တောင်ငူသား

..... စိမ်းလန်းပါစေ ကမ္ဘာမြေ ... ငြိမ်းချမ်းပါစေ ကမ္ဘာမြေ .....

Tuesday, April 7, 2009

တစ်ကျပ်ပေးပါ့မယ်


ကိုယ့်နိုင်ငံမှာဆိုရင်တော့ March လထဲ စဝင်ရင်ပဲ သင်္ကြန်အငွေ့အသက်လေးတွေ ရစပြုပြီ။ သင်္ကြန်တွေမှာ မိဘတွေနဲ့ ဘုရားဖူးမထွက်ဖြစ်ရင် တောင်ငူမှာပဲ နွှဲပါတယ်။ တောင်ငူသင်္ကြန်ကတော့ ကလေးဘဝတုန်းက သင်္ကြန်ကိုပဲ တမ်းတမိပါတယ်။

အိမ်က ဗိုလ်မှူးဖိုးကွန်းလမ်းမှာဆိုတော့ မစည်ဘူးဆိုတဲ့နှစ်တောင် ရေပက်ခံထွက်တဲ့သူက မပြတ်ပါဘူး။ မောင်နှမဝမ်းကွဲတွေအပြင် အိမ်နားနီးချင်းကလေးတွေပါ အိမ်မှာပဲ စုပက်ကြတာများတယ်။ သင်္ကြန်တိုင်းမှာ အကြိုနေ့မနက်ကနေ အတက်နေ့ညနေ မိုးစုပ်စုပ်ချုပ်တဲ့အထိ ရေပက်ရမှ ကျေနပ်ပါတယ်။ ခိုက်ခိုက်တုန်မှ သိမ်းပါတယ်။ အဖေက ရေကို ပီပါနဲ့ ကြိုဖြည့်ပေးထားတယ်။ ညနေပိုင်းတွေဆို ရေခဲတုံးတွေဝယ် ဇလုံကြီးထဲ ထည့်စိမ်ပြီး ပက်ကြတယ်။ ရေပက်ခံထွက်တဲ့သူတွေဆီက

“အောင်မလေး အေးလိုက်တာဗျ ရေခဲရေနဲ့ ပက်တယ်ဗျို့”

ဆိုတဲ့ အသံပြန်ကြားရရင် အရမ်းပျော်တယ်လေ။

အကြိုနေ့မတိုင်ခင် ပြင်ဆင်မှုအနေနဲ့ အချိုရည်သတ္တုဗူးခွံတွေကို သံမံတလင်းမှာ တိုက်သွေးပြီး အဝကို ဖောက်ထားပါတယ်။ ခွက်စောင်းခုတ်မလို့ပါ။ ဗူးထဲမှာ ရေသုံးပုံတစ်ပုံလောက်ထည့် အောက်ခြေက လက်တစ်ဖက်နဲ့ မြဲမြဲကိုင်ပြီး လူရှိရာကို ခုတ်ချရင် ရေအားက အသားအတော်နာပါတယ်။ အမူးသမားတွေ ရေလာလုရင် ဆော်ပလော်တီးဖို့ပါ။ အမတွေကို ရေလာလောင်းတဲ့ ငနဲသားတွေကို ပြန်ဆော်တဲ့ လက်နက်အဖြစ်လဲသုံးပါတယ်။

အကြိုနေ့နံနက်ကတည်းက ကျွန်တော်ကတော့ စပက်ပါပြီ။ Steel Pipe လေးနဲ့ပါ။ Steel Pipe မှာမှ တချို့က အားပိုကောင်းပြီး ရေအားစူးတဲ့ခေါင်းကို လဲတပ်ပြီး သုံးကြပါတယ်။ ကျွန်တော့်လက်စွဲတော် ပိုက်လေးကတော့ ရိုးရိုးပဲမို့ အပြိုင်ပက်ကြရင် သိပ်မတိုးပါဘူး။ ချာတိတ်တချို့က အဖွဲ့လိုက် ခြေလျင်ထွက်ကြတယ်။ အဲဒီကောင်တွေလာရင် ပိုက်နဲ့ ပြိုင်ထိုးကြတော့တာပဲ။ ပြိုင်ပက်လို့ မနိုင်ရင် ပီပါပုံးထဲ ရေဖြည့်တဲ့ ပိုက်နဲ့ပြန်ထိုးပါတယ်။ အဲဒါမှ မနိုင်ရင် ဘာလုပ်တယ်ထင်ပါသလဲ။ ခြံထဲဝင်ပြေးပါတော့တယ်။ အာဂ သတ္တိပါ။

