သနားတတ်တဲ့စိတ်ဆိုတာ ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်တတ်သလဲ ကျွန်တော် အတိအကျမသိပါ။ လူတိုင်းမှာ ရှိလား မရှိလားလဲ ကျွန်တော်မသိနိုင်ပါ။ သေချာတာကတော့ ကျွန်တော် မကြာခဏ သနားဖူးပါသည်။ သနားတတ်တဲ့ စိတ်ရဲ့နောက်မှာ စိတ်မကောင်းဖြစ်ရခြင်းနဲ့ ကိုယ်ချင်းစာတတ်ချင်းများ တွဲပါလာတတ်သည်ကိုလည်း သတိထားမိပါသည်။
ကျွန်တော် ချာတိတ်တုန်းက မိဘတွေနဲ့ ကျောင်းအားရက်တိုင်း ဈေးထဲမှာဆိုင်လိုက်ထွက်ပေးလေ့ရှိပါတယ်။ ဆိုင်က တောင်ငူမြို့မဈေးကြီး (ယခင် ဗဟိုဈေးကြီး)ရဲ့ သံဈေးရုံ (ရုံ ၁၅)ထဲမှာပါ။ တစ်ရက်မှာတော့ အဘိုးအိုတစ်ယောက် ဈေးလည်ရောင်းရင်း ဆိုင်ရှေ့က ဖြတ်သွားတာ တွေ့ပါတယ်။ အဘိုးအိုမှာ လက်တစ်ဖက်ပြတ်နေပါတယ်။ ကျန်လက်တစ်ဖက်ပေါ်မှာ သံလင်ဗန်းသေးသေးနဲ့ နှာချေဆေး (ဂမုန်းနှာ)ပုလင်းလေးတွေ လိုက်ရောင်းနေတာပါ။ နှာချေဆေးဆိုတာကလည်း လူတိုင်း အမြဲသုံးလေ့ရှိတဲ့ ပစ္စည်းမျိုး မဟုတ်လေတော့ ဘယ်ရောင်းကောင်းပါ့မလဲ။
နောက်ဈေးထဲမှာပဲ အမယ်အိုတစ်ယောက် အုန်းတံမြက်စည်းလေးတွေ လိုက်ရောင်းပါတယ်။ အုန်းလက်အခြောက်လေးတွေကို သပ်ပြီး စည်းထားတာပါ။ အမယ်အိုဟာ မျက်စိကောင်းကောင်းမမြင်ရှာပါ။ တရွေ့ရွေ့နဲ့ စမ်းသွားရင်း လိုက်ရောင်းနေတာပါ။ နောက်ပြီး ရန်ကုန် ဗိုလ်ချုပ်အောင်ဆန်းလမ်း ဇော်ဂျီဟောက်စ် ရှေ့က သစ်ပင်အောက်မှာ ဒညင်းသီးပြုတ်ရောင်းနေတဲ့ အမယ်အို။ ကျောက်မြောင်းထဲမှာ ကြံဟင်းညွန့်လာရောင်းတတ်တဲ့ အမယ်အို။ စသည် စသည်ဖြင့် ဟိုမှာ သည်မှာ သက်ကြီးဈေးသည်တွေ မဟုတ်သေးဘူး အရွယ်လွန်ဈေးသည်တွေ။ ကျွန်တော် မခေါ်ရက်ပါ မခေါ်ထွက်ပါ။
ကျွန်တော်မမြင်မိသော ကျွန်တော်မရောက်မိသော နေရာတွေမှာကော အဘယ်အဘိုးအို အမယ်အိုတို့သည် ဈေးလည်ရောင်းနေကြပါသလဲ။ သူတို့ရောင်းရငွေသည် သူတို့ဇရာနဲ့မမျှအောင် ပင်ပန်းအားထုတ်မှုကိုမှ ချွေးသိပ်စေရဲ့လား။ ကျွန်တော်ဆက်မတွေးရဲတော့ပါ။ သူတို့ရဲ့နောက်မှာ အားကိုးအားထားလောက်စရာ မရှိတော့လို့သာပေါ့။ လူတိုင်းဟာ ဘဝတစ်လျှောက်လုံး ဘယ်လောက်ပဲ ကြမ်းတမ်းခဲ့သည်ဖြစ်စေ နေမဝင်ခင် နောက်ဆုံးအချိန်လေးမှာတော့ သက်တောင့်သက်သာနေချင်ကြမှာပါ။
တစ်ခါကလည်း အဘိုးအဘွားစုံတွဲ လက်လေးတွဲလို့ တောင်ဝှေးလေးထောက်လို့ အလှူလိုက်ခံနေရှာတယ်။ အဝတ်အစားက ခပ်နွမ်းနွမ်းပေမယ့်။ ကျွန်တော်လှူပါတယ်။ အဲဒီအချိန်မှာ ကျွန်တော်ရတဲ့ လခနဲ့တတ်နိုင်သလောက်ပေါ့။ ဆရာမောင်သာချိုက သူ့ဆောင်းပါးပေါင်းချုပ်တစ်အုပ်မှာ ရေးခဲ့တဲ့ အလှူခံ အဘိုးအဘွားစုံတွဲများ ဖြစ်နေမလားလို့တောင် ကျွန်တော်ထင်မိပါတယ်။ ရင့်သီးတဲ့ အသုံးအနှုန်းမျိုး ကျွန်တော် မပြောထွက်ပါ။ ဒါကြောင့် အလှူခံလို့သာသုံးပါတယ်။ တစ်ချိန်တစ်ခါက အတော်အတန် ပြည့်စုံခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် အိုမင်းလာချိန်မှာ နွမ်းပါးနေတဲ့ ဘိုးဘွားတွေ ဘယ်လောက်များ ရှိနေပါသလဲ။ လှူဖို့မဆိုထားနဲ့ ထမင်းစားဖို့အတွက်တောင် ဈေးရောင်းရင်း အလှူခံထွက်ရင်း ဘဝရဲ့ နောက်ဆုံးအချိန်ကို ဖြတ်သန်းနေရတဲ့ အဘိုးအဘွားတွေအတွက် နားခိုရာဟာ ရှားပါးလှပါတယ်။
ဘိုးဘွားရိပ်သာတွေရှိတယ်ဆိုတာ အင်မတန်ကောင်းပါတယ်။ ဒါပေမယ့် ကျွန်တော်လေ့လာဖူးသလောက်တော့ ဘိုးဘွားရိပ်သာတွေက အဘိုးအဘွားတိုင်းကို လက်မခံပါဘူး။ လက်ခံဖို့အတွက် ရိပ်သာအလိုက် သတ်မှတ်ထားတဲ့ အချက်အလက်တွေဟာ အဘိုးအဘွားပေါင်း ဘယ်လောက်များများကို လမ်းတွေပေါ်မှာ အရွယ်လွန်ဈေးသည်တွေ၊ အလှူခံစားရတဲ့သူတွေ ဖြစ်စေခဲ့သလဲ။ ရိပ်သာတွေဆိုတာကလည်း အလှူရှင်တွေရဲ့ မတည်ငွေနဲ့ လည်ပတ်နိုင်အောင် ခြိုးခြံရုန်းကန်ရပ်တည်နေရတဲ့ ရိပ်သာတွေကများပါတယ်။ ရိပ်သာတွေက လက်ခံထားနိုင်မယ့်ဦးရေကလည်း အင်မတန်နည်းပါးပါတယ်။
ဘိုးဘွားရိပ်သာတွေအကြောင်းရိုက်ထားတဲ့ ဇာတ်လမ်းလေးတွေ ကျွန်တော်ကြည့်ခဲ့ဖူးပါတယ်။ ရိပ်သာမှာ မနေချင်တဲ့ဘိုးဘွားတွေလဲ ရှိမှာပါ။ နေချင်ရဲ့နဲ့ လက်ခံလို့မရတဲ့ရောဂါ၊ ထောက်ခံပေးမဲ့သူမရှိလို့ အစရှိသော ကျွန်တော်မသိနိုင်သေးတဲ့အကြောင်းပေါင်းများစွာဟာ မမြင်ရက်စရာ မြင်ကွင်းတွေဖြစ်လာပါတော့တယ်။

3 comments:
အဘွားတွေအတွက် စိတ်မကောင်းဖြစ်ခဲ့တာ
ကျွန်မလဲပါတယ်အကိုရေ။ဘ၀မှာအလုပ်ချင်
ဆုံးနှစ်ခုထဲမှာဘိုးဘွားရိပ်သာနဲ့ မိဘမဲ့ဂေဟာ
လေးဖွင့်ပေးချင်တာလဲပါပါတယ်။မြန်မာပြည်
မှာဘိုးဘွားရိပ်သာလေးတစ်ခုလုပ်ထားပါတယ်။
ကျွန်မတော့ဟုတ်ပါဘူး။ကျွန်မဖေဖေပါ။တကယ်
လိုအပ်တဲ့အဘိုးအဘွားတွေက များလွန်းတော့အကိုပြောသလိုပဲ မတတ်နိုင်ပါဘူး။ဖတ်လိုက်ရတာထပ်တူထပ်
မျှစိတ်မကောင်းဖြစ်သွားရပါတယ်။တောင်ငူ
နဲ့ခပ်ဝေးဝေးက ဇရပ်ကြီးဘက်ကိုတော့
မြန်မာပြည်မှာနေတုံးကနှစ်တိုင်းရောက်ဖူး
ပါတယ်။ဇရပ်ကြီးကတော်တော်လေးသွားရ
သေးတဲ့ရွာတစ်ရွာမှာ နှစ်တိုင်းအလှူလုပ်လို.
သွားဖြစ်တာပါ။ကျွန်မတို့အများကြီးမနိုင်ပါ
ဘူး။ဒါပေမဲ့နိုင်သမျှဝန်တွေကို တူတူဝိုင်းထမ်း
ကြတာပေါ့နော်။လေးစားပါတယ်အကို။
ညီမတို့ရဲ့ ရိပ်သာလေးအတွက် သာဓုခေါ်ပါတယ်
အပိုင်း ၂ လဲလာပါမယ်
ဒီပိုစ့်တွေကို အခုမှဖတ်ဖူးတယ်။ အဖိုး၊အဖွားတွေကို စောင့်ရှောက်သင့်ပါတယ်။ ကုသိုလ်ပြုနေသူတွေကိုလည်း အားကျပါတယ်။
July 21, 2008 10:32 AM
this comment was brought from extension of this post because delete of it - Taungoo)
Post a Comment