တောင်ငူသား

..... စိမ်းလန်းပါစေ ကမ္ဘာမြေ ... ငြိမ်းချမ်းပါစေ ကမ္ဘာမြေ .....

Sunday, April 27, 2008

ရိပ်သာမရောက်နိုင်ရှာသော ဘိုးဘွားများ (အပိုင်း - ၂)

သူတစ်ပါးကို ကိုယ်ချင်းစာနာတယ် ဆိုတဲ့စကားလုံးဟာ ပြောလို့လွယ်ပေမယ့် ကိုယ်တိုင်ကြုံလာရမှ ပိုပြီးအဓိပ္ပါယ်လေးနက်လာပါတယ်။ ကျွန်တော်ကတော့ ကိုယ်ချင်းစာနာတယ်ဆိုတာထက် ကိုယ်ဖြစ်စာနာတယ် လို့သာသုံးချင်ပါတော့တယ်။ ကိုယ်တိုင်ဖြစ်တော့မှသာ စာနာလို့ပိုရပါတယ်။ ဇာတိ၊ ဇရာ၊ ဗျာဓိ၊ မရဏာ ဆိုတဲ့ မွေး၊ အို၊ နာ ၊သေ လေးပါးကို သက်တမ်းစေ့နေရမယ့်သူတိုင်း မလွဲမသွေကြုံလာရမှာပါ။ မွေးခြင်းနဲ့ သေခြင်းတို့ကြားက အိုခြင်းကို တဖြည်းဖြည်းချဉ်းကပ်လာတာနဲ့အမျှ လူဟာ ခွန်အားယုတ်လျော့လာပြီး ပိုမိုသက်တောင့်သက်သာနေချင်လာပါတယ်။ နေလဲနေသင့်တဲ့အပိုင်းအခြားပါ။ အဲဒီလို အရွယ်မှာ ကံမကောင်းအကြောင်းမလှလို့ ချို့တဲ့နွမ်းပါးရှာတဲ့ အဘိုးအို အဘွားအိုတွေဟာ ဘယ်လိုတွေများ နေထိုင်နေကြရပါလဲဗျာ။

ကျွန်တော်တို့ဟာ မိခင်တွေဆီမှာ ပဋိသန္ဓေသားလေးအဖြစ် ဝင်ရောက်ပြီးပြီဆိုရင်ပဲ ဒီမိခင်ဖခင်ရဲ့ မျိုးဆက်အဖြစ် ရှင်သန်ရတော့မှာပါ။ ဒီပတ်ဝန်းကျင်မှာ ကျင်လည်ရတော့မှာပါ။ မိမိလုပ်ခဲ့ဖူးတဲ့ ကောင်းကျိုးဆိုးကျိုးတွေဟာ ဒီဘဝအတွက်တော့ လူမှန်းမသိတတ်ခင်ကတည်းက ဘဝက ပြဌာန်းပြီးသားဖြစ်နေခဲ့ပါပြီ။ ရွေးချယ်ခွင့်မရှိတော့ပါဘူး။ အကျိုးပေးကောင်းလို့ လှပပြည့်စုံတဲ့ မိသားစုဘဝကို ပိုင်ဆိုင်ရရင်တော့ အတိုင်းထက်အလွန်ပေါ့ဗျာ။ အကြောင်းမလှလို့ ချို့ငဲ့တဲ့ မိသားစုလေးမှာ ဖြစ်လာရရင်တော့ ကိုယ်တိုင်မရုန်းနိုင်ခင် အချိန်ထိ ဒုက္ခတွေ ရင်ဆိုင်ရမှာပါ။ ကံ၊ ဉာဏ်၊ ဝီရိယ သုံးပါးနဲ့ ကြိုးစားမှုအား ကြီးမှသာ ပိုမိုမြင့်မားတဲ့ ဘဝကို ရောက်ရှိနိုင်ဖို့ရှိပါတယ်။ ဒီရာခိုင်နှုန်းကလည်း ကျွန်တော်အထင်တော့ သိပ်မများလှပါဘူး။

