြောင်းအရာတွေကို မရေးတတ်ပါဘူး။ “အသွားမတော် တစ်လှမ်း အစားမတော် တစ်လုတ်”ဆိုသလိုပဲ အရေးမတော်တော့ တစ်ပုဒ်နဲ့ ဒုက္ခရောက်မှာ စိုးပါတယ်။ အဲဒါကြောင့် သွားသတိ စားသတိ ရေးသတိနဲ့ လုပ်နေရတယ်။


ခင်မင်ရာ ခင်မင်ကြောင်းတွေကို TAG ကမ္ဘာ TAG ရေစီးထဲကို ဆွဲဆွဲခေါ်ကြတဲ့ဓလေ့က ဘလော့ဂ်လောကမှာ အတော်တွင်ကျယ်ပါတယ်။ ကြီးကြီးငယ်ငယ် ရွယ်ရွယ်လတ်လတ် မျောပါလေ့ရှိပါတယ်။ ဒီရေစီးထဲကို လိုက်ပါစီးမျောဖို့ ပထမဆုံးများဆိုတဲ့ ခေါင်းစဉ်နဲ့ ပထမဆုံး ခင်မင်စွာ TAG သွားတဲ့သူကတော့ အစ်ကိုကြီး ကိုအောင်သာငယ် ပါ။ (အစ်ကိုကြီးခင်ဗျာ... ပထမဆုံးများကို ခေါင်းစဉ်ခွဲလေးများဖြင့် တင်မည့်အစား မှတ်မှတ်ရရဖြစ်ခဲ့ရသည့် ပထမဆုံးနဲ့ တစ်ကြိမ်တည်းသာ လုပ်ခဲ့ဖူးသော သတိုးသားအရံ ဆိုသည့်အကြောင်းကို အမြင်ပသာဒလှပအောင် အဆင်တန်ဆာစကားလုံးများနဲ့ တင်ဆက်ရေးသားထားပါတယ်။ အားပါးတရမဟုတ်ပေမယ့် ကျေနပ်နိုင်မှာပါ။ အားလုံးကုန်စင်အောင်ဖတ်ရှုပြီး စာမူခ ပါ ပြည့်ပြည့်ဝဝ ချီးမြှင့်ပေးစေလိုပါတယ်)


ဒုတိယမြောက် တွန်းချ (အဲ..)ဆွဲခေါ်တဲ့သူကတော့ မကြီးတန်ခူး ဖြစ်ပါတယ်။ အချစ်အကြောင်းကို ရေးခိုင်းခဲ့တာပါ။ အချစ်နဲ့ဝေးနေတဲ့အချိန်မှာ အချစ်အကြောင်းရေးခိုင်းတော့ “အလင်းပြန်နိယာမ”ဆိုတဲ့ အချစ်ပို့စ်လေးက သိပ်ပြီးမလှပလိုက်ဘူးလို့ထင်တယ်။ လှလားမလှလားတော့ မသိဘူး။ ရေးခိုင်းခဲ့တဲ့ မကြီးတန်ခူး ကိုယ်တိုင်တောင် စာမူခ လာပေးတာ မတွေ့ရဘူး။ (ကျွန်တော်ကလည်း ရေးပြီးကြောင်း သွားမပြောခဲ့ရပါဘူး)။ အခုတော့ ရန်ကုန်ပြန်တုန်းမှာ တောင်ငူသားတစ်ယောက် အချစ်နဲ့ တွေ့လိုက်ရတော့ ရေထိပန်းနှယ် လန်းဆန်းသွားတယ်။ အဲဒါကြောင့် မကြာခင် အချစ်အကြောင်းတွေ ထပ်ရေးဦးတော့မှာမို့ TAGထားဖူးတဲ့ မကြီးတန်ခူးရေ စာမူခတွေ မျှော်နေမယ်ဗျို့။


အခုနောက်ဆုံးအကြွေးလာတောင်းတဲ့ ပုဂ္ဂိုလ်လေးကတော့ သူငယ်နာမစင်သေးတဲ့ သားသားလေး ဂျူလိုင်အိပ်မက် ပါ။ ပေါက်ပေါက်ရှာရှာ ဒီကလေးနှယ်။ ဒီအရွယ်ကြီးကျမှ ကာတွန်းကားအကြောင်း ရေးပေးရဦးမတဲ့။ သူ့ဟာသူ ကလေးစိတ်မကုန်လို့ ကာတွန်းကြိုက်တာ ကြိုက်ပါဗျာ။ တစ်ချို့လည်း သူတို့ဝါသနာ သူတို့ဗီဇလေးတွေကို အသက်ဘယ်လောက်ကြီးကြီး မဖျောက်နိုင်ကြပါဘူး။ ဒါပေမယ့်ဗျာ ရည်းစားတောင် မရသေးတဲ့ အချိန်မှာ ကာတွန်းကားအကြောင်းတွေ လျှောက်ရေးနေရင် မကြီးမငယ်နဲ့ ကာတွန်းကားတွေ ကြိုက်နေတယ်ဆိုပြီး အဘယ်လုံမပျိုက ဒီသူငယ်ကို စိတ်ဝင်စားပါ့တော့မလဲ။


ဒါပေမယ့်လည်း ဒါပေမယ့်လည်းပေါ့ဗျာ။ ကလေးဆိုတာမျိုးက သူတို့လိုချင်တာမရရင် အင်မတန် ဂျီ ကျတတ်တာကလား။ အနည်းဆုံး ချောကလက်စားချင်နေတဲ့ ကလေးကို သကြားလုံးလောက်တော့ ပေးမှ တော်ပေလိမ့်မပေါ့။ အဲဒီတော့ သားသားဂျူလိုင်ရေ ကာတွန်းကားတော့ မလုပ်ပါနဲ့ကွယ်။ ဦးဦးတောင်ငူ ငယ်ငယ်က ကာတွန်းကားတွေ ကြည့်ခဲ့ကြိုက်ခဲ့ စွဲလန်းခဲ့တာမှန်ပေမယ့် ခုချိန်မှာတော့ အဘယ်ဇာတ်လမ်းကိုမှ တိတိပပ မမှတ်မိတော့လို့ပါ။ ကာတွန်းကားအစား ဒီဘလော့ဂ်ဖတ်မိသူ အများသူငါတွေလည်း မိမိတို့ရဲ့ ရင်သွေးငယ်များကို ပြန်ပြောပြနိုင်အောင်၊ လူပျိုကြီး အပျိုကြီးတွေလည်း တူငယ် တူမငယ်လေးတွေကို ပြန်ပြောပြနိုင်အောင် ဦးဦးတောင်ငူ မှတ်မိနေဆဲဖြစ်တဲ့ ဟိုးလွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ဝန်းကျင်က လုံမလေးမဂ္ဂဇင်းမှာပါခဲ့တဲ့ ပုံပြင်လေးတစ်ပုဒ်ကို တင်ပေးပါ့မယ်ကွယ်။ ပုံပြင်လေးဖတ်ပြီးရင် သားသားဂျူလိုင်အပါအဝင် ဘလော့ဂ်ချစ်ခင်သူအပေါင်း နှစ်သက်ပျော်ရွှင်ကြပါလိမ့်မယ်ကွယ်။ သြော် တစ်ခုတော့ရှိတယ်။ ဦးဦးတောင်ငူရဲ့ မူအတိုင်း တောင်ငူသား version နဲ့ ခပ်ပါးပါးလေးတော့ ဆန်းသစ်ပေးထားပါတယ်။ စောင့်မျှော်ဖတ်ရှု အားပေးကြပါခင်ဗျား။

Popular Posts