Saturday, September 27, 2008
ကြူနိုင်ပါတယ်ဟေ့...
Sunday, September 21, 2008
ခေတ်ပြိုင်သူငယ်ချင်းများ
ကာတွန်းမြေဇာရဲ့ စိန်မျောက်မျောက်က သူတစ်ပါးကို ချောက်တွန်းတာတွေ နှင်းနှင်းလေးက ပညာပြန်ပေးတာတွေ ဖတ်ရတဲ့အခါ သူတစ်ပါးကို မကောင်းကြံရင် နောက်ဆုံးကိုယ်ပဲ ခံရတယ်ဆိုတဲ့ အသိလေးတွေ တိုးပွားလာခဲ့ရတယ်။ အင်မတန်ဆော့တဲ့ကလေးတွေကို အိမ်မှာ စိန်မျောက်မျောက်လို့ ခေါ်ကြတဲ့အထိကို လူကြိုက်များခဲ့တယ်။
မိတ်ဆွေတို့ရော မည်သည့်ကာတွန်းဇာတ်ကောင်လေးတွေကို နှစ်သက်ခဲ့ပါသလဲ။ မိမိတို့နှစ်သက်ရာ ဇာတ်ကောင်လေးတွေကို ကိုယ့်ခေတ်အလိုက် ပြောသွားကြရင်ဖြင့် ဆုံနိုင်ခဲလှတဲ့ ခေတ်အဆက်ဆက် မြန်မာကာတွန်းဇာတ်ကောင်လေးတွေ တစ်နေရာထဲမှာ တစ်စုတစ်ဝေးတည်း မြင်ရသိရဖလှယ်ရမှာ ဝမ်းသာစရာပေါ့ဗျာ။ မိတ်ဆွေတို့ လာရောက်ပို့ဆောင်ပေးသော ကာတွန်းဇာတ်ကောင်လေးတွေကလည်း ကျွန်တော်နဲ့အတူ မိတ်ဆွေတို့ကို ကျေးဇူးတင်နေမှာပါ။
Saturday, September 20, 2008
ကွက်လပ်ကလေး ဖြည့်မိတယ်
တန်းမဝင်လို့ လမ်းတင် လွှတ်ရတယ်
ဝမ်းနဲ့ကျွေးတဲ့ဖေဖေ (၁၄ ခု)၊
တောင်ငူသားရေးခဲ့တဲ့ ပို့စ်တွေဟာ စာများပါတယ်။ တွေ့ကြုံ ခံစားဖူးတာတွေကို ဖတ်လို့အဆင်ပြေအောင်သာ အများဆုံးရေးဖြစ်တာမို့ တောင်ငူသားရဲ့စာတွေဟာ လေးနေတတ်ပါတယ်။ ရေးနိုင်တဲ့ အတိုင်းအတာအတွင်းမှာတော့ အကောင်းဆုံးဖြစ်အောင်၊ ပို့စ်တစ်ခုနဲ့တစ်ခု အကြောင်းအရာ ရိုးအီမသွားအောင် ကြိုးစားရေးပါတယ်။ သူငယ်ချင်းတွေက ကျောင်းက အမှတ်တရတွေ ဖတ်ချင်ကြတယ် သတိရချင်ကြတယ်။ တောင်ငူက မိတ်ဆွေတွေက တောင်ငူအကြောင်းလေးတွေ သိချင်ကြတယ်။ လွမ်းချင်ကြတယ်။ ဒါပေမယ့်လို့ အဲဒီခေါင်းစဉ်တွေ အောက်မှာချည်း ရေးနေရင်လည်း တောင်ငူစာမျက်နှာဟာ ဘောင်သိပ်ကျဉ်းသွားလိမ့်မယ်။ အားလုံးလည်းဖတ်လို့ရအောင် တောင်ငူအကြောင်းဆိုလည်း ခပ်ရွှင်ရွှင်လေးရေး၊ ကျောင်းက အကြောင်းဆိုလည်း ခပ်သောသောလေး ရေးရပါတယ်။ စာရေးဆရာမဟုတ်ဘဲ စာရေးဝါသနာပါလို့သာ ရေးရတာမို့ ပညာရှင်လက်ရာတော့ ဘယ်လိုမှ မမီပါဘူး။
Comment(ကွန်မန့်) ဘာလဲ ?ဘယ်လဲ? ပို့စ်က “ကွန်မန့်ကို ဘလော့ဂ်အတွက် ပေးသော စာမူခ” ဆိုတဲ့ အသုံးအနှုန်းလေးကို နှစ်သက် လက်ခံကြသူ အများအပြား ရှိလာတာကို တွေ့ရလို့ တောင်ငူသား အတော်လေးကျေနပ်နေတာပါ။ ပို့စ်ရေးတဲ့နေရာမှာ ကွန်မန့်အများအပြားရအောင် မဖန်တီးနိုင်ပေမယ့် မြန်မာဘလော့ဂ်အသိုင်းအဝိုင်းကြားမှာ “ကွန်မန့်၊ စာမူခ နဲ့ တောင်ငူသား” အဲဒီသုံးခုကို ယှဉ်တွဲမှတ်မိကြရင်ဖြင့် တောင်ငူဘလော့ဂ်ကို ပျိုးထောင်ရကျိုးနပ်ပါပြီ။ (ယိုင်ယိုင်ပဲကျန်လို့ ကိုယ့်ဟာကိုယ် အားတင်းတာပါ။ ခွင့်လွှတ်ကြပါ)။ စာမူခနဲ့ ပတ်သက်ပြီး ရောက်လာဖြစ်ခဲ့ကြတဲ့ မိတ်ဆွေတွေလည်း အများအပြားရှိလာပါတယ်။ (ဥပမာ - စာမူခအကြောင်းသိချင်ရင် တောင်ငူသားဆီသွား ဆိုပြီး ကိုရွာသားလေး က ညွှန်လို့ ကိုရုပ်ဆိုး ရောက်လာခဲ့ပါတယ်။)
