တောင်ငူသား

..... စိမ်းလန်းပါစေ ကမ္ဘာမြေ ... ငြိမ်းချမ်းပါစေ ကမ္ဘာမြေ .....

Friday, October 22, 2010

ကမ္ဘာ့နိုင်ငံအချို့၏ အလံတော်များ

အဝါ၊ အစိမ်း နှင့် အနီရောင်တို့ကို ထင်ရှားစွာ အများဆုံး အသုံးပြုထားသော ကမ္ဘာ့နိုင်ငံ အသီးသီးတို့၏ နိုင်ငံတော်အလံများကို ရှာဖွေလေ့လာကြည့်ရာ ဥရောပမှ Lithuania ၊ တောင်အမေရိကမှ Bolivia နှင့် Guyana၊ အာဖရိကမှ Ghana, Ethiopia, Guinea, Mali, Senegal, Cameroon, Congo, Benin နှင့် Guinea-bissau အစရှိသည့် အလံတော်များကို တွေ့ရှိရပါသည်။



တိုက်ကြီးများအလိုက် ဆိုရသော် ဥရောပတိုက်မှ (၁)နိုင်ငံ၊ တောင်အမေရိကတိုက်မှ (၂)နိုင်ငံနှင့် အာဖရိကတိုက်မှ (၉)နိုင်ငံဖြစ်ရာ လက်ရှိ အသုံးပြုနေကြပြီးဖြစ်သော ဝါ၊စိမ်း၊နီ အရောင်သုံးမျိုးကို ထင်ရှားစွာအသုံးပြု၍ သတ်မှတ်သုံးစွဲထားသော နိုင်ငံများမှာ (၁၂)နိုင်ငံ ရှိနှင့်ပြီး ဖြစ်သည်။


အဆိုပါ (၁၂)နိုင်ငံအနက် (၄)နိုင်ငံမှာ ယင်းအရောင်သုံးမျိုးကို အလျားလိုက် သုံး၍လည်းကောင်း၊ အခြား (၄)နိုင်ငံမှာ ဒေါင်လိုက် သုံး၍လည်းကောင်း၊ ကျန် (၄)နိုင်ငံမှာ အလျား၊ ဒေါင်လိုက်၊ ကန့်လန့်စသည်ဖြင့် သုံးစွဲ၍လည်းကောင်း သတ်မှတ်ထားကြသည်။


ထို့ပြင် (၅)နိုင်ငံတို့၏ အလံတော်များတွင် "ကြယ်"သင်္ကေတကို ပုံသဏ္ဍာန်အမျိုးမျိုးဖြင့် ထည့်သွင်းထားပြီး၊ တစ်နိုင်ငံမှာ အခြားသင်္ကေတ ထည့်သွင်းထားသည်။ ကျန် (၆)နိုင်ငံတွင်မူ မည်သည့်သင်္ကေတမျှ ထည့်သွင်းထားခြင်း မရှိပေ။




Lithuania (ဥရောပ)


Ghana (အာဖရိက)


Ethiopia (အာဖရိက)


Bolivia (တောင်အမေရိက)



Guinea (အာဖရိက)



Mali (အာဖရိက)


Senegal (အာဖရိက)



Cameroon (အာဖရိက)


Congo (အာဖရိက)


Benin (အာဖရိက)

Guinea-bissau (အာဖရိက)


Guyana (တောင်အမေရိက)
flags source: google

Saturday, October 16, 2010

မင့်

မိသားစုတစ်စုမှာ သားသမီးရတနာ ထွန်းကားလာပြီဆိုရင် အချို့က သားသားလား မီးမီးလား မသိခင်ကတည်းက နာမည်လှလှလေးတွေ ကြိုတွေးထားတတ်ကြတယ်။ အချို့ကတော့ ကလေးကင်ပွန်းတပ် အခမ်းအနားလေးလုပ်ပြီး အမည်ပေးကြ ရွေးကြတယ်။ တတ်နိုင်ရင် တတ်နိုင်သလို အချို့လည်း ဟိုတယ်ကြီးတွေမှာ ငွေကြေးများစွာ အကုန်ကျခံပြီး ကျင်းပကြတာလည်း ရှိပါတယ်။ သို့သော်လည်း တသီးတသန့် မလုပ်ကြဘဲနဲ့ အမည်သညာ ခေါ်စရာတစ်ခု တွင်တွင်သွားကြတာက ပိုများမှာပါ။


