တောင်ငူသား

..... စိမ်းလန်းပါစေ ကမ္ဘာမြေ ... ငြိမ်းချမ်းပါစေ ကမ္ဘာမြေ .....

Wednesday, August 6, 2008

ကျောင်းတော်ဆီသို့


ဒီနေ့ကတော့ အင်မတန်ကို မင်္ဂလာရှိပြီး ကျေနပ်မှု၊ ပျော်ရွှင်မှုတွေနဲ့ ထုံမွှမ်းနေခဲ့ပါတယ်။ တက္ကသိုလ်ဆိုတဲ့ ကျောင်းတော်ကြီးကို နဖူးတွေ့ ဒူးတွေ့ တွေ့ရတော့မယ်။ တက်ရတော့မယ်။ အနှစ်နှစ်အလလက မက်ခဲ့ရတဲ့ တက္ကသိုလ်အိပ်မက်ကြီးဟာ ဒီနေ့တော့ တကယ်ဖြစ်လာခဲ့ပြီလေ။ မနက်စောစောထပြီး ရေချိုးပြင်ဆင်ပြီးတာနဲ့ မြန်မာဆန်ဆန် ရှပ်လက်ရှည်အဖြူလေးနဲ့ ပုဆိုးလေးပဲ သပ်သပ်ရပ်ရပ်ဝတ်လိုက်တယ်။ လွယ်အိတ်ကိုတော့ စလွယ်မသိုင်းတော့ဘဲ ဘေးတိုက်လေးပဲ လွယ်လိုက်တယ်။ အဆောင်ပြင်ထွက်လိုက်တော့ သူငယ်ချင်းတစ်ချို့က အဆင်သင့်ဖြစ်နေပြီ။

ပထမဆုံးနေ့ဖြစ်တော့ အားလုံး တက်တက်ကြွကြွနဲ့ လူစုံမှ အဆောင်ကထွက်ကြတယ်။ အဆောင်က ဘေးအိမ်တစ်အိမ်ပြီးရင် ညောင်စဉ်တန်းလမ်းပဲ။ အဲဒီလမ်းအတိုင်း ထွက်ပြီး ဗိုလ်ချုပ်လမ်းမကြီးပေါ် ရောက်တော့ ဗိုလ်ချုပ်ကြေးရုပ်အဝိုင်းထိ ခြေလျင်လျှောက်ကြတယ်။ ဗိုလ်ချုပ်ကြေးရုပ်မှာ ကျွန်တော်တို့ ကျောင်းကားတွေ အကုန်ဂိတ်ထိုးပေးရတာ။ ကျောင်းကားဆိုတော့ ဘယ်လိုများပါလိမ့်ဆိုပြီး ကြည့်လိုက်တော့ ခရီးသည်တင် လေအိတ်ကားကြီးတွေလည်းပါတယ်။ လူနဲ့ကုန်ရောပြီးတင်တတ်တဲ့ အဲကွန်းဘတ်စ် လိုကားတွေလည်းပါတယ်။ ကုန်တွေသာ အတင်များတတ်တဲ့ ဟီးနိုးကားအမြင့်ကြီးတွေလည်းပါတယ်။ စုံလို့ပါပဲ။ ကားတွေက ဂိတ်ကစဉ်ပေးတဲ့အတိုင်း ထွက်ကြပါတယ်။ ကားခက တစ်ယောက်နှစ်ဆယ်ပါ။ မြန်မာကျပ်ငွေနဲ့ပါ။

ကျောင်းကားဂိတ်နေရာက တကယ့်မြို့လယ်ခေါင်လည်းဖြစ် ပီတီယူအတွက် သီးသန့်ကားဂိတ်ဆိုတော့ အဲဒီကို လွယ်အိတ်လေးလွယ်ပြီး လမ်းလျှောက်သွားရတာကိုပဲ နေရင်းထိုင်ရင်းကို ဘာတွေပျော်မှန်းမသိ ပျော်နေတာပါ။ နောက်ပိုင်း စာအုပ်အထူကြီးတွေရလို့ ကိုင်ရတဲ့အခါမှာတော့ ပြောမနေပါနဲ့တော့။ ပီတီယူအနေနဲ့ဆိုရင် ကျွန်တော်တို့က Fresher ပဲလေ။ အဲဒီတော့ Fresher လေးတွေ ဖြစ်လေ့ရှိတဲ့အတိုင်း မြောက်ကြွမြောက်ကြွဖြစ်နေတာပေါ့။ တဖြည်းဖြည်းနဲ့ စီနီယာတွေရော အခြားFresher တွေရော တဖွဲဖွဲရောက်လာကြပြီး မကြာခင် ကျောင်းကားကြီးစထွက်ပါတော့တယ်။ လမ်းမှာလည်း ပီတီယူကျောင်းသားဆိုရင် ဘယ်နေရာဖြစ်ဖြစ် လက်လှမ်းတားပြီး စီးလို့ရပါတယ်။ လူမဆန့်တော့ရင်တော့ နောက်တစ်စီးစောင့်ရတယ်။ ကျွန်တော်တို့ စတက်ရတဲ့နှစ်မှာ စီနီယာတွေက စတုတ္ထနှစ်ကနေ ဆဋ္ဌမနှစ်အထိရှိတော့ ကျွန်တော်တို့နဲ့ဆို အားလုံးလေးနှစ်စာရှိတဲ့အတွက် ကျောင်းသားအင်အား အလွန်များပါတယ်။ ဒါကြောင့် ကျောင်းကားတွေလဲ အများကြီးစီစဉ်ပေးပါတယ်။ ပြည်တက္ကသိုလ်ရှိတဲ့ သံတစ်ချောင်းလမ်းဖက်ကလည်း ကျောင်းကားဖြတ်မောင်းပေးပါတယ်။ အဲဒီဖက်မှာလည်း နေကြတဲ့ ကျောင်းသားတွေရှိတာကိုး။