ကွန်မန့်တစ်ခုသည် ပို့စ်ရေးတဲ့သူရဲ့ အားထုတ်ကြိုးပမ်းမှုကို ချီးမြှင့်ခြင်းပါ။ ဒါပေမယ့်ဗျာ တောင်ငူသား အားကြီးစိတ်ညစ်တယ်။ တောင်ငူသား ရေးတယ်။ ဘယ်လိုရေးရေး အဟေးဟေး ပဲ။ အရင်က စီပုံးတွေမှာ လိုက်လိုက်ကြော်ငြာတယ်။ ပေါ်တင်အော်တယ်။ နောက်တော့ ရှက်လာလို့ ကြော်ငြာအစီအစဉ်ကို ဖျက်လိုက်တယ်။ နှစ်သက်လို့ ကွန်မန့်ပေးရင်းနဲ့ တိုက်ဆိုင်မှုရှိတဲ့ အကြောင်းအရာမျိုးဆိုရင်တော့ ကိုယ့်ပို့စ်လေးကို လင့်ခ်ထည့်ပြီး ရေးပါတယ်။ ကိုဇနိ ကျေးဇူးကြောင့် လုပ်တတ်သွားတာပါ။ ရုပ်မြင်တွေမှာ လွှင့်တဲ့ကြော်ငြာတွေနဲ့ ယှဉ်ပြောရရင်တော့ အရင်ကကြော်ငြာတဲ့ပုံစံက သီချင်းဖွင့်ပြီး သရုပ်ဆောင်တွေနဲ့ လှုပ်ခါပြတာမျိုးနဲ့တူပြီး၊ အခုကြော်ငြာပုံစံကတော့ ဇာတ်လမ်းလေးဆင်ပြီး ယုတ္တိတန်အောင် ကြော်ငြာတာမျိုးပေါ့ဗျာ။
မြန်မာဘလော့ဂ်ရေးသူတွေ များလာတာနဲ့အမျှ ရေးတဲ့အကြောင်းအရာ အမျိုးအစားတွေလည်း စုံလင်လှပါတယ်။ အဲဒီထဲမှာမှ တောင်ငူသားရေးတဲ့ပုံစံက ဘာနဲ့တူနေလဲလို့ဆိုရရင်။ တောင်ငူသားပီပီ တောင်ငူရာဇဝင်လေးနွယ်ပြီး ပြောမှ။ ရှေ့တန်းတစ်နေရာမှာ ရောက်နေတဲ့ ရတုဘုရင် နတ်သျှင်နောင်ကနေ ရာဇဓါတုကလျာဆီကို ကျေးစေတမန်နဲ့ ချစ်သဝဏ်လွှာဆက်ဖို့ ရေးထားပြီးခါမှ တန်းမဝင်လို့ လမ်းတင် လွှတ်ပစ်ထားတဲ့ ပေရွက်တွေလိုပါပဲ။ ရေးတုန်းကတော့ ကျော်ဇောလင်းရဲ့ အတွေးပုံရိပ်အတိုင်း ဦးတင်ယုလို သရုပ်ပြအမွှန်းတင်ပြီး စင်ရော်မောင်မောင်လို ခံစားတင်ပြလိုက်တာပါ။ ဒါပေမယ့် မောင်မျိုးမင်းလို ရင်တွင်းလဲ မဖြစ်နိုင်၊ မိုက်တီးလိုလဲ ရိုက်ချက်ကမပြင်းတော့ နီကိုရဲလိုပဲ ကောင်းကောင်းကြီး လွဲကုန်တော့တယ်။ အဲဒီတော့ တောင်ငူသားရဲ့ စာတွေဟာ သည်းခံဖတ်ရှုပေးကြတဲ့ ညီအစ်ကိုမောင်နှမတွေကလွဲလို့ မပေါက်တော့ပါဘူး။
ဂီတလောက စကားမျိုးနဲ့ ပြောရရင် Rock ဆန်တဲ့ ဘလော့ဂ်ကို နှစ်သက်သူရှိသလို၊ Hip hop ဆန်တဲ့ ဘလော့ဂ်ကလဲ သူ့ပရိတ်သတ်နဲ့ သူပဲ၊ Punk ကလဲ အခိုင်အမာ၊ အဲဒီထဲမှာမှ တောင်ငူခေတ်က တောင်ငူသားရဲ့ လမ်းတစ်ဝက်ပေလွှာ စာပဒေသာတွေဟာ မြန်မာဘလော့ဂ် အဝန်းကြားမှာ မရွှန်းစားနိုင်ဘဲ မျက်လုံးလေး ကလယ်... ကလယ်... နဲ့ တကယ်သနားစရာ ကောင်းနေပါတယ်။ (ခုနေ ရေးရင်းနဲ့တောင် ငိုချင်လာပြီ)။ ကလောင်စွမ်း မထက်တော့လည်း အောင်နန်း မတက်ရုံသာ။ ကလောင်သွားကောင်းတဲ့ သူတွေများကျတော့လဲ ဘာပဲရေးရေး ဘာပဲတင်တင် စာမူခတွေ တစ်ထွေးကြီးပိုက် သူဌေးကြီးဂိုက် ပေါ့ဗျာ။
Tuesday, September 16, 2008
အချိန်မီ
ကျွန်တော်ဒီကိုရောက်ပြီး သင့်တင့်လျောက်ပတ်တဲ့ ဝင်ငွေလေးနဲ့ ရပ်တည်နိုင်တော့ မိဘတွေဆီကို ငွေမှန်မှန်ပို့ပါတယ်။ လူကြုံရှိရင်တော့ ပစ္စည်းလေးဘာလေး ထည့်ပေးပါတယ်။ အဖွားတွေအတွက်ယောဂီရောင် သဘက်လေးတွေပဲ ထည့်ပေးဖူးပါတယ်။ လူကြီးတွေအတွက်ကလည်း ဝယ်ရခက်သား။ အဲဒါကြောင့် အဖွားနှစ်ယောက်ကိုတော့ ကျွန်တော်ပြန်တဲ့အခါမှ သီးသန့်ကန်တော့မယ်လို့ ရည်ရွယ်ပြီးသားပါ။ မတ်လဆန်းလို့ အဖိုးနှစ်ပတ်လည်နေ့ မတိုင်ခင် ဒီမှာ အတူရောက်နေတဲ့ အကိုဝမ်းကွဲက အဖိုးနှစ်ပတ်လည်မှာ အဖွားလှူချင်တာလေး လှူနိုင်အောင် နှစ်ယောက်ပေါင်းပြီး ငွေလေးပို့ပေးရအောင်လို့ ဆိုတာနဲ့ ပို့ဖြစ်ကြပါတယ်။ (အဲဒီအတွက်လည်း ကျွန်တော့်အကိုကို ကျေးဇူးတင်ရပါတယ်)။ နောက်တစ်ပတ်လောက်နေလို့ အိမ်ကို ဖုန်းဆက်တော့ အဖွား ရုတ်တရက် လေဖြတ်သွားလို့ ဆေးရုံတင်လိုက်ရတဲ့အကြောင်း၊ အခုနည်းနည်းသက်သာလို့ အိမ်ပြန်ရောက်ပြီဆိုတဲ့အကြောင်း သိရပါတယ်။
