ကိုးတန်းတုန်းက ရူပဗေဒမှာ သင်ခဲ့ရတယ်။ ကြေးမုံဆိုတဲ့ မှန်တွေအကြောင်း သင်တဲ့ သင်ခန်းစာမှာပေါ့။ ရိုက်လင်းတန်းနဲ့ မတ်မျဉ်းကြားမှာရှိတဲ့ ထောင့်ဟာ ပြန်လင်းတန်းနဲ့ မတ်မျဉ်းကြားမှာရှိတဲ့ ထောင့်နဲ့ တူညီတယ်တဲ့။ အဓိကကတော့ ရိုက်ထောင့်နဲ့ ပြန်ထောင့် တူညီသည်ပေါ့ဗျာ။ ဒါပေမယ့် လက်တွေ့ဘဝမှာတော့ သေချာချိန်ပြီး ကိုယ်ရိုက်လိုက်တဲ့ ထောင့်တွေဟာ တူညီတဲ့ ပြန်ထောင့်လေးတွေ ထွက်မလာခဲ့ဘူး။
အထူးသဖြင့် အချစ်ရေးမှာပေါ့။ ကိုယ်လိုချင်တဲ့ အချစ်ကို ဘယ်လိုရိုက်ထောင့်နဲ့ပဲ သေချာချိန်ရိုက်ပေမယ့် ပြန်ထောင့်တွေက မလှပခဲ့ဘူး။ အချစ်က ဆန်းကြယ်သလို မှန်းလို့လည်း မလွယ်ပါဘူး။ အချစ်စိတ်က ကာလံဒေသံလည်း မရွေးဘူး။ အဖွားပြန်ပြောပြဖူးလို့ သိခဲ့ရတဲ့ အကြောင်းလေး တစ်ခုပါ။ ကျွန်တော့်ကြီးတော်ကြီးတစ်ယောက်က အပျိုဘဝမှာ ကျောင်းဆရာမအဖြစ်နဲ့ ကျေးလက် ရွာလေးတစ်ရွာမှာ တာဝန်ကျတယ်။ ကြီးတော်ကြီးက အဲဒီအချိန်တုန်းက ပညာတတ်ဘွဲ့ရဖြစ်တဲ့အပြင် လှလည်းအတော်လှတယ်လို့ ပြောပါတယ်။ ကျွန်တော် မှတ်မိတဲ့အချိန်တွေမှာတော့ အတော်ကို ဝဝကြီးဖြစ်နေပါပြီ။ အဲဒီအဒေါ်က ရွာမှာ ဆရာမ လုပ်ရင်း အဲဒီရွာသားတစ်ယောက်နဲ့ မေတ္တာမျှပါတယ်။ မြို့မှာ ဆရာဝန်တစ်ယောက် လာတောင်းရမ်းတုန်းက လက်မခံခဲ့တဲ့ ကြီးတော်ကြီးဟာ အဲဒီရွာသားနဲ့ကျမှ ဘယ်လိုလုပ် သဘောကျသွားမှန်းမသိဘူး။ ကျွန်တော်တို့ ဘကြီးဖြစ်လာမဲ့သူဟာ အတန်းပညာလည်း မယ်မယ်ရရ မတတ်တဲ့အပြင် ရုပ်အဆင်းလည်း မချောမွေ့ပါဘူး။ ရိုးသားကြိုးစားတဲ့ သာမန်ရွာသားတစ်ဦးပါပဲ။
အဲဒီလို ချစ်ကြိုက်နေတာကို မြို့က ကျွန်တော့်အဖိုးအဖွားတွေကြားတော့ အဖွားက အရမ်းစိတ်ဆိုးပြီး လုံးဝသဘောမတူဘူးတဲ့။ အဖိုးကတော့ အေးဆေးပဲ။ သားတွေအကုန်လုံး သူတို့နှစ်သက်တဲ့သူကို လိုက်တောင်းပေးတာပဲ။ သမီးတွေကိုလည်း သဘောတူခဲ့တာပဲ။ အဲဒီအခါမှာ အဖိုးက အဖွားကို မင်းကုသနဲ့ ပပဝတီဇာတ်တော်ကို ပြောပြပြီး နားချတယ်။ အဖိုးပြောချင်တဲ့ လိုရင်းကတော့ ကြီးတော်ကြီးဟာ ပပဝတီမင်းသမီးလောက် ချောမောလှပနေတာမဟုတ်သလို ဘကြီးဖြစ်လာမဲ့သူဟာလည်း မင်းကုသ လောက် အရုပ်ဆိုးအကျည်းတန်နေတာ မဟုတ်ပါဘူးတဲ့။ သူတို့ဖူးစားပါလို့ ဆုံကြ ကြိုက်ခဲ့ကြတာ ဆိုပြီး ဖြောင်းဖျပြောဆိုခဲ့တယ်။ နောက်ဆုံးတော့ အဖွားလည်း သဘောတူ ပေးစားခဲ့ရပါတယ်။
မိန်းကလေးတွေဟာ သူတို့ကို ကမ်းလှမ်းလာတဲ့သူတွေထဲကမှ ရွေးချယ်ကြရလို့လားတော့ မသိဘူး။ တချို့စုံတွဲတွေကိုမြင်ရတာ မိန်းကလေးက လှလှပပ အတူတွဲလာတဲ့သူက အထာမကျ။ ယောက်ျားလေးတွေကြတော့ ရွေးချယ်စရာအခွင့်အလမ်း အပြည့်ရှိတာမို့ ကိုယ်ရုပ်ရှိရင် ရှိသလို စကာတင် ရွေးနိုင်ခွင့်ရှိတယ်လို့ ထင်ပါတယ်။
ကျွန်တော့်ရူပါဟာ လုံးဝ မချူချာဘူးဆိုတာ မြင်ဖူးတဲ့သူတွေ အကုန်အသိပါ။ ဒါနဲ့များ ကျွန်တော့်ဆီပြန်လာတဲ့ ပြန်ထောင့်လေးတွေဟာ ကျွန်တော်ရိုက်လိုက်တဲ့ ရိုက်ထောင့်အတိုင်း တူညီစွာမဖြစ်ဘဲ ဘာလို့ တိမ်းစောင်းသွားရတာလဲ။ ကျွန်တော် စဉ်းစားတယ်။ ဘာလွဲနေလဲပေါ့။ ကျွန်တော်ချစ်ခဲ့ဖူးတဲ့ နှစ်ကြိမ်စလုံးဟာ မအောင်မြင်ခဲ့ပါဘူး။ ပထမအကြိမ် ကတော့ မချိန်တတ်သေးတဲ့ အရွယ်မို့ထားပါတော့။ ဘယ်အောင်မြင်ပါ့မလဲ။ ဒုတိယအကြိမ် က ရိုက်တော့ ရိုက်တယ်လေ။ ဒါပေမယ့် ကိုယ့်ဟာကိုယ် ရိုက်ချင်တာတစ်ခုပဲ သိတာ။ ထည့်မတွက်မိတဲ့ အချက်တစ်ခုရှိနေတယ်။ နောက်မှ သွားတွေ့တယ်။ ဒါပေမယ့် ကျွန်တော်သိတဲ့အချိန်မှာ အားလုံးလွန်သွားခဲ့ပြီ။
ကျွန်တော့်ရဲ့ ပြန်ထောင့်လေးတွေ ရိုက်လိုက်တဲ့ထောင့်အတိုင်း တူညီစွာမထွက်လာရတဲ့ အကြောင်းကတော့ အဲဒီနိယာမက ပြင်ညီကြေးမုံမှသာ မှန်ကန်တယ်ဆိုတာကြောင့်ပါပဲ။ ကျွန်တော်က မျက်နှာပြင်ကို မစဉ်းစားမိခဲ့ဘူး။
အချစ်မှာ တူမျှတဲ့ အလင်းပြန်ဖို့ ပြင်ညီမျက်နှာပြင်တစ်ခု အမှန်တကယ်လိုအပ်တယ်လေ။
---------------------------------------------------------
ကိုရွှေအောင် စာမူခက sensitive ဖြစ်လို့ ကျွန်တော် ပြန်ပြင်လိုက်ပါပြီ။ နို့မဟုတ်ရင် ကျွန်တော့်စာရေးအမှားက မြန်မာ့ယဉ်ကျေးမှုအစဉ်လာကိုပါ ထိခိုက်နေတာမို့ သိသိချင်းအရေးယူလိုက်ပါတယ်။ ကျေးဇူးပါ ကိုရွှေအောင်။
