တောင်ငူသား

..... စိမ်းလန်းပါစေ ကမ္ဘာမြေ ... ငြိမ်းချမ်းပါစေ ကမ္ဘာမြေ .....

Friday, February 29, 2008

ဘာသာပြန်မရသော ငရုတ်သီးမှည့်

တစ်ခါက ဆရာတော်ကြီးတစ်ပါးဟာ အထက်အညာကနေ အောက်ပြည်ရွာကို ဘုရားဖူးဖို့ တကာ တကာမတွေကို ဦးဆောင်ပြီး အညာလှေကြီးနဲ့ ကြွလာခဲ့တယ်။ လမ်းခရီးတစ်ထောက်မှာ ဆိပ်ကမ်း တခဏကပ်တုန်း ချီပါ၊ ပခန်းဘက်က ခရီးသွားတစ်ယောက်က လှေကြုံလိုက်ဖို့ ခွင့်တောင်းတယ်။ လှေသူကြီးက ဆရာတော်ကြီးဆီမှာ သွားလျှောက်ခိုင်းလိုက်တယ်။

ဆရာတော်ကြီးက ချီပါ၊ ပခန်းသားမှန်းသိသွားတဲ့အခါမှာ စကားများများမပြောဘဲ နေနိုင်ရင် လိုက်ခွင့်ပြုသတဲ့။ ဒီလိုနဲ့ လှေကြီးထွက်လာတာပေါ့။ မွန်းမတိမ်းမီ ဆရာတော်ကို နေ့ဆွမ်း၊ အချိုပွဲကပ်ပြီးတဲ့အခါ ဧည့်သည်ကိုလည်း ထမင်းကျွေးတာပေါ့။ အချိုပွဲတွေထဲမှာ သရက်သီး ချိုချိုမှည့်မှည့်တွေလည်း ပါသတဲ့လေ။ ဆရာတော်ကြီးလည်း သရက်သီးမှည့် ဘုန်းပေးပြီးတော့ ချိုလွန်းတာကြောင့်


“အသီးများ... မှည့်ရင် တယ်ချိုတာကိုး”

ဆိုပြီး မိန့်မိသတဲ့။ မိန့်ပြီးမှ ချီပါ၊ ပခန်းသားကို ဘာများ ကပ်တီးကပ်ဖဲ့ ပြောဦးလေမလဲဆိုပြီး လှမ်းကြည့်လိုက်တဲ့အခါ.....

ကိုရွှေချောက ထမင်းစားနေလျက်က လက်အုပ်ကလေး ချီလို့၊ ချီထားတဲ့ လက်အုပ်ကလေးရဲ့ ထိပ်မှာကတော့ "ငရုတ်သီးအမှည့်တောင့်ကလေး" ထောင်ထားတယ်လေ။ သူ့စိတ်ထဲ လျှောက်ချင်နေတာက

"ဒီအသီးကရော မှည့်ရင် ချိုမှာလားဘုရား"။

(ကျွန်တော်လည်း ကြံဖန်စဉ်းစားမိတယ်။ ဆရာတော်ကြီးသာ English လို မိန့်ခဲ့ရင် ဒီလူ ဘာမှ အတွန့်တက်နိုင်မှာ မဟုတ်ဘူးလို့လေ။ ဒီအကြောင်းလေးက တောင်ငူမှာကျင်းပခဲ့တဲ့ စာပေဟောပြောပွဲတစ်ခုမှာ စာရေးဆရာကြီးတစ်ဦး ပြောသွားခဲ့တာပါ။)

Popular Posts