ဘဝတစ်လျှောက်လုံးမှာ ဆိုးသွမ်းခဲ့တာ ရှိကောင်းရှိမယ်။ စားဝတ်နေရေးအတွက် ဘယ်လောက်ပဲ ကြိုးစားရုန်းကန်ခဲ့ပေမယ့် အဆင်မပြေခြင်းတွေနဲ့သာ ကြုံခဲ့မယ်ဆိုရင် အရွယ်လွန်ချိန်မှာ အခက်အခဲတွေ ရင်ဆိုင်ရဖို့ရှိပါတယ်။ ဘယ်သူမဆို နောက်ဆုံးအချိန်ဟာ ဘဝကူးကောင်းဖို့အတွက် အရေးကြီးပါတယ်။ တိုတောင်းလှတဲ့သက်တမ်းတစ်ခုရဲ့ နောက်ဆုံးအချိန်ပိုင်းခြားလေးမှာ ကိုးကွယ်ယုံကြည်ရာ ဘာသာတရားကို ရှုမှတ်ရင်း၊ စားဝတ်နေရေး မပူမပင်ရဘဲ အေးအေးချမ်းချမ်း နေထိုင်ရင်း နောက်ဆုံးထွက်သက်ကို အညင်သာဆုံးဖြစ်စေချင်တာ ကျွန်တော့်ရင်တွင်းက စေတနာပါ။

မသိနိုင်တော့တဲ့ ကာလတွေဆီက ကောင်းမွေလေးတွေကို ခံစားရလို့ အခုအချိန်မှာ အထိုက်အလျောက်အဆင်ပြေကောင်းပြေနေကြတယ်။ ဒါပေမယ့် ကိုယ့်ဘေးဘီကို စောင်းငဲ့ကြည့်လိုက်ရင် ဖြည့်စရာအိုးလေးတွေ များလွန်းလှပါတယ်။ ပန်းဥယျာဉ်လေးတစ်ခုမှာ လန်းဆန်းပြီးသားအပင်တွေထက် ညှိုးနွမ်းပြီးရေမဝရှာတဲ့ အပင်တွေကို ရေလောင်းပေးမှသာ ဥယျာဉ်တစ်ခုလုံးစိမ်းလန်းစိုပြေပြီး သာသာယာယာနဲ့ ရှုချင်စဖွယ် ဖြစ်လာမှာပါ။

Saturday, April 19, 2008

ရိပ်သာမရောက်နိုင်ရှာသော ဘိုးဘွားများ (အပိုင်း - ၁)

သနားတတ်တဲ့စိတ်ဆိုတာ ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်တတ်သလဲ ကျွန်တော် အတိအကျမသိပါ။ လူတိုင်းမှာ ရှိလား မရှိလားလဲ ကျွန်တော်မသိနိုင်ပါ။ သေချာတာကတော့ ကျွန်တော် မကြာခဏ သနားဖူးပါသည်။ သနားတတ်တဲ့ စိတ်ရဲ့နောက်မှာ စိတ်မကောင်းဖြစ်ရခြင်းနဲ့ ကိုယ်ချင်းစာတတ်ချင်းများ တွဲပါလာတတ်သည်ကိုလည်း သတိထားမိပါသည်။


ကျွန်တော် ချာတိတ်တုန်းက မိဘတွေနဲ့ ကျောင်းအားရက်တိုင်း ဈေးထဲမှာဆိုင်လိုက်ထွက်ပေးလေ့ရှိပါတယ်။ ဆိုင်က တောင်ငူမြို့မဈေးကြီး (ယခင် ဗဟိုဈေးကြီး)ရဲ့ သံဈေးရုံ (ရုံ ၁၅)ထဲမှာပါ။ တစ်ရက်မှာတော့ အဘိုးအိုတစ်ယောက် ဈေးလည်ရောင်းရင်း ဆိုင်ရှေ့က ဖြတ်သွားတာ တွေ့ပါတယ်။ အဘိုးအိုမှာ လက်တစ်ဖက်ပြတ်နေပါတယ်။ ကျန်လက်တစ်ဖက်ပေါ်မှာ သံလင်ဗန်းသေးသေးနဲ့ နှာချေဆေး (ဂမုန်းနှာ)ပုလင်းလေးတွေ လိုက်ရောင်းနေတာပါ။ နှာချေဆေးဆိုတာကလည်း လူတိုင်း အမြဲသုံးလေ့ရှိတဲ့ ပစ္စည်းမျိုး မဟုတ်လေတော့ ဘယ်ရောင်းကောင်းပါ့မလဲ။

