တောင်ငူသား

..... စိမ်းလန်းပါစေ ကမ္ဘာမြေ ... ငြိမ်းချမ်းပါစေ ကမ္ဘာမြေ .....

Saturday, August 30, 2008

နောက်ဆုံးအက

လူတိုင်း ကဖူးကြလားတော့ ကျွန်တော်မသိနိုင်ပါဘူး။ တစ်ချို့လည်း အတော်ကို ဝါသနာကြီးကြတယ်။ လူရယ်လို့ ဖြစ်လာခဲ့ပြီဆိုကတည်းက ဘဝဇာတ်ခုံပေါ်မှာ ဇာတ်ဆရာအလိုကျ ကြိုးဆွဲရာကကြရတာ မဟုတ်လား။ အူဝဲလေးကနေ သိတတ်စအရွယ်ရောက်လာပြီဆိုရင်ပဲ မိဘဆွေမျိုးတွေကနေ အကသင်ပေးတတ်ကြတယ်။ ချိုမိုင်မိုင် တဲ့လေ။ လက်သီးလေးကို ဆုပ်လိုက်ဖြန့်လိုက်လုပ်ပြီး ကလေးပိစိလေးကို ကခိုင်းကြတယ်။ လက်ကလေးတွေ သန်မာကြံ့ခိုင်အောင် လှုပ်ရှားမှုရအောင် လေ့ကျင့်ခန်းသဘောမျိုးလည်းဖြစ်တာပေါ့။ ကလေးက လိုက်လုပ်နိုင်လေ လူကြီးတွေက ပိုချော့မြူလေပဲ။ ကျွန်တော်ထင်မိတယ်။ ကျွန်တော်တို့ လူမျိုးတွေဟာ ဘဝမှာ အစောဆုံးကဖြစ်တဲ့သူတွေများ ဖြစ်မလားလို့လေ။


လမ်းလေးစမ်းလျှောက်စ ပြုလာတော့ တစ်ခါ ရပ်နိုင်ပေ့ဆိုပြီး လက်ခုပ်လက်ဝါးတီးပြီး ခြေစမ်းအက ကခိုင်းပြန်တယ်။ အဲဒီနောက်တော့ ကောင်းကောင်းလမ်းလျှောက်နိုင် ဆော့ကစားနိုင်တဲ့အရွယ် ရောက်လာပြီဆိုရင် တစ်ချို့ကလေးတွေဟာ သီချင်းတွေ တီးလုံးတွေနဲ့ ခုန်ပေါက်မြူးထူးပြီး ကတတ်လာတယ်။ တစ်ချို့တော့လည်း စိတ်မဝင်စားကြပါဘူး။ ဒီထက်ပိုဝါသနာပါတဲ့ ကလေးတွေကတော့ ကွေးနေအောင်ကတတ်တဲ့ သူလေးတွေ ဖြစ်လာကြတယ်။ အဲဒီထဲမှာ ကျွန်တော်အပါအဝင်ပေါ့။

ကျွန်တော့်အမေဖက်က အဒေါ်အပျိုကြီးတွေက အထည်ဆိုင်ဖွင့်တော့ ဇာပိတ်စလေးတွေ လက်လက်ထတဲ့ ပိတ်လေးတွေ ကျန်ရင် ဦးလေးလူပျိုကြီး အကျီင်္ချုပ်တာဆိုတော့ ကျွန်တော့်အတွက် မင်းသားဝတ်စုံလေး ချုပ်ပေးထားတယ်။ အိမ်နားက အဘွားက ခေါင်းချိုးခြေချိုးလေ နည်းနည်းသင်ပေးထားတော့ ဘာရယ်မဟုတ်ဘဲ ကချင်နေတတ်တယ်။ ကျွန်တော့်ဦးလေး ဆီမှာ sound box အကြီးကြီးတစ်လုံးလည်းရှိတယ်။ သူဖွင့်လေ့ရှိတဲ့သီချင်းတွေထဲမှာ ကျွန်တော်အကြိုက်ဆုံးက “တစ်ပင်တိုင် မင်းသားကြီး” ဆိုတဲ့သီချင်းပဲ။ ဘယ်သူဆိုလဲတော့ မမှတ်မိတော့ဘူး။ အိမ်လည်ထွက်ဆော့ပြီး အချိန်တန်လို့ အိမ်ပြန်မလာသေးရင် အမေက ဘယ်တော့မှလိုက်မခေါ်ပါဘူး။ ဦးလေးကို သီချင်းဖွင့်ခိုင်းလိုက်တာပဲ။ sound box ကနေ-

“မင်းသားကြီး တစ်ပင်တိုင်ပါခင်ဗျာ
စဉ်းစားပြီး မရွှင်နိုင်ရတာ
ယှဉ်ပြိုင်ကစရာ နှမကညှာလိုသဗျ
အချိုသပ်ကာ
အို.. ဇာတ်ဆရာ
မတရားတော့မလုပ်လိုက်ပါနဲ့
ှနှစ်ပါးသွားလေး ထုတ်ပါရစေဦးခင်ဗျာ”


ဆိုတဲ့ သီချင်းသံထွက်လာတာနဲ့ ရောက်ရာအရပ်ကနေ အိမ်တန်းပြန်ပြီး မင်းသားဝတ်စုံလေးကောက်ဝတ်ပြီး ကွေးနေအောင်ကတော့တာပဲ။

မူကြိုတက်တော့ ခြံကြီးထဲက မေတ္တာမွန်မူကြိုမှာ။ အဲဒီတုန်းက မေတ္တာမွန်မူကြိုက ကလေးတွေကို ကျောင်းကပွဲတွေ အားကစားပွဲတွေကို နှစ်တိုင်းလုပ်ပေးတယ်။ စင်ကြီးထိုးပြီး ကလေးတွေ သရုပ်ဖော်ကကြတာပေါ့။ အရမ်းလည်းစည်တဲ့အပြင် ကလေးတွေရော ကလေးမိဘတွေပါ ပျော်ကြရပါတယ်။ ကျွန်တော်က အဲဒီမူကြိုမှာ နှစ်နှစ်နေပါတယ်။ တစ်နှစ်မှာ နှစ်ပါးသွားအကလေးနဲ့ ပွဲထုတ်ဖို့ လူရွေးတယ်။ မူကြိုမှာ အိမ်နားက ကျွန်တော်အရမ်းခင်တဲ့ သူငယ်ချင်းမလေးတစ်ယောက်ရှိပါတယ်။ သူက မင်းသမီးနေရာက ကရမယ်။ ကျွန်တော်လည်း ကတတ်တော့ မင်းသားလုပ်ချင်တာပေါ့။ ဒါပေမယ့် ပိုကတတ်တဲ့ ကောင်လေးတစ်ယောက်ကိုပဲ ရွေးလိုက်တယ်။ အဲဒီနောက်ပိုင်းထဲက စိတ်နာသွားမိလား မပြောတတ်ပါဘူး။ ကျွန်တော်လုံးဝမကဖြစ်တော့ပါဘူး။


ပြည်မှာကျောင်းတက်နေတုန်း ပဉ္စမနှစ်ရောက်တော့ အတန်းထဲက သူငယ်ချင်းတွေအားလုံး တစ်ရက်ခရီးတိုလေးထွက်ဖို့ စီစဉ်ကြတယ်။ တောင်တွင်းကြီးသားက သူတို့မြို့ကို အချက်အလက်နဲ့ အဆိုပြုတာကြောင့် အားလုံးသဘောကျပြီး ရွေးလိုက်ကြတယ်။ ဗိဿနိုးမြို့ဟောင်းရယ်၊ ဘုရားတွေရယ်စုံအောင်ဖူးပြီး နောက်ဆုံး နတ်မှီကျောင်းမှာ နားကြတယ်။ အဲဒီမှာပဲ နေရာကျယ်ဝန်းတာကြောင့် ဂိမ်းဆော့ကြတယ်။ ခရီးအတွက် အခြားကိစ္စတွေတော့ ဝိုင်းလုပ်ကြပြီး ဂိမ်းဆော့ဖို့တာဝန်ကို ကျွန်တော့်ခေါင်းပေါ်တင်ပေးလိုက်ကြတယ်။ ဘယ်ရမလဲ။ ဂိမ်းမာစတာလုပ်ပြီး ကတ်သီးကတ်သတ်ကစားနည်းတွေနဲ့ ချောက်ချလိုက်တာ အားလုံးမောရောပဲ။ ဆော့လို့မောသွားကြတော့မှ တစ်စခန်းထကြတယ်။ ဦးဆောင်တဲ့သူတွေက တစ်လှည့်ဖျော်ဖြေရမတဲ့လေ။ တစ်ယောက်က ကံကောင်းပြီး စောစောစီးစီးထွက်လိုက်လို့ ဂစ်တာတီးသီချင်းဆိုရုံနဲ့ ပြီးသွားတယ်။ တစ်ယောက်ကတော့ “ကိုယ်ကလည်း ချစ်မိနေပြီ” သီချင်းနဲ့ သူကြိတ်ပိုးနေတဲ့ ကောင်မလေးရှေ့မှာ အမူအရာနဲ့ ဖျော်ဖြေသွားရတယ်။ သူကတော့ အမြတ်ထွက်သွားတာပေါ့။ နောက်တစ်ယောက်ကျတော့ နည်းနည်းအရှိန်ရလာပြီ။ ထွန်းအိန္ဒြာဗိုရဲ့ “လာမယ့်နှစ်မှာ ရည်းစားထားမယ်” ဆိုတဲ့သီချင်းနဲ့ ခါးလေးလှုပ် လမ်းလေးလျှောက်ပြပြီး ကရတာ ပွဲကိုကျလို့ပဲ။ နောက်ဆုံးအလှည့်ကျတော့ ကျွန်တော်အတန်တန်ငြင်းနေပေမယ့် မရတော့ဘူး။ အရှိန်က မြင့်နေပြီ။ ကျွန်တော့်ရဲ့ ကတ်သီးကတ်သတ်ဂိမ်းတွေကို သူတို့က ပျော်ပျော်ရွှင်ရွှင်ဆော့ရတယ်တဲ့။ အဲဒါကြောင့် သူတို့ဆိုပေးတဲ့ သီချင်းနဲ့ ကျွန်တော်ကလည်း ပြုံးပြုံးရွှင်ရွှင်နဲ့ ပြန်ကပြရမယ်တဲ့လေ။ ကောင်းရော။ ဒါနဲ့ပဲ ကျွန်တော့်ရဲ့ နောက်ဆုံးအကကို ၆၀ ကျော်ရှိတဲ့ သူငယ်ချင်းတွေရှေ့ တောင်တွင်းကြီးမြို့တစ်နေရာမှာ တင်ဆက်ခဲ့ရပါတယ်။ ခုထိ ကြုံကြိုက်တိုင်း မှတ်မိနေကြတုန်း။ အသည်းနှလုံးဆိုတဲ့ စာသားလေးနားရောက်ရင် လက်ညိုးနှစ်ချောင်းနဲ့ လက်မနှစ်ချောင်းကို ဝိုက်ပြီး အသည်းပုံလေးဖော် ကတာကို သဘောတွေကျကြလေရဲ့။ အားပေးကြတာတော့ ဝက်ဝက်ကွဲပဲ။ သူတို့ဆိုပေးတဲ့သီချင်းက ဘာတဲ့။ ပိုးဒါလီသိန်းတန်ရဲ့သီချင်း-

