တောင်ငူသား

..... စိမ်းလန်းပါစေ ကမ္ဘာမြေ ... ငြိမ်းချမ်းပါစေ ကမ္ဘာမြေ .....

Saturday, May 30, 2009

ရေတံခွန်ဆင်းပြီ


ကျီးပါးစပ်နားက အကြော်ဆိုင်ရဲ့ အောက်ဖက်ကနေ ရေတံခွန်ဆင်းတဲ့ ဖြတ်လမ်းကို ရောက်ပါတယ်။ အရင်က ဒီဖြတ်လမ်း မရှိသေးဘူးလို့ သိရတယ်။ တောထဲ ထင်းဝါးရှာသူတွေ သွားတဲ့လမ်းလို့ ပြောတယ်။ လမ်းက တောက်လျှောက် အဆင်းချည်းပါပဲ။ မတ်တဲ့နေရာက မတ်တယ်။ အပေါ်ကနေ ဆင်းရင် လမ်းတစ်ဝက်လောက်ထိက အရိပ်မရှိဘူး။ လမ်းလေးက လူတစ်ကိုယ်စာလောက်ပဲ။ ဘေးမှာက တောင်စောင်း ဆင်းလျှောတွေရှိတယ်။ အဝေးက မြင်နေရတဲ့ ရှုခင်းတွေကတော့ တော်တော်လှတယ်။

လမ်းမှာ တောထဲက အပင်တွေခုတ်ပြီး တောင်ပေါ်ကို ထမ်းတင်နေတာ တွေ့ခဲ့တယ်။ တောင်တက်လမ်းက ဈေးဆိုင်တွေကြတော့ အဲဒီမျှောတိုင်တွေနဲ့ပဲ တိုင်ထူကြတယ်။ ဒီခရီးကို ရိုးရိုးတက်ဖို့ မပြောနဲ့ အဆင်းတောင် သတိထားဆင်းရတယ်။ မတော်လို့ ချော်ကျရင် နောက်လူတွဲခေါ်ဖို့တောင် မလွယ်ဘူး။ သူတို့ခမျာတော့ အတက်ကို သစ်လုံးထမ်းပြီး တက်ရရှာတယ်။ အဲဒီသစ်တစ်လုံးကို တန်ဖိုးဘယ်လောက်လဲတော့ မမေးခဲ့မိဘူး။ အမျိုးသမီးပါ အမျိုးသားနဲ့တန်းတူ သယ်တာဗျ။

လမ်းတစ်ဝက်နားရောက်မှ တောထဲ အပင်တွေကြားထဲ ရောက်လာတယ်။ အရိပ်ရလာတယ်။ ရေတံခွန်က ပြန်တက်လာတဲ့ အဖွဲ့တချို့လည်း တွေ့တယ်။ သူတို့ တော်တော်ဟိုက်နေကြပြီ။ လမ်းက ဖြတ်လမ်းဖြစ်တာရယ် လူသိနည်းသေးတာရယ်ကြောင့် ရေတို့ အချိုရည်တို့ ရောင်းတဲ့ ဆိုင်တော့ သိပ်များများမရှိပါဘူး။ အရိပ်လေးတွေ ရှိတဲ့ နေရာတချို့မှာတော့ ဝါးထိုင်ခုံလေးတွေ လုပ်ထားတာတွေ့တယ်။ ဒါလည်း သိပ်တော့မများပါဘူး။

လမ်းတစ်နေရာက ကရင်မိသားစုဆိုင်လေးကို ဖြတ်တော့ သူတို့ တောထဲက အမဲလိုက်လာတာတဲ့။ ဖြူကောင် နှစ်ကောင်နဲ့ ချေ(ဂျီ)ပေါင်တစ်ဖက်။ နောက်တစ်နေရာမှာ သင်းခွေချပ်တစ်ကောင်လဲ တွေ့ခဲ့တယ်။ အရှင်တော့ မဟုတ်ဘူး။ အသေပဲ။