ကျွန်တော့်အမေမှာ မောင်နှမ ခြောက်ယောက် ရှိပါတယ်။ အကြီးဆုံး ကြီးတော်ကို "မမ"။ နောက် ဒုတိယမြောက် ဘကြီးက "မောင်မောင်" ဖြစ်ပါတယ်။ တတိယ ဘကြီးကျ "ညီညီ"ဆိုတော့ စတုတ္ထမြောက်ဖြစ်တဲ့ ကျွန်တော့်အမေက "ညီမ" ဖြစ်သွားပါတယ်။ ဦးလေးနဲ့ အဒေါ် တို့ကျမှသာ "မမ မောင်မောင် ညီညီ ညီမ" စီးရီးကနေ သွေဖယ်သွားပါတယ်။ ကျွန်တော် အရွယ်တော်တော် ရောက်တဲ့အထိ အမေ့ဖက်က ဦးလေးအဒေါ်တွေရဲ့ နာမည်အရင်းတွေ အကုန်မသိခဲ့ပါဘူး။ အိမ်မှာရော၊ အရပ်ထဲမှာရော အားလုံးလိုလိုက အမေတို့ မောင်နှမတွေကို ငယ်နာမည်လဲ ပြောလို့ရ၊ အိမ်နာမည်လဲ ပြောလို့ရတဲ့ ဒီအခေါ်အဝေါ်တွေနဲ့သာ နှုတ်ကျိုးနေကြလို့ပါပဲ။ ငယ်ရွယ်သူတွေကတော့ "အန်တီမ၊ ဦးမောင်၊ ဦးညီ၊ မညီမ" ဆိုတဲ့ အသုံးအနှုန်းလေးတွေနဲ့ နေ့စဉ်ဆိုသလို ခေါ်ဝေါ်ပြောဆိုနေကြတဲ့အတွက် ကျွန်တော့်နားထဲမှာလည်း ဒီလိုပဲ စွဲပြီး လိုက်ခေါ်မိလျက်သား ဖြစ်နေပါတော့တယ်။ အမေတို့ မောင်နှမချင်းလည်း ဒီနာမည်တွေအတိုင်းပဲ ခုချိန်ထိ ခေါ်နေကြဆဲပါပဲ။


အမေဖက်က မောင်နှမ မနည်းသလို အဖေဖက်ကလည်း အင်အားများပါတယ်။ စုစုပေါင်း ကိုးယောက်ပါ။ ကျွန်တော့်အဖေက နို့ညှာလို့ သုံးကြလေ့ရှိတဲ့ ရှစ်ယောက်မြောက်ပေါ့။ ဒီဇာတ်လမ်း ဘယ်အချိန်က စတယ်ဆိုတာ အတိကျ မသိနိုင်ပေမဲ့ ကျွန်တော် နားလည်စပြုတဲ့ အချိန်မှာ ရာနှုန်းပြည့် စွဲမြဲနေပါပြီ။ ကျွန်တော်လည်း သိချင်လွန်းလို့ အဖွားကို ပြန်မေးထားတာကြောင့် ခုလိုရေးပြနိုင်တာပါ။ အဖေ့မောင်နှမတွေထဲမှာ အကြီးဆုံး ကြီးတော်ကြီး နာမည်က "မြင့်" ဆိုတာ ပါတယ်။ ကြီးကြီးက စကားပြောရင် သူ့ကိုယ်သူ "ကျွန်မကလေ" "သမီးကလေ" စသဖြင့် မသုံးဘဲ "မြင့် ကလေ" လို့ သုံးပြီး ပြောလေ့ရှိတယ်တဲ့။ အဲဒီအရွယ်မှာ ကြီးကြီးကိုယ်တိုင်က "မြင့်"ကို ပီအောင် မပြောနိုင်သေးတာလား၊ ဒါမှမဟုတ် အမကြီးကို အတုခိုးပြီး လိုက်ပြောကြတဲ့ မောင်တွေ ညီမတွေ ကျမှပဲ မပီတာလားတော့ မသိဘူး။ အဖေတို့ မောင်နှမ ကိုးယောက်လုံး သူတို့ကိုယ် သူတို့ သုံးတဲ့ နာမ်စားက တစ်သွေမတိမ်းပါပဲ။ "မင့်" တဲ့ဗျ။


ဒါပေမယ့် အဖိုးအဖွား အဖေအမေနဲ့ မောင်နှမတွေချင်းသာ "မင့်" ဆိုတဲ့ ဒီအသုံးနဲ့ ပြောပါတယ်။ အခြား သူစိမ်း မိတ်ဆွေ မဆိုထားနဲ့၊ သူတို့ရဲ့ ခင်ပွန်း ဇနီးကို တောင်မှ မေ့လျော့ပြီး ဒီအသုံးနဲ့ ပြောလေ့မရှိပါဘူး။ စကားဝိုင်းမှာ တခြားမိတ်ဆွေတွေကော မိဘမောင်နှမတွေရော အတူရှိနေမယ် ပြောဆိုနေကြမယ်ဆိုရင်တောင် မိဘမောင်နှမတွေချင်းဆို "မင့်"တခြားသူဆို "ကျွန်တော်" "ကျွန်မ" စသဖြင့်သာ မှန်ကန်စွာ သုံးစွဲနိုင်ကြပါတယ်။


မိဘဘိုးဘွားနဲ့ မောင်နှမအများစုက ဇာတိဖြစ်တဲ့ တောင်ငူမှာပဲ နေကြပါတယ်။ ကျွန်တော်တို့ မိသားစုက အဖွားအိမ်မှာပဲ အတူနေလာခဲ့တာ အဖေနဲ့ အမေ အိမ်ထောင်ကျကတည်းကပါ။ အဖေ့အဖို့ နေ့စဉ်နဲ့အမျှ အဖွားနဲ့ ပြောဆိုနေတာမို့ "မင့်"ပဲ တောက်လျှောက်ဖြစ်နေတာ သဘာဝ ကျပါတယ်။ မလှမ်းမကမ်းမှာ နေကြတဲ့ ဘကြီးသုံးယောက်လည်း မကြာခဏ အိမ်လာတိုင်း "မင့်" ဖြစ်နေတာလဲ သိပ်တော့ မဆန်းပါဘူး။ တစ်မြို့တည်းပေမဲ့ တကူးတက လာမှရောက်နိုင်တဲ့ နေရာက ကြီးတော်ကြီးတွေကလဲ အိမ်လာလိုက်ရင် "မင့်" ပါပဲ။


ကျောက်ဆည်သားနဲ့ အိမ်ထောင်ကျပြီး အညာသူဖြစ်သွားတဲ့ ကြီးတော်အငယ်ဆုံးက တစ်နှစ်တစ်ခေါက်ဆိုသလို အမေ့အိမ်အရောက် ခရီးပေါက်ပါတယ်။ တစ်နှစ်နေမှ တစ်ခါသာ လာနိုင်ပေမဲ့ အမေ့အိမ် ခြံဝရောက်တာနဲ့ "အမေရေ မင့်တို့ ရောက်လာပြီ" ဖြစ်သွားပါတယ်။ မန္တလေးက အကြီးဆုံး ဘကြီးကတော့ ကြာကြာနေမှ တစ်ခါ၊ မေ့လောက်မှ တစ်ခါ၊ နှစ်တွေ ကြာတတ်လေ့ရှိပါတယ်။ သို့ပေမဲ့ တောင်ငူက အမေ့အိမ်ရောက်တာနဲ့ "မင့်" ပြန်ဖြစ်ပါတော့တယ်။ အဖေ့အောက်က အငယ်ဆုံး ဦးလေးက သဘောင်္သား အင်ဂျင်နီယာ။ နေတာက ရန်ကုန်ပါ။ သဘောင်္တစ်ခေါက်တက် ကမ္ဘာကို ဘယ်လိုပင် ပတ်နေပါစေ ဘယ်လိုလူမျိုးတွေနဲ့မဆို ပြောဆိုဆက်ဆံနေရပါစေ ဇာတိမြေ တောင်ငူက အမေ့အိမ်အရောက် တံခါးခေါက်တယ် ဆိုရင်ပဲ "မင့် ပါ အမေ" တန်းဖြစ်ပါလေတော့တယ်။