“ကိုကို ယောက်ျားမဟုတ်ဘူး ” တဲ့ဗျာ။

Tuesday, August 26, 2008

ချ နှင့် ရှ

တစ်မြို့တစ်ရွာရောက်လို့ တောင်ငူသားတွေ စကားပြောတာကို ကြားရင် သတိထားမိတဲ့သူတစ်ချို့က ရယ်ကြတယ်။ တစ်ချို့က လှောင်ကြတယ်။ တစ်ချို့ကတော့ ဓလေ့တစ်ခုလိုမြင်ပြီး သဘောကျကြတယ်။ တောင်ငူမှာတော့ ကိုယ့်အရပ်နဲ့ကိုယ့်ဇာတ်မို့ တယ်ပြီး သတိမထားမိကြဘူး။ ဒီလိုပဲပြောနေဆိုနေ ရောင်းဝယ်နေကြတာပါပဲ။ တောင်ငူသူ တောင်ငူသားတိုင်းတော့လည်း မဟုတ်လောက်ပါဘူး။ ဒါပေမယ့် အများစုကြီးက ဖြစ်နေလောက်မယ်။ တစ်ချို့တောင်ငူသားတွေတော့ လက်မခံကြလောက်ဘူးထင်တယ်။

အခြားမြို့ရွာတွေကို သွားခဲ့ပေမယ့်လည်း အလည်အပတ်ခရီးက ရက်တိုတိုသာမို့ အဲဒီဟာကို မသိခဲ့ပါဘူး။ ပထမနှစ် စတက်တော့မှ အခြားမြို့တွေက သူငယ်ချင်းတွေပါလာတော့ ကျွန်တော်စကားပြောတာကို သူတို့စနောက်ကြတော့မှ သတိထားမိသွားတယ်။ တောင်ငူဆိုပေမယ့် အနီးနားမြို့တွေလည်း ဒီလိုပဲဖြစ်တတ်ကြပါတယ်။ တစ်မြို့လုံး တစ်နယ်လုံးရယ်တော့ ဟုတ်ဟန်မတူပါဘူး။ ကျွန်တော်ကတော့ အဲဒါကိုပဲ ကြံဖန်ပြီး ဂုဏ်ယူတယ်ဗျာ။ စနောက်ကြတဲ့ သူငယ်ချင်းတွေကိုလည်း ပြောရတယ်။ “ဟေ့ အဲဒါတောင်ငူသားစစ်စစ်တွေရဲ့ သင်္ကေတပဲကွ“ လို့လေ။ အခြားဒေသတွေကို ပြောင်းရွှေ့သွားတာ နှစ်နဲ့ချီ ကြာသွားပြီဖြစ်တဲ့ အချို့တောင်ငူသားတွေတော့ အဲဒါမျိုး မဖြစ်ကြတော့ဘူး။ တစ်ချို့လည်း မပြောင်းလဲစေဘဲ အဟောင်းမြဲနေတာ ရှိကောင်းပါရဲ့။

ဒုတိယနှစ်မတက်ခင် ရန်ကုန်မှာ ကျူရှင်တက်တော့မှ ဇာတ်လမ်းစတာဗျို့။ သချာင်္ကျူရှင်ကို မာမီဝေ (ကွယ်ရာမှာတော့ ယောက္ခမကြီး လို့ခေါ်တယ်၊ မာမီ့သမီးလေးတွေက အချောလေးတွေဗျ) ဆီမှာတက်တယ်လေ။ မာမီဝေဆိုရင် နောင်တော်အမတော်တွေ သိလောက်မယ်ထင်ပါတယ်။ မာမီဝေ့ကျူရှင်မှာ တောင်ငူကဆိုလို့ ကျွန်တော်တစ်ယောက်တည်း။ အိမ်စာပေးလိုက်လို့ နားမလည်တဲ့ပုစ္ဆာပါလာရင် နောက်နေ့ ကျူရှင်သွားတော့-

"Teacher, ဒီပုစ္ဆာနံပါတ် ချစ်က နားမလည်လို့ ကျွန်တော့်ကို ချင်းပြပါဦး"


လို့မေးလိုက်တယ်။ ရုတ်တရက်ဆိုတော့ ဆရာမလည်း ထင်မှာပေါ့။ ဒီကောင်လေး ဘယ်လိုမေးလိုက်တာလဲ။ ငါ့များနောက်နေလားလို့လေ။ လူပုံကြည့်တော့လည်း ကောင်လေးက တကယ့်ရိုရိုကျိုးကျိုးလေး (း-)။ ဒါပေမယ့် ဘာမှတော့ မပြောဘဲ သိချင်တာကို ပြန်ရှင်းပြတယ်။ နောက်ပိုင်းကျတော့ စာသင်ခန်းထဲမှာ ကျွန်တော် စာလှမ်းမေးတာမျိုးတွေ၊ သူငယ်ချင်းတွေနဲ့ စကားပြောတာမျိုးတွေကြားရတော့မှ မာမီဝေလည်း သဘောပေါက်သွားတယ်။ “သြော် ဒီကောင်လေးက ဒီလိုကိုး“ ဆိုပြီးတော့လေ။ အဲဒီနောက်တော့ ကျွန်တော့်ကို တွေ့တိုင်း ဘယ်နေရာမှာတွေ့တွေ့-

"ဟဲ့ သမက်ကလေး ရွတ်စမ်းပါဦး ခြင်.. ခြင်.. ကျွန်တော့် ခြင်ထောင်ထဲ မဝင်နဲ့" လို့တစ်မျိုး၊

"ရှောက်သီးသုပ် ချဉ်ချဉ်လေး"

လို့တစ်ဖုံ ပြောခိုင်းရွတ်ခိုင်းတော့တယ်။ (မာမီဝေက သမက်ကလေးခေါ်တာ သမီးအရင်းတွေနဲ့ သဘောတူလို့ မဟုတ်ဘူးဗျ၊ တပည့်မ မွေးစားသမီးတွေနဲ့။ မသိရင် တောင်ငူသား ဟုတ်လှချည်လား ထင်ကုန်မယ်)။ ကျွန်တော်ကလည်း တောင်ငူသံနဲ့

“ရှင်ရှင် ကျွန်တော့် ရှင်ထောင်ထဲ မဝင်နဲ့”

" ခြောက်သီးသုပ် ရှင်ရှင်လေး"

လို့ပဲ ထွက်တာကိုးဗျ။ ကျွန်တော်အဲလိုရွတ်ပြတိုင်း မာမီဝေခမျာ သဘောကျလွန်းလို့ တအားရယ်တော့တာပါပဲ။ အဲဒီမှားထွက်တဲ့ တောင်ငူသံကြောင့်ပဲ ကျောင်းက ဆရာ၊ဆရာမတွေထဲမှာ မာမီဝေနဲ့ ပိုပြီးရင်းနှီးခဲ့ရပါတယ်။ နောက်ပိုင်း ကျွန်တော်လည်း သတိထားပြီး စကားပြောတဲ့အခါ ပြင်ယူရပါတယ်။ ဘယ်လောက်ပဲ သတိထားထား တစ်ခါတစ်လေတော့ လွတ်ထွက်သွားသေးတာပဲ။ ကျွန်တော်တို့က ချ-သံ ရော၊ ရှ-သံ ကိုပါ နှစ်မျိုးလုံး ထွက်တတ်ပါတယ်။ ထွက်လို့ရတယ်။ အသံထွက်တဲ့နေရာမှာ ချ-သံ နဲ့ ရှ-သံ ကို မှားထွက်နေမိတာပါ။ ရှောက်ချိုသီး ဆိုရင် ကျွန်တော်တို့က ချောက်ရှိုသီး လို့ထွက်မိနေတာမျိုးပါ။


အဲဒီဇာတ်လမ်းက ဒုတိယနှစ်အတွက် ရန်ကုန်မှာ တက်ခဲ့တဲ့ ကျူရှင်မှာတင် မပြီးသေးဘူးဗျို့။ ပြည်မှာ တတိယနှစ်တက်ရတော့ မာမီဝေလည်း ရန်ကုန်ကနေ တစ်ပါတ်စီ အလှည့်ကျ လာသင်ပေးရတယ်။ ပြည်ကျောင်းမှာ ကျွန်တော့်ကိုလည်းတွေ့ရော ဝမ်းသာအားရနဲ့ "ဟယ် သမက်ကလေး ရွတ်စမ်းပါဦး" တန်းပြောတော့တာပဲ။ တစ်ရက်တော့ မာမီဝေနဲ့ လူဆိုးထိန်း (မော်ကွန်းထိန်း) ဆရာတို့ စကားပြောနေကြတုန်း ကျွန်တော်ဘေးက အသာလေးခေါင်းငုံ့ဖြတ်မိပါတယ်။ မြင်မိအောင်မြင်တယ်ဗျာ။ လှမ်းခေါ်ပြီး ဆရာနဲ့ မိတ်ဆက်ပေးလိုက်သေးတယ်။ ဒါပေမယ့် တော်သေးတယ်။ မရွတ်ခိုင်းလိုက်လို့။ ကျွန်တော်လည်း အတန်းထဲသွားထိုင်နေလိုက်တယ်။ သချာင်္ချိန်စတော့ မာမီဝေ ဝင်လာတယ်။ သချာင်္ချိန်ဆိုရင် မေဂျာနှစ်ခု သုံးခုကို ပေါင်းသင်တာဆိုတော့ ကျောင်းသားတွေ အပြည့်ပါ။ အားလုံးနှုတ်ဆက်ပြီးကြလို့မှ မထိုင်ရသေးဘူး။ မာမီဝေတို့လုပ်ပုံကဗျာ။

"ဟဲ့ ခုနင်ကပဲ ငါ့သမက်ကလေး အပြင်မှာတွေ့လိုက်ပါတယ်။ ဘယ်နားထိုင်နေတုန်း"

တဲ့ဗျာ။ အားလုံးကလည်း ဟိုကြည့်ဒီကြည့်ပေါ့။ ဆရာမ ဘယ်သူ့ကိုများပြောသလဲပေါ့။ မကြာပါဘူးဗျာ။ တွေ့သွားရော။ အဲဒီတော့ ဘာဖြစ်ရမလဲ တစ်တန်းလုံး ရယ်တာပေါ့။ အကြောင်းမသိတဲ့သူတွေကတော့ ဒီကောင် ၃ တန်းပဲ ခုမှတက်မလို့ရှိသေး တယ်စွံပါလားပေါ့။ ကျွန်တော့်မှာသာ ကိုယ့်အဖြစ် ကိုယ်သာသိသမို့ သွားလေးဖြဲပြီး အသာလေးငြိမ်နေလိုက်ရတယ်။ နောက်ဆုံးရလဒ်ကတော့ဗျာ။ ပြည်မှာကျောင်းတက်တဲ့ တစ်လျှောက်လုံး တောင်ငူသားလေး ဘူပိတ်သွားရလေသတည်းဗျာ။