ရေတံခွန်နားနီးလာတော့ ရေသံတွေ ကြားရတယ်။ ရေတံခွန်ရဲ့ အပေါ်ပိုင်းကို အရင်ရောက်တယ်။ အဲဒီမှာက ကျောက်တုံးတွေနဲ့ စမ်းချောင်းလေး စီးနေတယ်။ ထမင်းဆိုင်တစ်ဆိုင်တော့ရှိတယ်။ တောဆိုင်လေးပေါ့။ စားတဲ့သူတော့ စားနေကြတာပဲ။ ရေတံခွန်ကိုတော့ မမြင်ရသေးဘူး။ အဲဒီနေရာကနေ ရေတံခွန် ထိပ်ပိုင်းကို သွားလို့ရတယ်။ တချို့တော့ ဓါတ်ပုံသွားရိုက်ကြတယ်။ ရေတံခွန်ရှိတဲ့ အောက်ပိုင်းကို သွားဖို့ တောင်နံရံဘေးမှာ ကပ်ပြီး ဖောက်ထားတဲ့ တစ်ကိုယ်စာလမ်းလေးကနေ ဆင်းရတယ်။ အောက်ခံမြေသားက စိုပြီး ချော်နေတော့ သတိထားရတယ်။ ဘေးမှာတော့ ချောက်ရှိတယ်။ နွယ်ကြိုးကို ကိုင်ပြီး ကျောက်တုံးတွေကြားကနေ ဖြည်းဖြည်းဆင်းရတယ်။

ကျွန်တော်တို့ သွားတဲ့အချိန်က ဒီဇင်ဘာလဆိုတော့ ရေနည်းနေပါပြီ။ ရေတံခွန်ဆိုတာက ရေများလေ ကြည့်လို့လှလေပါပဲ။ ရေတံခွန်ရှိတဲ့ အောက်ပိုင်းမှာ ပတ်ဝန်းကျင် တစ်ခုလုံးက သစ်ကြီးဝါးကြီးတွေနဲ့ အုံ့ဆိုင်းနေပေမယ့် နေရောင်တော့ ရပါတယ်။ ဓါတ်ပုံရိုက်လို့တော့ သိပ်မကောင်းဘူး။ အပျော်တမ်းကင်မရာ ဖြစ်နေတာလဲ ပါမယ်။

ရေတံခွန်က ရေကျတဲ့ နေရာတစ်ဝိုက်မှာ ရေအိုင်အသေးလေးလို ဖြစ်နေတယ်။ ဘေးတစ်ဖက်က ကျောက်တောင်နံရံနဲ့ နောက်တစ်ဖက်က ဆင်းလာခဲ့တဲ့ တောင်စောင်းပါ။ ရေတံခွန်က လွင့်လာတဲ့ ရေမှုန်မွှားလေးတွေ လာလာစင်တော့ အေးနေတာလေးက နေလို့ကောင်းတယ်။


ကျဉ်းနေတဲ့ တောင်နံရံနှစ်ခုကြားက ရေတံခွန်စီးသွားတဲ့ စမ်းချောင်းကို အပြည့်ပိတ်ပြီး ရေတံခွန် စားသောက်ဆိုင်ဆိုပြီး ဖွင့်ထားပါတယ်။ အဲဒီဆိုင်ဆီကို သစ်သားတံတားလေးနဲ့ ဆက်ထားတယ်။ ဘုရားဖူးတွေ အလာများတဲ့ ရာသီချိန်မှာပဲ ဒီဆိုင်က ဖွင့်တာပါ။ ဘုရားဖူးတစ်ရာသီ ကုန်တာနဲ့ ဆိုင်ဆောက်ထားတဲ့ တိုင်တွေ အခင်းတွေ သစ်သားချောင်းတွေ အကုန်လုံးကို ပြန်ဖျက်ပြီး သယ်ရပါတယ်တဲ့။