ကျွန်တော်တို့ဆီက ပို့လိုက်တယ်ဆိုတာ သိရတော့ အဖွားခမျာ ဝမ်းတွေသာလို့ အိမ်လာတဲ့သူတိုင်း ပြောရှာတယ်။ တကယ်တော့ အဖွားဟာ ထိုက်သင့်တဲ့ ပြည့်စုံမှုရှိပြီးသားပါ။ အဖွားဝမ်းသာတာ ငွေကြောင့်မဟုတ်ပါဘူး။ မြေးတွေရဲ့ သိတတ်မှုကရတဲ့ ပီတိကြောင့်ပါ။ ကျွန်တော့်အမေကိုပြောတယ်တဲ့။ မတ်လ၂၇ ရက်နေ့ကျရင် ကောင်းမှုတော်ဘုရားသွားပြီး လှူမယ်။ အပြန်ကျရင် ကန်တော်ကြီးအနောက်ဖက်မှာ ဖွင့်တော့မယ့် ဟော်တယ်ကြီးကိုလည်း လှည့်ကြည့်ရအောင်လို့ ပြောခဲ့တယ်တဲ့။ အခုတော့ ၂၇ရက်နေ့မှာ အဖွားက ရန်ကုန်က ဆေးရုံပေါ်မှာ ရောက်နေခဲ့တယ်။ အမေက ညီမလေးရယ် တူတွေတူမတွေရယ်နဲ့ အဲဒီရက် မတိုင်ခင်ကတည်းက ကောင်းမှုတော်ဘုရားမှာ သွားလှူပြီးခဲ့ပါပြီ။ အဲဒီအချိန်က ဆေးရုံပေါ်မှာ သတိကောင်းကောင်းရနေသေးတဲ့အတွက် အဖေက လှူပြီးကြောင်း ပြောပြနိုင်လိုက်လို့ အဖွား သာဓုကောင်းကောင်း ခေါ်လိုက်ရပါတယ်။ အဖွားရဲ့ နောက်ဆုံးအချိန်မှာ သာဓုခေါ်လိုက်ရတဲ့ အလှူအတွက် ကျွန်တော်တို့ရဲ့ အချိန်မီကုသိုလ်လေးဟာ တွေးမိတိုင်း ပီတိမျက်ရည်ဝဲရပါတယ်။ အဖွားကို တောင်ငူမှာ သဂြိုလ်တဲ့နေ့ဟာ ကျွန်တော်ဒီရောက်တာ တစ်နှစ်တိတိပြည့်တဲ့နေ့ပါ။ ကျွန်တော်ရုံးကခွင့်ယူပြီး တိုပိုင်းရိုးဘုန်းကြီးကျောင်းမှာ မေတ္တာပို့ အမျှဝေနေခဲ့ပါတယ်။ ဟော်တယ်အသစ်ကြီးကို ကိုယ်တိုင်မမြင်လိုက်ရပေမယ့် အဖွားရဲ့နောက်ဆုံးခရီး သွားရာလမ်းက ဟော်တယ်ဘေးနားက ဖြတ်သွားရတာလေ။
Saturday, September 13, 2008
မန်းရွှေစက်တော်
အဖိုးအဖွားတွေက ဆိုင်အပြင် သားအလတ်နှစ်ယောက်အတွက် ဟိုင်းလတ်ကားတစ်စီး ထောင်ပေးထားပြီး ပျဉ်းမနား-တောင်ငူယာဉ်ငယ်လိုင်းဆွဲစေပါတယ်။ အဖိုးက လေဖြတ်ထားလို့ အိမ်မှာချည်းနေရတဲ့အတွက် ဟိုဟိုဒီဒီအလွန်သွားချင်ပါတယ်။ အဲဒါကြောင့် ကားဆွဲရာက ရက်တိုနားရင် အနီးနားကောက်သွားတယ်။ ရက်ရှည်နားရင်တော့ မြန်မာပြည်ရဲ့ တန်ခိုးကြီးဘုရားစုံကို လှည့်ဖူးဖို့ စီစဉ်ပါတော့တယ်။ ဘယ်ဘုရားဖူးပဲထွက်ထွက် အတူနေမြေးဖြစ်တဲ့ ကျွန်တော်က အမြဲပါလေတော့ တောင်ငူသား ခရီးသွားခဲ့သည် ဖြစ်လာရတော့တာပေါ့။
ကျွန်တော်သိတတ်စအရွယ်မှာ ပထမဆုံးခရီးဝေးအဖြစ် ဘုရားဖူးထွက်တာက မကွေးတိုင်း၊ မင်းဘူးမြို့နယ်က ရွှေစက်တော်ရာဘုရားပါ။ ရသေ့ကြီးနဲ့ နဂါးမင်းတို့ရဲ့ တောင်းပန်လျှောက်ထားမှုကြောင့် မြတ်စွာဘုရားရှင်သည် တောင်ထိပ်တွင် အထက်စက်တော်ရာတစ်ဆူ၊ မန်းချောင်းနံဘေးတွင် အောက်စက်တော်ရာတစ်ဆူ ချန်ရစ်တော်မူပါတယ်။ မြတ်စွာဘုရားရှင်ရဲ့ ခြေတော်ရာမှ စက်လက္ခဏာတော် ၁၀၈ ပါးကို ရည်ညွှန်းလို့ စက်တော်ရာလို့ ခေါ်ဆိုပါတယ်။ ဧရာဝတီမြစ်ထဲစီးဝင်တဲ့ မန်းချောင်းဟာ ခြေတော်ရာနှစ်ဆူရှိတဲ့နေရာတွေကို ဦးတိုက်ရစ်ခွေစီးဆင်းတဲ့အတွက် မန်းရွှေစက်တော်ရာ လို့လည်း အမည်သညာတွင်ပါတယ်။ ဘုရားပွဲကို နှစ်စဉ်တပို့တွဲလဆန်းမှ စတင်ပြီး မြန်မာနှစ်ဆန်းတစ်ရက်နေ့ထိ ကျင်းပပါတယ်။ ဘုရားပွဲတော်ကျင်းပချိန်ကို သတင်းစာများမှာ ဂေါပကအဖွဲ့က ထည့်သွင်းနှိုးဆော်လေ့ရှိပါတယ်။ မြန်မာပြည်သူတွေရဲ့ သဒ္ဓါတရားထက်သန်စွာ လှူဒါန်းမှုကြောင့် ခြေတော်ရာနှစ်ဆူလုံးမှာ ရွှေစင်ရွှေသားများ အထပ်ထပ်တက်နေတာဖြင့်ရင် သပ္ပါယ်ကြည်ညိုဖွယ် ကောင်းလှပါတယ်။ ဘုရားပွဲတော်ပြီးဆုံးချိန်မှာတော့ မိုးတွင်းအခါ ပတ်ဝန်းကျင်ရေဝေကြောများက အလျှံပယ်စီးဆင်းတတ်တဲ့ တောင်ကျရေများဟာ အောက်ခြေတော်ရာတစ်ခုလုံးကို ဖုံးအုပ်လေ့ရှိလို့ သံအုပ်ဆောင်းအုပ်ပြီး သော့ခတ်ထားရပါတယ်။ ဘုရားပွဲဖွင့်ချိန်ရောက်လို့ အုပ်ဆောင်းပြန်ဖွင့်တဲ့အခါ ခြေတော်ရာထဲ တင်ကျန်နေရစ်တဲ့ရေကို အန္တရာယ်ကင်း အဆောင်အဖြစ်နဲ့ ယူဆောင်ကြလေ့ရှိပါတယ်။ ရွှေစက်တော်တောင်နဲ့ ပတ်ဝန်းကျင်မှာ မုဆိုးတောင်၊ သိကြားပုန်းတောင်၊ မြှားကျစေတီ၊ ရဟန္တာခြေတော်ရာ အစရှိတဲ့ ရွှေစက်တော်ဘုရားသမိုင်းဝင် အထင်ကရနေရာများမှာလည်း တောလမ်းအတိုင်း သွားဖူးရတာ တစ်မျိုးကြည်ညိုစရာပါ။
“ဘုရားလည်းဖူးရင်း လိပ်ဥလည်းတူးရင်း” ဆိုတဲ့ စကားလို လိပ်ဥမတူးနိုင်ပေမယ့် ရစ်ခွေစီးဆင်းနေတဲ့ မန်းချောင်းရေအလျဉ်ဟာ လိပ်ဥတူးရတာထက် ဘုရားဖူးတွေကို ပိုမိုဆွဲဆောင်နိုင်ပါတယ်။ တောင်တွေပတ်လည်ဝိုင်းနေတဲ့ ကြားမှာ ရစ်ခွေစီးဆင်းနေတဲ့ မန်းချောင်းရေဟာ ကြည်လင်အေးမြလို့နေပါတယ်။ မန်းချောင်းရဲ့အောက်ခံဟာ ကျောက်စရစ်ခဲတွေ ဖြစ်လို့ နင်းရတာ အညောင်းအညာပြေတဲ့အပြင် ရေအလျဉ်ဟာလည်း မပြင်းလွန်း မပျော့လွန်းပဲ အမြဲစီးဆင်းနေတာပါ။ ချောင်းရိုးတစ်လျှောက် လေထိုးဘောကွင်းတွေငှားပြီး မျှောချလိုက်ပါရင်း ဇိမ်ယူရတာဟာ အင်မတန်အရသာရှိပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ရေပက်ကစားကြ၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့စနောက်ကျရင်း ဗိုက်ဆာလာရင် ပြေးစားလိုက်ကြနဲ့ ရေထဲမှာတင် အချိန်အတော်များများ ကုန်မှန်းမသိကုန်သွားပါတယ်။ မန်းချောင်းရေဟာ မတိမ်လွန်းမနက်လွန်းတာကြောင့် ရေကစားဖို့ရာ အနေတော်ပါပဲ။ ရေနက်တဲ့နေရာတွေကိုလည်း သတိပေးတားမြစ်ထားပါတယ်။
ဘုရားဖူးတွေတည်းခိုဖို့ကိုတော့ မန်းချောင်းကမ်းတစ်လျှောက် ကျောက်စရစ်မြေပေါ်မှာပဲ သစ်ဝါးတွေ မျှောတိုင်တွေနဲ့ ယာယီတဲတန်းကြီးတွေ အစီအရီထိုးထားတာဖြင့် တောင်ပေါ်ကကြည့်ရင် တစ်မျိုးကြည့်ကောင်းနေသေးတော့တယ်။ သောက်ရေသုံးရေအတွက်တော့ ရေတုံကင်တွေ ဟိုနားဒီနားမှာ တူးပေးထားပါတယ်။ စားသောက်ဆိုင်တန်းတွေမှာ ဝယ်စားကြသလို အချို့မိသားစုတွေကတော့ တည်းခိုရာအဆောင်ရှေ့မှာပဲ မီးမွှေးချက်ပြုတ်စားကြပါတယ်။ အထက်အညာ ဘုရားပွဲမို့ လက်ဆောင်ပစ္စည်းဆိုင်တွေကတော့ အညာဒေသထွက်အများဆုံးပါပဲ။ အများဆုံးတွေ့ရတတ်တဲ့ ဈေးသည်တွေကတော့ မျှစ်ခြောက်ရောင်းတဲ့သူတွေပါပဲ။ ထူးထူးဆန်းဆန်းရောင်းတာကတော့ တောထဲက ဖမ်းယူရရှိတဲ့ ကြက်တူရွေးတွေကို ဝါးနဲ့ယက်ထားတဲ့ လှောင်အိမ်လေးတွေနဲ့ ရောင်းတာပါပဲ။ ခွေးပေါက်လေးတွေရောင်းတဲ့ဆိုင်တွေလည်း ရှိပါရဲ့။ အမွေးအရောင်က စိုစိုပြေပြေမို့ အင်မတန်ချစ်ဖို့ကောင်းပါတယ်။ ချင်းတောင်ဖက်ကလို့ ပြောပါတယ်။