မီးရထားသံလမ်းကျော်လို့ သိပ်မကြာခင်မှာ ဘုရားကြီးဘုရားကို လမ်းရဲ့ ညာဖက်အခြမ်းမှာ ဖူးရတယ်။ ဒီလိုနဲ့ ပြည်မြို့ပြင်အထွက် အောင်လံဖက်နဲ့ ပေါက်ခေါင်းဖက်လမ်းခွဲရောက်တော့ ညာဖက် ပေါက်ခေါင်းလမ်း အတိုင်း ဆက်သွားရပါတယ်။ လမ်းတစ်လျှောက်မှာတော့ တပြန့်တပြူးလယ်ကွင်းတွေကို ငေးမောရင်း ဖြတ်တိုက်လာတဲ့ လေကောင်းလေသန့်ကို တဝကြီးရှူရတာ အင်မတန်အရသာရှိလှပါတယ်။ လမ်းတစ်နေရာမှာတော့ ဘုရားမာလို့ ဘွဲ့တော်ရတဲ့ သရေခေတ္တရာခေတ် လက်ရာ စေတီကြီးကို ထီးထီးကြီး ဖူးတွေ့ရပါတယ်။ ဟိုးခပ်ဝေးဝေးမှာ ဘောဘောကြီးဘုရားကိုလည်း ဖူးနိုင်ပါသေးတယ်။ ဘုရားကြီး၊ ဘုရားမာ၊ ဘောဘောကြီးဘုရား သုံးဆူတို့ဟာ သရေခေတ္တရာခေတ်ကတည်းက တည်ထားခဲ့တဲ့ ဘုရားကြီးတွေလို့ သမိုင်းများအရ သိရပါတယ်။ မကြာခင် “တက္ကသိုလ်နယ်မြေ တစ်နာရီ(-)မိုင်နှုန်းထက် ပိုမမောင်းရ“ ဆိုတဲ့ ဆိုင်းဘုတ်လေးကို မြင်ရင်တော့ အိမ်ခြေစုစု၊ သစ်ပင်အုပ်အုပ်နဲ့ လက်ခုပ်ပင်ရွာလေးရဲ့ အစကို ရောက်ပြီပေါ့။ ရွာလေးကို တခဏမျှ ဖြတ်မောင်းပြီးတာနဲ့ တမျှော်တခေါ်သွယ်တန်းနေတဲ့ ဂျပန်ပိတောက်ပင်တန်းတွေရဲ့ နောက်ကွယ်မှာ ဝန်းဝန်းပပ ရွှန်းရွှန်းမြမြကြီး ရင်ဖွင့်ကြိုနေတာက-

အင်ဂျင်နီယာအတတ်ကိုသင်ဖို့
ပညာရင်နို့သောက်စို့ရာ
ငါတို့တက္ကသိုလ်.... တို့တက္ကသိုလ်လေ။



4 comments:

ကျွန်တော်တော့ သရုပ်ဖေါ်တွေမရေးတတ်ဖူးဗျ.. အကိုရေးပြထားတာ ပြည်ကို ကိုယ်တိုင်ရောက်သွားသလိုပဲ.. ဆက်ရေးပါဦးဗျို့ ..
 
အခုမှပဲ လာဖတ်ဖြစ်တယ်...
ကျောင်းမှာ ဘယ်လိုတွေ သင်ရတယ် ဘာဘာ ညာညာပွဲသဘင်တွေ ဘယ်လို ဆင်နွှဲတယ်ဆိုတာလည်း ဆက်ရေးပါဦးဗျာ..
အဲဒီကာလတေုန်းက ပါချုပ်ကြီးဘယ်သူလဲမသိ?

***************************

Link ထည့်တာကို ဒီမှာပဲ ပြောသွားမယ်နော

**************************

(a href="http://o-way.blogspot.com/")အိုးဝေသို့(/a)

**************************

အပေါ်ကပြထားတဲ့ နမူနာမှာ
( ) (လက်သည်းဂွင်း အဖွင့် အပိတ်တွေ) ကို (greater than နှင့် less than sign ) < > တွေနဲ့ အစားထိုးလိုက်ပါ ။ အောက်ကလို ဖြစ်သွားပါမယ်။

**************************

အိုးဝေသို့

***************************
 
ညီလေး ဝန်းဆမ်းရေ
ဆက်ရေးမှာပါ

ကိုဇနိကို
ကျွန်တော်မေးထားတဲ့ အကြောင်းအရာလေး
အိမ်တိုင်ယာရောက် လာပြောပြတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်ဗျာ

မေတ္တာဖြင့်
 
မင်္ဂလာပါ ၊၊ ပထမဆုံးရောက်ပါတယ် ၊၊ နောက်လာပါမယ် ၊၊ ကျောင်းကြီးကို ပိုလွမ်းပါတယ် ၊၊
သြော်ခုမှသတိယတယ် ၊ ဒေါ်ခင်စန်းဝေ အကြောင်း တစ်ခါ ဖတ်ဖူးတယ် ၊၊ ဓါတ်ပုံတွေ ပိုတင်ပေးပါ ၊၊ ကျောင်း ပုံတွေ လွမ်းချင်လို.ပါ ၊၊
 

Popular Posts