စာကြွင်း။ ။ Teacher မာမီဝေ သို့ အမှတ်တရ

Friday, August 22, 2008

ဝေဒနာ အဖြေရှာ

ဒီနေ့ကျွန်တော် ရုံးမတက်ပါဘူး။ ရုံးကိုတော့ ဆေးခွင့်ဆိုပြီး မက်ဆေ့ပို့လိုက်ပါတယ်။ အိမ်နားက ပေါ်လီကလင်းနစ်ဆေးခန်းသွားပြတယ်။ အဲဒီမှာ မြန်မာဆရာဝန်ရှိလို့ အဆင်ပြေတယ်။ ဆရာဝန်ပြတာကိုတော့ မြန်မာဆရာဝန်ပဲ ပြချင်ပါတယ်။ ဒါမှလည်း ဖြစ်တဲ့ရောဂါဝေဒနာကို နားလည်အောင် ပြောပြနိုင်မှာလေ။ ကံမကောင်းချင်တော့ ဆရာက ဒီနေ့မလာပါဘူးတဲ့ဗျာ။ အခြားဆရာဝန်နဲ့ ပြမလားဆိုတော့လည်း မပြချင်ပါဘူး။ အောချတ်မှာတော့ မြန်မာဆရာဝန်တစ်ယောက်ရှိပါသေးတယ်။ ဒါပေမယ့် ဝေးနေတာရယ် အချိန်ကိုကြည့်လိုက်တော့ သွားလိုက်ရင် ကျွန်တော်ရောက်မယ့် အချိန်နဲ့ ဆေးခန်းပိတ်ချိန် ကွက်တိလောက်ဖြစ်မှာမို့ လက်လျော့လိုက်ရပါတယ်။ ပင်နီဆူလာက မြန်မာဆရာဝန်ကြီးကတော့ ညနေမှဖွင့်မှာဖြစ်လို့ မသွားတော့ပါဘူး။ ညနေက သူငယ်ချင်းရဲ့ မင်္ဂလာညစာစားပွဲသွားရဦးမှာ။ လက်ဆောင်ပစ္စည်းတွေအကုန်လုံးကို ချစ်စွာသော သူငယ်ချင်းများက ကျွန်တော်ရုံးမသွားဘူးဆိုလို့ အိမ်မှာ ထားခဲ့ကြပါတယ်။ ကျွန်တော် သယ်လာပေါ့လေ။ ဘယ်ရမလဲ သယ်ရမယ့်တူတူတော့ ရှိုးစမိုးထုတ်ပြီး သွားလိုက်မယ်။ အဲဒီကောင်တွေ ရုံးကနေ ငိုက်စိုက်ငိုက်စိုက်လာကြတဲ့အခါ ကျွန်တော့်ကို မနာလိုဖြစ်ကြလိမ့်ဦးတော့မယ်။

ရောဂါက ဒီလိုပါ။ မြန်မာမှာကတည်းက ဒီလိုဖြစ်ဖူးတယ်။ ၂၀၀၄ နောက်ပိုင်းမှ ဖြစ်တာပါ။ ဖြစ်လိုက် သူ့ဟာသူ ပျောက်သွားလိုက်နဲ့ပါပဲ။ ဆရာဝန်လည်း မပြဖြစ်ပါဘူး။ ၂ရက် ၃ရက်လောက်ပဲ ကြာတတ်ပါတယ်။ ခုတစ်ခါတော့ ၆ရက်လောက် ရှိနေပြီဆိုတော့ အေးဆေးမနေရဲတော့ဘူး။ ဒီလိုဖြစ်တာမျိုးကို တောင်ငူမှာတော့ “ဆက်တံ“ ဖြစ်တယ်လို့ခေါ်ကြတယ်။ အချို့နယ်တွေမှာလည်း ဒီလိုနာမည်နဲ့ သိကြတယ်။ ရန်ကုန်က လူတွေကတော့ “မှင်“ လို့ခေါ်တယ်။ သူက ဘာကြောင့်ဖြစ်တယ်ဆိုတာတော့ ခုထိကျွန်တော်လည်း မသိသေးဘူး။ ကိုယ့်နဲ့မတည့်တာ တွေ့ထိမိ၊ စားမိလို့လား ဆိုတော့လည်း သတိထားမိသလောက်တော့ မဖြစ်ခင်ကာလ မတိုင်ခင်တွေမှာ ဘာမှ ထူးထူးခြားခြား စားမိတာမျိုး တွေ့ထိမိတာမျိုးတွေ မရှိပါဘူး။ သူများတွေ ပြောကြတာကတော့ သွေးထဲမှာ မတည့်တဲ့ဓါတ်တစ်ခုခု ပါလာတဲ့အခါ ခန္ဓာကိုယ်ခုခံအားတွေက အဲဒီဓါတ်ကို ဝိုင်းဝန်းတိုက်ထုတ်ကြတဲ့အတွက် ဟိုပြေးဒီပြေး ပြေးရင်းနဲ့ အခုလိုဖောင်းတက်လာတာတဲ့လေ။ ကျွန်တော် ဆေးပညာအကြောင်းမသိလို့ အဲဒါမှန်မမှန်တော့ မသိပါဘူး။ အဲဒီအတိုင်းဆိုရင်တော့ ကျွန်တော့်မှာ ခုခံအားအတော်ကောင်းတယ်ဆိုတာ အသေချာပါပဲ။

ကျွန်တော်ဖြစ်တဲ့နေရာက လက်ဝါးစောင်းနေရာက စပါတယ်။ မနက်ခင်း အိပ်ယာထတဲ့အခါ သိသိသာသာ ဖောင်းပြီး တင်းနေတာပါ။ အဲဒီနေရာကနေ နောက်တစ်ရက်ကျပြန်တော့ တစ်ခါတစ်လေ လက်သန်း၊ တစ်ခါတစ်လေ လက်သူကြွယ်ဖက်ကို ရွေ့သွားပြီး သွားဖောင်းတင်းနေပြန်ရော။ လက်ဖမိုးပိုင်းမှာလဲ ဖောင်းထနေတတ်တယ်။ လက်ချောင်းလေးတွေဖက်မှာ ဖောင်းနေတဲ့အခါ လက်နဲ့ညှစ်ကြည့်လိုက်ရင် နည်းနည်းနာပါတယ်။ ဆိုးတာက အရမ်းတင်းကားနေအောင် ဖောင်းနေတဲ့အချိန်မှာ နေရခက်တာပါဘဲ။ လက်သီးတောင် တင်းတင်းဆုပ်လို့မရပါဘူး။ တစ်ချက်တစ်ချကို အင်မတန်ယားယံပါတယ်။ မနေနိုင်နိုင်လို့ အယားပြေအောင် ကုတ်မိ ပွတ်မိရင်တော့ အဲဒီနေရာတွေက ပူဖောင်းတွေ ပေါက်ထွက်တော့မယ့်အတိုင်း နီရဲဖောင်းတက်လာရော။

တောင်ငူမှာ ကျွန်တော်တို့ ဆိုင်နားက အစ်ကိုကြီးတစ်ယောက် ဖြစ်တုန်းကတော့ ဈေးထဲက အဘိုးတစ်ယောက်က မန်းပေးတာ မြင်ဖူးတယ်။ ကွမ်းစားထုံးရယ် ဆနွင်းရယ်ကို ရောမွှေပြီး မန်းနေရင်း သပ်ချလိမ်းပေးတယ်။ စတီးဓါးမ သေးသေးလေးနဲ့ ဖောင်းနေတဲ့နေရာကို ခပ်သာသာဖြည်းဖြည်း ခုတ်ပေးနေတာလည်း တွေ့တယ်။ အဲဒီတုန်းက မဖြစ်ဖူးသေးလို့ ဘယ်လိုကုသတယ်ဆိုတာ သေချာမသိပါဘူး။ ငှက်ပျောသီး ငှက်ပျောပင်နဲ့ ပက်သက်တာတွေကို မထိရဘူးလို့လည်းကြားဖူးတယ်။ ပိုဖောင်းလာတတ်တယ်တဲ့လေ။ စမ်းတော့ မစမ်းမိဘူး။ တစ်မြန်နေ့ကတော့ ဖောင်းနေတုန်း ကိုယ့်ဘာသာ ထုံးနဲ့ ဆနွင်းလိမ်းကြည့်မယ်ဆိုပြီး ပင်နီစူလာသွားတော့ ဒိုက်ဦးက သူငယ်ချင်းတစ်ယောက်နဲ့ ဘူတာမှာတွေ့တယ်။ သူငယ်ချင်းက သူမန်းတတ်တယ် မန်းပေးမယ် ဆိုပြီး လက်ကိုသပ်ချပြီး မန်းပေးပါတယ်။ အဲဒီညမှာ ထုံး ဆနွင်းဆေးလည်း လူးလိုက်သေးတယ်။ မနေ့က မနက်မှာ ပိုဖောင်းလာတယ်။ အဲဒါနဲ့ ဒီနေ့တော့ ခွင့်ယူပြီး ဆေးခန်းပြမယ်ဆိုကာမှ ဖောင်းတာက လျော့သွားတယ် လက်သန်းလေးတောင် နာလည်းမနာ ဖောင်းလည်းမဖောင်းတော့ဘူး။ လက်ဝါးစောင်းနဲ့ လက်ဖမိုးပဲ ဖောင်းနေတော့တယ်။ လက်သီးလည်း ကောင်းကောင်းဆုပ်လို့ပြန်ရပြီ။ အနောက်တိုင်းဆေးပညာနဲ့ ဆိုရင်တော့ ဘာဖြစ်တယ်ပြောမလဲ မသိဘူး။ သေချာတာတော့ ဒီနေ့ ဆေးခွင့်ဆိုပြီး ဆရာဝန်မပြလိုက်ရလို့ ရှောင်တခင်ခွင့်ထဲ ပါတော့မယ်။

"အနာသိ ဆေးရှိ" ဆိုပေမယ့် ခုဟာက အနာလည်း ဘာကြောင့်မှန်း မသိရတော့ ဆေးလည်း ဘယ်ဆီနေမှန်းမသိဘူး။ ကောင်းနိုးရာရာကိုတော့ ကုကြည့်နေရတာပဲဗျာ။ ကျွန်တော်ကတော့ ဝေဒနာကို ကြေညာလိုက်ပြီ။ ဆေးနည်းလေးများသိရင် လမ်းညွှန်ပေးကြပါ။

Thursday, August 21, 2008

ဓမ္မသဘင်မှ အနှောင့်အယှက်များ

ဆရာတော်အရှင်မြတ်များ ဟောကြားတော်မူသော တရားပွဲများကို ငယ်စဉ်က လူကြီးမိဘများနှင့် လိုက်သွားဖူးသော်လည်း မှတ်မှတ်သားသားမရှိခဲ့ဖူးပါ။ အခြေခံပညာအထက်တန်း(၁၀ တန်း)စာမေးပွဲ ဖြေပြီးသောအခါတွင်မှ ကျွန်တော့်စိတ်ဆန္ဒအလျောက် သွားရောက်နာယူခဲ့ပါတယ်။ ကျွန်တော်တို့မြို့မှာတော့ တရားပွဲများကို ဘုရားတွေ၊ ဘုန်းကြီးကျောင်းတွေနဲ့ ဓမ္မာရုံတွေမှာသာ ဆင်ယင်ကျင်းပလေ့ရှိပါတယ်။ များသောအားဖြင့် ကျယ်ဝန်းသော နေရာများမှာ ပြုလုပ်ခြင်းဖြစ်တဲ့အတွက် ဓမ္မကထိကဆရာတော်ရှေ့မှောက်မှာ တစ်စုတစ်ဝေးတည်း နာကြားရလို့ တရားတော်ကို ပိုမိုအာရုံရောက်ပါတယ်။


