တောင်ငူသား ဘလော့ဂ်ရေးလာတာ ၇ လထဲ ရောက်တော့မယ်။ ရေးတဲ့ ပို့စ်အရေအတွက်က ၅၀ကို မကျော်နိုင်ဘူး။ ရေးထားတာတွေကတော့ ရှိပါတယ်။ လက်စမသတ်သေးတာရယ်၊ စသာစထားပြီး ဆက်မရေးဖြစ်သေးတာရယ်ကြောင့် ပို့စ်အဖြစ်နဲ့ စာမျက်နှာပေါ် ရောက်မလာဘူး။ နောက်ပြီး ကိုယ့်ဘာသာတင်ထားပြီးမှ ဘာခံစားမှုမှ မပေးနိုင်တဲ့ပို့စ်တွေ၊ တော်တော်လေး ပေါတောတောဖြစ်နေတဲ့ ပို့စ်တွေဆိုရင် ပြန်ဖျက်ပစ်ပါတယ်။ ပို့စ်တစ်ခုကို ရေးနေတုန်းလည်း အမျိုးမျိုးပြင်ပါတယ်။ တင်ပြီးသွားတဲ့အခါလည်း ပြန်ပြန်ဖတ်ကြည့်ပြီး စာမချောဘူး၊ ရေးထားတာ အစီစဉ်မကျဘူး ထင်ရင်လည်း ပြန်ပြင်လို့ကို မပြီးနိုင်ပါဘူး။ အဲဒီတော့ အကျိုးဆက်က ပို့စ်အရေအတွက်တက်ဖို့ နှောင့်နှေးပါတော့တယ်။ စိတ်တိုင်းကျ ရှင်းထုတ်ပြီးတဲ့အခါ နောက်ဆုံးတင်ကျန်ရစ်တဲ့ ပို့စ်တွေဟာ ဝင်ဖတ်သူတွေကို ပေးဖတ်ဝံ့လောက်တဲ့ အနေအထားတွေသာ ဖြစ်ကျန်ရစ်ပါတယ်။ တောင်ငူသားရဲ့ ပို့စ်တွေဟာ ကွန်မန့်သိပ်မရပါဘူး။ ဒီနေ့ထိ တင်ပြီးခဲ့တဲ့ ပို့စ်တွေမှာ တောင်ငူသား ပြန်ကြားတဲ့ ကွန်မန့်ကို ထည့်မရေတွက်ဘဲ ၁၀ခုနဲ့ အထက် ရတာဆိုလို့ ပို့စ် ၃ ခုပဲရှိပါတယ်။
ဝမ်းနဲ့ကျွေးတဲ့ဖေဖေ (၁၄ ခု)၊
ဝမ်းနဲ့ကျွေးတဲ့ဖေဖေ (၁၄ ခု)၊
Gtalk နဲ့ ချစ်သက်သေမထူကြစေလို (၁၀ခု) နဲ့
Comment (ကွန်မန့်) ဘာလဲ ? ဘယ်လဲ? (၁၄ခု) တို့ပဲ ဖြစ်ပါတယ်။
တောင်ငူသားရေးခဲ့တဲ့ ပို့စ်တွေဟာ စာများပါတယ်။ တွေ့ကြုံ ခံစားဖူးတာတွေကို ဖတ်လို့အဆင်ပြေအောင်သာ အများဆုံးရေးဖြစ်တာမို့ တောင်ငူသားရဲ့စာတွေဟာ လေးနေတတ်ပါတယ်။ ရေးနိုင်တဲ့ အတိုင်းအတာအတွင်းမှာတော့ အကောင်းဆုံးဖြစ်အောင်၊ ပို့စ်တစ်ခုနဲ့တစ်ခု အကြောင်းအရာ ရိုးအီမသွားအောင် ကြိုးစားရေးပါတယ်။ သူငယ်ချင်းတွေက ကျောင်းက အမှတ်တရတွေ ဖတ်ချင်ကြတယ် သတိရချင်ကြတယ်။ တောင်ငူက မိတ်ဆွေတွေက တောင်ငူအကြောင်းလေးတွေ သိချင်ကြတယ်။ လွမ်းချင်ကြတယ်။ ဒါပေမယ့်လို့ အဲဒီခေါင်းစဉ်တွေ အောက်မှာချည်း ရေးနေရင်လည်း တောင်ငူစာမျက်နှာဟာ ဘောင်သိပ်ကျဉ်းသွားလိမ့်မယ်။ အားလုံးလည်းဖတ်လို့ရအောင် တောင်ငူအကြောင်းဆိုလည်း ခပ်ရွှင်ရွှင်လေးရေး၊ ကျောင်းက အကြောင်းဆိုလည်း ခပ်သောသောလေး ရေးရပါတယ်။ စာရေးဆရာမဟုတ်ဘဲ စာရေးဝါသနာပါလို့သာ ရေးရတာမို့ ပညာရှင်လက်ရာတော့ ဘယ်လိုမှ မမီပါဘူး။
