တောင်ငူသား

..... စိမ်းလန်းပါစေ ကမ္ဘာမြေ ... ငြိမ်းချမ်းပါစေ ကမ္ဘာမြေ .....

Saturday, May 30, 2009

ရေတံခွန်ဆင်းပြီ


ကျီးပါးစပ်နားက အကြော်ဆိုင်ရဲ့ အောက်ဖက်ကနေ ရေတံခွန်ဆင်းတဲ့ ဖြတ်လမ်းကို ရောက်ပါတယ်။ အရင်က ဒီဖြတ်လမ်း မရှိသေးဘူးလို့ သိရတယ်။ တောထဲ ထင်းဝါးရှာသူတွေ သွားတဲ့လမ်းလို့ ပြောတယ်။ လမ်းက တောက်လျှောက် အဆင်းချည်းပါပဲ။ မတ်တဲ့နေရာက မတ်တယ်။ အပေါ်ကနေ ဆင်းရင် လမ်းတစ်ဝက်လောက်ထိက အရိပ်မရှိဘူး။ လမ်းလေးက လူတစ်ကိုယ်စာလောက်ပဲ။ ဘေးမှာက တောင်စောင်း ဆင်းလျှောတွေရှိတယ်။ အဝေးက မြင်နေရတဲ့ ရှုခင်းတွေကတော့ တော်တော်လှတယ်။

လမ်းမှာ တောထဲက အပင်တွေခုတ်ပြီး တောင်ပေါ်ကို ထမ်းတင်နေတာ တွေ့ခဲ့တယ်။ တောင်တက်လမ်းက ဈေးဆိုင်တွေကြတော့ အဲဒီမျှောတိုင်တွေနဲ့ပဲ တိုင်ထူကြတယ်။ ဒီခရီးကို ရိုးရိုးတက်ဖို့ မပြောနဲ့ အဆင်းတောင် သတိထားဆင်းရတယ်။ မတော်လို့ ချော်ကျရင် နောက်လူတွဲခေါ်ဖို့တောင် မလွယ်ဘူး။ သူတို့ခမျာတော့ အတက်ကို သစ်လုံးထမ်းပြီး တက်ရရှာတယ်။ အဲဒီသစ်တစ်လုံးကို တန်ဖိုးဘယ်လောက်လဲတော့ မမေးခဲ့မိဘူး။ အမျိုးသမီးပါ အမျိုးသားနဲ့တန်းတူ သယ်တာဗျ။

လမ်းတစ်ဝက်နားရောက်မှ တောထဲ အပင်တွေကြားထဲ ရောက်လာတယ်။ အရိပ်ရလာတယ်။ ရေတံခွန်က ပြန်တက်လာတဲ့ အဖွဲ့တချို့လည်း တွေ့တယ်။ သူတို့ တော်တော်ဟိုက်နေကြပြီ။ လမ်းက ဖြတ်လမ်းဖြစ်တာရယ် လူသိနည်းသေးတာရယ်ကြောင့် ရေတို့ အချိုရည်တို့ ရောင်းတဲ့ ဆိုင်တော့ သိပ်များများမရှိပါဘူး။ အရိပ်လေးတွေ ရှိတဲ့ နေရာတချို့မှာတော့ ဝါးထိုင်ခုံလေးတွေ လုပ်ထားတာတွေ့တယ်။ ဒါလည်း သိပ်တော့မများပါဘူး။

လမ်းတစ်နေရာက ကရင်မိသားစုဆိုင်လေးကို ဖြတ်တော့ သူတို့ တောထဲက အမဲလိုက်လာတာတဲ့။ ဖြူကောင် နှစ်ကောင်နဲ့ ချေ(ဂျီ)ပေါင်တစ်ဖက်။ နောက်တစ်နေရာမှာ သင်းခွေချပ်တစ်ကောင်လဲ တွေ့ခဲ့တယ်။ အရှင်တော့ မဟုတ်ဘူး။ အသေပဲ။

ရေတံခွန်နားနီးလာတော့ ရေသံတွေ ကြားရတယ်။ ရေတံခွန်ရဲ့ အပေါ်ပိုင်းကို အရင်ရောက်တယ်။ အဲဒီမှာက ကျောက်တုံးတွေနဲ့ စမ်းချောင်းလေး စီးနေတယ်။ ထမင်းဆိုင်တစ်ဆိုင်တော့ရှိတယ်။ တောဆိုင်လေးပေါ့။ စားတဲ့သူတော့ စားနေကြတာပဲ။ ရေတံခွန်ကိုတော့ မမြင်ရသေးဘူး။ အဲဒီနေရာကနေ ရေတံခွန် ထိပ်ပိုင်းကို သွားလို့ရတယ်။ တချို့တော့ ဓါတ်ပုံသွားရိုက်ကြတယ်။ ရေတံခွန်ရှိတဲ့ အောက်ပိုင်းကို သွားဖို့ တောင်နံရံဘေးမှာ ကပ်ပြီး ဖောက်ထားတဲ့ တစ်ကိုယ်စာလမ်းလေးကနေ ဆင်းရတယ်။ အောက်ခံမြေသားက စိုပြီး ချော်နေတော့ သတိထားရတယ်။ ဘေးမှာတော့ ချောက်ရှိတယ်။ နွယ်ကြိုးကို ကိုင်ပြီး ကျောက်တုံးတွေကြားကနေ ဖြည်းဖြည်းဆင်းရတယ်။

ကျွန်တော်တို့ သွားတဲ့အချိန်က ဒီဇင်ဘာလဆိုတော့ ရေနည်းနေပါပြီ။ ရေတံခွန်ဆိုတာက ရေများလေ ကြည့်လို့လှလေပါပဲ။ ရေတံခွန်ရှိတဲ့ အောက်ပိုင်းမှာ ပတ်ဝန်းကျင် တစ်ခုလုံးက သစ်ကြီးဝါးကြီးတွေနဲ့ အုံ့ဆိုင်းနေပေမယ့် နေရောင်တော့ ရပါတယ်။ ဓါတ်ပုံရိုက်လို့တော့ သိပ်မကောင်းဘူး။ အပျော်တမ်းကင်မရာ ဖြစ်နေတာလဲ ပါမယ်။

ရေတံခွန်က ရေကျတဲ့ နေရာတစ်ဝိုက်မှာ ရေအိုင်အသေးလေးလို ဖြစ်နေတယ်။ ဘေးတစ်ဖက်က ကျောက်တောင်နံရံနဲ့ နောက်တစ်ဖက်က ဆင်းလာခဲ့တဲ့ တောင်စောင်းပါ။ ရေတံခွန်က လွင့်လာတဲ့ ရေမှုန်မွှားလေးတွေ လာလာစင်တော့ အေးနေတာလေးက နေလို့ကောင်းတယ်။


ကျဉ်းနေတဲ့ တောင်နံရံနှစ်ခုကြားက ရေတံခွန်စီးသွားတဲ့ စမ်းချောင်းကို အပြည့်ပိတ်ပြီး ရေတံခွန် စားသောက်ဆိုင်ဆိုပြီး ဖွင့်ထားပါတယ်။ အဲဒီဆိုင်ဆီကို သစ်သားတံတားလေးနဲ့ ဆက်ထားတယ်။ ဘုရားဖူးတွေ အလာများတဲ့ ရာသီချိန်မှာပဲ ဒီဆိုင်က ဖွင့်တာပါ။ ဘုရားဖူးတစ်ရာသီ ကုန်တာနဲ့ ဆိုင်ဆောက်ထားတဲ့ တိုင်တွေ အခင်းတွေ သစ်သားချောင်းတွေ အကုန်လုံးကို ပြန်ဖျက်ပြီး သယ်ရပါတယ်တဲ့။


ဆိုင်မှာက ထမင်းကြော်၊ ဗူးသီးကြော်၊ ကော်ပြန့်ကြော်၊ စမူဆာနဲ့ အပူအအေး၊ ရေသန့် စတာတွေ ရပါတယ်။ ဆိုင်မှာတင် ကြော်ရောင်းတာပါ။ ရေသန့်ဘူးကတော့ ထားပါတော့။ အအေးပုလင်းတွေကို သယ်ရောင်းရတာတော့ မလွယ်ပါဘူး။ ပုလင်းခွံတွေကို တစ်ခါပြန်သယ်ရပါသေးတယ်။ ဆိုင်က ရောင်းပေးတဲ့ ဈေးကလည်း သိပ်တော့မများပါဘူး။ ဒီလိုနေရာမျိုးထိ လာရောင်းပေးတာကိုပဲ ကျေးဇူးတင်ရပါသေးတယ်။ ဒီဆိုင်ရောက်တော့လည်း ဇာတ်လိုက်ကျော် လမ်းပြဂိုက်က ဘာမှ ကျွေးမရပြန်ဘူးခင်ဗျ။ အအေးသောက်ဆိုတော့လည်း မသောက်ပါဘူး။ ရေတံခွန်က ပြန်တက်မှ ဇာတ်လိုက် ဘာမှ ကျွေးမရတဲ့အကြောင်း သိခဲ့ရတယ်။

“ရေတံခွန်စားသောက်ဆိုင်” ဆိုတဲ့ ဆိုင်းဘုတ်မှာ ရေးထားတဲ့ စာသားတစ်ကြောင်းကတော့ ထူးခြားတယ်ခင်ဗျ။
“အမျိုးကောင်းသား အမျိုးကောင်းသမီး ရတနာများ စားသုံးသည်” တဲ့။ ကျွန်တော်တို့လည်း အမျိုးကောင်းသားလေးတွေ ဖြစ်အောင် အားပေးခဲ့ပါတယ်။

Bonus
“Happy World” ကြော်ငြာ ပြက္ခဒိန်လေးတွေ သစ်ပင်တွေမှာ ကပ်ပေးသွားတာ တွေ့ခဲ့ရတယ်ခင်ဗျ။ တောထဲတောင်ထဲ ပြက္ခဒိန်ကြည့်ချင်ရင် အဆင်ပြေတာပေါ့။


ကျိုက်ထီးရိုးခရီးတစ်လျှောက် အတက်ရော အဆင်းရော တောထဲတောင်ထဲမှာရော အထူးသဖြင့် ဆိုင်သေးသေးလေးတွေပါမကျန် အများဆုံးရောင်းနေကြတဲ့ ရေသန့်ဗူးကတော့ “Alpine” သောက်ရေသန့်ပဲ ဖြစ်ပါတယ်။ ယခုကဲ့သို့ ကြုံကြိုက်တုန်း ကြော်ငြာဝင်ပေးရတဲ့ အကျိုးကြောင့် “Alpine” လို တောင်ပေါ်မြေပြန့် တောတောင်နေရာအနှံ့ အောင်မြင်မှုရှိတဲ့ လုပ်ငန်းမျိုး ပိုင်ဆိုင်နိုင်ရပါလို၏။း)

Tuesday, May 26, 2009

ကျီးပါးစပ်

ညဦးပိုင်း ရင်ပြင်တော်ပေါ်တက်ပြီး ဘုရားဝတ်ပြု၊ ပဋ္ဌာန်းရွတ်၊ ပရိတ်ရွတ်ပြီး အေးတာနဲ့ ဟိုတယ်ဖက် ပြန်လာခဲ့တယ်။ ဟိုတယ်နားက လက်ဖက်ရည်ဆိုင်မှာ ခဏထိုင်ပြီး နက်ဖြန်အတွက် ခွန်အားပြည့်အောင် စောစောအိပ်လိုက်တယ်။ မနက်နိုးတော့ ၈နာရီထိုးပြီးပြီ။ ဟိုတယ် မနက်စာ အချိန်ကျော်ရင် လွတ်သွားမှာမို့ သူငယ်ချင်းကို နှိုးပြီး မြန်မြန်ပြင်ဆင်ရတယ်။ မနက်စာ စားပြီးတာနဲ့ ရင်ပြင်တော်ပေါ်တက် ဘုရားကန်တော့ပြီး ကျီးပါးစပ်ဆင်းဖို့ ဦးတည်လိုက်တယ်။ ရေတံခွန်ကို သွားမယ် မသွားဘူးကို မနေ့ကတော့ သူငယ်ချင်းနဲ့ ငြင်းရသေးတယ်။ ဒီနေ့မနက်ကျတော့ အိပ်ရေးဝပြီး လန်းဆန်းနေလို့ ရေတံခွန်ထိ ဆင်းမယ်လို့ နှစ်ယောက်သား ဆုံးဖြတ်လိုက်ကြတယ်။

ရင်ပြင်တော်ကနေ ကျီးပါးစပ်သွားတဲ့ဖက် လှေကားနားရောက်တော့ ချာတိတ်လေးတစ်ယောက်က ရေတံခွန်ကို လမ်းပြလိုက်ပေးရမလားဆိုပြီး လာမေးတယ်။ နောက်ဆုံးတစ်ခေါက်တုန်းက ရေတံခွန်ဆိုပြီး ဆင်းသွားကြတာ တစ်ဖွဲ့လုံး မျက်စိလည်ပြီး ရေတံခွန်မရောက်ဘဲ ရေကန်ပဲ ရောက်ခဲ့တယ်။ ဒါက တစ်ချက်။ နောက်တစ်ချက်က လမ်းပြလုပ်တဲ့ ကလေးတွေခမျာ ဘုရားဖူးတွေလာမှ၊ ရေတံခွန်လည်းသွားမှ၊ သူတို့ကိုလည်း ခေါ်ဦးမှ မုန့်ဖိုးလေး ရရှာတာလေ။ နှစ်ယောက်တည်း သွားရမဲ့အတူတူ သူတို့ကို လမ်းပြခေါ်တော့ လမ်းမှာလည်း အဖော်ရတယ်၊ ခရီးလည်းတွင်တယ်၊ သူတို့လေးတွေလည်း မုန့်ဖိုးရတယ်ဆိုပြီး လိုက်ခဲ့ကွာဆိုပြီး ခေါ်လိုက်ပါတယ်။ ဂိုက်နဲ့ ရေတံခွန်ဆင်းခဲ့တာပေါ့။

ဇာတ်လိုက်ကို ကျီးပါးစပ်အရင် သွားမယ်ဆိုတော့ ရတယ်တဲ့။ ကျီးပါးစပ်ကနေ ရေတံခွန်ထိကို ဖြတ်လမ်းရှိတယ်၊ ပိုမြန်တယ်တဲ့။ အရင်က အပေါ်နည်းနည်းပြန်တက်ပြီးမှ ဘုန်းကြီးကျောင်းတွေ ဖြတ်ပြီး သွားရတာ။ အဲဒီလမ်းက လမ်းကြောရှည်ပေမယ့် လှေကားထစ်တွေ ရှိသလို နည်းနည်းလည်း ပြေတယ်ပြောရမယ်။ ရင်ပြင်တော်ကနေ ကျီးပါးစပ်သွားတဲ့ လမ်းတစ်လျှောက်မှာတော့ ဈေးဆိုင်လေးတွေ ခပ်စိပ်စိပ်တွေ့ရတယ်။ မူလတန်းကျောင်းလေးတစ်ကျောင်းလည်း တွေ့ခဲ့တယ်။


ကျီးပါးစပ်ရောက်တော့ ဂူထဲတော့ ဝင်လည်းဝင်ဖူးတဲ့အပြင် အကြောင်းသိပြီးသားမို့ မဝင်ဖြစ်တော့ဘူး။ အပြင်မှာပဲ အလှူငွေထည့်လိုက်တယ်။ ကျီးပါးစပ်ထဲ အကြွေစေ့ပစ်ဖို့ လဲတော့ တစ်ပုံကို ငါးရာဆိုလား။ အကြွေစေ့ငါးစေ့ပဲ ပါတယ်။ လှမ်းပစ်လို့ ကျောက်နံရံနဲ့ ထိပြီး ပြန်ကျလာရင် ခင်းထားတဲ့ သစ်သားပြားတွေကြားကနေ အောက်ကို မကျသွားခင် ပြန်ကောက်ရတယ်။ ဘယ်ရမလဲ ပြန်ကျလာရင် အကြွေစေ့ပစ်တဲ့ အခြားကလေးတွေနဲ့ လုကောက်ရတာပဲ။ ပျော်စရာကြီး။ အကြွေစေ့မဝင်ဘဲ ပြန်လှည့်မသွားချင်ဘူး။ အကြွေစေ့ ငါးစေ့ထဲနဲ့ ဝင်အောင်ပစ်နိုင်လို့ တော်သေးတယ်။း)


ကျီးပါးစပ်မရောက်ခင်နားမှာ အကြော်ဆိုင်တွေ ရှိတယ်။ ချောက်ကမ်းပါးဖက်ကို ထောက်နဲ့ လေသာဆောင်ထုတ်ပြီး ဆိုင်ဖွင့်ထားတာ။ ဆိုင်လေးကလည်း ထိုင်ချင်စရာ၊ အကြော်တွေကြည့်တော့လည်း ပူပူနွေးနွေးရှိတာနဲ့ ခဏထိုင်ဖြစ်တယ်။ ရှုခင်းကတော့ လေတဖြူးဖြူးနဲ့ တော်တော်ထိုင်လို့ကောင်းပါတယ်။ ဇာတ်လိုက်ကျော်ကတော့ အကြော်ခေါ်ကျွေးတာ မစားဘူးခင်ဗျ။ သြော် ဒီကလေးတွေ သူတို့ စည်းကမ်းလေးနဲ့ သူတို့ နေမှာပါလေလို့ ထင်မိပါတယ်။ စားကြည့်တော့မှ အကြော်ကတော့ စားလို့မကောင်းဘူး။ နှစ်ပြန်ကြော်တင် မကလောက်ဘူး ဘယ်နှစ်ပြန်လောက် ကြော်ပြီးပြီလဲမသိဘူး။ ဆီတွေ ဝနေတော့ တစ်ခုလောက်နဲ့တင် အီလိုက်တာ။ ဇာတ်လိုက်က အကြောင်းသိလို့ မစားတာဖြစ်မယ်။


ဆိုင်အဝမှာ ဗန်းတွေနဲ့ ဂျီသား၊ ဆတ်သား၊ တောကြက်နဲ့ ယုန်သား ဆိုပြီး အလေးချိန်နဲ့ ရောင်းတယ်။ ချက်ချင်းကြော်ပေးတယ်။ အခြားကောင်တွေထက် ကာလာကွဲနေတဲ့ ရွှေယုန်ကိုပဲ အစစ်လို့ ကိုယ့်ဘာသာ ယူဆပြီး ကြုံတုန်း မြည်းခဲ့တယ်။ အဲဒီတစ်ပန်းကန်ကို မြန်မာငွေ သုံးထောင်တဲ့။ တောင်ဂျင်းနဲ့ ကြော်ပေးတာတဲ့။ ဂျင်းနဲ့လေးကတော့ မွှေးနေတာပဲ။ ယုန်သားက ချိုတော့ ချိုတယ်ဗျ။ အသားကလည်း နုနုလေးပဲ။ စစ်မယ်ထင်တာပဲလေ။ စားတာပေါ့။

Saturday, May 16, 2009

ကျောက်ထပ်ကြီးသို့


ဘုရားဝတ်ပြုပြီးတော့ ရင်ပြင်တော်ပေါ်ကနေ ထမင်းဆိုင်တန်းတွေဖက် ဆင်းခဲ့တယ်။ မနက်စာ အဝစားထားလို့ မွန်းတည့်ချိန် ကျော်နေပေမယ့် မဆာဘူးဖြစ်နေတယ်။ နေ့တစ်ဝက် အချိန်ရတုန်း ကျောက်ထပ်ကြီးဖက်ထိ သွားခဲ့လိုက်တယ်။ ဘုရားဖူးတွေအနေနဲ့ တောင်ပေါ်ရောက်လို့ ကျိုက်ထီးရိုးဘုရားကြီး ဖူးမျှော်ပြီးတာနဲ့ အချိန်ရရင် ရသလို ပတ်ဝန်းကျင်က တောင်စွယ်တောင်တန်းတွေပေါ်မှာ တည်ထားတဲ့ ဘုရားစေတီတွေဆီ ဘုရားလည်းဖူးရင်း တောတောင်သဘာဝလည်း ခံစားရင်း သွားကြလေ့ရှိပါတယ်။ အထူးသဖြင့် လူငယ်ပိုင်းတွေ တက္ကသိုလ်ကျောင်းသားအရွယ်တွေ အသွားအများဆုံးပါပဲ။ တောလမ်းခရီးတစ်လျှောက် တက်လိုက် ဆင်းလိုက် လှမ်းလျှောက်ရင်း လမ်းမှာ အမောပြေ နားနေစရာ အစားအသောက်ရောင်းတဲ့ ဆိုင်တွေ နီးနီးတစ်ခါ ဝေးဝေးတစ်လှည့် ရှိပါတယ်။ တောထဲတောင်ထဲမှာမို့ ရေတစ်ပေါက်ရဖို့ ခက်ခဲလှပေမယ့် တချို့ဆိုင်တွေက သပ်သပ်ယပ်ယပ် သန့်သန့်ရှင်းရှင်း ပြင်ဆင်ရောင်းချတာ တွေ့ရသလို၊ ဝင်နားချင်စရာ မကောင်းလောက်တဲ့ ဆိုင်အပြင်အဆင်တွေလည်း တွေ့ရတယ်။

ရင်ပြင်တော်ကနေ ကျောက်ထပ်ကြီးဖက်ကို သွားရင် တကယ် လမ်းဆုံးက ကျောက်ထပ်ကြီး မဟုတ်သေးဘဲ ဆက်သွားနိုင်သေးတယ်လို့ ကြားဖူးတယ်။ ကျွန်တော်တော့ ကျောက်ထပ်ကြီးအထိပဲ ရောက်ဖူးပါတယ်။ ကျောက်ထပ်ကြီးစေတီကို ကျောက်တုံးကြီးနှစ်တုံး ထပ်နေတဲ့ပေါ်မှာ တည်ထားတာ ဖူးတွေ့ရပါတယ်။ ဘုရားဖူးတွေအနေနဲ့ စေတီကို ရွှေသင်္ကန်းခုနစ်ဆိုင်းပြည့်အောင်လှူရင် ကြိုးမင်းသားဆိုတဲ့ ပုဂ္ဂိုလ်က လှေကားကတစ်ဆင့် ကြိမ်နွယ်ကြိုးကနေ ကျောက်တုံးကြီးပေါ် တက်သွားပြီး ရွှေသင်္ကန်းလှူပေးတယ်။ လှူပြီးရင် အဲဒီကျောက်တုံးကြီးပေါ်ကနေ လက်နှစ်ဖက်လွှတ်ပြီး ကြိမ်နွယ်ကြိုးနဲ့ အောက်ကို ဇောက်ထိုး လျှောဆင်းပါတယ်။ တစ်ဦးတည်းမဟုတ်လည်း ဘုရားဖူးအဖွဲ့တွေ စုပေါင်းပြီး ရွှေသင်္ကန်း ခုနစ်ဆိုင်းပြည့်အောင် လှူလည်း တက်လှူပေးပါတယ်။


