တောင်ငူသား

..... စိမ်းလန်းပါစေ ကမ္ဘာမြေ ... ငြိမ်းချမ်းပါစေ ကမ္ဘာမြေ .....

Saturday, December 26, 2009

စစ်သဘောင်္နဲ့ လာသည်

(၁) အမျိုးသမီး (အပျို) ဖြစ်ရမည်။
(၂) ယခုနှစ်မှ ဆယ်တန်းအောင်သူ မဖြစ်စေရ။

နောက်နှစ် တက္ကသိုလ်ဝင်တန်းအတွက် Guide ခေါ်ဖို့ရာ တစ်ဦးတည်းသော ညီမလေးက ထုတ်ပြန်လိုက်တဲ့ သတ်မှတ်ချက်တွေပါ။ သူရဲ့ Guide အတွက် ဒီနှစ်မှ အောင်လာတဲ့သူကို မလိုချင်ပါ၊ သင်နေတုန်း ကျောင်းသွားတက်ရင် တဝက်တပြက် ဖြစ်မှာစိုးတယ်တဲ့။ ကျောင်းပြီးလို့ Guide သီးသန့်လုပ်နေတဲ့ သူတွေထဲကလည်း အမျိုးသား Guide တွေ၊ လူကြီးပိုင်း Guide တွေနဲ့လဲ မသင်ချင်ပါတဲ့။ အမျိုးသမီးဆိုလည်း အပျိုဖြစ်မှ အချိန်ပေးပြီး ပိုဂရုစိုက်နိုင်မယ်တဲ့။ တော်တော်ကို ကြေး(ဂျီး)များပါတယ်။ ဒါက ကျွန်တော်ပြန်တုန်းက ညီမလေးနဲ့ အစည်းဝေးထိုင်ရာက ပေါ်ထွက်လာတဲ့ ဆုံးဖြတ်ချက်ပါ။ ကျွန်တော် လက်မြှောက်ခဲ့ရတယ်။ တနေ့က ဖုန်းဆက်တော့မှ သူလိုချင်တဲ့ အချက်လက်နဲ့ ကိုက်ညီမှုရှိတဲ့ Gudie အမ တစ်ယောက်ကို အပ်လိုက်ပါပြီတဲ့။ တစ်နှစ်စာ အပြတ်ပေးရမယ်၊ တစ်ပတ်လေးချိန်၊ တစ်ချိန်နှစ်နာရီ ဆိုပြီး သိရတယ်။ တစ်နှစ်စာကို လေးသိန်းခွဲလောက်ကျပါတယ်။ စာသင်တဲ့ Gudie အမက ဆိုင်ကယ်နဲ့ ဟန်းဖုန်းနဲ့ပါတဲ့။ အချိန်တောင် သိပ်များများ ယူလို့ မကျန်တော့ပါတဲ့ဗျာ။ တောင်ငူက ဒီနေ့ Guide ဈေးကွက်အကြောင်း တစေ့တစောင်း သိလိုက်ရပါတယ်။


Guide အကြောင်း စဉ်းစားမိတော့ ကိုယ့်တုန်းက Guide ဆရာတွေကို သတိရမိသွားတယ်။ ပထမဆုံးက ဆရာတစ်ယောက် စီစဉ်ပေးတဲ့ သာဂရမြို့က အကိုပါ။ သူ Guide လုပ်ပုံကို ကျွန်တော် သဘောမကျပါဘူး။ အဆင်မပြေဘူးပဲ ထားပါတော့။ အားနာစွာနဲ့ပဲ ရပ်လိုက်တယ်။ ဒီတစ်ခါတော့ ဆရာမကို တစ်လှည့် အကူအညီ တောင်းရတယ်။ ဒုတိယ Guide အကိုက ကျွန်တော်တို့ ထ-၂ ကပဲ ။ အိမ်ချင်းကလဲ နီးနီးလေး။ ကျွန်တော်နဲ့လဲ ကျောင်းမှာကတည်းက မျက်မှန်းတန်းမိတယ်။ ဒီလိုနဲ့ ၂လလောက်လားပဲ သင်ရသေးတယ်။ အကိုက စစ်/ဆေး သွားတက်တော့မှာဆိုတော့ ကျွန်တော့်မှာ စိတ်ဆင်းရဲရသေးတယ်။ အဲဒီအချိန်က Guide ရှာရခက်တဲ့အပြင် ကိုယ်နဲ့ အဆင်ပြေတဲ့ Guide ကိုယ်သဘောကျတဲ့ Guide ရဖို့က ပိုခက်ပါတယ်။ Guide နဲ့ အဆင်ပြေမှလည်း စာလုပ်ရတာ စိတ်ချမ်းသာပါတယ်။ စိတ်ဓါတ်ရေးရာက အဲဒီအချိန်မှာ အရေးကြီးပါတယ်။ ဒီလိုနဲ့ ဆရာမဆီပြေးပြီး အပူကပ်ရပြန်တယ်။ ဒီတစ်ခါတော့ အကိုသုံးယောက်စုပြီး ဘာသာ (၉)ဘာသာကို ခွဲဝေသင်ပေးတဲ့ အဖွဲ့ကလေးဗျ။ နာမည်ပေးထားသေးတယ် "ညမွှေးပန်း" တဲ့။ နောက်ဆုံးတော့ အဲဒီ ညမွှေးပန်းလေးနဲ့ပဲ စာမေးပွဲကြီး ပြီးတဲ့အထိ အောင်မြင်စွာနဲ့ သင်ခွင့်ရခဲ့ပါတယ်။ အဲဒီအကို သုံးယောက်လုံးက တစ်ချိန်မှာ ကျွန်တော့်ရှေ့နှစ်တန်းက Senior တွေ ဖြစ်လာမဲ့ YIT ကျောင်းသားတွေ ဖြစ်လာလို့ပါပဲ။


