"အမရေ အဆစ်ကလေးမပေးတော့ဘူးလား" "အဒေါ်ရေ အဆစ်ကလေး နည်းနည်းထည့်ပါဦး" တို့ဆိုတာ ကျွန်တော်တို့ မကြားရတာ ကြာလှတဲ့စကားလေးတွေပေါ့။ မုန့်ဟင်းခါးစားရင်လည်း ဟင်းရည်အဆစ်တောင်း၊ စားတော်ပဲဝယ်ရင်လည်း အဆစ်တောင်း၊ ဘာဝယ်ဝယ် ဘာစားစား အဆစ်ကလေးနည်းနည်းထည့်ပါ ဆိုတာက အစဉ်အလာတစ်ခုလိုတောင် ဖြစ်နေသလားပဲ။ နည်းတယ်များတယ်ရယ်မဟုတ် နည်းနည်းလေးဖြစ်ဖြစ်ရလိုက်မှ ဝယ်တဲ့သူက ကျေနပ်သွားတယ်။ ဈေးသည်တွေထဲမှာတောင် အဆစ်ပိုပေးလေ့ရှိတဲ့သူကိုမှ လက်သာတယ်ဆိုပြီး အမြဲဖောက်သည်လုပ် ဝယ်လေ့ရှိကြတာ မဟုတ်လား။ ဘာမှ အဆစ်တောင်းလို့မရတဲ့ နိုင်ငံမှာ ရောက်နေတာ နည်းနည်းကြာလာတော့ အဆစ်ကိုပင် မေ့ချင်သလို ဖြစ်နေခဲ့တယ်။ တစ်နေ့တော့ Mac Donald က လက်ဆောင်ပေးတဲ့ ဖန်ခွက်လေးတစ်လုံး မြင်လိုက်တော့ အဆစ်ကို သတိရသွားတယ်။ တော်တော်တူပါတယ် အဲဒီလိုပုံစံမျိုးဖန်ခွက်လေးတွေပေါ့။ ကျွန်တော်ဟာ ငယ်ငယ်တည်းက အဆစ်တောင်းရတာ ပျော်ကိုပျော်တာ။ ကလေးလုပ်လို့ကောင်းတဲ့အရွယ်တုန်းက တောင်ငူသားတို့ အဆစ်တောင်းလို့ သိပ်ကောင်းခဲ့တာလေ။
ကျွန်တော်ကျောင်းတက်တာက တောင်ငူ အ.ထ.က (၂) မှာပါ။ အမျိုးသားကျောင်းသားဟောင်းကြီးပေါ့ဗျာ။ ကျွန်တော့်အဖွား (အမေ့ရဲ့အမေ) အိမ်က ကျွန်တော်တို့ကျောင်းနားမှာပါ။ မနက်ဆို အဖေက ကျွန်တော်တို့ သားအမိနှစ်ယောက်ကို စက်ဘီးနဲ့ လိုက်ပို့တယ်။ ကျွန်တော်က ကျောင်းတက်။ အမေက အဖွားအိမ်မှာ အကျီင်္ချုပ်ပေါ့။ အဖေကတော့ လိုက်ပို့ပြီးတာနဲ့ အဖွား(အဖေရဲ့ အမေ)နဲ့ ဈေးကြီးထဲမှာ ဆိုင်သွားထွက်တယ်။ ညနေ ကျောင်းဆင်းလို့ အိမ်ရောက်တာနဲ့ "အမေ ဒေါ်ဆစ်တိုလာသွားပြီလား" ဆိုပြီး တန်းမေးတော့တာပဲ။ ဒေါ်ဆစ်တိုဆိုတာက မုန့်လက်ဆောင်းရောင်းတဲ့ အဒေါ်ကြီးပါ။ ဗန်းထဲမှာ မုန့်လက်ဆောင်းအိုးလေး နှစ်လုံးရယ် အုန်းသီးတို့ အုန်းနို့တို့ရယ်နဲ့ ပန်းကန်ဆေးတဲ့ရေခွက်ပါမကျန်တင်ပြီး ခေါင်းရွက်ဗျပ်ထိုး လျှောက်ရောင်းတာပါ။ မုန့်လက်ဆောင်အိုးဆိုတာက ရိုးရိုးရေအိုးလိုပေမယ့် သူက အပြင်မျက်နှာပြင်တစ်ခုလုံး ပြောင်ချောနေအောင်လုပ်ထားတာပါ။ ကျွန်တော်က မုန့်လက်ဆောင်းသောက်ရင် ထန်းလျက်ရည်ကိုပဲ ပိုကြိုက်ပါတယ်။ သကြားရည်ကို သိပ်သောက်လေ့မရှိပါဘူး။ မုန့်လက်ဆောင်းခွက်စိမ်းစိမ်းလေးထဲ အုန်းသီးဖတ်များများနဲ့ သောက်ရတာ သိပ်ကောင်းတာပေါ့။ ကျွန်တော်ပြောတာ အဲဒီမုန့်လက်ဆောင်းခွက်ပါပဲ။ တောင်ငူမှာ ခေါ်တာပြောပါတယ်။ ဖန်ခွက်လေးက ပြည်တွင်းထုတ်ပါ။ ဘေးမှာ အစင်းလေးတွေပါတယ် အရောင်က စိမ်းစိမ်းကြည်ကြည်လေး။ မုန့်လက်ဆောင်းသောက်ရင် အရင်ကုန်သွားတာက အရည်ပဲ။ မော့သောက်ပစ်တာကိုး။ အဖတ်တွေက ကျန်နေသေးတော့ အဒေါ်ရေ ထန်းလျက်ရည်လေး အဆစ်ထည့်ပါဦးပဲ။ အဲဒီအဒေါ်ကြီးနာမည်က တကယ်တော့ ဒေါ်ဆစ်တို မဟုတ်ပါဘူး။ ဘာလို့ဒေါ်ဆစ်တိုလို့ခေါ်လဲဆိုတော့ အဆစ်ကလေး ထည့်ပါဦး တောင်းရင် လက်တိုတတ်လို့လို့ပြောတာပဲ။ ကျွန်တော်တောင်းရင်တော့ မတိုပါဘူး။ ဘယ်တိုမလဲ ကျွန်တော်ကလည်း ကလေးပေမယ့် အလိုက်သိတယ်လေ။ အိမ်ကိုလာရောင်းတိုင်း အဒေါ်ကြီးကို ပန်းကန်ဆေးတဲ့ ရေခပ်ပေးနေကြလေ။ အဲဒီတော့ သူကလဲ ကျွန်တော့်ကိုဆို ကြည်ကြည်ဖြူဖြူနဲ့ အဆစ်အမြဲပေးတာပေါ့။
တောင်ငူမှာ ကျွန်တော် ကလေးလုပ်လို့ကောင်းတဲ့ အချိန်တွေတုန်းက ချာလပတ်ရည်ဟာလည်း ကျွန်တော့်ခရေဇီပါပဲ။ ချာလပတ်ရည်ဆိုတာ ချိုချိုမွှေးမွှေးနဲ့ အေးအေးလေးဖျော်ထားတဲ့ အဝါရောင်အဆင်းရှိတဲ့ ဖျော်ရည်ကျဲကျဲတစ်မျိုးပါပဲ။ ဘာတွေနဲ့ ဘယ်လိုဖျော်သလဲတော့မသိဘူး။ ရောင်းတဲ့ဘာဘူကြီးက တောင်းနှစ်လုံးကို ထမ်းပိုးနဲ့ ထမ်းရောင်းတာ။ ရှေ့တောင်းမှာ ချာလပတ်ရည်ဖျော်ထည့်ထားတဲ့ အိုးကြီးကိုထည့် နောက်တောင်းမှာတော့ ဖန်ခွက်တွေပေါ့။ အဲဒီအဆစ်ခွက် (မုန့်လက်ဆောင်းခွက်)နဲ့ပါပဲ။ ဘာဘူကြီးရဲ့ ချာလပတ်ရည်အိုးက သံဖြူဆိုင်မှာ စပါယ်ရှယ်လုပ်ထားတာဗျ။ ရေအိုးလိုပုံမျိုး နှုတ်ခမ်းအဝကျဉ်းနဲ့ ဗိုက်ကားကားပေါ့။ ဘေးမှာ အအေးဓါတ် တာရှည်ခံအောင်နဲ့တူပါတယ် ပိတ်စအနီနဲ့ ပတ်ထားသေးတယ်။ ဖန်ခွက်တွေထည့်တဲ့ဗန်းကလည်း စပါယ်ရှယ်သံဖြူဗန်းပဲ နှုတ်ခမ်းက စောက်နက်နက်နဲ့လေ။ အဲဒီထဲရေထည့်ထားပြီး ဖန်ခွက်တွေ ဆေးတယ်။ ဘာဘူကြီးက မတ်ခွက်တစ်လုံးနဲ့ သံဖြူအိုးကြီးကို ခေါက်ပြီးအော်သေးတာ။ မှတ်မိပါသေးတယ်။ အသံကို လေးလေးကြီးဆွဲပြီးတော့ "ချာ....... လပတ်ရည်...... ချိုချို......အေးအေး" ဆိုပြီးတော့။