Comment(ကွန်မန့်) ဘာလဲ ?ဘယ်လဲ? ပို့စ်က “ကွန်မန့်ကို ဘလော့ဂ်အတွက် ပေးသော စာမူခ” ဆိုတဲ့ အသုံးအနှုန်းလေးကို နှစ်သက် လက်ခံကြသူ အများအပြား ရှိလာတာကို တွေ့ရလို့ တောင်ငူသား အတော်လေးကျေနပ်နေတာပါ။ ပို့စ်ရေးတဲ့နေရာမှာ ကွန်မန့်အများအပြားရအောင် မဖန်တီးနိုင်ပေမယ့် မြန်မာဘလော့ဂ်အသိုင်းအဝိုင်းကြားမှာ “ကွန်မန့်၊ စာမူခ နဲ့ တောင်ငူသား” အဲဒီသုံးခုကို ယှဉ်တွဲမှတ်မိကြရင်ဖြင့် တောင်ငူဘလော့ဂ်ကို ပျိုးထောင်ရကျိုးနပ်ပါပြီ။ (ယိုင်ယိုင်ပဲကျန်လို့ ကိုယ့်ဟာကိုယ် အားတင်းတာပါ။ ခွင့်လွှတ်ကြပါ)။ စာမူခနဲ့ ပတ်သက်ပြီး ရောက်လာဖြစ်ခဲ့ကြတဲ့ မိတ်ဆွေတွေလည်း အများအပြားရှိလာပါတယ်။ (ဥပမာ - စာမူခအကြောင်းသိချင်ရင် တောင်ငူသားဆီသွား ဆိုပြီး ကိုရွာသားလေး က ညွှန်လို့ ကိုရုပ်ဆိုး ရောက်လာခဲ့ပါတယ်။)
ကွန်မန့်တစ်ခုသည် ပို့စ်ရေးတဲ့သူရဲ့ အားထုတ်ကြိုးပမ်းမှုကို ချီးမြှင့်ခြင်းပါ။ ဒါပေမယ့်ဗျာ တောင်ငူသား အားကြီးစိတ်ညစ်တယ်။ တောင်ငူသား ရေးတယ်။ ဘယ်လိုရေးရေး အဟေးဟေး ပဲ။ အရင်က စီပုံးတွေမှာ လိုက်လိုက်ကြော်ငြာတယ်။ ပေါ်တင်အော်တယ်။ နောက်တော့ ရှက်လာလို့ ကြော်ငြာအစီအစဉ်ကို ဖျက်လိုက်တယ်။ နှစ်သက်လို့ ကွန်မန့်ပေးရင်းနဲ့ တိုက်ဆိုင်မှုရှိတဲ့ အကြောင်းအရာမျိုးဆိုရင်တော့ ကိုယ့်ပို့စ်လေးကို လင့်ခ်ထည့်ပြီး ရေးပါတယ်။ ကိုဇနိ ကျေးဇူးကြောင့် လုပ်တတ်သွားတာပါ။ ရုပ်မြင်တွေမှာ လွှင့်တဲ့ကြော်ငြာတွေနဲ့ ယှဉ်ပြောရရင်တော့ အရင်ကကြော်ငြာတဲ့ပုံစံက သီချင်းဖွင့်ပြီး သရုပ်ဆောင်တွေနဲ့ လှုပ်ခါပြတာမျိုးနဲ့တူပြီး၊ အခုကြော်ငြာပုံစံကတော့ ဇာတ်လမ်းလေးဆင်ပြီး ယုတ္တိတန်အောင် ကြော်ငြာတာမျိုးပေါ့ဗျာ။
