တောင်ငူသား

..... စိမ်းလန်းပါစေ ကမ္ဘာမြေ ... ငြိမ်းချမ်းပါစေ ကမ္ဘာမြေ .....

Saturday, November 15, 2008

အရံ / မင်္ဂလာဦးည

“အိမ်ထောင်မှု၊ ဘုရားတည်၊ ဆေးမင်ရည် စုတ်ထိုး၊ ဤသုံးခု ချက်မပိုင်လျှင်၊ နောင်ပြင်ရန် ခက်သည့်မျိုး”ဆိုတာ မြန်မာမှုနယ်ပယ်မှာ ထင်ရှားတဲ့ စကားတစ်ခုပါ။ အချိန်တန်အရွယ်ရောက်တဲ့အခါ ကိုယ်တိုင်က နှစ်သက်မြတ်နိုးလို့ပဲဖြစ်ဖြစ်၊ မိဘတွေက ထိမ်းမြားပေးလို့ပဲ ဖြစ်ဖြစ် အိမ်ထောင်ပြုကြတော့မယ် ဆိုရင် မင်္ဂလာဧည့်ခံပွဲဆိုတာ အဓိကနေရာက ပါဝင်လာပါပြီ။ မင်္ဂလာဧည့်ခံပွဲလို့ ခြုံပြောပေမယ့် တကယ့်လက်တွေ့မှာတော့ နှစ်ဖက်မိဘအသိုင်းအဝိုင်းနဲ့ မင်္ဂလာမောင်နှံတို့ရဲ့ အခြေအနေအရပ်ရပ်ပေါ် မူတည်ပြီး အသွင်သဏ္ဌာန်လေးတွေ ကွဲပြားသွားကြပါတယ်။


နီးစပ်ရာ မိတ်ဆွေတစ်စုကို လက်ဖက်ရည်၊ မုန့်နဲ့ ဧည့်ခံပြီး အကျဉ်းရုံး ကျင်းပကြတဲ့ ဧည့်ခံပွဲမှသည် သိန်းပေါင်းများစွာ အကုန်ကျခံပြီး အဆင့်မြင့်ဟိုတယ်ခန်းမကြီးတွေမှာ ခမ်းခမ်းနားနားကျင်းပကြတဲ့ ဧည့်ခံပွဲတွေအထိ ဘယ်လိုပင် အသွင်ပြောင်းပြောင်း တကယ့်အနှစ်သာရကတော့ မောင်နှံနှစ်ဦး နားလည်မှုရှိစွာ၊ သစ္စာရှိစွာနဲ့ သက်ဆုံးတိုင် ပျော်ရွှ့င်စွာ အတူလက်တွဲ ပေါင်းဖက်ကြဖို့ပါပဲ။


စတုတ္ထတန်းကတည်းက အခုချိန်ထိ ပြောမနာဆိုမနာ ရင်းနှီးတဲ့ သူငယ်ချင်းမတစ်ယောက်ရဲ့ မင်္ဂလာဧည့်ခံပွဲအတွက် သတိုးသားအရံအဖြစ် သူငယ်ချင်းတွေထဲက ရွေးချယ်လိုက်တော့ ကျွန်တော် မဲပေါက်ပါတယ်။ မဲပေါက်တယ်ဆိုတော့ ချက်ချင်းနှိုက်တဲ့မဲမျိုး မဟုတ်ပါဘူး။ ပြုခဲ့ဖူးတဲ့ ကုသိုလ်ကံနဲ့ မိဘနှစ်ပါးရဲ့ ကျေးဇူးကြောင့် မွေးကတည်းက ပေါက်လာခဲ့တဲ့မဲမျိုးပါ။ သူငယ်ချင်းတွေကတော့ ဝိုင်းပြီး သြဘာပေးကြတယ်။ သတိုးသားအရံဆိုတာဟာ သတိုးသားထက် ရုပ်ဆိုးတဲ့လူကို ရွေးရတယ်တဲ့။ အဲဒါမှ သတိုးသားက ပိုပေါ်လွင်တာတဲ့။ ကျွန်တော်ကတော့ အဲဒီလို မထင်ပါဘူး။ အဘယ်သို့သော မင်္ဂလာမောင်နှံကမှ စင်ပေါ်မှာ သူတို့နဲ့ အတူတွဲပြီး ဓါတ်ပုံအရိုက်ခံ အရှုစားခံမည့်သူတွေကို ရုပ်ဆိုးဆိုးတွေ ထည့်ပါ့မလဲ။ ချောမောပြေပြစ်တဲ့သူတွေကို ခြံရံမှသာ ပရိတ်သတ်တွေ ကြည့်လို့လည်း တင့်တယ်တယ်။ ဓါတ်ပုံတွေ ဗွီဒီယိုတွေအဖြစ် တစ်သက်လုံးအမှတ်တရ သိမ်းဆည်းတဲ့အခါမှာလည်း ဘယ်အချိန်ချိန်ပြန်ကြည့်ကြည့် လှလှပပဖြစ်နေတော့မှာပေါ့။ ဒါနဲ့ပဲ ကျွန်တော်ဟာ ပထမဆုံးနဲ့ တစ်ကြိမ်တည်းအဖြစ် သတို့သားအရံ လုပ်ဖူးခဲ့ရတယ်။