ရင်ပြင်တော်ကနေ ကျောက်ထပ်ကြီးထိ သွားတဲ့လမ်းတစ်လျှောက် ကျောက်တုံး ကျောက်ဆောင်တွေပေါ်မှာ စေတီတွေ တည်ထားတာ အများကြီးပါပဲ။ စေတီတိုင်းမှာ အလှူခံတွေ ရှိကြပါတယ်။ အချို့အလှူခံအဖွဲ့တွေမှာ လိုတာထက်ကို လူတွေ ပိုများနေတယ်လို့ ထင်နေမိတယ်။ အရင် ကျောင်းသားဘဝ သွားခဲ့စဉ်ကတော့ အကြောင်းမသိသေးလို့ စေတီတစ်ဆူ ဝင်ဖူးပြီးရင် တော်တော်နဲ့ နောက်ဆစ်ဆူဆီ မကူးနိုင်ကြပါဘူး။ သူငယ်ချင်း မိန်းကလေးတွေပါ သွားကြတုန်းကဆို သူတို့တွေ အားနာတတ်တာကြောင့် အလှူခံတွေ ပြောသမျှ ပြီးဆုံးအောင် နားထောင်နေရပါတယ်။ ကြုံဖူးခဲ့တာကတော့ စေတီတစ်ဆူရောက်လို့ ဝင်လိုက်တာနဲ့ အလှူငွေထည့်ဖို့ ပြောဟောပါတယ်။ ဘုရားကန်တော့ပြီးလို့ ကိုယ်တတ်စွမ်းသမျှ အလှူငွေထည့်တယ်ဆိုရင် ထည့်တဲ့ငွေပမာဏကို ကြည့်ပြီး ပိုမိုထည့်ချင်လာအောင် ပြောဆိုအလှူခံပါတယ်။ ဥပမာ နှစ်ရာကျပ် ထည့်မယ်လုပ်ရင် ရေတစ်ထမ်းကို သုံးရာပဲကျပါတယ်လို့ ငွေတစ်ရာ ပိုထည့်ချင်အောင် ပြောပါတယ်။ လှူတဲ့သူဖက်ကလည်း ငွေတစ်ရာ ပိုထည့်လိုက်ရုံနဲ့ ရေတစ်ထမ်းစာအလှူ ဖြစ်မြောက်သွားတယ်ဆိုတော့ သူသူကိုယ်ကိုယ် ထပ်ထည့်မိတော့တယ်။ ဒါက တစ်ဦးချင်းစီ ကြုံတွေ့ရတာပါ။



အဖွဲ့လိုက်သွားကြလို့ တစ်ယောက် တစ်ရာမျိုး နှစ်ရာမျိုး စုပေါင်းထည့်ကြလို့ အလှူငွေက တစ်ထောင်နှစ်ထောင်လောက် ဖြစ်သွားပြီဆို သုံးလေးထောင်လောက် လှူသွားအောင် တဖြည်းဖြည်းတိုးပြောပြီး အလှူခံကြပါတော့တယ်။ အလှူခံစားပွဲပေါ်မှာ တစ်ထောင်နှစ်ထောင်က စလို့ သောင်းဂဏန်းကြီးကြီးထိ အလှူခံစရာ အကြောင်းအရာတွေပါတဲ့ စာရွက်တွေကို ပလပ်စတစ်လောင်းထားတဲ့ ကတ်ပြားတွေ ရှိနေတတ်တယ်။ အဖွဲ့လိုက်သွားတဲ့အခေါက်က ကျီးပါးစပ်ဂူထဲကို ပထမဆုံး စဝင်ဖူးတယ်။ ဂူထဲမှာ နေရာမဆံ့လို့ အလှည့်ကျ တုံကင်နဲ့ ဝင်ရတယ်။ အထဲရောက်တော့ ဘုရားကန်တော့ပြီး အလှူငွေထည့်ကြဖို့ ငွေစုလိုက်တာနဲ့ ကတ်ပြားထုတ်ပါတော့တယ်။ သမိုင်းကြောင်းတွေ ဇာတ်လမ်းတွေနဲ့ ဘယ်လိုအကျိုးပေးထူးမှာ စသဖြင့် ပြောဟောလိုက်တာ အဖွဲ့ထဲက မိန်းကလေးတွေမှာ ချက်ချင်း ဘာလှူမယ် ညာလှူမယ်နဲ့ သောင်းဂဏန်းလောက် ကုန်ကျမယ့်အလှူတစ်ခု ထည့်မယ်ဖြစ်ကုန်တယ်။ ကျွန်တော်တို့ ယောက်ျားလေးတွေလည်း အဲဒီအချိန်က အဲဒီငွေဟာ မနည်းလွန်းတဲ့ ပမာဏမို့ အခြားသူငယ်ချင်းတွေ ဟိုတယ်မှာ ကျန်ခဲ့လို့ ပြန်တိုင်ပင်ဦးမယ် ဘာညာပြောပြီး အလှူငွေအချို့ထည့် အသာလက်ကုတ်ပြီး အမြန်ပြန်ထွက်ခဲ့ရတယ်။ အကြောင်းမသိသေးတဲ့ မိန်းကလေးတွေ နားလည်အောင် နောက်မှ ပြန်ရှင်းပြရတယ်။

အခုတစ်ခေါက်ကတော့ ငါးကြိမ်မြောက်ဖြစ်လို့ နည်းနည်းတော့ သဘောပေါက်သွားပါပြီ။ အဲဒါကြောင့် ရတဲ့ နေ့တစ်ဝက်အချိန်လေးကို ကိုယ်သွားမဲ့ ကျောက်ထပ်ကြီးထိ ဘယ်မှ မဝင်ဘဲ တောက်လျှောက်သွားမယ် ဆုံးဖြတ်လိုက်တယ်။ လမ်းမှာ ဖြတ်သွားတဲ့အခါမှာတော့ ထုံးစံအတိုင်း ဘုရားဝင်ဖူးဖို့ ခေါ်ပါတယ်။ အပြန်မှ ဝင်ဖူးပါမယ်ပြောပြီး ဆက်သွားတော့ သိပ်မကြည်လင်တဲ့ စကားတချို့ မကြားတကြား ထွက်လာပါသေးတယ်။


တောလမ်းခရီးတစ်လျှောက် ရှူးဖိနပ်စီးထားတာ အဆင်ပြေပေမယ့် စေတီတွေ ရှိတဲ့နေရာတွေကို ဖြတ်သွားတဲ့ အခါမှာတော့ အတော် ကသီပါတယ်။ အလှူခံအဖွဲ့က သွားလမ်းတစ်လျှောက်လုံးအပြည့် အခင်းတွေ ခင်း အမိုးတွေ မိုးထားတော့ ဖိနပ်မချွတ်ဘဲ ဖြတ်သွားဖို့ရာ မသင့်တော်ဘူးလေ။ အဲဒီတော့ တစ်လမ်းလုံး ခြေအိတ်ချွတ် ဖိနပ်ချွတ်၊ ခြေအိတ်ဝတ် ဖိနပ်ဝတ်နဲ့ အလုပ်များပါရော။ အကောင်းဆုံးကတော့ ပေါ့ပါးပြီး အလွယ်တကူ စီးနိုင် ချွတ်နိုင်တဲ့ ဖိနပ်တွေနဲ့ဆို အဆင်အပြေဆုံးပါပဲ။ အချိန်ကုန် သက်သာပါတယ်။


ကျောက်ထပ်ကြီးရောက်တော့ အခြားအဖွဲ့တွေပါ ရှိတာနဲ့ ရွှေဆိုင်း ခုနစ်ဆိုင်းစာ ပြည့်သွားလို့ ကြိုးမင်းသားရဲ့ စွန့်စားခန်းကို မြင်ခဲ့ရပါတယ်။ ဗွီဒီယိုင်ဖိုင်ကို နောက်မှ တင်ပေးပါမယ်။ လမ်းတစ်လျှောက်မှာ တည်ထားတဲ့ စေတီတွေက အများအပြားပါ။ စေတီတိုင်းမှာ အလှူခံအဖွဲ့တွေ ရှိကြပါတယ်။ အပြောအဟောလည်း ကောင်းသလို လှူချင်အောင်လည်း ပြောတတ်ပါတယ်။ ဒါပေမယ့် ကိုယ့်ရဲ့ သဒ္ဓါတရားနဲ့ တတ်နိုင်တဲ့ ဝန်အားကို ချိန်ဆပြီး လှူတတ်ဖို့တော့ လိုပါတယ်။ အလှူခံအဖွဲ့တွေ ဘာကြောင့် ဒီလောက် အားတက်သရော အလှူခံနေကြတာလဲ ဆိုတာကတော့ သူတို့ကိုယ်တိုင် အသိဆုံးဖြစ်ပါလိမ့်မယ်။


ညနေမစောင်းခင်မှာပဲ ရင်ပြင်တော်ဖက် ပြန်ရောက်ခဲ့တယ်။ “ကြူကြူဝင်း” ဆိုတဲ့ ဆိုင်မှာ နေ့လယ်စာနဲ့ ညစာ ပေါင်းစားလိုက်ရတယ်။ ထမင်းဆိုင်တွေက အတော်သန့်ရှင်း သပ်ယပ်နေပါပြီ။ လူခေါ်တဲ့နေရာမှာလည်း ဆိုင်တွေရဲ့ ရှေ့မှာ တားထားတဲ့ စည်းအတွင်းကပဲ ခေါ်ကြပါတယ်။ အတင်းကာရော ဆွဲခေါ်ရောင်းတာမျိုး လုံးဝ မတွေ့ရတော့ပါဘူး။ ထမင်းပူပူ ဟင်းရည်ပူပူ ငပိရည် တို့စရာ အသီးရွက် စုံလင်စွာနဲ့ တော်တော်လေး မြိန်ရှက်ခဲ့တဲ့ ထမင်းတစ်နပ် ဖြစ်ခဲ့ပါတယ်။

Saturday, April 25, 2009

ကျိုက်ထီးရိုး ဆံတော်ရှင်


ဘုရားဝတ်ပြုဖို့ ရင်ပြင်တော်ပေါ် တက်ခဲ့တယ်။ ကြည်ညိုဖွယ်ရာ ကျိုက်ထီးရိုးဘုရားရဲ့ သပ္ပါယ်မှုဟာ ဘယ်နှစ်ကြိမ်ဖူးဖူး အသစ်သစ်သော သဒ္ဓါပီတိစိတ်ကို ဖြစ်ပေါ်စေပါတယ်။ ဆယ့်ငါးနှစ်အတွင်း ငါးခေါက် ရောက်ခဲ့ရာမှာ တစ်ခေါက်ထက် တစ်ခေါက် အဆောက်အဦးတွေ တဖြည်းဖြည်း များပြားလာတယ်။ ရင်ပြင်တော်ပေါ် တက်လာတဲ့ လမ်းတစ်လျှောက်မှာရော ရင်ပြင်တော်နဲ့ တစ်ဆက်တည်းမှာရော ဂေါပက၊ ပုဂ္ဂလိက၊ ဌာနဆိုင်ရာ တည်းခိုဆောင်တွေ ဓမ္မာရုံတွေ အစီအရီ တွေ့ရတယ်။ နေ့ခင်းပေမယ့် တောင်ပေါ်လေ တဖြူးဖြူးနဲ့မို့ အပူဒဏ် မရှိသလောက်ပါပဲ။ နေ့ခင်းပိုင်းတော့ အာရုဏ်ခံတန်ဆောင်းထဲမှာ ဘုရားဖူးရှင်းပါတယ်။ ညပိုင်းတော့ အပြင်မှာက အေးလဲအေး၊ ပိုးကောင်တွေကလည်း များတော့ အချိန်ကြာကြာ ပုတီးစိပ်သူ တရားထိုင်သူများနဲ့ အပြည့်ပါပဲ။


အာရုဏ်ခံတန်ဆောင်း


Collection of Donation Boxes

ပင်မအလှူခံဌာနမှာ ရွှေသင်္ကန်း ဝယ်ယူပူဇော်နိုင်သလို ဘုရားသမိုင်းစာအုပ်၊ ဘုရားသမိုင်း ရုပ်ပြစာအုပ်များလည်း ဝယ်ယူနိုင်ပါတယ်။ ရေ၊ ကျောက်ပြား၊ အဆောက်အဦး၊ ကားလမ်း၊ လျှပ်စစ်မီး၊ ဘက်စုံ စသဖြင့်လည်း နှစ်သက်ရာ သီးသန့်လှူနိုင်ပါတယ်။ ဘေးမှာတော့ ကြေးဆည်းလည်း၊ မီးဆလိုက် အရွယ်စုံကို ဝယ်ယူလှူဒါန်းနိုင်ပါတယ်။ ကမ္ဗည်းလည်း ခဏအတွင်း ထိုးပေးပါတယ်။ ကြေးဆည်းလည်းလေးတွေကို ဘုရားကျောက်လုံးတော်ကြီးအနီးက စတီးလက်ရန်းများမှာ ကိုယ်တိုင်ချိတ်ဆွဲ လှူဒါန်းလို့ရပါတယ်။ ရွှေသင်္ကန်းတစ်ဆိုင်းကို ၉၀၀ ကျပ် ပေးရပြီး ထောင်တန်ပေးလိုက်လို့ ပြန်အမ်းဖို့လိုအပ်ရင် ငွေအကြွေအစား ဘုရားပုံ အသေးလေးတွေ ပြန်ရတတ်ပါတယ်။


ပင်မအလှူခံဌာန

မီးဆလိုက်၊ ကြေးဆည်းလည်းများ ပူဇော်ရန် အလှူခံဌာန


သိမ်တော်ကြီး

ရင်ပြင်တော် ဆေးပေးခန်း


ရင်ပြင်တော်ပေါ်အတက် အဝင်မုခ်ဦး

တောင်ပေါ်တက်တဲ့ ကားတွေနဲ့ ကင်ပွန်းစခန်းကနေ ရသေ့တောင်စခန်းအထိကို လူတစ်ဦး ၁၈၀၀ ကျပ်နှုန်းနဲ့ လိုက်ပါနိုင်ပါတယ်။ ရသေ့တောင်ကနေ ရင်ပြင်တော် မုခ်ဦးနားထိ (အထက်ပါပုံ) ကိုတော့ တစ်ယောက် ၁၂၀၀ ကျပ်နဲ့ ဆက်တက်လို့ရပါတယ်။ ဘုရားဖူး အများစုကတော့ ရသေ့တောင်ရောက်ရင် အထက်ကို ခြေလျင်ပဲ ဆက်တက်ကြပါတယ်။ ဒါကြောင့်လည်း ရသေ့တောင်နဲ့ ရင်ပြင်တော်မုခ်ဦးအထိ သွားတဲ့ လမ်းတစ်လျှောက်မှာ အတက်သမားရော အဆင်းသမားပါ တွေ့ရသလို ကျိုက်ထိုဟော်တယ်နား ရောက်တဲ့အထိ ဈေးဆိုင်တန်းတွေနဲ့ စည်ကားနေပါတယ်။ ကျိုက်ထိုဟော်တယ် အနားမှာ “Moutain Top” ဟိုတယ်နဲ့ မနီးမဝေးမှာ အခြားဟော်တယ်တစ်လုံးလည်း ရှိပါသေးတယ်။ ဟော်တယ်တွေက ဧည့်သည်တွေ ရင်ပြင်တော်ဖက်ထိ မသွားချင်ရင်ပဲဖြစ်ဖြစ်၊ အချိန်လင့်သွားရင်ပဲဖြစ်ဖြစ် အနီးနားက အစားအသောက်ဆိုင်တွေမှာ လမ်းလျှောက်ရင်း သွားထိုင်ကြပါတယ်။ ညလုံးပေါက် မဟုတ်တောင် တော်တော်ညဥ့်နက်တဲ့အထိ သီချင်းသံတွေနဲ့ပါ။ ဈေးတော့ နည်းနည်းကြီးတယ် ပြောရမယ်။

Thursday, April 9, 2009

သြော် နဂါးအိုင်

“သြော် နဂါးအိုင်” လေးကို စတွေ့တာက မနေ့ကမှဗျ။ “သြော် နဂါးအိုင်” သတင်း ကြားကြားချင်းပဲ ရောက်အောင် သွားဖြစ်လိုက်တယ်။ “သြော် နဂါးအိုင်” ကို ရောက်သွားတယ်ဆိုရင်ပဲ ကျွန်တော်တို့ မြန်မာတွေအတွက် အဆင်ပြေတယ်ဆိုတာ အသေအချာ သိလိုက်ရတယ်။

“သြော် နဂါးအိုင်” ဆိုတာက အလွယ်တကူမှတ်မိအောင် ကျွန်တော့်ဘာသာ ကြံဖန်မှတ်ထားတဲ့ စကားလုံးပါ။ ဘယ်နေရာရောက်ရောက် မြန်မာဖောင့်ရှိတဲ့ ကွန်ပြူတာဖြစ်ရုံနဲ့ လိုအပ်လာရင် အလွယ်တကူ ဖွင့်နိုင်အောင် စာလုံးပေါင်းကို မှတ်သားထားတာပါ။ နာမည်ဖျက်တာ မဟုတ်ရပါဘူးခင်ဗျာ။ ကျောင်းတုန်းက အရေးကြီးတဲ့စာတွေကို မမေ့မလျော့အောင် အတိုကောက်လေးတွေ၊ ကဗျာပိုင်းလေးတွေထုတ်ပြီး ကိုယ့်သင်္ကေတနဲ့ကိုယ် မှတ်သားကြတဲ့ သဘောမျိုးပါ။ “OR (သြော်)_NA ()_ GA( ဂါး) _I (အိုင်)” အဲလို ပေါက်ပေါက်ရှာရှာမှတ်လိုက်တာပါ။

သူ့ရဲ့ အမည်အပြည့်အစုံက http://www.ornagai.com/ ပါ။
သူ့အကြောင်းကို စသိခဲ့တာက ကိုမောင်လှ ဆီကပါ။
သူ့အကြောင်းကို ပိုသိသွားတာက ကိုဒီဘီအေ ဆီမှာပါ။

သူ့ဆီသွားလိုက်လို့ရှိရင် အင်္ဂလိပ်လိုရိုက်ပြီး မြန်မာလို အဓိပ္ပါယ်ရှာနိုင်တဲ့ “အင်္ဂလိပ်-မြန်မာ အဘိဓါန်” မြန်မာလိုရိုက်ပြီး အင်္ဂလိပ်စာလုံးကို ရှာနိုင်တဲ့ “မြန်မာ-အင်္ဂလိပ် အဘိဓါန်” ကို အလွယ်တကူသုံးလို့ရပါတယ် ။ ဘာ Software မှ Download ဆွဲစရာမလိုဘဲနဲ့ Internet ချိတ်ထားပြီး ဇော်ဂျီ font ရှိတဲ့ ကွန်ပြူတာတိုင်းမှာ သူ့ website ကို ဖွင့်လိုက်ရုံနဲ့တင် သုံးလို့ရတယ်။ စာလုံးတစ်လုံးကို ရိုက်ရှာလိုက်ရင် အဓိပ္ပါယ်ချင်း ဆက်စပ်တဲ့ စာလုံးတွေကိုပါ တဆက်တည်း ဖော်ပြပေးပါတယ်။

ဒါ့အပြင် ကိုယ် ရိုက်ရှာကြည့်တဲ့ စကားလုံး မရှိသေးဘူးဆိုရင်လည်း နောင်လာနောက်သားများအတွက် အဆင်ပြေအောင် စေတနာထား၍ ထည့်သွင်းပေးသွားလို့လဲ ရပါတယ်။ အနီးနားက အဘိဓါန်စာအုပ် တစ်အုပ်အုပ်ထဲက ရှာဖွေပြီးတော့ ထပ်ပေါင်းထည့်ပေးဖို့ပါ။ အဲဒါမှလည်း တဖြည်းဖြည်းနဲ့ စာလုံးရေတွေ များများလာပြီး လူတိုင်းအတွက် ပိုမိုအသုံးဝင်လာမှာဖြစ်ပါတယ်။

ကိုယ့်ရဲ့ Mobile handset လေးတွေထဲလည်း ထည့်သုံးနိုင်ပါသေးတယ်။ ဒါပေမယ့် handset တိုင်းတော့ မရပါဘူး။ http://www.ornagai.com/site/mobile ကို သွားရင်တော့ handset ထဲ ထည့်တဲ့အကြောင်းနဲ့ ဘယ် handset တွေမှာ သုံးလို့ရတယ် ဆိုတာလေးတွေပါ မြင်ရမှာပါ။

အဲဒီမှာ Download ဆွဲထားတဲ့ file ကို ပြန်ဖြည်ပြီး ကိုယ့်ရဲ့ handset ထဲကို ကူးထည့်လိုက်ပါ။ ကျွန်တော်ကတော့ application အောက်မှာ အဲဒီ file ကို သိမ်းလိုက်ပါတယ်။ ကူးပြီးပြီဆိုရင် အဲဒီကို သွားလိုက်ပြီး install ကို နှိပ်လိုက်ရင် သူ့ဟာသူ လုပ်သွားပါလိမ့်မယ်။ next next တောင် လုပ်နေဖို့ မလိုပါဘူး။ ပြီးပြီဆိုရင်တော့ start နှိပ်ပြီး တန်းသုံးလို့ရပါပြီ။ ဒါက သုံးလို့ရတဲ့ handset တွေမှာ ပြောတာပါ။ ကျွန်တော့် handset လေးကတော့ ကံကောင်းထောက်မစွာနဲ့ အဆင်ပြေသွားပါတယ်။


“သြော် နဂါးအိုင်” ရေ ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ။

Tuesday, April 7, 2009

တစ်ကျပ်ပေးပါ့မယ်


ကိုယ့်နိုင်ငံမှာဆိုရင်တော့ March လထဲ စဝင်ရင်ပဲ သင်္ကြန်အငွေ့အသက်လေးတွေ ရစပြုပြီ။ သင်္ကြန်တွေမှာ မိဘတွေနဲ့ ဘုရားဖူးမထွက်ဖြစ်ရင် တောင်ငူမှာပဲ နွှဲပါတယ်။ တောင်ငူသင်္ကြန်ကတော့ ကလေးဘဝတုန်းက သင်္ကြန်ကိုပဲ တမ်းတမိပါတယ်။