ညနေဆိုင်သိမ်းပြီးလို့ အဖေ အဖွားအိမ်ကနေ လာပြန်ခေါ်ပြီဆို အိမ်ပြန်မရောက်ခင် “ဖေ့ ချာလပတ်ရည်“ ဆိုပြီး ဂျီကျတာပဲ။ မသောက်ရမချင်း “ချာလပတ်ရည်“ ပဲအော်နေတာ။ မသောက်ရလို့ကတော့ အိမ်ရောက်တာနဲ့ ကြမ်းပေါ်လှိမ့်ပြီး ယိုးဒယားကတော့တာပဲ။ သားတော်မောင်အကြောင်းသိတဲ့ အဖေလည်း စက်ဘီးကိုပြန်ထုတ် ကျွန်တော့်ကို စက်ဘီးရှေ့ဘားတန်းမှာတင် အဖေကနင်း အမေက နောက်ကကယ်ရီယာခုံမှာထိုင်ပြီး သားအမိသားအဖတစ်တွေ ချာလပတ်ရည်သည် ဘာဘူကြီးကို အရှာထွက်ကြတော့တာပဲ။ သိပ်မရှာရပါဘူး။ နံပါတ် ၆ လမ်းက ညဈေးတန်းလေ။ ခုထက်ထိရှိပါတယ်။ အဲဒီမှာ အများဆုံးရှိတတ်တယ်။ ဘာဘူကြီးတွေ့ရင်တော့ အများကြီးမသောက်ပါဘူး။ တစ်ခွက်ပဲ။ တစ်ခွက်ကုန်ရင် ခွက်ကလေးကို အသာလေးရှေ့ထိုးပေးလိုက်တယ်။ အဆစ်တောင်းတာပေါ့။ ဘာဘူကြီးက သဘောပေါက်ပြီးသား။ အလိုက်တသိနဲ့ နည်းနည်းထပ်ထည့်ပေးရတယ်။ မထည့်ပေးလို့ ရရိုးလား။ သူ့ဖောက်သည်ပဲလေ။ နေ့တိုင်းအားပေးနေတာကိုး။
ခုတော့လည်း ဒေါ်ဆစ်တိုရော ဘာဘူကြီးရော မရှိလောက်ကြတော့ပါဘူး။ ဒါပေမယ့် ကျွန်တော်ကတော့ အခွင့်သင့်တိုင်း အဆစ်တောင်းမြဲပဲလေ။

11 comments:
ဖန်ခွက်စိမ်းလေးထဲက မုန့်လက်ဆောင်းကိုတောင် လွမ်းလာပြီ။
အိမ်ထောင်ပြု ရင်ကော
အဆစ် ထည့်တောင်းဦးမှာဘဲလား :)
************************
ကိုတောင်ငူရေ၊ ဖတ်ကောင်းတယ်ဗျ။ တကယ်ပါ။ နောက်ထပ် နောက်ထပ်တွေကိုလည်း မျှော်လင့်လျှက်ပါ။
နောက်မှ တောင်ငူအကြောင်းရေးထားတဲ့ ပို့စ်တွေ အေးအေးဆေးဆေး လာဖတ်ဦးမယ်... :)
အိမ်မှာချက်ရင် ခေါ်အုံးနော်.. ဘရားသား
:D
အဲဒါ ကြားရပြီးကတည်းက ဟင်းရွက်သည်တွေကို မဆစ်တော့ဘူး။
မုန့်ဟင်းခါးတော့ အရည်အဆစ်တောင်းတတ်တယ်။:D
မုန့်လက်ဆောင်းက ထန်းလျက်ရှားလို့ သကြားရည်နဲ့တော့ လုပ်သောက်ဖူးပါတယ်
ကောင်းတယ်ဗျ
ကိုပါကြီး
အိမ်ထောင်ပြုတဲ့အခါ အဆစ်တောင်းဖို့ထက် ခုထက်ထိ မစွံနိုင်သေးတာသာကြည့်ပါတော့ဗျာ
E-Journal က အကိုတို့ရေ
မြှောက်ပေးတဲ့သူရှိလို့ကတော့ ကပြီးသားပဲဗျာ
အများကြီးကို ရေးဦးမှာပါ
အမနုစံရေ
အမအမျိုးသားက ထ-၁ က ကျွန်တော်က ထ-၂ ကဆိုတော့ သိပ်မဝေးပါဘူး။ မြို့အရှေ့နဲ့ အနောက်ပါပဲ။