နောက်ဈေးထဲမှာပဲ အမယ်အိုတစ်ယောက် အုန်းတံမြက်စည်းလေးတွေ လိုက်ရောင်းပါတယ်။ အုန်းလက်အခြောက်လေးတွေကို သပ်ပြီး စည်းထားတာပါ။ အမယ်အိုဟာ မျက်စိကောင်းကောင်းမမြင်ရှာပါ။ တရွေ့ရွေ့နဲ့ စမ်းသွားရင်း လိုက်ရောင်းနေတာပါ။ နောက်ပြီး ရန်ကုန် ဗိုလ်ချုပ်အောင်ဆန်းလမ်း ဇော်ဂျီဟောက်စ် ရှေ့က သစ်ပင်အောက်မှာ ဒညင်းသီးပြုတ်ရောင်းနေတဲ့ အမယ်အို။ ကျောက်မြောင်းထဲမှာ ကြံဟင်းညွန့်လာရောင်းတတ်တဲ့ အမယ်အို။ စသည် စသည်ဖြင့် ဟိုမှာ သည်မှာ သက်ကြီးဈေးသည်တွေ မဟုတ်သေးဘူး အရွယ်လွန်ဈေးသည်တွေ။ ကျွန်တော် မခေါ်ရက်ပါ မခေါ်ထွက်ပါ။

ကျွန်တော်မမြင်မိသော ကျွန်တော်မရောက်မိသော နေရာတွေမှာကော အဘယ်အဘိုးအို အမယ်အိုတို့သည် ဈေးလည်ရောင်းနေကြပါသလဲ။ သူတို့ရောင်းရငွေသည် သူတို့ဇရာနဲ့မမျှအောင် ပင်ပန်းအားထုတ်မှုကိုမှ ချွေးသိပ်စေရဲ့လား။ ကျွန်တော်ဆက်မတွေးရဲတော့ပါ။ သူတို့ရဲ့နောက်မှာ အားကိုးအားထားလောက်စရာ မရှိတော့လို့သာပေါ့။ လူတိုင်းဟာ ဘဝတစ်လျှောက်လုံး ဘယ်လောက်ပဲ ကြမ်းတမ်းခဲ့သည်ဖြစ်စေ နေမဝင်ခင် နောက်ဆုံးအချိန်လေးမှာတော့ သက်တောင့်သက်သာနေချင်ကြမှာပါ။

တစ်ခါကလည်း အဘိုးအဘွားစုံတွဲ လက်လေးတွဲလို့ တောင်ဝှေးလေးထောက်လို့ အလှူလိုက်ခံနေရှာတယ်။ အဝတ်အစားက ခပ်နွမ်းနွမ်းပေမယ့်။ ကျွန်တော်လှူပါတယ်။ အဲဒီအချိန်မှာ ကျွန်တော်ရတဲ့ လခနဲ့တတ်နိုင်သလောက်ပေါ့။ ဆရာမောင်သာချိုက သူ့ဆောင်းပါးပေါင်းချုပ်တစ်အုပ်မှာ ရေးခဲ့တဲ့ အလှူခံ အဘိုးအဘွားစုံတွဲများ ဖြစ်နေမလားလို့တောင် ကျွန်တော်ထင်မိပါတယ်။ ရင့်သီးတဲ့ အသုံးအနှုန်းမျိုး ကျွန်တော် မပြောထွက်ပါ။ ဒါကြောင့် အလှူခံလို့သာသုံးပါတယ်။ တစ်ချိန်တစ်ခါက အတော်အတန် ပြည့်စုံခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် အိုမင်းလာချိန်မှာ နွမ်းပါးနေတဲ့ ဘိုးဘွားတွေ ဘယ်လောက်များ ရှိနေပါသလဲ။ လှူဖို့မဆိုထားနဲ့ ထမင်းစားဖို့အတွက်တောင် ဈေးရောင်းရင်း အလှူခံထွက်ရင်း ဘဝရဲ့ နောက်ဆုံးအချိန်ကို ဖြတ်သန်းနေရတဲ့ အဘိုးအဘွားတွေအတွက် နားခိုရာဟာ ရှားပါးလှပါတယ်။