"မင့် ပါ အမေ" ဆိုလို့ အဖွားရဲ့ ဒုက္ခလေး တစ်ခုလည်း ရှိသေးရဲ့။ တောင်ငူက အဖွားတို့ အိမ်ကြီးက အုတ်ခံ ပျဉ်ထောင် ရေနံချေး ဝနေအောင် သုတ်ထားတဲ့ ၁၉၆၂ ခုနှစ်ဖွား အိမ်ကြီး။ အိမ်ရှေ့မျက်နှာစာ တံခါးဝကို အိမ်နောက်ပိုင်း မီးဖိုခန်းကတင် မက အိမ်ပြင် ရေတွင်းနားက အထိပါ တိုးလျှိုပေါက် လှမ်းမြင်အောင် ဆောက်ထားတဲ့ ဒီဇိုင်းမျိုး။ အိမ်ရှေ့မှာ ဧည့်သည်လာ၊ လူလာရင် ဧည့်ခန်းကတင် မက၊ ထမင်းစားခန်း၊ မီးဖိုခန်း၊ ရေတွင်း စသဖြင့် ဖြောင့်တန်းနေတဲ့ ဘယ်နေရာကနေမဆို အိမ်သားတစ်ယောက်ယောက်က လှမ်းမြင်နိုင်တယ်။ ဒါပေမယ့် နောက်ပိုင်းကျလေ နည်းနည်း လှမ်းသွားလေပေါ့။ အဖွားက မီးဖိုချောင်မှာ ချက်ပြုတ်နေချိန် ဒါမှမဟုတ် ရေတွင်းနားမှာ ရေချိုးနေချိန်မျိုးမှာ အိမ်ရှေ့ကနေ ဧည့်သည်တစ်ယောက် ဝင်လာလို့ "ဟဲ့ အိမ်ရှေ့က ဘယ်သူလဲ" လို့ လှမ်းမေးရင်၊ ဝင်လာတဲ့ ဧည့်သည် ပြန်ဖြေတာက "မင့် ပါ အမေ" တဲ့။ "နင်တို့က အကုန် မင့် တွေပဲ၊ ဘယ် မင့် လဲကွဲ့" လို့ ထပ်ထပ်မေးရတာက သားသမီးကိုးယောက်ရဲ့ မိခင် ကျွန်တော့်အဖွားရဲ့ ပြုံးပျပျ ဒုက္ခလေး တစ်ခုရယ်ပေါ့။

Wednesday, October 13, 2010

အနှစ် ၉၀ ပြည့် မြန်မာ့ရုပ်ရှင်နေ့


၁၉၂၀ ခုနှစ်မှ စတင်ခဲ့သော မြန်မာ့ရုပ်ရှင်သည် ယခု ၂၀၁၀ ခုနှစ်တွင် အနှစ် ၉၀ တိတိ ပြည့်ခဲ့ပါပြီ။ ၁၉၂၀ အောက်တိုဘာလ ၁၃ ရက်နေ့တွင် မြန်မာ့ပထမဆုံး ရုပ်ရှင်ဖြစ်သော အဖြူအမဲ အသံတိတ်ဇာတ်ကားဖြစ်သည့် "မေတ္တာနှင့် သူရာ"ဇာတ်ကားကို ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းဈေး (ယခင် ဖရေဇာ)အနီးရှိ ရွိုင်ရယ် ရုပ်ရှင်ရုံမှာ ပထမဆုံး စတင်ပြသခဲ့ပါသည်။ အဆိုပါ မြန်မာ့ပထမဆုံး ရုပ်ရှင်ဇာတ်ကားကို စတင်ပြခဲ့သည့်နေ့ကို "မြန်မာ့ရုပ်ရှင်နေ့"အဖြစ် သတ်မှတ်ခဲ့ရာ ယခုနှစ်တွင် မြန်မာ့ရုပ်ရှင်သက်တမ်းသည် အနှစ်ကိုးဆယ်တိုင် ရောက်ရှိခဲ့ပါပြီ။

မြန်မာနိုင်ငံသမိုင်းမှာ ရုပ်ရှင်ဖလင်ဖြင့် အစောဆုံး မှတ်တမ်းတင် ရိုက်ကူးနိုင်ခဲ့သည်မှာ မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းတွင် အထင်ကရ ပုဂ္ဂိုလ်ကြီးများ ဖြစ်ကြသော "ဖေ၊ပု၊ရှိန်"ဟု ထင်ရှားသည့် အဖွဲ့မှ ဆရာကြီး ဦးထွန်းရှိန်၏ ဈာပနအခမ်းအနား မှတ်တမ်းကား ဖြစ်ပါသည်။