မပြန်ခင် နောက်ဆုံးနံနက်မှာတော့ အရုဏ်ဆွမ်းအမီထကြပြီး ဆွမ်းကပ်ကြပါတယ်။ ရွှေစက်တော်ဘုရားပတ်ဝန်းကျင်မှာ ဘုန်းကြီးကျောင်းတွေလည်းရှိပါတယ်။ နံနက်ခင်းတွေမှာ ယာယီတဲတန်းတွေတစ်လျှောက် ဆွမ်းခံကြွတဲ့ ကိုယ်တော်တွေလည်း လောင်းလှူကြပါတယ်။ ဆိုင်တန်းတွေမှာ သက်ဆိုင်ရာ လုံခြုံရေး၊ ဂေါပကအဖွဲ့တွေအပြင် ကျန်းမာရေးအတွက် တိုင်းရင်းဆေးအလှူကိုပါ တွေ့နိုင်ပါသေးတယ်။ တောတောင်တွေအလယ်မှာ သပ္ပါယ်စွာပူဇော်ထားတဲ့ စက်တော်ရာနှစ်ဆူကို သွားရောက်ဖူးမျှော်ရင်း မန်းချောင်းရေအေးအေးမှာ တစ်ဘဝစာအမောတွေကို ခဏတာမျှောချနိုင်ကြစေရန် မြန်မာပြည်အလယ်ပိုင်း မင်းဘူးမြို့နယ်ထဲက “မန်းရွှေစက်တော်ရာဘုရား” ကို တစ်ခါတစ်ခေါက်လောက်တော့ အရောက်သွားနိုင်ကြစေဖို့ တိုက်တွန်းလိုက်ရပါတယ်။
ကျွန်တော် မန်းရွှေစက်တော်ရာဘုရားကို စုစုပေါင်း(၄)ကြိမ် ရောက်ခဲ့ပါတယ်။ အဖိုးအဖွားတွေနဲ့ လိုက်တုန်းက တစ်ကြိမ်ရယ်၊ ကျွန်တော်တို့ မိသားစုသုံးယောက်တည်း “မင်္ဂလာမောင်မောင် ဘုရားဖူးအဖွဲ့” ခေတ်စားစဉ်က နှစ်ကြိမ်ရယ်၊ ၁၀ တန်းဖြေပြီးလို့ သူငယ်ချင်းယောက်ျားလေးတွေချည်း စုပြီးသွားတုန်းက တစ်ကြိမ်ရယ်ပါ။ နောက်ဆုံးအခေါက်ကတော့ သူငယ်ချင်းတစ်ယောက်ရဲ့ ဘကြီးကောင်းမှုနဲ့ အထက်ဖက်အကျဆုံး အရာရှိရိပ်သာမှာ တည်းရပါတယ်။ ရေညာကမို့ ရေကသန့်ပေမယ့် ကိုယ့်တစ်ဖွဲ့တည်းဆိုတော့ နည်းနည်းတော့ ပျင်းဖို့ကောင်းတာပေါ့။ အပြန်မှာ သူငယ်ချင်းတွေ အပြိုင်ဝယ်ကြတာ ကြက်တူရွေးတွေချည်း ၇ ကောင်ပါတယ်။ လှောင်အိမ်တွေဆို တောင်းအေ့စ်ပစ်ကပ်နောက်ခန်းမှာ အစီအရီပဲ။ တစ်လမ်းလုံးကို တကွစ်ကွစ်နဲ့ ဆူညံနေတာ။ ဒါတောင် ခွေးလေးတွေ ဝယ်ချင်ကြသေးတာ။ နေရာမရှိတော့လို့။ တောင်ငူရောက်တော့ ၂ ကောင်လားပါတော့တာ။ လမ်းမှာ ခရီးပန်းပြီး သေတာရယ်၊ လှောင်အိမ်က လွတ်ထွက်သွားတာရယ်နဲ့ နောက်ဆုံးအဲဒီ ၂ကောင်လည်း သက်ဆိုးမရှည်ရှာပါဘူး။ သူတို့လည်း အညာမြေကို လွမ်းရှာပေမပေါ့။
Wednesday, September 10, 2008
မောင်ရှင်လောင်း
အဖိုးအဖွားတွေက မြေးတွေကို ရှင်ပြုပေးချင်ပေမယ့် တစ်ဦးတည်းသောသားဖြစ်တဲ့ ကျွန်တော့်ကို အဖေနဲ့အမေက သူတို့ချွေးနှဲစာနဲ့ တမင်ရည်ရွယ်ပြီး စုဆောင်းထားတာလေးတွေနဲ့သာ ရှင်ပြုပေးချင်ပါတယ်။ သားဦးရဲ့အလှူဦးမို့ ဦးဦးဖျားဖျားလေး လုပ်ချင်တာလည်းပါတယ်လေ။ ကျွန်တော့်အမေကတော့ မောင်ရှင်လောင်း လှည့်တဲ့အခါ ကြဲဖို့ရာ ငွေအကြွေများတောင် သပ်သပ် စုထားသေးရဲ့။ အလှူကျင်းပဖို့ ကျောင်းကိုတော့ စတုတ္ထတန်းသာ ရှိသေးတဲ့ ကျွန်တော့်အတွက် အဖွားအိမ်နဲ့ နီးတဲ့ကျောင်းကိုပဲ ရွေးလိုက်ပါတယ်။ အလှူမတိုင်ခင် ၁၀ရက် အလိုလောက်ကတည်းက ကျောင်းထိုင်ဆရာတော်က ဗလာစာအုပ်ထဲမှာ သင်္ကန်းတောင်းအပြင် ပစ္စည်းလေးပါး မသုံးဆောင်ခင် ရွတ်ဆိုရတဲ့ စာပိုဒ်လေးတွေပါ ရေးပေးတယ်။ ပြီးတော့ ကျွန်တော့်ကို စာချပေးပြီး အလွတ်ကျက်ခိုင်းထားတယ်။ မောင်ရှင်လောင်းမဖြစ်ခင် မှတ်မိအောင် နေ့တိုင်း စာကျက်ရပါတယ်။ ဆရာတော်က သင်္ကန်းတောင်းကို မောင်ရှင်လောင်းကိုယ်တိုင် အလွတ်ရွတ်ဆိုစေချင်တာပါ။