တလောက ဓမ္မဒူတဆရာတော် အရှင်ဆေကိန္ဒတရားပွဲ Choa Chu Kan က ထိုင်းဘုန်းကြီးကျောင်းမှာ ကျင်းပပါတယ်။ ကျွန်တော်လည်း အဲဒီမနက်မှာ မက်ဆေ့ခ်ျရလို့ သွားရောက်နာယူဖြစ်ပါတယ်။ ကြိုတင်ကြေငြာထားတာ မဟုတ်တဲ့အတွက် ဓမ္မာရုံအပေါ်ထပ်နဲ့ ပရိတ်သတ်အင်အားဟာ အနေတော်ပါပဲ။ တရားပွဲမှာ ဆရာတော်တရားဟောနေတုန်း တီးလုံးသံထွက်လာပြီုး လူတစ်ယောက်ဆီက ဖုန်းသံထမြည်ပါတယ်။ တော်နေပြန်တော့ တစ်ခါ “ရွှီ... Taxi" ဆိုတဲ့ အသံမြည်ပြန်ရော။ မက်ဆေ့ခ်ျဝင်တာလေ။ ခဏနေပြန်တော့ ပိုဆိုးသွားတယ် “ကိုကိုဖုန်းလာတယ် ကိုကိုရေ ဖုန်းလာနေတယ် ကိုကိုဖုန်းလာတယ်ဆို ဘာမှန်းလည်းမသိဘူး အမြင်ကပ်စရာကြီး" ဆိုပြီး ဘာညာသရကာနဲ့ ညုတုတုသံက ထပ်ထွက်လာပါတယ်။ ဘယ်လောက်များ ဆိုးဝါးလိုက်ပါသလဲဗျာ တရားပွဲမှာ။ ပထမတစ်ဦးဆီက အသံထွက်ရင်ကိုပဲ ကြားမိတဲ့လူတွေဟာ မိမိတို့ရဲ့ ဖုန်းတွေကို အသံတိတ်လုပ်လိုက်သင့်ပါပြီ။ ဖုန်းတိုင်းတိုင်းလိုလိုမှာ ဖုန်းလာရင် တုန်ခါပြီး အချက်ပေးတဲ့ စနစ်တွေ ပါကြမှာပါ။ ဖုန်းလာစရာရှိလို့ မသိလိုက်မှာစိုးလို့ပါ ဆိုရင်လည်း တရားပွဲမလာခဲ့တာက ပိုအဆင်ပြေပါဦးမယ်။ အဲဒီစိတ်နဲ့ဆိုရင်လည်း အာရုံရောက်မှာမဟုတ်ပါဘူး။ အခုတော့ ဆရာတော်ကို အင်မတန်အားနာဖို့ကောင်းပါတယ်။ ဘေးကတရားနာပရိတ်သတ်တွေကိုလည်း အင်မတန် စိတ်အနှောင့် အယှက်ဖြစ်စေပါတယ်။

ပွဲလမ်းသဘင် အခမ်းအနားတွေ၊ ရုပ်ရှင်ရုံတွေမှာတောင် လူမှုရေးအရ ဖုန်းသံကို အသံတိတ်ပေးထားရသေးတာပဲ။ အခုတရားပွဲမှာ ပိုပြီးတောင် ဂရုတစိုက် လုပ်ရမှာပါ။ မိမိကိုယ်တိုင် အစည်းအဝေးတစ်ခုမှာ စကားပြောနေတုန်း အခြားလူတွေရဲ့ ဖုန်းတွေကနေ ဖုန်းသံတွေ အဲဒီလိုထွက်ထွက်လာရင် ဘယ်လိုနေမလဲ။ ဆင်ခြင်စဉ်းစားကြစေချင်ပါတယ်။ ထိုင်းဘုန်းကြီးကျောင်းက ပတ်ဝန်းကျင်မှာ လူနေအိမ်တွေရှိတဲ့အတွက် အသံချဲ့စက်ကနေ သိပ်မကျယ်ထားတာကြောင့် အာရုံစိုက်ပြီးနားထောင်ရပါတယ်။ ကျွန်တော့်နောက်နားက အမျိုးသမီးမျိုးကို သူမဘေးက အမျိုးသားက ဆရာတော်ဟောတဲ့တရားကိုပဲ ပြန်ပြန်ပြောပြနေပါသေးတယ်။ အမျိုးသမီးအတွက် ဘယ်အရာက အခက်အခဲဖြစ်နေလို့ မြန်မာလိုဟောတဲ့တရားကို မြန်မာလို ပြန်ပြောပြနေလည်းတော့ မသိပါဘူး။ ပတ်ဝန်းကျင်က လူတွေအတွက်တော့ ကကျိကကျိအသံက နားစိုက်ထောင်နေတဲ့ တရားမှာ အာရုံပျက်ရပါတယ်။ ရန်ကုန် ကျောက်မြောင်းမှာတုန်းကတော့ လမ်းအသီးသီးက ဓမ္မသဘင်တွေကို ကိုယ့်လမ်းထဲမှာပဲ စုပေါင်းကျင်းပကြပါတယ်။ လမ်းတွေက အလျားရှည်ပေမယ့် သိပ်မကျယ်တော့ တရားဟောပလ္လင်ရှေ့မှာ တရားနာပရိတ်သတ် အစုအဝေးဟာ တနံတလျား ဖြစ်နေတတ်ပါတယ်။ တစ်ခါမှာတော့ ဓမ္မစိန္တာလမ်းမှာ ကျင်းပတဲ့ တရားပွဲတစ်ခုမှာ ရုံးကအပြန်နောက်ကျလို့ နောက်နားမှာပဲ နေရာရပါတယ်။ ကျွန်တော့်နောက်နားမှာ ထိုင်တဲ့အမျိုးသမီးနှစ်ဦးဟာ ဆရာတော် မကြွခင်ကတည်းက စကားဖောင်ဖွဲ့နေလိုက်ကြတာ ဆရာတော်ကြွပြီး သီလပေးတုန်းအခိုက်ပဲ တိတ်သွားတယ်။ တရားဟောနေတုန်းလည်း စကားအမျှင်မပြတ်နိုင်ဘူး။ ဒေါသတကြီးတွေလည်း ပြောရဲ့။ ဒီလောက်တောင် ပြောဆိုဖို့ရှိနေကြရင်လည်း အိမ်မှာပြောကြပါတော့လား။ မလုပ်သင့် မလုပ်ထိုက်တဲ့ အပြုအမူတွေပါ။


ဒီလိုလူမျိုးတွေ တောင်ငူက ဓမ္မကထိက ဆရာတော်ကြီးတစ်ပါးနဲ့ တွေ့ရင်တော့ မလွယ်ဘူးသာမှတ်ပေတော့။ ကျွန်တော့်မေမေဖက်က ဆွေမျိုးစုတွေ ဆည်းကပ်ကြတဲ့ ဆရာတော်ကြီးဟာ တရားဟော အင်မတန်မွေ့လျော်သလို တရားဟော အလွန်ကောင်းပါတယ်။ တရားဟောရာမှာလည်း ရှည်ရှည်ကြာကြာ ဟောလေ့ရှိပါတယ်။ တရားပွဲချည်းသက်သက်မှာတော့ တရားရှည်တာ အကြောင်းမဟုတ်ပေမယ့် ဆွမ်းကျွေး အလှူအတန်းများမှာ ရေစက်ချတရားနာတော့မယ်ဆိုရင်တော့ အကြောင်းသိ တပည့်တကာရင်းတွေက ဆရာတော်ကို တရားတိုတိုဟောပါဘုရားလို့ ကြိုတင်တောင်းပန် လျှောက်ထားရပါတယ်။ နောက်ပိုင်းမှာ ကျွေးမွေးဧည့်ခံရဦးမှာဆိုတော့ တရားနာရတာ စိတ်မဖြောင့်နိုင်ဘူးလေ။ တရားပွဲသီးသန့်ကျင်းပရင်တော့ ဆရာတော်ကြီးက စိတ်ကြိုက်ဟောတော့တာပဲ။


ဆရာတော်ကြီးသီတင်းသုံး ကျောင်းထိုင်ရာ ကျောင်းတိုက်က လူနေရပ်ကွက်တွေနဲ့ လမ်းပဲခြားတယ်။ ပတ်ဝန်းကျင်က လူတွေအားလုံးလိုလိုဟာလည်း ဆရာတော်ကြီးရဲ့ တပည့်တကာတွေချည်းပဲလေ။ ဥပုသ်နေ့တွေမှာ ဘုန်းကြီးကျောင်းထဲ နေ့ခင်းပိုင်းမှာ ဆရာတော်ကြီးက တရားဟောလေ့ရှိတယ်။ ဘုန်းကြီးကျောင်းမလာနိုင်တဲ့သူတွေလည်း နာယူနိုင်အောင် တရားဟောရင် အော်လံကြီးကို ရပ်ကွက်ရှိရာဖက်ကို လှည့်ထားလေ့ရှိတယ်။ နေ့လယ် ထမင်းစားပြီးခါစဆိုတော့ တရားနာ ပရိတ်သတ်တချို့လည်း အိပ်ငိုက်မိတာပေါ့။ တရားဟော ပလ္လင်ထက်ကနေ ပရိတ်သတ်အားလုံးကို မြင်နေရတဲ့အတွက် အိပ်ငိုက်တာ မြင်ရင်တော့ မိုက်ခွက်ကနေ "ဟဲ့ တကာမောင်ထိုက် ဘာလို့ငိုက်နေတုန်း" ဆိုပြီး မိုက်ခွက်ကြီးနဲ့ အော်တော့တာပဲ။ ဆရာတော်ကြီးအကြောင်းကို သိတဲ့ တပည့်တကာတွေဟာ တရားပွဲမှာ အိပ်မငိုက်ရဲတော့ပါဘူး။ နို့မို့ဆိုရင် ကိုယ်အိပ်ငိုက်တာကို တစ်ရပ်ကွက်လုံးသိကုန်မှာကိုး။ နာမည်ကြီး တပ်ပြီးအော်တာဆိုတော့လေ။ ငယ်ဆရာဆိုတော့လည်း ကြောက်ရတယ်။


အခုဒီလိုလူမျိုးတွေသာ ဆရာတော်ကြီးတရားပွဲနဲ့ ကြုံလို့ကတော့

"ဟဲ့ တကာ မောင်လုံး မင့်ဖုန်းကို ပိတ်ထားလိုက်ပါကွယ်"

"ဟဲ့ တကာမ မထားနဲ့ မကြွား စကားမများစမ်းနဲ့ကွယ်"

"ဟဲ့ ဘယ်သူတုန်း တရားပွဲမှာ ကိုကိုဆိုတဲ့ တကာလေးကို တကြော်ကြော်အော်ခေါ်နေတာ" ဆိုပြီး မိုက်ခွက်ကြီးနဲ့ အော်ထည့်လိုက်လို့ကတော့.............