ဆိုင်မှာက ထမင်းကြော်၊ ဗူးသီးကြော်၊ ကော်ပြန့်ကြော်၊ စမူဆာနဲ့ အပူအအေး၊ ရေသန့် စတာတွေ ရပါတယ်။ ဆိုင်မှာတင် ကြော်ရောင်းတာပါ။ ရေသန့်ဘူးကတော့ ထားပါတော့။ အအေးပုလင်းတွေကို သယ်ရောင်းရတာတော့ မလွယ်ပါဘူး။ ပုလင်းခွံတွေကို တစ်ခါပြန်သယ်ရပါသေးတယ်။ ဆိုင်က ရောင်းပေးတဲ့ ဈေးကလည်း သိပ်တော့မများပါဘူး။ ဒီလိုနေရာမျိုးထိ လာရောင်းပေးတာကိုပဲ ကျေးဇူးတင်ရပါသေးတယ်။ ဒီဆိုင်ရောက်တော့လည်း ဇာတ်လိုက်ကျော် လမ်းပြဂိုက်က ဘာမှ ကျွေးမရပြန်ဘူးခင်ဗျ။ အအေးသောက်ဆိုတော့လည်း မသောက်ပါဘူး။ ရေတံခွန်က ပြန်တက်မှ ဇာတ်လိုက် ဘာမှ ကျွေးမရတဲ့အကြောင်း သိခဲ့ရတယ်။

“ရေတံခွန်စားသောက်ဆိုင်” ဆိုတဲ့ ဆိုင်းဘုတ်မှာ ရေးထားတဲ့ စာသားတစ်ကြောင်းကတော့ ထူးခြားတယ်ခင်ဗျ။
“အမျိုးကောင်းသား အမျိုးကောင်းသမီး ရတနာများ စားသုံးသည်” တဲ့။ ကျွန်တော်တို့လည်း အမျိုးကောင်းသားလေးတွေ ဖြစ်အောင် အားပေးခဲ့ပါတယ်။

Bonus
“Happy World” ကြော်ငြာ ပြက္ခဒိန်လေးတွေ သစ်ပင်တွေမှာ ကပ်ပေးသွားတာ တွေ့ခဲ့ရတယ်ခင်ဗျ။ တောထဲတောင်ထဲ ပြက္ခဒိန်ကြည့်ချင်ရင် အဆင်ပြေတာပေါ့။


ကျိုက်ထီးရိုးခရီးတစ်လျှောက် အတက်ရော အဆင်းရော တောထဲတောင်ထဲမှာရော အထူးသဖြင့် ဆိုင်သေးသေးလေးတွေပါမကျန် အများဆုံးရောင်းနေကြတဲ့ ရေသန့်ဗူးကတော့ “Alpine” သောက်ရေသန့်ပဲ ဖြစ်ပါတယ်။ ယခုကဲ့သို့ ကြုံကြိုက်တုန်း ကြော်ငြာဝင်ပေးရတဲ့ အကျိုးကြောင့် “Alpine” လို တောင်ပေါ်မြေပြန့် တောတောင်နေရာအနှံ့ အောင်မြင်မှုရှိတဲ့ လုပ်ငန်းမျိုး ပိုင်ဆိုင်နိုင်ရပါလို၏။း)

Tuesday, May 26, 2009

ကျီးပါးစပ်

ညဦးပိုင်း ရင်ပြင်တော်ပေါ်တက်ပြီး ဘုရားဝတ်ပြု၊ ပဋ္ဌာန်းရွတ်၊ ပရိတ်ရွတ်ပြီး အေးတာနဲ့ ဟိုတယ်ဖက် ပြန်လာခဲ့တယ်။ ဟိုတယ်နားက လက်ဖက်ရည်ဆိုင်မှာ ခဏထိုင်ပြီး နက်ဖြန်အတွက် ခွန်အားပြည့်အောင် စောစောအိပ်လိုက်တယ်။ မနက်နိုးတော့ ၈နာရီထိုးပြီးပြီ။ ဟိုတယ် မနက်စာ အချိန်ကျော်ရင် လွတ်သွားမှာမို့ သူငယ်ချင်းကို နှိုးပြီး မြန်မြန်ပြင်ဆင်ရတယ်။ မနက်စာ စားပြီးတာနဲ့ ရင်ပြင်တော်ပေါ်တက် ဘုရားကန်တော့ပြီး ကျီးပါးစပ်ဆင်းဖို့ ဦးတည်လိုက်တယ်။ ရေတံခွန်ကို သွားမယ် မသွားဘူးကို မနေ့ကတော့ သူငယ်ချင်းနဲ့ ငြင်းရသေးတယ်။ ဒီနေ့မနက်ကျတော့ အိပ်ရေးဝပြီး လန်းဆန်းနေလို့ ရေတံခွန်ထိ ဆင်းမယ်လို့ နှစ်ယောက်သား ဆုံးဖြတ်လိုက်ကြတယ်။