အလှူအတွက် ပရိက္ခရာတွေဝယ်တော့ ကျွန်တော် ကြေး(ဂျီး)များပါတယ်။ ယပ်တောင်ကို ရိုးရိုးယပ် မကိုင်ချင်ဘူး။ ဘုန်းကြီးတွေကိုင်တဲ့ ယပ်ထူထူ အကြီးစားမျိုးပဲကိုင်ချင်တာ။ ဆိုင်က ကိုရင်ဆိုတာ ဒီယပ်ပဲ ကိုင်ရတယ်ဆိုလို့ ငြိမ်နေလိုက်ရတယ်။ မောင်ရှင်လောင်းဝတ်စုံ ရွေးတဲ့အခါကျတော့ ကျွန်တော် မလျှော့တော့ဘူး။ အခြားမောင်ရင်လောင်းတွေလို အဆောင်း(မကိုဋ်)မျိုး မဆောင်းချင်ပါဘူး။ ရှင်ဘုရင်တွေ ဆောင်းတဲ့ ဗောင်းကိုပဲ ဆောင်းချင်ပါတယ်ဆိုပြီး မရမက ဂျီကျပါတော့တယ်။ ဝတ်စုံငှားတဲ့ ပရိက္ခရာဆိုင်က အသိတွေ ဖြစ်နေတာကြောင့် နှစ်မျိုးလုံး ထည့်ပေးလိုက်ပါတယ်။ ဒါတောင် ဘုရင်ကိုင်တဲ့ သန်လျက်ပါ ကိုင်ရမှဆိုပြီး ဂျီကျသေးတာ။ ဆိုင်မှာ သံလျက်က တစ်ခုပဲရှိတာ သူများငှားသွားတယ်ဆိုမှ လက်လျော့လိုက်ရတာ။
အလှူလှည့်မယ့်နေ့ မနက်မှာတော့ မောင်ရှင်လောင်းကို မိတ်ကပ်တွေရော၊ နှုတ်ခမ်းနီတွေရော အလှပြင်ဆိုင်က လာပြင်တော့တာပဲ။ ကိုယ့်ပုံကိုယ်ပြန်ကြည့်ရတာ ဇာတ်မင်းသားလိုလို။ ကိုယ်ပေါ်မှာ ကလည်း စလွယ်တွေနဲ့ ပြိုးပြိုးပြက်ပြက်။ ဓါတ်ပုံဆရာကလဲ တဖျတ်ဖျတ်။ ဝတ်လဲတော်ရွှေပုဆိုးတာ့ နှစ်မျိုးဝတ်ရတယ်။ ဘော်ကြယ်တွေနဲ့ အဝါရောင်တစ်ထည် အပြာရောင်တစ်ထည်။ အပြာတစ်ထည်က ဆရာတော်ကို သူများလာလှူထားတာ။ ဒေါင်းကနေတဲ့ပုံထိုးထားတာ တော်တော်လှတယ်။ ဆရာတော်က ကျွန်တော့်အဖို့ ဦးဦးဖျားဖျား စွန့်လိုက်တာ။ အလှူလှည့်တာက အတီးအမှုတ် အကအခုန်တွေ မပါပါဘူး။ မောင်ရှင်လောင်းစီးမဲ့ကားပ်ါမှာ ရွှေထီးနှစ်ချောင်းကို ဘေးတစ်ဖက်စီက ထောင်ထားရပါတယ်။ အဖေက သပိတ်ကိုလွယ်ပြီး ယပ်ကို ကိုင်တယ်။ အမေက မောင်းထောင်ချိုင့်ထဲမှာ သင်္ကန်းပန်းနဲ့ သင်္ကန်းကိုထည့်ပြီး ကိုင်ရပါတယ်။ ကွမ်းတောင်တွေ ပန်းတောင်တွေကိုတော့ ဆွေမျိုးသားချင်းတွေ အိမ်နီးချင်းတွေထဲက အမတွေက ကိုင်ကြပါတယ်။ အမေကြိုစုထားတဲ့ အကြွေတွေအပြင် အချပ်တွေပါ ကြဲသေးတာ။ ရှင်လောင်းလှည့်တဲ့ကားနောက်မှာ “ကြဲပါဦးဗျို့” တွေ သောသောညံပေါ့။
အားလုံးပြင်ဆင်ပြီးကြတော့ အိမ်မှာ ဘုရား အရင်ကန်တော့တယ်။ အဖွားတွေ ကန်တော့ပါတယ်။ ပြီးမှ မြို့ထဲကို ကားတွေလှည့်မောင်းပြီး ဘုန်းကြီးကျောင်းကို ရောက်တော့ ဆရာတော်ထံမှ သီလယူပါတယ်။ အဲဒီနောက်တော့ တောင်ငူရဲ့ ဓလေ့အတိုင်း နတ်သွားပြရပါတယ်။ လက်ခြောက်ဖက်ဘိုးဘိုးကြီးနန်းဆီကို မောင်ရှင်လောင်းကို ခေါ်သွားရပြီး နန်းထိန်းတွေက ရွတ်ဖတ်ကြပါတယ်။ ဘာတွေရွတ်လဲတော့ မမှတ်မိတော့ပါဘူး။ သေချာတာတော့ ဘိုးဘိုးကြီးကို အတူလိုက်ပါလာတဲ့သူတွေသာ ကန်တော့ကြရပြီး မောင်ရှင်လောင်းက ဘိုးဘိုးကြီးရှေ့မှာ မတ်တပ်ရပ်နေရတာပါပဲ။ လုံးဝ မကန်တော့ရပါဘူး။ ဘိုးဘိုးကြီးနန်းက ယခု “ရွိုင်ရယ်ကေတုမတီဟော်တယ်” အနီးမှာပါ။
