တောင်ငူသား

..... စိမ်းလန်းပါစေ ကမ္ဘာမြေ ... ငြိမ်းချမ်းပါစေ ကမ္ဘာမြေ .....

Saturday, October 16, 2010

မင့်

မိသားစုတစ်စုမှာ သားသမီးရတနာ ထွန်းကားလာပြီဆိုရင် အချို့က သားသားလား မီးမီးလား မသိခင်ကတည်းက နာမည်လှလှလေးတွေ ကြိုတွေးထားတတ်ကြတယ်။ အချို့ကတော့ ကလေးကင်ပွန်းတပ် အခမ်းအနားလေးလုပ်ပြီး အမည်ပေးကြ ရွေးကြတယ်။ တတ်နိုင်ရင် တတ်နိုင်သလို အချို့လည်း ဟိုတယ်ကြီးတွေမှာ ငွေကြေးများစွာ အကုန်ကျခံပြီး ကျင်းပကြတာလည်း ရှိပါတယ်။ သို့သော်လည်း တသီးတသန့် မလုပ်ကြဘဲနဲ့ အမည်သညာ ခေါ်စရာတစ်ခု တွင်တွင်သွားကြတာက ပိုများမှာပါ။


ကျွန်တော့်အမေမှာ မောင်နှမ ခြောက်ယောက် ရှိပါတယ်။ အကြီးဆုံး ကြီးတော်ကို "မမ"။ နောက် ဒုတိယမြောက် ဘကြီးက "မောင်မောင်" ဖြစ်ပါတယ်။ တတိယ ဘကြီးကျ "ညီညီ"ဆိုတော့ စတုတ္ထမြောက်ဖြစ်တဲ့ ကျွန်တော့်အမေက "ညီမ" ဖြစ်သွားပါတယ်။ ဦးလေးနဲ့ အဒေါ် တို့ကျမှသာ "မမ မောင်မောင် ညီညီ ညီမ" စီးရီးကနေ သွေဖယ်သွားပါတယ်။ ကျွန်တော် အရွယ်တော်တော် ရောက်တဲ့အထိ အမေ့ဖက်က ဦးလေးအဒေါ်တွေရဲ့ နာမည်အရင်းတွေ အကုန်မသိခဲ့ပါဘူး။ အိမ်မှာရော၊ အရပ်ထဲမှာရော အားလုံးလိုလိုက အမေတို့ မောင်နှမတွေကို ငယ်နာမည်လဲ ပြောလို့ရ၊ အိမ်နာမည်လဲ ပြောလို့ရတဲ့ ဒီအခေါ်အဝေါ်တွေနဲ့သာ နှုတ်ကျိုးနေကြလို့ပါပဲ။ ငယ်ရွယ်သူတွေကတော့ "အန်တီမ၊ ဦးမောင်၊ ဦးညီ၊ မညီမ" ဆိုတဲ့ အသုံးအနှုန်းလေးတွေနဲ့ နေ့စဉ်ဆိုသလို ခေါ်ဝေါ်ပြောဆိုနေကြတဲ့အတွက် ကျွန်တော့်နားထဲမှာလည်း ဒီလိုပဲ စွဲပြီး လိုက်ခေါ်မိလျက်သား ဖြစ်နေပါတော့တယ်။ အမေတို့ မောင်နှမချင်းလည်း ဒီနာမည်တွေအတိုင်းပဲ ခုချိန်ထိ ခေါ်နေကြဆဲပါပဲ။