မြန်မာဘလော့ဂ်ရေးသူတွေ များလာတာနဲ့အမျှ ရေးတဲ့အကြောင်းအရာ အမျိုးအစားတွေလည်း စုံလင်လှပါတယ်။ အဲဒီထဲမှာမှ တောင်ငူသားရေးတဲ့ပုံစံက ဘာနဲ့တူနေလဲလို့ဆိုရရင်။ တောင်ငူသားပီပီ တောင်ငူရာဇဝင်လေးနွယ်ပြီး ပြောမှ။ ရှေ့တန်းတစ်နေရာမှာ ရောက်နေတဲ့ ရတုဘုရင် နတ်သျှင်နောင်ကနေ ရာဇဓါတုကလျာဆီကို ကျေးစေတမန်နဲ့ ချစ်သဝဏ်လွှာဆက်ဖို့ ရေးထားပြီးခါမှ တန်းမဝင်လို့ လမ်းတင် လွှတ်ပစ်ထားတဲ့ ပေရွက်တွေလိုပါပဲ။ ရေးတုန်းကတော့ ကျော်ဇောလင်းရဲ့ အတွေးပုံရိပ်အတိုင်း ဦးတင်ယုလို သရုပ်ပြအမွှန်းတင်ပြီး စင်ရော်မောင်မောင်လို ခံစားတင်ပြလိုက်တာပါ။ ဒါပေမယ့် မောင်မျိုးမင်းလို ရင်တွင်းလဲ မဖြစ်နိုင်၊ မိုက်တီးလိုလဲ ရိုက်ချက်ကမပြင်းတော့ နီကိုရဲလိုပဲ ကောင်းကောင်းကြီး လွဲကုန်တော့တယ်။ အဲဒီတော့ တောင်ငူသားရဲ့ စာတွေဟာ သည်းခံဖတ်ရှုပေးကြတဲ့ ညီအစ်ကိုမောင်နှမတွေကလွဲလို့ မပေါက်တော့ပါဘူး။
ဂီတလောက စကားမျိုးနဲ့ ပြောရရင် Rock ဆန်တဲ့ ဘလော့ဂ်ကို နှစ်သက်သူရှိသလို၊ Hip hop ဆန်တဲ့ ဘလော့ဂ်ကလဲ သူ့ပရိတ်သတ်နဲ့ သူပဲ၊ Punk ကလဲ အခိုင်အမာ၊ အဲဒီထဲမှာမှ တောင်ငူခေတ်က တောင်ငူသားရဲ့ လမ်းတစ်ဝက်ပေလွှာ စာပဒေသာတွေဟာ မြန်မာဘလော့ဂ် အဝန်းကြားမှာ မရွှန်းစားနိုင်ဘဲ မျက်လုံးလေး ကလယ်... ကလယ်... နဲ့ တကယ်သနားစရာ ကောင်းနေပါတယ်။ (ခုနေ ရေးရင်းနဲ့တောင် ငိုချင်လာပြီ)။ ကလောင်စွမ်း မထက်တော့လည်း အောင်နန်း မတက်ရုံသာ။ ကလောင်သွားကောင်းတဲ့ သူတွေများကျတော့လဲ ဘာပဲရေးရေး ဘာပဲတင်တင် စာမူခတွေ တစ်ထွေးကြီးပိုက် သူဌေးကြီးဂိုက် ပေါ့ဗျာ။
(ကျီစယ်ခြင်းသာဖြစ်လို့ ခွင့်လွှတ်ကြမည်ဟု ယုံကြည်ပါသည်။ ပထမရေးခဲ့တဲ့ နိဂုံးသုံးကြောင်းကို သရော်စာအပေါ် နားလည်မှုလွဲနေတဲ့ ဘလော့ဂ်ရေးတဲ့ နေရာမှာ ကျွန်တော့်ထက် ဝါကြီးတဲ့ ညီငယ်လေး စိတ်မကောင်းဖြစ်သွားရတဲ့အတွက် ကျွန်တော် ပြန်ဖြုတ်လိုက်ပါပြီ။ အားလုံးနားလည်ပေးနိုင်ကြပါစေ။)
15 comments:
ဒီပို့စ်လေးအတွက် တို့ ပထမဆုံး စာမူခ ပေးလိုက်ပြီနော်။
ဒီလောက်အရေးကောင်းတာ ဘယ်လိုလုပ် ပလုံ ပလုံ သံကြားရမှာလဲ။ အမဆို သိကတည်းက အမြဲ လာအားပေးတယ်။ ဆက်ရေးပါ။ ဒီလိုပဲ တယောက်နဲ့တယောက် အားပေးရင်း ရေးရတာပါပဲ။ ဘယ်သူမှ တော်လို့ တတ်လို့ရယ်မဟုတ်၊ ၀ါသနာပါလို့ ဒီချစ်စရာ ဘလော့ဂ် အသိုင်းအ၀ိုင်းလေးထဲ ၀င်လာကြတာပါ။ စာမူခပေးတော့လဲ bonus ပေးသလို ၀မ်းသာရတာမျိုးပါ မောင်လေးရေ..။
ပျော်ပျော်ရွှင်ရွှင်နဲ့ ဘလော့ဂင်းနိုင်ပါစေဗျာ...
