ပန်းနုရောင် သစ်ကိုင်း

Wednesday, July 8, 2009 | Labels: | 12 comments |

ရိုးရိုးလေး တွေးကြည့်မိတယ်။ ငှက်ကလေးတွေအတွက် အသိုက်ဆိုတာ အမြဲတမ်းနေတဲ့ ကိုယ်ပိုင်အိမ်လေး ဖြစ်မယ်ဆိုရင် သစ်ကိုင်းလေးတွေက အခိုက်အတန့် ခိုနားလို့ရတဲ့ အငှားအိမ်လေးတွေလို့ ဆိုရမယ်။ ပတ်ဝန်းကျင်တစ်ခွင် အစာရှာထွက်ရင်း၊ နယ်မြေသစ်ရှာဖွေရင်း ရောက်ရာအရပ်က ခေတ္တနားနေတဲ့ ကြုံရာသစ်ကိုင်းလေးတွေဟာ သူတို့တွေရဲ့ ယာယီအငှားအိမ်ကလေးတွေ ဖြစ်လာတော့တာပေါ့။

ကိုယ့်ကိုကိုယ် ငှက်ကလေးတစ်ကောင်လို့ တင်စားထင်မြင်ကြည့်လိုက်တော့ မိဘရိပ်ဖြစ်တဲ့ အိမ်ကနေ ပညာသင်ဖို့၊ လုပ်ငန်းခွင်ဝင်ဖို့ တိုးတက်ရာ တိုးတက်ကြောင်း ရုန်းကန်လှုပ်ရှားနေတဲ့ ကာလတွေ တစ်လျှောက်လုံး ယာယီနားခိုခဲ့တဲ့ နေရာလေးတွေ ရှိလာခဲ့ရတယ်။ ကျွန်တော့်ရဲ့ သစ်ကိုင်းလေးတွေပေါ့။ အဲဒီထဲကမှ မှတ်မှတ်ထင်ထင် သံယောဇဉ်ဖြစ်ကျန်ရစ်စေတဲ့ သစ်ကိုင်းလေးတစ်ခု ရှိခဲ့တယ်။


----------~~~~~----------



ကျောက်မြောင်းဆိုတာ ဆွေမျိုးအချို့ နေတာမို့ တောင်ငူကနေ ရန်ကုန်အလည်သွားတိုင်း အမြဲတည်းနေကျ နေရာ။ ကျောင်းတက်နေတုန်း နောက်တစ်တန်းအတွက် ကြိုတင်ပြီး ကျူရှင်လာတက်တော့လည်း နေဖြစ်တာက ကျောက်မြောင်း။ ကျောင်းပြီးလို့ ဘာညာသင်တန်းတက် နေဖြစ်တော့လည်း ကျောက်မြောင်း။ ဆိုရရင် တောင်ငူ၊ ပြည် ပြီးရင် ကျောက်မြောင်းဟာ ကျွန်တော့်ရဲ့ တတိယမြောက် မြို့ငယ်လေးတစ်ခုလို့ ဆိုရင် မမှားပါဘူး။ ကျောင်းတွေပြီးလို့ တောင်ငူမှာ အားရအောင် အနားယူပြီးတဲ့နောက် ရန်ကုန်ကို ထွက်လာခဲ့တော့တယ်။ ဘယ်အမျိုးအိမ်မှ မနေချင်တာကြောင့် သူငယ်ချင်းတွေနဲ့ တိုက်ခန်းငှားနေရင်း လူတွေလည်းပြောင်း၊ နေရာတွေလည်းပြောင်း။ နောက်ဆုံး ဒီသစ်ကိုင်းလေးရောက်မှ နေပျော်သွားတော့တယ်။

တိုက်အမှတ်(စတုဒွာ)၊ ခြွာလောက်(ယာ)၊ မလွှကုန်းလမ်း။ သစ်ကိုင်းလေးနဲ့ တစ်ခေါ်စာအကွာမှာ အချိန်မရွေး ကင်းလှည့်နိုင်ဖွယ်ရှိတဲ့ ဦးလေးအရင်းခေါက်ခေါက် နေတယ်။ သစ်ကိုင်းလေးရဲ့ ဘေးဖက်ခြမ်းက ပထမထပ်မှာ ဒါရိုက်တာ ဦးဟိန်းစိုးတို့ နေတယ်။ သစ်ကိုင်းလေးရဲ့ မြေညီထပ်က ဂိမ်းဆိုင်မှာ “ကြီးလွန်းတဲ့အဖွဲ့” က စောညီညီ ဂိမ်းလာကစားတတ်တယ်။ မျက်စောင်းထိုးတိုက်ရဲ့ မြေညီထပ် ကုန်စုံဆိုင်က တိုးတိုး အာလူးအစပ်ကြော် တခါတလေ ကုန်နေရင် လမ်းထိပ်နားက နောက်တစ်ဆိုင်မှာ သွားဝယ်လို့ရသေးတယ်။ ညာဖက် တစ်ခေါ်စာလောက်က ညပိုင်းမှ ဖွင့်တဲ့ဆိုင်မှာတော့ ဆွေဆွေအောင် ဝေဝေအောင်တို့ ရှိတတ်လို့ ဝေးဝေးမသွားနိုင်တဲ့နေ့တွေ ရောက်ဖြစ်တယ်။ သူ့ရှေ့မှာတော့ မီးပျက်ရင် စက်ထဲမှာ အိပ်တတ်တဲ့ ငွေကြယ်ပွင့်တွေ စုံတယ်။ အဖြူတွေ၊ ကိုရီးယားတွေလည်း ခြေချင်းလိမ်နေတာပဲ။

ရုံးတက်ရက် မနက်ဆို နီးနီးနားနား တစ်အိမ်ကျော်ရှေ့မှာ တန်းစီစရာမလိုဘူး။ အကြော်နဲ့မှ နှစ်ရာပေမယ့် ဟင်းရည်အဆစ် ယူဦးမလား အမြဲမေးတော့ အားနာတာနဲ့ ယူယူနေရတယ်။ လဖေ့ရည် ဆိုတဲ့ စာလုံးပေါင်းအတိုင်း ဆိုင်းဘုတ်ရေးထားတဲ့ “Fame”က ဂျိုး ကို တနင်္ဂနွေမနက်တိုင်း ပါးစပ်ထဲ လောင်းထည့်မိတတ်တယ်။ သံလမ်းနားက မနက်ပိုင်းဈေးလေးရဲ့ “ဒံပေါက် ထမင်းကြော်ဆိုင်”မှာ ဆတ်သားမွကြော် အမြဲရတယ်။ ဆတ်မွေးမြူရေး စမ်းသပ်အောင်မြင်နေပြီလို့ ယူဆပြီး စုံမှိတ် ဝါးပစ်လိုက်တာများတယ်။

ညစာ စိုပြေဖို့ အတွက်တော့ “အိုကေ” ဖက်ကိုပဲ လှည့်ဖြစ်တယ်။ ဒေါ်ဝတုတ်က ဆိုင်ပြောင်းပေမယ့် ကျောက်မြောင်းလမ်းထဲပဲဆိုတော့ ငရံ့အူလေးနဲ့ မဝေးတော့ဘူးပေါ့။ လမ်းထောင့်က “ကျောက်ဖြူဆိုင်” ရဲ့ ရခိုင်ထောင်းလေး ခုတော့ မစပ်နိုင်တော့ဘူး။ ဒါပေမယ့် ဓါတ်တိုင်အောက်က ရွှေထမင်းနဲ့ မုန့်လိပ်ပြာကို တစ်ရာဖိုးစီ ထည့်ခိုင်းရင်တော့ ညစာမစားနိုင်ဘဲ နေလိမ့်မယ်။ “ဂရိတ်ဒိန်ချဉ်” ဘာဘူက ပူတင်းကို ဆိုင်းဘုတ်ပေါ်မှာပဲ အမြဲရောင်းတယ်။ ငုံးကြော်တစ်ကောင်ဝယ်ရင် အချဉ်ရည် ရွှဲရွှဲဆမ်းခိုင်းလိုက်ရမှ။ ထန်းညက်ရည်နဲ့ ရောင်းတာကို ရခိုင်မုန့်လက်ဆောင်းလို့ ခေါ်တယ်။ အစုံသုတ် ပါဆယ်ဆိုရင် ဟင်းခါးယူမလား ကောင်လေးတဲ့။ အော်ကေ့ကြည်ကို ဖရုံသီးနဲ့လုပ်ပြီုး အပ်ချည်ကြိုးနဲ့ လှီးတာဗျ။ ကေတုမတီမြို့သစ်က ပြောင်းလာတဲ့ ဝက်စွပ်ဆိုင်က အန်တီကြီးက ကျူရှင်ဆရာအကိုအိမ်ကို လာမိတာနဲ့ ကျွန်တော့်ကိုပါ ဆရာလို့ လာလာခေါ်နေတော့ ခက်ပြီ။ စာပေလောကရှေ့ကိုတော့ စောစောသွားမှ။ နို့မဟုတ်ရင် ဝက်သားလိပ်က မော်လမြိုင်ပြန်သွားရော။