အမေဖက်က မောင်နှမ မနည်းသလို အဖေဖက်ကလည်း အင်အားများပါတယ်။ စုစုပေါင်း ကိုးယောက်ပါ။ ကျွန်တော့်အဖေက နို့ညှာလို့ သုံးကြလေ့ရှိတဲ့ ရှစ်ယောက်မြောက်ပေါ့။ ဒီဇာတ်လမ်း ဘယ်အချိန်က စတယ်ဆိုတာ အတိကျ မသိနိုင်ပေမဲ့ ကျွန်တော် နားလည်စပြုတဲ့ အချိန်မှာ ရာနှုန်းပြည့် စွဲမြဲနေပါပြီ။ ကျွန်တော်လည်း သိချင်လွန်းလို့ အဖွားကို ပြန်မေးထားတာကြောင့် ခုလိုရေးပြနိုင်တာပါ။ အဖေ့မောင်နှမတွေထဲမှာ အကြီးဆုံး ကြီးတော်ကြီး နာမည်က "မြင့်" ဆိုတာ ပါတယ်။ ကြီးကြီးက စကားပြောရင် သူ့ကိုယ်သူ "ကျွန်မကလေ" "သမီးကလေ" စသဖြင့် မသုံးဘဲ "မြင့် ကလေ" လို့ သုံးပြီး ပြောလေ့ရှိတယ်တဲ့။ အဲဒီအရွယ်မှာ ကြီးကြီးကိုယ်တိုင်က "မြင့်"ကို ပီအောင် မပြောနိုင်သေးတာလား၊ ဒါမှမဟုတ် အမကြီးကို အတုခိုးပြီး လိုက်ပြောကြတဲ့ မောင်တွေ ညီမတွေ ကျမှပဲ မပီတာလားတော့ မသိဘူး။ အဖေတို့ မောင်နှမ ကိုးယောက်လုံး သူတို့ကိုယ် သူတို့ သုံးတဲ့ နာမ်စားက တစ်သွေမတိမ်းပါပဲ။ "မင့်" တဲ့ဗျ။


ဒါပေမယ့် အဖိုးအဖွား အဖေအမေနဲ့ မောင်နှမတွေချင်းသာ "မင့်" ဆိုတဲ့ ဒီအသုံးနဲ့ ပြောပါတယ်။ အခြား သူစိမ်း မိတ်ဆွေ မဆိုထားနဲ့၊ သူတို့ရဲ့ ခင်ပွန်း ဇနီးကို တောင်မှ မေ့လျော့ပြီး ဒီအသုံးနဲ့ ပြောလေ့မရှိပါဘူး။ စကားဝိုင်းမှာ တခြားမိတ်ဆွေတွေကော မိဘမောင်နှမတွေရော အတူရှိနေမယ် ပြောဆိုနေကြမယ်ဆိုရင်တောင် မိဘမောင်နှမတွေချင်းဆို "မင့်"တခြားသူဆို "ကျွန်တော်" "ကျွန်မ" စသဖြင့်သာ မှန်ကန်စွာ သုံးစွဲနိုင်ကြပါတယ်။


မိဘဘိုးဘွားနဲ့ မောင်နှမအများစုက ဇာတိဖြစ်တဲ့ တောင်ငူမှာပဲ နေကြပါတယ်။ ကျွန်တော်တို့ မိသားစုက အဖွားအိမ်မှာပဲ အတူနေလာခဲ့တာ အဖေနဲ့ အမေ အိမ်ထောင်ကျကတည်းကပါ။ အဖေ့အဖို့ နေ့စဉ်နဲ့အမျှ အဖွားနဲ့ ပြောဆိုနေတာမို့ "မင့်"ပဲ တောက်လျှောက်ဖြစ်နေတာ သဘာဝ ကျပါတယ်။ မလှမ်းမကမ်းမှာ နေကြတဲ့ ဘကြီးသုံးယောက်လည်း မကြာခဏ အိမ်လာတိုင်း "မင့်" ဖြစ်နေတာလဲ သိပ်တော့ မဆန်းပါဘူး။ တစ်မြို့တည်းပေမဲ့ တကူးတက လာမှရောက်နိုင်တဲ့ နေရာက ကြီးတော်ကြီးတွေကလဲ အိမ်လာလိုက်ရင် "မင့်" ပါပဲ။