ရင်ပြင်တော်ကနေ ကျီးပါးစပ်သွားတဲ့ဖက် လှေကားနားရောက်တော့ ချာတိတ်လေးတစ်ယောက်က ရေတံခွန်ကို လမ်းပြလိုက်ပေးရမလားဆိုပြီး လာမေးတယ်။ နောက်ဆုံးတစ်ခေါက်တုန်းက ရေတံခွန်ဆိုပြီး ဆင်းသွားကြတာ တစ်ဖွဲ့လုံး မျက်စိလည်ပြီး ရေတံခွန်မရောက်ဘဲ ရေကန်ပဲ ရောက်ခဲ့တယ်။ ဒါက တစ်ချက်။ နောက်တစ်ချက်က လမ်းပြလုပ်တဲ့ ကလေးတွေခမျာ ဘုရားဖူးတွေလာမှ၊ ရေတံခွန်လည်းသွားမှ၊ သူတို့ကိုလည်း ခေါ်ဦးမှ မုန့်ဖိုးလေး ရရှာတာလေ။ နှစ်ယောက်တည်း သွားရမဲ့အတူတူ သူတို့ကို လမ်းပြခေါ်တော့ လမ်းမှာလည်း အဖော်ရတယ်၊ ခရီးလည်းတွင်တယ်၊ သူတို့လေးတွေလည်း မုန့်ဖိုးရတယ်ဆိုပြီး လိုက်ခဲ့ကွာဆိုပြီး ခေါ်လိုက်ပါတယ်။ ဂိုက်နဲ့ ရေတံခွန်ဆင်းခဲ့တာပေါ့။

ဇာတ်လိုက်ကို ကျီးပါးစပ်အရင် သွားမယ်ဆိုတော့ ရတယ်တဲ့။ ကျီးပါးစပ်ကနေ ရေတံခွန်ထိကို ဖြတ်လမ်းရှိတယ်၊ ပိုမြန်တယ်တဲ့။ အရင်က အပေါ်နည်းနည်းပြန်တက်ပြီးမှ ဘုန်းကြီးကျောင်းတွေ ဖြတ်ပြီး သွားရတာ။ အဲဒီလမ်းက လမ်းကြောရှည်ပေမယ့် လှေကားထစ်တွေ ရှိသလို နည်းနည်းလည်း ပြေတယ်ပြောရမယ်။ ရင်ပြင်တော်ကနေ ကျီးပါးစပ်သွားတဲ့ လမ်းတစ်လျှောက်မှာတော့ ဈေးဆိုင်လေးတွေ ခပ်စိပ်စိပ်တွေ့ရတယ်။ မူလတန်းကျောင်းလေးတစ်ကျောင်းလည်း တွေ့ခဲ့တယ်။


ကျီးပါးစပ်ရောက်တော့ ဂူထဲတော့ ဝင်လည်းဝင်ဖူးတဲ့အပြင် အကြောင်းသိပြီးသားမို့ မဝင်ဖြစ်တော့ဘူး။ အပြင်မှာပဲ အလှူငွေထည့်လိုက်တယ်။ ကျီးပါးစပ်ထဲ အကြွေစေ့ပစ်ဖို့ လဲတော့ တစ်ပုံကို ငါးရာဆိုလား။ အကြွေစေ့ငါးစေ့ပဲ ပါတယ်။ လှမ်းပစ်လို့ ကျောက်နံရံနဲ့ ထိပြီး ပြန်ကျလာရင် ခင်းထားတဲ့ သစ်သားပြားတွေကြားကနေ အောက်ကို မကျသွားခင် ပြန်ကောက်ရတယ်။ ဘယ်ရမလဲ ပြန်ကျလာရင် အကြွေစေ့ပစ်တဲ့ အခြားကလေးတွေနဲ့ လုကောက်ရတာပဲ။ ပျော်စရာကြီး။ အကြွေစေ့မဝင်ဘဲ ပြန်လှည့်မသွားချင်ဘူး။ အကြွေစေ့ ငါးစေ့ထဲနဲ့ ဝင်အောင်ပစ်နိုင်လို့ တော်သေးတယ်။း)