လမ်းဆုံးရင် “ကြယ်ကိုးပွင့်”ကို တွေ့မယ်။ ငါးပွင့်လောက်ဆို သိပ်မထိုင်ချင်ဘူး။ နိမ့်သလားလို့။ ထိုင်ခုံမှာ မထိုင်ရသေးခင် ကိုယ့်ဇာတ်လိုက် တစ်ယောက်ယောက်ရဲ့ “စော်ကော်တစ်ခွက်ဟေ့” ဆိုတဲ့အသံ ထွက်လာမြဲ။ အမှုန့်စစ်ထားတဲ့ခွက်ကို လာချပြီဆိုရင်တော့ လှည့်မကြည့်နေနဲ့။ အဲဒီချာတိတ် လူသစ်ပဲ။ သတိပဌာန်ကို ကွေ့လိုက်ရင် ရွှေရောင်တစ်ဝင်းဝင်းနဲ့ နဂါးတစ်ကောင် အမောက်ထောင်နေတာ မြင်ရမယ်။ မကြောက်ပါနဲ့ဗျ။ နည်းနည်းစောင့်နိုင်ရင် အဲဒီနဂါးက ဆီချက်၊ ကြေးအိုးနဲ့ တရုတ်စာတွေ ချက်ပြုတ်ရောင်းပေးတယ်။ စားလို့မကုန်ရင် ဒီတိုင်းမထားခဲ့နဲ့။ ယူတတ်ရင် ကုသိုလ်တဲ့။ ထည့်ပေးလိုက်ပါ။

ဆက်လျှောက်ရင် မလိုင်ဖတ်တွေ တကယ်ကြီးထည့်ပေးတဲ့ မပူတဲ့ဆိုင် ရှိတယ်။ ပူချင်ရင်တော့ ဗညားဒလနဲ့ ဆုံတဲ့ထောင့်မှာ ချထားတဲ့ ပဲဟင်းအိုးကို သွားကိုင်ပေါ့။ သူ့ရှေ့က ဗန်းထဲမှာ အမြဲအိပ်ပျော်နေတဲ့ အောက်အီးအီအွတ် အပိုင်းအစတွေတော့ သွားမနှိုးမိစေနဲ့။ တစ်ခါနှိုး ငါးရာ။ “ရခိုင်မုန့်တီ ခင်ပြုံးရီ” တို့ဆိုင်မှာ ဝက်ဆီဖတ်နဲ့ မှာချင်ရင် ဒီညီမျှခြင်းကို သိထားသင့်တယ်။ ဝက်ဆီဖတ် = ကိစ္စ ။


----------~~~~~----------


စာကြွင်း။ ။ ဖတ်လို့ အဆင်ပြေရင် သစ်ကိုင်းကို ရေဆက်လောင်းပါ့မယ်။

ဖျားနေတဲ့ ကြောင်

Monday, June 8, 2009 | Labels: | 20 comments |

တစ်ခါတုန်းက ငါးကြော်မကြိုက်ခဲ့တဲ့ ကြောင်မိုက်ကလေးတစ်ကောင်ဟာ မထင်မှတ်ဘဲ စားခဲ့မိတဲ့ ငါးကြော်ရဲ့ အရသာကို တပ်မက်စွဲလန်းသွားလို့ တမ်းတမ်းတတဖြစ်နေတုန်း ငါးကြော်စားရဖို့ကံက အကြောင်းဖန်လာတော့ မုတ်ဆိတ်ပျားစွဲ အဖျားသည်းတာကို အကြောင်းပြုပြီးသကာလ ကြွက်ခုတ်လည်း မထွက်၊ အိမ်မှာ လူမရှိတဲ့တစ်ရက်မှာ ငါးကြော်ခိုးစားမိပုံကို စာဆိုရှင် အမည်မသိ “တစ်တို့” က မည်သို့မည်ပုံ ပြောင်မြောက်စွာ တို့ထိလိုက်ပုံကို အောက်ပါအတိုင်း ရှုစားတော်မူကြပါ။

Text Color“ဖျားနေတဲ့ ကြောင်”


အိမ်မှာမွေးတဲ့ ကြောင်သူတော်
ငါးကြော်ဆာလို့ အော်။

တစ်နေ့သောခါ ထိုကြောင်ပါး
ခါးနာလို့ ဖျား။

အကြောင်းရှာလို့ ခွင့်စာတင်
ကြွက်ခုတ် မထွက်ချင်။

အိမ်မှလူများ အပြင်သွား
ငါးကြော် ခိုးကာစား။

ကြွပ်ကြွပ်မြည်အောင် ဝါး။
အားရှိတယ် ဗျား။
စာဆိုရှင် - တစ်တို့

နေမညိုခင်

Friday, June 5, 2009 | Labels: | 17 comments |



ရေတံခွန်ကနေ ပြန်အတက် ရေတံခွန်ကျောင်းကို မသွားခင် တောင်ပေါ်ရေတင်တဲ့ ကန်ဖက်ကို သွားခဲ့သေးတယ်။ စမ်းချောင်းဘေးက တောလမ်းလေးအတိုင်း လျှောက်သွားတော့ စမ်းချောင်းတစ်နေရာမှာ ကိုရင်လေးတွေ ရေလာချိုးနေကြတာတွေ့လို့ ဓါတ်ပုံရိုက်မယ်လုပ်တော့ ကိုရင်တစ်ပါးက လှမ်းတားတယ်။ မကြိုက်လို့များလား ထင်မိတာ။ မဟုတ်ဘူးခင်ဗျ။ ခပ်လှမ်းလှမ်းရောက်နေတဲ့ ကိုရင်လေးတွေကိုပါ လှမ်းခေါ်ပြီး ကိုရင်တွေအားလုံး ဓါတ်ပုံရိုက်ခံချင်ကြတာဗျ။ တကယ်တော့ သိက္ခာပုဒ်တော်တွေနဲ့ သင်္ကန်းရုံထားလို့သာ ကိုရင်လေးတွေ ဖြစ်နေကြပေမယ့် ကလေးသဘာဝ ကလေးစိတ်လေးတွေ ရှိကြတုန်းဆိုတော့ ဓါတ်ပုံအရိုက်ခံရတာကို ပျော်နေကြရှာတယ်လေ။ အဲဒါကြောင့် အမှတ်တရအနေနဲ့ ဒီပုံလေးကို တင်ဖြစ်တာပါ။

ဒီနေရာက ရေတံခွန်ရှိတဲ့ ချောင်းရဲ့ အထက်ပိုင်းတစ်နေရာကို ဆည်ထားတဲ့ ကန်ပါ။ ဒီကန်ကနေ ပိုက်တွေ မော်တာတွေနဲ့ ရေလှောင်ကန် အဆင့်ဆင့်ကို ရေစုပ်တင် ဖြတ်ကျော်ပြီးမှ တောင်ပေါ်ကို ရေတင်ရပါတယ်။ ပုံထဲက ဒီနေရာနဲ့ တစ်ဆက်တည်းမှာ ကြည်လင်အေးစက်ပြီး ရေကန်လိုဖြစ်နေတဲ့ နေရာတစ်နေရာ ရှိတယ်။ နောက်ဆုံးအခေါက် ရောက်တုန်းက ရေတံခွန်ဆင်းတာ မျက်စိလည်ပြီး ဒီရေကန်နားကို ရောက်သွားတယ်။ ရေတံခွန်ကို ရှာမတွေ့ဘူး။ မိုးတွင်းမဟုတ်လို့ ရေတံခွန်မရှိတာလို့ ယူဆပြီး သယ်လာတဲ့ ခေါက်ဆွဲကြော်ဘူးတွေ ဖွင့်စား ရေစိမ်ပြီး ပြန်တက်ခဲ့ကြတာလေ။ မီးကြိုးတွေ ဆွဲထားတဲ့ တိုင်တွေ၊ လိုင်းတွေလည်း ရေတံခွန်ကျောင်းထဲကနေပဲ ဖြတ်သွားပါတယ်။


