တောင်ငူကို တီဗွီ ဆိုတဲ့ ရုပ်မြင်သံကြားစက်လေး ဘယ်အချိန်လောက်ကတည်းက စရောက်ခဲ့လဲတော့ မသိပါ။ အဖိုးဖြစ်သူရဲ့ ကျေးဇူးကြောင့် စောစောစီးစီး ကြည့်ခွင့်ရခဲ့တာတော့ သေချာပါတယ်။ လေဖြတ်ထားလို့ အိမ်ထဲမှာပဲ အနေများရတဲ့အဖိုးဟာ ရုပ်မြင်သံကြားဆိုတာ ပေါ်လာတော့ ရန်ကုန်ဆင်းပြီး ဝယ်ဖို့စီစဉ်တယ်။ အဖိုးရဲ့ထုံးစံအတိုင်း လိုင်းဆွဲနေတဲ့ကား နားရက်မှာ ဆံ့သမျှ သားမြေး အကုန်တင်ပြီး ရန်ကုန်ကို ရုပ်မြင်သံကြားစက် အဝယ်ထွက်ခဲ့တယ်။ ဇာတ်လိုက်ကျော် ကျွန်တော်က မပါမဖြစ်ပေါ့။ အဲဒီတစ်ကြိမ်ဟာ ကျွန်တော်ရဲ့ ပထမဆုံး ရန်ကုန်ခရီးဖြစ်ပါတယ်။
ရုပ်မြင်သံကြားစက်ကို သဘောင်္သား အသိတစ်ယောက်အိမ်က မရမက အတင်းတောင်းဝယ်ခဲ့ပါတယ်။ သဘောင်္သားရဲ့ အမျိုးသမီးက မရောင်းချင်ပေမယ့် အဖိုးက အရမ်းလိုချင်နေတာရယ်၊ ချီတက်လာတဲ့ ကားစင်းလုံးပြည့်ကိုကြည့်ပြီး အားနာတာရယ်(တကယ်တော့ ဖြုံသွားတာ ဖြစ်မယ်း)ကြောင့် နောက်ဆုံးတော့ အောင်မြင်စွာနဲ့ ရုပ်မြင်သံကြားစက်ကြီး ဝယ်လာဖြစ်ပါတော့တယ်။ အဲဒီတုန်းက လေးဒေါင့်ကားကြီးနဲ့ မြို့ထဲမှာ လိုက်ရောင်းတဲ့ ရေခဲမုန့်လည်း စားခဲ့ရပါသေးတယ်။ ဦးလေးအငယ်ဆုံးက ကြို့ကုန်းကျောင်းထဲမှာ RIT တက်နေတာမို့ ကျောင်းထဲကို မိသားစုလိုက်ကြီး သွားလည်ခဲ့ကြတယ်။ နောင်အနှစ်နှစ်ဆယ်အကြာမှာ နောက်ဆုံးမျိုးဆက် ကျောင်းသားလေးဖြစ်လာမယ့် ချာတိတ်လေးရဲ့ RIT ကျောင်းတော်သို့ ပထမဆုံး ရောက်ဖူးခဲ့တဲ့ အလည်ခရီးပါ။
အဲဒီအချိန်တွေတုန်းက မြန်မာ့အသံက အဖြူအမည်း မြန်မာကားတွေပြတဲ့နေ့ဆိုရင် အိမ်မှာ အင်မတန်လူစည်ပါတယ်။ ကွမ်းအရမ်းကြိုက်တဲ့ ဖိုးဖိုးဝဝကြီးက အလယ်မှာ ထိုင်ခုံနဲ့ ကွမ်းအစ်နဲ့။ ထမင်းဆိုင်ဖွင့်ထားတဲ့ ဘကြီးအိမ်က လက်ဖက်သုတ်ဇလုံကြီးတွေနဲ့ တစ်ဖွဲ့လုံး ချီတက်လာလေ့ရှိသလို၊ ကျွန်တော့်အမေဖက်က ဆွေမျိုးစုတွေကလည်း အင်နဲ့အားနဲ့ ချီတက်လာကြတယ်။ အိမ်ရှေ့ဧည့်ခန်းမှာ နေရာလွတ်မရှိတဲ့အပြင် အပေါ်ထပ်တက်တဲ့ လှေကားထစ်တွေဟာလည်း ပွဲကြည့်စင်အဖြစ် ပြောင်းလဲသွားပါတယ်။ ကျွန်တော်တို့ ကလေးအဖွဲ့ကတော့ ရှေ့ဆုံးက အထူးတန်းမှာ နေရာယူပြီးသားပါ။အဲဒီအချိန်က ရုပ်ရှင်ကို ဘာမှနားမလည်သေးပေမယ့် အိမ်မှာလူတွေ အများကြီးရောက်နေတာကိုပဲ အရမ်းပျော်ဖို့ကောင်းနေတယ်။ ကာတွန်းကားတွေ လာရင်တော့ ထမင်းမေ့ဟင်းမေ့။ ကြွက်စူပါမင်းဆိုရင် အသည်းစွဲပဲ။