Wednesday, August 6, 2008

ကျောင်းတော်ဆီသို့


ဒီနေ့ကတော့ အင်မတန်ကို မင်္ဂလာရှိပြီး ကျေနပ်မှု၊ ပျော်ရွှင်မှုတွေနဲ့ ထုံမွှမ်းနေခဲ့ပါတယ်။ တက္ကသိုလ်ဆိုတဲ့ ကျောင်းတော်ကြီးကို နဖူးတွေ့ ဒူးတွေ့ တွေ့ရတော့မယ်။ တက်ရတော့မယ်။ အနှစ်နှစ်အလလက မက်ခဲ့ရတဲ့ တက္ကသိုလ်အိပ်မက်ကြီးဟာ ဒီနေ့တော့ တကယ်ဖြစ်လာခဲ့ပြီလေ။ မနက်စောစောထပြီး ရေချိုးပြင်ဆင်ပြီးတာနဲ့ မြန်မာဆန်ဆန် ရှပ်လက်ရှည်အဖြူလေးနဲ့ ပုဆိုးလေးပဲ သပ်သပ်ရပ်ရပ်ဝတ်လိုက်တယ်။ လွယ်အိတ်ကိုတော့ စလွယ်မသိုင်းတော့ဘဲ ဘေးတိုက်လေးပဲ လွယ်လိုက်တယ်။ အဆောင်ပြင်ထွက်လိုက်တော့ သူငယ်ချင်းတစ်ချို့က အဆင်သင့်ဖြစ်နေပြီ။

ပထမဆုံးနေ့ဖြစ်တော့ အားလုံး တက်တက်ကြွကြွနဲ့ လူစုံမှ အဆောင်ကထွက်ကြတယ်။ အဆောင်က ဘေးအိမ်တစ်အိမ်ပြီးရင် ညောင်စဉ်တန်းလမ်းပဲ။ အဲဒီလမ်းအတိုင်း ထွက်ပြီး ဗိုလ်ချုပ်လမ်းမကြီးပေါ် ရောက်တော့ ဗိုလ်ချုပ်ကြေးရုပ်အဝိုင်းထိ ခြေလျင်လျှောက်ကြတယ်။ ဗိုလ်ချုပ်ကြေးရုပ်မှာ ကျွန်တော်တို့ ကျောင်းကားတွေ အကုန်ဂိတ်ထိုးပေးရတာ။ ကျောင်းကားဆိုတော့ ဘယ်လိုများပါလိမ့်ဆိုပြီး ကြည့်လိုက်တော့ ခရီးသည်တင် လေအိတ်ကားကြီးတွေလည်းပါတယ်။ လူနဲ့ကုန်ရောပြီးတင်တတ်တဲ့ အဲကွန်းဘတ်စ် လိုကားတွေလည်းပါတယ်။ ကုန်တွေသာ အတင်များတတ်တဲ့ ဟီးနိုးကားအမြင့်ကြီးတွေလည်းပါတယ်။ စုံလို့ပါပဲ။ ကားတွေက ဂိတ်ကစဉ်ပေးတဲ့အတိုင်း ထွက်ကြပါတယ်။ ကားခက တစ်ယောက်နှစ်ဆယ်ပါ။ မြန်မာကျပ်ငွေနဲ့ပါ။

ကျောင်းကားဂိတ်နေရာက တကယ့်မြို့လယ်ခေါင်လည်းဖြစ် ပီတီယူအတွက် သီးသန့်ကားဂိတ်ဆိုတော့ အဲဒီကို လွယ်အိတ်လေးလွယ်ပြီး လမ်းလျှောက်သွားရတာကိုပဲ နေရင်းထိုင်ရင်းကို ဘာတွေပျော်မှန်းမသိ ပျော်နေတာပါ။ နောက်ပိုင်း စာအုပ်အထူကြီးတွေရလို့ ကိုင်ရတဲ့အခါမှာတော့ ပြောမနေပါနဲ့တော့။ ပီတီယူအနေနဲ့ဆိုရင် ကျွန်တော်တို့က Fresher ပဲလေ။ အဲဒီတော့ Fresher လေးတွေ ဖြစ်လေ့ရှိတဲ့အတိုင်း မြောက်ကြွမြောက်ကြွဖြစ်နေတာပေါ့။ တဖြည်းဖြည်းနဲ့ စီနီယာတွေရော အခြားFresher တွေရော တဖွဲဖွဲရောက်လာကြပြီး မကြာခင် ကျောင်းကားကြီးစထွက်ပါတော့တယ်။ လမ်းမှာလည်း ပီတီယူကျောင်းသားဆိုရင် ဘယ်နေရာဖြစ်ဖြစ် လက်လှမ်းတားပြီး စီးလို့ရပါတယ်။ လူမဆန့်တော့ရင်တော့ နောက်တစ်စီးစောင့်ရတယ်။ ကျွန်တော်တို့ စတက်ရတဲ့နှစ်မှာ စီနီယာတွေက စတုတ္ထနှစ်ကနေ ဆဋ္ဌမနှစ်အထိရှိတော့ ကျွန်တော်တို့နဲ့ဆို အားလုံးလေးနှစ်စာရှိတဲ့အတွက် ကျောင်းသားအင်အား အလွန်များပါတယ်။ ဒါကြောင့် ကျောင်းကားတွေလဲ အများကြီးစီစဉ်ပေးပါတယ်။ ပြည်တက္ကသိုလ်ရှိတဲ့ သံတစ်ချောင်းလမ်းဖက်ကလည်း ကျောင်းကားဖြတ်မောင်းပေးပါတယ်။ အဲဒီဖက်မှာလည်း နေကြတဲ့ ကျောင်းသားတွေရှိတာကိုး။

မီးရထားသံလမ်းကျော်လို့ သိပ်မကြာခင်မှာ ဘုရားကြီးဘုရားကို လမ်းရဲ့ ညာဖက်အခြမ်းမှာ ဖူးရတယ်။ ဒီလိုနဲ့ ပြည်မြို့ပြင်အထွက် အောင်လံဖက်နဲ့ ပေါက်ခေါင်းဖက်လမ်းခွဲရောက်တော့ ညာဖက် ပေါက်ခေါင်းလမ်း အတိုင်း ဆက်သွားရပါတယ်။ လမ်းတစ်လျှောက်မှာတော့ တပြန့်တပြူးလယ်ကွင်းတွေကို ငေးမောရင်း ဖြတ်တိုက်လာတဲ့ လေကောင်းလေသန့်ကို တဝကြီးရှူရတာ အင်မတန်အရသာရှိလှပါတယ်။ လမ်းတစ်နေရာမှာတော့ ဘုရားမာလို့ ဘွဲ့တော်ရတဲ့ သရေခေတ္တရာခေတ် လက်ရာ စေတီကြီးကို ထီးထီးကြီး ဖူးတွေ့ရပါတယ်။ ဟိုးခပ်ဝေးဝေးမှာ ဘောဘောကြီးဘုရားကိုလည်း ဖူးနိုင်ပါသေးတယ်။ ဘုရားကြီး၊ ဘုရားမာ၊ ဘောဘောကြီးဘုရား သုံးဆူတို့ဟာ သရေခေတ္တရာခေတ်ကတည်းက တည်ထားခဲ့တဲ့ ဘုရားကြီးတွေလို့ သမိုင်းများအရ သိရပါတယ်။ မကြာခင် “တက္ကသိုလ်နယ်မြေ တစ်နာရီ(-)မိုင်နှုန်းထက် ပိုမမောင်းရ“ ဆိုတဲ့ ဆိုင်းဘုတ်လေးကို မြင်ရင်တော့ အိမ်ခြေစုစု၊ သစ်ပင်အုပ်အုပ်နဲ့ လက်ခုပ်ပင်ရွာလေးရဲ့ အစကို ရောက်ပြီပေါ့။ ရွာလေးကို တခဏမျှ ဖြတ်မောင်းပြီးတာနဲ့ တမျှော်တခေါ်သွယ်တန်းနေတဲ့ ဂျပန်ပိတောက်ပင်တန်းတွေရဲ့ နောက်ကွယ်မှာ ဝန်းဝန်းပပ ရွှန်းရွှန်းမြမြကြီး ရင်ဖွင့်ကြိုနေတာက-

အင်ဂျင်နီယာအတတ်ကိုသင်ဖို့
ပညာရင်နို့သောက်စို့ရာ
ငါတို့တက္ကသိုလ်.... တို့တက္ကသိုလ်လေ။



Tuesday, August 5, 2008

ပြည်တော်ဝင်ပြီ


ပြည်မြို့နား တဖြည်းဖြည်းနီးလာတဲ့ တစ်နေရာအရောက်မှာတော့ ရုတ်တရက် ဟေးကနဲ အော်မိကြပါတော့တယ်။ "ဧရာဝတီ"။ ဧရာဝတီရဲ့ အားမာန်အပြည့်နဲ့ စီးဆင်းနေတဲ့ ရေအလျဉ်ကို မြင်လိုက်ရတာဟာ ကျွန်တော်တို့ရဲ့ စိတ်တွေ လန်းဆန်းတက်ကြွသွားခဲ့ကြတယ်။ စစ်တောင်းမြစ်ရဲ့ အနောက်ဖက်ကမ်းသားတွေဟာ ဧရာဝတီမြစ်ရဲ့ အရှေ့ဖက်ကမ်းပေါ်မှာ ခြေချမိခဲ့ကြပြီ။ နဝဒေးတံတားကြီးအောက်က ဖြတ်ပြီးမကြာခင်မှာ မြို့တွင်းကိုရောက်ပါတယ်။ မြို့လယ်တည့်တည့်မှာတော့ ကျွန်တော်တို့ကို အားမာန်အပြည့်နဲ့ ကြိုနေသယောင် "ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ကြီး" က မြင့်မြင့်မားမား ဝင့်ဝင့်ကြွားကြွား။


ကျွန်တော်တို့ရဲ့ ဒိုင်နာကားဟာ ဗိုလ်ချုပ်အောင်ဆန်းလမ်းအတိုင်း မောင်းလာပြီး ပြည်ရွှေဆံတော်ဘုရား မြောက်ဖက်မုခ် နာရီစင်ကြီးနားရောက်တော့ ဘဝတစ်ခုရဲ့ ကာလတစ်ခုမှာ တခဏတာ အရိပ်ခိုနားမယ့် စာတိုက်တန်းလမ်းမှ နာမည်ကြီးအဆောင် ဖြစ်လာမယ့် "ဒေါ်လှ အဆောင်" ရှေ့သို့ ဆိုက်ရောက်လာပါတော့တယ်။ အဆောင်ရှေ့ရောက်တယ်ဆိုရင်ပဲ အရင်ဆုံးအပြေးထွက်လာတဲ့သူက ကျွန်တော်တို့ နှိပ်စက်သမျှ ခံရရှာတော့မယ့် အကိုကြီး ကိုမြင့်ဇော်ပါပဲ။ ကိုမြင့်ဇော်က အဆောင်ပိုင်ရှင်ရဲ့ သားအကြီးဆုံး သူတို့မိသားစု သုံးယောက်က အောက်ထပ်က အနောက်ဆုံးအခန်းမှာနေကြတယ်။ "ဒေါ်လှအဆောင်" လို့ အမည်တွင်ရခြင်းက ကိုမြင့်ဇော်ရဲ့ အဖွားဒေါ်လှရဲ့အိမ်ဖြစ်လို့ အမည်တွင်နေတာပါ။ အဖွားဒေါ်လှကတော့ ကွယ်လွန်သွားတာ ကြာခဲ့ပါပြီတဲ့။