ရေကန်ကနေ ဆက်တက်လာတော့ ရေတံခွန်ကျောင်းလို့ ခေါ်ကြတဲ့ ဓါတ်ပေါင်းစုံ ကိုးနဝင်းကျောင်းရှိရာကို ရောက်ပါတယ်။ ကျောင်းဝင်းအတွင်းမှာ ဉာဏ်တော်အစားစားရှိတဲ့ စေတီတွေ အစီအရီတည်ထားတာ ဖူးရတယ်။ ဆန္ဒရှိလို့ စေတီလှူချင်တယ်ဆိုရင် အလှူငွေလှူပြီး ကမ္ဗျည်းထိုးလှူနိုင်သလို၊ မိမိတို့ ကိုယ်တိုင်ကိုယ်ကျ တစ်ပိုင်တစ်နိုင်လဲ လာတည်နိုင်တယ်လို့ ဆရာတော်က မိန့်ကြားပါတယ်။ ရေတံခွန်ကျောင်းကို လာရောက်တဲ့ ဘုရားဖူးမှန်သမျှ ယုတ်လတ်မြတ်မရွေး သတ်သတ်လွတ် ထမင်းဟင်းကို သုံးဆောင်နိုင်ပါတယ်။ ကျောင်းထဲမှာ အမောပြေ သွေးဆေးဗူးကြီးနဲ့ ရေနွေးကြမ်းလဲ ချပေးထားပါတယ်။ ရွှေတိဂုံကုန်းတော် ရေလှူအသင်းက လှူထားတဲ့ စတီးရေသန့်တိုင်ကီကြီးကလဲ သောက်ချင်စရာပါ။ လှူထားကြတဲ့ ဆန်အိတ်တွေလည်း မနည်းပါဘူး။


ကျောင်းဝန်းထဲက ရေကန်တစ်ကန်ကတော့ သဘာဝအတိုင်း စိမ့်နေတဲ့ သဲမြေထဲ ပိုက်ကို နှစ်ထားတာကနေ အလိုအလျောက် ရေတွေ တစက်စက်ကျနေတာ မြင်ရတာနဲ့ကို ရေချိုးချင်စရာ ကောင်းတယ်။ ကျောင်းကို ကျွန်တော်တို့ ရောက်တော့ ရေတံခွန်မှာတုန်းက ဆုံခဲ့ကြတဲ့ ဆေး-၁ က ညီငယ်ညီမငယ်များအဖွဲ့က ရောက်နှင့်နေပြီ။ ဘုရားကန်တော့ ဆရာတော်ကို ဦးချပြီး အလှူငွေကပ်ကြပါတယ်။ လမ်းတစ်လျှောက်က အလှူခံတွေနဲ့ ပက်သက်ပြီး စကားပြောဖြစ်ကြသေးတယ်။ ကျောင်းသားများအဖွဲ့ဖြစ်လို့ သူတို့လောလောလတ်လတ် အလှူခံ ကြုံခဲ့ရတာတွေ ပြန်ပြောပြလို့ ကျွန်တော်သိသလောက် ရှင်းပြခဲ့ပါသေးတယ်။


အမောပြေပြီဆိုတော့မှ ဆရာတော်ကို ဝတ်ချပြီး သူတို့အဖွဲ့နဲ့ တစ်ပေါင်းတည်းပဲ အတက်ခရီးကို စခဲ့ကြတယ်။ ဒီဖက်လမ်းက ပိုနီးပေမယ့် တချို့နေရာတွေ အတော်လေး မတ်ပါတယ်။ ဒါပေမယ့် လမ်းတလျှောက်လုံး တောရိပ်တောင်ရိပ်လေး ရှိသေးတော့ ဆင်းလာခဲ့တဲ့ ကျီးပါးစပ်လမ်းထက်စာရင် နေပူသက်သာသေးတယ်။ လမ်းမှာ ရေသွယ်တဲ့ပိုက်ကြီးတွေ၊ ရေတင်တဲ့ ရေစက်စခန်းတွေရှိပါတယ်။


ဒီအတက်လမ်းက ရင်ပြင်တော်ပေါ် ကျောက်သမ္ဗာန်စေတီလေးနားက လှေကားထစ်တွေဆီကို လမ်းပေါက်တယ်။ ရိုးရိုးလေးအဆင့်မြင့်တည်းခိုရိပ်သာ ရှေ့နားပါ။ ကျွန်တော်တို့က ကျိုက်ထိုဟော်တယ် ဆေးကျောင်းအဖွဲ့က ရိုးရိုးလေးမှာ တည်းတော့ တမင်တကာ ဒီလမ်းက ရွေးပြီး တက်လာကြတာ။ ဇာတ်လိုက်ပါပေလို့ပဲ။ ရောက်ခါနီးမှ ဟိုကွေ့ရမလို ဒီကွေ့ရမလို ဖြစ်နေသေးတယ်။ လမ်းမှာ ထင်းတွေ ခုတ်လာကြပြီး ထင်းစည်းတွေကို ဒီလိုပဲ ထားခဲ့ကြတယ်။ ဖြည်းဖြည်းချင်း သယ်မယ်ထင်တယ်။ ကျွန်တော် မ ကြည့်သေးတယ်။ မလွယ်ဘူးဗျ။ အချိန်တော်တော်စီးတယ်။

ကံကောင်းထောက်မစွာနဲ့ ဒီတစ်ခေါက်တော့ ရေတံခွန်ခရီးကို အောင်မြင်စွာ ဆင်းတက်နိုင်ခဲ့ပါတယ်။ ဟိုတယ်ပြန်ရောက်တော့ ခဏနား ရေချိုးပြီးတဲ့အချိန်မှာ နေက ဝင်ချင်နေပြီ။ တောင်ပေါ်ကနေ နေဝင်ချိန်လေးအမှီ ဓါတ်ပုံရိုက်လိုက်ချင်လို့ အိပ်ပျော်သွားတဲ့ သူငယ်ချင်းကို အတင်းနှိုးရတယ်။ သူရေချိုးပြီးတဲ့အထိ မစောင့်တော့ဘဲ ဟိုတယ်ဝန်းထဲမှာ လုပ်ပေးထားတဲ့ ရှုခင်းသာ နေရာကနေ ရသလောက်တော့ ကြိုးစားခဲ့တယ်။ ပုံထဲမှာ ဂျက်လေယာဉ်လား မသိဘူး ပျံနေတာ အဖြူရောင်တန်းလေးပါ ပါသေးတယ်။ ထုံးစံအတိုင်း အပျော်တမ်းကင်မရာဆိုတော့ အပျော်ပုံလောက်ပဲ ထွက်ပါတယ်။ အမှတ်တရပေါ့ဗျာ။

ညပိုင်းရောက်တော့ ရင်ပြင်တော်ပေါ်တက် ဘုရားဝတ်ပြုပြီး ဆေးကျောင်းအဖွဲ့နဲ့ ရင်ပြင်တော်ပေါ်မှာ တံမြက်စည်းလှည်းကြပါတယ်။ ပြီးတော့ ဂိမ်းကစားတယ်။ နည်းနည်းမိုးချုပ်မှ လမ်းခွဲပြီး ဟိုတယ်ပြန်ခဲ့ကြတော့တယ်။ နောက်နေ့နံနက်ဆိုရင် တောင်ပေါ်ကနေ ခြေလျင်ခရီးနဲ့ ပြန်ဆင်းပါပြီ။