နောက်တော့ အောက်စက်လို့ ခေါ်တဲ့ ဗွီဒီယိုပြစက်တွေ ငှားလို့ရလာတယ်။ ဈေးပိတ်ရက် ကျောင်းပိတ်ရက်တွေ ဆုံတဲ့အခါမျိုးမှာ ဆိုင်ကနေ အောက်စက် ငှားကြည့်လေ့ရှိတယ်။ ကျွန်တော်တို့ကလေးတွေအတွက် ကာတွန်းကားကတော့ မပါမဖြစ်ပေါ့။ အဲဒီနေ့ဆိုရင် မနက်ကတည်းက မောင်နှမတွေ မုန့်ဖိုးတွေစုပြီး သွားရည်စာမုန့်မျိုးစုံ အဆင်သင့်ဝယ်ဖွက်ထားကြတယ်။ ငှားကြည့်တဲ့အခါ သရဲကားလို၊ ခေါင်းနှစ်လုံးမြွေလို ကြောက်စရာကောင်းတဲ့ကားတွေလည်း ပါတတ်တယ်။ အဲဒီအတွက် စမပြခင်ကတည်းက စောင်တစ်ယောက်တစ်ထည်နဲ့ လုံခြုံအောင်လုပ်ပြီးသား။ ယူထားတဲ့နေရာကလည်း ရှေ့ဆုံးမှာ သရဲခန်းလာပြီဆိုရင် အသားကုန်အော်ကြပြီး ခေါင်းမြီးခြုံကြားထဲဝင်လိုက် ချောင်းကြည့်လိုက်နဲ့။ သရဲကားလည်းပြီးရော ရေအိမ်တောင် တစ်ယောက်တည်းမသွားရဲတော့ဘူး။ အာဂသတ္တိ။
ရုပ်မြင်သံကြားပေါ်စကတည်းက တီဗွီဖွင့်တာနဲ့ ကြည့်ဖို့အဆင်သင့်။ များသောအားဖြင့် တီဗွီရှေ့မှာ ဖိုးဖိုးနဲ့ ကျွန်တော်က အမာခံပရိသတ်။ အင်္ဂလိပ်ကားပြတဲ့နေ့ဆို အိမ်ရှေ့အိမ်မှာနေတဲ့ အန်တီတစ်ယောက် လာကြည့်လေ့ရှိတယ်။ အဲဒီအန်တီက တောင်ငူကို အလုပ်ကိစ္စနဲ့ ခဏပြောင်းလာတာ။ နိုင်ငံခြားမှာ အကြာကြီးနေခဲ့ဖူးလို့ အင်္ဂလိပ်လို ကောင်းကောင်းကျွမ်းတာပေါ့။ အန်တီ လာကြည့်တဲ့နေ့ဆို ဖိုးဖိုးကို အမြဲဘာသာပြန်ပေးတယ်။ ကျွန်တော်လည်း အကြိုက်ပေါ့။ ရုပ်ရှင်ကြည့်နေတုန်း အန်တီရယ်ပြီဆို အန်တီ ဘာပြောလိုက်လို့လဲဟင်ဆိုပြီး လှမ်းလှမ်းမေး ပြီးမှ လိုက်ရယ်နဲ့ တော်တော်အဆင်ပြေနေတာ။ အန်တီလည်း ရန်ကုန်ပြန်ပြောင်းသွားရော ကျွန်တော်တို့ မြေးအဖိုးကို ဘာသာပြန်ပေးမယ့်သူ မရှိတော့ဘူး။
တချို့ အင်္ဂလိပ်ကားတွေတော့ ကျွန်တော် မကြည့်တတ်ဘူး။ ဒါပေမယ့် တော်တော်များများတော့ ကြိုက်တယ်။ ဇာတ်လမ်းတွဲတွေဆိုပေမယ့် သူ့အပိုင်းနဲ့သူဖြစ်လို့ ကြည့်ရတာ အရသာမပျက်ဘူး။ Air Wolf ဇာတ်ကားဆိုရင် နောက်ခံတီးလုံးက အရမ်းမိုက်။ အဲဒီတီးလုံးကို အခုထက်ထိမှတ်မိနေတုန်း။ Charlie's Angels ကားကတော့ စုံထောက်အဖွဲ့ ဆရာကြီးနဲ့ တပည့်မသုံးယောက်။ ရေဒီယိုလိုဟာလေး စားပွဲရှေ့ချပြီး သတင်းကြားတာနဲ့ သွားတော့တာပဲ။ S.W.A.T ကွန်မန်ဒိုတွေ လူဆိုးဖမ်းတော့မယ်ဆို သေနတ်တွေ ပစ်ပစ်ပေးတာ သိပ်သဘောကျတာပေါ့။ အဲဒီထဲကအတိုင်း အပြင်မှာ ကျွန်တော်တို့ လိုက်ဆော့ကြသေးတာ။ Knight Rider ထဲက ကားမဲမဲလေးကိုဆို အရမ်းလိုချင်တာပဲ။ အဝေးကနေ ဇာတ်လိုက်က လှမ်းခေါ်လို့ရတယ်လေ။ ကားလေးက လူမပါဘဲလည်း မောင်းလို့ရတယ်။ အဲဒီအချိန်တုန်းက