အိမ်က ဗိုလ်မှူးဖိုးကွန်းလမ်းမှာဆိုတော့ မစည်ဘူးဆိုတဲ့နှစ်တောင် ရေပက်ခံထွက်တဲ့သူက မပြတ်ပါဘူး။ မောင်နှမဝမ်းကွဲတွေအပြင် အိမ်နားနီးချင်းကလေးတွေပါ အိမ်မှာပဲ စုပက်ကြတာများတယ်။ သင်္ကြန်တိုင်းမှာ အကြိုနေ့မနက်ကနေ အတက်နေ့ညနေ မိုးစုပ်စုပ်ချုပ်တဲ့အထိ ရေပက်ရမှ ကျေနပ်ပါတယ်။ ခိုက်ခိုက်တုန်မှ သိမ်းပါတယ်။ အဖေက ရေကို ပီပါနဲ့ ကြိုဖြည့်ပေးထားတယ်။ ညနေပိုင်းတွေဆို ရေခဲတုံးတွေဝယ် ဇလုံကြီးထဲ ထည့်စိမ်ပြီး ပက်ကြတယ်။ ရေပက်ခံထွက်တဲ့သူတွေဆီက

“အောင်မလေး အေးလိုက်တာဗျ ရေခဲရေနဲ့ ပက်တယ်ဗျို့”

ဆိုတဲ့ အသံပြန်ကြားရရင် အရမ်းပျော်တယ်လေ။

အကြိုနေ့မတိုင်ခင် ပြင်ဆင်မှုအနေနဲ့ အချိုရည်သတ္တုဗူးခွံတွေကို သံမံတလင်းမှာ တိုက်သွေးပြီး အဝကို ဖောက်ထားပါတယ်။ ခွက်စောင်းခုတ်မလို့ပါ။ ဗူးထဲမှာ ရေသုံးပုံတစ်ပုံလောက်ထည့် အောက်ခြေက လက်တစ်ဖက်နဲ့ မြဲမြဲကိုင်ပြီး လူရှိရာကို ခုတ်ချရင် ရေအားက အသားအတော်နာပါတယ်။ အမူးသမားတွေ ရေလာလုရင် ဆော်ပလော်တီးဖို့ပါ။ အမတွေကို ရေလာလောင်းတဲ့ ငနဲသားတွေကို ပြန်ဆော်တဲ့ လက်နက်အဖြစ်လဲသုံးပါတယ်။

အကြိုနေ့နံနက်ကတည်းက ကျွန်တော်ကတော့ စပက်ပါပြီ။ Steel Pipe လေးနဲ့ပါ။ Steel Pipe မှာမှ တချို့က အားပိုကောင်းပြီး ရေအားစူးတဲ့ခေါင်းကို လဲတပ်ပြီး သုံးကြပါတယ်။ ကျွန်တော့်လက်စွဲတော် ပိုက်လေးကတော့ ရိုးရိုးပဲမို့ အပြိုင်ပက်ကြရင် သိပ်မတိုးပါဘူး။ ချာတိတ်တချို့က အဖွဲ့လိုက် ခြေလျင်ထွက်ကြတယ်။ အဲဒီကောင်တွေလာရင် ပိုက်နဲ့ ပြိုင်ထိုးကြတော့တာပဲ။ ပြိုင်ပက်လို့ မနိုင်ရင် ပီပါပုံးထဲ ရေဖြည့်တဲ့ ပိုက်နဲ့ပြန်ထိုးပါတယ်။ အဲဒါမှ မနိုင်ရင် ဘာလုပ်တယ်ထင်ပါသလဲ။ ခြံထဲဝင်ပြေးပါတော့တယ်။ အာဂ သတ္တိပါ။

ကျွန်တော်တို့ ရေအမြဲပက်နေကြ ဖောက်သည် ဦးလေးကြီးတစ်ယောက် ရှိတယ်။ ကလေးတွေဆိုတော့ ဖြတ်သွားတဲ့သူတိုင်းကို ရေစိုအောင်မပက်နိုင်ပါဘူး။ အဲဒီ ဦးလေးကြီးကတော့ တစ်ကိုယ်တော်လမ်းလျှောက်ပြီး အမြဲရေပက်ခံထွက်နေကြပါ။ သူလာရင် ကျွန်တော်တို့ စိတ်ကြိုက် ရွှဲနစ်နေအောင် ဝိုင်းပက်ကြပြီးမှ ဆက်သွားပါတယ်။ ခွက်စောင်းခုတ်လည်း ပြုံးပြုံးပါပဲ။ ကလေးတွေပေမယ့် ကြာတော့ ခွက်စောင်းခုတ်ရမှာ အားနာလာကြတယ်။

တစ်မနက်မှာတော့ အဒေါ်ကြီးတစ်ယောက် စက်ဘီးမှာ လက်ဆွဲခြင်းကြီးချိတ်ပြီး ဖြည်းဖြည်းလေး နင်းလာပါတယ်။ ရေပက်မလို့ အသင့်ပြင်ထားတဲ့ ကျွန်တော်တို့ ကလေးတစ်သိုက်ကိုလည်းမြင်ရော အဒေါ်ကြီးက ကြောက်အားလန့်အားနဲ့-

“မပက်ပါနဲ့ကွယ် ရပ်ပေးပါ့မယ်”

ဆိုပြီး သူ့စက်ဘီးလဲမှာစိုးလို့ ပြောတယ်။ အဲဒါကို ဟောဒီက ကျွန်တော်က

“မပက်ပါနဲ့ကွယ် တစ်ကျပ်ပေးပါ့မယ်”

လို့ နားကြားလွဲပါတယ်။ ပြီးတော့ ငြိမ်မနေသေးပါဘူး။

“ဟေ့ မပက်ကြနဲ့ကွ ဒီအဒေါ်က တစ်ကျပ်ပေးလိမ့်မယ်”

လို့လဲ အော်မိရော အားလုံးဝိုင်းရယ်ကြတော့တာပေါ့။ ဒီတော့မှ ကျွန်တော်လည်း ကိုယ့်ဟာကိုယ် မှားမှန်းသိပြီး ရှက်ရှက်နဲ့ အိမ်ထဲဝင်ပြေးတာ အဲဒီမနက်က ရေဆက်မပက်လိုက်ရပါဘူး။ ။
------------------------------------------------------------------------------------------------------
[ဒီပုံလေးကို ရက်ရောတဲ့ ကိုဆူး ဆီကနေ ခဏယူသုံးထားပါတယ်]

Saturday, April 4, 2009

တောင်ပေါ်က ကျိုက်ထိုဟော်တယ်

ကျိုက်ထိုဟော်တယ်ရောက်တော့ နေမွန်းတည့်လုပြီ


ဧည့်ကြိုဆောင်

booking ယူကတည်းက ငွေချေပြီးသားမို့ အခန်းမရမှာ မပူရတော့ဘူး။ ရန်ကုန်ရုံးမှာ အခန်းငှားတုန်းက အသက်သာဆုံးအခန်းကိုပေးပါ ဆိုတာတောင် တစ်ရက်ကို ကျပ်နှစ်သောင်းခွဲ ပေးရပါတယ်။ breakfast ပါပါတယ်။ ထမင်းကြော်+ ကြက်ဥကြော် ဒါမှမဟုတ် ပေါင်မုန့်မီးကင်+ယို၊ထောပါတ် နှစ်သက်ရာ ရွေးချယ်နိုင်ပါတယ်။ ကော်ဖီတစ်ခွက်ကတော့ လူတိုင်းသုံးဆောင်နိုင်သလို ရေနွေးကြမ်းလည်း တောင်းလို့ရပါတယ်။ အိပ်ရာထနောက်ကျရင်တော့ ထမင်းကြော်ကုန်သွားလို့ ခဏစောင့်နေရတာမျိုး ရှိနိုင်ပါတယ်။


ကျိုက်ထိုဟော်တယ်က နှစ်ထပ်တည်းခိုဆောင်

ရန်ကုန်ရုံးမှာ ငွေရှင်းထားတဲ့ ဘောက်ချာရယ် မှတ်ပုံတင်ရယ် ပေးလိုက်တော့ ဝန်ထမ်းတစ်ယောက်က နေရမယ့်အခန်းကို လိုက်ပို့တယ်။ နှစ်ထပ်ဆောင်ရဲ့ အောက်ထပ် အစွန်ဆုံးအခန်းရပါတယ်။ အောက်ထပ်ဖြစ်လို့ အပေါ်ထပ်က အသံတော့ နည်းနည်းရှိပါတယ်။ အခန်းက နှစ်ယောက်စာအတွက်ဆိုရင်တော့ အတော်ကို ကျယ်ပါတယ်။ ရေချိုးခန်း အိမ်သာက တွဲလျက်ပါပေမယ့် အခင်းကိုတော့ ကြွေပြားကပ်မထားပါဘူး။ ရေပူရေအေးပိုက် တပ်ထားပေမယ့် ကျွန်တော်တို့တည်းခဲ့တဲ့ နှစ်ရက်လုံးလုံး ရေအေးနဲ့သာ နှစ်ပါးသွားခဲ့ရပါတယ်။ အခန်းထဲမှာ ဓါတ်ဗူးအလွတ်နဲ့ ဖန်ခွက်တွေရှိပါတယ်။ ရေနွေးကြမ်းလိုရင်လည်း တောင်းလို့ရပါတယ်။ ရေသန့်ဗူးကတော့ တစ်ရက်ကို နှစ်ယောက်အတွက် ဘူးသေးနှစ်ဗူးပဲပေးပါတယ်။


ညပိုင်းတွေမှာတော့ မီးမလာတဲ့ အချိန်တွေဆိုလည်း မီးစက်နှိုးပေးထားပါတယ်။ ဧည့်သည်အရမ်းပါးတဲ့အချိန်တော့ မပြောတတ်ပါဘူး။ ကျွန်တော်တို့တည်းနေတဲ့ အချိန်ကတော့ အပြည့်အကျပ်မဟုတ်ပေမယ့် စည်စည်ကားကားပါပဲ။ အားလုံးခြုံကြည့်ရင် ကျိုက်ထိုဟော်တယ်မှာ တည်းရတာကို သဘောကျပါတယ်။ အခန်းခနှုန်းနဲ့ ဝန်ဆောင်မှုကို ကြည့်ရင် တောင်ပေါ်အနေအထားနဲ့ သင့်တင့်မျှတတယ်လို့ ပြောရပါမယ်။ နောက်ပြီး အင်တာနက်လည်း သုံးလို့ရပါသေးတယ်။ တစ်နာရီကို နှစ်ထောင်လို့ ထင်ပါတယ်။ မသုံးခဲ့လို့ အတိကျမမှတ်မိတော့ပါဘူး။ ဒီတစ်ခေါက်မှာ ကျိုက်ထိုဟော်တယ်က အခန်းတွေ အတော်ကို များနေပါပြီ။ အသစ်ထပ်ဆောက်ထားတဲ့ လုံးချင်းတွေလည်း မနည်းပါဘူး။


ကျိုက်ထိုဟော်တယ်ရှေ့က View Point ဆိုင်လေးကတော့ အေးစိမ့်စိမ့်လေတဖြူးဖြူးနဲ့ အဝေးက တောတောင်ရှုခင်းတွေကို ကြည့်ရင်း အရမ်းထိုင်လို့ကောင်းတဲ့ နေရာတစ်ခုပါ

Saturday, March 28, 2009

ရသေ့တောင်မှ အတက်

ရသေ့တောင်တော်စခန်း

ရသေ့တောင်တော်စခန်းက ကားလမ်းခရီးတစ်ဆင့် ဂိတ်ဆုံးပါတယ်။ လေးဆယ့်ငါးမိနစ်လောက်ပဲ ကြာပါတယ်။ ကင်ပွန်းစခန်းကနေ ရသေ့တောင်စခန်းအထိကို ကားခက ၁၈၀၀ ကျပ် (နောက်ခန်း)ပါ။ ရသေ့တောင်ကနေ တောင်ပေါ်အထိကတော့ ၁၂၀၀ ကျပ်ပါ။ ဘုရားဖူးအများစုကတော့ ရသေ့တောင်ထိပဲ ကားနဲ့တက်ကြပြီး ရသေ့တောင်ကနေ တောင်ပေါ်ထိကိုတော့ ခြေလျင်တက်ကြလေ့ရှိပါတယ်။ တလောက သတင်းတစ်ပုဒ်မှာ ရသေ့တောင်ကနေ တောင်ပေါ်ထိ ဘုရားဖူးများကို ကားနဲ့ တက်ခွင့်မပြုတော့ဘဲ ကုန်ပစ္စည်းများတင်ဆောင်မှုသာ ခွင့်ပြုတော့တယ်လို့ ဖတ်လိုက်ရပါတယ်။


ကားပေါ်မှာ အဲဒီ အဘဝဝရဲ့ ဘေးမှာ ထိုင်မိတော့ ကားကွေ့တဲ့အခါ အဘဖက် စောင်းကွေ့ရင် ဆိုဖာကြီးလိုဖြစ်ပြီး ကျွန်တော့်ဖက် စောင်းကွေ့တဲ့အခါမှာတော့...

တောင်ပေါ်တက်တဲ့ကားပေါ်မှာ ကျွန်တော်တို့ရှေ့နား ထိုင်တဲ့လူတစ်ယောက်က ရသေ့တောင်ရောက်ရင် ကျွန်တော်တို့နှစ်ယောက်ရဲ့ အိတ်တွေ(ကျောပိုးအိတ်နှစ်လုံးထဲ)ကို သူထမ်းပါရစေတဲ့။ သူဟာ အထမ်းသမားဖြစ်တဲ့အကြောင်း တောင်ခြေခဏဆင်းရင်း အခုပြန်တက်လာတာဖြစ်ကြောင်း ပြောပါတယ်။ ကျွန်တော်တို့လည်း အထမ်းသမားတွေရဲ့ စည်းကမ်းတွေ ဘယ်လိုရှိတယ်ဆိုတာကို မသိတာမို့ သူ့ကမ်းလှမ်းချက်ကို လက်ခံလိုက်မိပါတယ်။ ရသေ့တောင်စခန်းရောက်တော့ အထမ်းသမားကွပ်ကဲရေးရုံးကျော်မှ သူထမ်းလို့ရမှာဖြစ်လို့ အဲဒီရုံးကျော်တဲ့အထိ တက်လာခဲ့ဖို့ ပြောပြီး တက်သွားပါတော့တယ်။ အဲဒီအချိန်မှာ အထမ်းသမားကွပ်ကဲရေးရုံးက အကျီမှာ နံပါတ်ပါသော အထမ်းသမားများကို ရုံးမှအစီအစဉ်ဖြင့် ငှားရမ်းသယ်ဆောင်မှသာလျှင် တစ်စုံတစ်ခု ဖြစ်ပါက ဖြေရှင်းပေးမည်ဖြစ်ကြောင်း ကြေညာသံကြားရတော့မှ ကျွန်တော်တို့လည်း ဆုံးဖြတ်ချက်စောသွားကြောင်း သိလိုက်ရတော့တယ်။ ရုံးကနေတဆင့် ငှားသယ်နိုင်ပေမယ့် ဟိုလူကို ပြောလိုက်မိတာကြောင့် အားနာလို့ရယ် ဟိုလူကလည်း သူစောင့်နေတဲ့ဆီကနေ လှမ်းကြည့်နေတာရယ်ကြောင့် မငှားဖြစ်ပဲ ဆက်တက်ခဲ့ကြတော့တယ်။ လမ်းဘေး သစ်ပင်အောက်လေးတွေမှာတော့ ဆယ်ကျော်သက်ဝန်းကျင် အထမ်းသမားလေးတွေ(သူတို့မှာ နံပါတ်တပ်ထားတဲ့ အကျီလေးတွေ ဝတ်ထားကြတယ်)က ကျောပိုးအိတ်တစ်လုံး သယ်ခ တစ်ထောင်ဖြစ်ကြောင်း ရုံးကနေတစ်ဆင့် ငှားရကြောင်း တတွတ်တွတ် ပြောသူက ပြောပေးနေကြပါတယ်။ ဟိုလူမထမ်းခင် ဈေးအရင်မေးကြည့်တော့ တစ်လုံးကို ကျပ်တစ်ထောင့်ငါးရာနဲ့ သုံးထောင်တောင်းပါတယ်။ လမ်းမှာ ကလေးတွေ ပြောနေတဲ့ ဈေးကို ကြားထားလို့ ဈေးဆစ်လိုက်တော့ တစ်လုံးတစ်ထောင်နဲ့ ရပါတယ်။ ပြီးတာနဲ့ ကျောပိုးအိတ်နှစ်လုံးကို ရှေ့နောက်တစ်လုံးစီလွယ်ပြီး ရှေ့ကနေတက်သွားလေရဲ့။ ဒါတောင် ကလေးတွေက လျှောက်ပြောနေတာ တကယ်ငှားတော့မယ်ဆိုရင် အဲဒီဈေးနဲ့ မရဘူးလို့လဲ ပြောပါသေးတယ်။
နံပါတ်တပ် အကျီနဲ့ အထမ်းသမားတစ်ဦး

ခြေလျင်ခရီးဆိုပေမယ့် ကွန်ကရစ်ကားလမ်း အတိုင်းသာ တက်ကြတာပါ။ တောလမ်းက တက်ချင်တဲ့သူတွေအတွက်လည်း လမ်းညွှန်ထားတာရှိပါတယ်။ ရသေ့တောင်ကနေ တောင်ပေါ်အထိ ကားလမ်းတစ်လျှောက်မှာတော့ အတက်အဆင်း ဘုရားဖူးတွေနဲ့ စည်ကားပါတယ်။ ခြေလျင်တက်ပြီးမှ ဆက်မတက်နိုင်တော့လို့ လမ်းတစ်ဝက်ကနေ အထမ်းငှားချင်တဲ့သူတွေကို စောင့်ထမ်းပေးဖို့ အထမ်းစင်လေးတွေ နေရိပ်မှာ ချထားပြီး စောင့်နေတာမျိုးလည်းရှိပါတယ်။ လမ်းတစ်လျှောက်လုံး အစားအသောက်ဆိုင်တွေနဲ့ လက်ဆောင်ပစ္စည်းဆိုင်တွေ တော်တော်များများတွေ့ရတယ်။ ကျွန်တော်တို့တော့ ဖြည်းဖြည်းချင်းပဲ ဟိုကြည့်ဒီကြည့်လုပ်လိုက် ဓါတ်ပုံရိုက်လိုက်နဲ့တက်သွားတာ “ကျိုက်ထိုဟော်တယ်” ရောက်တဲ့အထိ တစ်နာရီတောင် ကြာသွားပါတယ်။ :D


ဒီအောက်က စာပိုဒ်လေးတွေကတော့ ပထမဆုံးအကြိမ် ရောက်ဖူးစဉ်က အကြောင်းလေးတွေကို ဖြည့်စွက်ရေးထားတာပါ။ ပုံတွေကတော့ အခုရိုက်ခဲ့တဲ့ပုံတွေပါ။

အထမ်းသမားလေးဦးထမ်းတဲ့ အထမ်းစင် (ဝါ) ဝေါယာဉ်

ပထမဆုံးအကြိမ် ရောက်ဖူးတုန်းက ကျွန်တော် ခြောက်တန်းနှစ်မှာ။ ကျွန်တော်တို့ရောက်တဲ့ မနက်က တောင်ပေါ်တက်တဲ့ကားလမ်း ဖွင့်ပွဲနေ့ (၁၉၉၂ ဇန်နဝါရီ ၄ ရက် ဖြစ်မယ်ထင်ပါတယ်)။ ဒါပေမယ့် ဖွင့်စမို့ ကားနဲ့ သိပ်မတက်ရဲကြသေးဘူး။ အတက်မှာ အမေက ကျန်းမာရေးကြောင့် ဝေါယာဉ်အထမ်းနဲ့ တက်ရတယ်။ ဝေါယာဉ်အထမ်းဆိုတာက သစ်သား ပက်လက်ကုလားထိုင်ကို ခပ်တောင့်တောင့် ဝါးလုံးကြီးနှစ်လုံး ဘေးတစ်ဖက်စီမှာ ကြိုးနဲ့ မြဲစွာဆိုင်းပြီး လူလေးယောက်က ထမ်းကြတာပါ။ အလေးချိန်နဲ့ပေမယ့် သူတို့တက်ကြတာ သာမန်နှုန်းနဲ့ တက်တဲ့ ဘုရားဖူးတွေထက် မြန်ပါတယ်။ ကျွန်တော်က အမေနဲ့ ကပ်လိုက်တယ်။ ကျွန်တော့်ကိုယ်က ပေါ့ပေါ့လေးပါ ;D အထမ်းပေါ်က ကျွန်တော်တို့သားအမိကို တောင်ပေါ်က ပြန်ဆင်းလာတဲ့ စနောက်တတ်တဲ့အဖွဲ့တွေက “ဟာ.. မယ်တော်ကြီး ကြွလာပြီ ဆားလှော်လေးလည်း ပါတယ်ဟေ့ မော်မဖူးကြနဲ့ ခလုပ်တိုက်မယ်” ဆိုပြီး စသွားကြတာ မှတ်မိနေသေးတယ်။


ခြင်းအထမ်းထဲက လိုက်တဲ့ ကလေးငယ်

တောင်ပေါ်က ပြန်အဆင်းမှာ ကျွန်တော်နေမကောင်းဖြစ်နေရော။ အဲဒီတော့ ပင်ပန်းမှာစိုးလို့ အဖေက ကျွန်တော့်ကို အထမ်းနဲ့ ဆင်းဖို့ စီစဉ်ပါတယ်။ ဒီအထမ်းကတော့ အခုပစ္စည်းတွေ သယ်နေကြတဲ့ ခြင်းကြားကြီးပါပဲ။ အဲဒီထဲမှာ ကန့်လန့်ဖြတ် သစ်သားပြားထိုးထားတယ်။ အဲဒီသစ်သားပြားပေါ်ထိုင်ပြီး ခြေထောက်က ခြင်းအောက်ခြေမှာချလို့ လိုက်ရပါတယ်။ အထမ်းသမားက သူ့နှုန်းနဲ့သူ ဆင်းတာကို သားတော်မောင် မတော်တဆ ပြုတ်ကျမှာစိုးတာရယ်၊ နေမကောင်းဖြစ်နေတာရယ်၊ ဂျီကျတတ်တာရယ်ကြောင့် အကြောင်းသိပြီးသား အဖေက ဘေးကနေ မျက်ခြေမပြတ်တမ်း လိုက်ဆင်းပါတယ်။ (ကျွန်တော်ကလည်း နေသာမကောင်းတယ် တစ်လမ်းလုံး နားတဲ့နေရာတိုင်း ဟိုဟာစားချင် ဒီဟာစားချင်ပါ)။