Bonus

ရင်ပြင်တော်ပေါ်ကနေ ကျီးပါးစပ်ဖက်ကိုဆင်းတဲ့ လှေကားထိပ်နားမှာ လမ်းပြ ကလေးတွေ ရှိတတ်ပါတယ်။ သူကတော့ ကျွန်တော်တို့ ခေါ်သွားတဲ့ လမ်းပြဇာတ်လိုက်ပါ။ တစ်လမ်းလုံး ဘာကျွေးကျွေး မစားပါဘူး။ ဇာတ်လိုက်က သူ့အထာနဲ့ သူဗျ။ ရေတံခွန်ကျောင်း ရောက်တော့မှ ထမင်းစားပွဲ အုပ်ဆောင်းဖွင့်ပြီး အားပါးတရ တုတ်တော့တာပဲ။ ဆရာတော်က သူ့ကို ကောင်းကောင်းသိတယ်။ ဒီကောင် အမြဲအားပေးနေကြလို့ မိန့်တယ်။ ကျောင်းမှာဆိုတော့ အားမနာတမ်း ဝဝစားလို့ရတယ်လေ။ သူ့ပုံကို ရိုက်မှာစိုးလို့ ထွက်ထွက်ပြေးတဲ့ ဇာတ်လိုက်က သူများကို ဓါတ်ပုံရိုက်ပေးဖို့ ကင်မရာကိုင်ရမှာတော့ အတော်စိတ်ဝင်စားတယ်ဗျ။ လိုက်ပို့သမျှ ဘုရားဖူးတွေကို ဓါတ်ပုံရိုက်ပေးနေကြဆိုတော့လည်း ကင်မရာနဲ့ မစိမ်းလေဘူး။

ရေတံခွန်ဆင်းပြီ

Saturday, May 30, 2009 | Labels: | 14 comments |




ကျီးပါးစပ်နားက အကြော်ဆိုင်ရဲ့ အောက်ဖက်ကနေ ရေတံခွန်ဆင်းတဲ့ ဖြတ်လမ်းကို ရောက်ပါတယ်။ အရင်က ဒီဖြတ်လမ်း မရှိသေးဘူးလို့ သိရတယ်။ တောထဲ ထင်းဝါးရှာသူတွေ သွားတဲ့လမ်းလို့ ပြောတယ်။ လမ်းက တောက်လျှောက် အဆင်းချည်းပါပဲ။ မတ်တဲ့နေရာက မတ်တယ်။ အပေါ်ကနေ ဆင်းရင် လမ်းတစ်ဝက်လောက်ထိက အရိပ်မရှိဘူး။ လမ်းလေးက လူတစ်ကိုယ်စာလောက်ပဲ။ ဘေးမှာက တောင်စောင်း ဆင်းလျှောတွေရှိတယ်။ အဝေးက မြင်နေရတဲ့ ရှုခင်းတွေကတော့ တော်တော်လှတယ်။

လမ်းမှာ တောထဲက အပင်တွေခုတ်ပြီး တောင်ပေါ်သယ်လာတာကို တွေ့ခဲ့တယ်။ တောင်တက်လမ်းက ဈေးဆိုင်တွေကြတော့ အဲဒီမျှောတိုင်တွေနဲ့ပဲ တိုင်ထူကြတယ်။ ဒီခရီးကို ရိုးရိုးတက်ဖို့ မပြောနဲ့ အဆင်းတောင် သတိထားဆင်းရတယ်။ မတော်လို့ ချော်ကျရင် နောက်လူတွဲခေါ်ဖို့တောင် မလွယ်ဘူး။ သူတို့ခမျာတော့ အတက်ကို သစ်လုံးထမ်းပြီး တက်ရရှာတယ်။ အဲဒီသစ်တစ်လုံးကို တန်ဖိုးဘယ်လောက်လဲတော့ မမေးခဲ့မိဘူး။ အမျိုးသမီးပါ အမျိုးသားနဲ့တန်းတူ သယ်တာဗျ။


လမ်းတစ်ဝက်နားရောက်မှ တောထဲ အပင်တွေကြားထဲ ရောက်လာတယ်။ အရိပ်ရလာတယ်။ ရေတံခွန်က ပြန်တက်လာတဲ့ အဖွဲ့တချို့လည်း တွေ့တယ်။ သူတို့ တော်တော်ဟိုက်နေကြပြီ။ လမ်းက ဖြတ်လမ်းဖြစ်တာရယ် လူသိနည်းသေးတာရယ်ကြောင့် ရေတို့ အချိုရည်တို့ ရောင်းတဲ့ ဆိုင်တော့ သိပ်များများမရှိပါဘူး။ အရိပ်လေးတွေ ရှိတဲ့ နေရာတချို့မှာတော့ ဝါးထိုင်ခုံလေးတွေ လုပ်ထားတာတွေ့တယ်။ ဒါလည်း သိပ်တော့မများပါဘူး။

လမ်းတစ်နေရာက ကရင်မိသားစုဆိုင်လေးကို ဖြတ်တော့ သူတို့ တောထဲက အမဲလိုက်လာတာတဲ့။ ဖြူကောင် နှစ်ကောင်နဲ့ ချေ(ဂျီ)ပေါင်တစ်ဖက်။ နောက်တစ်နေရာမှာ သင်းခွေချပ်တစ်ကောင်လဲ တွေ့ခဲ့တယ်။ အရှင်တော့ မဟုတ်ဘူး။ အသေပဲ။

ရေတံခွန်နားနီးလာတော့ ရေသံတွေ ကြားရတယ်။ ရေတံခွန်ရဲ့ အပေါ်ပိုင်းကို အရင်ရောက်တယ်။ အဲဒီမှာက ကျောက်တုံးတွေနဲ့ စမ်းချောင်းလေး စီးနေတယ်။ ထမင်းဆိုင်တစ်ဆိုင်တော့ရှိတယ်။ တောဆိုင်လေးပေါ့။ စားတဲ့သူတော့ စားနေကြတာပဲ။ ရေတံခွန်ကိုတော့ မမြင်ရသေးဘူး။ အဲဒီနေရာကနေ ရေတံခွန် ထိပ်ပိုင်းကို သွားလို့ရတယ်။ တချို့တော့ ဓါတ်ပုံသွားရိုက်ကြတယ်။ ရေတံခွန်ရှိတဲ့ အောက်ပိုင်းကို သွားဖို့ တောင်နံရံဘေးမှာ ကပ်ပြီး ဖောက်ထားတဲ့ တစ်ကိုယ်စာလမ်းလေးကနေ ဆင်းရတယ်။ အောက်ခံမြေသားက စိုပြီး ချော်နေတော့ သတိထားရတယ်။ ဘေးမှာတော့ ချောက်ရှိတယ်။ နွယ်ကြိုးကို ကိုင်ပြီး ကျောက်တုံးတွေကြားကနေ ဖြည်းဖြည်းဆင်းရတယ်။


ကျွန်တော်တို့ သွားတဲ့အချိန်က ဒီဇင်ဘာလဆိုတော့ ရေနည်းနေပါပြီ။ ရေတံခွန်ဆိုတာက ရေများလေ ကြည့်လို့လှလေပါပဲ။ ရေတံခွန်ရှိတဲ့ အောက်ပိုင်းမှာ ပတ်ဝန်းကျင် တစ်ခုလုံးက သစ်ကြီးဝါးကြီးတွေနဲ့ အုံ့ဆိုင်းနေပေမယ့် နေရောင်တော့ ရပါတယ်။ ဓါတ်ပုံရိုက်လို့တော့ သိပ်မကောင်းဘူး။ အပျော်တမ်းကင်မရာ ဖြစ်နေတာလဲ ပါမယ်။


ရေတံခွန်က ရေကျတဲ့ နေရာတစ်ဝိုက်မှာ ရေအိုင်အသေးလေးလို ဖြစ်နေတယ်။ ဘေးတစ်ဖက်က ကျောက်တောင်နံရံနဲ့ နောက်တစ်ဖက်က ဆင်းလာခဲ့တဲ့ တောင်စောင်းပါ။ ရေတံခွန်က လွင့်လာတဲ့ ရေမှုန်မွှားလေးတွေ လာလာစင်တော့ အေးနေတာလေးက နေလို့ကောင်းတယ်။