အဆောင်လေးက နှစ်ထပ်အုတ်ညှပ်တိုက်ပါ။ အဆောင်ရှေ့ဘယ်ဖက်မှာ ဂျပန်ပိတောက်ပင်ကြီးတစ်ပင်၊ ညာဖက်ခြမ်းမှာ သရက်ပင်တစ်ပင်ရှိပါတယ်။ ဂမုန်းပန်းအိုးလေးတွေနဲ့ ခုံတန်းရှည်တစ်လုံးလည်း ချထားပါတယ်။ အဆောင်က အမျိုးသားသီးသန့်ဆောင်ပါ။ ပြည်မှာက ပြည်နည်းပညာတက္ကသိုလ်၊ ပြည်တက္ကသိုလ်၊ ဂျီတီစီ စသဖြင့်ရှိတဲ့အတွက် အဆောင်တွေရဲ့ ဆိုင်းဘုတ်တွေကို အရောင်နဲ့ ခွဲထားပါတယ်။ အများစုကတော့ ကိုယ့်ကျောင်းအရောင်တပ်ထားတဲ့ အဆောင်မှာပဲ နေကြတာများပါတယ်။ ရောနေကြသူတွေလည်းရှိပါတယ်။ ကျွန်တော်တို့ PTU အဆောင်တွေရဲ့ ဆိုင်းဘုတ်ကတော့ အဝါရောင်နောက်ခံမှာ အဖြူရောင်နဲ့ စာလုံးရေးကြပါတယ်။ ကျွန်တော်တို့ အဆောင်ကတော့ အဲဒီအချိန်ထိ ဆိုင်းဘုတ်မရှိသေးပါဘူး။


ပစ္စည်းတွေ အားလုံးချလိုက်ပြီးတော့ ကားသမားတွေရော ပြန်ရဦးမှာမို့ နေ့လည်စာထွက်စားကြပါတယ်။ မေရွက်ဝါထမင်းဆိုင်ပါ။ ပြန်လာကြတော့ အဆောင်ပတ်ဝန်းကျင်ကို လေ့လာပါတယ်။ စာတိုက်တန်းလမ်းက ကတ္တရာလမ်းပေမယ့် နေရာအတော်တော်များများ ပျက်နေပါပြီ။ အိမ်တွေက တိုက်ခံအိမ်၊ ပျဉ်ထောင်အိမ် အစုံပါပဲ။ ဈေးဆိုင်လေးတွေလည်း အိမ်ရှေ့မှာ တည်ထားကြတယ်။ လိုက်ကြည့်မိတော့ တည်းခိုရိပ်သာ၊ ဘက်ထရီဆိုင်၊ သနပ်ခါးခဲလုပ်ငန်း၊ စာပုံနှိပ်စက်၊ ကွမ်းယာဆိုင်၊ စာအုပ်အငှားဆိုင် အမျိုးစုံလင်လှပါတယ်။ လမ်းမကြီးပေါ် မဟုတ်ပေမယ့် ဗိုလ်ချုပ်လမ်းမကြီးကို လှမ်းထွက်လိုက်ရုံနဲ့ ရောက်ပါတယ်။ စိတ်ချမ်းသာစရာအကောင်းဆုံးကတော့ ရွှေဆံတော်ဘုရားကြီးကို အဆောင်ရှေ့က လှမ်းဖူးနိုင်တာပါပဲ။ ညခင်းတွေတိုင်းမှာ အဆောင်ရှေ့က ခုံတန်းလေးမှာထိုင်ရင်း လေလေးတဖြူးဖြူးနဲ့ ရွှေရောင်တဝင်းဝင်း ရွှေဆံတော်ဘုရားကြီးကို ကြည်ညိုရတာ အင်မတန်ချမ်းမြေ့စရာကောင်းလှပါတယ်။


အဲဒီညရောက်တော့ ရွှေဆံတော်ဘုရားပေါ် တက်ပြီး ရှိခိုးဦးခိုက်ကြပါတယ်။ ဘုရားပေါ်က ပြန်ဆင်းတော့ ညစာစားကြပြီး လက်ဖက်ရည်ဆိုင်ချီတက်ကြတာပေါ့။ ဗိုလ်ချုပ်လမ်းပေါ်က အဆောင်နဲ့လည်း နီးတဲ့ "ပန်းနုရောင် ကဖီး" မှာသွားထိုင်ဖြစ်ကြတယ်။ ကိုယ်သောက်ချင်တာ ကိုယ်မှာကြတာပေါ့။ ခဏနေလို့ လက်ဖက်ရည်ခွက်တွေလည်း လာချရော ကြည့်လိုက်တော့ ဟာ......... ဘယ်လိုလဲဟ လက်ဖက်ရည်ကလဲ။ လက်ဖက်ရည်ခွက်တွေပေါ်မှာ စတီးပန်းကန်လေးနဲ့ နို့စိမ်းကိုထည့်ပေးထားတာ ကြိုက်ရင်ထည့်သောက်ပေါ့လေ။ ဒါနဲ့ပဲ လက်ဖက်ရည်သောက်ပြီး လေကန်ပြီး အဆောင်ပြန်အိပ်ကြတော့တယ်။ အဆောင်နေကျောင်းသားဘဝရဲ့ ပထမဦးဆုံးညပေါ့ဗျာ။

Monday, August 4, 2008

တက္ကသီလာသွား တောလား

၂၀၀၂ ခုနှစ် ဧပြီလဆန်းရဲ့ မှောင်မှောင်မည်းမည်း ညကျဲကျဲထဲမှာ ရန်ကုန်-မန္တလေး အဝေးပြေးလမ်းမကြီး တစ်လျှောက် ဒိုင်နာကားတစ်စီး အရှိန်အဟုန်ဖြင့် မောင်းလာနေသည်။ ကားခေါင်မိုးပေါ်မှာတော့ သေတ္တာတွေနဲ့ စက်ဘီးတစ်ချို့ကို စီပြီး ကြိုးများဖြင့် ချည်နှောင်၍ တင်ဆောင်ထားသည်။ ကားနောက်ခန်း အတွင်းဖက်မှာတော့ သေတ္တာတွေကို တစ်ပြင်လုံးအပြည့်ခင်းထားပြီး အဲဒီအပေါ်မှာမှ အိပ်ယာထုပ်တွေကို ဖြည်ပြီး မွေ့ယာသဖွယ် ထိုင်လို့ရအောင် လုပ်ထားလေသည်။ အတွင်းထောင့်တစ်နေရာမှာ မြို့ပြ၊ ဗိသုကာနဲ့ စက်မှုသမားတွေရဲ့ လက်သုံးတော် T-square လေးငါးချောင်းကို စုချည်ထားရသေးသည်။ သူတို့တစ်ဖွဲ့လုံး ခုန်ပေါက်နေတဲ့ကားပေါ်မှာ ကောင်းကောင်းမအိပ်နိုင်ဘဲ ငိုက်မြည်းရင်းသာ ပါလာကြသည်။ ပဲခူးမရောက်ခင် ပျဉ်ပုံကြီးမှာ ကားခဏရပ်ပြီး နံနက်စာစားကြသည်။ ကားပြန်ထွက်တော့ အိပ်ချင်စိတ်မရှိကြတော့ပေမယ့် မှောင်နှင့်မည်းမည်းမို့ စကားသိပ်မပြောဖြစ်ကြဘဲ ကိုယ့်အတွေးနဲ့ကိုယ်သာ အဝေးကိုငေးမောနေမိကြသည်။


ကျွန်တော်တို့ တောင်ငူအဖွဲ့၏ တက္ကသီလာ ပြည်တော်သာသွား တောလားသည်ကား ဤသို့ပင် စတင်ခဲ့လေသည်။ ပထမနဲ့ ဒုတိယ နှစ်နှစ်ကို တောင်ငူကျောင်းတွင် အောင့်အီးမျိုသိပ် ကျိပ်မှိတ်တက်ခဲ့ရပြီးသကာလ တက္ကသိုလ်ဟူသော ကျောင်းတော်ကြီးနှင့် စတင်ထိတွေ့ရတော့မည့်အတွက် အားလုံးတက်ကြွရွှင်လန်းနေကြသည်။ ပြည်နည်းပညာတက္ကသိုလ်တွင် တတိယနှစ်ကို ဆက်လက်တက်ရောက်ရန် အကြောင်းကြားစာများ အသီးသီးရရှိကြပြီးနောက် ပြည်သို့မထွက်ခွာခင် တစ်ပတ်ခန့်အလိုကပင် စုရပ်ဖြစ်သော ကျွန်တော်၏အိမ်သို့ အားလုံးသော သူငယ်ချင်းထီး သူငယ်ချင်းမတို့၏ သေတ္တာ၊ အိပ်ရာလိပ်၊ စက်ဘီးပါမကျန် တိုတိုထွာထွာမှန်သမျှ အသီးသီး လာရောက်ပို့ထားကြလေရာ အိမ်ဘေးဂိုထောင်တွင် စုပုံနေတော့သည်။ မိန်းကလေးများက ပစ္စည်းကားနဲ့ မလိုက်ကြဘဲ Express ဖြင့် နောက်မှလိုက်လာကြမည်ဖြစ်သည်။ ညဦးပိုင်းထဲက သူငယ်ချင်းများအားလုံး အိမ်ရောက်နေကြပြီး ဒိုင်နာလာဆိုက်တော့ ကားပေါ်ဝိုင်းတင်ကြသည်။ ပစ္စည်းများအားလုံး ကားပေါ်တင်ပြီးလို့ မကြာခင်မှာဘဲ မောင်းလာကြလေသည်။ မြို့တွင်းမှ မထွက်ရသေးခင်မှာပဲ ချစ်လှစွာသော သူငယ်ချင်းများက ဖွက်ယူလာခဲ့သော ဗျစ်ရည်သံဗူးတွေကို ထုတ်လေသည်။ အဲဒီအချိန်မှာ ကားနောက်ခန်းထဲကို ဆိုင်ကယ်မီးရောင်တစ်ခု လှမ်းထိုးလိုက်သည်။ ကြည့်လိုက်တော့ ကျွန်တော့်အဖေ၊ နောက်မှာက ညီမလေး။ ဒီကောင်တွေ ဒါမျိုးကျတော့ လျင်သည်။ ဗူးတွေကို ဘယ်လိုသိမ်းလိုက်မှန်းမသိ။ အဖေက ဆိုင်ကယ်ဖြင့် မောင်းလိုက်လာရင်းမှ ကားပေါ်သို့ မုန့်ထုပ်တွေ၊ နေကြာစေ့ထုပ်တွေ၊ သကြားလုံးထုပ်တွေ တစ်ထုပ်ပြီးတစ်ထုပ် ပစ်ပစ်တင်ပေးသည်ကို လုဖမ်းကြရင်း ဆူညံနေတော့သည်။ မြို့အထွက်ခပေါင်းတံတားရောက်မှ အဖေလက်ပြပြီး လှည့်ပြန်သွားတော့တယ်။ မြို့ပြင်လည်းအရောက် ဗျစ်ရည်ဗူးလည်း အဖောက်ပဲ။ အာလူးကြော်ပါ အမြည်းရသွားတာကိုး။