အဖွားပိန်ပိန်လေးတစ်ဦးလည်း ဒီလိုခြင်းတောင်းလေးထဲကနေ တောင်ပေါ်တက်တာ တွေ့ခဲ့တယ်

Thursday, March 26, 2009

တောင်ပေါ်တက် ကားလမ်းတလျှောက်

ကားပေါ်ကို အလွယ်တကူ တက်နိုင်အောင် ယခုလိုအဆောင်လေးတွေ လုပ်ပေးထားပါတယ်

ကင်ပွန်းစခန်းရဲ့ မနက်ခင်းက အေးအေးမြမြ။ ကိုယ်လက်သန့်စင် အဝတ်လဲပြီး “ပန်းမြို့သူ”ကို နှုတ်ဆက်ခဲ့တယ်။ ခြံထဲ တစ်ပါတ်ကြည့်လိုက်တော့ နောက်ဖက်မှာ ပိုကောင်းတဲ့ ဘန်ဂလိုတွေ ရှိသေးတာပဲ။ ဈေးတန်းအတိုင်း လျှောက်လာပြီး မနက်စာအတွက် “ကျိုက်ထိုဟော်တယ် စားသောက်ဆိုင်” ဆိုတာကို တွေ့တာနဲ့ အဲဒီမှာပဲ ထိုင်ဖြစ်လိုက်တယ်။ ဒီဆိုင်က တောင်ပေါ်က ကျိုက်ထိုဟော်တယ်က ဖွင့်ထားတာ။ သိပ်မကြာသေးဘူးလို့ ပြောတယ်။ ထမင်းကြော်နဲ့ ကြက်ဥကြော်အပြင် ရာချိုတစ်ခွက် ပါ သောက်ဖြစ်တယ်။ မနက်စာတော့ ဆာနေလို့လား မသိဘူး အတော်စားလို့ကောင်းတယ်။

တောင်ပေါ်တက်တဲ့ ကားဂိတ်ရောက်တော့ ထွက်မဲ့ကားပေါ်မှာ လူက ကျဲနေသေးတယ်။ နိုင်ငံခြားသားတွေလည်း တွေ့ရတယ်။ ဘုရားဖူးပါးတဲ့ ကြားရက်ဖြစ်တဲ့ပြင် အချိန်ကလည်း ကိုးနာရီကျော်ပြီဆိုတော့ ကားထွက်ဖို့ လူပြည့်အောင် နာရီဝက်လောက် စောင့်လိုက်ရတယ်။ ကားက လူမပြည့်ရင် မထွက်ပါဘူး။ နိုင်ငံခြားသားတစ်ယောက်က ကားပေါ်က မြန်မာကလေးလေးတစ်ယောက်ကို လှမ်းချီတယ်။ ကလေးကလည်း အေးအေးဆေးဆေးလိုက်တယ်။ ပြီးတော့ ပြုံးရယ်လိုက် မုတ်ဆိတ်မွေးကို သွားဆွဲလိုက်နဲ့ ကလေးက မြူးနေတယ်။ နိုင်ငံခြားသားကလည်း ကလေးချစ်တတ်ပုံရတယ်။ ကလေးကလည်း သူ့လက်ပေါ်မှာနေတော့ ကလေးကို အမေလက်ထဲ ပြန်ထည့်လိုက် တော်နေ ပြန်တောင်းချီလိုက်နဲ့ အဆင်ပြေနေတယ်။ ဓါတ်ပုံတွေလည်း ရိုက်လို့ပေါ့။ ခဏနေတော့ ဘုရားဖူးတစ်ဖွဲ့ အထုပ်ပိုးတွေနဲ့ ရောက်လာတယ်။ ကားပေါ်ကနေ အဲဒီနိုင်ငံခြားသားကြီးကပဲ တစ်ထုပ်ပြီးတစ်ထုပ် လှမ်းယူပေးတယ်။ ကားနောက်က ပစ္စည်းထည့်တဲ့ ခြင်းကြီးထဲမှာ နေရာချပေးနေတယ်။ နိုင်ငံခြားသား ဧည့်သည်တွေထဲမှာတော့ အတော် ဖော်ရွေတယ်လို့ ဆိုရမယ်။

ထွက်လို့ရပြီဆိုတဲ့အချိန် ကားပေါ်မှာ လူတွေ အပြည့်ဖြစ်နေပါပြီ။ လျှံအောင်တော့ မတင်ပါဘူး။ မပြည့်ရင်လည်း ဆန်ကောထဲ ဆီးဖြူသီးလှိမ့်သလို ဖြစ်နေမှာ။ နောက်ခန်းမှာ သစ်သားတန်းတွေကို ဘေးဘောင်နှစ်ဖက်ပေါ်တင်ပြီး ခုံအဖြစ်လုပ်ထားတယ်။ လူအပြည့် ထိုင်လိုက်တော့ ရှေ့ခုံတန်းကလူနဲ့ နောက်ခုံတန်းကလူ အစေ့ပဲ။ ဘေးအစွန်လူနှစ်ယောက်ပဲ လက်တန်းကိုင်စရာရှိတယ်။ နောက်မှီဖို့လည်း မရှိပါဘူး။ ဒီလိုကားမျိုးကို ဒီလို ခပ်ကြပ်ကြပ်စီးရတာကပဲ အတက်မတ်မတ် အဆင်းစောက်စောက် နေရာမျိုးတွေအတွက် အဆင်ပြေနေတာပါ။

ကားစထွက်တော့ မြေပြန့်ကတ္တရာလမ်းအတိုင်း နည်းနည်းမောင်းရသေးတယ်။ ပြီးမှ တဖြည်းဖြည်းချင်း စတက်တော့တာ။ နေပူပူအောက်မှာပေမယ့် လေတဖြူးဖြူးနဲ့မို့ အပူဒဏ်က သိပ်မသိသာလှပါဘူး။ ဦးထုပ်ဆောင်းထားတဲ့ သူငယ်ချင်းဖြစ်သူကို လွင့်ကျမယ်လို့ သတိပေးလိုက်သေးတယ်။ ရတယ်တဲ့။ ရတယ်ဆိုတဲ့ ဦးထုပ်က ရသေ့တောင်စခန်းလည်း ရောက်ရော ပါမလာတော့ပါဘူး။

လမ်းမှာ အတက်ကားနဲ့ အဆင်းကားကို ဆင်းနေတက်နေတုန်းမှာ မဆုံအောင် ခေတ္တထိန်းပေးထားတဲ့ ရပ်နားစခန်းရှိတယ်။ အဲဒီကျမှ ကားခကို ကောက်တယ်။ တရားရိပ်သာတစ်ခုကိုလည်း တွေ့ခဲ့ရတယ်။ ကားပေါ်မှာတော့ ကင်မရာတစ်လုံးနဲ့ ရသမျှ လိုက်ရိုက်သေးတယ်။ ရေတံခွန်နဲ့ စမ်းချောင်းပုံကတော့ ကားအရှိန် နှေးနေတုန်းမို့ အဆင်သင့်သွားတယ်။ ရေကျအားက သိပ်များတာ မတွေ့ရဘူး။ ဒီပုံတွေက တောင်ပေါ်တက် ကားလမ်းဘေးမှာ တွေ့ရတဲ့ ရေတံခွန်ပါ။ တောင်ပေါ်ရောက်မှ သပ်သပ်ထပ်ဆင်းသွားရတဲ့ ရေတံခွန်ပုံတွေက နောက်မှာ ပါလာပါမယ်။

တောင်တက်ကားလမ်းဘေးက စမ်းချောင်း

Sunday, March 15, 2009

ကင်ပွန်းစခန်းမှာ တစ်ညတာ

တောင်ခြေ ကင်ပွန်းစခန်းမှာ ဒီတစ်ညအတွက် တည်းဖို့က ထမင်းဆိုင်တွေမှာလည်း မတည်းချင်ဘူး။ သီးသန့်တည်းခိုခန်း သင့်တော်တာလေးမှာပဲ တည်းချင်တယ်။ အရင်အခေါက်တွေတုန်းက ကင်ပွန်းစခန်းမှာ ရေကူးကန်ရှိတဲ့နေရာကို ရောက်ဖူးထားတယ်။ အဲဒီမှာ တည်းခိုဆောင် ဘန်ဂလိုလေးတွေလည်း မြင်ထားခဲ့တော့ အဆင်ပြေမယ်ထင်ပြီး သွားစုံစမ်းကြည့်တယ်။ ရိုးရိုးခန်းကို တစ်သောင်းသုံးထောင်တဲ့။ ကြည့်လိုက်တော့ သစ်သားပြားတွေ ခင်းကာထားတဲ့ အခန်းတစ်ခန်းမှာ နှစ်ယောက်အိပ်ခုတင်တစ်လုံးနဲ့ စောင်၊ ခြင်ထောင်ပဲပါတယ်။ ဘယ်လိုမှ မခံစားနိုင်တာနဲ့ ပြန်ထွက်လာခဲ့တယ်။ ဒါတောင် တစ်သောင်းရမယ် လုပ်နေသေးတယ်။


“ပန်းမြို့သူ” ဧည့်ရိပ်သာ (ကင်ပွန်းစခန်း)


ဂေါပကရုံးအလွန်နားက တည်းခိုခန်းကို စုံစမ်းမယ်ကြည့်ပြန်တော့ ခေါ်မရဘူး။ ကောင်းပါလေ့။ အဲဒီချိန်မှာ ဆိုင်တစ်ဆိုင်မှာ စကားပြောနေကြတဲ့ထဲက လူတစ်ယောက်က တည်းခိုးခန်း သန့်တာ တည်းချင်ရင် ပို့ပေးပါမယ်တဲ့။ ကျွန်တော်တို့လည်း လိုက်ကြည့်တာမမှားဘူးဆိုပြီး လိုက်သွားကြတယ်။ တောင်ပေါ်တက်တဲ့ ခြေလျင်လမ်းအတိုင်းသွားပြီး ဘယ်ဖက်တစ်နေရာရောက်တော့ ယိုစုံဆိုင်တန်းတွေကြား ဝင်ပေါက်ကနေ လှမ်းဝင်လိုက်ရင်ပဲ “ပန်းမြို့သူ”ဆိုတဲ့ နာမည်နဲ့ လိုက်အောင် သစ်ခွပန်းဥယျာဉ်ပေါက်စလေးနဲ့ တည်းခိုရိပ်သာလေးက ဆီးကြိုနေတယ်။ လိုက်ပို့တဲ့သူက ခေါ်ပေးတော့ ဦးလေးကြီးတစ်ယောက် ထွက်လာတယ်။ အခန်းတွေပြတော့ ပထမ ငါးထောင်ခန်းက ကုတင်နှစ်လုံးနဲ့ အိပ်ယာပဲ ပါတဲ့အပြင် သိပ်မသန့်သလို ဖြစ်လို့ သူ့ထက်ကောင်းတဲ့အခန်း ရှိသေးလားဆိုတော့ ခုနစ်ထောင်ခန်းကို လိုက်ပြတယ်။ ရေချိုးခန်း၊ အိမ်သာ တွဲလျက်ပါတဲ့အပြင် ခြင်လုံခန်းနဲ့ အိပ်ယာအိပ်ခင်းကလည်း သန့်ပြန့်တဲ့အတွက် ချက်ချင်းပဲ ရွေးလိုက်တော့တယ်။ လိုက်ပို့တဲ့သူကို ကျေးဇူးတင်ကြောင်း သေချာပြောပြီး အခန်းထဲဝင် ရေချိုးလိုက်တော့ လန်းသွားကြတယ်။


“မင်းသီတာ” လက်ဖက်ရည်နှင့် စားသောက်ဆိုင် (ကင်ပွန်းစခန်း)


မအိပ်ချင်သေးတာနဲ့ ဈေးတန်းဖက် လမ်းလျှောက်ထွက်ခဲ့တယ်။ ဂိမ်းဆိုင်တစ်ဆိုင်မှာတော့ ကစားတဲ့သူက ကစားနေတုန်းပဲ။ တည်းခိုခန်းလိုက်ရှာတုန်းက တွေ့ခဲ့တဲ့ “မင်းသီတာ” ဆိုတဲ့ လက်ဖက်ရည်ဆိုင်လေးကို သဘောကျလို့ အဲဒီမှာ သွားထိုင်ဖြစ်တယ်။ လိုက်ပို့ခဲ့တဲ့သူကို ကြည့်သေးတယ်။ လက်ဖက်ရည်လေး တိုက်မလို့ပါ။ သူပို့ပေးလို့ပဲ ကိုယ့်မှာ တစ်ညတာ တည်းရတာ အဆင်ပြေသွားတာ။ ဒါပေမယ့် မတွေ့တော့ဘူး။ မိုးလည်းချုပ်ပြီကိုး။ “မင်းသီတာ”က ညလုံးပေါက်ဖွင့်တဲ့ဆိုင်ဖြစ်မယ်။ ဆိုင်က သန့်သန့်ရှင်းရှင်းနဲ့ အစားအသောက်လည်း စုံတယ်ပြောရမယ်။ အပူအအေးအပြင် အကြော်အလှော်တချို့ပါ ရတယ်။ သီချင်းပုံမှန်လေးပဲ ဖွင့်ပေးထားတယ်။ ထိုင်နေတာတော့ ကျွန်တော်တို့ဝိုင်းနဲ့မှ နှစ်ဝိုင်းပဲရှိတယ်။ လလေးကသာ၊ ဆောင်းလေအေးက တဖြူးဖြူးနဲ့ လက်ဖက်ရည်လေးသောက် ရေနွေးလေးသောက်နဲ့ အတော်ကို လွမ်းမောဖွယ်ကောင်းခဲ့တဲ့ ကင်ပွန်းစခန်းက ညလေးတစ်ညပါပဲ။ အတော်ကြာ ထိုင်ဖြစ်ခဲ့ကြပြီးမှ ဈေးတန်းအတိုင်း တည်းခိုရိပ်သာရှိရာ လျှောက်လာပြီး အိပ်ယာဝင်ခဲ့ကြတယ်။

Friday, March 13, 2009

ရန်ကုန်-ကျိုက်ထို-ကင်ပွန်းစခန်း

တောင်ငူကနေ ရန်ကုန်ဆင်းလာကတည်းက အောင်မင်္ဂလာဂိတ်မှာ ကင်ပွန်းစခန်းထိ ရောက်တဲ့ Express ကားတွေကို လိုက်ကြည့်ပြီး ဖုံးနံပါတ်တွေ မှတ်လာခဲ့တယ်။ လက်မှတ်ကို တမင် ကြိုဝယ်မထားဘူး။ ဒီတစ်ခေါက်ကို လွတ်လွတ်လပ်လပ်နဲ့ ပေါ့ပေါ့ပါးပါးပဲ သွားချင်တယ်။ ဟိုလူစောင့် ဒီလူစောင့်တွေလဲ မလုပ်ချင်လို့ သူငယ်ချင်းနဲ့ နှစ်ယောက်ပဲ သွားဖြစ်တယ်။ တောင်ပေါ်ရောက်ရင် တည်းဖို့ကိုတော့ ကျိုက်ထိုဟော်တယ်ပဲ သဘောကျတယ်။ အရင်သွားတုန်းက booking လုပ်ပေးနေကြ သူငယ်ချင်းဆီ ဖုံးနံပါတ် လှမ်းတောင်းတယ်။ မြေနီကုန်းပလာဇာ အပေါ်မှာ ကျိုက်ထိုဟိုတယ် ရုံးခွဲရှိတယ်ဆိုတော့ အဆင်ပြေသွားတယ်။ တောင်ပေါ်ထိ booking လှမ်းပြီးတင်ရမယ် ထင်နေတာ။ အရင်အခေါက်တွေတုန်းက အဆင်သင့်လိုက်သွားရုံပဲဆိုတော့ မသိခဲ့ဘူး။ ဒါနဲ့ ဖုန်းဆက်ကြည့်တော့ သွားချင်တဲ့ရက် ရတယ်။ (တမင် လူရှင်းအောင် ကြားရက်ယူတာ)။ booking က ငွေလာသွင်းထားခိုင်းတယ်။ မသွင်းထားမိရင် တောင်ပေါ်ရောက်တဲ့အခါ အခန်းလက်ကျန်ရှိမှ ရနိုင်မယ်တဲ့။ သူငယ်ချင်းနှစ်ယောက် တစ်ချက်တိုင်ပင်လိုက်ပြီး နောက်တစ်ရက် နေ့လည်ပဲ သွားဖို့ ဆုံးဖြတ်လိုက်ကြတယ်။

နောက်နေ့မနက်ပိုင်းက ငွေနည်းနည်းသွားရောင်းတော့ ဈေးက စကျစပြုနေပြီ။ ရောင်းစရာရှိတာ ရောင်းပြီး အိတ်ပြန်ယူ ရေချိုး၊ ပြီးတဲ့အချိန်မှာပဲ သူငယ်ချင်းက ရောက်လာပြီ။ မြေနီကုန်းပလာဇာရောက်တော့ ဓါတ်လှေကား နည်းနည်းရှာလိုက်ရသေးတယ်။ အရင်က မရောက်ဖူးဘူး။ ဓါတ်လှေကားက ဒဂုံစင်တာဖက်အခြမ်းမှာ။ တက်သွားတော့ ကျိုက်ထိုဟော်တယ် ရုံးခန်းရောက်ပါတယ်။ နောက်တစ်နေ့ညအတွက် တစ်ရက်စာ ပိုက်ဆံရှင်းပြီးတာနဲ့ အောင်မင်္ဂလာကို တန်းဒိုးတယ်။ အောင်မင်္ဂလာရောက်တော့ ဘာကားစီးရမလဲ။ အချိန်တွေ တစ်ချက်ကြည့်လိုက်တော့ “ဝင်း” ကားက အနီးစပ်ဆုံးပဲ။ ညနေလေးနာရီခွဲကား။ တစ်နာရီလောက်လိုသေးတော့ ကားလက်မှတ်ဖြတ်ပြီး ဂိတ်မှာပဲ ခဏနားနေလိုက်တယ်။

ကားစထွက်တဲ့အထိ အေးဆေးပဲ။ ပဲခူးဝင်တော့ ကိုယ်ပေါ်မှာ ရွစိရွစိဖြစ်လာသလိုပဲဆိုပြီး ကြည့်လိုက်တော့။ ပုရွက်ဆိတ်တစ်ကောင်။ ဒါနဲ့ အသာပဲ ဖယ်လိုက်တယ်။ ခဏနေပြန်တော့ ဘေးက သူငယ်ချင်းက သူ့လဲ ကိုက်တယ်တဲ့။ ပြောနေရင်းပဲ နှစ်ကောင် သုံးကောင်တွေ့လာတယ်။ ဒါနဲ့ ဟိုဒီလှန်လှောရှာတော့မှ... လား...လား...။ ကူရှင်အစွပ်အောက်မှာ ကျေးဇူးရှင်တွေ။ ဒါနဲ့ အရေးပေါ်ဉာဏ်နီဉာဏ်နက်သုံးပြီး မလွှဲမရှောင်သာ ဖယ်ရှားလိုက်ရတယ်။ ပုရွက်ဆိတ်တစ်ရန် အေးပြန်တော့... ထိုင်ခုံ။ သူငယ်ချင်းက တံခါးဖက်အခြမ်း ထိုင်တယ်။ သူ့ထိုင်ခုံ ကူရှင်က တကယ့်ကို အရှင်ကြီး။ ရှင်လွန်းလို့ ခဏခဏပြုတ်ကျတယ်။ အောက်က သံဖရိန်နဲ့ ကူရှင်ကို ဘာမှ စွဲထားတာမရှိတော့ဘဲ လွတ်နေတော့ ကားသွားတဲ့အရှိန်နဲ့ နည်းနည်းကြာရင် တစ်ခါပြုတ်နဲ့ ကောင်းကောင်းကို ထိုင်လို့အဆင်မပြေဘူး။ ဒီတော့ ဒုတိယမြောက် ဉာဏ်နီဉာဏ်သုံးပြီး ကူရှင်ကို ကန့်လန့်ဖြတ်ထည့်လိုက်တော့မှ အဆင်ပြေသွားတယ်။ ဒီလိုနဲ့ နည်းနည်းမှောင်လာတော့ နောက်မော်ဒယ် ကျေးဇူးရှင်တစ်ကောင်က ထွက်လာပြန်တယ်။ ဘယ်သူမှတ်လဲ။ နှုတ်ခမ်းမွှေးကောင်လေ။ ပိုးဟပ်ပေါ့။ ဘယ်ကနေ ဘယ်လိုပါလာလဲမသိဘူး။ ဒါနဲ့ သူ့လည်းဖယ်ပြီးမှ အေးဆေးသွားတယ်။ သြော်.. ကျွန်တော်တို့ ရှေ့ထိုင်ခုံ အောက်က အင်ဂျင်ပေါက်ခေါ်မလား ဘီးပေါက်ခေါ်မလား အဲဒီနေရာကလဲ အဖုံးမပါဘူးခင်ဗျ။ အောက်က ကတ္တရာလမ်းကို လှမ်းမြင်နေရတော့ ကိုယ့်ပစ္စည်းပစ္စယ ထွက်မကျအောင် သတိထားနေရတယ်။


