ကျွန်တော် ၇ တန်းတက်တဲ့အချိန်ထိ တစ်ဦးတည်းသော သား အဖြစ် ကိုယ့်ကိုကိုယ် အမြဲကျေနပ်နေခဲ့တယ်။ အဲဒီနှစ်သီတင်းကျွတ်မှာ တောင်ငူပြည်သူ့ဆေးရုံကြီးမှာ ညီမလေးကို မေမေမွေးခဲ့ပါတယ်။ မွေးပြီးစ ကလေးသေးသေးလေးကို ကြည့်ပြီး ကျွန်တော် ဘယ်လိုမှ ချစ်လို့မရပါဘူး။ ဒါ ငါ့ညီမလေးပဲဆိုတဲ့ အသိဝင်ဖို့ ဝေးစွ မိဘတွေဆီက မေတ္တာတွေကို ငါ့ဆီက ခွဲပေးရတော့မှာပဲဆိုပြီး အနားတောင် သိပ်မကပ်ခဲ့ပါဘူး။ တကယ်တော့ ကျွန်တော် လိုချင်ခဲ့တာ ကစားဖော်ရဖို့ ညီလေးတစ်ယောက်ပါ။ ညီမလေးတစ်ယောက် ရတာဟာ ညီလေးတစ်ယောက်ရတာလောက် ပျော်စရာမကောင်းဘူးလို့ ကျွန်တော်ထင်ခဲ့တယ်။
ဒါပေမယ့် အဲဒီအထင် ကြာရှည်မခံပါဘူး။ အနှီးလေးနဲ့ထုပ်ပြီး လူကြီးတွေ ချီပိုးပြီဆို ကျွန်တော် လုပြီးချီချင်နေပြီ်။ တဖြည်းဖြည်း လေးဖက်ထောက်သွားတတ်တဲ့အရွယ်၊ ထိုင်တတ်တဲ့ အရွယ်လေးတွေ ရောက်လာတော့ ချော့မြှူတဲ့အခါ ပြုံးတာ ရယ်တာလေးတွေ မြင်ရရင်ကိုပဲ ပျော်ရွှင်ကြည်နူးရပါတယ်။ အခါလည်လောက်ရောက်တော့ နာမည်ပေးဖို့ စဉ်းစားကြပါတယ်။ အိမ်ရှေ့အိမ်က အဒေါ်အပျိုကြီးပေးတဲ့ နာမည်က သူ့အတွက် ပထမဆုံးနာမည်ပါ။ ကျွန်တော့် နာမည်ကိုလည်း အဲဒီအဒေါ်ပဲ ပေးခဲ့တာပါ။ သူမွေးတဲ့နေ့မှာ ရန်ကုန်က ဆွေမျိုးတွေ ကားတစ်စီးနဲ့ အပြည့် လာလည်ကြလို့ ရွှေအိမ်ကြီးမှာ လူစည်ကြတဲ့နေ့မှာမွေးလို့ "ရွှေအိမ်စည်" လို့ပေးပါတယ်။ အဲဒီအဒေါ်အိမ်နဲ့ အိမ်ရှေ့အိမ်နှစ်အိမ်စလုံးက ခုထက်ထိ သူ့ကို "ရွှေအိမ်စည်" ဆိုတဲ့နာမည်ပဲ ခေါ်ပါတယ်။
မပီကလာ ပီကလာ စကားပြောတတ်စအရွယ်မှာ သူ့ကို မငိုငိုအောင် အစဆုံးက ကျွန်တော်ပါ။ အမြဲတမ်း ကလေးပိစိလေးကို စိတ်တွေဆိုးအောင် စနေကြပါ။ သူစိတ်ဆိုးပြီဆိုရင် ပြန်ပြီးပြောလေ့ရှိတာက "အာပီကျာ အာပီကျာ" တဲ့။ ဘာကို ပြောချင်တာလဲတော့ မသိပါဘူး။ အမြဲအဲလိုပဲ ပြန်အော်တယ်။ ဒါနဲ့ ကျွန်တော်လည်း သူပြောတာ ကာတွန်းအော်ပီကျယ် နာမည်နဲ့နီးစပ်တယ်ဆိုပြီး သူ့နာမည်ကို စနောက်ခေါ်ရင်းက "အော်ပီကျယ်" ဆိုတဲ့ ဒုတိယနာမည် ထပ်ရလာပါတယ်။ ကျွန်တော်တို့ ခေါင်းရင်းအိမ်နဲ့ ခြေရင်းအိမ်တွေက ခုထက်ထိ "အော်ပီကျယ်"ပါပဲ။