အာရှတွင် အချိန်စောခဲ့သော မြန်မာ့ရုပ်ရှင်ခေတ်ဦး၏ ပထမဆုံး ရုပ်ရှင်ကား "မေတ္တာနှင့် သူရာ"မှာ ဆရာကြီး ပီမိုးနင်း၏ ဇာတ်လမ်းကို မြန်မာ့ရုပ်ရှင်ဖခင်ကြီး တစ်ဦးဖြစ်သည့် လန်ဒန်အတ် ဦးအုန်းမောင်က မင်းသား အေဝမ်း ဦးညီပု နှင့် အခြားသရုပ်ဆောင်များဖြင့် ရိုက်ကူးခဲ့ပါသည်။ ထိုအချိန်က ရုပ်ရှင်ကားများ ပြသရာတွင် အသံတိတ်စနစ်သာ ဖြစ်သေးသည့်အလျောက် အသံအာရုံခံစားမှုအတွက် ရုပ်ရှင်ရုံများအတွင်း မြန်မာ့ဆိုင်းဝိုင်းများဖြင့် ထည့်သွင်းတီးမှုတ်ခဲ့ကြရသည်။ ၁၉၃၂ ခုနှစ်မှာ ပြောင်းလဲတိုးတက်လာတဲ့ စနစ်အရ မြန်မာ့ပထမဆုံး အသံထွက်ရုပ်ရှင်ကား ဖြစ်သည့် "ငွေပေးလို့မရ" ဇာတ်ကားကို ဒါရိုက်တာ ဦးတုတ်ကြီးက စတင်ရိုက်ကူးနိုင်ခဲ့ပါသည်။

လွတ်လပ်ရေးမရမီ ၁၉၄၆ ခုနှစ်မှာ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကို စတင်ဖွဲ့စည်းခဲ့ပါသည်။ ၁၉၉၈ ခုနှစ်မှာတော့ ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဝင်္ကာပါလမ်းမှာ "မြန်မာ့ရုပ်ရှင်သမိုင်းပြတိုက်"ကို စတင်ဖွင့်လှစ်နိုင်ခဲ့ပါသည်။ အဆိုပါပြတိုက်တွင် ခေတ်အဆက်ဆက် သရုပ်ဆောင်များ၏ ဓါတ်ပုံများ၊ ပါဝင်သရုပ်ဆောင်ခဲ့သော ဇာတ်ကားများမှ ဇာတ်ဝင်ခန်းများ၊ ဇာတ်ကားရိုက်ကူးရာတွင် အသုံးပြုခဲ့သော ရှေးဟောင်းရုပ်ရှင်ကင်မရာများ၊ ဖလင်များ၊ ပေးအပ်ချီးမြှင့်ခဲ့သော ထူးချွန်ဆုများ အစရှိသော မြန်မာ့ရုပ်ရှင်သမိုင်းဆိုင်ရာ ရှားပါးမှတ်တမ်းများ၊ ပစ္စည်းများကို ငွေရတု၊ ရွှေရတု၊ စိန်ရတု စသည်ဖြင့် သက်ဆိုင်ရာ နှစ်အပိုင်းအခြားအလိုက် ခမ်းမများ အသီးသီးခွဲပြီး စိတ်ဝင်စားဖွယ် ပြသထားပါသည်။


မြန်မာ့ရုပ်ရှင်ထူးချွန်ဆုများကို ၁၉၅၂ ခုနှစ်တွင် ပထမဆုံးအကြိမ်အဖြစ် စတင်ပေးအပ်ခဲ့ပါသည်။ ထိုစဉ်က ဇာတ်ကားဆုများကို ပထမ၊ ဒုတိယ၊ တတိယဆု ဟူ၍လည်းကောင်း၊ အမျိုးသား ပညာသည်ဆုနှင့် အမျိုးသမီး ပညာသည်ဆု ဟူ၍လည်းကောင်း အမျိုးအစားအားဖြင့် သုံးမျိုးသာ ရွေးချယ်ချီးမြှင့်ခဲ့ပါသည်။ ပထမဆုံး ထူးချွန်ဆု ပထမရ ဇာတ်ကားမှာ အေဝမ်းဖလင်မှ ရိုက်ကူးသော "ချစ်သက်ဝေ" ဇာတ်ကားဖြစ်ပြီး၊ ပထမဆုံး အမျိုးသား ပညာသည်ဆု ရရှိသူမှာ မာလာရီ ဇာတ်ကားမှ "ဦးကျော်ဝင်း"နှင့် ပထမဆုံး အမျိုးသမီး ပညာသည်ဆု ရရှိသူမှာ ချစ်သက်ဝေ ဇာတ်ကားမှ "ဒေါ်ကြည်ကြည်ဌေး" ဖြစ်ပါသည်။

