ကျောင်းဆင်းခေါင်းလောင်းထိုးသံ ထွက်ပေါ်လာသည့် မရှေးမနှောင်းမှာဘဲ မူလတန်းကျောင်းလေးရဲ့ စာသင်ခန်းအသီးသီးဆီမှ အဖြူအစိမ်းလေးများနှင့် ကလေးများ ထွက်လာကြသည်။ ပြေးသူကပြေး၊ လမ်းလျှောက်သူကလျှောက်ဖြင့် အိမ်အပြန်ခရီးမှာ တက်ကြွနေကြသည်။ ထိုအထဲမှာ အခြားကလေးများနဲ့ မတူခြားနားစွာ ပါလာသူလေး တစ်ယောက်ကတော့ ငိုမဲ့မဲ့မျက်နှာလေးဖြင့် တရွေ့ရွေ့ လျှောက်လာသည်။ ကျောင်းဝင်းတံခါးနားရောက်တော့ လာကြိုသည့် အမေလုပ်သူကိုလည်း မြင်ရော ပြေးဖက်ပြီး
"မေ့... ဟင့်..ဟင့်"
ပြိုမလိုမိုးနဲ့တူနေတဲ့ မျက်နှာထက်မှာ ရွှဲရွှဲစိုလာလေတော့သည်။ အမေလုပ်သူလည်း စိတ်ပူသွားပြီး
"ဟဲ့.. သားသားရယ် ဘာဖြစ်လာတာလဲ အမေ့ကိုပြောပါဦး"
ဆိုကာ ချော့မော့မေးတော့
"ဆရာမက စာရေးခိုင်းထားလို့ စာရေးနေတာ ဟင့်.. ဖိုးတုတ်က သားကို စကားလာပြောတယ် ဟင့်.. ဟင့်.. သားက ပြန်လည်းမပြောဘဲနဲ့ အဲဒါကို ဟင့်.. ဆရာမက သားကိုပါ ရိုက်တယ်" လို့ဖြေတယ်။
အမေလည်း ရုတ်တရက် သားကို ဘယ်လိုချော့ရမလဲ စဉ်းစားရတယ်။ အမှန်တော့ ဆရာမက စာသင်ချိန်မှာ စကားပြောလို့ ပြောတဲ့ကလေးရော နားထောင်တဲ့ကလေးရော နှစ်ယောက်စလုံးကို ရောပြီး ရိုက်လိုက်တာပါ။ သားဖြစ်သူက သူစကားပြန်မပြောဘဲနဲ့ အရိုက်ခံလိုက်ရတဲ့အတွက် ဝမ်းနည်းပြီး ဆရာမကို စိတ်ကွက်လာရှာတာလေ။ ဒီနေရာမှာ အမေရဲ့စကားက အတော့်ကို အရေးကြီးပါတယ်။ သားဖြစ်သူကို ရိုက်ရကောင်းလားဆိုပြီး ဆရာမကို သွားပြဿနာလုပ်မိရင် နောင်ဆို ကလေးက အမြဲမိဘအားကိုးနေလိမ့်မယ်။ ဆရာဆရာမတွေအပေါ်ကိုလည်း အမြင်စောင်းပြီး ဆိုဆုံးမရ ခက်သွားနိုင်တယ်။ ဒီတော့ အမေလုပ်သူလည်း ဆရာမအပေါ် သားငယ် အထင်မလွဲရလေအောင် ပြောရတော့တာပေါ့။ အမေက သားကို မေးလိုက်တယ်။
"ဖိုးတုတ် စကားလာပြောတော့ သားသားက နားထောင်မိသေးလား"
"ဟုတ်"
"သြော်.. သားသားရဲ့ ဆရာမက သားစကားပြောတယ်ဆိုပြီး ရိုက်တာမဟုတ်ပါဘူး။ သားက သူများစကားလာပြောတာ နားထောင်မိလို့ အရိုက်ခံလိုက်ရတာပါ" ဆိုပြီး သားကို နှစ်သိမ့်ပေးလိုက်တော့ ကလေးဟာ ကျေနပ်သွားတယ်။ အမေရဲ့ ဖြေရှင်းချက်လေးက ကလေးရဲ့ မျက်နှာလေးကို ကြည်လင်လာစေတော့တယ်။
နောက်တစ်နေ့ မနက်မှာတော့ ဆရာမဖို့ဆိုကာ ခြံထွက်နှင်းဆီပန်းလေးကိုင်ပြီး သနပ်ခါးအဖွေးသားနဲ့ ကျောင်းသွားဖို့ အဆင်သင့်ဖြစ်နေသော သားငယ်ကို ချစ်စဖွယ်တွေ့ရပါတော့တယ်။ ။

2 comments:
The way parents should teach children. Must be flexible and comforting!
will sure to teach my kiddie if he faces such situation in future!
:D
thanks once again for such a lovely post..
Post a Comment