ရန်ကုန်-ပြည်လမ်းပေါ် ရောက်တော့ အလင်းရောင်လည်း ကောင်းကောင်းရနေပြီဖြစ်တဲ့အပြင် လမ်းကလည်း အတော်ကောင်းတာမို့ "ကဲ သူငယ်ချင်းတို့ရေ လူစုံပြီလားဟေ့" ဆိုလိုက်တာနဲ့ အထုပ်ဖွင့်ပြီးသားဖြစ်နေပြီ။ အဲဒီအချိန်က ကျွန်တော်က လုံးဝမကစားတတ်သေးပါဘူး။ ဒါကြောင့် ဘေးနားမှာ ဖဲမီးလှုံရင်း နားကြပ်ကက်ဆက်ကလေးနဲ့ ငြိမ့်နေလိုက်တယ်။ လက်ပံတန်းတာဆုံရောက်တော့ တခဏထပ်နားကြပြန်တယ်။ အဲဒီမှာ ကျွန်တော်သိပ်ကြိုက်တဲ့ ပူပူနွေးနွေး ဆီထမင်းရယ်၊ စာကလေးကြော်၊ ငါးကြော်တွေရယ်ကို အမျိုးစုံလို့ အထမ်းလေးတွေနဲ့ ရောင်းကြတာ။ ကျွန်တော်က ဖေဖော်ဝါရီ လလယ်လောက်ကတည်းက အဆောင်ရှာဖို့ ပြည်ကို တစ်ခေါက်ရောက်ပြီးသားလေ။ လက်ပံတန်းက ဆီထမင်းနဲ့ စာကလေးကြော်ကို အဲဒီကတည်းက စွဲသွားလိုက်တာ နောက်ပိုင်းတောက်လျှောက် လက်ပံတန်းတာဆုံမှာ ကားနားတိုင်း အဲဒါပဲစားဖြစ်တော့တာ။ ကားတွေကတော့ ရောင်နီဦးမှာ ရပ်ကြတာများပါတယ်။ ကျွန်တော်က ဆိုင်ထဲက အစာတွေထက် ဆီထမင်းနဲ့ စာကလေးကြော်ကိုပဲ ပိုမက်စက်ပါတယ်။ ဆီထမင်းနဲ့ စာကလေးကြော်တစ်ပွဲကို ပါဆယ်ဝယ်လိုက်ပြီး ရောင်နီဦးဆိုင်ထဲမှာ လက်ဖက်ရည်ပေါ့ဆိမ့်တစ်ခွက်နဲ့ဆို အင်မတန်စားလို့ မြိန်လိုက်တာ ခုတောင်စားချင်လာရောပဲ။


ကျွန်တော်က အဆောင်နေကျောင်းသား သိပ်ဖြစ်ချင်တာ။ ဆယ်တန်းအောင်စာရင်းထွက်ပြီးလို့ ကျွန်တော့်အမှတ်ပေါင်းက YIT ကို သေချာပေါက်ဝင်မှန်းသိတဲ့အချိန်မှာ ပျော်လိုက်သည့်ဖြစ်ခြင်း။ တိုင်လုံးရှည်ရှည်ကြီးတွေနဲ့ အင်မတန်ခန့်ညားတဲ့ ရုရှကလာဆောက်ပေးထားတဲ့ တက္ကသိုလ်ကြီးမှာ တက်ရတော့မယ်ပေါ့လေ။ တက္ကသိုလ်တက်တဲ့အကြောင်းတွေပါတဲ့ စာအုပ်တွေ၊ ဝတ္ထုတွေဖတ်ရတာ သိပ်အရသာရှိတာပဲ။ ရုပ်ရှင်တွေ၊ ဗွီဒီယိုတွေဆိုလည်း မလွတ်တမ်းပဲ။ YIT ကြို့ကုန်းကျောင်းနောက်ခံနဲ့ ကြည့်ခဲ့တဲ့ တစ်ကားဆိုရင် သိပ်သဘောကျတာ။ ဇာတ်ကားနာမည်တော့မေ့နေပြီ။ ဒွေးနာမည်က အဲဒီကားမှာ ခိုင်မြဲကျော်စွာတဲ့။ (နောက်ပိုင်းတော့ MIT မှာရိုက်တဲ့ “ချစ်ခြင်းရင်ခုန်ယုံကြည်စွာဖြင့်“ ကားလည်း ကြိုက်တာပဲ၊ ရှုခင်းတွေက ရန်ကင်းတောင်နောက်ခံနဲ့ အရမ်းလှတယ်)။ ဒီလိုနဲ့ တကယ်တမ်း ဝင်ခွင့်ခေါ်စာတွေကျလာတော့ သတင်းပို့ခိုင်းတဲ့နေရာက ....တစ်နေရာရယ်လေ။ ကျွန်တော် တမ်းတခဲ့သလို မဖြစ်လာခဲ့ဘူး။


ကျွန်တော် အဆောင်သွားကြည့်တုန်းက ဆောင်းမကုန်သေးတော့ သိပ်မသိသာဘူး။ အသွားရောအပြန်ရော ညခင်းတွေလည်းဖြစ် လေအိတ်ကားနဲ့လည်းဖြစ်တော့ လမ်းတလျှောက် ပတ်ဝန်းကျင်ကိုလည်း မမြင်ဖြစ်ခဲ့ဘူး။ အခုကျတော့ ရာသီဥတုကလည်းပူ ဘေးဘီကိုကြည့်တော့လည်း ခြောက်ခြောက်သွေ့သွေ့နဲ့ဆိုတော့ ဒီအတိုင်းဆိုရင် ပြည်မှာကျောင်းတက်ရမှာ ပူပူလောင်လောင်နဲ့ ပျင်းစရာကြီးပဲဆိုပြီး ကျွန်တော်တို့အားလုံး စိတ်ပျက်သွားကြတယ်။ သူငယ်ချင်းတစ်ချို့ကတော့ အိမ်ထောင်စုအပြောင်းအရွှေ့တွေလုပ်ပြီး ရန်ကုန်နည်းပညာတက္ကသိုလ် (လှိုင်သာယာ) မှာတက်ကြတယ်။ ကျွန်တော်ကတော့ တက္ကသိုလ်ကျောင်းသား ဘဝကို ပြည်မှာတက်မှသာ အပြည့်အဝရမယ်လို့ (ကိုယ့်ဘာသာ) ဆုံးဖြတ်ပြီး ပြည်ကိုပဲ ရွေးချယ်ခဲ့တာပါ။ အဲ.. ဒီလိုနဲ့ စိတ်ပျက်လက်ပျက်ဖြစ်နေကြတဲ့ ကျွန်တော်တို့တစ်တွေဟာ ပြည်မြို့နား တဖြည်းဖြည်း နီးလာတဲ့ တစ်နေရာအရောက်မှာတော့ ရုတ်တရက်.......

Sunday, August 3, 2008

ပီတီယူ + ဆေးကွေး= ?

ကျွန်တော် ဆယ်တန်းဖြေပြီးတဲ့နှစ်မှာ အလယ်တန်းတုန်းက ဆရာမကြီးတစ်ဦးကွယ်လွန်ပါတယ်။ သဂြိုင်္လ်တဲ့အခါ သူငယ်ချင်းတစ်ယောက်ကားနဲ့ အားလုံးစုပြီး လိုက်ပို့ကြပါတယ်။ အဲဒီအချိန်က ကျောင်းဖွင့်ရက်ဆိုတော့ ကျောင်းက ဆရာဆရာမတွေရော ကျောင်းသားတွေရော အများကြီးပေါ့။ တောင်ငူဆိုတာက စက်ဘီးလည်း အတော်စီးကြတာကလား။ စက်ဘီးနဲ့ကျောင်းသားကျောင်းသူတွေကြားထဲမှာ သူလေးကို ကျွန်တော်လှမ်းတွေ့လိုက်တယ်။ အဖြူအစိမ်းလေးနဲ့ ခေါင်းမှာ ဖဲကြိုးအစိမ်းလေး နှစ်ဖက်စီးထားတယ်။ သူ့မျက်နှာလေးက အေးချမ်းပြီး ရိုးရိုးရှင်းရှင်းလေး။ တခြားကောင်လေးတွေ လိုက်စနေလို့ သူလေးခမျာ စက်ဘီးကို အမြန်နင်းထွက်ရအောင်လည်း လူတွေက ကြပ်ကြပ်ဖြစ်နေတာမို့ ရှက်လည်းရှက် စိတ်လည်းရှုပ်နေတဲ့ အဲဒီနေ့က သူလေးရဲ့မျက်နှာလေးဟာ ကျွန်တော့်ရင်ထဲကို နတ်သျှင်နောင်ကလောင်သွား စွဲစိုက်ထားလိုက်သလိုပါပဲ။

တကယ်တော့ သူလေးက ကျွန်တော့်ဘကြီးတစ်ယောက်ရဲ့ ဇနီးဖက်က မြေးဝမ်းကွဲတော်ပါတယ်။ ဝါစဉ်အရကြံဖန်ကြည့်ရင်တော့ ကျွန်တော်နဲ့ဆို တူမပေါ့လေ။ တောင်ငူရာဇဝင်နဲ့ ပြောင်းပြန်ဗျ။ ရာဇဝင်မှာက အဒေါ်နဲ့တူလေ။ ရာဇဓါတုကလျာက နတ်သျှင်နောင်ရဲ့ အဒေါ်တော်တာကိုး။ သူလေးကို ငယ်ငယ်တည်းက မြင်ဖူးပြီးသား သိပြီးသားပါ။ သူလေးတို့ အမျိုးတွေကလည်း အိမ်နားတင်နေကြတာလေ။ သူလေးလာလည်တဲ့အခါ မြင်ဖူးတာပေါ့။ သိပ်ချစ်စရာကောင်းတဲ့ ကောင်မလေးမှန်းတော့ သိခဲ့တယ်။ ဒါပေမယ့် ဒီလောက်ထက်မပိုခဲ့ပါဘူး။ အဲဒီနေ့ကမှ အဲဒီနေ့ကပါပဲ။

ဒီလိုနဲ့ သူဆယ်တန်းနှစ်ထိ ကျွန်တော်လည်း တောင်ငူမှာ ကျောင်းတက်နေရတုန်းပဲဗျ။ (၉၆ ၉၇ ၉၈ ဆယ်တန်းအောင်သမားတွေအတွက် YTUဆိုတာက ပထမနဲ့ ဒုတိယနှစ်တွေကို နီးစပ်ရာ ဂျီတီအိုင်ကျောင်းတွေမှာ တက်ခဲ့ရပါတယ်)။ အဲဒီတော့ ဘာလုပ်သလဲဆိုရင် သူလေးကျူရှင်ချိန်တချို့ကို သွားသွားချောင်းပါတယ်။ အဲ တစ်ခုကျန်သေးတယ်။ ကျွန်တော့်ညီမဝမ်းကွဲက သူလေးနဲ့ အင်မတန်ခင်ကြတဲ့ သူငယ်ချင်းအရင်းကြီးတွေ။ အဲဒါဟာ ကျွန်တော်ဖို့ အဆင်ပြေမလိုနဲ့ မထူးခဲ့ပါဘူး။ ညီမလုပ်တဲ့သူက အောင်သွယ်လုပ်ဖို့မပြောနဲ့ သူ့သူငယ်ချင်းရဲ့ သတင်းလေးတွေတောင် ပေးဖော်မရဘူး။ သချာင်္ချိန်ဆို ဆရာမက ကျွန်တော်တို့ဆရာမပဲဆိုတော့ အေးဆေးပဲ။ ဆရာမပဲ သတိရလို့ လာလည်သလိုလိုနဲ့ သူလေးကို ချော်လဲရောထိုင် သွားငမ်းတာပါ။ သူလေးက သိပ်လှတော့ အထက်တန်းကျောင်းသူဘဝကတည်းက လိုက်တဲ့ကောင်တွေ အတော်များပါတယ်။ ကျွန်တော်ဘာမှမကြိုးစားခဲ့ပါဘူး။ သူ့ကျူရှင်ရယ် သူ့အိမ်ရယ်ကိုပဲ မသိမသာ သွားပတ်ပါတယ်။ သူလေးက စာအရမ်းတော်တယ်။ သွားပြီးစိတ်ကစားအောင်လုပ်ရင် ဆေးကျောင်းမဝင်မှာ ချွတ်ချော်သွားမှာ ကျွန်တော်မလိုလားပါဘူး။ ဒါကြောင့် အဝေးမှသာပေါ့ဗျာ။