ကျီးပါးစပ်မရောက်ခင်နားမှာ အကြော်ဆိုင်တွေ ရှိတယ်။ ချောက်ကမ်းပါးဖက်ကို ထောက်နဲ့ လေသာဆောင်ထုတ်ပြီး ဆိုင်ဖွင့်ထားတာ။ ဆိုင်လေးကလည်း ထိုင်ချင်စရာ၊ အကြော်တွေကြည့်တော့လည်း ပူပူနွေးနွေးရှိတာနဲ့ ခဏထိုင်ဖြစ်တယ်။ ရှုခင်းကတော့ လေတဖြူးဖြူးနဲ့ တော်တော်ထိုင်လို့ကောင်းပါတယ်။ ဇာတ်လိုက်ကျော်ကတော့ အကြော်ခေါ်ကျွေးတာ မစားဘူးခင်ဗျ။ သြော် ဒီကလေးတွေ သူတို့ စည်းကမ်းလေးနဲ့ သူတို့ နေမှာပါလေလို့ ထင်မိပါတယ်။ စားကြည့်တော့မှ အကြော်ကတော့ စားလို့မကောင်းဘူး။ နှစ်ပြန်ကြော်တင် မကလောက်ဘူး ဘယ်နှစ်ပြန်လောက် ကြော်ပြီးပြီလဲမသိဘူး။ ဆီတွေ ဝနေတော့ တစ်ခုလောက်နဲ့တင် အီလိုက်တာ။ ဇာတ်လိုက်က အကြောင်းသိလို့ မစားတာဖြစ်မယ်။


ဆိုင်အဝမှာ ဗန်းတွေနဲ့ ဂျီသား၊ ဆတ်သား၊ တောကြက်နဲ့ ယုန်သား ဆိုပြီး အလေးချိန်နဲ့ ရောင်းတယ်။ ချက်ချင်းကြော်ပေးတယ်။ အခြားကောင်တွေထက် ကာလာကွဲနေတဲ့ ရွှေယုန်ကိုပဲ အစစ်လို့ ကိုယ့်ဘာသာ ယူဆပြီး ကြုံတုန်း မြည်းခဲ့တယ်။ အဲဒီတစ်ပန်းကန်ကို မြန်မာငွေ သုံးထောင်တဲ့။ တောင်ဂျင်းနဲ့ ကြော်ပေးတာတဲ့။ ဂျင်းနဲ့လေးကတော့ မွှေးနေတာပဲ။ ယုန်သားက ချိုတော့ ချိုတယ်ဗျ။ အသားကလည်း နုနုလေးပဲ။ စစ်မယ်ထင်တာပဲလေ။ စားတာပေါ့။

Saturday, May 16, 2009

ကျောက်ထပ်ကြီးသို့


ဘုရားဝတ်ပြုပြီးတော့ ရင်ပြင်တော်ပေါ်ကနေ ထမင်းဆိုင်တန်းတွေဖက် ဆင်းခဲ့တယ်။ မနက်စာ အဝစားထားလို့ မွန်းတည့်ချိန် ကျော်နေပေမယ့် မဆာဘူးဖြစ်နေတယ်။ နေ့တစ်ဝက် အချိန်ရတုန်း ကျောက်ထပ်ကြီးဖက်ထိ သွားခဲ့လိုက်တယ်။ ဘုရားဖူးတွေအနေနဲ့ တောင်ပေါ်ရောက်လို့ ကျိုက်ထီးရိုးဘုရားကြီး ဖူးမျှော်ပြီးတာနဲ့ အချိန်ရရင် ရသလို ပတ်ဝန်းကျင်က တောင်စွယ်တောင်တန်းတွေပေါ်မှာ တည်ထားတဲ့ ဘုရားစေတီတွေဆီ ဘုရားလည်းဖူးရင်း တောတောင်သဘာဝလည်း ခံစားရင်း သွားကြလေ့ရှိပါတယ်။ အထူးသဖြင့် လူငယ်ပိုင်းတွေ တက္ကသိုလ်ကျောင်းသားအရွယ်တွေ အသွားအများဆုံးပါပဲ။ တောလမ်းခရီးတစ်လျှောက် တက်လိုက် ဆင်းလိုက် လှမ်းလျှောက်ရင်း လမ်းမှာ အမောပြေ နားနေစရာ အစားအသောက်ရောင်းတဲ့ ဆိုင်တွေ နီးနီးတစ်ခါ ဝေးဝေးတစ်လှည့် ရှိပါတယ်။ တောထဲတောင်ထဲမှာမို့ ရေတစ်ပေါက်ရဖို့ ခက်ခဲလှပေမယ့် တချို့ဆိုင်တွေက သပ်သပ်ယပ်ယပ် သန့်သန့်ရှင်းရှင်း ပြင်ဆင်ရောင်းချတာ တွေ့ရသလို၊ ဝင်နားချင်စရာ မကောင်းလောက်တဲ့ ဆိုင်အပြင်အဆင်တွေလည်း တွေ့ရတယ်။