ညနေပိုင်းကျတော့ ဆရာတော်ထံမှ သီလယူပြီး ဆံချတဲ့အခမ်းနားပေါ့။ ဆွေမျိုးပရိတ်သတ်တွေရှေ့မှာ အဖြူရောင်စွပ်ကျယ်ရယ်၊ ဘောင်းဘီတိုရယ်ဝတ်ပြီး ပိတ်ဖြူစကို အဖေကတစ်ဖက် အမေကတစ်ဖက် ကိုင်လို့ ဦးပဉ္စင်းတစ်ပါးက ဆံချပေးပါတယ်။ ဆံချနေစဉ်မှာ သံဃာတော်တွေက ဆံပင်အစရှိသော ကိုယ်အင်္ဂါအစိတ်အပိုင်းတွေရဲ့ ရွံရှာစက်ဆုပ်ဖွယ်ကောင်းပုံကို ပါဠိ-မြန်မာ နှစ်ဂါထာနဲ့ ရွတ်ဖတ်ပေးပါတယ်။ ဆံချပြီးတော့ မိခင်ဖခင်နှစ်ပါးကနေပြီး ပရိတ်ချည်ကွင်းများကို ဦးခေါင်း၊ ခြေ၊ လက်များမှာ စွပ်ပေးရပါတယ်။ အဲဒီနောက် ဆရာတော်ထံမှ သင်္ကန်တောင်း သင်္ကန်းယူ အဆင့်ဆင့်ကို အလွတ်ရွတ်ဆိုရပြီး ဦးပဉ္စင်းတစ်ပါးက သင်္ကန်းရုံပေးပါတယ်။ အဲဒီနောက် ကိုရင်ဖြစ်ဖို့ရာအတွက် ဆက်လက်ရွတ်ဆိုရပါတယ်။ အားလုံး ရွတ်ဖတ်ပြီးစီးတဲ့အခါမှာတော့ “ကိုရင်လေး ရှင်ဇဝနတိက္ခ” ဆိုတဲ့ဘွဲ့နဲ့ အတူ ခမည်းတော် မယ်တော်တွေနဲ့ အားလုံးသော ပရိသတ်တို့ရဲ့ ကန်တော့ခြင်းကို ခံယူရရှိပါတော့တယ်။
Saturday, September 6, 2008
ဓါးပန်းချီ
ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ပန်းချီပညာကို ရိုးရိုးဆွဲကြတဲ့ ပညာရှင်တွေအပြင် အမြင်ဆန်းကြယ်အောင် အကူပစ္စည်းများနဲ့ အမျိုးမျိုးတီထွင်ဖန်တီးကြတဲ့ ပညာရှင်တွေလည်းရှိပါတယ်။ ပုလင်းပန်းချီ၊ အိုးပန်းချီ၊ ပန်းကန်ပန်းချီ စသည်ဖြင့် လေ့လာကြည့်မယ်ဆိုရင် စိတ်ဝင်စားဖို့ကောင်းပါတယ်။ အဲဒီထဲမှာမှ ရိုးရိုးစုတ်တံ အပြင် ဓါးကိုပါ သုံးပြီးဆွဲတဲ့ ပန်းချီပညာလည်း အပါအဝင်ဖြစ်ပါတယ်။ နှစ်စဉ်ကဆုန်လမှာ ကျင်းပမြဲဖြစ်တဲ့ တောင်ငူ ရွှေဆံတော်ဘုရား ပွဲတော်မှာ ဓါးပန်းချီကို စမြင်ဖူးပါတယ်။ လွန်ခဲ့တဲ့ ၁၀နှစ်ကျော်လောက်ကပါ။ ဘုရားပွဲကျင်းပတဲ့ ဈေးလမ်းတစ်နေရာမှာ အခင်း ခင်း၊ ဘက်ထရီမီးချောင်းထွန်းပြီး ပန်းချီကားတွေ ဆွဲနေတာကို လူတွေဝိုင်းအုံကြည့်နေကြတာ စိတ်ဝင်စားတာနဲ့ ဝင်ကြည့်ဖြစ်ပါတယ်။ ပထမတော့ ရိုးရိုးပန်းချီဆွဲနေတာပဲ ထင်တာ။ သေချာကြည့်တော့မှ ဓါးပါးလေးတစ်ချောင်းနဲ့ ခြစ်ခြစ်ပြီးဆွဲသွားတာ တစ်ခါမှ မမြင်ဖူးတာနဲ့ ဆက်ကြည့်ဖြစ်တယ်။
ပန်းချီဆွဲသူရဲ့ ပစ္စည်းပစ္စယက သိပ်များများစားစား မပါပါဘူး။ စုတ်တံတစ်ချို့ရယ်၊ ဆေးဘူးတွေရယ်၊ အသင့်ဖြတ်တောက်ပြီးသား ကတ်ထူစက္ကူအဖြူတွေရယ်ပဲပါတယ်။ ဆေးဘူးတွေကတော့ အရောင်အနေနဲ့ သိပ်များများမတွေ့ရပါဘူး။ ဆီဘူးလေးတစ်ဘူးလည်း ပါသေးရဲ့။ စဆွဲပုံက ကတ်ထူစက္ကူပေါ်မှာ စုတ်တံအကြီးနဲ့ အဖျော့တစ်ရောင်ကို ခံဆေးအဖြစ် ခပ်ပါးပါး ခပ်ကြမ်းကြမ်းသုတ်လိုက်တယ်။ အပေါ်မှာမှ ဆွဲချင်တဲ့ပုံရဲ့ အစိတ်အပိုင်းတစ်ခုကို စုတ်ချက်အရာပေးတယ်။ အဲဒီစုတ်ချက်ကို လိုချင်တဲ့ပုံပေါ်အောင် ဓါးနဲ့ ဖော်သွားတာပါ။ ကျောက်တုံးတစ်တုံး ဆွဲမယ်ဆိုရင် စုတ်တံနဲ့ လိုချင်တဲ့ကျောက်တုံးပုံကို ဆေးတို့လိုက်တယ်။ ပြီးမှ ဓါးနဲ့ ရုပ်လုံးပေါ်လာအောင် ဝိုက်ဝိုက်ချတယ်။ သစ်ကိုင်းတွေဆိုရင် ဓါးဦးချွန်နဲ့ ဆေးစက်တွေကြားမှာ လမ်းကြောင်းလေးတွေ ဖော်သွားတယ်။ ဆေးစက်ပဲရှိနေတုန်းက ဘာမှန်းမသိတဲ့ပုံဟာ ဓါးနဲ့ခြစ်ပြီး ပုံလည်းဖော်လိုက်ရော တဲပုံ၊ သစ်ပင်ပုံ၊ လှေပုံ စသည်ဖြင့် ရုပ်လုံးထွက်လာတော့တယ်။
