သူတစ်ပါးကို ကိုယ်ချင်းစာနာတယ် ဆိုတဲ့စကားလုံးဟာ ပြောလို့လွယ်ပေမယ့် ကိုယ်တိုင်ကြုံလာရမှ ပိုပြီးအဓိပ္ပါယ်လေးနက်လာပါတယ်။ ကျွန်တော်ကတော့ ကိုယ်ချင်းစာနာတယ်ဆိုတာထက် ကိုယ်ဖြစ်စာနာတယ် လို့သာသုံးချင်ပါတော့တယ်။ ကိုယ်တိုင်ဖြစ်တော့မှသာ စာနာလို့ပိုရပါတယ်။ ဇာတိ၊ ဇရာ၊ ဗျာဓိ၊ မရဏာ ဆိုတဲ့ မွေး၊ အို၊ နာ ၊သေ လေးပါးကို သက်တမ်းစေ့နေရမယ့်သူတိုင်း မလွဲမသွေကြုံလာရမှာပါ။ မွေးခြင်းနဲ့ သေခြင်းတို့ကြားက အိုခြင်းကို တဖြည်းဖြည်းချဉ်းကပ်လာတာနဲ့အမျှ လူဟာ ခွန်အားယုတ်လျော့လာပြီး ပိုမိုသက်တောင့်သက်သာနေချင်လာပါတယ်။ နေလဲနေသင့်တဲ့အပိုင်းအခြားပါ။ အဲဒီလို အရွယ်မှာ ကံမကောင်းအကြောင်းမလှလို့ ချို့တဲ့နွမ်းပါးရှာတဲ့ အဘိုးအို အဘွားအိုတွေဟာ ဘယ်လိုတွေများ နေထိုင်နေကြရပါလဲဗျာ။
ကျွန်တော်တို့ဟာ မိခင်တွေဆီမှာ ပဋိသန္ဓေသားလေးအဖြစ် ဝင်ရောက်ပြီးပြီဆိုရင်ပဲ ဒီမိခင်ဖခင်ရဲ့ မျိုးဆက်အဖြစ် ရှင်သန်ရတော့မှာပါ။ ဒီပတ်ဝန်းကျင်မှာ ကျင်လည်ရတော့မှာပါ။ မိမိလုပ်ခဲ့ဖူးတဲ့ ကောင်းကျိုးဆိုးကျိုးတွေဟာ ဒီဘဝအတွက်တော့ လူမှန်းမသိတတ်ခင်ကတည်းက ဘဝက ပြဌာန်းပြီးသားဖြစ်နေခဲ့ပါပြီ။ ရွေးချယ်ခွင့်မရှိတော့ပါဘူး။ အကျိုးပေးကောင်းလို့ လှပပြည့်စုံတဲ့ မိသားစုဘဝကို ပိုင်ဆိုင်ရရင်တော့ အတိုင်းထက်အလွန်ပေါ့ဗျာ။ အကြောင်းမလှလို့ ချို့ငဲ့တဲ့ မိသားစုလေးမှာ ဖြစ်လာရရင်တော့ ကိုယ်တိုင်မရုန်းနိုင်ခင် အချိန်ထိ ဒုက္ခတွေ ရင်ဆိုင်ရမှာပါ။ ကံ၊ ဉာဏ်၊ ဝီရိယ သုံးပါးနဲ့ ကြိုးစားမှုအား ကြီးမှသာ ပိုမိုမြင့်မားတဲ့ ဘဝကို ရောက်ရှိနိုင်ဖို့ရှိပါတယ်။ ဒီရာခိုင်နှုန်းကလည်း ကျွန်တော်အထင်တော့ သိပ်မများလှပါဘူး။
ဘဝတစ်လျှောက်လုံးမှာ ဆိုးသွမ်းခဲ့တာ ရှိကောင်းရှိမယ်။ စားဝတ်နေရေးအတွက် ဘယ်လောက်ပဲ ကြိုးစားရုန်းကန်ခဲ့ပေမယ့် အဆင်မပြေခြင်းတွေနဲ့သာ ကြုံခဲ့မယ်ဆိုရင် အရွယ်လွန်ချိန်မှာ အခက်အခဲတွေ ရင်ဆိုင်ရဖို့ရှိပါတယ်။ ဘယ်သူမဆို နောက်ဆုံးအချိန်ဟာ ဘဝကူးကောင်းဖို့အတွက် အရေးကြီးပါတယ်။ တိုတောင်းလှတဲ့သက်တမ်းတစ်ခုရဲ့ နောက်ဆုံးအချိန်ပိုင်းခြားလေးမှာ ကိုးကွယ်ယုံကြည်ရာ ဘာသာတရားကို ရှုမှတ်ရင်း၊ စားဝတ်နေရေး မပူမပင်ရဘဲ အေးအေးချမ်းချမ်း နေထိုင်ရင်း နောက်ဆုံးထွက်သက်ကို အညင်သာဆုံးဖြစ်စေချင်တာ ကျွန်တော့်ရင်တွင်းက စေတနာပါ။
မသိနိုင်တော့တဲ့ ကာလတွေဆီက ကောင်းမွေလေးတွေကို ခံစားရလို့ အခုအချိန်မှာ အထိုက်အလျောက်အဆင်ပြေကောင်းပြေနေကြတယ်။ ဒါပေမယ့် ကိုယ့်ဘေးဘီကို စောင်းငဲ့ကြည့်လိုက်ရင် ဖြည့်စရာအိုးလေးတွေ များလွန်းလှပါတယ်။ ပန်းဥယျာဉ်လေးတစ်ခုမှာ လန်းဆန်းပြီးသားအပင်တွေထက် ညှိုးနွမ်းပြီးရေမဝရှာတဲ့ အပင်တွေကို ရေလောင်းပေးမှသာ ဥယျာဉ်တစ်ခုလုံးစိမ်းလန်းစိုပြေပြီး သာသာယာယာနဲ့ ရှုချင်စဖွယ် ဖြစ်လာမှာပါ။
4 comments:
သာဓု ... သာဓု ... သာဓု ... :)
Post a Comment