ကျဉ်းနေတဲ့ တောင်နံရံနှစ်ခုကြားက ရေတံခွန်စီးသွားတဲ့ စမ်းချောင်းကို အပြည့်ပိတ်ပြီး ရေတံခွန် စားသောက်ဆိုင်ဆိုပြီး ဖွင့်ထားပါတယ်။ အဲဒီဆိုင်ဆီကို သစ်သားတံတားလေးနဲ့ ဆက်ထားတယ်။ ဘုရားဖူးတွေ အလာများတဲ့ ရာသီချိန်မှာပဲ ဒီဆိုင်က ဖွင့်တာပါ။ ဘုရားဖူးတစ်ရာသီ ကုန်တာနဲ့ ဆိုင်ဆောက်ထားတဲ့ တိုင်တွေ အခင်းတွေ သစ်သားချောင်းတွေ အကုန်လုံးကို ပြန်ဖျက်ပြီး သယ်ရပါတယ်တဲ့။
ဆိုင်မှာက ထမင်းကြော်၊ ဗူးသီးကြော်၊ ကော်ပြန့်ကြော်၊ စမူဆာနဲ့ အပူအအေး၊ ရေသန့် စတာတွေ ရပါတယ်။ ဆိုင်မှာတင် ကြော်ရောင်းတာပါ။ ရေသန့်ဘူးကတော့ ထားပါတော့။ အအေးပုလင်းတွေကို သယ်ရောင်းရတာတော့ မလွယ်ပါဘူး။ ပုလင်းခွံတွေကို တစ်ခါပြန်သယ်ရပါသေးတယ်။ ဆိုင်က ရောင်းပေးတဲ့ ဈေးကလည်း သိပ်တော့မများပါဘူး။ ဒီလိုနေရာမျိုးထိ လာရောင်းပေးတာကိုပဲ ကျေးဇူးတင်ရပါသေးတယ်။ ဒီဆိုင်ရောက်တော့လည်း ဇာတ်လိုက်ကျော် လမ်းပြဂိုက်က ဘာမှ ကျွေးမရပြန်ဘူးခင်ဗျ။ အအေးသောက်ဆိုတော့လည်း မသောက်ပါဘူး။ ရေတံခွန်က ပြန်တက်မှ ဇာတ်လိုက် ဘာမှ ကျွေးမရတဲ့အကြောင်း သိခဲ့ရတယ်။


“ရေတံခွန်စားသောက်ဆိုင်” ဆိုတဲ့ ဆိုင်းဘုတ်မှာ ရေးထားတဲ့ စာသားတစ်ကြောင်းကတော့ ထူးခြားတယ်ခင်ဗျ။
“အမျိုးကောင်းသား အမျိုးကောင်းသမီး ရတနာများ စားသုံးသည်” တဲ့။ ကျွန်တော်တို့လည်း အမျိုးကောင်းသားလေးတွေ ဖြစ်အောင် အားပေးခဲ့ပါတယ်။


Bonus


“Happy World” ကြော်ငြာ ပြက္ခဒိန်လေးတွေ သစ်ပင်တွေမှာ ကပ်ပေးသွားတာ တွေ့ခဲ့ရတယ်ခင်ဗျ။ တောထဲတောင်ထဲ ပြက္ခဒိန်ကြည့်ချင်ရင် အဆင်ပြေတာပေါ့။

ကျိုက်ထီးရိုးခရီးတစ်လျှောက် အတက်ရော အဆင်းရော တောထဲတောင်ထဲမှာရော အထူးသဖြင့် ဆိုင်သေးသေးလေးတွေပါမကျန် အများဆုံးရောင်းနေကြတဲ့ ရေသန့်ဗူးကတော့ “Alpine” သောက်ရေသန့်ပဲ ဖြစ်ပါတယ်ခင်ဗျာ။


ယခုကဲ့သို့ ကြုံကြိုက်တုန်း ကြော်ငြာဝင်ပေးရတဲ့ အကျိုးကြောင့် “Alpine” လို တောင်ပေါ်မြေပြန့် တောတောင်နေရာအနှံ့ အောင်မြင်မှုရှိတဲ့ လုပ်ငန်းမျိုး ပိုင်ဆိုင်နိုင်ရပါလို၏။း)


ကျီးပါးစပ်နားက ရွှေယုန်

Tuesday, May 26, 2009 | Labels: | 5 comments |




ညဦးပိုင်း ရင်ပြင်တော်ပေါ်တက်ပြီး ဘုရားဝတ်ပြု၊ ပဋ္ဌာန်းရွတ်၊ ပရိတ်ရွတ်ပြီး အေးတာနဲ့ ဟိုတယ်ဖက် ပြန်လာခဲ့တယ်။ ဟိုတယ်နားက လက်ဖက်ရည်ဆိုင်မှာ ခဏထိုင်ပြီး နက်ဖြန်အတွက် ခွန်အားပြည့်အောင် စောစောအိပ်လိုက်တယ်။ မနက်နိုးတော့ ၈နာရီထိုးပြီးပြီ။ ဟိုတယ် မနက်စာ အချိန်ကျော်ရင် လွတ်သွားမှာမို့ သူငယ်ချင်းကို နှိုးပြီး မြန်မြန်ပြင်ဆင်ရတယ်။ မနက်စာ စားပြီးတာနဲ့ ရင်ပြင်တော်ပေါ်တက် ဘုရားကန်တော့ပြီး ကျီးပါးစပ်ဆင်းဖို့ ဦးတည်လိုက်တယ်။ ရေတံခွန်ကို သွားမယ် မသွားဘူးကို မနေ့ကတော့ သူငယ်ချင်းနဲ့ ငြင်းရသေးတယ်။ ဒီနေ့မနက်ကျတော့ အိပ်ရေးဝပြီး လန်းဆန်းနေလို့ ရေတံခွန်ထိ ဆင်းမယ်လို့ နှစ်ယောက်သား ဆုံးဖြတ်လိုက်ကြတယ်။

ရင်ပြင်တော်ကနေ ကျီးပါးစပ်သွားတဲ့ဖက် လှေကားနားရောက်တော့ ချာတိတ်လေးတစ်ယောက်က ရေတံခွန်ကို လမ်းပြလိုက်ပေးရမလားဆိုပြီး လာမေးတယ်။ နောက်ဆုံးတစ်ခေါက်တုန်းက ရေတံခွန်ဆိုပြီး ဆင်းသွားကြတာ တစ်ဖွဲ့လုံး မျက်စိလည်ပြီး ရေတံခွန်မရောက်ဘဲ ရေကန်ပဲ ရောက်ခဲ့တယ်။ ဒါက တစ်ချက်။ နောက်တစ်ချက်က လမ်းပြလုပ်တဲ့ ကလေးတွေခမျာ ဘုရားဖူးတွေလာမှ၊ ရေတံခွန်လည်းသွားမှ၊ သူတို့ကိုလည်း ခေါ်ဦးမှ မုန့်ဖိုးလေး ရရှာတာလေ။ နှစ်ယောက်တည်း သွားရမဲ့အတူတူ သူတို့ကို လမ်းပြခေါ်တော့ လမ်းမှာလည်း အဖော်ရတယ်၊ ခရီးလည်းတွင်တယ်၊ သူတို့လေးတွေလည်း မုန့်ဖိုးရတယ်ဆိုပြီး လိုက်ခဲ့ကွာဆိုပြီး ခေါ်လိုက်ပါတယ်။ ဂိုက်နဲ့ ရေတံခွန်ဆင်းခဲ့တာပေါ့။

ဇာတ်လိုက်ကို ကျီးပါးစပ်အရင် သွားမယ်ဆိုတော့ ရတယ်တဲ့။ ကျီးပါးစပ်ကနေ ရေတံခွန်ထိကို ဖြတ်လမ်းရှိတယ်၊ ပိုမြန်တယ်တဲ့။ အရင်က အပေါ်နည်းနည်းပြန်တက်ပြီးမှ ဘုန်းကြီးကျောင်းတွေ ဖြတ်ပြီး သွားရတာ။ အဲဒီလမ်းက လမ်းကြောရှည်ပေမယ့် လှေကားထစ်တွေ ရှိသလို နည်းနည်းလည်း ပြေတယ်ပြောရမယ်။ ရင်ပြင်တော်ကနေ ကျီးပါးစပ်သွားတဲ့ လမ်းတစ်လျှောက်မှာတော့ ဈေးဆိုင်လေးတွေ ခပ်စိပ်စိပ်တွေ့ရတယ်။ မူလတန်းကျောင်းလေးတစ်ကျောင်းလည်း တွေ့ခဲ့တယ်။

