တောင်ငူသား

..... စိမ်းလန်းပါစေ ကမ္ဘာမြေ ... ငြိမ်းချမ်းပါစေ ကမ္ဘာမြေ .....

Wednesday, September 10, 2008

မောင်ရှင်လောင်း

ဗုဒ္ဓသာသနာကို ကိုးကွယ်ဆည်းကပ်တဲ့ မိသားစုတစ်စုမှာ သားယောက်ျားလေးတစ်ယောက် မွေးဖွားလာပြီဆိုရင် တစ်ချိန်မှာ သာသနာ့အမွေ ရှင်သာမဏေ အဖြစ်ပေးမယ်ဆိုတဲ့ ဆန္ဒဟာ မိဘနှစ်ပါးရဲ့ ရင်ထဲမှာ ဖြစ်တည်လာပါတယ်။ သားဖြစ်သူ လူလားမမြောက်ခင်ကတည်းက ရှင်ပြုပေးဖို့ဆိုပြီး မိမိတို့ရဲ့ ချွေးနှဲစာလေးတွေ ကျစ်ကျစ်ပါအောင်စုရင်း အလှူပွဲကြီးကျင်းပမယ့်အခါကို စိတ်ကူးနဲ့မျှော်မှန်း ပီတိဖြစ်ကြပါတယ်။ အဲဒီထဲမှာ ကျွန်တော့်မိဘနှစ်ပါးလည်း အပါအဝင်ဖြစ်ပါတယ်။


အဖိုးအဖွားတွေက မြေးတွေကို ရှင်ပြုပေးချင်ပေမယ့် တစ်ဦးတည်းသောသားဖြစ်တဲ့ ကျွန်တော့်ကို အဖေနဲ့အမေက သူတို့ချွေးနှဲစာနဲ့ တမင်ရည်ရွယ်ပြီး စုဆောင်းထားတာလေးတွေနဲ့သာ ရှင်ပြုပေးချင်ပါတယ်။ သားဦးရဲ့အလှူဦးမို့ ဦးဦးဖျားဖျားလေး လုပ်ချင်တာလည်းပါတယ်လေ။ ကျွန်တော့်အမေကတော့ မောင်ရှင်လောင်း လှည့်တဲ့အခါ ကြဲဖို့ရာ ငွေအကြွေများတောင် သပ်သပ် စုထားသေးရဲ့။ အလှူကျင်းပဖို့ ကျောင်းကိုတော့ စတုတ္ထတန်းသာ ရှိသေးတဲ့ ကျွန်တော့်အတွက် အဖွားအိမ်နဲ့ နီးတဲ့ကျောင်းကိုပဲ ရွေးလိုက်ပါတယ်။ အလှူမတိုင်ခင် ၁၀ရက် အလိုလောက်ကတည်းက ကျောင်းထိုင်ဆရာတော်က ဗလာစာအုပ်ထဲမှာ သင်္ကန်းတောင်းအပြင် ပစ္စည်းလေးပါး မသုံးဆောင်ခင် ရွတ်ဆိုရတဲ့ စာပိုဒ်လေးတွေပါ ရေးပေးတယ်။ ပြီးတော့ ကျွန်တော့်ကို စာချပေးပြီး အလွတ်ကျက်ခိုင်းထားတယ်။ မောင်ရှင်လောင်းမဖြစ်ခင် မှတ်မိအောင် နေ့တိုင်း စာကျက်ရပါတယ်။ ဆရာတော်က သင်္ကန်းတောင်းကို မောင်ရှင်လောင်းကိုယ်တိုင် အလွတ်ရွတ်ဆိုစေချင်တာပါ။


