အပြင်ဖက်မှာ မိုးက သည်းသည်းမဲမဲရွာနေတယ်။ အိမ်ရှေ့သံတံခါးကွက်ကြားကနေ အဖေ ပြန်အလာကို ဖိုးလပြည့်မျှော်နေတယ်။ သူအဖေ့ကို တေဇရုပ်စုံ မှာလိုက်တယ်လေ။ အမေလုပ်သူက မီးပူတစ်လုံးနဲ့ မီးပူတိုက်နေတယ်။ မျှော်နေတုန်းမှာပဲ မိုးရေတွေကြားကနေ အဖေ ပြန်ရောက်လာတယ်။ ထီးပါပေမယ့် မိုးကသည်းတော့ အဖေ့တစ်ကိုယ်လုံး မိုးတွေ စိုရွှဲလို့။ သူအလိုက်တသိနဲ့ မျက်နှာသုတ်ပုဝါရယ် ပုဆိုးရယ် ပြေးယူပေးလိုက်တယ်။
"သားသားက လိမ္မာလိုက်တာ"
"ဖေဖေ သားသားမှာလိုက်တဲ့ တေဇ ပါလား"
"ဟေ ပါတာပေါ့ သားရဲ့။ သားသားမှာတာ ဖေဖေ မမေ့ပါဘူးကွ"
"ဟေး ဒါမှ တို့ဖေဖေကွ"
"အမေကြီးရေ ကော်ဖီပူပူလေးတစ်ခွက်လောက် ဖျော်ပါကွာ ခါးခါးလေး"
"မေမေ သားသားလည်း ကော်ဖီသောက်မယ် သားသားကိုလည်း ခါးခါးပဲနော်"
"ဟော သားသားကတော့ လုပ်ပြီ ခါးခါးကြီး ဘယ်လိုသောက်နိုင်မှာလဲ"
"ဟင့်အင်း ရဘူး ခါးခါးပဲ"
အဖေက ရေသုတ်နေရာမှ အမေ့ကို လှမ်းကြည့်ပြီး မေးဆတ်ပြလိုက်တယ်။ မင့်သားအကြောင်းလဲ သိရဲ့သားနဲ့ဆိုတဲ့သဘောပေါ့။ သားတော်မောင်က သူလိုချင်ပြီဆို ရကိုရမှ ကျေနပ်သူဖြစ်သည်။
ခဏနေတော့ ကော်ဖီခွက်တွေနဲ့ အမေ အိမ်ရှေ့ပြန်ရောက်လာသည်။ သားအဖနှစ်ယောက် ကော်ဖီ တစ်ယောက်တစ်ခွက်နဲ့ မိုးအေးအေးမှာ ဇိမ်ယူနေကြတယ်။ အဖေက ပက်လက်ကုလားထိုင်ပေါ်မှာ။ ဖိုးလပြည့်ကတော့ ဘေးမှာ ဝမ်းလျားမှောက်ရင်း တေဇ ဖတ်လို့။ ဖတ်နေရင်းကနေ
"ဖေဖေ သားသားကို ဘယ်သူမွေးတာလဲဟင်"
အဖေလုပ်သူ မျက်မှောင်ကျုတ်သွားသည်။ ပြီးတော့ ပြုံးလိုက်၏။ သားတော်မောင်ဟာ ဒီမေးခွန်းကိုမေးတာ သုံးလေးခါရှိသွားပြီ။ မေးတိုင်းလဲ သူ့ရဲ့အဖြေကို ဘဝင်ကျဟန်မတူ။ သူကျေနပ်အောင် ဘယ်လိုဖြေရပါ့။ မေးတာကလည်း ကြည့်ပါဦး။ သားသားကို ဘယ်သူကမွေးတာလဲတဲ့လေ။
"ဘာလို့လဲ သားသားရဲ့ သားမေမေ မွေးတာပေါ့"
"ဟွန်း... ဟုတ်ပါဘူးနော်။ မေမေက ပြောတော့ သားသားကို ဖေဖေက မွေးတာဆို ဖေဖေ့ဗိုက်မှာ ခွဲထားတဲ့ အရာကြီးနဲ့။ သားသားမြင်သားပဲ။ အဲဒါသားသားကို မွေးတုန်းက ခွဲထားတာဆိုဖေဖေ"