ကျွန်တော်တို့ ရေအမြဲပက်နေကြ ဖောက်သည် ဦးလေးကြီးတစ်ယောက် ရှိတယ်။ ကလေးတွေဆိုတော့ ဖြတ်သွားတဲ့သူတိုင်းကို ရေစိုအောင်မပက်နိုင်ပါဘူး။ အဲဒီ ဦးလေးကြီးကတော့ တစ်ကိုယ်တော်လမ်းလျှောက်ပြီး အမြဲရေပက်ခံထွက်နေကြပါ။ သူလာရင် ကျွန်တော်တို့ စိတ်ကြိုက် ရွှဲနစ်နေအောင် ဝိုင်းပက်ကြပြီးမှ ဆက်သွားပါတယ်။ ခွက်စောင်းခုတ်လည်း ပြုံးပြုံးပါပဲ။ ကလေးတွေပေမယ့် ကြာတော့ ခွက်စောင်းခုတ်ရမှာ အားနာလာကြတယ်။

တစ်မနက်မှာတော့ အဒေါ်ကြီးတစ်ယောက် စက်ဘီးမှာ လက်ဆွဲခြင်းကြီးချိတ်ပြီး ဖြည်းဖြည်းလေး နင်းလာပါတယ်။ ရေပက်မလို့ အသင့်ပြင်ထားတဲ့ ကျွန်တော်တို့ ကလေးတစ်သိုက်ကိုလည်းမြင်ရော အဒေါ်ကြီးက ကြောက်အားလန့်အားနဲ့-

“မပက်ပါနဲ့ကွယ် ရပ်ပေးပါ့မယ်”

ဆိုပြီး သူ့စက်ဘီးလဲမှာစိုးလို့ ပြောတယ်။ အဲဒါကို ဟောဒီက ကျွန်တော်က

“မပက်ပါနဲ့ကွယ် တစ်ကျပ်ပေးပါ့မယ်”

လို့ နားကြားလွဲပါတယ်။ ပြီးတော့ ငြိမ်မနေသေးပါဘူး။

“ဟေ့ မပက်ကြနဲ့ကွ ဒီအဒေါ်က တစ်ကျပ်ပေးလိမ့်မယ်”

လို့လဲ အော်မိရော အားလုံးဝိုင်းရယ်ကြတော့တာပေါ့။ ဒီတော့မှ ကျွန်တော်လည်း ကိုယ့်ဟာကိုယ် မှားမှန်းသိပြီး ရှက်ရှက်နဲ့ အိမ်ထဲဝင်ပြေးတာ အဲဒီမနက်က ရေဆက်မပက်လိုက်ရပါဘူး။ ။
------------------------------------------------------------------------------------------------------
[ဒီပုံလေးကို ရက်ရောတဲ့ ကိုဆူး ဆီကနေ ခဏယူသုံးထားပါတယ်]

6 comments:

အချိန် အခါမဟုတ် သင်္ကြန်ကိုလွမ်းသွားတယ်ကို တောင်ငူသားရဲ့။
 
တစ်ကျပ်တကယ်ပေးရင် ပက်ပါဝူး..:D
 
တောင်ငူသားရေ
ကျမက တော့တစ်ကျပ်မပေးဘူး။ ပက်ချင်ပက်လိုက် ဟော့တော့ ရေတွေရွှဲကုန်ပြီ.....
 
အော်..ဗိုလ်မှူးဖိုးကွန်းလမ်းမှာနေတာကိုး..။
တို့တွေနေခဲ့တုန်းက မိုင်ဒါကွင်းနားမှာ..လမ်းနံမယ်တောင် မမှတ်မိတော့ဘူး..:P .. နှစ်ပေါင်းအစိတ်တောင်ကြာခဲ့ပြီကိုး..။

အဲဒီတုန်းက ကလေးဆိုတော့ တစ်ကျပ်ပေးရင်တကယ်မပက်ဘူးဆိုတဲ့ သဘောပေါ့နော်..ခုရော..ဟင်
 
ဟဟား.. အကြားကတော့ ကောင်းပါ့..
ဖတ်ရတာ ပေါ့ပေါ့ပါးပါးလေး.. ကောင်းမှကောင်း..
 
ပိုက်ဆံ ၁ ကျပ် မရလိုက်ပဲ အိမ်ထဲ ၀င်ပြေးရတာပဲ အဖတ်တင်သွားခဲ့တာပေါ့။ အမှတ်တရလေးပါပဲ။
 

Popular Posts