ဒီလိုနဲ့ အခမ်းနားကျင်းပမဲ့နေ့ ရောက်တော့ ရန်ကုန်က Sedona Hotel ရဲ့ မင်္ဂလာခန်းမထဲ ဧည့်သည်တွေက တဖွဲဖွဲရောက်လာကြပြီ။ အပေါ်ထပ်က အခန်းတစ်ခုထဲမှာတော့ မင်္ဂလာမောင်နှံအပါအဝင် အရံတွေ ပန်းကြဲ ပန်းကိုင် ဗန်းကိုင်တွေနဲ့ မိဘဆွေမျိုးတွေ (အထူးသဖြင့် အမျိုးသမီးတွေ)ကို အလှဖန်တီးရှင်တစ်စုက အလှအပတွေ ပြင်ဆင်ပေးနေကြပြီ။ သတိုးသားကတော့ တောင်ရှည်ပုဆိုးတွေ ခေါင်းပေါင်းတွေနဲ့ ဆိုတော့ သူတို့လက်က မလွတ်မှာ သေချာတယ်။ အရံကတော့ ရိုးရိုးပိုးပုဆိုးနဲ့ တိုက်ပုံပဲဆိုတော့ ကိုယ့်ဘာသာ ဝတ်မယ်ပေါ့။ မရပါဘူးဗျာ။ ကိုယ့်ဘာသာ ဝတ်ရင် အဆင်မပြေဘူးတဲ့။ အင်း...သတိုးသားတော့ ဘယ်လိုနေမယ်မသိဘူး။ ကျွန်တော်ကတော့။ ဒါတွေက ကိုယ်တိုင်ကြုံမှ သိမှာပဲ။ သြော်... နေရခက်လိုက်တာ ပြောပါတယ်။ ဘယ်လိုပြောပြောမရဘူးလေ။ ဒီမိတ်ကပ်တွေ မတို့ပါနဲ့လို့ ပြောတာ။ မိတ်ကပ်မတို့ရင် ဓါတ်ပုံရိုက်တဲ့အခါ မျက်နှာကြီး မည်းနေလိမ့်မယ်တဲ့။ တော်သေးတာပေါ့နော့။ မိတ်ကပ်ကယ်ပေလို့။ မဟုတ်ပါဘူး။ ဓါတ်ပုံတွေ ထွက်လာတော့ သန့်သန့်ခန့်ခန့် ဖြစ်နေလို့ ပြောပါတယ်။ ဝဏ္ဏခွါနီးရဲ့ ရိုက်ချက်ကလည်း ကောင်းတော့ ပုံတွေက မိုက်တာပေါ့။