ရင်ပြင်တော်ကနေ ကျောက်ထပ်ကြီးဖက်ကို သွားရင် တကယ် လမ်းဆုံးက ကျောက်ထပ်ကြီး မဟုတ်သေးဘဲ ဆက်သွားနိုင်သေးတယ်လို့ ကြားဖူးတယ်။ ကျွန်တော်တော့ ကျောက်ထပ်ကြီးအထိပဲ ရောက်ဖူးပါတယ်။ ကျောက်ထပ်ကြီးစေတီကို ကျောက်တုံးကြီးနှစ်တုံး ထပ်နေတဲ့ပေါ်မှာ တည်ထားတာ ဖူးတွေ့ရပါတယ်။ ဘုရားဖူးတွေအနေနဲ့ စေတီကို ရွှေသင်္ကန်းခုနစ်ဆိုင်းပြည့်အောင်လှူရင် ကြိုးမင်းသားဆိုတဲ့ ပုဂ္ဂိုလ်က လှေကားကတစ်ဆင့် ကြိမ်နွယ်ကြိုးကနေ ကျောက်တုံးကြီးပေါ် တက်သွားပြီး ရွှေသင်္ကန်းလှူပေးတယ်။ လှူပြီးရင် အဲဒီကျောက်တုံးကြီးပေါ်ကနေ လက်နှစ်ဖက်လွှတ်ပြီး ကြိမ်နွယ်ကြိုးနဲ့ အောက်ကို ဇောက်ထိုး လျှောဆင်းပါတယ်။ တစ်ဦးတည်းမဟုတ်လည်း ဘုရားဖူးအဖွဲ့တွေ စုပေါင်းပြီး ရွှေသင်္ကန်း ခုနစ်ဆိုင်းပြည့်အောင် လှူလည်း တက်လှူပေးပါတယ်။


ရင်ပြင်တော်ကနေ ကျောက်ထပ်ကြီးထိ သွားတဲ့လမ်းတစ်လျှောက် ကျောက်တုံး ကျောက်ဆောင်တွေပေါ်မှာ စေတီတွေ တည်ထားတာ အများကြီးပါပဲ။ စေတီတိုင်းမှာ အလှူခံတွေ ရှိကြပါတယ်။ အချို့အလှူခံအဖွဲ့တွေမှာ လိုတာထက်ကို လူတွေ ပိုများနေတယ်လို့ ထင်နေမိတယ်။ အရင် ကျောင်းသားဘဝ သွားခဲ့စဉ်ကတော့ အကြောင်းမသိသေးလို့ စေတီတစ်ဆူ ဝင်ဖူးပြီးရင် တော်တော်နဲ့ နောက်ဆစ်ဆူဆီ မကူးနိုင်ကြပါဘူး။ သူငယ်ချင်း မိန်းကလေးတွေပါ သွားကြတုန်းကဆို သူတို့တွေ အားနာတတ်တာကြောင့် အလှူခံတွေ ပြောသမျှ ပြီးဆုံးအောင် နားထောင်နေရပါတယ်။ ကြုံဖူးခဲ့တာကတော့ စေတီတစ်ဆူရောက်လို့ ဝင်လိုက်တာနဲ့ အလှူငွေထည့်ဖို့ ပြောဟောပါတယ်။ ဘုရားကန်တော့ပြီးလို့ ကိုယ်တတ်စွမ်းသမျှ အလှူငွေထည့်တယ်ဆိုရင် ထည့်တဲ့ငွေပမာဏကို ကြည့်ပြီး ပိုမိုထည့်ချင်လာအောင် ပြောဆိုအလှူခံပါတယ်။ ဥပမာ နှစ်ရာကျပ် ထည့်မယ်လုပ်ရင် ရေတစ်ထမ်းကို သုံးရာပဲကျပါတယ်လို့ ငွေတစ်ရာ ပိုထည့်ချင်အောင် ပြောပါတယ်။ လှူတဲ့သူဖက်ကလည်း ငွေတစ်ရာ ပိုထည့်လိုက်ရုံနဲ့ ရေတစ်ထမ်းစာအလှူ ဖြစ်မြောက်သွားတယ်ဆိုတော့ သူသူကိုယ်ကိုယ် ထပ်ထည့်မိတော့တယ်။ ဒါက တစ်ဦးချင်းစီ ကြုံတွေ့ရတာပါ။