ညဖက် ကင်ပွန်းစခန်း ဈေးတန်းတစ်နေရာ


လမ်းမှာတစ်ထောက်နားတော့ သိမ်ဇရပ်ထင်တယ်။ ဗိုက်ဆာဆာနဲ့ ထမင်းကြော်ပူပူနွေးနွေးကို နှစ်ယောက်သား အဝတီးပြီး နွားနို့ပါ ဆွဲကြသေးတယ်။ နွားနို့ကလည်း ကောင်းတယ်။ ကျိုက်ထိုနားနီးလာတော့ “စိမ်းလဲ့တင်” ကို ဖြတ်လာခဲ့တယ်။ “ငွေမိုး ဆေးခန်း” အတွက် ခွဲခန်းစလောင်းသွားဆင်တုန်းက မော်လမြိုင်ကားရပ်တာနဲ့ စိမ်းလဲ့တင် မှာ တစ်ထောက်နားခဲ့ဖူးတယ်။ တော်တော်လေး သန့်ရှင်းသပ်ယပ်ပြီး အဆင်ပြေတယ်။ ကျိုက်ထိုရောက်တော့ ဝင်းကားဂိတ်မှာ ခဏရပ်ပြီး ကင်ပွန်းစခန်းထိ ဆက်မောင်းတယ်။ ကင်ပွန်းစခန်းဝင်တော့ ဆိုင်တွေတောင် အတော်ပိတ်ကုန်ပြီ။ လက်ဖက်ရည်ဆိုင်တချို့လောက်ပဲ ရှိတော့တယ်။ ကားပေါ်က ဆင်းဆင်းချင်း ဘယ်မှာ တစ်ညတာ တည်းရမလဲ စဉ်းစားရတယ်။

Friday, February 13, 2009

ထပ်တူကျခြင်း

အိမ်ဦးခန်းမှာ
အိမ်သားအိမ်သူမဟုတ်

သွေးမတော်သားမစပ်ဘဲ
ခန့်ခန့်ညားညား နေရာယူထားတဲ့ ဓါတ်ပုံတစ်ခု။

စိတ်အသွင်မှာ
တမင် ထည့်ထားခြင်းလည်းမရှိ
အစဉ် ပဲ့သွားခြင်းလည်းမရှိဘဲ
ဝံ့ဝံ့ကြွားကြွားနေရာယူထားတဲ့ ပုံရိပ်တစ်ခု။

အဲဒီနှစ်ခုဟာ တစ်ထပ်တည်းကျနေတယ်။

Thursday, January 29, 2009

သွားရည်ကျတဲ့ပုံပြင်

တစ်ခါတုန်းက လင်ဗန်းတိုင်းပြည်ကြီးမှာ ပေါင်မုန့်ဘုရင်ကြီးရယ် ကိတ်မုန့်မိဖုရားကြီးရယ် အုပ်ချုပ်သတဲ့ကွယ်။ သူတို့မှာ ဘီစကစ်သားတော်လေးတစ်ပါး ထွန်းကားတယ်။ ဘီစကစ်မင်းသားလေး အရွယ်ရောက်လာတော့ ဟိုဖက်တိုင်းပြည်က ကျောက်ကျောပါမောက္ခဆရာကြီးဆီမှာ ဓါးခုတ်၊ လှံထိုး၊ စက်ကြိုး၊ ယန္တရား၊ ဘာညာကွိကွ အစရှိတဲ့ အဌာရဿဆယ့်ရှစ်ရပ်ကို သွားရောက်သင်ကြားစေသတဲ့။ တကယ်တော့ မင်းသားလေးက ဂေါ်လီလုပ်လို့ကောင်းနေတုန်းအရွယ်ဆိုတော့ ပညာသင်မသွားချင်ဘူးလေ။ ဒါပေမယ့် ခမည်းတော်က တစ်ချက်လွှတ်အမိန့်ဆိုတော့လည်း သွားရတော့တာပေါ့။



အတိုင်းတိုင်းအပြည်ပြည်က မင်းညီမင်းသားတွေထဲမှာမှ ဘီစကစ်မင်းသားလေးက ဘာသာရပ်တိုင်းမှာ တကယ်ကို ထူးချွန်သတဲ့။ ကျောက်ကျောပါမောက္ခဆရာကြီးကို လာဘ်ထိုးပြီး အမှတ်ကောင်းအောင် လုပ်လို့လဲ မရဘူးလေ။ ဟိုက private ကျောင်းကိုး။ ဆရာကြီးမှာ အင်မတန်ချောမောလှပပြီး ယဉ်ကျေးသိမ်မွေ့လှတဲ့ ဟာလဝါသမီးလေးတစ်ယောက် ရှိတယ်လေ။ သူ့သမီးလေးက မင်းသားလေးနဲ့ အရွယ်တူဆိုတော့ ထိမ်းမြားပေးရင်ကောင်းမယ်လို့ ဆရာကြီးစဉ်းစားမိတယ်။ ဆရာကြီးအနေနဲ့ကလည်း မင်းသားတွေအများကြီးထဲက တစ်ယောက်မဟုတ် တစ်ယောက်နဲ့ ပေးစားလို့ရပေမယ့် ဘုရင့်သားတော်ဖြစ်တိုင်း အရည်အချင်းရှိတာမျိုးမှမဟုတ်ဘဲကိုး။ ဘီစကစ်မင်းသားလေးကတော့ တပည့်တွေထဲမှာ လိမ္မာရေးခြားလည်းရှိ ထူးလည်းထူးချွန်တော့ ဆရာကြီးက သဘောကျသတဲ့။ သူ့သမီးကိုသာ မင်းသားလေးနဲ့ ပေးစားနိုင်ရင် သူလည်း ပေါင်မုန့်ဘုရင်ကြီးနဲ့ ခမည်းခမက်ဖြစ်၊ သူ့သမီးလည်း အိမ်ရှေ့စံကတော်ဖြစ် နောက်ဆို မိဖုရားကြီးတောင်ဖြစ်မှာဆိုတော့ အဲဒီ projectကို မဖြစ်ဖြစ်အောင်စီစဉ်သတဲ့။



ကျောက်ကျောပါမောက္ခဆရာကြီးရဲ့ အစီအမံကောင်းမှုကြောင့် ဘီစကစ်မင်းသားလေးနဲ့ ဟလဝါမင်းသမီးလေးတို့လည်း ချစ်ကြိုက်သွားကြတော့တာပေါ့။ မင်းသားကလည်း မိန်းမကောင်းတို့ရဲ့ ကြန်အင်လက္ခဏာနဲ့ ပြည့်စုံနေတဲ့ဟာလဝါလေးကို စမြင်ကတည်းက ချစ်ကြိုက်မိနေတာတဲ့။ အတူပညာသင်ဖက်တွေထဲက ဆနွင်းမကင်းမင်းသားတို့၊ ရွှေကြည်မင်းသားတို့ဆိုရင် ဟာလဝါလေးကို အသည်းအသန် ကြွေနေကြရှာတာ။ ဆရာကြီး တင်းမှာစိုးလို့သာ ငြိမ်နေရတာ။ အခုတော့ ဆရာကြီးက အတိုင်းတိုင်းအပြည်ပြည်က ပညာလာသင်ကြတဲ့ တပည့်တွေထဲမှာမှ သူ့ကို လိုလိုလားလားဆိုတော့ သားသားကြိုက်ကြိုက်ပေါ့။ သူက ကံထူးရှင်ဖြစ်သွားတာကိုး။ ပညာစုံလို့ အိမ်အပြန်ခရီးမှာတော့ ဘီစကစ်မင်းသားလေးမှာ ပညာအပြင် ကြင်ယာပါ ရခဲ့တာပေါ့ကွယ်။



သြော်.. မင်းသားလေးက ပညာသင်ခရီးကို စထွက်လာကတည်းက မင်းသားတစ်ပါးရဲ့ အဆောင်အယောင်တွေ ကိုယ်ရံတော်တွေနဲ့ မလာခဲ့ဘူးတဲ့။ သူက အရည်အချင်းရှိတဲ့ ဘုရင့်သားတော်ဆိုတော့ သူ့အားသူကိုးပြီး သာမန်အရပ်သားလိုပဲ လာခဲ့တာ။ အခုအပြန်ခရီးမှာ ကြင်ယာတော်ပါ ပါလာပြီဆိုတော့ သူက တစ်မျိုးစဉ်းစားမိတယ်။ အလာလမ်းအတိုင်းပြန်ရင် ခရီးက နီးတယ်။ တိုင်းပြည်ပြန်ရောက်ရင်လည်း အိမ်ရှေ့စံအဖြစ်ကနေ ဘိသိက်ခံ ဘုရင်လုပ်ရတော့မှာဆိုတော့ ချစ်ချစ်နဲ့ ဟန်းနီးမွန်း သွားနိုင်တော့မယ်မထင်ဘူး။ အဲဒါကြောင့် အခုအပြန်ခရီးကို အခြားတစ်လမ်းကနေ သွားမယ်ဆိုပြီး မုန့်ဟင်းခါးဖတ်တောကြီးထဲကနေ ဖြတ်ပြန်ဖို့စီစဉ်တယ်။



မင်းသားလေးရဲ့ အကြံက မုန့်ဟင်းခါးဖတ်တောကြီးထဲမှာ ချစ်ချစ်နဲ့ နှစ်ယောက်တည်း တောတောင်သဘာဝတွေ ခံစားရင်း အေးအေးလူလူ နားနားနေနေ ပြန်ကြမယ်ပေါ့။ သူက လက်ရုံးရည်ရော နှလုံးရည်ရော ပြည့်စုံတဲ့သူဆိုတော့ ဘယ်သူ့အကူအညီမှ မယူဘဲ ကြင်ယာတော်ကို ကာကွယ်နိုင်ရမယ်လို့ သူ့ကိုယ့်သူ ယုံကြည်မှုအပြည့်ရှိတယ်လေ။ ဒီလိုနဲ့ မုန့်ဟင်းခါးဖတ်တောကြီးထဲမှာ တူနှစ်ကိုယ် ကလူကျီစယ်ရင်း ပြန်လာခဲ့ကြတယ်။ လမ်းခရီးတစ်ဝက်အရောက်မှာ တစ်ညတာ စခန်းချညအိပ်ကြသတဲ့။ မင်းသားလေးက မီးပုံလေးဖိုလိုက်ပြီး ချစ်သူလျောင်းစက်ဖို့ သူ့ပေါင်ကို ခေါင်းအုံးအဖြစ် အိပ်စေသတဲ့။ သူကတော့ မအိပ်ဘဲနဲ့ တစ်ညလုံး ထိုင်စောင့်နေသတဲ့။ အဲဒီညက တိုက်တိုက်ဆိုင်ဆိုင် လပြည့်ညတဲ့။ မိုးပေါ်က ထိန်ထိန်သာနေတဲ့ လမင်းကြီးရယ် မှိတ်တုတ်မှိတ်တုတ် ကြယ်လေးတွေရယ် အနီးနားက စမ်းရေစီးသံရယ် တောကောင်လေးတွေရဲ့ အော်သံရယ် ညက အတော်ကို ဆွတ်ပျံ့ကြည်နူးစရာကောင်းနေတယ်။ ဒါနဲ့ မင်းသားလေးကလည်း ရုတ်တရက် စိတ်မထိန်းဘဲနဲ့ သီချင်းလေး ညဉ်းမိတယ်တဲ့။ သီချင်းလေးက “အချစ်ညရင်ခုန်သံ”တဲ့။ နားထောင်ဖူးကြလားတော့ မသိဘူး။ တကယ့်ကို ရိုမန်တစ်သီချင်းလေးပေါ့။



မင်းသားလေးရဲ့ သီချင်းသံလေးကြားရတော့ ကြင်ယာတော်မင်းသမီးလေးလည်း နိုးလာတယ်။ မင်းသားလေးက အသံလည်းသာ အဆိုလည်းကောင်းတော့ မင်းသမီးလေးလည်း မနေနိုင်ဘူး ထလာတယ်။ ဒါနဲ့ မင်းသားလေးက “အိပ်လေ နှမတော်ရဲ့ စက်တော်ခေါ်လို့ မပျော်ဘူးလား” လို့ ကြင်ကြင်နာနာမေးလိုက်တယ်။ မင်းသမီးလေးက “အခုလို သာယာတဲ့ညလေးမှာ မောင်တော် တစ်ပါးတည်း စောင့်နေရတာ နှမတော်ဖြင့် ရွှေစိတ်တော်ပူလို့ စက်တော်ခေါ် မပျော်နိုင်ပါဘူး မောင်မောင်ရယ်”လို့ သံတော်ဦးတင်လိုက်တယ်။ ဒီလိုနဲ့ အိပ်မရကြမဲ့အတူတူ ချစ်သူနှစ်ဦးရဲ့ မင်္ဂလာဦးညလေးကို တစ်ယောက်မျက်နှာ တစ်ယောက် တစိမ့်စိမ့်ကြည့်ရင်းနဲ့ ကုန်ဆုံးခဲ့ကြသတဲ့။



နောက်နေ့နံနက် ခရီးဆက်တော့ တစ်နေရာအရောက်မှာ ရုတ်တရက် သူတို့ရှေ့မှာ ပေါက်ပေါက်ဆုပ်ဘီလူးညီနောင်“ပလွတ်”ဆို ရောက်လာသတဲ့။ ဖြတ်လတ်တဲ့ မင်းသားလေးက မုန့်လက်ညိုးဓါးကို အသင့်ထုတ်ပြီးသားပေါ့။ ဘလောင်နှစ်ကူးက “ဒီတောထဲက ဖြတ်သွားတဲ့သူမှန်သမျှ ငါတို့အစာပဲ”လို့ပြောပြီး ရန်မူဖို့ပြင်တယ်။ ဘယ်ရမလဲ မင်းသားလေးက ဇာတ်လိုက်လေ။ အဲဒီတော့ အဲဒီပေါက်ပေါက်ဆုပ်နှစ်ကောင်ကို မုန့်လက်ညှိုးဓါးနဲ့ ဆော်ပလော်တီးလိုက်တာ ဆေးရုံတောင် မရောက်သွားရှာဘူး။ မာလကီးယားသွားတော့တယ်။ တောထဲမှာဆိုတော့ ဆေးရုံလည်းမရှိပါဘူး။ အဲဒီအချိန်မှာ မုန့်ဆီကြော်ဘီလူးမကြီးက အုန်းမှုတ်ခွက် satellite ကနေ သူ့သားတွေ ဒီနေ့ဘာအစာရလဲဆိုပြီး လှမ်း check တယ်လေ။ အဲဒီတော့ သူ့သားနှစ်ကောင် ရှောနေတာကို တွေ့သွားပြီး ဒေါသထွက်ထွက်နဲ့ သူနေတဲ့ မုန့်စိမ်းပေါင်းတောင်ပေါ်ကနေ ဖနောင့်နဲ့ သုံးချက်ပေါက်လိုက်တော့ သာကူဆိုင်ကလုန်းက တိုက်ခတ်လာပါရော။



မင်းသားလေးက သတ္တဝါချင်းပဲ ယှဉ်နိုင်တာလေ။ အခုဟာက သာကူဆိုင်ကလုန်းဆိုတော့ သူလည်း မင်းသမီးလေးလက်ကို အမြန်လှမ်းဆွဲပြီး နီးရာသစ်ကိုင်းကို ဖမ်းဆုပ်ထားလိုက်တယ်။ ဒါပေမယ့် သာကူဆိုင်ကလုန်းက တော်တော်နဲ့ မရပ်တော့ ကြာရှည်မခံနိုင်တော့ဘဲ တကွဲတပြားစီ လွင့်ပါသွားတယ်။ မင်းသားလေးက ကော်ဖီချောင်းရေထဲ မျောပါသွားသလို မင်းသမီးလေးကလည်း လက်ဖက်ရည်ချောင်းထဲ မျောပါသွားတယ်။ အဲဒီကော်ဖီချောင်းနဲ့ လက်ဖက်ရည်ချောင်းက လင်ဗန်းတိုင်းပြည်ရဲ့ နယ်စပ်က နွားနို့ကန်ကြီးထဲကို စီးဝင်တယ်။



ကံကောင်းချင်တော့ နွားနို့ကန်ကြီးရဲ့ ကမ်းစပ်က မလှမ်းမကမ်းနေရာတွေမှာ သူတို့နှစ်ဦးလုံး တင်ကျန်ရစ်တယ်။ မသေဘူးပေါ့ကွယ်။ သေလို့လဲ မရဘူးလေ။ ဇာတ်လိုက်တို့စုံတွဲကိုး။ မေ့မျောနေတာပေါ့။ အဲဒီအချိန်ဟာ ပေါင်မုန့်ဘုရင်ကြီးနဲ့ ကိတ်မုန့်မိဖုရားကြီးတို့ တိုင်းခန်းလှည့်လည်ရင်း နွားနို့ကန်နားကို ရောက်လာတာနဲ့ တိုက်ဆိုင်နေတယ်တဲ့။ ဒီနေရာမှာ နည်းနည်းကျော်လိုက်မယ်။ ဟုတ်ပါတယ်။ အားလုံးထင်ထားကြတဲ့အတိုင်းပဲ ဇာတ်လိုက်မင်းသားလေးဟာ မင်းသမီးလေးနဲ့ ပျော်ရွှင်စွာပေါင်းဖက်ရင်း လင်ဗန်းတိုင်းပြည်ကြီးကို ဘုရင်အဖြစ် သက်ဆုံးတိုင် မင်းကျင့်တရားဆယ်ပါးနဲ့အညီ အုပ်ချုပ်သွားတော့သတဲ့ကွယ်။

ပုံပြင်လေးကတော့ ဒါပါပဲကွယ်။



(လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ဝန်းကျင်က လုံမလေးမဂ္ဂဇင်းပါ ပုံပြင်လေးတစ်ပုဒ်ကို တောင်ငူသား version နဲ့ အသက်ပြန်သွင်းထားတာပါ။ သားသားဂျူလိုင်ရေ ကျေနပ်ပါနော်)



အားလုံးကိုယ်စိတ်နှလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ။

Thursday, January 15, 2009

အကြွေးရှင်းတမ်း

ခရီးရောက်မဆိုက် ပို့အသစ်တင်ဖို့ ပျင်းနေတာကို အကြွေးလာတောင်းတဲ့သူက ရှိသေးတယ်။ ကျွန်တော်က စာရေးတာ ဝါသနာပါပေမယ့် ကိုယ်သန်ရာကိုပဲ ရေးချင်တယ်။ တစ်ချို့အကြောင်းအရာတွေကို မရေးတတ်ပါဘူး။ “အသွားမတော် တစ်လှမ်း အစားမတော် တစ်လုတ်”ဆိုသလိုပဲ အရေးမတော်တော့ တစ်ပုဒ်နဲ့ ဒုက္ခရောက်မှာ စိုးပါတယ်။ အဲဒါကြောင့် သွားသတိ စားသတိ ရေးသတိနဲ့ လုပ်နေရတယ်။


ခင်မင်ရာ ခင်မင်ကြောင်းတွေကို TAG ကမ္ဘာ TAG ရေစီးထဲကို ဆွဲဆွဲခေါ်ကြတဲ့ဓလေ့က ဘလော့ဂ်လောကမှာ အတော်တွင်ကျယ်ပါတယ်။ ကြီးကြီးငယ်ငယ် ရွယ်ရွယ်လတ်လတ် မျောပါလေ့ရှိပါတယ်။ ဒီရေစီးထဲကို လိုက်ပါစီးမျောဖို့ ပထမဆုံးများဆိုတဲ့ ခေါင်းစဉ်နဲ့ ပထမဆုံး ခင်မင်စွာ TAG သွားတဲ့သူကတော့ အစ်ကိုကြီး ကိုအောင်သာငယ် ပါ။ (အစ်ကိုကြီးခင်ဗျာ... ပထမဆုံးများကို ခေါင်းစဉ်ခွဲလေးများဖြင့် တင်မည့်အစား မှတ်မှတ်ရရဖြစ်ခဲ့ရသည့် ပထမဆုံးနဲ့ တစ်ကြိမ်တည်းသာ လုပ်ခဲ့ဖူးသော သတိုးသားအရံ ဆိုသည့်အကြောင်းကို အမြင်ပသာဒလှပအောင် အဆင်တန်ဆာစကားလုံးများနဲ့ တင်ဆက်ရေးသားထားပါတယ်။ အားပါးတရမဟုတ်ပေမယ့် ကျေနပ်နိုင်မှာပါ။ အားလုံးကုန်စင်အောင်ဖတ်ရှုပြီး စာမူခ ပါ ပြည့်ပြည့်ဝဝ ချီးမြှင့်ပေးစေလိုပါတယ်)


ဒုတိယမြောက် တွန်းချ (အဲ..)ဆွဲခေါ်တဲ့သူကတော့ မကြီးတန်ခူး ဖြစ်ပါတယ်။ အချစ်အကြောင်းကို ရေးခိုင်းခဲ့တာပါ။ အချစ်နဲ့ဝေးနေတဲ့အချိန်မှာ အချစ်အကြောင်းရေးခိုင်းတော့ “အလင်းပြန်နိယာမ”ဆိုတဲ့ အချစ်ပို့စ်လေးက သိပ်ပြီးမလှပလိုက်ဘူးလို့ထင်တယ်။ လှလားမလှလားတော့ မသိဘူး။ ရေးခိုင်းခဲ့တဲ့ မကြီးတန်ခူး ကိုယ်တိုင်တောင် စာမူခ လာပေးတာ မတွေ့ရဘူး။ (ကျွန်တော်ကလည်း ရေးပြီးကြောင်း သွားမပြောခဲ့ရပါဘူး)။ အခုတော့ ရန်ကုန်ပြန်တုန်းမှာ တောင်ငူသားတစ်ယောက် အချစ်နဲ့ တွေ့လိုက်ရတော့ ရေထိပန်းနှယ် လန်းဆန်းသွားတယ်။ အဲဒါကြောင့် မကြာခင် အချစ်အကြောင်းတွေ ထပ်ရေးဦးတော့မှာမို့ TAGထားဖူးတဲ့ မကြီးတန်ခူးရေ စာမူခတွေ မျှော်နေမယ်ဗျို့။


အခုနောက်ဆုံးအကြွေးလာတောင်းတဲ့ ပုဂ္ဂိုလ်လေးကတော့ သူငယ်နာမစင်သေးတဲ့ သားသားလေး ဂျူလိုင်အိပ်မက် ပါ။ ပေါက်ပေါက်ရှာရှာ ဒီကလေးနှယ်။ ဒီအရွယ်ကြီးကျမှ ကာတွန်းကားအကြောင်း ရေးပေးရဦးမတဲ့။ သူ့ဟာသူ ကလေးစိတ်မကုန်လို့ ကာတွန်းကြိုက်တာ ကြိုက်ပါဗျာ။ တစ်ချို့လည်း သူတို့ဝါသနာ သူတို့ဗီဇလေးတွေကို အသက်ဘယ်လောက်ကြီးကြီး မဖျောက်နိုင်ကြပါဘူး။ ဒါပေမယ့်ဗျာ ရည်းစားတောင် မရသေးတဲ့ အချိန်မှာ ကာတွန်းကားအကြောင်းတွေ လျှောက်ရေးနေရင် မကြီးမငယ်နဲ့ ကာတွန်းကားတွေ ကြိုက်နေတယ်ဆိုပြီး အဘယ်လုံမပျိုက ဒီသူငယ်ကို စိတ်ဝင်စားပါ့တော့မလဲ။