အခမ်းနားစတော့ ဟေမာနေဝင်းရဲ့ အခါတော်ပေးသီချင်းနဲ့ ခန်းမထဲ ဝင်ကြတာပေါ့။ မင်္ဂလာမောင်နှံတော့ မသိဘူး။ ကျွန်တော့်မှာတော့ မီးဆလိုက်တွေကြားထဲ သတိုးသမီးအရံလေးနဲ့ တွဲလျှောက်ရတာ ရှက်သလိုလို ပျော်သလိုလိုနဲ့ စင်ပေါ်ကို ဘယ်လိုရောက်လာမှန်းတောင် မသိတော့ဘူး။ ဦးကျော်စိုးဦးရဲ့ အစီအစဉ်တွေ မပြီးခင်ကတည်းက ဗိုက်ကဆာနေပြီ။ စားလို့လည်း ရပါပြီဆိုရော ဘယ်ရမလဲ တွယ်တာပေါ့။ ရှေ့က စားပွဲလေးပေါ်မှာ ချပေးထားတဲ့ မုန့်တွေ တစ်ခုပြီးတစ်ခု စားလိုက်။ ကော်ဖီလေးသောက်လိုက်နဲ့ တယ်လည်းကောင်းသကိုး။ စားလို့မှ မပြီးသေးဘူး။ သတိုးသား သတိုးသမီးက စင်ပေါ်ကဆင်းပြီး ပန်းကုံးတို့၊ လက်ထပ်လက်စွပ်တို့ စွပ်ပေးတဲ့ လူကြီးတွေဝိုင်းကို သွားနှုတ်ဆက်တယ်။ ပြီးတာနဲ့ ပရိတ်သတ်တွေလည်း တဖြည်းဖြည်း စပြီးပြန်ကုန်ကြပါရော။ အဆိုတော်တွေက ကိုယ်ကြိုက်တဲ့ သူတွေပဲဆိုတော့ စားသောက်ရင်း သီချင်းလေးတွေ နားထောင်မယ်လို့ ကျွန်တော်က အားခဲထားတာ။ သူတို့လည်း ဆိုချင်တာ ဆိုကြပြီး လစ်ကြပြန်ရော။ ရန်ကုန်မင်္ဂလာဆောင်များ ဘယ်လိုမှန်းကို မသိတော့ဘူး။ ပိုက်ဆံတွေ အများကြီးကုန်ထားတာ ဘယ်နှစ်နာရီမှ မခံပါလားဗျာ။


မင်္ဂလာစုံတွဲဆင်းသွားတော့ ကျွန်တော်လည်း သတိုးသမီးအရံလေးကို လှမ်းကြည့်လိုက်တယ်။ တို့လည်း ဆင်းကြမယ်ပေါ့။ ဒါနဲ့ မစားရသေးတဲ့ ရေခဲမုန့်ခွက်ကလေး ကိုင်ဆင်းလာပြီး ကျွန်တော်တို့အတွက် စီစဉ်ပေးထားတဲ့ ထိပ်ဆုံးက ထောင့်ဝိုင်းမှာ ထိုင်ပြီး ထပ်စားပြန်ရော။ သူငယ်ချင်းမက သိပ်တော်တယ်။ သူတို့နဲ့အတူ ပွဲထွက်ဖို့ ရွေးထားတဲ့ သူလေးတွေက အလှကလေးတွေချည်းပဲ။ သူတို့လေးတွေကြားထဲ ကျွန်တော်တစ်ယောက်တည်းဆိုတော့ ရှက်တာပေါ့ဗျာ။ ရှက်ရှက်နဲ့ပဲ မုန့်တွေ ထပ်စားလိုက် ကော်ဖီတွေ သောက်လိုက်နဲ့။ ပျော်စရာကြီးဗျ။


သူငယ်ချင်းတွေက အလိုက်ကို မသိကြဘူး။ သူတို့မနာလိုကြဘူးလေ။ ဟိုးနောက်ဝိုင်းကနေ ကျွန်တော့်ကို လှမ်းကြည့်ကြတော့ သူတို့ဆီ ထသွားရတာပေါ့။ ကျွန်တော်ဖြင့် ဝတောင်မဝသေးဘူး။ မုန့်စားတာ ပြောပါတယ်။ ဧည့်သည်တွေကုန်တော့မှ ကျွန်တော်တို့လည်း ဟိုစုံတွဲကို နှုတ်ဆက်ပြီး အပြင်ထွက်လာကြတယ်။ ဆီဒိုးနားရှေ့က အင်းလျားကန်ဘောင်ပေါ်မှာ ဓါတ်ပုံရိုက်ကြသေးတယ်။ ပြီးတော့ ဒဂုံစင်တာသွားကြမယ်တဲ့။ လုပ်ကြပုံက။ ဒဂုံစင်တာကို ကျွန်တော် ဒီဝတ်စုံနဲ့သာ သွားလို့ကတော့ မင်းသားအသစ်တစ်ယောက် ရုပ်ရှင်လာရိုက်တယ်ထင်ပြီး ဝိုင်းကြည့်ကုန်တော့မှာပေါ့။