အရင်ကတော့ ၁ နဲ့ ၂ က ဘောလုံးပွဲတိုင်း နောင်ဂျိန်ပလေးနေကျပါ။ အပြိုင်အဆိုင်လည်းဖြစ်သလို ဘယ်တော့မှလဲ မတည့်ကြပါဘူး။ ဒါပေမယ့် ဖူးစာလည်း ဆုံကြပါရဲ့။ ကျွန်တော့် မေမေက ထ-၂ဖေဖေက ထ-၁ ကလေ ။ :D
ဒူလေးရေ
အိမ်မှာ မုန့်လက်ဆောင်းလုပ်သောက်ရင် ခေါ်ပါ့မယ်။ တော်နေ တစ်ခွက်သောက်ဖူး သူ့ကျေးဇူးဆိုပြီး ထပ်လုပ်နေမှဖြင့် တောင်ငူသား အရက်ခေါ်တိုက်တယ် ထင်နေကြပါဦးမယ်ကွာ ;D
အမမြရေ
တကယ်တော့ ကျွန်တော်က မုန့်ဟင်းခါးစားရင် ဟင်းရည်တောင်းတာနဲ့ အကြော်ဝယ်ရင် အချဉ်ရည်ပိုထည့်ခိုင်းတတ်တာပဲ အဆစ်တောင်းရဲတာပါ။ ဟီး။ ဈေးတော့ သိပ်မဆစ်ရဲပါဘူး။ သားငါးသည်တွေဆို ဈေးမဆစ်ကြတာက သူတို့လက်ထဲမှာ သားခုတ်ဓါးတွေရှိတယ်လေ။ စိတ်အခန့်မသင့်တဲ့အချိန် ဓါးနဲ့လိုက်ခုတ်နေရင် မခက်ပါလားဗျာ။ ဟင်းရွက်သည်တွေကျတော့ အလွန်ဆုံး ပဲလင်းမြွေသီးနဲ့ ကောက်ထုတာတို့ ခရမ်းချဉ်သီးနဲ့ လှမ်းပစ်တာတို့ လောက်ဆိုတော့ တော်သေးလို့ဆစ်ကြတာနေမှာပါ။ ;D
သြော်....အဲဒီ အဆစ်ပေါ့
သိတယ်မှလား.. ခင်လေး ရင်ထဲက
စာလေးတွေကို ဘယ်သူမှ မတောင်းဘဲ အဆစ်တွေ လိုက်လိုက်ပေးနေတဲ့ (ဒင်း)ကိုရင်နော်ကြီးကြောင့်
အဆစ်ကို မုန်း၏။
(ခင်လေးငယ်)
မုန်.လက်ဆောင်းတောင်သောက်ချင်လာပြီဗျာ......
အဆစ်လေးထည့်ပေးဦးနော်.....
ဗိုလိမှူးဖိုးကွန်းလမ်းကတွတ်ပီဝက်သားတုတ်ထိုးအကြောင်းလေးပါရေးပါဦးအကိုရ.....
တောင်ငူမြေကိုသတိရလွန်းလို့ပါ.....
မန်းချယ်ရီဆောင်ရှေ့က မုန့်တီသည်ဆီမှာ အဆစ်တောင်းရင် သူက ပြောပြောဆိုဆို ကိုယ့်ပန်းကန်ထဲက ပြန်နှိုက်သွားတာ။
သူပြန်နှိုက်တာသိပေမယ့် မိန်းကလေးတွေဆိုတော့ အဆစ် အဆစ် အမြဲတောင်းတယ်။ သူလဲ မနိုင်ပါဘူး ပြောပြောဆိုဆို မိန်းကလေးတွေကလည်း ပြန်နှိုက်ယူကြတာကိုး။
တောင်ငူသားလည်း အိမ်ထောင်ပြုရင် အဆစ် ဆိုပြီး အဒေါ်ကြီးတွေ ပါလားအုံးမယ်နော်။
မဇနိ
ညီလေးဘီဘီရေ
တွတ်ပီကတော့ ဘယ်နားရောက်နေလဲ မသိဘူး
အကိုတို့ ချာတိတ်တုန်းကတော့ သံယောဇဉ်က နာမည်အကြီးဆုံးပဲ
ပြောရင်း စားချင်လာပြီ
အမဇနိရေ
အဆစ်ပါလာဖို့ အဆင့်က ဝေးစွ
ဆီနဲ့တောင် မကြော်နိုင်လို့ ရေလုံပြုတ်ကိန်းဆိုက်နေပါတယ်ဗျာ
မေတ္တာဖြင့်
Post a Comment