အလှူအတွက် ပရိက္ခရာတွေဝယ်တော့ ကျွန်တော် ကြေး(ဂျီး)များပါတယ်။ ယပ်တောင်ကို ရိုးရိုးယပ် မကိုင်ချင်ဘူး။ ဘုန်းကြီးတွေကိုင်တဲ့ ယပ်ထူထူ အကြီးစားမျိုးပဲကိုင်ချင်တာ။ ဆိုင်က ကိုရင်ဆိုတာ ဒီယပ်ပဲ ကိုင်ရတယ်ဆိုလို့ ငြိမ်နေလိုက်ရတယ်။ မောင်ရှင်လောင်းဝတ်စုံ ရွေးတဲ့အခါကျတော့ ကျွန်တော် မလျှော့တော့ဘူး။ အခြားမောင်ရင်လောင်းတွေလို အဆောင်း(မကိုဋ်)မျိုး မဆောင်းချင်ပါဘူး။ ရှင်ဘုရင်တွေ ဆောင်းတဲ့ ဗောင်းကိုပဲ ဆောင်းချင်ပါတယ်ဆိုပြီး မရမက ဂျီကျပါတော့တယ်။ ဝတ်စုံငှားတဲ့ ပရိက္ခရာဆိုင်က အသိတွေ ဖြစ်နေတာကြောင့် နှစ်မျိုးလုံး ထည့်ပေးလိုက်ပါတယ်။ ဒါတောင် ဘုရင်ကိုင်တဲ့ သန်လျက်ပါ ကိုင်ရမှဆိုပြီး ဂျီကျသေးတာ။ ဆိုင်မှာ သံလျက်က တစ်ခုပဲရှိတာ သူများငှားသွားတယ်ဆိုမှ လက်လျော့လိုက်ရတာ။


အလှူလှည့်မယ့်နေ့ မနက်မှာတော့ မောင်ရှင်လောင်းကို မိတ်ကပ်တွေရော၊ နှုတ်ခမ်းနီတွေရော အလှပြင်ဆိုင်က လာပြင်တော့တာပဲ။ ကိုယ့်ပုံကိုယ်ပြန်ကြည့်ရတာ ဇာတ်မင်းသားလိုလို။ ကိုယ်ပေါ်မှာ ကလည်း စလွယ်တွေနဲ့ ပြိုးပြိုးပြက်ပြက်။ ဓါတ်ပုံဆရာကလဲ တဖျတ်ဖျတ်။ ဝတ်လဲတော်ရွှေပုဆိုးတာ့ နှစ်မျိုးဝတ်ရတယ်။ ဘော်ကြယ်တွေနဲ့ အဝါရောင်တစ်ထည် အပြာရောင်တစ်ထည်။ အပြာတစ်ထည်က ဆရာတော်ကို သူများလာလှူထားတာ။ ဒေါင်းကနေတဲ့ပုံထိုးထားတာ တော်တော်လှတယ်။ ဆရာတော်က ကျွန်တော့်အဖို့ ဦးဦးဖျားဖျား စွန့်လိုက်တာ။ အလှူလှည့်တာက အတီးအမှုတ် အကအခုန်တွေ မပါပါဘူး။ မောင်ရှင်လောင်းစီးမဲ့ကားပ်ါမှာ ရွှေထီးနှစ်ချောင်းကို ဘေးတစ်ဖက်စီက ထောင်ထားရပါတယ်။ အဖေက သပိတ်ကိုလွယ်ပြီး ယပ်ကို ကိုင်တယ်။ အမေက မောင်းထောင်ချိုင့်ထဲမှာ သင်္ကန်းပန်းနဲ့ သင်္ကန်းကိုထည့်ပြီး ကိုင်ရပါတယ်။ ကွမ်းတောင်တွေ ပန်းတောင်တွေကိုတော့ ဆွေမျိုးသားချင်းတွေ အိမ်နီးချင်းတွေထဲက အမတွေက ကိုင်ကြပါတယ်။ အမေကြိုစုထားတဲ့ အကြွေတွေအပြင် အချပ်တွေပါ ကြဲသေးတာ။ ရှင်လောင်းလှည့်တဲ့ကားနောက်မှာ “ကြဲပါဦးဗျို့” တွေ သောသောညံပေါ့။