ဘိုးဘွားရိပ်သာတွေရှိတယ်ဆိုတာ အင်မတန်ကောင်းပါတယ်။ ဒါပေမယ့် ကျွန်တော်လေ့လာဖူးသလောက်တော့ ဘိုးဘွားရိပ်သာတွေက အဘိုးအဘွားတိုင်းကို လက်မခံပါဘူး။ လက်ခံဖို့အတွက် ရိပ်သာအလိုက် သတ်မှတ်ထားတဲ့ အချက်အလက်တွေဟာ အဘိုးအဘွားပေါင်း ဘယ်လောက်များများကို လမ်းတွေပေါ်မှာ အရွယ်လွန်ဈေးသည်တွေ၊ အလှူခံစားရတဲ့သူတွေ ဖြစ်စေခဲ့သလဲ။ ရိပ်သာတွေဆိုတာကလည်း အလှူရှင်တွေရဲ့ မတည်ငွေနဲ့ လည်ပတ်နိုင်အောင် ခြိုးခြံရုန်းကန်ရပ်တည်နေရတဲ့ ရိပ်သာတွေကများပါတယ်။ ရိပ်သာတွေက လက်ခံထားနိုင်မယ့်ဦးရေကလည်း အင်မတန်နည်းပါးပါတယ်။

ဘိုးဘွားရိပ်သာတွေအကြောင်းရိုက်ထားတဲ့ ဇာတ်လမ်းလေးတွေ ကျွန်တော်ကြည့်ခဲ့ဖူးပါတယ်။ ရိပ်သာမှာ မနေချင်တဲ့ဘိုးဘွားတွေလဲ ရှိမှာပါ။ နေချင်ရဲ့နဲ့ လက်ခံလို့မရတဲ့ရောဂါ၊ ထောက်ခံပေးမဲ့သူမရှိလို့ အစရှိသော ကျွန်တော်မသိနိုင်သေးတဲ့အကြောင်းပေါင်းများစွာဟာ မမြင်ရက်စရာ မြင်ကွင်းတွေဖြစ်လာပါတော့တယ်။

Sunday, April 6, 2008

တောင်ငူရောက်ရင် ဘာစားချင် - ၂




တို့ဟူးကြော်သုတ်

တို့ဟူးကြော်ကိုတော့ စားဖူးကြမှာပါ။ မြို့တိုင်းမှာလည်းရှိမှာပါ။ တောင်ငူစတိုင်နဲ့သုတ်ထားတဲ့ တို့ဟူးကြော်သုတ်ကတော့ ပါဝင်တဲ့အမယ်တွေကြောင့် တမူထူးခြားတဲ့အရသာရှိပါတယ်။ တစ်ခါစားပြီးရင် နောက်ပိုင်း စားချင်နေပါလိမ့်မယ်လို့ ကျွန်တော်ကညွှန်းရင် ပိုတယ်ထင်လိမ့်မယ်။ တို့ဟူးကျိုတတ်မယ်ဆိုရင် ကိုယ်တိုင်သုတ်စားလို့ အဆင်ပြေပါတယ်။ ကဲ... ဘယ်လိုလေးပါလိမ့်။ မြည်းကြည့်စို့။