ကျောက်ဆည်သားနဲ့ အိမ်ထောင်ကျပြီး အညာသူဖြစ်သွားတဲ့ ကြီးတော်အငယ်ဆုံးက တစ်နှစ်တစ်ခေါက်ဆိုသလို အမေ့အိမ်အရောက် ခရီးပေါက်ပါတယ်။ တစ်နှစ်နေမှ တစ်ခါသာ လာနိုင်ပေမဲ့ အမေ့အိမ် ခြံဝရောက်တာနဲ့ "အမေရေ မင့်တို့ ရောက်လာပြီ" ဖြစ်သွားပါတယ်။ မန္တလေးက အကြီးဆုံး ဘကြီးကတော့ ကြာကြာနေမှ တစ်ခါ၊ မေ့လောက်မှ တစ်ခါ၊ နှစ်တွေ ကြာတတ်လေ့ရှိပါတယ်။ သို့ပေမဲ့ တောင်ငူက အမေ့အိမ်ရောက်တာနဲ့ "မင့်" ပြန်ဖြစ်ပါတော့တယ်။ အဖေ့အောက်က အငယ်ဆုံး ဦးလေးက သဘောင်္သား အင်ဂျင်နီယာ။ နေတာက ရန်ကုန်ပါ။ သဘောင်္တစ်ခေါက်တက် ကမ္ဘာကို ဘယ်လိုပင် ပတ်နေပါစေ ဘယ်လိုလူမျိုးတွေနဲ့မဆို ပြောဆိုဆက်ဆံနေရပါစေ ဇာတိမြေ တောင်ငူက အမေ့အိမ်အရောက် တံခါးခေါက်တယ် ဆိုရင်ပဲ "မင့် ပါ အမေ" တန်းဖြစ်ပါလေတော့တယ်။


"မင့် ပါ အမေ" ဆိုလို့ အဖွားရဲ့ ဒုက္ခလေး တစ်ခုလည်း ရှိသေးရဲ့။ တောင်ငူက အဖွားတို့ အိမ်ကြီးက အုတ်ခံ ပျဉ်ထောင် ရေနံချေး ဝနေအောင် သုတ်ထားတဲ့ ၁၉၆၂ ခုနှစ်ဖွား အိမ်ကြီး။ အိမ်ရှေ့မျက်နှာစာ တံခါးဝကို အိမ်နောက်ပိုင်း မီးဖိုခန်းကတင် မက အိမ်ပြင် ရေတွင်းနားက အထိပါ တိုးလျှိုပေါက် လှမ်းမြင်အောင် ဆောက်ထားတဲ့ ဒီဇိုင်းမျိုး။ အိမ်ရှေ့မှာ ဧည့်သည်လာ၊ လူလာရင် ဧည့်ခန်းကတင် မက၊ ထမင်းစားခန်း၊ မီးဖိုခန်း၊ ရေတွင်း စသဖြင့် ဖြောင့်တန်းနေတဲ့ ဘယ်နေရာကနေမဆို အိမ်သားတစ်ယောက်ယောက်က လှမ်းမြင်နိုင်တယ်။ ဒါပေမယ့် နောက်ပိုင်းကျလေ နည်းနည်း လှမ်းသွားလေပေါ့။ အဖွားက မီးဖိုချောင်မှာ ချက်ပြုတ်နေချိန် ဒါမှမဟုတ် ရေတွင်းနားမှာ ရေချိုးနေချိန်မျိုးမှာ အိမ်ရှေ့ကနေ ဧည့်သည်တစ်ယောက် ဝင်လာလို့ "ဟဲ့ အိမ်ရှေ့က ဘယ်သူလဲ" လို့ လှမ်းမေးရင်၊ ဝင်လာတဲ့ ဧည့်သည် ပြန်ဖြေတာက "မင့် ပါ အမေ" တဲ့။ "နင်တို့က အကုန် မင့် တွေပဲ၊ ဘယ် မင့် လဲကွဲ့" လို့ ထပ်ထပ်မေးရတာက သားသမီးကိုးယောက်ရဲ့ မိခင် ကျွန်တော့်အဖွားရဲ့ ပြုံးပျပျ ဒုက္ခလေး တစ်ခုရယ်ပေါ့။

3 comments:

ထူးထူးဆန်းဆန်း...း)
 
ဟုတ်... မင့် ပါ ကိုတောင်ငူ... ကိုတောင်ငူတို့ အမျိုးတွေရဲ့ အထာလေးတွေပေါ့...
 
ဒီပို့စ်လေးက ကေတုမတီ အငွေ့တွေ လွှမ်းနေတဲ့ ချစ်စရာ ပို့စ်လေးပါပဲ၊ အဲဒီလောက် မောင်နှမတွေ အများကြီးကို နာမ်စား တစ်ခုတည်း သုံးကြတာ အံ့သြ စရာတော့ အကောင်းသားဗျ၊ ငယ်ကတည်းက နှုတ်ကျိုး ခဲ့တော့လည်း ဘယ်နေရာရောက်ရောက်၊ ဘယ်အရွယ် ရောက်ရောက် ဒီအသုံးပဲ ဖြစ်နေတာ ထင်ပါရဲ့...။
 

Popular Posts