၁၉၅၄ ခုနှစ်တွင် ဒါရိုက်တာထူးချွန်ဆုကို စတင်ချီးမြှင့်ခဲ့ရာ ပထမဆုံး ဒါရိုက်တာဆုရသူမှာ "ဦးသုခ" ဖြစ်ပါသည်။ ဒါရိုက်တာ ဦးသုခသည် ပထမဆုံး ရုပ်ရှင်ဒါရိုက်တာ ထူးချွန်ဆုရရှိသူဖြစ်သည့်ပြင် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုသမိုင်းတွင် ထူးချွန်ဆု (၆)ဆုဖြင့် ဒါရိုက်တာထူးချွန်ဆု အများဆုံးရရှိခဲ့သူလည်း ဖြစ်ပါသည်။
၁၉၅၅ ခုနှစ်အတွက် ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ရာတွင် ဇာတ်ကားဆုများကို အကောင်းဆုံး တစ်ဆုတည်းသာ ပြောင်းလဲရွေးချယ် ပေးအပ်ခဲ့သည်ကို တွေ့ရပြီး ထိုနှစ်တွင် ပထမဆုံး အထူးဆုအဖြစ် ကလေးသရုပ်ဆောင် "ဝင်းမာ"က ဖိုးပြုံးချို ဇာတ်ကားတွင် ယောကျာ်းလေးအသွင်ဖြင့် ပီပြင်စွာ သရုပ်ဆောင်နိုင်မှုကြောင့် ဆွတ်ခူးရရှိခဲ့ပါသည်။ မြန်မာ့ရုပ်ရှင်သမိုင်းတွင် အထူးဆုများ ဆွတ်ခူးနိုင်ခဲ့သည် အခြားသော ကလေးဇာတ်ဆောင်များမှာ "အောင်ထွန်းလေး"(အဖေတစ်ခု သားတစ်ခု၊ ၁၉၇၇)၊ "အင်္ဂလန်စိန်"(မေတ္တာရှင်မလေး ငြိမ်းငြိမ်းအိ၊ ၁၉၇၈) နှင့် "အိဖြူစိုး" (ရင်ထဲက ဆောင်းရာသီ၊ ၁၉၉၉) တို့ ဖြစ်ကြပါသည်။ ယခုမျက်မှောက်ကာလအထိ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခမ်းအနား စုစုပေါင်း ၅၇ ကြိမ် ကျင်းပခဲ့ရာတွင် အထူးဆုအဖြစ် ကလေးသရုပ်ဆောင် ၄ ဦးသာ ပေါ်ထွက်နိုင်ခဲ့ပါသည်။

မြန်မာ့ရုပ်ရှင်ထူးချွန်ဆုများ ရွေးချယ်ရာတွင် အနုပညာပိုင်းနှင့် အတတ်ပညာပိုင်း ဆိုင်ရာဟူ၍ သက်ဆိုင်ရာ ပညာရပ်အလိုက် ထူးချွန်ဆုများ တိုးမြှင့်ရွေးချယ်ခဲ့ရာတွင် ၁၉၅၆ ခုနှစ်တွင် ပထမဆုံး ဓါတ်ပုံထူးချွန်ဆုကို လွမ်းငွေ့တဝေဝေ ဇာတ်ကားမှ "ဦးချစ်ဖွယ်"မှ လည်းကောင်း၊ ၁၉၆၂ ခုနှစ်တွင် ပထမဆုံး အမျိုးသားဇာတ်ပို့ဆုကို အတွေ့ ဇာတ်ကားမှ "ဦးကျောက်လုံး"နှင့် ပထမဆုံး အမျိုးသမီးဇာတ်ပို့ဆုကို ရွှေရင်သိမ်းသစ် ဇာတ်ကားမှ "ဒေါ်မေနွဲ့ "မှလည်းကောင်း ဆွတ်ခူးရရှိခဲ့ပါသည်။