ကြော်ထားတဲ့တို့ဟူးတွေကို ကတ်ကြေးနဲ့ အရွယ်တော် ညှပ်၊ သခွါးသီးကို အကွင်းလိုက်လှီးပြီး တောက်တောက်ပြန်စင်း၊ ပဲပင်ပေါက်ကို ပျော့နေအောင် ရေနွေးဖျော၊ ဂေါ်ဖီကို ပါးပါးနဲ့ရိတ်ရိတ်လှီး၊ နံနံပင်၊ ငရုပ်သီးမှုန့်၊ ငရုပ်ဆီ၊ မန်ကျည်းရည်၊ ငံပြာရည် စတာတွေကို စုံနေအောင် ရောပြီးသုတ်လိုက်ရင်တော့ ချဉ်ငံစပ်အရသာနဲ့ စားချင်စရာကောင်းတဲ့ တို့ဟူးကြော်သုတ်ကို စားနိုင်ပါပြီ။ မန်ကျည်းရည်နဲ့ ငရုပ်ဆီိကို သပ်သပ်စီဖျော်ရတယ်။ အဲဒါမှ အရသာကို လိုသလိုထိန်းလို့ရတယ်။ ချဉ်စပ်ရည်လုပ်ပြီး ဆမ်းလို်က်တာမျိုးမလုပ်ကြဘူး။ ဆိုင်တွေမှာ သတိထားမိတာပါ။ ကျွန်တော်စားဖူးတဲ့ ဆိုင်တွေထဲမှာတော့ မြို့မဈေးကြီးထဲက အန်တီဝဝကြီးဆိုင်ကို ခံတွင်းအတွေ့ဆုံးပါဘဲ။ အခုကော ရောင်းသေးလား မသိတော့ပါဘူး။ ကျွန်တော့်မေမေကတော့ လူကြုံရှိတိုင်း တို့ဟူးကြော်ထုတ်တွေ ထည့်ပေးလေ့ရှိတယ်။ ဆီစစ်ပြီး လေလုံအောင်ထုပ်ထားလို့ လနဲ့ချီပြီးတောင် အထားခံပါတယ်။ တောင်ငူမှာ အဲလိုအထုပ်မျိုးတွေ ဝယ်လို့ရနေပါပြီ။ ကျွန်တော်ကတော့ တောင်ငူလွမ်းတိုင်း စားနိုင်အောင် များများမှာထားပါတယ်။ ဗူးသီးဟင်းခါးလေးနဲ့ ဆိုရင်လဲ လိုက်ဖက်တယ်။


ဆီချက်ခေါက်ဆွဲ

ဆီချက်ခေါက်ဆွဲကတော့ မြို့တိုင်းမှာ ရှိပါရဲ့။ အရသာလည်းကောင်းပါရဲ့။ ဒါပေမယ့် ထည့်ထားတဲ့ အသားက ပြုတ်ပြီး မွထားတာကြောင့် ခံတွင်းမတွေ့လှပါဘူး။ တောင်ငူဆီချက်ကို ကိုယ့်မြို့မို့ ညွှန်းတာတော့မဟုတ်ပါဘူး။ အခြားမြို့က စားဖူးတဲ့ သူငယ်ချင်းတွေလည်း သူတို့မြို့တွေထက် ပိုကြိုက်ကြတယ်ပြောပါတယ်။ တောင်ငူက ဆီချက်ခေါက်ဆွဲဆိုင်တွေကတော့ အသားကို ရဲနေအောင်ကင်ပြီး အတုံးလေးတွေ၊ ပါးပါးအလွှာအချပ်လေးတွေဖြစ်အောင် လှီးပြီးမှထည့်ထားတာမို့ ချိုပြီးအရသာပိုကောင်းပါတယ်။ ခေါက်ဆွဲဖတ်ကတော့ အနည်းငယ် အမျှင်ပြားပြီး သေးလို့ စားလို့ အဝင်ချောပါတယ်။ ဘယ်တော့မှလဲ တစ်ပွဲတည်းနဲ့ မဝပါဘူး။ ခေါက်ဆွဲနဲ့အတူ ကြေးအိုးတို့၊ ကြေးအိုးဆီချက်တို့ကလည်း အပြိုင်ကောင်းကြပါရဲ့။ အရည်နဲ့အဖတ်ကို မျှနေအောင် ထည့်ထားသလို အသား၊ကလီစာတွေကိုလည်း မခိုကြပါဘူး။ ညဈေးတန်းဆိုင်တွေမှာ ဦးနှောက်တောင် စောစောသွားရင် ပါနိုင်ပါသေးတယ်။ အခေါက်ကင်နဲ့ အခြားအသုပ်တွေ ကိုတော့ ထူးပြီးမညွှန်းနေတော့ပါဘူး။ (၆)လမ်း ညဈေးတန်းက ဆိုင်တွေကတော့ ညနေစောင်းလောက်မှ ဖွင့်ကြပါတယ်။ မနက်ပိုင်းစားမယ်ဆိုရင်တော့ နဂါးရုံဘုရားလမ်းက “ရွှေနဂါးဆီချက်“ ဆိုင်မှာ အကောင်းဆုံးပါ။ ကြက်ပေါင်းဟင်းရည်ရယ်၊ အူနုသုတ်ရယ်နဲ့ စားလိုက်ရရင်တော့ ရှယ်ကြီး(၎င်းဆိုင်အခေါ်)နှစ်ပွဲလောက်တော့ အသာလေးကုန်မှာပါ။