ကျီးပါးစပ်ရောက်တော့ ဂူထဲတော့ ဝင်လည်းဝင်ဖူးတဲ့အပြင် အကြောင်းသိပြီးသားမို့ မဝင်ဖြစ်တော့ဘူး။ အပြင်မှာပဲ အလှူငွေထည့်လိုက်တယ်။ ကျီးပါးစပ်ထဲ အကြွေစေ့ပစ်ဖို့ လဲတော့ တစ်ပုံကို ငါးရာဆိုလား။ အကြွေစေ့ငါးစေ့ပဲ ပါတယ်။ လှမ်းပစ်လို့ ကျောက်နံရံနဲ့ ထိပြီး ပြန်ကျလာရင် ခင်းထားတဲ့ သစ်သားပြားတွေကြားကနေ အောက်ကို မကျသွားခင် ပြန်ကောက်ရတယ်။ ဘယ်ရမလဲ ပြန်ကျလာရင် အကြွေစေ့ပစ်တဲ့ အခြားကလေးတွေနဲ့ လုကောက်ရတာပဲ။ ပျော်စရာကြီး။ အကြွေစေ့မဝင်ဘဲ ပြန်လှည့်မသွားချင်ဘူး။ အကြွေစေ့ ငါးစေ့ထဲနဲ့ ဝင်အောင်ပစ်နိုင်လို့ တော်သေးတယ်။း)


ကျီးပါးစပ်မရောက်ခင်နားမှာ အကြော်ဆိုင်တွေ ရှိတယ်။ ချောက်ကမ်းပါးဖက်ကို ထောက်နဲ့ လေသာဆောင်ထုတ်ပြီး ဆိုင်ဖွင့်ထားတာ။ ဆိုင်လေးကလည်း ထိုင်ချင်စရာ၊ အကြော်တွေကြည့်တော့လည်း ပူပူနွေးနွေးရှိတာနဲ့ ခဏထိုင်ဖြစ်တယ်။ ရှုခင်းကတော့ လေတဖြူးဖြူးနဲ့ တော်တော်ထိုင်လို့ကောင်းပါတယ်။ ဇာတ်လိုက်ကျော်ကတော့ အကြော်ခေါ်ကျွေးတာ မစားဘူးခင်ဗျ။ သြော် ဒီကလေးတွေ သူတို့ စည်းကမ်းလေးနဲ့ သူတို့ နေမှာပါလေလို့ ထင်မိပါတယ်။ စားကြည့်တော့မှ အကြော်ကတော့ စားလို့မကောင်းဘူး။ နှစ်ပြန်ကြော်တင် မကလောက်ဘူး ဘယ်နှစ်ပြန်လောက် ကြော်ပြီးပြီလဲမသိဘူး။ ဆီတွေ ဝနေတော့ တစ်ခုလောက်နဲ့တင် အီလိုက်တာ။ ဇာတ်လိုက်က အကြောင်းသိလို့ မစားတာဖြစ်မယ်။

ဆိုင်အဝမှာ ဗန်းတွေနဲ့ ဂျီသား၊ ဆတ်သား၊ တောကြက်နဲ့ ယုန်သား ဆိုပြီး အလေးချိန်နဲ့ ရောင်းတယ်။ ချက်ချင်းကြော်ပေးတယ်။ အခြားကောင်တွေထက် ကာလာကွဲနေတဲ့ ရွှေယုန်ကိုပဲ အစစ်လို့ ကိုယ့်ဘာသာ ယူဆပြီး ကြုံတုန်း မြည်းခဲ့တယ်။ အဲဒီတစ်ပန်းကန်ကို မြန်မာငွေ သုံးထောင်တဲ့။ တောင်ဂျင်းနဲ့ ကြော်ပေးတာတဲ့။ ဂျင်းနဲ့လေးကတော့ မွှေးနေတာပဲ။ ယုန်သားက ချိုတော့ ချိုတယ်ဗျ။ အသားကလည်း နုနုလေးပဲ။ စစ်မယ်ထင်တာပဲလေ။ စားတာပေါ့။

ကျောက်ထပ်ကြီးသို့

Saturday, May 16, 2009 | Labels: | 9 comments |




ဘုရားဝတ်ပြုပြီးတော့ ရင်ပြင်တော်ပေါ်ကနေ ထမင်းဆိုင်တန်းတွေဖက် ဆင်းခဲ့တယ်။ မနက်စာ အဝစားထားလို့ မွန်းတည့်ချိန် ကျော်နေပေမယ့် မဆာဘူးဖြစ်နေတယ်။ နေ့တစ်ဝက် အချိန်ရတုန်း ကျောက်ထပ်ကြီးဖက်ထိ သွားခဲ့လိုက်တယ်။ ဘုရားဖူးတွေအနေနဲ့ တောင်ပေါ်ရောက်လို့ ကျိုက်ထီးရိုးဘုရားကြီး ဖူးမျှော်ပြီးတာနဲ့ အချိန်ရရင် ရသလို ပတ်ဝန်းကျင်က တောင်စွယ်တောင်တန်းတွေပေါ်မှာ တည်ထားတဲ့ ဘုရားစေတီတွေဆီ ဘုရားလည်းဖူးရင်း တောတောင်သဘာဝလည်း ခံစားရင်း သွားကြလေ့ရှိပါတယ်။ အထူးသဖြင့် လူငယ်ပိုင်းတွေ တက္ကသိုလ်ကျောင်းသားအရွယ်တွေ အသွားအများဆုံးပါပဲ။ တောလမ်းခရီးတစ်လျှောက် တက်လိုက် ဆင်းလိုက် လှမ်းလျှောက်ရင်း လမ်းမှာ အမောပြေ နားနေစရာ အစားအသောက်ရောင်းတဲ့ ဆိုင်တွေ နီးနီးတစ်ခါ ဝေးဝေးတစ်လှည့် ရှိပါတယ်။ တောထဲတောင်ထဲမှာမို့ ရေတစ်ပေါက်ရဖို့ ခက်ခဲလှပေမယ့် တချို့ဆိုင်တွေက သပ်သပ်ယပ်ယပ် သန့်သန့်ရှင်းရှင်း ပြင်ဆင်ရောင်းချတာ တွေ့ရသလို၊ ဝင်နားချင်စရာ မကောင်းလောက်တဲ့ ဆိုင်အပြင်အဆင်တွေလည်း တွေ့ရတယ်။

ရင်ပြင်တော်ကနေ ကျောက်ထပ်ကြီးဖက်ကို သွားရင် တကယ် လမ်းဆုံးက ကျောက်ထပ်ကြီး မဟုတ်သေးဘဲ ဆက်သွားနိုင်သေးတယ်လို့ ကြားဖူးတယ်။ ကျွန်တော်တော့ ကျောက်ထပ်ကြီးအထိပဲ ရောက်ဖူးပါတယ်။ ကျောက်ထပ်ကြီးစေတီကို ကျောက်တုံးကြီးနှစ်တုံး ထပ်နေတဲ့ပေါ်မှာ တည်ထားတာ ဖူးတွေ့ရပါတယ်။ ဘုရားဖူးတွေအနေနဲ့ စေတီကို ရွှေသင်္ကန်းခုနစ်ဆိုင်းပြည့်အောင်လှူရင် ကြိုးမင်းသားဆိုတဲ့ ပုဂ္ဂိုလ်က လှေကားကတစ်ဆင့် ကြိမ်နွယ်ကြိုးကနေ ကျောက်တုံးကြီးပေါ် တက်သွားပြီး ရွှေသင်္ကန်းလှူပေးတယ်။ လှူပြီးရင် အဲဒီကျောက်တုံးကြီးပေါ်ကနေ လက်နှစ်ဖက်လွှတ်ပြီး ကြိမ်နွယ်ကြိုးနဲ့ အောက်ကို ဇောက်ထိုး လျှောဆင်းပါတယ်။ တစ်ဦးတည်းမဟုတ်လည်း ဘုရားဖူးအဖွဲ့တွေ စုပေါင်းပြီး ရွှေသင်္ကန်း ခုနစ်ဆိုင်းပြည့်အောင် လှူလည်း တက်လှူပေးပါတယ်။