ဒါပေမယ့်လည်း ဒါပေမယ့်လည်းပေါ့ဗျာ။ ကလေးဆိုတာမျိုးက သူတို့လိုချင်တာမရရင် အင်မတန် ဂျီ ကျတတ်တာကလား။ အနည်းဆုံး ချောကလက်စားချင်နေတဲ့ ကလေးကို သကြားလုံးလောက်တော့ ပေးမှ တော်ပေလိမ့်မပေါ့။ အဲဒီတော့ သားသားဂျူလိုင်ရေ ကာတွန်းကားတော့ မလုပ်ပါနဲ့ကွယ်။ ဦးဦးတောင်ငူ ငယ်ငယ်က ကာတွန်းကားတွေ ကြည့်ခဲ့ကြိုက်ခဲ့ စွဲလန်းခဲ့တာမှန်ပေမယ့် ခုချိန်မှာတော့ အဘယ်ဇာတ်လမ်းကိုမှ တိတိပပ မမှတ်မိတော့လို့ပါ။ ကာတွန်းကားအစား ဒီဘလော့ဂ်ဖတ်မိသူ အများသူငါတွေလည်း မိမိတို့ရဲ့ ရင်သွေးငယ်များကို ပြန်ပြောပြနိုင်အောင်၊ လူပျိုကြီး အပျိုကြီးတွေလည်း တူငယ် တူမငယ်လေးတွေကို ပြန်ပြောပြနိုင်အောင် ဦးဦးတောင်ငူ မှတ်မိနေဆဲဖြစ်တဲ့ ဟိုးလွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ဝန်းကျင်က လုံမလေးမဂ္ဂဇင်းမှာပါခဲ့တဲ့ ပုံပြင်လေးတစ်ပုဒ်ကို တင်ပေးပါ့မယ်ကွယ်။ ပုံပြင်လေးဖတ်ပြီးရင် သားသားဂျူလိုင်အပါအဝင် ဘလော့ဂ်ချစ်ခင်သူအပေါင်း နှစ်သက်ပျော်ရွှင်ကြပါလိမ့်မယ်ကွယ်။ သြော် တစ်ခုတော့ရှိတယ်။ ဦးဦးတောင်ငူရဲ့ မူအတိုင်း တောင်ငူသား version နဲ့ ခပ်ပါးပါးလေးတော့ ဆန်းသစ်ပေးထားပါတယ်။ စောင့်မျှော်ဖတ်ရှု အားပေးကြပါခင်ဗျား။

Friday, November 28, 2008

ဘဲစာသစ်

အဖိုးက တစ်ဦးတည်းသောသား။ အဖိုးရဲ့ ဦးလေးအဒေါ်တွေကလည်း အပျိုကြီး၊ လူပျိုကြီးတွေဆိုတော့ မောင်နှမဝမ်းကွဲတောင် မရှိရှာဘူး။ အဲဒါကြောင့်မို့လားတော့ မသိဘူး။ အဖွားနဲ့ လက်ထပ်ပြီး မွေးထားတာ သားသမီးကိုးယောက်တောင်။ ကျွန်တော်သိတတ်စအချိန်မှာ အိမ်မှာ ကျွန်တော်တို့မိသားစုရယ်၊ အဖိုးနဲ့ အဖွားရယ်၊ အဖိုးရဲ့ အဒေါ်အငယ်ဆုံး အဖွားအပျိုကြီးရယ်၊ အဖေ့အကိုအကြီးဆုံးရဲ့ သမီးရယ် နေကြတယ်။ အဖိုးရဲ့ အဒေါ်အငယ်ဆုံးဆိုပေမယ့် အဖိုးနဲ့ အသက် အများကြီးမကွာဘူး။ အဖိုးက သူ့အဒေါ်ကို မမလို့ပဲ ခေါ်လေ့ရှိတာ မှတ်မိတယ်။ အဖွားအပျိုကြီးက ကျွန်တော်နဲ့ဆို အဘေး တော်တာပေါ့။

ကျွန်တော့်အဘေးက အသက်အရွယ်ရလာတဲ့အချိန်မှာ သွားတွေက အရမ်းမာတာတွေ မဝါးနိုင်တော့ဘူး။ ထမင်းချက်ရင် ခပ်ပျော့ပျော့လေး ချက်ပေးရတယ်။ အသား၊ ငါးတွေဆိုလည်း နူးနေအောင် ပြုတ်ပြီးမှ စားလို့ရတယ်။ အိမ်ထဲက အိမ်ပြင်တောင် ထွက်လေ့မရှိတော့ဘူး။ သူ့အခန်းလေးထဲမှာပဲ အနေများတယ်။ အပြင်က တခြားအကြောင်းအရာတွေ ဘာတွေလည်း စိတ်မဝင်စားပါဘူး။ သူမေးတတ်တာ ဘိုးဘွားစဉ်ဆက်ကိုးကွယ်လာတဲ့ ဘုန်းကြီးကျောင်းအကြောင်းရယ်၊ တူဖြစ်သူက မွေးတဲ့ မြေးတွေ(အဖေတို့မောင်နှမတွေ) အကြောင်းလောက်ရယ်သာ သတိရတဲ့အခါ မေးတတ်တယ်။ သူ့ဟာသူ ပုတီးလေးစိပ် ဘုရားရှိခိုးနဲ့ပဲနေတာ။ အိမ်မှာ ကျွန်တော်တို့တွေ ပြောကြဆိုကြတာတွေတော့ နားစွန်နားဖျား ကြားမိပါလိမ့်မယ်။ လူကြီးဆိုတော့လည်း သူ့စိတ်ထဲ တွေးမိတွေးရာ တွေးတာလည်း ရှိမှာပေါ့။


ကျွန်တော့်အဖွားက အသက် ၈၆နှစ်အရွယ် မကွယ်လွန်ခင် အချိန်ထိ မီးဖိုဆောင်ကို အမေနဲ့အတူ ကိုယ်တိုင်ဝင်ပြီး ချက်ပြုတ်ရမှ ကျေနပ်တာ။ အဖွားက သွေးတိုးသာ ရှိတာ ဟင်းချက်ရင် လေးလေးပင်ပင်လေး ချက်လေ့ရှိတယ်။ ပေါ့ရွှတ်ရွှတ်ဟင်းတွေဆိုရင် စားမဝင်တတ်ဘူး။ အဲဒီအလေ့က စွဲနေတော့ အဒေါ်ဖြစ်သူအတွက် ထမင်းပွဲ ဟင်းပွဲလုပ်ပေးတဲ့အခါမှာလည်း လေးလေးပင်ပင်လေးဖြစ်အောင် ပြင်တော့တယ်။


တစ်နေ့တော့ ဘဲဥပြုတ်လေးကို ဆီဆမ်းပြီး ထမင်းပူပူလေးနဲ့ စားဖို့ကို အဖွားက လုပ်ပေးတယ်။ ကျွန်တော့်အဘေးလည်း ထမင်းပွဲဝင်ထိုင်ပြီး ဘဲဥပြုတ်လေးတစ်ဖတ်ကို အရင်ကောက်မြည်းလိုက်တယ်။ ပြီးတော့ ဘယ်သူ့ကိုမှ ပြောတာမဟုတ်ပါဘူး။ သူ့ဘာသာသူလေး ရေရွတ်လိုက်တာ...

“သြော်... ဈေးတွေကြီးလာတော့ လူတွေလည်း ဘဲတွေကို အစာမကျွေးနိုင်ဘဲ ဆားတွေပဲ ကျွေးလားမသိဘူးကွယ်။ ဘဲဥတွေက ဆားငန်လိုက်တာ” တဲ့။

Sunday, November 23, 2008

မိုင်ဆွန်ခ

စင်္ကာပူရောက် ရှမ်းတိုင်းရင်းသားများရဲ့ ရှမ်းရိုးရာနှစ်သစ်ကူးပွဲကို နိုဝင်ဘာ ၂၂ရက် ညနေခင်းမှာ Lavender MRT အနီးက Foochow Building မှာ ကျင်းပခဲ့ပါတယ်။ ရှမ်းပြက္ခဒိန်အရ ယခုနှစ်ဟာ ၂၁၀၃ ခု လို့သိရတယ်။ အစောကတည်းက သွားချင်ပေမယ့် မသေချာတာကြောင့် လက်မှတ်မဝယ်ထားရဘူး။ အဲဒီနေ့လယ်ရောက်မှ သူငယ်ချင်းနဲ့ ဖုန်းဆက်ဖြစ်ပြီး သူ့မှာ လက်မှတ်အဆင်သင့်ရှိတာနဲ့ ရောက်ဖြစ်တယ်။ ခန်းမရောက်တော့ ဝယ်ထားတဲ့ လက်မှတ်တွေကို ကပ်ခွာခုံနံပါတ်လေးတွေနဲ့ လဲပေးတယ်။ ပြီးတော့ ရှမ်းအစားအစာ ထမင်းဘူးတွေ တစ်ယောက်တစ်စုံစီပေးတယ်။ ရှမ်းပြက္ခဒိန်တွေ၊ တီရှပ်တွေ ရောင်းနေတာလည်း တွေ့ခဲ့တယ်။

ခန်းမရောက်တော့ ၅ နာရီစမယ်ဆိုပေမယ့် တကယ်တမ်းက နည်းနည်းနောက်ကျပြီးမှ စဖြစ်တယ်။ လူတော့ အများကြီး ပြည့်ကျပ်မနေဘူး။ ထိုင်ခုံမှာဝင်ထိုင်ပြီး ဘူးကို ဖွင့်လိုက်တော့ သွားရည်ကျသွားတယ်။ ဘူးထဲမှာ ထမင်းရယ်၊ ငါးရယ်၊ မုန်ညင်းချဉ်ရယ်၊ ငါးဆုပ်လုံးလိုလုပ်ထားတာရယ်။ ပြီးတော့ ငှက်ပျောကောက်ညှင်းထုပ်မီးကင် ကလည်း တော်တော်ကောင်းတယ်။ ရွှေရင်အေးလို အချိုပွဲ တစ်ဘူးလည်း သောက်လို့ကောင်းတာပဲ။ အားလုံးခြုံပြောရရင် ရှမ်းဟင်းတွေ အများကြီးမစုံပေမယ့် ကျွေးသမျှတော့ အကုန်စားလို့ကောင်းတယ်။ လုံးဝမဝဘူး။ စားနေရင်းနဲ့ သူများတွေဖက်ကို စပ်စုကြည့်တော့မှ တို့ဟူးခြောက်ကြော်ထုပ်လေးတွေ တွေ့တယ်။ ဒါနဲ့ ထမင်းဘူးသွားထုတ်လာတဲ့ သူငယ်ချင်းကို မေးတော့ သူလည်း ပေးတဲ့အတိုင်းယူလာတာတဲ့။ တို့ဟူးခြောက်ကြော်က သူတော့ မကြိုက်ဘူးတဲ့လေ။ ဆိုးဝါးလိုက်တာ။ ကျွန်တော်အရမ်းကြိုက်တာ။ အရမ်းကြိုက်တဲ့လူကျမှ မရခဲ့ဘူး။ ခဏနေတော့ နောက်ကခုံတန်းမှာ နိုင်ငံခြားသားတစ်ချို့ပါ လိုက်လာကြည့်တာတွေ့တယ်။ ရှေ့က အစီအစဉ်တွေ ကြည့်နေရင်းနဲ့ သူတို့ဆီက တကြွပ်ကြွပ်နဲ့ တို့ဟူးခြောက်ကြော် ဝါးစားသံထွက်လာတိုင်း ကျွန်တော့်မှာ ကလိကလိဖြစ်နေရတယ်။ ဟင်း..

တကယ်တော့ ကျွန်တော့်အဖေဖက်က အဖိုးအဖွားတွေ နှစ်ဖက်စလုံး ရှမ်းစစ်စစ်တွေ။ ဒါပေမယ့် မြေပြန့်မှာ အခြေချခဲ့တာ မျိုးဆက်လေးငါးဆက်လောက်ရှိနေပြီဆိုတော့ ကျွန်တော်တို့လက်ထက်မှာ ရှမ်းဓလေ့၊ ရှမ်းစကား ဘာမှမသိတော့ဘူး။ ဒါပေမယ့် ကျွန်တော်ကတော့ ရှမ်းအစားအစာဆိုရင် တော်တော်ကြိုက်တယ်(စားဖူးပြီးသမျှတွေထဲမှာ)။ ရှမ်းအိုးစည်သံကြားရင်လည်း တော်တော်မြူးတယ်။ လိုက်ကချင်နေတယ်။ တောင်ကြီးတန်ဆောင်တိုင် တစ်ခေါက်ရောက်တုန်းကဆိုရင် အရမ်းပျော်တာပဲ။ တို့ဟူးနှစ်ပြန်ကြော်ဆို အသေကြိုက်။

အခမ်းနားဖွင့်ပြီးတော့ စိုင်းအောင်မြင့်(ကျောင်းက Mechanical major က သူငယ်ချင်းပါ)က ရှမ်းလို နှုတ်ဆက်စကားပြောတယ်။ ရှမ်းအကအလှတွေ တစ်ပုဒ်ပြီးတစ်ပုဒ်တင်ဆက်တယ်။ ဓါးသိုင်းတွေလည်း ပါတယ်။ ဒါပေမယ့် ကျွန်တော့်စိတ်ထင် သိပ်မမြူးသလိုဖြစ်နေတယ်။ တူရိယာသံတွေကပဲ တိုးနေလို့လား မသိဘူး။ အဆိုတော် စိုင်းထီးဆိုင်ရဲ့ ညီ စိုင်းအောင်ထီးခမ်း ဖျော်ဖြေတဲ့အလှည့်ရောက်တော့ ရှမ်းသီချင်းတွေ၊ စိုင်းထီးဆိုင်သီချင်းတွေနဲ့ သူရဲ့ သီချင်းတချို့ဆိုတယ်။ အဲဒီကျမှ နည်းနည်းသွက်လာတယ်။ ပြီးတော့ တင့်တင့်ထွန်း။ မတင့် ထွက်လာတော့မှ ပွဲက ပိုပြီးစိုပြေသွားတယ်။ သီချင်းတွေ တစ်ပုဒ်ပြီး တစ်ပုဒ်ဆိုတယ်။ မတင့်ထုံးစံအတိုင်း အကလေးတွေလည်း ပါတော့ အားပေးကြတာပေါ့။ နောက်တန်းက နိုင်ငံခြားသားတွေကလည်း ထထအော်ကြတယ်။ မတင့်ကပုံကို သဘောကျတယ် ထင်တယ်။

ကြားမှာ ၁၀မိနစ်လောက် နားသေးတယ်။ ပြီးတော့ တိုးနယားအက၊ ရှမ်းအကတွေနဲ့ ပြန်ဖွင့်တယ်။ နောက် စိုင်းအောင်ခမ်းထီးနဲ့ မတင့်တို့ အဝတ်အစားသုံးစုံလောက်စီ လဲပြီး ဆိုကြတယ်။ မတင့်က ရှမ်းဝတ်စုံလေးလဲပြီး တစ်ခါထွက်လာပြန်တော့လည်း လှလိုက်တာ။ မတင့်က အသက်လေးဆယ်သာ ကျော်နေတယ် အတော်လှသေးတာ။ တော်ရုံမင်းသမီးတွေလောက်တော့ အသာလေးယှဉ်နိုင်တယ်။ စင်ပေါ်က မတင့်နဲ့ စင်အောက်က ပရိတ်သတ် အပေးအယူမျှမျှနဲ့ သီဆိုဖျော်ဖြေသွားလိုက်တာ တစ်သားတည်းပါပဲ။ နောက်ဆုံးသီချင်းတွေကျတော့ စင်ပေါ်မှာ ကလိုက်ကြတာ တကယ့်ကို ပျော်စရာကြီး။

စိုင်းအောင်ထီးခမ်းက ရှမ်းစကားနဲ့ “မိုင်ဆွန်ခ” လို့ နှုတ်ဆက်တော့ စင်အောက်က နားလည်တဲ့လူတွေက ရှမ်းလိုပဲ ပြန်နှုတ်ဆက်ကြတယ်။ နာမည်ကြီးတဲ့ ရှမ်းသီချင်းတချို့လည်း ဆိုရော ရှမ်းလိုရတဲ့သူတွေ လိုက်ဆိုကြတာပေါ့။ ကျွန်တော်လည်း ရှမ်းသွေးပါလျက်နဲ့ ရှမ်းလိုလေးတောင် ပြန်ပြီး နှုတ်မဆက်တတ်ဘူး။ နောက်တစ်ခါတော့ ပြန်နှုတ်ဆက်တတ်အောင် ရှမ်းစကားလေးတော့ သင်ထားရဦးမယ်။

ကင်မရာက indoor ပုံတွေ ကောင်းကောင်းရအောင် ရိုက်မရလို့ မတင်လိုက်နိုင်ဘူး။ ကိုဒီ ဆီမှာပဲ အားပါးတရကြည့်လိုက်ကြပါခင်ဗျာ။

Tuesday, November 18, 2008

ဘယ်သူပြောရဲလဲ

ရေခြားမြေခြားမှာ ရောက်နေရတော့ မြန်မာအစားအစာဆိုရင် အရမ်းလွမ်းတယ်။ ပြောမဲ့သာ ပြောတာပါ။ တိုင်းတပါးမှာ ဒီနိုင်ငံလောက် မြန်မာအစာ အလွယ်တကူစားနိုင်တာ မရှိသေးဘူးထင်တယ်။ အိမ်မှာလည်း အမြဲချက်စားနေတာပါပဲ။ ဟင်းချက်ဖို့ လိုချင်တဲ့ မြန်မာအမယ်တွေလည်း စုံစုံလင်လင်ဝယ်လို့ရတာကိုး။ တကယ်တော့ ကျွန်တော် ဒီမရောက်ခင်က ဘာမှ မချက်တတ်ဘူး။ ကြက်ဥကြော်လောက်၊ ကြက်သားစော်ဘွားချက်လောက်ပဲ ချက်တတ်ခဲ့တာ။ ငယ်ငယ်က အမေနဲ့ အဖွားချက်တာကို မြင်ဖူးနေတော့ အဲဒီအတိုင်း မှတ်မိတာတွေ ချက်ကြည့်တယ်။ အမေ့ကို ဖုန်းဆက်လို့ကြုံရင် ပြန်မေးတယ်။


ချက်ကာစကဆိုရင် ဘာဟင်းချက်ချက် မျက်လုံးထဲမြင်တာ အကုန်ကောက်ထည့်တာပဲ။ တစ်ခါတစ်လေလဲ အဆင်ပြေပြီး စားကောင်းနေတယ်။ တစ်ခါတစ်လေ ဘာဟင်းမှန်းမသိ အရသာကဆိုး စားမဲ့သူမရှိတော့ လွှင့်ပစ်လိုက်ရတာပဲ။ နောက်ပိုင်း ဟင်းချက်သက်လေး နည်းနည်းရလာတော့မှ လက်စွမ်းထက်လာတယ်။ အခုဆို ကျွန်တော့်လက်ရာ စပါယ်ရှယ်ဟင်းတချို့ဆို သူငယ်ချင်းတွေကြားထဲ နာမည်ကြီးပဲ။ ကောင်မလေးတွေဆို ညာညာပြီး ချက်ကျွေးခိုင်းနေကြ။ ကျွန်တော်တို့အိမ်မှာက သူငယ်ချင်းခြောက်ယောက်မှာ တရုတ်နှစ်ယောက်က ဘာမှ မချက်တတ်ဘူး။ အဲဒီတော့ သူတို့ကို “အရက်ဝယ်၊ ကြက်ဖမ်း၊ ငရုပ်သီးထောင်း၊ ခွေးမောင်း” ဆိုတဲ့ ရာထူးပေးထားတယ်။ တဖြည်းဖြည်းနဲ့ တစ်ယောက်ကတော့ တိုးတက်လာတယ်ဆိုရမယ်။ ဟင်းချက်မဲ့သူ မရှိရင် သူ့ဘာသာသူ ကောက်ချက်ထားတတ်တယ်။ ကျန်တဲ့တစ်ကောင်ကတော့ မတိုးတက်ဘူး။ ဘယ်ရမလဲ သူက မသင်ယူဘူးလေ။ သူ့ကောင်မလေးနဲ့ လျှောက်သွားလျှောက်စားနေတာကိုး။


တစ်ခါကတော့ သူငယ်ချင်းတွေစုံတုန်း ဘာစိတ်ကူးပေါက်လဲ မသိဘူး။ အသင့်ကြော်စားတဲ့ ကြက်သားလိပ်ထုပ်ကို သူကြော်ပေးမယ်ဆိုပဲ။ အဲဒါနဲ့ ကျွန်တော်တို့လဲ သူ့လွှတ်ပေးလိုက်တယ်။ မောင်မင်းကြီးသားကဗျာ ဆီအိုးထဲကို ကြက်သားမပစ်ချရဲဘူး။ တုန်တုန် တုန်တုန်နဲ့ အဝေးကြီးကနေ ပစ်ထည့်နေတော့ အနားက တခြားလူကို ဆီတွေစင်တော့ပေါ့။ နောက်တော့ သူ့ကို မူလရာထူးပဲ ပြန်ပေးထားရတယ်။ ကျန်တဲ့လေးယောက်ကတော့ စာဖိုးမှူးတာဝန်ယူတယ်။ ရခိုင်ဖြစ်တဲ့ ပုလုကွေးက ရခိုင်ဟင်းချက်တယ်။ သူ့ဟင်းတွေက အစပ်တွေဆိုတော့ စားလို့တော့ အတော်ဝင်တယ်။ ပအို့ဝ်ကတော့ ရိုးရာဟင်း သိပ်မချက်ဘူး။ စိတ်ကူးပေါက်ရင်တော့ သူက ထချက်တတ်တယ်။ ကျွန်တော့်အကိုဝမ်းကွဲကတော့ နားရက်တစ်ရက်ပဲ ရတာဆိုတော့ သူအားမှပဲ ဝင်ချက်တယ်။ တောင်ငူမုန့်ဟင်းခါး ဟင်းရည်ကျဲလိုမျိုး စားချင်လာရင်တော့ သူ့ကို ချက်ခိုင်းရတယ်။ အရင်ကတော့ ဒိုင်ခံစားဖိုမှူးက အစောဆုံးအိမ်ပြန်ရောက်တတ်တဲ့ ကျွန်တော်ပါ။ အခုတလောတော့ အပျင်းကြီးနေတာမို့ သိပ်မချက်ဖြစ်ဘူး။ ဆန်ကလဲ အိတ်လိုက် အော်ဒါမှာစားတော့ ပိုတန်တယ်ပြောရမယ်။ အိမ်ထိလာပို့တော့ သယ်ရတဲ့ဒုက္ခက လွတ်တယ်လေ။