အဖွဲ့လိုက်သွားကြလို့ တစ်ယောက် တစ်ရာမျိုး နှစ်ရာမျိုး စုပေါင်းထည့်ကြလို့ အလှူငွေက တစ်ထောင်နှစ်ထောင်လောက် ဖြစ်သွားပြီဆို သုံးလေးထောင်လောက် လှူသွားအောင် တဖြည်းဖြည်းတိုးပြောပြီး အလှူခံကြပါတော့တယ်။ အလှူခံစားပွဲပေါ်မှာ တစ်ထောင်နှစ်ထောင်က စလို့ သောင်းဂဏန်းကြီးကြီးထိ အလှူခံစရာ အကြောင်းအရာတွေပါတဲ့ စာရွက်တွေကို ပလပ်စတစ်လောင်းထားတဲ့ ကတ်ပြားတွေ ရှိနေတတ်တယ်။ အဖွဲ့လိုက်သွားတဲ့အခေါက်က ကျီးပါးစပ်ဂူထဲကို ပထမဆုံး စဝင်ဖူးတယ်။ ဂူထဲမှာ နေရာမဆံ့လို့ အလှည့်ကျ တုံကင်နဲ့ ဝင်ရတယ်။ အထဲရောက်တော့ ဘုရားကန်တော့ပြီး အလှူငွေထည့်ကြဖို့ ငွေစုလိုက်တာနဲ့ ကတ်ပြားထုတ်ပါတော့တယ်။ သမိုင်းကြောင်းတွေ ဇာတ်လမ်းတွေနဲ့ ဘယ်လိုအကျိုးပေးထူးမှာ စသဖြင့် ပြောဟောလိုက်တာ အဖွဲ့ထဲက မိန်းကလေးတွေမှာ ချက်ချင်း ဘာလှူမယ် ညာလှူမယ်နဲ့ သောင်းဂဏန်းလောက် ကုန်ကျမယ့်အလှူတစ်ခု ထည့်မယ်ဖြစ်ကုန်တယ်။ ကျွန်တော်တို့ ယောက်ျားလေးတွေလည်း အဲဒီအချိန်က အဲဒီငွေဟာ မနည်းလွန်းတဲ့ ပမာဏမို့ အခြားသူငယ်ချင်းတွေ ဟိုတယ်မှာ ကျန်ခဲ့လို့ ပြန်တိုင်ပင်ဦးမယ် ဘာညာပြောပြီး အလှူငွေအချို့ထည့် အသာလက်ကုတ်ပြီး အမြန်ပြန်ထွက်ခဲ့ရတယ်။ အကြောင်းမသိသေးတဲ့ မိန်းကလေးတွေ နားလည်အောင် နောက်မှ ပြန်ရှင်းပြရတယ်။

အခုတစ်ခေါက်ကတော့ ငါးကြိမ်မြောက်ဖြစ်လို့ နည်းနည်းတော့ သဘောပေါက်သွားပါပြီ။ အဲဒါကြောင့် ရတဲ့ နေ့တစ်ဝက်အချိန်လေးကို ကိုယ်သွားမဲ့ ကျောက်ထပ်ကြီးထိ ဘယ်မှ မဝင်ဘဲ တောက်လျှောက်သွားမယ် ဆုံးဖြတ်လိုက်တယ်။ လမ်းမှာ ဖြတ်သွားတဲ့အခါမှာတော့ ထုံးစံအတိုင်း ဘုရားဝင်ဖူးဖို့ ခေါ်ပါတယ်။ အပြန်မှ ဝင်ဖူးပါမယ်ပြောပြီး ဆက်သွားတော့ သိပ်မကြည်လင်တဲ့ စကားတချို့ မကြားတကြား ထွက်လာပါသေးတယ်။