ညဥ့်နက်သန်းခေါင် ဗိုက်ဆာရင်တော့ “ဦးတုတ်ကြီးမုန့်ဟင်းခါး” ရှိပါတယ်။ ဟင်းရည်အပျစ်ပါ။ ဟင်းရည်အကျဲနဲ့ မတူပါဘူး။ ပဲနဲ့ချက်တာပါ။ ကျွန်တော်တို့ ငယ်ငယ်ကတော့ အထမ်းလေးနဲ့ပါ။ အခုတော့ တွန်းလှည်းနဲ့ဖြစ်နေပါပြီ။ ရောင်းနေကျ လမ်းတွေအတိုင်း လိုက်ရှာပြီး စားရပါတယ်။


ဘိုးဘွားရိပ်သာလမ်းအထွက် ရန်ကုန်-မန္တလေးလမ်းပေါ်က “မိဘမေတ္တာရေမုန့်ဆိုင်“ကလည်း ရောင်းကောင်းတယ်။ ကြက်ဥ၊ ငုံးဥ၊ လမ်းသရဲ စတဲ့ရေမုန့်အရသာအမျိုးမျိုးကို အချဉ်ရည်ကောင်းကောင်း ရေနွေးပူပူနဲ့ ညနေပိုင်း အဆာပြေစားနိုင်ပါတယ်။ တောင်ငူမှာ အကြော်ဆိုင်တွေက အများအပြားရှိသလို အရသာမှာလည်း အခြားမြို့တွေနဲ့ ကောင်းကောင်းယှဉ်နိုင်ပါတယ်။ အချို့ဆိုင်တွေမှာ ကောက်ညှင်းပေါင်းပူပူနွေးနွေးကိုပါ တွဲဖက်စားနိုင်ပါတယ်။ ညနေပိုင်းမှာ မြို့ထဲကနေ စက်ဘီးနဲ့ပဲနင်းနင်း ဆိုင်ကယ်နဲ့ပဲမောင်းမောင်း အေးအေးဆေးဆေး သွားစားမယ်ဆိုရင်တော့ “ထီးနီကုန်းအကြော်ဆိုင်“ ကအဆင်ပြေနိုင်ပါတယ်။

တောင်ငူရောက်ရင် ဘာစားချင် - ၁

မရောက်ဖူးသေးတဲ့ နေရာဒေသတစ်ခုကို သွားလည်ပြီဆိုရင် ကျွန်တော်လုပ်လေ့ရှိတာတစ်ခုက ဒေသတွင်းအစားအစာတွေကို ရှာရှာဖွေဖွေစားကြည့်တတ်တာပါ။ ကျွန်တော့်လို ဒေသတွင်း အစားအစာအသစ်အဆန်းတွေကို စိတ်ဝင်စားတဲ့ မိတ်ဆွေတွေ တောင်ငူကိုရောက်တဲ့အခါ ဘာစားရမလဲလို့မေးလာရင် ကျွန်တော်ညွှန်းမဲ့ အဓိကအစားအစာ (၂)မျိုးကတော့......