ဒီနေ့တော့ ရုံးအဆင်းမှာ မြန်မာစာစားချင်တာနဲ့ Clementi က မြန်မာဆိုင်ထပ်ဖွင့်တဲ့ဆီမှာ သွားစားဖြစ်တယ်။ (Clementi ဆိုလို့ ဒီက နာမည်တွေထဲမှာ ကျွန်တော် ပထမဆုံးမှတ်မိတာ Clementi ဗျ။ ကျောင်းတုန်းက ကျွန်တော်တို့ Electronics က ဆရာကြီး ဦးကလဲမင့် နာမည်နဲ့ နီးစပ်လို့လားတော့ မသိဘူး)။ ဘလော့တစ်ခုမှာတွေ့လို့ သွားစားဦးမယ်ပြင်နေတာ ဒီနေ့မှရောက်ဖြစ်တယ်။ “မန္တလေး” တဲ့ ဆိုင်နာမည်က။ MRTကနေ ကတ်ဖြတ်ပြီးရင် ညာဖက်ခြမ်း စင်္ကြံလမ်းအတိုင်း အဆုံးထိလျှောက်ရင် စားသောက်ဆိုင်တန်းတစ်ခုရှိတယ်။ အဲဒီမှာလည်း မြန်မာဆိုင်တစ်ဆိုင်ရှိတယ်။ အဲဒီကနေ တိုက်တွေအောက်က ဆိုင်တန်းတွေအတိုင်း ဆက်သွားရင် “ကောင်းဇုံ စတိုး”ကို ကျော်ပြီးရင် ရောက်ပါပြီ။ တကယ်တော့ လမ်းမကြီးအတိုင်း လျှောက်ရင်လည်း ရပါတယ်။ လမ်းမနဲ့ ကပ်လျက်က ဆိုင်တန်းမှာပါပဲ။ စားသောက်ဆိုင်တန်းတွေထဲက ဆိုင်တစ်နေရာမှာ ဖွင့်ထားတာပါ။ ဆိုင်နာမည်ကို မြန်မာလို မရေးထားဘဲ အင်္ဂလိပ်လိုသာ ရေးထားလို့ ရုတ်တရက် မတွေ့ဘဲနေလိမ့်မယ်။ စားသောက်ဆိုင်တန်းရဲ့ ရှေ့ကကြည့်ရင် ဘယ်ဖက်ခြမ်းမှာပါ။ ဆိုင်တန်းတစ်ခုလုံးရဲ့ အပေါ်တွေမှာ တိုက်ဂါးဘီယာဆိုင်းဘုတ်တွေ ရှိပါတယ်။


ကျွန်တော်ရောက်တဲ့အချိန်က ည ၇ နာရီဝန်းကျင်ပါ။ ပင်နီဆူလာကဆိုင်တွေလောက် ဟင်းတွေ မစုံလင်ပေမယ့် ရွေးချယ်စရာတွေရှိပါတယ်။ ကျွန်တော်စားဖြစ်တာက ဆိတ်သားအာလူးဟင်း၊ ငါးချဉ်သုတ်နဲ့ ဟင်းရွက်ကြော်အကြီးကြီးတစ်ချပ်ပါ။ ၄ကျပ် နှစ်ဆယ်ပေးရပါတယ်။ ဝက်သားလုံး၊ မြင်းခွာရွက်သုပ်၊ ဘာလချောင်ကြော်နဲ့ စားတဲ့သူငယ်ချင်းကတော့ ၃ကျပ် ငါးဆယ်ပါ။ ဟင်းရည်တစ်ခွက်လဲ ရပါတယ်။ ဟင်းထည့်တာ နည်းတယ်ထင်ရပေမယ့် ဟင်းစားမကြီးတဲ့လူအတွက်တော့ အတော်ပါပဲ။ ဆိတ်သားက နူးနေတော့ စားရတာ အဆင်ပြေတယ်။ အရသာလည်း ကောင်းတယ်။ ငါးပိထောင်း၊ ငါးပိရည်၊ အချဉ်ရည်၊ တို့စရာတွေလည်း ထားပေးထားပါတယ်။ ဇွန်း၊ ခက်ရင်းကို တစ်ရှူးစနဲ့ပါ ပတ်ပေးထားပါတယ်။ ပန်းကန်၊ ခွက်တွေကတော့ တစ်ခါသုံးတွေပါ။ မြို့ထဲထိ သွားစားဖို့ အချိန်မရတဲ့သူတွေအတွက်တော့ အဆင်ပြေပါတယ်။ ဈေးနှုန်းအနေနဲ့ကတော့ မြန်မာအစားအစာအနေနဲ့ ပုံမှန်ပဲလို့ဆိုရမယ်။ ဒီကအစားအစာတွေတောင် သုံးလေးကျပ်တော့ ပေးနေရပြီလေ။ မနက် ၈နာရီလောက်ကနေ ည ၁၀နာရီလောက်ထိ ဖွင့်တယ်တဲ့။


အပြန်ကျတော့ Bukit Batok ကို ၁၀၆ စီးပြီး ပြန်ခဲ့တယ်။ ကျွန်တော့်လို တောထဲမှာ ရုံးတက်ရတဲ့ သူအတွက်တော့ အိမ်နဲ့ နည်းနည်းနီးတယ်ပြောလို့ရတဲ့ Clementi ဆိုင်က အဆင်ပြေပါတယ်။ မြန်မာစာလည်း စားချင် အိမ်မှာလည်း မချက်နိုင်၊ မြို့ထဲလည်း သွားဖို့အချိန်မရတဲ့နေ့မျိုးအတွက် အရံသင့်ပဲ။ ကျွန်တော်တို့စားနေတုန်းလည်း မြန်မာတွေ အတော်လာစားကြပါတယ်။ ပြည်ကျောင်း ရှေ့နှစ် စက်မှုက queen အမကြီးတို့ရယ်၊ ရန်ကုန်ကျောင်းက ဘော်ဒါတစ်ချို့ရယ်လဲ လာစားကြတာ တွေ့ခဲ့တယ်။


ပင်နီဆူလာ မြေအောက်ထပ်မှာ “မြနန္ဒာ”ဆိုင် ထပ်ဖွင့်တော့ ကျွန်တော် စစားမိတဲ့နေ့က တန်းစီနေတုန်း အိန္ဒိယအမျိုးသမီးနှစ်ယောက်(ထင်တာပဲ) ဝင်လာတယ်။ တန်းစီနေတဲ့ လူတန်းကို ကြည့်ပြီး စိတ်ဝင်စားသွားမှာပေါ့။ ကျွန်တော့်နောက်မှာ ဝင်တန်းစီပြီး ဘာဆိုင်လဲ ဘာဟင်းလဲဆိုပြီးမေးတယ်။ ဘယ်ရမလဲဗျာ။ ဒီကကောင်ကလဲ ဒီလိုကိုယ့်အစားအစာကို အရေးတယူ လုပ်ပြီး မေးလို့ကတော့ “ဒါမြန်မာဟင်း၊ စားလို့အရမ်းကောင်းတယ်၊ အရသာရှိတယ်၊ ဟင်းတွေ အမယ်စုံတယ်” အစချီပြီး ကြော်ငြာကောင်းကောင်းဝင်လိုက်တာပေါ့။ အမျိုးသမီးကြီးနှစ်ယောက်လည်း ဟင်းတွေလိုက်ကြည့်ပြီး သွားရည်ယိုသွားလားမသိဘူး။ လက်ညှိုးတစ်ထိုးထိုးနဲ့ မှာနေကြပါရော။ ကျွန်တော်လည်း စားနေရင်းနဲ့ သူတို့ဝိုင်းကို အသာလေးလှမ်းကြည့်မိတယ်။ ရေနွေးတွေတောင် မှာသောက်လို့။ တစ်ယောက်ဆိုရင် ထမင်းလိုက်ပွဲတောင် ပြောင်နေပြီ။ စားကောင်းကြတယ် ထင်ပ။ တစ်ခါတစ်လေလည်း ဒီက စလုံးတွေလား မသိဘူး။ ဟင်းတွေ ပါဆယ်လာဝယ်နေတာနဲ့ ကြုံဖူးတယ်။ သူတို့ ခံတွင်းတွေ့လို့ နေမှာ။


သူတစ်ပါးတိုင်းပြည်မှာ ကိုယ့်နိုင်ငံက ကိုယ့်လူမျိုးတွေ ကိုယ်ပိုင်စီးပွားရေးတစ်ခု လုပ်နိုင်တိုင်း ကျွန်တော်ဝမ်းမြောက်မိတယ်။ အထူးသဖြင့် မြန်မာအစားအစာတွေကို အခုလို အလွယ်တကူစားလို့ရနိုင်အောင် ရောင်းနိုင်တာ တကယ်အဆင်ပြေတယ်။ ကိုယ့်လူမျိုးတွေသာမက ဒီက တခြားလူမျိုးတွေပါ စားတတ်လာအောင် စားချင်လာအောင် တိုးချဲ့လုပ်ကိုင်နိုင်မယ်ဆိုရင် ကောင်းမယ်။ မြန်မာအစားအစာ နိုင်ငံတကာမှာ ဘာလို့မထိုးဖောက်နိုင်ရမှာလဲ။ ဒီအကြောင်းအရာက ဒီထက်ပို အသေးစိတ်ရေးချင်သေးပေမယ့် အခုတောင်အတော်ရှည်နေပြီမို့ ဒီလောက်နဲ့ပဲ တော်ဦးမယ်။ နောက်များမှပေါ့။


“မြန်မာအစားအစာ မကောင်းဘူးလို့ ဘယ်သူပြောရဲလဲ”

Sunday, November 16, 2008

တောင်ငူ အ.ထ.က (၂) ဆရာပူဇော်ပွဲ

ကိုလိုနီခေတ် ၁၉၂၀ မှာ မြန်မာနိုင်ငံ အနှံ့အပြား အမျိုးသားကျောင်းတွေ ပေါ်ပေါက်လာကြတယ်။ နောက်တစ်နှစ်အကြာ ၁၉၂၁ ခုနှစ်မှာတော့ တောင်ငူမြို့ရဲ့ အသည်းနှလုံးနေရာလို့ တင်စားရမယ့် ကေတုမတီနန်းတော်ဟောင်း နေရာမှာ နောင်တစ်ချိန် အ.ထ.က (၂) တောင်ငူ ရယ်လို့ ဖြစ်လာမယ့် အမျိုးသားကျောင်းကြီးကို စတင်တည်ထောင်ခဲ့ပါတယ်။ ယခုဆိုလျှင် အမျိုးသားကျောင်းကြီးရဲ့ သက်တမ်းဟာ (၈၇)နှစ် ကျော်လာပါပြီ။ တောင်ငူရဲ့ သက်တမ်းအကြာဆုံးနဲ့ တစ်ခုတည်းသော အမျိုးသားကျောင်းဆိုရင်လည်း မမှားပါဘူး။ အမျိုးသားကျောင်းကြီးကနေ ခေတ်အဆက်ဆက် ဆရာဝန်၊ အင်ဂျင်နီယာမှ အစပြု၍ အသိပညာရှင်၊ အတတ်ပညာရှင်များ မြောက်မြားစွာ အပါအဝင် နိုင်ငံကျော် အနုပညာရှင် တချို့ကိုပါ မွေးထုတ်ပေးနိုင်ခဲ့ပါတယ်။


အမျိုးသားကျောင်းကြီးရဲ့ ကျောင်းသား၊ကျောင်းသူဟောင်းများ စုပေါင်းကန်တော့ကြတဲ့ အာစရိယပူဇော်ပွဲ ကျင်းပလာတာ ယခုနှစ်ဆိုလျှင် (၁၇)ကြိမ်မြောက် တိုင်ခဲ့ပြီ ဖြစ်ပါတယ်။ အသက်(၆၀) ပြည့်လို့ အငြိမ်းစားယူသွားကြပြီဖြစ်တဲ့ ဆရာကြီး၊ ဆရာမကြီးများကို လက်ရှိနေထိုင်ကြရာ မြို့ရွာများသို့တိုင် ဆက်သွယ်ဖိတ်ကြားပြီး ပူဇော်ကန်တော့ကြခြင်းဖြစ်ပါတယ်။ ကန်တော့ပွဲ နှစ်စဉ်အမြဲမပြတ် ကျင်းပနိုင်ဖို့အတွက်လည်း ရာသက်ပန်ပဒေသာပင် များလည်း စိုက်ထူထားရှိပါတယ်။


သူငယ်တန်းကနေ ဒဿမတန်းအောင်တဲ့အထိ (၁၁)နှစ်လုံးလုံး အမျိုးသားကျောင်းကြီးရဲ့ ရင်ခွင်မှာ ပညာရင်နို့ သောက်စို့ခဲ့တဲ့ ကျွန်တော့်အတွက်တော့ ဒီလိုကန်တော့ပွဲမျိုးမှာ ပူဇော်ကန်တော့ခွင့်ရခြင်းဟာ အင်မတန် ဝမ်းမြောက်ပီတိဖြစ်ရပါတယ်။ ကျွန်တော် ဆယ်တန်းအောင်ပြီးလို့ ကျောင်းသားဟောင်းအနေနဲ့ ပထမဆုံး ကန်တော့ခဲ့ရတဲ့နှစ်မှာတော့ သင်ကြားပေးခဲ့ဖူးတဲ့ ဆရာဆရာမကြီးတွေ အနည်းငယ်သာ ပါဝင်ခဲ့ပေမယ့် ယခုအချိန်မှာတော့ တစ်နှစ်ထက်တစ်နှစ် ပင်စင်ယူသွားကြတဲ့ ဆရာတွေ တိုးတိုးလာပါတယ်။



အငြိမ်းစား ဆရာကြီးများ (၃၇) ဦး


၁။ ဦးဂျီထွန်းဘော် (ဘားအံ)
၂။ ဦးဘဝင်းချစ် (ရန်ကုန်)
၃။ ဦးကျော်မြင့် (တောင်ငူ) - အ.ထ.က (၂) ကျောင်းအုပ်ကြီး ဖြစ်ပါတယ်
၎။ ဦးကျော်သိန်း (တောင်ငူ)
၅။ ဦးကြင်ထွန်း (ရန်ကုန်)
၆။ ဦးမြင့်ဟန် (အင်းစိန်)
၇။ ဦးစောဂျွန်ကျား (တောင်ငူ)
၈။ ဦးအောင်သန်း (တောင်ငူ)
၉။ ဦးစောဘလှ (တောင်ငူ)
၁၀။ ဦးစောသီအိုဖိလစ် (တောင်ငူ)
၁၁။ ဦးစိန်ဝင်း (တောင်ငူ)
၁၂။ ဦးထွန်းလှိုင် (တောင်ငူ)
၁၃။ ဦးလွင် (တောင်ငူ)
၁၄။ ဦးချစ်ထွန်း (တောင်ငူ)
၁၅။ ဦးထွန်းကြည် (တောင်ငူ) - အ.ထ.က (၂) ကျောင်းအုပ်ကြီး ဖြစ်ပါတယ်
ီ၁၆။ ဦးတင်အုန်း (ထန်းတပင်)
၁၇။ ဦးလှရွှေ (ထန်းတပင်)
ီ၁၈။ ဦးထွန်းအောင် (တောင်ငူ)
၁၉။ ဦးသိန်းအောင် (တောင်ငူ-ကေတု) - ပဉ္စမတန်း အတန်းမှူးဖြစ်ပြီး မြန်မာစာ သင်ပါတယ်
၂၀။ ဦးအောင်မြင့် (တောင်ငူ)
၂၁။ ဦးစိန်လှိုင် (တောင်ငူ)
၂၂။ ဦးဗိုလ်ခင် (တောင်ငူ)
ီ၂၃။ ဦးလှထွန်း (မော်လမြိုင်)
၂၄။ ဦးသန်းလွင် (ဆွာ)
၂၅။ ဦးထွန်းကြည် (တောင်ငူ)
၂၆။ ဦးသိန်းအောင် (တောင်ငူ-ရေနီ)
၂၇။ ဦးစောရွှေဝင်း (တောင်ငူ) - ပဉ္စမတန်း ကမ္ဘာ့ပထဝီဝင် သင်ပါတယ်
၂၈။ ဦးမျိုးအောင် (ရန်ကုန်)
၂၉။ ဦးကြည်ဝင်း (ရန်ကုန်)
၃၀။ ဦးထွန်းရှိန် (တောင်ငူ) - ဒဿမတန်း ရူပဗေဒ သင်ပါတယ်
၃၁။ ဦးစံသိန်း (တောင်ငူ)
၃၂။ ဦးအောင်မွန် (တောင်ငူ)
၃၃။ ဦးစောဂျွန်ရော့ခို (တောင်ငူ)
၃၄။ ဦးတင်မြင့် (တောင်ငူ) - အဌမတန်း စိုက်ပျိုးရေးဘာသာ(ကြို/သက်) သင်ပါတယ်
၃၅။ ဦးလှကျော် (ရန်ကုန်)
၃၆။ ဦးကျော်သန်း (တောင်ငူ) - ဒဿမတန်း ပထဝီဝင်၊ သမိုင်း သင်ပါတယ်
၃၇။ ဦးတင်အေး (တောင်ငူ) - သတ္တမတန်း၊ အဌမတန်း မြန်မာစာ သင်ပါတယ်



အငြိမ်းစား ဆရာမကြီးများ (၇၉) ဦး


၁။ ဒေါ်တင်ညွန့် (တောင်ငူ) - အ.ထ.က (၂) ကျောင်းအုပ်ကြီး ဖြစ်ပါတယ်
၂။ ဒေါ်အေးလှတင် (ရန်ကုန်)
၃။ ဒေါ်မိုရင်းလှလှဝင်း (တောင်ငူ)
၎။ ဒေါ်အုန်းမြ (တောင်ငူ)
၅။ ဒေါ်အုန်းမြ(ခိုင်) (တောင်ငူ)
၆။ ဒေါ်ရိုစ်ကရင်(မ်) (တောင်ငူ)
၇။ ဒေါ်ရီရီမာ (တောင်ငူ)
၈။ ဒေါ်ထားမြင့် (တောင်ငူ) - နဝမတန်း မြန်မာစာ သင်ပါတယ်
၉။ နော်လုလုကျော်ဇော (ရန်ကုန်)
၁၀။ ဒေါ်ခင်လေး (တောင်ငူ) - ဒဿမတန်း သမိုင်း သင်ပါတယ် (ကျွန်တော့်အတန်းပိုင်ပါ)
၁၁။ ဒေါ်အေမီသင် (ရန်ကုန်)
၁၂။ ဒေါ်မြင့်မြင့်ဝေ (တောင်ငူ)
၁၃။ ဒေါ်ခင်အုန်းမြင့် (ရန်ကုန်)
၁၄။ ဒေါ်အေးယဉ် (ရန်ကုန်)
၁၅။ နော်အဲ(လ်)နာညွန့် (ရေတာရှည်) - သတ္တမတန်း အင်္ဂလိပ်စာ သင်ပါတယ်
၁၆။နော်လူခရစ်ရှာ (တောင်ငူ)
၁၇။ ဒေါ်ခင်စု (မန္တလေး) - ဆဌမတန်း သမိုင်း သင်ပါတယ်
၁၈။ ဒေါ်တင်ညွန့် (တောင်ငူ) - နဝမတန်း မြန်မာစာ သင်ပါတယ်
၁၉။ ဒေါ်ခင်သိန်း (ရန်ကုန်)
၂၀။ ဒေါ်ခင်အေး (တောင်ငူ)
၂၁။ ဒေါ်အုန်းကြည် (တောင်ငူ)
၂၂။ ဒေါ်စန်းရီ (ရန်ကုန်) - နဝမတန်း မြန်မာစာ သင်ပါတယ်
၂၃။ ဒေါ်ခင်မြင့်နွယ် (တောင်ငူ) - ဆဌမတန်း မြန်မာစာ သင်ပါတယ်
၂၄။ ဒေါ်ဝိုင်း (ခရမ်း)
၂၅။ ဒေါ်တင်နွယ် (တောင်ငူ) - နဝမတန်း ပထဝီဝင် သင်ပါတယ် (ကျွန်တော့် အတန်းပိုင်ပါ)
၂၆။ ဒေါ်ခင်ခင်ဝင်း (ရန်ကုန်)
၂၇။ ဒေါ်အုန်းသန်း (တောင်ငူ) - ဒဿမတန်း မြန်မာစာ သင်ပါတယ်
၂၈။ ဒေါ်အေးမြင့်(သိန်း) (တောင်ငူ) - အဌမတန်း အင်္ဂလိပ်စာ သင်ပါတယ်
၂၉။ ဒေါ်စန်းစန်းယဉ် (တောင်ငူ) - ဒဿမတန်း အင်္ဂလိပ်စာ သင်ပါတယ်
၃၀။ ဒေါ်ခင်စောနွဲ့ (တောင်ငူ)
၃၁။ ဒေါ်ခင်မိမိစိန် (တောင်ငူ)
၃၂။ ဒေါ်မမလေး (အင်းစိန်)
၃၃။ ဒေါ်တင်တင်နု (ကညွှတ်ကွင်း)
၃၄။ ဒေါ်ဌေးရီ (ရန်ကုန်)
၃၅။ ဒေါ်ခင်နွဲ့ (ရန်ကုန်)
၃၆။ ဒေါ်ခင်နွဲ့(နိုင်) (ရန်ကုန်)
၃၇။ ဒေါ်မြင့်မြင့် (တောင်ငူ)
၃၈။ ဒေါ်ကြွယ် (တောင်ငူ) - ဆဌမတန်း - သိပ္ပံ သင်ပါတယ်
၃၉။ ဒေါ်ခင်လှကြည် (တောင်ငူ)
၄၀။ ဒေါ်ခင်မြင့်သိန်း (တောင်ငူ)
၄၁။ ဒေါ်သန်းသန်းညွန့် (တောင်ငူ)
၄၂။ ဒေါ်ခင်သိန်းကြည် (ရန်ကုန်)
၄၃။ ဒေါ်မြင့်မြင့်ခင် (ရန်ကုန်)
၄၄။ ဒေါ်ခင်မြင့်မြင့် (တောင်ငူ)
၄၅။ ဒေါ်ဝင်းမြတ်စိန် (တောင်ငူ) - နဝမတန်း ပထဝီဝင် သင်ပါတယ်
၄၆။ ဒေါ်တင်ရီ (တောင်ငူ)
၄၇။ ဒေါ်ညွန့်ညွန့်ခင် (ရန်ကုန်)
၄၈။ ဒေါ်ဝင်းဝင်းသိန်း (တောင်ငူ) - ဒဿမတန်း ဘောဂဗေဒ သင်ပါတယ်
၄၉။ ဒေါ်ကင်းစိန် (တောင်ငူ) - နဝမတန်း အင်္ဂလိပ်စာ သင်ပါတယ်
၅၀။ ဒေါ်အုန်းကြွယ် (ရန်ကုန်) -နဝမတန်း သချာင်္ သင်ပါတယ်
၅၁။ ဒေါ်လုံးကြည် (တောင်ငူ) - ပဉ္စမတန်း သမိုင်း သင်ပါတယ်
၅၂။ ဒေါ်လှမြင့် (တောင်ငူ)
၅၃။ ဒေါ်လှစိန် (ရန်ကုန်)
၅၄။ ဒေါ်သင်းလှိုင် (မန္တလေး)
၅၅။ ဒေါ်တင်ရီ (ရန်ကုန်)
၅၆။ ဒေါ်ခင်ခင်အေး (ရန်ကုန်)
၅၇။ ဒေါ်ရင်မြင့် (ဖြူး)
၅၈။ ဒေါ်ခင်သန်းရီ (ရန်ကုန်) - ဒဿမတန်း ဓါတုဗေဒ သင်ပါတယ်
၅၉။ ဒေါ်ဝင်းကြည် (တောင်ငူ) - ဒဿမတန်း ဇီဝဗေဒ သင်ပါတယ်