ဦးလေးတစ်ယောက်အိမ် သွားလည်တုန်း ဂျွမ်းထိုးတဲ့ကားလေး မြင်ခဲ့တာ သဘောကျလို့မဆုံးဘူး။ မှောင်ခိုခေတ်ဆိုတော့ ကစားစရာ ပစ္စည်းကအစ ဆန်းဆန်းပြားပြားလေးတွေချည်းပဲ။ Little houseဆိုတဲ့ကားလေးကတော့ ကလေးလေးတွေပါလို့ ပျင်းစရာကောင်းပေမယ့် ကြည့်တာပဲ။ ဒါပေမယ့် အိပ်ပျော်ပျော်သွားတယ်။ အက်ရှင်ကားတွေကတော့ ချဟယ်နှက်ဟယ်နဲ့ သွက်သွက်လက်လက်ဆိုတော့ အိပ်ငိုက်ဖို့သတိမရဘူး။ အဲဒီအချိန်တွေတုန်းက ရုပ်ရှင်တွေကလည်း စောစောလာတတ်တာကိုး။
ကျောင်းပိတ်ရက် နေ့လည်တွေမှာတော့ Telematch။ အသည်းစွဲပဲ။ ရယ်လဲရယ်ရတယ်။ လူကြီးတွေဆော့ကြတာပေမယ့် ပေါက်ကရမျိုးစုံ အရုပ်တွေကလည်း အများကြီးပါတော့ သိပ်ကြည့်လို့ကောင်းတာပေါ့။တစ်ချိန်က နှစ်ခြိုက်ခဲ့ရတဲ့ အင်္ဂလိပ်ဇာတ်ကားလေးတွေပါ။ ဇာတ်ကားမြင်ရင် မှတ်မိပေမယ့် နာမည်တော့ အကုန်မမှတ်မိတော့ဘူး။ စာလုံးပေါင်းကအစသိနေတဲ့ သူငယ်ချင်းကျေးဇူးနဲ့ youtube မှာ မွှေနှောက်ရင်း အခုမှပဲ အလွမ်းပြေရတော့တယ်။
8 comments:
ရုပ်မြင်သံကြားဝယ်တော့လဲ......
မရောင်းဘဲ ဘယ်နေရဲမှာလဲ......
အားနာလို့ မဟုတ်ဘူးဟေ့...........
ကြောက်လို့ ။
ဘ၀လေးကိုလွမ်းသွားတယ်..
ွှtelematch က ငယ်ငယ်ထဲကကြိုက်ပါတယ်..
စက်ရုပ်ကြီးမောင်ပြုံးချိုကို အရမ်းသဘောကျခဲ့ဘူးပါတယ်..
တနင်္ဂနွေနေ့ခင်းတွေမှာလာတတ်တဲ့ရှေးဟောင်း
မြန်မာကားတွေကိုသဘောအကျဆုံးပါပဲ...ဒီခေတ်မြန်မာ
ကားတွေနဲ့ ကတော့ နံသာဆီနဲ့ အီး ပါပဲ... ဟဲဟဲ..
ရိုင်းသွားရင်...
Telematch လည်း ကြိုက်တယ်။ အဲဒီအစီအစဉ်လေးက နောက်ပိုင်း ဆက်မလာတော့ဘူး။ အရင်တုန်းကဆို အပတ်စဉ် မျှော်နေခဲ့ရတာပေါ့ဗျာ။
ပျော်စရာကြီးပေါ့ မမနိရဲ့
ဆရာဆူးသို့
ကြောက်လို့ဖြစ်မယ် ဆရာဆူးရေ။ ဘာပဲပြောပြော စက်ကြီးတော့ အိမ်ပါလာတာပဲ။
ညီလေး mmhan သို့
အကိုလည်း သူငယ်ချင်းပြောပြမှ နာမည်တွေနဲ့ ရှာလို့ရတာ
ညီမ ရှင်မင်းညိုသို့
စက်ရုပ်ကြီးမောင်ပြုံးချိုကတော့ တကယ်ကောင်းတယ်ညီမရေ။ အဲဒီအချိန်က တော်တော်လူကြိုက်များခဲ့မှာပဲ။ အခုပြန်ကြည့်တောင် ကြည့်လို့ကောင်းနေတုန်း
ဂျူလိုင်သို့
ကြွက်စူပါမင်းကတော့ ပြောမနေနဲ့တော့ သူငယ်ချင်းရေ။
ထမင်းစားခေါ်မရ ခိုင်းမရဘဲ ထိုင်ကြည့်နေတာလေ
ညီမသွန်းသွန်းသို့
အခုဆိုရင်တော့ ညီမလည်း ဝါးချစရာမလိုတော့ဘူးနော့။ စာတန်းထိုးတွေပေါ်လာပြီလေ။
အားလုံးကို ကျေးဇူးတင်ပါတယ်။
အေးချမ်းပျော်ရွှင်ကြပါစေ။
မေတ္တာဖြင့်
Post a Comment