တောလမ်းခရီးတစ်လျှောက် ရှူးဖိနပ်စီးထားတာ အဆင်ပြေပေမယ့် စေတီတွေ ရှိတဲ့နေရာတွေကို ဖြတ်သွားတဲ့ အခါမှာတော့ အတော် ကသီပါတယ်။ အလှူခံအဖွဲ့က သွားလမ်းတစ်လျှောက်လုံးအပြည့် အခင်းတွေ ခင်း အမိုးတွေ မိုးထားတော့ ဖိနပ်မချွတ်ဘဲ ဖြတ်သွားဖို့ရာ မသင့်တော်ဘူးလေ။ အဲဒီတော့ တစ်လမ်းလုံး ခြေအိတ်ချွတ် ဖိနပ်ချွတ်၊ ခြေအိတ်ဝတ် ဖိနပ်ဝတ်နဲ့ အလုပ်များပါရော။ အကောင်းဆုံးကတော့ ပေါ့ပါးပြီး အလွယ်တကူ စီးနိုင် ချွတ်နိုင်တဲ့ ဖိနပ်တွေနဲ့ဆို အဆင်အပြေဆုံးပါပဲ။ အချိန်ကုန် သက်သာပါတယ်။


ကျောက်ထပ်ကြီးရောက်တော့ အခြားအဖွဲ့တွေပါ ရှိတာနဲ့ ရွှေဆိုင်း ခုနစ်ဆိုင်းစာ ပြည့်သွားလို့ ကြိုးမင်းသားရဲ့ စွန့်စားခန်းကို မြင်ခဲ့ရပါတယ်။ ဗွီဒီယိုင်ဖိုင်ကို နောက်မှ တင်ပေးပါမယ်။ လမ်းတစ်လျှောက်မှာ တည်ထားတဲ့ စေတီတွေက အများအပြားပါ။ စေတီတိုင်းမှာ အလှူခံအဖွဲ့တွေ ရှိကြပါတယ်။ အပြောအဟောလည်း ကောင်းသလို လှူချင်အောင်လည်း ပြောတတ်ပါတယ်။ ဒါပေမယ့် ကိုယ့်ရဲ့ သဒ္ဓါတရားနဲ့ တတ်နိုင်တဲ့ ဝန်အားကို ချိန်ဆပြီး လှူတတ်ဖို့တော့ လိုပါတယ်။ အလှူခံအဖွဲ့တွေ ဘာကြောင့် ဒီလောက် အားတက်သရော အလှူခံနေကြတာလဲ ဆိုတာကတော့ သူတို့ကိုယ်တိုင် အသိဆုံးဖြစ်ပါလိမ့်မယ်။


ညနေမစောင်းခင်မှာပဲ ရင်ပြင်တော်ဖက် ပြန်ရောက်ခဲ့တယ်။ “ကြူကြူဝင်း” ဆိုတဲ့ ဆိုင်မှာ နေ့လယ်စာနဲ့ ညစာ ပေါင်းစားလိုက်ရတယ်။ ထမင်းဆိုင်တွေက အတော်သန့်ရှင်း သပ်ယပ်နေပါပြီ။ လူခေါ်တဲ့နေရာမှာလည်း ဆိုင်တွေရဲ့ ရှေ့မှာ တားထားတဲ့ စည်းအတွင်းကပဲ ခေါ်ကြပါတယ်။ အတင်းကာရော ဆွဲခေါ်ရောင်းတာမျိုး လုံးဝ မတွေ့ရတော့ပါဘူး။ ထမင်းပူပူ ဟင်းရည်ပူပူ ငပိရည် တို့စရာ အသီးရွက် စုံလင်စွာနဲ့ တော်တော်လေး မြိန်ရှက်ခဲ့တဲ့ ထမင်းတစ်နပ် ဖြစ်ခဲ့ပါတယ်။

Popular Posts