**
ကျနော်တို့ ဘလော့ဂ်အကြောင်းလေးကို ပြောပြဦးမယ်..
ဘလော့ဂ်ရေးတော့ သူငယ်ချင်း ၃ ယောက်လောက် စပြီး စုရေးကြတယ်.... အခြားလူတွေ လာဖတ်တာ နည်းကြတယ်....ခြောက်ကပ်ကပ်ပါ။ ကိုယ်က ကိုယ့်ဘလော့ဂ်ကို ခင်တွယ်တော့ ဖတ်သူမရှိလည်း ရေးတာပါပဲ။ အတူရေးနေကျ သူငယ်ချင်း သုံးယောက်လောက်ပဲ အချင်းချင်း ပတ်ပြီး အားပေးရတာပါ။ အခုတော့လည်း လူခင်တာများလာတော့ ပျော်ရတာပေါ့ဗျာ...
----
ပြောချင်တာကတော့
- ကိုတောင်ငူဘလော့ဂ်ကို အားပေးစကားပြောမသွားဘဲ ဖတ်တဲ့သူတွေလည်း အများကြီး ရှိကြမှာပါ။
- အဓိကကတော့ မိမိဖန်တီးထားတာကို မိမိကိုယ်တိုင် ကျေနပ်တယ်ဆိုရင် လုပ်ရကိုင်ရတာ တန်တယ်လို့ ကျနော်တော့ ထင်မိပါတယ်။
ပျော်ရွှင်ပါစေဗျာ.....
ပြုံးမိပါက တောင်ငူသား ပျော်ပါသည်။
ရယ်မောမိပါက တောင်ငူသား ဝမ်းသာရပါသည်။''
စာဖတ်ပြီး ပြုံးလဲပြုံး ရယ်လဲရယ် သွားပြီမို့ ပျော်လဲပျော် ဝမ်းလဲသာပါတော့။ :))
Happy Blogging!!
Keep Rolling!!
SMNTL
ဖတ်ရတာ အနှစ်ရှိပါတယ်။
စာတွေရှည်တော့ ဖတ်ရတာ အားရပါးရရှိတယ်။ ဒီလိုပဲ အမြဲအားပေးနေတဲ့သူတွေ ရှိပါတယ်။
ပျော်ပျော်ပါးပါး ဆက်ဘလော့ဂ်ကြတာပေါ့ နှော။
တန်းဝင်လို့ ဘလော့ဂ်ပေါ်ရောက်လာရင်တော့ အားပေးနေအုံးမှာပါ။
စာကောင်းလေးတွေ ရှိတတ်တဲ့ နေရာလို့ မှတ်သားထားပြီး လာလာဖတ်တတ်ပါတယ်။ စာမူခလည်း တတ်နိုင်သမျှ သတိထားပြီး ပေးသွားတတ်ပါတယ်။ အမြဲတစေတော့ ဘယ်ဟုတ်ပါ့မလဲ။
စာမူခ ပေးရတာက လက်ဝင်ပါတယ်။ ပြီးပြီးရော မပေးချင်ရင် သာတောင် ဆိုးသေး။ သေသေချာချာ ဖတ်ရတယ်၊ စဉ်းစားရတယ်လေ။ တချို့က အဲလောက် အချိန် မပေးနိုင်ကြဘူး။ အကြောင်းကြောင်းပေါ့။
တချို့က ဘာရေးရေး ရွှေဖြစ်နေတယ် (ဥပမာ မမိုးချိုသင်း)။ တချို့က ချစ်မွှေး ပါတယ် (ဥပမာ မခင်ဦးမေ)။ တချို့က အကြောင်းအရာရော အပြင်အဆင်ပါ စုံလင်မြိုင်ဆိုင်တယ် (ဥပမာ ၀ီရှီမီ)။ တချို့က ပညာရပ်ပိုင်းဆိုင်ရာ ထဲထဲဝင်ဝင် ရေးတယ် (ဥပမာ မသက်ဇင်)။ တခြား ဒိတ်ဒိတ်ကြဲတွေ (ဥပမာ ညီလင်းဆက်၊ ပန်ဒိုရာ၊ မမေငြိမ်း၊ နိုင်းနိုင်းစနေ၊ ကလိုစေးထူး၊ အိုးဝေ၊ ဒီကိုလာ၊ ဂျစ်တူး စသည်စသည်) အများကြီး ရှိပါသေးတယ်။ သူတို့ကို အားကျပေမယ့် စာမူခ ရတာနည်းလို့ စာ(ဘလော့ဂ်)မရေးပဲ နေမလား ဆိုတော့ရော နေနိုင်လို့လား။ (ကျမကတော့ မနေနိုင်ပါ)