ဈေးလမ်းမှာ ကျွန်တော်တို့မိသားစုတွေနဲ့ ဆွေမျိုးအရင်းခြာလို ရင်းနှီးကြတဲ့ အဖွားရယ်၊ အဖွားရဲ့ သမီးတွေ ဖြစ်ကြတဲ့ အဒေါ်အပျိုကြီး ၇ ယောက်ရယ်ရှိပါတယ်။ သူတို့အိမ်ကတော့ နေ့သင့်နံသင့် ဗေဒင်ဆရာ ရွေးပေးလိုက်တဲ့ နာမည်တွေထဲက "ဝတ်ရည်လင်း" ဆိုတဲ့နာမည်ကိုပဲ ကြိုက်လှချည်ရဲ့ဆိုပြီး ဘယ်အချိန်သွားလည်လည် ဘယ်နားတွေ့တွေ့ တစ်ညီတစ်ညွတ်တည်း "ဝတ်ရည်လင်း" ပဲခေါ်ပါတယ်။
ကျွန်တော့်မေမေမှာ မောင်နှမခြောက်ယောက် ရှိတဲ့အထဲမှာ မေမေရယ် ဘကြီးတစ်ယောက်ရယ်ပဲ အိမ်ထောင်ကျတာပါ။ အဖွားဖြစ်သူနဲ့ ဦးလေးတွေ အဒေါ်တွေ အားလုံးကတော့ "မီးလေး" တဲ့လေ။ ခုချိန်ထိ အမျိုးတွေ အသိမိတ်ဆွေတွေဟာ သူ့ကို သူတို့သဘောတကျ ပေးခဲ့ခေါ်ခဲ့တဲ့ နာမည်လေးတွေကိုပဲ ခေါ်ခေါ်နေကြလေတော့ ကျွန်တော့်ညီမလေးမှာ နာမည်တွေ ပေါများနေတော့တာပေါ့။
ကျောင်းထားရမဲ့အရွယ်မှာ နာမည်တစ်ခုကို သတ်သတ်မှတ်မှတ်ပေးရတော့မယ့်အခါကြတော့ စဉ်းစားရပါပြီ။ ဘယ်သူများ စဉ်းစားတယ်ထင်လို့လဲ။ ကျွန်တော့်မိဘတွေဆီက ညီမလေးကို နာမည်ပေးဖို့ အလိုလို အာဏာကုန်ယူလိုက်တာကတော့ ကျွန်တော်ပါပဲ။ ဗေဒင်ဆရာရွေးပေးတဲ့ နေ့နံသင့် နာမည်တွေထဲကမှ ဒီနာမည်ကိုပဲ မှည့်ရမယ်ဆိုပြီး မရမက ဂျီကျခဲ့တာ။ ညီမလေးက အသားလည်းတော်တော်ဖြူတယ်။ ဒီနာမည်လေးကို ညီမလေးနဲ့ အလိုက်ဖက်ဆုံးလို့ ကျွန်တော်ထင်တယ်လေ။ ပန်းနာမည်လေးတစ်ခုပါ။ အဲဒီပန်းက နည်းနည်းရှားပါးပြီး နေရာတိုင်းမှာလဲ မတွေ့နိုင်ပါဘူး။ သူ့ရနံ့ကလဲ သင်းသင်းလေး။ ရှာကြံပြောဦးမယ်ဆို ဗုဒ္ဓဝင်သမိုင်းထဲမှာလည်း ပါသေးတယ်။ ညီမလေးအတွက် အသင့်လျော်ဆုံး အလိုက်ဖက်ဆုံးလည်းဖြစ် အဓိပ္ပါယ်လည်းရှိတဲ့ အဲဒီနာမည်လေးကို နောက်ဆုံးမှာတော့ အောင်မြင်စွာနဲ့ ကျွန်တော်ကိုယ်တိုင် ရွေးချယ်ခဲ့ပါတော့တယ်။

8 comments:
အင်ကြင်း။
********
ဟဲဟဲ စဉ်းစားကြည့်လိုက်တာပါ။း)
ခတ္တာ....
ကုမုဒြာ....
မသိတော့ဘူး တော်တော် ခေါင်းစားအောင်လုပ်တယ်း)
အင်း.. မမှီတဲ့ဥာဏ်လေးနဲ့ ဖြေရရင်တော့ “အင်ကြင်း”လား မသိ.. :P
မှားရင် မုန့်ဝယ်ကျွေး၊ မှန်ရင် လက်ဆောင်ပြန်ပေးပေါ့..:D :D
္ဃ
မောင်မျိုးလေးကတော့ တနလာင်္နံတွေချည်း ဖိရွတ်သွားလေရဲ့
အမချိုရေ တောင်ငူကလူတွေကတော့ အကိုက ပိုချောဆိုပဲ ပြောကြတယ်ဗျ
ဒေါက်ဒေါက်လေး သိရင်အသာနေ ဟင်း
ညီမနာမည်လေးပြောပြရမှာကို.. ဟွန့်။
ခုထိလဲဖြေ၀ူး။ ;(
Post a Comment