၁၉၉၁ ခုနှစ်တွင် ပထမဆုံး နောက်ခံတေးဂီတ ထူးချွန်ဆုအဖြစ် မယ်သီတာလို မိန်းကလေး ဇာတ်ကားမှ "ဂီတလုလင် မောင်ကိုကို"၊ ၁၉၉၄ ခုနှစ်တွင် ပထမဆုံး အသံထူးချွန်ဆုအဖြစ် သရဖူ ဇာတ်ကားမှ "ဦးခင်ဦး"၊ ၁၉၉၅ ခုနှစ်တွင် ပထမဆုံး ဇာတ်ညွှန်းထူးချွန်ဆုအဖြစ် တိုက်ပွဲခေါ်သံ ဇာတ်ကားမှ "ဦးအောင်ကျည်ထွဏ်း"၊ ၁၉၉၇ ခုနှစ်တွင် ပထမဆုံး တည်းဖြတ်ထူးချွန်ဆုအဖြစ် သူ့ကျွန်မခံပြီ ဇာတ်ကားမှ "ဦးမြင့်ခိုင်" တို့မှ အသီးသီး စတင်ချီးမြှင့်ခြင်း ခံခဲ့ရပါသည်။ သို့ပါ၍ ၁၉၉၇ ခုနှစ်မှ စတင်ကာ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု အမျိုးအစားပေါင်း (၁၁)ဆု အထိ တိုးမြှင့်ခဲ့သည်ကို တွေ့ရပါသည်။

၁၉၂၀ မှ စတင်ခဲ့သော မြန်မာ့ရုပ်ရှင်သည် ငွေရတု၊ ရွှေရတု၊ စိန်ရတုမှသည် ယနေ့ အနှစ်ကိုးဆယ်ပြည့်သို့တိုင် ရောက်ရှိနိုင်ခဲ့ပါပြီ။ ခေတ်အဆက်ဆက် ပြည်သူချစ်သော အနုပညာရှင်များအဖြစ် ရပ်တည်ကြရင်း မြန်မာပြည်သူပြည်သားများကို စိတ်တဒင်္ဂ အပန်းပြေအောင် အနုပညာစွမ်းပကားဖြင့် အလုပ်အကျွေးပြုနိုင်ကြစေဖို့ ၂၀၁၀ ခုနှစ် အောက်တိုဘာလ (၁၃)ရက်နေ့မှာ ကျရောက်သော အနှစ်(၉၀)ပြည့် မြန်မာ့ရုပ်ရှင်နေ့ တွင် ဆန္ဒပြုလိုက်ရပါသည်။

စာကြွင်း။ ။ မြန်မာ့ရုပ်ရှင်သမိုင်းတွင် ထူးချွန်ဆု(အကယ်ဒမီဆု) အရေအတွက် အများဆုံး ရရှိထားကြသူများ

၁။ အကယ်ဒမီ (၇)ဆုရ ဦးညွှန့်ဝင်း
၂။ အကယ်ဒမီ (၆)ဆုရ ဒါရိုက်တာ ဦးသုခ
၃။ အကယ်ဒမီ (၆)ဆုရ ရန်အောင်
၎။ အကယ်ဒမီ (၆)ဆုရ ဓါတ်ပုံ ဦးသန်းညွှန့် (ပန်းသာ)
၅။ အကယ်ဒမီ (၅)ဆုရ ဒေါ်မြင့်မြင့်ခင်
၆။ အကယ်ဒမီ (၅)ဆုရ ဒါရိုက်တာ မောင်တင်ဦး
၇။ အကယ်ဒမီ (၅)ဆုရ မေသန်းနု
၈ ။ အကယ်ဒမီ (၅)ဆုရ ဒါရိုက်တာ ကြည်စိုးထွန်း
၉။ အကယ်ဒမီ (၅)ဆုရ မို့မို့မြင့်အောင်
၁၀။ အကယ်ဒမီ (၄)ဆုရ ဒေါ်ကြည်ကြည်ဌေး
၁၁။ အကယ်ဒမီ (၄)ဆုရ ဓါတ်ပုံ ချစ်မင်းလူ
၁၂။ အကယ်ဒမီ (၄)ဆုရ ကျော်ဟိန်း
၁၃။ အကယ်ဒမီ (၄)ဆုရ ချိုပြုံး
၁၄။ အကယ်ဒမီ (၄)ဆုရ ဓါတ်ပုံ ထိပ်တန်း ကိုကိုဌေး

photos: en.wikipedia.org , wikimyanmar.co.cc

Popular Posts