၆၀။ နော်ဂလက်ဒစ် (တောင်ငူ)
၆၁။ ဒေါ်ခင်ညွန့်ဝေ (စစ်ကိုင်း)
၆၂။ ဒေါ်ခင်ရီ (တောင်ငူ) - အဌမတန်း သိပ္ပံ သင်ပါတယ်
၆၃။ ဒေါ်လီလီဆာသလင်း (တောင်ငူ)
၆၄။ ဒေါ်ညွန့်ရီ (တောင်ငူ)
၆၅။ ဒေါ်မြင့်မြင့်သန်း (ရန်ကုန်)
၆၆။ ဒေါ်ချစ်ချစ် (တောင်ငူ) - ဒဿမတန်း မြန်မာစာ သင်ပါတယ်
၆၇။ ဒေါ်ကြူကြူသန်း (တောင်ငူ) - ဒဿမတန်း သချာင်္ သင်ပါတယ်
၆၈။ ဒေါ်မာမာသန်း (တောင်ငူ) - သတ္တမတန်း အင်္ဂလိပ်စာ သင်ပါတယ်

၆၉။ ဒေါ်ရီရီ (တောင်ငူ)
၇၀။ ဒေါ်ခင်အေးကြူ (တောင်ငူ)
၇၁။ ဒေါ်ခင်သန်းစော (တောင်ငူ) - ဆဌမတန်း၊ သတ္တမတန်း သိပ္ပံ သင်ပါတယ်
၇၂။ ဒေါ်လှမြင့် (တောင်ငူ) - ဒုတိယတန်း သင်ပါတယ် (ကျွန်တော့် အတန်းပိုင်ပါ)
၇၃။ ဒေါ်အေးမြင့် (ရန်ကုန်)
၇၄။ ဒေါ်ညွန့်ရီ (TTC) (တောင်ငူ)
ိ၇၅။ နော်ယွာစေး (တောင်ငူ)
၇၆။ ဒေါ်ခင်စန်းကြည် (တောင်ငူ)
၇၇။ ဒေါ်တင်တင်ကြည် (တောင်ငူ) - ဆဌမတန်း အင်္ဂလိပ်စာ သင်ပါတယ် (ကျွန်တော့် အတန်းပိုင်ပါ)
၇၈။ ဒေါ်ခင်နုနု (တောင်ငူ) - ပဉ္စမတန်း အင်္ဂလိပ်စာ သင်ပါတယ်
၇၉။ ဒေါ်အယ်လ်မာမြင့် (တောင်ငူ)


အထက်ပါစာရင်းမှာ ၂၀၀၇ ခုနှစ်မှာ ကျင်းပခဲ့တဲ့ (၁၆)ကြိမ်မြောက် အာစရိယပူဇော်ပွဲရဲ့ ကန်တော့ခံ ဆရာကြီး ဆရာမကြီးများ ဖြစ်ကြပါသည်။ ယခု ၂၀၀၈ ခုနှစ်အတွက် ထပ်မံသိရပါက ဆက်လက်ဖော်ပြပေးပါမည်။ အနီရောင်ပြထားသော ဆရာကြီး ဆရာမကြီးများမှာ ကျွန်တော် သိမှီသော သင်ကြားပေးခဲ့ဖူးသော ဆရာဆရာမကြီးများ ဖြစ်ကြပါသည်။ ယခုနှစ်ပူဇော်ပွဲအတွက်ဖြစ်စေ၊ ရာသက်ပန် ပဒေသပင်အတွက်ဖြစ်စေ အလှူငွေများ ထည့်ဝင်လိုပါက ဆက်သွယ်နိုင်ရန်-

အမျိုးသားကျောင်း အ.ထ.က (၂)

တောင်ငူမြို့။

ဖုန်း ၀၅၄-၂၃၁၄၆ သို့ ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။

ယခုနှစ် အာစရိယပူဇော်ပွဲကို ၂၀၀၈ ခုနှစ် ဒီဇင်ဘာလ (၂၆)ရက် တွင် ကျင်းပပြုလုပ်မည်ဟု သိရပါသည်။

Saturday, November 15, 2008

အရံ / မင်္ဂလာဦးည

“အိမ်ထောင်မှု၊ ဘုရားတည်၊ ဆေးမင်ရည် စုတ်ထိုး၊ ဤသုံးခု ချက်မပိုင်လျှင်၊ နောင်ပြင်ရန် ခက်သည့်မျိုး”ဆိုတာ မြန်မာမှုနယ်ပယ်မှာ ထင်ရှားတဲ့ စကားတစ်ခုပါ။ အချိန်တန်အရွယ်ရောက်တဲ့အခါ ကိုယ်တိုင်က နှစ်သက်မြတ်နိုးလို့ပဲဖြစ်ဖြစ်၊ မိဘတွေက ထိမ်းမြားပေးလို့ပဲ ဖြစ်ဖြစ် အိမ်ထောင်ပြုကြတော့မယ် ဆိုရင် မင်္ဂလာဧည့်ခံပွဲဆိုတာ အဓိကနေရာက ပါဝင်လာပါပြီ။ မင်္ဂလာဧည့်ခံပွဲလို့ ခြုံပြောပေမယ့် တကယ့်လက်တွေ့မှာတော့ နှစ်ဖက်မိဘအသိုင်းအဝိုင်းနဲ့ မင်္ဂလာမောင်နှံတို့ရဲ့ အခြေအနေအရပ်ရပ်ပေါ် မူတည်ပြီး အသွင်သဏ္ဌာန်လေးတွေ ကွဲပြားသွားကြပါတယ်။


နီးစပ်ရာ မိတ်ဆွေတစ်စုကို လက်ဖက်ရည်၊ မုန့်နဲ့ ဧည့်ခံပြီး အကျဉ်းရုံး ကျင်းပကြတဲ့ ဧည့်ခံပွဲမှသည် သိန်းပေါင်းများစွာ အကုန်ကျခံပြီး အဆင့်မြင့်ဟိုတယ်ခန်းမကြီးတွေမှာ ခမ်းခမ်းနားနားကျင်းပကြတဲ့ ဧည့်ခံပွဲတွေအထိ ဘယ်လိုပင် အသွင်ပြောင်းပြောင်း တကယ့်အနှစ်သာရကတော့ မောင်နှံနှစ်ဦး နားလည်မှုရှိစွာ၊ သစ္စာရှိစွာနဲ့ သက်ဆုံးတိုင် ပျော်ရွှ့င်စွာ အတူလက်တွဲ ပေါင်းဖက်ကြဖို့ပါပဲ။


စတုတ္ထတန်းကတည်းက အခုချိန်ထိ ပြောမနာဆိုမနာ ရင်းနှီးတဲ့ သူငယ်ချင်းမတစ်ယောက်ရဲ့ မင်္ဂလာဧည့်ခံပွဲအတွက် သတိုးသားအရံအဖြစ် သူငယ်ချင်းတွေထဲက ရွေးချယ်လိုက်တော့ ကျွန်တော် မဲပေါက်ပါတယ်။ မဲပေါက်တယ်ဆိုတော့ ချက်ချင်းနှိုက်တဲ့မဲမျိုး မဟုတ်ပါဘူး။ ပြုခဲ့ဖူးတဲ့ ကုသိုလ်ကံနဲ့ မိဘနှစ်ပါးရဲ့ ကျေးဇူးကြောင့် မွေးကတည်းက ပေါက်လာခဲ့တဲ့မဲမျိုးပါ။ သူငယ်ချင်းတွေကတော့ ဝိုင်းပြီး သြဘာပေးကြတယ်။ သတိုးသားအရံဆိုတာဟာ သတိုးသားထက် ရုပ်ဆိုးတဲ့လူကို ရွေးရတယ်တဲ့။ အဲဒါမှ သတိုးသားက ပိုပေါ်လွင်တာတဲ့။ ကျွန်တော်ကတော့ အဲဒီလို မထင်ပါဘူး။ အဘယ်သို့သော မင်္ဂလာမောင်နှံကမှ စင်ပေါ်မှာ သူတို့နဲ့ အတူတွဲပြီး ဓါတ်ပုံအရိုက်ခံ အရှုစားခံမည့်သူတွေကို ရုပ်ဆိုးဆိုးတွေ ထည့်ပါ့မလဲ။ ချောမောပြေပြစ်တဲ့သူတွေကို ခြံရံမှသာ ပရိတ်သတ်တွေ ကြည့်လို့လည်း တင့်တယ်တယ်။ ဓါတ်ပုံတွေ ဗွီဒီယိုတွေအဖြစ် တစ်သက်လုံးအမှတ်တရ သိမ်းဆည်းတဲ့အခါမှာလည်း ဘယ်အချိန်ချိန်ပြန်ကြည့်ကြည့် လှလှပပဖြစ်နေတော့မှာပေါ့။ ဒါနဲ့ပဲ ကျွန်တော်ဟာ ပထမဆုံးနဲ့ တစ်ကြိမ်တည်းအဖြစ် သတို့သားအရံ လုပ်ဖူးခဲ့ရတယ်။


ဒီလိုနဲ့ အခမ်းနားကျင်းပမဲ့နေ့ ရောက်တော့ ရန်ကုန်က Sedona Hotel ရဲ့ မင်္ဂလာခန်းမထဲ ဧည့်သည်တွေက တဖွဲဖွဲရောက်လာကြပြီ။ အပေါ်ထပ်က အခန်းတစ်ခုထဲမှာတော့ မင်္ဂလာမောင်နှံအပါအဝင် အရံတွေ ပန်းကြဲ ပန်းကိုင် ဗန်းကိုင်တွေနဲ့ မိဘဆွေမျိုးတွေ (အထူးသဖြင့် အမျိုးသမီးတွေ)ကို အလှဖန်တီးရှင်တစ်စုက အလှအပတွေ ပြင်ဆင်ပေးနေကြပြီ။ သတိုးသားကတော့ တောင်ရှည်ပုဆိုးတွေ ခေါင်းပေါင်းတွေနဲ့ ဆိုတော့ သူတို့လက်က မလွတ်မှာ သေချာတယ်။ အရံကတော့ ရိုးရိုးပိုးပုဆိုးနဲ့ တိုက်ပုံပဲဆိုတော့ ကိုယ့်ဘာသာ ဝတ်မယ်ပေါ့။ မရပါဘူးဗျာ။ ကိုယ့်ဘာသာ ဝတ်ရင် အဆင်မပြေဘူးတဲ့။ အင်း...သတိုးသားတော့ ဘယ်လိုနေမယ်မသိဘူး။ ကျွန်တော်ကတော့။ ဒါတွေက ကိုယ်တိုင်ကြုံမှ သိမှာပဲ။ သြော်... နေရခက်လိုက်တာ ပြောပါတယ်။ ဘယ်လိုပြောပြောမရဘူးလေ။ ဒီမိတ်ကပ်တွေ မတို့ပါနဲ့လို့ ပြောတာ။ မိတ်ကပ်မတို့ရင် ဓါတ်ပုံရိုက်တဲ့အခါ မျက်နှာကြီး မည်းနေလိမ့်မယ်တဲ့။ တော်သေးတာပေါ့နော့။ မိတ်ကပ်ကယ်ပေလို့။ မဟုတ်ပါဘူး။ ဓါတ်ပုံတွေ ထွက်လာတော့ သန့်သန့်ခန့်ခန့် ဖြစ်နေလို့ ပြောပါတယ်။ ဝဏ္ဏခွါနီးရဲ့ ရိုက်ချက်ကလည်း ကောင်းတော့ ပုံတွေက မိုက်တာပေါ့။


အခမ်းနားစတော့ ဟေမာနေဝင်းရဲ့ အခါတော်ပေးသီချင်းနဲ့ ခန်းမထဲ ဝင်ကြတာပေါ့။ မင်္ဂလာမောင်နှံတော့ မသိဘူး။ ကျွန်တော့်မှာတော့ မီးဆလိုက်တွေကြားထဲ သတိုးသမီးအရံလေးနဲ့ တွဲလျှောက်ရတာ ရှက်သလိုလို ပျော်သလိုလိုနဲ့ စင်ပေါ်ကို ဘယ်လိုရောက်လာမှန်းတောင် မသိတော့ဘူး။ ဦးကျော်စိုးဦးရဲ့ အစီအစဉ်တွေ မပြီးခင်ကတည်းက ဗိုက်ကဆာနေပြီ။ စားလို့လည်း ရပါပြီဆိုရော ဘယ်ရမလဲ တွယ်တာပေါ့။ ရှေ့က စားပွဲလေးပေါ်မှာ ချပေးထားတဲ့ မုန့်တွေ တစ်ခုပြီးတစ်ခု စားလိုက်။ ကော်ဖီလေးသောက်လိုက်နဲ့ တယ်လည်းကောင်းသကိုး။ စားလို့မှ မပြီးသေးဘူး။ သတိုးသား သတိုးသမီးက စင်ပေါ်ကဆင်းပြီး ပန်းကုံးတို့၊ လက်ထပ်လက်စွပ်တို့ စွပ်ပေးတဲ့ လူကြီးတွေဝိုင်းကို သွားနှုတ်ဆက်တယ်။ ပြီးတာနဲ့ ပရိတ်သတ်တွေလည်း တဖြည်းဖြည်း စပြီးပြန်ကုန်ကြပါရော။ အဆိုတော်တွေက ကိုယ်ကြိုက်တဲ့ သူတွေပဲဆိုတော့ စားသောက်ရင်း သီချင်းလေးတွေ နားထောင်မယ်လို့ ကျွန်တော်က အားခဲထားတာ။ သူတို့လည်း ဆိုချင်တာ ဆိုကြပြီး လစ်ကြပြန်ရော။ ရန်ကုန်မင်္ဂလာဆောင်များ ဘယ်လိုမှန်းကို မသိတော့ဘူး။ ပိုက်ဆံတွေ အများကြီးကုန်ထားတာ ဘယ်နှစ်နာရီမှ မခံပါလားဗျာ။


မင်္ဂလာစုံတွဲဆင်းသွားတော့ ကျွန်တော်လည်း သတိုးသမီးအရံလေးကို လှမ်းကြည့်လိုက်တယ်။ တို့လည်း ဆင်းကြမယ်ပေါ့။ ဒါနဲ့ မစားရသေးတဲ့ ရေခဲမုန့်ခွက်ကလေး ကိုင်ဆင်းလာပြီး ကျွန်တော်တို့အတွက် စီစဉ်ပေးထားတဲ့ ထိပ်ဆုံးက ထောင့်ဝိုင်းမှာ ထိုင်ပြီး ထပ်စားပြန်ရော။ သူငယ်ချင်းမက သိပ်တော်တယ်။ သူတို့နဲ့အတူ ပွဲထွက်ဖို့ ရွေးထားတဲ့ သူလေးတွေက အလှကလေးတွေချည်းပဲ။ သူတို့လေးတွေကြားထဲ ကျွန်တော်တစ်ယောက်တည်းဆိုတော့ ရှက်တာပေါ့ဗျာ။ ရှက်ရှက်နဲ့ပဲ မုန့်တွေ ထပ်စားလိုက် ကော်ဖီတွေ သောက်လိုက်နဲ့။ ပျော်စရာကြီးဗျ။


သူငယ်ချင်းတွေက အလိုက်ကို မသိကြဘူး။ သူတို့မနာလိုကြဘူးလေ။ ဟိုးနောက်ဝိုင်းကနေ ကျွန်တော့်ကို လှမ်းကြည့်ကြတော့ သူတို့ဆီ ထသွားရတာပေါ့။ ကျွန်တော်ဖြင့် ဝတောင်မဝသေးဘူး။ မုန့်စားတာ ပြောပါတယ်။ ဧည့်သည်တွေကုန်တော့မှ ကျွန်တော်တို့လည်း ဟိုစုံတွဲကို နှုတ်ဆက်ပြီး အပြင်ထွက်လာကြတယ်။ ဆီဒိုးနားရှေ့က အင်းလျားကန်ဘောင်ပေါ်မှာ ဓါတ်ပုံရိုက်ကြသေးတယ်။ ပြီးတော့ ဒဂုံစင်တာသွားကြမယ်တဲ့။ လုပ်ကြပုံက။ ဒဂုံစင်တာကို ကျွန်တော် ဒီဝတ်စုံနဲ့သာ သွားလို့ကတော့ မင်းသားအသစ်တစ်ယောက် ရုပ်ရှင်လာရိုက်တယ်ထင်ပြီး ဝိုင်းကြည့်ကုန်တော့မှာပေါ့။


အဲဒီညကျတော့ ညစာစားပွဲလေ။ လူကြီးတွေ မပါဘူး။ နှစ်ဖက်စလုံးရဲ့ သူငယ်ချင်းတွေချည်းပဲ ဆိုတော့ တကယ့်ကို လွတ်လွတ်လပ်လပ်ပဲ။ မလွတ်လပ်ပဲနေပါ့မလား။ ဝါးတန်းလမ်းဆိပ်ကမ်းက (အရင် Princess Resturant, အခုနာမည်တော့ မေ့နေတယ်) သဘောင်္ကြီးပုံလုပ်ထားတဲ့ ဆိုင်မှာ။ ရန်ကုန်မြစ်ပြင်က လေတဖြူးဖြူးနဲ့ ကြယ်မြင်လမြင်။ ကျွန်တော်တို့ ရောက်သွားတော့ သတိုးသားက သူ့သူငယ်ချင်းတစ်ဖွဲ့ကို သွားခေါ်နေတယ်။ သူငယ်ချင်းမက ပင်ပန်းပြီး ရုတ်တရက်နေမကောင်းဖြစ်သွားလို့ ဆေးခန်းကို မိန်းကလေးတစ်ဖွဲ့ သွားပြတယ်။ ခဏနေတော့ လိုက်သွားတဲ့မိန်းကလေးတစ်ချို့ ပြန်လာပြီး သတိုးသားအရံပူပူနွေးနွေး လက်ထဲကို ပိုက်ဆံ အထုပ်လိုက် လာထည့်တယ်။ သတိုးသမီးက အရမ်းပင်ပန်းသွားလို့ ဒီည ဆေးခန်းမှာ နားမှရမယ်တဲ့။ သတိုးသားလည်း လိုက်လာလို့ ဆေးခန်းမှာ ရောက်နေပြီတဲ့။ ဆိုင်မှာရောက်နေတဲ့ သူငယ်ချင်းတွေအားလုံးကို သတိုးသားအရံကပဲ လိုလေသေးမရှိအောင် ဧည့်ခံပေးပါလို့ အမှာစကား ပါးလိုက်လေရဲ့။ အဲဒီတော့လည်း အရံသတိုးသားတို့ ဝတ္တရားနဲ့အညီ အဓိက ကစားသမားတွေ ကွင်းထဲမှာ မရှိတဲ့အချိန်မှာ တာဝန်ကျေခဲ့ရပါတော့တယ်။


ကောင်းကင်ရဲ့ မဟူရာဧည့်ခံပွဲမှာ လမင်းကြီးက ကြယ်လေးတွေကြား တစ်ကိုယ်တည်း ဧည့်ဝတ်ကျေနေသလို၊ ရန်ကုန်မြစ်နံဘေးက မင်္ဂလာညစာစားပွဲလေးတစ်ခုမှာ အဖော်မပါတဲ့ သတိုးသားအရံလေးတစ်ယောက်က သူငယ်ချင်းတွေကြား အပြေးအလွှားဧည့်ခံနေတာကိုဖြင့်...


တစ်ခုသော ဆေးခန်းပေါ်က ကုတင်ထက်မှာ အနားယူနေရတဲ့ သတိုးသမီးရယ်၊ ကုတင်ဘေးက ထိုင်ခုံလေးမှာ ချစ်ရသူရဲ့ လက်ဖဝါးကို ခပ်ဖွဖွဆုပ်ကိုင်ရင်း ငိုက်မြည်းနေရှာတဲ့ သတိုးသားရယ်ကတော့ သိနိုင်ပါ့မလား...

သြော်... အရံ / မင်္ဂလာဦးညပါတကား။
--------------------------------------------------------------------------------------
သူငယ်ချင်း ဇနီးမောင်နှံသို့ အမှတ်တရ။
--------------------------------------------------------------------------------------
ဆေးကွေးက စာဖတ်သူတစ်ယောက်ရဲ့ စာမူခအရ ခေါင်းစဉ်ကို (/) လေး ခံလိုက်ပါတယ်။ ပိုအဆင်ပြေသွားမယ် ထင်ပါတယ်။ ခုလိုထောက်ပြတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ။

Popular Posts