ပရိသတ် အမျိုးမျိုးဆိုတော့ အကြိုက်ကလည်း အထွေထွေ ရှိသေးတာ။ ကိုယ်ကြိုက်ပေမယ့် သူများ ကြိုက်ချင်မှ ကြိုက်မှာပေါ့။ သူ့ရွေးချယ်ခွင့်ပဲလေ။
ကျမရဲ့အမြင်ကတော့ ကိုယ့်စာကို ကိုယ်အလေးထားပြီး၊ ကိုယ်ရေးတာကို ကိုယ် သတိရှိ၊ အရည်အသွေး မှတ်ကျောက်တင်နေသမျှ
ကိုယ့်ဘလော့ဂ်ရဲ့ သီးခြားဖြစ်မှု Identity လေး ခိုင်မြဲနေမှာပါပဲ။ ကျန်တာကို အချိန်က ဆုံးဖြတ်သွားပါလိမ့်မယ်။ ဘလော့ဂ်ဟာ ဘ၀ မဟုတ်ပါဘူး။
''Being good enough'' is good enough, don't you think?
ခင်မင်လျက်
နုသွဲ့
စာမူခ မပေးတိုင်း ရေးဖို့ အားမလျော့သင့်ပါဘူးဗျာ။
အနော်ဆို အမြဲ လာလာ ဖတ်တယ်။
ဒီလောက်ကောင်းတဲ့ စာတွေ ရေးနိုင်တာကိုပဲ မကျေနပ်သေးဘူးလားဗျ။ အဓိက က ဖတ်တဲ့သူရဲ့ စိတ်ထဲမှာ ကိုယ့်ရဲ့ စာ၊ အတွေးအမြင်လေးတွေ ကျန်နေဖို့ပဲ ထင်တယ်။ ပလုံ ပလုံ မဟုတ်ပါဘူးဗျာ။
စာတော်တော်များများကို ကြိုက်ပေမယ့် စာမူခပေးဖို့ အချိန်မရဘူးဗျ။ အနော့်မှာ ဖတ်ချင်လွန်းလို့သာ ခဏ နားချိန်မှာ မနားပဲ လာလာ ဖတ်ရတာဗျ။
အနော့်လို လူတွေ များနေရင် ဘယ်လို လုပ်မလဲ။
ပို့စ် က စာများတော့ ဘာဖြစ်လဲဗျ။ ပညာရှင် လက်ရာမှီချင်ရင် ကျမ်းစာရေးပေါ့။ ဟွန်း....။ ပြော ပြောချင်ဘူး။ ။ စာမူခ ပေးတာများ လွယ်တယ်မှတ်လို့။ ။
ရေးတဲ့သူတင် မဟုတ်ဘူး။ ဖတ်တဲ့လူလည်း ကိုတောင်ငူ အသစ်တင်လောက်ပြီ မှတ်ပြီး လာလာကြည့်ရတာဗျ။ ။
ပြုံးလည်းပြုံး ရီလည်းရီချင် စိတ်လည်း တိုတယ်ဗျို့။ ။