(၁)တောင်ငူမုန့်ဟင်းခါးဟင်းရည်ကျဲ
(၂)တို့ဟူးကြော်သုတ်

ကဲ... တောင်ငူသူ တောင်ငူသားတွေ သဘောတူပါသလား။ အဲဒီနှစ်မျိုးက ကျွန်တော်ရောက်ဖူးခဲ့တဲ့ ဒေသတွေမှာတော့ လုံးဝမရှိပါဘူး။ အာမခံပါတယ်။ နည်းနည်းတော့ ဆင်ကောင်းဆင်နိုင်ပါတယ်။

မုန့်ဟင်းခါးဟင်းရည်ကျဲ


ဟင်းရည်ကျဲဆိုတဲ့အတိုင်း အရည်ကျဲကျဲချက်ထားပါတယ်။ မုန့်ဖတ်က နန်းသေးတစ်မျိုးတည်းနဲ့သာ စားရပါတယ်။ ဟင်းရည်ချက်တဲ့ထဲမှာ ငါး၊ ကြက်သွန်ဖြူ-နီ၊ ဂျင်း၊ စပါးလင်၊ ငှက်ပျောအူ စသည်ဖြင့် ပါပါတယ်။ အဓိကအမယ်ဖြစ်တဲ့ ငါးကို ငါးခူနဲ့ ချက်မှစားကောင်းပါတယ်။ အခြားမုန့်ဟင်းခါးတွေနဲ့ ပိုကွဲပြားတာက ဆန်လှော်မှုန့်ထည့်စားရတာပါ။ မစားဘူးသေးတဲ့သူတွေအတွက်တော့ ဆန်လှော်မှုန့် အနည်းငယ်သာ ထည့်စားရင် ပိုအဆင်ပြေမှာပါ။ အရည်ဖျော်ကို အရင်စမ်းစားကြည့်ပါ။ ကြိုက်သွားပြီဆိုရင်တော့ “အဒေါ်ရေ အသုတ်တစ်ပွဲလောက်လုပ်ပါဦး“ ပေါ့။ ငရုပ်သီးမှုန့်၊ နံနံပင်၊ ခရမ်းချဉ်သီး၊ ပဲသီး၊ ပဲခြမ်းကြော်(ပဲကြော်ကို ပြောတာပါ)စသဖြင့် ကြိုက်သလိုထည့်ခိုင်းနိုင်ပါတယ်။ ပဲကြော်ကလွဲလို့ အခြားအကြော်တွေနဲ့ စားလို့မလိုက်ဖက်ပါဘူး။ အချဉ်ကြိုက်တတ်ရင်တော့ ဇီးဖြူသီး၊ သံပုရာသီးလေးတွေ ရှိတတ်ပါတယ်။ စားပြီးရင်တော့ ဟင်းရည်အဆစ်တောင်းသောက်ဖို့မမေ့နဲ့ဦး။ ပူပူနွေးနွေး မွှေးမွှေးနဲ့ ဟင်းရည်ရဲ့ အရသာက လျှာလည်သွားမယ်။

မနက်ပိုင်းရနိုင်တဲ့နေရာတွေကတော့ မူလလက်ဟောင်း “ကေတုမတီဒေါ်ပို (၅ လမ်း)“ နဲ့ “မမြင့်ဝင်း (ဘုရင့်နောင်ဈေးတွင်း)“ ဆိုင်တွေကတော့ အင်မတန်ရောင်းကောင်းတဲ့ဆိုင်တွေပါ။ မနက်(၁၀) နာရီ ထက်နောက်ကျရင်တော့ ကုန်သွားနိုင်ပါတယ်။ ညနေပိုင်းမှာလည်း တချို့နေရာတွေမှာ ရနိုင်ပါတယ်။ တောင်ငူရဲ့ အနီးအနားက မြို့တွေမှာလည်း ရှိပါတယ်။

Popular Posts