ရင်ပြင်တော်ကနေ ကျောက်ထပ်ကြီးထိ သွားတဲ့လမ်းတစ်လျှောက် ကျောက်တုံး ကျောက်ဆောင်တွေပေါ်မှာ စေတီတွေ တည်ထားတာ အများကြီးပါပဲ။ စေတီတိုင်းမှာ အလှူခံတွေ ရှိကြပါတယ်။ အချို့အလှူခံအဖွဲ့တွေမှာ လိုတာထက်ကို လူတွေ ပိုများနေတယ်လို့ ထင်နေမိတယ်။ အရင် ကျောင်းသားဘဝ သွားခဲ့စဉ်ကတော့ အကြောင်းမသိသေးလို့ စေတီတစ်ဆူ ဝင်ဖူးပြီးရင် တော်တော်နဲ့ နောက်ဆစ်ဆူဆီ မကူးနိုင်ကြပါဘူး။ သူငယ်ချင်း မိန်းကလေးတွေပါ သွားကြတုန်းကဆို သူတို့တွေ အားနာတတ်တာကြောင့် အလှူခံတွေ ပြောသမျှ ပြီးဆုံးအောင် နားထောင်နေရပါတယ်။ ကြုံဖူးခဲ့တာကတော့ စေတီတစ်ဆူရောက်လို့ ဝင်လိုက်တာနဲ့ အလှူငွေထည့်ဖို့ ပြောဟောပါတယ်။ ဘုရားကန်တော့ပြီးလို့ ကိုယ်တတ်စွမ်းသမျှ အလှူငွေထည့်တယ်ဆိုရင် ထည့်တဲ့ငွေပမာဏကို ကြည့်ပြီး ပိုမိုထည့်ချင်လာအောင် ပြောဆိုအလှူခံပါတယ်။ ဥပမာ နှစ်ရာကျပ် ထည့်မယ်လုပ်ရင် ရေတစ်ထမ်းကို သုံးရာပဲကျပါတယ်လို့ ငွေတစ်ရာ ပိုထည့်ချင်အောင် ပြောပါတယ်။ လှူတဲ့သူဖက်ကလည်း ငွေတစ်ရာ ပိုထည့်လိုက်ရုံနဲ့ ရေတစ်ထမ်းစာအလှူ ဖြစ်မြောက်သွားတယ်ဆိုတော့ သူသူကိုယ်ကိုယ် ထပ်ထည့်မိတော့တယ်။ ဒါက တစ်ဦးချင်းစီ ကြုံတွေ့ရတာပါ။

အဖွဲ့လိုက်သွားကြလို့ တစ်ယောက် တစ်ရာမျိုး နှစ်ရာမျိုး စုပေါင်းထည့်ကြလို့ အလှူငွေက တစ်ထောင်နှစ်ထောင်လောက် ဖြစ်သွားပြီဆို သုံးလေးထောင်လောက် လှူသွားအောင် တဖြည်းဖြည်းတိုးပြောပြီး အလှူခံကြပါတော့တယ်။ အလှူခံစားပွဲပေါ်မှာ တစ်ထောင်နှစ်ထောင်က စလို့ သောင်းဂဏန်းကြီးကြီးထိ အလှူခံစရာ အကြောင်းအရာတွေပါတဲ့ စာရွက်တွေကို ပလပ်စတစ်လောင်းထားတဲ့ ကတ်ပြားတွေ ရှိနေတတ်တယ်။ အဖွဲ့လိုက်သွားတဲ့အခေါက်က ကျီးပါးစပ်ဂူထဲကို ပထမဆုံး စဝင်ဖူးတယ်။ ဂူထဲမှာ နေရာမဆံ့လို့ အလှည့်ကျ တုံကင်နဲ့ ဝင်ရတယ်။ အထဲရောက်တော့ ဘုရားကန်တော့ပြီး အလှူငွေထည့်ကြဖို့ ငွေစုလိုက်တာနဲ့ ကတ်ပြားထုတ်ပါတော့တယ်။ သမိုင်းကြောင်းတွေ ဇာတ်လမ်းတွေနဲ့ ဘယ်လိုအကျိုးပေးထူးမှာ စသဖြင့် ပြောဟောလိုက်တာ အဖွဲ့ထဲက မိန်းကလေးတွေမှာ ချက်ချင်း ဘာလှူမယ် ညာလှူမယ်နဲ့ သောင်းဂဏန်းလောက် ကုန်ကျမယ့်အလှူတစ်ခု ထည့်မယ်ဖြစ်ကုန်တယ်။ ကျွန်တော်တို့ ယောက်ျားလေးတွေလည်း အဲဒီအချိန်က အဲဒီငွေဟာ မနည်းလွန်းတဲ့ ပမာဏမို့ အခြားသူငယ်ချင်းတွေ ဟိုတယ်မှာ ကျန်ခဲ့လို့ ပြန်တိုင်ပင်ဦးမယ် ဘာညာပြောပြီး အလှူငွေအချို့ထည့် အသာလက်ကုတ်ပြီး အမြန်ပြန်ထွက်ခဲ့ရတယ်။ အကြောင်းမသိသေးတဲ့ မိန်းကလေးတွေ နားလည်အောင် နောက်မှ ပြန်ရှင်းပြရတယ်။

အခုတစ်ခေါက်ကတော့ ငါးကြိမ်မြောက်ဖြစ်လို့ နည်းနည်းတော့ သဘောပေါက်သွားပါပြီ။ အဲဒါကြောင့် ရတဲ့ နေ့တစ်ဝက်အချိန်လေးကို ကိုယ်သွားမဲ့ ကျောက်ထပ်ကြီးထိ ဘယ်မှ မဝင်ဘဲ တောက်လျှောက်သွားမယ် ဆုံးဖြတ်လိုက်တယ်။ လမ်းမှာ ဖြတ်သွားတဲ့အခါမှာတော့ ထုံးစံအတိုင်း ဘုရားဝင်ဖူးဖို့ ခေါ်ပါတယ်။ အပြန်မှ ဝင်ဖူးပါမယ်ပြောပြီး ဆက်သွားတော့ သိပ်မကြည်လင်တဲ့ စကားတချို့ မကြားတကြား ထွက်လာပါသေးတယ်။


တောလမ်းခရီးတစ်လျှောက် ရှူးဖိနပ်စီးထားတာ အဆင်ပြေပေမယ့် စေတီတွေ ရှိတဲ့နေရာတွေကို ဖြတ်သွားတဲ့ အခါမှာတော့ အတော် ကသီပါတယ်။ အလှူခံအဖွဲ့က သွားလမ်းတစ်လျှောက်လုံးအပြည့် အခင်းတွေ ခင်း အမိုးတွေ မိုးထားတော့ ဖိနပ်မချွတ်ဘဲ ဖြတ်သွားဖို့ရာ မသင့်တော်ဘူးလေ။ အဲဒီတော့ တစ်လမ်းလုံး ခြေအိတ်ချွတ် ဖိနပ်ချွတ်၊ ခြေအိတ်ဝတ် ဖိနပ်ဝတ်နဲ့ အလုပ်များပါရော။ အကောင်းဆုံးကတော့ ပေါ့ပါးပြီး အလွယ်တကူ စီးနိုင် ချွတ်နိုင်တဲ့ ဖိနပ်တွေနဲ့ဆို အဆင်အပြေဆုံးပါပဲ။ အချိန်ကုန် သက်သာပါတယ်။


ကျောက်ထပ်ကြီးရောက်တော့ အခြားအဖွဲ့တွေပါ ရှိတာနဲ့ ရွှေဆိုင်း ခုနစ်ဆိုင်းစာ ပြည့်သွားလို့ ကြိုးမင်းသားရဲ့ စွန့်စားခန်းကို မြင်ခဲ့ရပါတယ်။ ဗွီဒီယိုင်ဖိုင်ကို နောက်မှ တင်ပေးပါမယ်။ လမ်းတစ်လျှောက်မှာ တည်ထားတဲ့ စေတီတွေက အများအပြားပါ။ စေတီတိုင်းမှာ အလှူခံအဖွဲ့တွေ ရှိကြပါတယ်။ အပြောအဟောလည်း ကောင်းသလို လှူချင်အောင်လည်း ပြောတတ်ပါတယ်။ ဒါပေမယ့် ကိုယ့်ရဲ့ သဒ္ဓါတရားနဲ့ တတ်နိုင်တဲ့ ဝန်အားကို ချိန်ဆပြီး လှူတတ်ဖို့တော့ လိုပါတယ်။ အလှူခံအဖွဲ့တွေ ဘာကြောင့် ဒီလောက် အားတက်သရော အလှူခံနေကြတာလဲ ဆိုတာကတော့ သူတို့ကိုယ်တိုင် အသိဆုံးဖြစ်ပါလိမ့်မယ်။