အဲဒီညကျတော့ ညစာစားပွဲလေ။ လူကြီးတွေ မပါဘူး။ နှစ်ဖက်စလုံးရဲ့ သူငယ်ချင်းတွေချည်းပဲ ဆိုတော့ တကယ့်ကို လွတ်လွတ်လပ်လပ်ပဲ။ မလွတ်လပ်ပဲနေပါ့မလား။ ဝါးတန်းလမ်းဆိပ်ကမ်းက (အရင် Princess Resturant, အခုနာမည်တော့ မေ့နေတယ်) သဘောင်္ကြီးပုံလုပ်ထားတဲ့ ဆိုင်မှာ။ ရန်ကုန်မြစ်ပြင်က လေတဖြူးဖြူးနဲ့ ကြယ်မြင်လမြင်။ ကျွန်တော်တို့ ရောက်သွားတော့ သတိုးသားက သူ့သူငယ်ချင်းတစ်ဖွဲ့ကို သွားခေါ်နေတယ်။ သူငယ်ချင်းမက ပင်ပန်းပြီး ရုတ်တရက်နေမကောင်းဖြစ်သွားလို့ ဆေးခန်းကို မိန်းကလေးတစ်ဖွဲ့ သွားပြတယ်။ ခဏနေတော့ လိုက်သွားတဲ့မိန်းကလေးတစ်ချို့ ပြန်လာပြီး သတိုးသားအရံပူပူနွေးနွေး လက်ထဲကို ပိုက်ဆံ အထုပ်လိုက် လာထည့်တယ်။ သတိုးသမီးက အရမ်းပင်ပန်းသွားလို့ ဒီည ဆေးခန်းမှာ နားမှရမယ်တဲ့။ သတိုးသားလည်း လိုက်လာလို့ ဆေးခန်းမှာ ရောက်နေပြီတဲ့။ ဆိုင်မှာရောက်နေတဲ့ သူငယ်ချင်းတွေအားလုံးကို သတိုးသားအရံကပဲ လိုလေသေးမရှိအောင် ဧည့်ခံပေးပါလို့ အမှာစကား ပါးလိုက်လေရဲ့။ အဲဒီတော့လည်း အရံသတိုးသားတို့ ဝတ္တရားနဲ့အညီ အဓိက ကစားသမားတွေ ကွင်းထဲမှာ မရှိတဲ့အချိန်မှာ တာဝန်ကျေခဲ့ရပါတော့တယ်။


ကောင်းကင်ရဲ့ မဟူရာဧည့်ခံပွဲမှာ လမင်းကြီးက ကြယ်လေးတွေကြား တစ်ကိုယ်တည်း ဧည့်ဝတ်ကျေနေသလို၊ ရန်ကုန်မြစ်နံဘေးက မင်္ဂလာညစာစားပွဲလေးတစ်ခုမှာ အဖော်မပါတဲ့ သတိုးသားအရံလေးတစ်ယောက်က သူငယ်ချင်းတွေကြား အပြေးအလွှားဧည့်ခံနေတာကိုဖြင့်...


တစ်ခုသော ဆေးခန်းပေါ်က ကုတင်ထက်မှာ အနားယူနေရတဲ့ သတိုးသမီးရယ်၊ ကုတင်ဘေးက ထိုင်ခုံလေးမှာ ချစ်ရသူရဲ့ လက်ဖဝါးကို ခပ်ဖွဖွဆုပ်ကိုင်ရင်း ငိုက်မြည်းနေရှာတဲ့ သတိုးသားရယ်ကတော့ သိနိုင်ပါ့မလား...

သြော်... အရံ / မင်္ဂလာဦးညပါတကား။
--------------------------------------------------------------------------------------
သူငယ်ချင်း ဇနီးမောင်နှံသို့ အမှတ်တရ။
--------------------------------------------------------------------------------------
ဆေးကွေးက စာဖတ်သူတစ်ယောက်ရဲ့ စာမူခအရ ခေါင်းစဉ်ကို (/) လေး ခံလိုက်ပါတယ်။ ပိုအဆင်ပြေသွားမယ် ထင်ပါတယ်။ ခုလိုထောက်ပြတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ။

9 comments:

ရယ်ရတယ်နော်. ဓါတ်ပုံ ခွာဝေး လည်း ရှိသေးသလား။ (ခွာနီးကို နောက်ခေါ်တာ)
 
ဪ...ပို့စ်ရဲ့ခေါင်းစဉ်က"အရံမင်္ဂလာဦးည"ဆိုပေမယ့်..
သတို့သားရဲ့မင်္ဂလာဦးညကိုစိတ်မကောင်းခြင်း ကြီးစွာခံစားသွားပါကြောင်း.........
 