6 comments:
တောင်ငူသားလေးအဘိုးကတမျိုးနော် ဟဲဟဲ "အဖိုးကတော့ အေးဆေးပဲ။ သားသမီးတွေအကုန်လုံး သူတို့နှစ်သက်တဲ့သူကို လိုက်တောင်းပေးတာပဲ။ " သားတွေရောသမီးတွေရောလိုက်တောင်းပေးတာပဲလား
ကျွန်တော်ကောင်မလေးမိဘတွေသာတောင်ငူသားလေး အဘိးုလိုလိုက်တောင်းပေးရင်ကျွန်တော်လဲသားသမီးတွေရလောက်တော့မယ် အခုတော့သူတို့ကလာလဲမတောင်းဘူး ဒီကောင်ကြီးမှာဟိုနေ့လာတောင်းနိုးဒီနေ့လာတောင်းနိုးမျှော်နေလိုက်ရတာ......
တောင်ငူသားလေးလဲအဘိုးကိုလိုက်တောင်းခိုင်းလေ..
ပြန်လင်းတန်းတွေစောင့်မနေနဲ့ ...
"အလင်းပြန်နိယာမ"
ကိုလာဖတ်ပါတယ်ရှင်--
ဖူးစာ ဆိုတာခက်ပါတယ်လေ---
ဖူးစာမှန်မဟုတ်လို့ပါ---တနေ့ဖူးစာမှန်ရင်
သာယာတဲ့အိမ်ထောင်ဖက်နဲ့ဆုံတွေ့ရပါလိမ့်မယ်--
“ အလင်းပြန်နိယာမ” မှန်ကန်ကြောင်း ကို
အကြိမ်ပေါင်း ဘယ်လောက်စမ်းသပ်ရှာဖွေခဲ့ပြီးမှ..
နိယာမ မှန်ကန်ကြောင်း ဖွင့်ချ ခဲ့တာလဲဆိုတာကိုပါ...
ထည့်တွက်ရလိမ့်မယ်နော်...။
နိယာမက မှန်ကန်ပါတယ်....
ညိလေးစမ်းသပ်တာ အကြိမ်နည်းသေးလို့ ပါ...။
ကျိုးစားလိုက်ပါဦး ညီလေးရေ...။
အကိုပြောတာလဲ အမှန်ပဲဗျ။ ဒါနဲ့ အကိုကြီးရော အသွင်မတူတဲ့ ကြင်သူတွေ့နေပြီလားဗျး)
ကိုရွှေအောင်သို့
အဖိုးကို တောင်းခိုင်းလို့မရတော့ဘူးဗျို့။ အဖိုးကွယ်လွန်သွားတာ အနှစ်နှစ်ဆယ်ဝန်းကျင်ရှိပါပြီ
မသက်ဇင်သို့
အဲဒီတစ်နေ့က ဝေးနေသေးတယ် အမရေ
ကိုဆူးသို့
အင်း... ဆရာဆူးမြှောက်ပေးလို့ ထပ်တော့စမ်းကြည့်ချင်သားဗျ။ ပြင်ညီမျက်နှာပြင်လေး အရင်ဖန်တီးလိုက်ဦးမယ်ဗျာ။ ဒါမှ ပြန်ထောင့်လှမယ်လေ
တိုးတိတ်ညင်သာသော စာဖတ်သူများအပါအဝင် အားလုံးကို ကျေးဇူးတင်ပါတယ်။ အေးချမ်းပျော်ရွှင်ကြပါစေ။
မေတ္တာဖြင့်
တောင်ငူသားရေ..ဒီကိစ္စက..တခြားသောအကြာင်းအရာတွေလို..ဘယ်လိုမှတွက်ချက်လို့မရဘူးဟ..
နိယာမမရှိဘူးလေ...မှတ်ထား......
Post a Comment