ရောင်းတမ်းဆွဲနေတဲ့ ပုံတစ်ပုံကို အရွယ်အစားနဲ့ ပါဝင်တဲ့ သရုပ်တွေပေါ်မှာ မူတည်ပြီး ၅ မိနစ်ကနေ မိနစ် ၂၀လောက်ပဲ ကြာတတ်ပါတယ်။ ပုံတွေကို အနီးကပ်သေချာကြည့်ရင်တော့ သိပ်ပြီးမသပ်ရပ်လှပါဘူး။ ဒါပေမယ့် အချိန်တိုအတွင်းမှာ မြန်မြန်ဆန်ဆန်ဆွဲသွားတာ ကြည့်လို့ကောင်းသလို ဆွဲထားတဲ့ ပုံတွေကလည်း ပေးဝယ်ရတဲ့ ဈေးနှုန်းနဲ့ ကြည့်ရင် ဈေးချိုတယ်လို့ ဆိုရမယ်။ လွန်ခဲ့တဲ့ ၁၀နှစ်ကျော်က ပို့စကတ်အရွယ်သာသာ ပုံသေးတစ်ပုံကို ကျပ် ၅၀ခန့်ပေးရပြီး၊ အေဖိုးစာရွက်အရွယ်ဆို ကျပ် ၁၀၀ ခန့်ပဲ ပေးရပါတယ်။ ရောင်းတန်းအနေနဲ့ အများဆုံး ဆွဲထားတာတွေက ပင်လယ်နောက်ခံ၊ တောတွင်းနောက်ခံနဲ့ ရွာနောက်ခံပုံတွေပါ။ ကိုယ်လိုချင်တဲ့ပုံကိုလည်း ပြောပြီး ဆွဲခိုင်းလို့ရပါသေးတယ်။ ကျွန်တော် ကြည့်နေတုန်း လူတစ်ယောက်က ပေါက်ပေါက်ရှာရှာ ဆွဲခိုင်းပါတယ်။ နွေနေပူပူ မြေပက်ကြားအက်နဲ့ သစ်ခြောက်ပင်ပါတဲ့ နောက်ခံမှာ အသည်းနီရဲရဲကို သိမ်းငှက်က သုတ်ချီသွားတဲ့ပုံတဲ့။ အဲဒါကို ဓါးပန်းချီဆရာက လက်စွမ်းပြသွားတာ ကွက်တိပဲ။ ဆွဲခိုင်းတဲ့လူခမျာ သဘောတွေကျလို့ တခြားပုံတွေပါ ထပ်ဝယ်သွားလေရဲ့။
ဓါးပန်းချီကားတွေကို ဆီဆေးသုံးပြီး ဆွဲထားတော့ အရောင်တွေက နည်းနည်းလက်တဲ့အတွက် တစ်မျိုးကြည့်ကောင်းပါတယ်။ ဘူးလေးထဲက အဆီတစ်မျိုးကို တို့တို့ပြီး ဆေးစပ်နေတာတွေ့လို့သာ ဆီဆေးလို့ သုံးလိုက်တာပါ။ အရောင်တွေစပ်တာက အလင်းဖက်ထက် အမှောင်ဖက်ကို စပ်တာပိုများပါတယ်။ အဲဒါမှလည်း ဓါးနဲ့ ပုံဖော်တဲ့နေရာမှာ ပိုပြီးရုပ်လုံးကြွလာတယ်လေ။ တစ်ချို့လည်း ဘလိတ်ဓါးနဲ့ ဆွဲတာတွေ့ဖူးကြတယ်။ အဲဒါကိုတော့ ဘလိတ်ဓါးပန်းချီလို့ ခေါ်ရမယ်ထင်တယ်။ ကျွန်တော် တွေ့ဖူးတာတော့ မီးဖိုချောင်သုံး ရိုးရိုးစတီးဓါးပါးလေးနဲ့ပဲ ဆွဲသွားတာပါ။ နောက်ပိုင်း ရန်ကုန်မှာလည်း တချို့ပွဲဈေးတန်းတွေမှာ ဓါးပန်းချီဆရာတွေကို တွေ့ရပါသေးတယ်။ ဘယ်အချိန်ကတည်းက ဘယ်သူဆီကနေ စတင်ခဲ့တဲ့ အနုပညာဖန်တီးမှုမှန်းတော့ မသိပါဘူး။ ပန်းချီသဘောကျသူတွေအတွက် မြန်မာပြည်ပြန်တဲ့အခါ ကြုံကြိုက်ခဲ့ရင် လေ့လာနိုင်ဖို့ပါ။
Same collections
- ကိုယ်ပိုင်ဟာသ (7)
- ကိုယ်ရေးကိုယ်တာ (20)
- ခရီးများ (11)
- စင်္ကာပူမှတ်တမ်း (4)
- တက္ကသိုလ် (5)
- ဘာသာရေး၊ ကုသိုလ်ရေး (4)
- မျှဝေခြင်း (6)
- အချစ် (3)
- ဆောင်းပါး (10)
- တောင်ငူ (13)
- ပေါ့ပေါ့ပါးပါး (10)
Popular Posts
-
မြန်မာသက္ကရာဇ် (၈၇၂)ခု တန်ဆောင်မုန်းလပြည့်နေ့တွင် ဘုရင်မင်းကြီးညို စတင်တည်ထောင်ခဲ့သော ကေတုမတီ တောင်ငူမြို့၏ သက်တမ်းမှာ ယခုနှစ် (၁၃၇၂)ခု တန်ဆေ...
-
အဝါ၊ အစိမ်း နှင့် အနီရောင်တို့ကို ထင်ရှားစွာ အများဆုံး အသုံးပြုထားသော ကမ္ဘာ့နိုင်ငံ အသီးသီးတို့၏ နိုင်ငံတော်အလံများကို ရှာဖွေလေ့လာကြည့်ရာ ဥရေ...
-
၁၉၂၀ ခုနှစ်မှ စတင်ခဲ့သော မြန်မာ့ရုပ်ရှင်သည် ယခု ၂၀၁၀ ခုနှစ်တွင် အနှစ် ၉၀ တိတိ ပြည့်ခဲ့ပါပြီ။ ၁၉၂၀ အောက်တိုဘာလ ၁၃ ရက်နေ့တွင် မြန်မာ့ပထမဆုံး ရ...
-
“အိမ်ထောင်မှု၊ ဘုရားတည်၊ ဆေးမင်ရည် စုတ်ထိုး၊ ဤသုံးခု ချက်မပိုင်လျှင်၊ နောင်ပြင်ရန် ခက်သည့်မျိုး”ဆိုတာ မြန်မာမှုနယ်ပယ်မှာ ထင်ရှားတဲ့ စကားတစ်ခ...
-
တောင်ငူကနေ ရန်ကုန်ဆင်းလာကတည်းက အောင်မင်္ဂလာဂိတ်မှာ ကင်ပွန်းစခန်းထိ ရောက်တဲ့ Express ကားတွေကို လိုက်ကြည့်ပြီး ဖုံးနံပါတ်တွေ မှတ်လာခဲ့တယ်။ လက်မှ...