အားလုံးပြင်ဆင်ပြီးကြတော့ အိမ်မှာ ဘုရား အရင်ကန်တော့တယ်။ အဖွားတွေ ကန်တော့ပါတယ်။ ပြီးမှ မြို့ထဲကို ကားတွေလှည့်မောင်းပြီး ဘုန်းကြီးကျောင်းကို ရောက်တော့ ဆရာတော်ထံမှ သီလယူပါတယ်။ အဲဒီနောက်တော့ တောင်ငူရဲ့ ဓလေ့အတိုင်း နတ်သွားပြရပါတယ်။ လက်ခြောက်ဖက်ဘိုးဘိုးကြီးနန်းဆီကို မောင်ရှင်လောင်းကို ခေါ်သွားရပြီး နန်းထိန်းတွေက ရွတ်ဖတ်ကြပါတယ်။ ဘာတွေရွတ်လဲတော့ မမှတ်မိတော့ပါဘူး။ သေချာတာတော့ ဘိုးဘိုးကြီးကို အတူလိုက်ပါလာတဲ့သူတွေသာ ကန်တော့ကြရပြီး မောင်ရှင်လောင်းက ဘိုးဘိုးကြီးရှေ့မှာ မတ်တပ်ရပ်နေရတာပါပဲ။ လုံးဝ မကန်တော့ရပါဘူး။ ဘိုးဘိုးကြီးနန်းက ယခု “ရွိုင်ရယ်ကေတုမတီဟော်တယ်” အနီးမှာပါ။


ညနေပိုင်းကျတော့ ဆရာတော်ထံမှ သီလယူပြီး ဆံချတဲ့အခမ်းနားပေါ့။ ဆွေမျိုးပရိတ်သတ်တွေရှေ့မှာ အဖြူရောင်စွပ်ကျယ်ရယ်၊ ဘောင်းဘီတိုရယ်ဝတ်ပြီး ပိတ်ဖြူစကို အဖေကတစ်ဖက် အမေကတစ်ဖက် ကိုင်လို့ ဦးပဉ္စင်းတစ်ပါးက ဆံချပေးပါတယ်။ ဆံချနေစဉ်မှာ သံဃာတော်တွေက ဆံပင်အစရှိသော ကိုယ်အင်္ဂါအစိတ်အပိုင်းတွေရဲ့ ရွံရှာစက်ဆုပ်ဖွယ်ကောင်းပုံကို ပါဠိ-မြန်မာ နှစ်ဂါထာနဲ့ ရွတ်ဖတ်ပေးပါတယ်။ ဆံချပြီးတော့ မိခင်ဖခင်နှစ်ပါးကနေပြီး ပရိတ်ချည်ကွင်းများကို ဦးခေါင်း၊ ခြေ၊ လက်များမှာ စွပ်ပေးရပါတယ်။ အဲဒီနောက် ဆရာတော်ထံမှ သင်္ကန်တောင်း သင်္ကန်းယူ အဆင့်ဆင့်ကို အလွတ်ရွတ်ဆိုရပြီး ဦးပဉ္စင်းတစ်ပါးက သင်္ကန်းရုံပေးပါတယ်။ အဲဒီနောက် ကိုရင်ဖြစ်ဖို့ရာအတွက် ဆက်လက်ရွတ်ဆိုရပါတယ်။ အားလုံး ရွတ်ဖတ်ပြီးစီးတဲ့အခါမှာတော့ “ကိုရင်လေး ရှင်ဇဝနတိက္ခ” ဆိုတဲ့ဘွဲ့နဲ့ အတူ ခမည်းတော် မယ်တော်တွေနဲ့ အားလုံးသော ပရိသတ်တို့ရဲ့ ကန်တော့ခြင်းကို ခံယူရရှိပါတော့တယ်။