အောင်စာရင်းတွေထွက်တော့ ဂုဏ်ထူးလေးဘာသာရပြီး မကွေးဆေးကျောင်းရောက်ပါတယ်။ ကျွန်တော်သိပ်ပျော်တာပေါ့။ သူမကွေးစတက်တဲ့အချိန်မှာ ကျွန်တော်က ပြည်နည်းပညာတက္ကသိုလ်မှာ တက်နေပြီလေ။ မကွေးသားသူငယ်ချင်းတစ်ယောက်ရဲ့အမက သူလေးတို့ဆေးကျောင်းက ပထမနှစ်သင်တဲ့ ဆရာမတဲ့။ သူ့သတင်းလေးတွေ နည်းနည်းပါးပါးကြားရသေးတယ်။ နောက်နှစ်တွေကြတော့ ဘယ်ရမလဲ တောင်ငူသားပဲဟာ မကွေးဆေးကျောင်းက ညီငယ်တွေဆီကနေ သတင်းတွေ အမြဲရတယ်။ သူလေး Miss Glory အဖြစ်အရွေးခံရတဲ့အကြောင်း ဆံပင်တွေရှည်ပြီး နည်းနည်းပိန်သွားတယ်ဆိုတဲ့အကြောင်း လိုက်တဲ့သူအရမ်းများပေမယ့် ခုထိဘယ်သူ့ကိုမှ(ဘယ်သူနဲ့မှ) ပြန်မကြိုက်သေးတဲ့အကြောင်း အစုံပါပဲ။

ကျောင်းတံဆိပ်စာအိတ်မရောင်းတဲ့အတွက် ကျောင်းလိုဂိုကို အေဖိုးနဲ့ ကိုယ်တိုင်ဒီဇိုင်းဆွဲ စာအိတ်ချိုးထားပါတယ်။ မကွေးဆေးက သူလေးဆီကို ပို့ဖို့ပါ။ ကျွန်တော့်စာအိတ်ကို မြင်ဖူးလိုက်တဲ့ သူငယ်ချင်းတွေက သူတို့လည်းလိုချင်လို့ မိတ္တူဆွဲယူချင်တာကို ညစ်ပြီး မပေးခဲ့ဘူး။ တကယ်တော့ သူလေးအတွက် သီးသန့်လေးဖြစ်ချင်တာပါ။ ကျွန်တော်က လူသာမရောက်ပေမယ့် ပြည်ကနေ သူလေးဆီကို မွေးနေ့ကတ်တွေ ချစ်သူများနေ့ကတ်တွေ အခွင့်သင့်တိုင်းပို့တယ်။ ဘာပို့ပို့ အမြဲပါတာကတော့ အသည်းပုံကတ်ပြားလေးတွေပါပဲ။ ဗူးလိုက်ကို ဝယ်ထားတာပါ။ စာပို့တိုင်း စာတိုက်က စာရေးမတွေ အမြဲမေးလေ့ရှိတာတစ်ခုက စာရောပါရဲ့လားဆိုတာပါပဲ။ ဘာလို့လဲဆိုတော့ ကျွန်တော့်စာအိတ်က ပေါ့ပါး ပြားချပ်ပြီး အထဲမှာက များသောအားဖြင့် အသဲပုံကတ်လေးတစ်ခုထဲပဲပါတာကိုး။ လုပ်ပုံကို ပြောပါတယ်။ မလှမွန်(ရေနံ့သာ) ရေးတဲ့ “မိန်းမတို့၏ ကောင်းမြတ်သော စံလက္ခဏာများ"ဆိုတဲ့ စာအုပ်တစ်အုပ်လည်းပို့ဖူးတယ်။

အဲဒါလေးတွေရဲ့ အကျိုးဆက်ကတော့ PTUဆိုတဲ့ကျောင်းကြီးကနေ မကွေးဆေးကို မကြာမကြာ ရောက်လာလေ့ရှိတဲ့ လက်ဖြစ်စာအိတ်လေးတွေနဲ့ ကတ်ပြားလေးတွေကို သူလေးသတိထားမိနေခြင်းပါပဲ။ အဲဒါကတော့ ညီငယ်တွေ ပြန်ပြောပြလို့ သိရတာပါ။ ပို့တဲ့သူဟာ ကျွန်တော်မှန်းလည်း သိတယ်လို့ ပြောပါတယ်။ ကျောင်းက အပျော်ခရီးတွေထွက်တော့ အပြန်မှာ မကွေးကို ဝင်လည်ကြပါတယ်။ မကွေးသား သူငယ်ချင်းက သူနဲ့ဆင်းနေခဲ့ပြီး သူလေးဆီလိုက်ပို့ပေးမယ်လို့ အတန်တန်ပြောပါတယ်။ ကျွန်တော်က နောက်တစ်နေ့မှာ ဒီအပတ်အတွက်လာသင်တဲ့ဆရာမရဲ့ နောက်ဆုံး lectureချိန်လေးရှိတာမို့ နေခဲ့ချင်ပေမယ့် ပြန်လိုက်ခဲ့ရပါတယ်။ ဆရာအပိုင် မရှိတဲ့ PTU ကျောင်းသားဘဝရဲ့ အဖြစ်တစ်ခုပေါ့ဗျာ။

တိုက်ဆိုင်တာလေးတွေက ပြည်မှာကျောင်းတက်နေတဲ့ကျွန်တော် တောင်ငူပြန်တဲ့အခါ မကွေးမှာကျောင်းတက်နေတဲ့ သူလေးဟာလည်း တောင်ငူပြန်တဲ့အချိန်နဲ့ သွားတိုက်ဆိုင်နေတတ်တယ်။ သုံးကြိမ်လောက် အဲဒီလိုဆုံပါတယ်။ လူချင်းမဟုတ်ပါဘူး။ သူလေးပြန်လာတာကို အားမကိုးရတဲ့ ညီမဆီက သိတာပါ။ သူ့ဆီလာလည်ပါသတဲ့။ ကျွန်တော် စွမ်းသလောက်တော့ ကြိုးစားခဲ့ပါတယ်။ သူလေးလည်း ပြန်ရောက်နေတယ် ကြားတိုင်း ချက်ချင်းဆိုင်ကယ်ထုတ် သူလေးအိမ်ရှေ့ မျက်စိနောက်လောက်အောင် ပတ်မောင်းနေတော့တာပဲ။ မတွေ့ပါဘူးဗျာ တစ်ခါမှ။ အမြဲတမ်း မဆုံနိုင်အောင် ဘယ်လိုအကြောင်းတွေကများ ဖန်တီးနေလဲ မသိပါဘူး။

ဒီကို မထွက်လာခင်ကတော့ သတင်းကြားခဲ့ပါတယ်။ ကောလဟလမဟုတ်ပါဘူးဗျာ။ အမှန်ကြီးပါ။ တောင်ငူက စီနီယာဆေးကျောင်းသားလေးတစ်ယောက်နဲ့တဲ့လေ.......။ အဲဒါပါပဲဗျာ။ ကျွန်တော်တက္ကသိုလ်တက်တဲ့ တစ်လျှောက်လုံး သူလေးသာ လွှမ်းမိုးထားခဲ့လို့ ဂျီဟောသူမဟုတ်သော (လက်ခုပ်ပင်သူ၊ နှောကုန်းသူ) ကျောင်းသူမလေးများကို စိတ်မဝင်စားခဲ့မိပါ။ သြော်..တစ်ခုကျန်သေးတယ်ဗျ။ သူလေးကို ကျွန်တော်နောက်ဆုံးမြင်ခဲ့ရတာ ၂၀၀၁ မတ်လရဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲရက်တစ်ရက်မှာပါ။ ခုချိန်ထိပဲ ဆိုပါတော့။ ခုနစ်နှစ်ရှိပါပြီ။ အချိန်တွေ အကြာကြီး မမြင်မတွေ့ရပဲ စွဲလန်းနေခဲ့တာကို ရူးတယ်လို့ဆိုကြမယ်ဆိုရင် ကျွန်တော်ရူးခဲ့တာပေါ့။ တကယ်တော့ စိတ်သာဆောင်လေတယ် လူကမနှောင်ခဲ့လေတော့ အလွမ်းမင်းသားကြီး ကျွန်တော့်ခမျာ နောက်ဆုံးတော့လည်း ကျန်ရစ်သားလေး ဖြစ်ရပြန်ပြီပေါ့ဗျာ။
-----------------------------------------------------------------------------------------
အောက်က သီချင်းဟာ ကျောင်းက သူငယ်ချင်းတွေကြားထဲ ပေါက်သွားခဲ့တဲ့ ကျွန်တော့်ရဲ့ "(ဦး)ကိုကျော်သန်းက သိတယ်" သီချင်းပါ။ ပဉ္စမနှစ်မှာ တစ်ကြိမ်သာ အပျော်ရေးထုတ်ခဲ့တဲ့ ကျွန်တော့်ရဲ့ တစ်ကိုယ်တော် "တစ်တို့ (onetouch) ဂျာနယ်" မှာ ထည့်ရေးခဲ့တာပါ။ ဆရာဦးကျော်ကျော်သန်းမှာ အလွန်သဘောကောင်းသော ကျွန်တော်တို့ရဲ့ လူဆိုးထိန်း (မော်ကွန်းထိန်း) ဖြစ်ပါသည်။ "တောင်ပြာတန်းက သိတယ်" သီချင်းကို စာသားတစ်ချို့ ပြင်စပ်ထားခြင်းဖြစ်ပါသည်။



မေရယ်...... အထင်တော့မလွဲလိုက်နဲ့ဦး
စာလွှာများရောက်မလာခဲ့ရင်.....
မောင့်အပေါ်မှာ...မငြိုငြင်ပါနဲ့နော်
ပီတီယူကျောင်းသားဘဝဟာ... ချစ်သူကို လွမ်းဖို့ရာ
တစ်ခါတစ်လေ... အချိန်တော့ မပေးနိုင်ပါ
ဆပ်ပလီ ကိုကျော်ကာဖြတ်ဖို့.......... အတန်းတွေမှန်မှန်တက်လို့
မရမက အမှတ်ကိုယူကာ
ဒါတွေကို (ဦး)ကိုကျော်သန်းက ..... အသိဆုံးပါမေရယ်
မေးကြည့်ပါကွယ်...........


မောင့်သဘောနဲ့....ပြောရရင်
အချစ်ဆုံးချစ်သူလေးနဲ့
မကွေးမှာလေ......အတူနေချင်သပေါ့နော်
ဒါပေမယ့်... ပြည်မြို့ရောက်နေ ချစ်သူမှာလေ
လွမ်းတာကို လုံအောင်ဖုံးလို့
မှန်းကာလေ...ရမ်းသမ်းဖြေဆို.........

Popular Posts