ကျမဆိုအသစ်တင်တဲ့ Blog တိုင်းသွားဖတ်ဖြစ်ပါတယ် ၊ စာဖတ်ဝါသနာအရမ်းပါလြို့ပါ။ ဒါပေမဲ့ စာမူခ ပေးခဲတယ်။ ဘာလို့လဲဆိုတော့ ရေးထားတဲ့ စာတွေကကောင်းလွန်းနေတော့ သူ့စာတွေနဲ့ မှီအောင်ဘယ်လိုရေးရမလဲ မသိလို့ပါ။ ပြီးတော့ ကိုယ့်Blog ကလည်း ပြန်လာလည်ရင် ဘာမှထူးထူးခြားခြား မရှိတော့ အားငယ်လို့ ။ ဒီလိုပါပဲ ကိုတောင်ငူသားစီ လည်း အမြဲရောက်ပါတယ် ။ နောက်ဆို ကြိုးစားပြီး စာမူခတွေ လိုက်ပေးတော့မယ် ။ Blog တော့ မရပ်လိုက်ပါနဲ့နော် ။ :)
ခင်မင်စွာဖြင့်
စာကောင်းစာသန့်တွေကိုချည်း ဦးစားပေးရေးသားပြီး စာဖတ်သူကို တကယ်ရစေချင်တဲ့ ကိုတောင်ငူရဲ့ ဆန္ဒတွေ ပြည့်ဝပြီး အောင်မြင်တဲ့ (ကွန်မန့်များများရတဲ့) ဘလော့ဂါတစ်ယောက် အမြန်ဆုံးဖြစ်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ...။
ကော်မန့်တက်ဖို့ ကော်မန့်ထဲမှာ ကော်မန့်ပေးသွားပါတယ်။
ပထမဆုံးလုပ်ရမှာကတော့ ကော်မန့်ပေးရမဲ့ ခလုပ်ကို ပို့စ်အောက်ဆုံးကို ပို့ထားသင့်တယ်ထင်ပါရဲ့။ မြန်မာတွေက စာကို အောက်ကနေစဖတ်တာမဟုတ်ဘူးလေ။ စာဖတ်ပြီးတော့ ကော်မန့်ရေးချင်စိတ်လေးပေါက်တုန်း အလွယ်တကူတွေ့သွားနိုင်အောင် လုပ်ထားသင့်တယ်ထင်လို့ပါ။ အရှည်ကြီးလဲ ဖတ်ပြီးရော ကော်မန့်လေးရေးချင်လို့ ဘယ်နား ကလစ်ရမှန်းမသိဘူး လိုက်ရှာနေရရင် စာမှုခမြက်မြက်လေးရမယ်မထင်ဘူးဗျ။ ဆရာလုပ်တယ်မထင်နဲ့နော်။ အမှန်တော့ ဆြာလုပ်တာပါ။
စာကြီးပေကြီး စာလေးလေးတွေမှာ comment သိပ်မရတတ်ပါဘူး။ လူတွေက မြင်းထိန်း ငတာ မဖြစ်ချင်ဘူးလေ။
တခါတလေကျတော့ ကိုယ်က ဘာမှ မသိတဲ့အကြောင်းတွေ ဆိုတော့ ထိုင်ဖတ်ရုံက လွဲပြီး ဘာမှ ပြန်မရေးနိုင်ဘူး။ သူများပြောမှ သိရတဲ့ ဘ၀တွေကိုး။
ကျွန်တော့်အမြင်မှာတော့ ပို့စ်ထဲမှာ အငြင်းပွါးစရာလေးတွေ ရှိရင် ဖြစ်စေ... အမြင်တွေ ဖလှယ်တာ ဖြစ်စေ... အဲဒီလိုလေးတွေ ရှိနေတဲ့ အခါတွေမှာ Commentတွေ များတတ်ပါတယ်။ နောက်တစ်ခုက ပေါ့ပေါ့ပါးပါး ရေးထားတဲ့ နေ့စဉ်မှတ်တမ်းလို စာတွေမှာလည်း Comment ရတတ်ပါတယ်။
သိပ်ပြီး စိတ်မပူပါနဲ့ဗျာ။ ကျွန်တော်လည်း comment များတဲ့ အထဲမှာ တန်းမ၀င်ပါဘူး။ ဘယ်သူ့ကိုမှ မထိခိုက်ပဲ ကိုယ်ရေးချင်တာ ကိုယ်ရေးနေရင် ပြီးတာပဲလေ။
ပျော်ပျော်ပါးပါးပေါ့ဗျာ။
Post a Comment