နောက်နေ့မနက်မှာတော့ အလှူကြီးဖြစ်တာမို့ ဧည့်ပရိသတ်ပိုမိုစုံလင်လှပါတယ်။ ကျွန်တော်တို့လုပ်ငန်းရဲ့ အဓိက ရောင်းဝယ်သူတွေဟာ တောင်ငူဝန်းကျင် ကျေးရွာတွေကသူတွေမို့ ဒီအလှူပွဲလုပ်နိုင်အောင် ပံ့ပိုးတဲ့သူတွေလည်း ဖြစ်ကြပါတယ်။ ဒါကြောင့်လည်း ကျွန်တော့်မိဘတွေဟာ ဆိုင်မိတ်တွေကို အလှူမတိုင်ခင်ကတည်းက လူကိုယ်တိုင်တစ်မျိုး၊ လူကြုံနဲ့တစ်ဖုံ ဖိတ်ကြားထားတဲ့အတွက် အလှူပွဲဟာ တောရောမြို့ပါ ပရိတ်သတ်များနဲ့ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့ပါတော့တယ်။

5 comments:

ချစ်စရာကောင်းတဲ့ မြန်မာ့ဓလေ့တစ်ခုကို ကိုယ်တွေ့နဲ့ လှလှပပ ရေးသွားတာ ဖတ်လို့ ကောင်းလိုက်တာ။ ဒါနဲ့ “ရှင်ဇဝနတိက္ခ”ဆိုတဲ့ ဘွဲ့ရဲ့ အဓိပ္ပါယ်ကိုရော ရှင်းမပြချင်ဘူးလား။ အင်္ဂါသားလေးကိုး။
နိုင်ငံခြားမှာ နေတဲ့ မြန်မာကလေးတွေကို ကိုရင်ဝတ်ချင်အောင် ဘယ်လို promote လုပ်ရင် အထိရောက်ဆုံး ဖြစ်မယ် ထင်ပါသလဲ။ ထူးထူးခြားခြား ကတုံးတစ်လုံး အဖတ်တင်မှာ ဆိုတော့လေ။ စဉ်းစားမိလို့ပါ။
 
မောင်ရှင်လောင်းလေးက ဂျီးများပြီး ဂျီကျထင်တယ်။ :D
 
ဒီပို့စ်လေးဖတ်ရတော့ ငယ်ငယ်တုန်းက နားတွင်းလုပ်ခဲ့ရတာ သတိရတယ် ။။
တဦးတည်းသောသားဆိုတော့လည်း ဂျီကျပေမပေါ့နော်..
တောင်ငူသားရဲ့အလှူက အတော်စည်ကားမယ် ပျော်စရာကြီးပါ့လားနော်
 
ကျွန်မ မောင်လေးတုန်းကတော့ မြင်းကို ဂျီးများတာလေ… မြင်းအဖြူသေးသေးလေး စီးချင်တယ် ဆိုလို့  အတော်ရှာယူရတယ်… ဒါဆို ပုံထဲက ကိုတောင်ငူမဟုတ်ဘူးပေါ့… သံလျက်ကိုင်နေတဲ့  မောင်ရင်လောင်းကိုတောင်ငူ ပုံလေး စပ်စုချင်ပါ့…
 
အစုတ်ပလုတ် အရှုပ်ထုတ်ကလေး တောင်ငူ...
သူများတို့  အသက်တွေ သိရင်လဲ စိတ်ထဲမှာဘဲ မှတ်မထားဘူး...။ ဟွန်း... ဘလော့ဂ် သက်ကြီးပူဇော်ပွဲများ တောင်မှ ကျင်းပလိုက်ချင်သေးသတဲ့...။ တွေ့ မယ်.. တွေ့ မယ်...။
ဒါထက်.. စကားမစပ်.. “ကိုရင်လေး ရှင်ဇဝနတိက္ခ” ရဲ့  ဓါတ်ပုံလေး တင်ပေးအုံးလေ..။
ငယ်ငယ်တုန်းက ပုံဘဲ.. တင်လို့ ရပါတယ်..။ ရှင့်အသက်ကို ခန့် မှန်းလို့ ရမယ်မထင်ပါဘူး...။
 

Popular Posts