"ချောမောပြေပြစ်တဲ့သူတွေ"..ဆိုတော့...
အင်း...ကြွားတာ ၂ ခါ ရှိပြီဟေ့...နော်..
ရန်ကုန်မင်္ဂလာဆောင်...ကိုမကြိုက်ရင်..
တောင်ငူသားအလှည့်ကျရင်...တောင်ငူမှာလားဟေ..
"သြော်... အရံမင်္ဂလာဦးညပါတကား ".......အင်း..........က်ျိန်းတွေတော့ကျေကုန်လိမ့်မယ်နော်...
 
အရံမင်္ဂလာဦးည ဆိုတဲ့ခေါင်းစဉ်ကို အရင်ပြောင်းသင့်ပါတယ်. အရံသတိုးသားလုပ်တဲ့ည..တစ်ခုခုပေါ့။ ကြွားချင်ရင်လဲ စကားလုံးလေးနည်းနည်း ရွေးသုံးပေါ့ဗျာ.. ဗမာစကားက အများကြီးကျယ်ပြန်တယ်ဆိုတာ ခင်ဗျား စဉ်းစာပါအုံး.. သူများတွေကို ဆရာကြီး ငပွကြီးလိုက်လုပ်နေတဲ့ ကိုယ်လူ ဒီတစ်ခါဘယ်လို ဖြစ်တာလဲဗျ...

ဆေးကွေး
 
အမ်း ကိုယ့်ကိုယ်ကိုယ် ကြော်ငြာသွားတာတော့ :P
 
အမဆောင်းသို့
ခွာဝေးတော့ မရှိလောက်ဘူးအမရ။ ဦးခွါနီးကတော့ ကိုဝဏ္ဏရဲ့ အဖေပါ။

ကိုရွှေအောင်သို့
မှတ်မှတ်ရရပေါ့ အကိုရာ။ ကုတင်ဘေးက ထိုင်ခုံလေးမှာ ငိုက်ရတာတဲ့။

အမခင်မြတ်နွယ်သို့
ကြွားတာမဟုတ်ပါဘူးအမရယ်။ လျှော့ဈေးနဲ့ ကြော်ငာဝင်ကြည့်တာပါး)

ဆေးကွေးသို့
ကျွန်တော့်ကို သတိပေးသလိုဖြစ်တဲ့အတွက် ဆင်ခြင်ပါ့မယ်ဗျာ။ ခုလိုထောက်ပြဝေဖန်ပေးတဲ့အတွက် တကယ်ကျေးဇူးပါ။

apprenticeship သို့
အမက သဘောပေါက်တယ်။ ဒီလိုကြော်ငြာလို့မှ ရောင်းမထွက်ရင် နောက်တစ်ခေါက် ကံစမ်းမဲပါထည့်ရမယ် အမရေ

တိုးတိတ်ညင်သာသော စာဖတ်သူများအပါအဝင် အားလုံးကို ကျေးဇူးတင်ပါသည်။ အေးချမ်းပျော်ရွှင်ကြပါစေ။

မေတ္တာဖြင့်
 
ပိုစ့်လေးကို သဘောကျသဗျ။ ရန်ကုန်မင်္ဂလာဆောင် (ကျွန်တော့်တူမလေးရဲ့ မင်္ဂလာဆောင်)ကိုသွားဖူးတယ်။ ဟိုတယ်တစ်ခုပဲ။ ခဏလေးနဲ့ ပြီးသွားတယ်။ ကုန်တာက သောက်သောက်လဲ။ စိတ်မှာတော့ နှမျောနေမိတယ်။

ပျော်ရွှင်အဆင်ပြေပါစေ။

သုခမိန်(E-Journal)
 
သြော... ချောမောကြောင်းကို မသိမသာလေး ကြော်ငြာဝင်သွားတာကိုး... သက်သေခံအဖြစ် ဓါတ်ပုံလေးပါ ထည့်လိုက်တာ မဟုတ်ဘူး...

ရန်ကုန်မင်္ဂလာဆောင်တွေကတော့ အဲလိုချည်းပါပဲ... တွေ့ဖူးသမျှ အဲလိုတွေချည်းပဲ... ဂုဏ်ဖော်ချင်ကြတာနဲ့ ပိုက်ပိုက်တွေ ကုန်တာပဲ...

မင်္ဂလာဆောင် ၄-၅ ခုကို တက်ခဲ့ဖူးတယ်... အဲလိုတွေချည်းပဲလေ...

နယ်မင်္ဂလာဆောင်တွေနဲ့များ ကွာပါ့...
 
ခွိခွိ ...
 

Popular Posts