ညနေမစောင်းခင်မှာပဲ ရင်ပြင်တော်ဖက် ပြန်ရောက်ခဲ့တယ်။ “ကြူကြူဝင်း” ဆိုတဲ့ ဆိုင်မှာ နေ့လယ်စာနဲ့ ညစာ ပေါင်းစားလိုက်ရတယ်။ ထမင်းဆိုင်တွေက အတော်သန့်ရှင်း သပ်ယပ်နေပါပြီ။ လူခေါ်တဲ့နေရာမှာလည်း ဆိုင်တွေရဲ့ ရှေ့မှာ တားထားတဲ့ စည်းအတွင်းကပဲ ခေါ်ကြပါတယ်။ အတင်းကာရော ဆွဲခေါ်ရောင်းတာမျိုး လုံးဝ မတွေ့ရတော့ပါဘူး။ ထမင်းပူပူ ဟင်းရည်ပူပူ ငပိရည် တို့စရာ အသီးရွက် စုံလင်စွာနဲ့ တော်တော်လေး မြိန်ရှက်ခဲ့တဲ့ ထမင်းတစ်နပ် ဖြစ်ခဲ့ပါတယ်။

ရှိခိုးဦးတင် ကျိုက်ထီးရိုး ဆံတော်ရှင်

Saturday, April 25, 2009 | Labels: | 6 comments |


ဘုရားဝတ်ပြုဖို့ ရင်ပြင်တော်ပေါ် တက်ခဲ့တယ်။ ကြည်ညိုဖွယ်ရာ ကျိုက်ထီးရိုးဘုရားရဲ့ သပ္ပါယ်မှုဟာ ဘယ်နှစ်ကြိမ်ဖူးဖူး အသစ်သစ်သော သဒ္ဓါပီတိစိတ်ကို ဖြစ်ပေါ်စေပါတယ်။ ဆယ့်ငါးနှစ်အတွင်း ငါးခေါက် ရောက်ခဲ့ရာမှာ တစ်ခေါက်ထက် တစ်ခေါက် အဆောက်အဦးတွေ တဖြည်းဖြည်း များပြားလာတယ်။ ရင်ပြင်တော်ပေါ် တက်လာတဲ့ လမ်းတစ်လျှောက်မှာရော ရင်ပြင်တော်နဲ့ တစ်ဆက်တည်းမှာရော ဂေါပက၊ ပုဂ္ဂလိက၊ ဌာနဆိုင်ရာ တည်းခိုဆောင်တွေ ဓမ္မာရုံတွေ အစီအရီ တွေ့ရတယ်။ နေ့ခင်းပေမယ့် တောင်ပေါ်လေ တဖြူးဖြူးနဲ့မို့ အပူဒဏ် မရှိသလောက်ပါပဲ။ နေ့ခင်းပိုင်းတော့ အာရုဏ်ခံတန်ဆောင်းထဲမှာ ဘုရားဖူးရှင်းပါတယ်။ ညပိုင်းတော့ အပြင်မှာက အေးလဲအေး၊ ပိုးကောင်တွေကလည်း များတော့ အချိန်ကြာကြာ ပုတီးစိပ်သူ တရားထိုင်သူများနဲ့ အပြည့်ပါပဲ။


အာရုဏ်ခံတန်ဆောင်း


Collection of Donation Boxes

ပင်မအလှူခံဌာနမှာ ရွှေသင်္ကန်း ဝယ်ယူပူဇော်နိုင်သလို ဘုရားသမိုင်းစာအုပ်၊ ဘုရားသမိုင်း ရုပ်ပြစာအုပ်များလည်း ဝယ်ယူနိုင်ပါတယ်။ ရေ၊ ကျောက်ပြား၊ အဆောက်အဦး၊ ကားလမ်း၊ လျှပ်စစ်မီး၊ ဘက်စုံ စသဖြင့်လည်း နှစ်သက်ရာ သီးသန့်လှူနိုင်ပါတယ်။ ဘေးမှာတော့ ကြေးဆည်းလည်း၊ မီးဆလိုက် အရွယ်စုံကို ဝယ်ယူလှူဒါန်းနိုင်ပါတယ်။ ကမ္ဗည်းလည်း ခဏအတွင်း ထိုးပေးပါတယ်။ ကြေးဆည်းလည်းလေးတွေကို ဘုရားကျောက်လုံးတော်ကြီးအနီးက စတီးလက်ရန်းများမှာ ကိုယ်တိုင်ချိတ်ဆွဲ လှူဒါန်းလို့ရပါတယ်။ ရွှေသင်္ကန်းတစ်ဆိုင်းကို ၉၀၀ ကျပ် ပေးရပြီး ထောင်တန်ပေးလိုက်လို့ ပြန်အမ်းဖို့လိုအပ်ရင် ငွေအကြွေအစား ဘုရားပုံ အသေးလေးတွေ ပြန်ရတတ်ပါတယ်။


ပင်မအလှူခံဌာန

မီးဆလိုက်၊ ကြေးဆည်းလည်းများ ပူဇော်ရန် အလှူခံဌာန


သိမ်တော်ကြီး

ရင်ပြင်တော် ဆေးပေးခန်း

တိဿဆောင်

သီဟဆောင်

ဆီမီးကိုးထောင် ဓမ္မာရုံ

ပြည့်စုံ ဓမ္မာရုံ

ပေ (၄၀) တိုးချဲ့ တည်းခိုဆောင်

ရင်ပြင်တော်ပေါ်အတက် အဝင်မုခ်ဦး

တောင်ပေါ်တက်တဲ့ ကားတွေနဲ့ ကင်ပွန်းစခန်းကနေ ရသေ့တောင်စခန်းအထိကို လူတစ်ဦး ၁၈၀၀ ကျပ်နှုန်းနဲ့ လိုက်ပါနိုင်ပါတယ်။ ရသေ့တောင်ကနေ ရင်ပြင်တော် မုခ်ဦးနားထိ (အထက်ပါပုံ) ကိုတော့ တစ်ယောက် ၁၂၀၀ ကျပ်နဲ့ ဆက်တက်လို့ရပါတယ်။ ဘုရားဖူး အများစုကတော့ ရသေ့တောင်ရောက်ရင် အထက်ကို ခြေလျင်ပဲ ဆက်တက်ကြပါတယ်။ ဒါကြောင့်လည်း ရသေ့တောင်နဲ့ ရင်ပြင်တော်မုခ်ဦးအထိ သွားတဲ့ လမ်းတစ်လျှောက်မှာ အတက်သမားရော အဆင်းသမားပါ တွေ့ရသလို ကျိုက်ထိုဟော်တယ်နား ရောက်တဲ့အထိ ဈေးဆိုင်တန်းတွေနဲ့ စည်ကားနေပါတယ်။ ကျိုက်ထိုဟော်တယ် အနားမှာ “Moutain Top” ဟိုတယ်နဲ့ မနီးမဝေးမှာ အခြားဟော်တယ်တစ်လုံးလည်း ရှိပါသေးတယ်။ ဟော်တယ်တွေက ဧည့်သည်တွေ ရင်ပြင်တော်ဖက်ထိ မသွားချင်ရင်ပဲဖြစ်ဖြစ်၊ အချိန်လင့်သွားရင်ပဲဖြစ်ဖြစ် အနီးနားက အစားအသောက်ဆိုင်တွေမှာ လမ်းလျှောက်ရင်း သွားထိုင်ကြပါတယ်။ ညလုံးပေါက် မဟုတ်တောင် တော်တော်ညဥ့်နက်တဲ့အထိ သီချင်းသံတွေနဲ့ပါ။ ဈေးတော့ နည်းနည်းကြီးတယ် ပြောရမယ်။


ရွှေနန်းကျင် ဓမ္မာရုံ


ဆောက်လုပ်ရေး ဓမ္မာရုံ


ပြည်ထဲရေး ဓမ္မာရုံ


ရိုးရိုးလေး အဆင့်မြင့် တည်းခိုးခန်း



တောင်ပေါ်မှာ Performance လုပ်နေတာတော့ မဟုတ်ပါဘူး။
တည်းခိုခန်းတွေက စောင်တွေ နေလှမ်းထားတာပါ