"ဟေ... မင့်မေမေက အဲလိုပြောလို့လား။ မဟုတ်ပါဘူးသားရယ်။ မေမေက သားသားကို စတာပါ။ ဖေဖေ့ဗိုက်က အစာအိမ်ရောဂါဖြစ်တုန်းက ခွဲထားရတာသားသားရဲ့။ အဲဒီတုန်းက သားက အူဝဲလေးပဲရှိသေးတာ ဘယ်သိဦးမလဲ သားရဲ့"
ဖိုးလပြည့် စိတ်ရှုပ်သွားသည်။ သူဒီမေးခွန်းကို အမေ့ကို မေးတော့ အမေက အဖေ မွေးတာတဲ့။ အဖေ့ကိုမေးတော့ အဖေက အမေမွေးတာတဲ့။ ဘယ်ဟာအမှန်လဲ မသိပါဘူး။ စိတ်ညစ်လိုက်တာ။ တော်ပြီ မစဉ်းတော့ဘူး။
ဒီလိုနဲ့ တဖြည်းဖြည်း အရွယ်ရောက်လာတော့ ဖိုးလပြည့်လည်း စာတွေဖတ်တတ်လာသည်။ အတန်းတွေတစ်တန်းပြီးတစ်တန်း တက်လာတာနဲ့အမျှ စာတွေလည်းစုံနေအောင်ဖတ်သည်။ တစ်နေ့တော့ ဆေးပညာဆိုင်ရာ စာအုပ်တစ်အုပ်ကို တွေ့ရာကနေ အစာအိမ်ရောဂါအကြောင်းရေးထားတာကို ဖတ်မိသွားတယ်။ အဲဒီမှာ အစာအိမ်ရောဂါသမားတွေဟာ အစားအသောက်ဂရုစိုက်ရတဲ့အကြောင်း၊ တွေ့ကရာ မစားရတဲ့အကြောင်း စတာတွေသိလာရသည်။ ဒီတော့မှ ငယ်ငယ်က ဖိုးလပြည့် အရမ်းသိချင်ခဲ့ဖူးတဲ့ မေးခွန်းရဲ့အဖြေကိုပါ ရှာတွေ့သွားတော့တယ်။
ဒီတုန်းက အဖိုးတို့ အဖွားတို့က ပျဉ်းမနား-တောင်ငူ ခရီးသည်တင်ကားထောင်ထားတယ်။ ဘကြီးတွေက မောင်းတယ်။ အဖေက အငယ်ဆိုတော့ ယာဉ်နောက်လိုက်(စပယ်ယာ) လုပ်ရတာပေါ့။ သူ့ကို မွေးတဲ့အချိန်မှာ အမေက နို့ကောင်းကောင်းမထွက်ဘူး။ ဒါကြောင့် လက်တိုဂျင်နို့မှုန့်ဗူးနဲ့ ဖျော်တိုက်တဲ့အခါ သူက အရမ်းသောက်တော့ နို့မှုန့်ဖိုးက အတော်ကုန်တယ်။ နို့မှုန့်ဗူးဖိုး ပိုရအောင် အဖေဟာ ကားနောက်လိုက်ရင် ထမင်းကောင်းကောင်းမစားဘဲ ကားဂိတ်က အသုတ်လေး၊ မုန့်ဟင်းခါးလေးလောက်နဲ့ပဲ တင်းတိမ်လိုက်ပြီး သူ့နို့မှုန့်ဖိုးအတွက် ခြစ်ခြုတ်စုခဲ့တယ်။ ဒီဒဏ်တွေကြောင့် နဂိုထဲက အစာအိမ်ရောဂါအခံရှိတဲ့အဖေဟာ နောက်ဆုံးမှာတော့ ဆေးရုံတက်ပြီး ဗိုက်ခွဲကုသခံလိုက်ရတဲ့အထိဖြစ်သွားတော့တယ်။
သြော် အခုတော့ သူငယ်ငယ်က သိပ်သိချင်ခဲ့တဲ့ သူ့ကို ဘယ်သူမွေးတာလဲဆိုတဲ့မေးခွန်းရဲ့ အဖြေကို ဖိုးလပြည့် ရှာတွေ့သွားခဲ့ပါပြီ။ အမေ့အဖြေရော၊ အဖေ့အဖြေရော မှန်ကြောင်း သူသိခဲ့ပြီ။ သူ့ကို အဖေကရော အမေကရော မွေးခဲ့တယ်ဆိုတာ သူကောင်းကောင်းသဘောပေါက်ခဲ့ပြီလေ။ အမေက ဝမ်းနဲ့မွေးခဲ့တယ်။ အဖေက ဝမ်းနဲ့ကျွေးခဲ့တယ် မဟုတ်ပါလား။
စာကြွင်း။ ။ ၂၀၀၈ ခုနှစ် ဇွန်လ တတိယမြောက်တနင်္ဂနွေနေ့တွင် ကျရောက်သော "ကမ္ဘာ့အဖေများနေ့"တွင် ကျွန်တော့်အတွက် အနစ်နာခံခဲ့သော ကျွန်တော့်ဖေဖေနှင့် ကမ္ဘာတစ်ဝှမ်းလုံးရှိ ဖခင်များအားလုံးတို့အား ရိုသေလေးစားစွာဖြင့်။
15 comments:
ဝမ်းနဲ့ကျွေးတဲ့ဖေဖေ နေကောင်းပါစ ...
ဘယ်ဆီရောက်ရောက် ကိုယ့်ချစ်သူ အသံကို ကိုယ်တမ်းတ သလို ဖေဖေကလည်း သားတွေ သမီးတွေရဲ့  ပူဆာသံလေးတွေကို တမ်းတတုန်းပါပဲ ...
အကောင်းဆုံး လုပ်ဆောင်နိုင်ပါစေဗျာ ......
ရင်ထဲကို တည့်ဝင်သွားတယ်။
သားကောင်းတစ်ယောက် အဖေကောင်းတစ်ယောက်ဖြစ်
ဖို့  နှစ်ကိုယ်ခွဲ သရုပ်ဆောင်နေတုန်းပါဘဲ..
p.s>ကျွန်တော်က “ရွှေသွေး” ဘဲဖတ်တာဗျ..P
တနေ့မှာ ကိုယ်တိုင်လည်း အဖေ နေရာကို ရောက်လာ ကြရမှာဘဲ။
တန်ဖိုးရှိတဲ့ ပိုစ့်လေးပါ အကို
အခုလို ပြောပြလို့ရော.. ကျေးဇူးတင်ပါတယ်။
ပျော်ရွှင်စရာကောင်းတဲ့ အဖေများနေ့ ဖြစ်ပါစေ။
(ကျွန်တော်တို့ကတော့ နက်ဖြန်မှ စမှာ) ဟီးး
.......ကွယ်လွန်သွားပြီဖြစ်သောအဖေများအားလုံးကောင်းရာသုဂတိလားပါစေ၊
ဖေဖေ က မေမေ၊ ခင်လေး နဲ့ ညီမလေး ကို
ထာဝရ ခွဲခွါသွားတာ....ဆယ်စုနှစ်လေး တစ်ခု ရှိသွားပါပြီ..။
(ခင်လေးငယ်)
thx..reali..its wonderfull..well written and heartfelt!
i m sure ..someday at sometime
u will get to be a father..and there will be someone(S) who would wish u sincerely..deeply..hapi fatehr's day!
ချက်ချင်းအဖေ့ကို အရမ်းသတိရသွားမိတယ်။
Post a Comment