တကယ်တော့ ဆယ်တန်းမှာ Guide ခေါ်ဖို့ မစဉ်းစားထားပါဘူး။ မိဘတွေက ခေါ်ပေးချင်ပေမယ့် ကျူရှင်က ဝိုင်းမှာ တက်ထားတော့ အကုန်ကျ ပိုများထားလို့ ကျွန်တော်က ချွေတာချင်တာပါ။ ဒါပေမယ့် အောက်တိုဘာလ ရောက်တော့ စာမေးပွဲလည်း နီးလာသလို Guide တွေ အများဆုံး စခေါ်ကြတဲ့ အချိန်လည်းရောက်လာတယ်။ မိဘတွေကလည်း စာမေးပွဲနီးလာတော့ Guide ခေါ်စေချင်ပြီ။ တစ်ရက်တော့ ထိုင်းက စစ်သဘောင်္ကြီးတစ်စီး ဝယ်တယ်။ အဲဒီမှာ ဇာတ်လမ်းစတာ။ ခေါင်းရင်းအိမ်မှာ စလောင်းတပ်ထားတော့ တစ်နေ့လယ်မှာ စစ်သဘောင်္ကြီးပြရင်း မြင်လိုက်ရတဲ့ ဂဏန်းသုံးလုံးကို လှမ်းပြောတယ်။ ထိုးကြတယ်။ ကျွန်တော်ကလည်း ပြောလိုက်မိတယ်။ အဲဒီဂဏန်း ပေါက်ရင်တော့ Guide ခေါ်သင်မယ်လို့။ နှစ်ပတ်ဆက်တော့ ထိုးလိုက်ရတယ်ဗျာ။


ထွက်လာတယ်ဗျာ။ ဒဲ့ ကြီး ထွက်လာပါတယ်။ ကထိန်သင်္ကန်းကပ် အလှူလည်း လုပ်လိုက်ရတယ်။ ကျွန်တော်လည်း Guide ခေါ်ပေးတာကို ငြင်းမရတော့ဘူး။ ကျောင်း၊ ကျူရှင်၊ ဆရာ၊ မိဘ အဖက်ဖက်က ပံ့ပိုးမှုတွေ လိုလေသေးမရှိအောင် ပြည့်စုံနေပေမယ့် ကျွန်တော်က စာကျက်ရင် အရမ်းအိပ်ငိုက်ပါတယ်။ စာဖြေရင် မျက်စိသျှမ်းပါတယ်။ အပျင်းလည်း နည်းနည်းကြီးတယ်။ ကိုယ့်ဘာသာဆိုရင် ဒီလောက်ထိ အမှတ်ကောင်းချင်မှ ကောင်းမှာပါ။ (ဒီလောက်ထိဆိုတာ ကျွန်တော်ရခဲ့တဲ့ အမှတ်ပေါင်း ကိုသာ ဆိုလိုတာပါ။ မတရား မြင့်မားနေတာ မဟုတ်ပါ)။ Guide အကိုတွေ သေချာပြင်ဆင် မွမ်းမံပေးလိုက်လို့ ရလဒ် ပိုမိုကောင်းခဲ့တာပါ။


အဲဒါကြောင့် ထိုင်းက စစ်သဘောင်္အမှတ် ၄၁၃ ကို ကူးတို့အဖြစ် သုံးပြီး ကမ်းတစ်ခုကို ရောက်အောင် လာခဲ့ဖူးပါတယ်လို့။ (ပေါက်ပေါက်ရှာရှာ ရေးသားလိုက်ပါတယ်)

Thursday, December 10, 2009

ဘယ်လိုမှ မအောက်မေ့ဘူး

ဆယ်တန်းအောင်စာရင်းတွေ ထွက်တော့ တောင်ငူသား ဂုဏ်ထူးနှစ်ခုပဲ ပါပါတယ်။ သချာင်္နဲ့ သိပံ္ပတွဲပါ။ အဲဒီအချိန်က မြန်မာ၊ အင်္ဂလိပ်၊ သချာင်္၊ သိပ္ပံတွဲ (ရူပ၊ ဓါတု၊ ဇီဝ) နဲ့ လူမှုရေးတွဲ (ပထဝီ၊ သမိုင်း၊ ဘောဂ) ဆိုပြီး ငါးဘာသာ သင်ရပါတယ်။ ၂ဘာသာဂုဏ်ထူးရှင်တွေ အောတိုက်နေတဲ့ အချိန်မှာ ကိုယ့်ရဲ့ အောင်စာရင်းရလဒ်ကို ကြည့်ပြီး အားငယ်မိတာ အမှန်ပါ။ တစ်ပါတ်လောက်နေတော့ အဒေါ်ရဲ့ အဆက်အသွယ်နဲ့ အမှတ်စာရင်း ရပါတယ်။ အဲဒီတော့မှ စိတ်သက်သာရာ ရသွားတယ်။ ကိုယ့်အမှတ်က YIT ဝင်ဖို့ သေချာသလောက်ပါပဲ။ တောင်ငူသားတို့ ထ(၂)က လေးဘာသာ တစ်ယောက်၊ သုံးဘာသာ သုံးယောက်လားပဲ ထွက်ပါတယ်။ တစ်ပူးတွဲတွဲ ပေါင်းလာတဲ့ သူငယ်ချင်းတွေထဲမှာ တောင်ငူသားတစ်ယောက် ဂုဏ်ထူးအနည်းဆုံး ဖြစ်ကျန်ခဲ့ပါတယ်။ အမှတ်စာရင်းတွေကတော့ အပြိုင်အဆိုင်ကို ကောင်းကြပါတယ်။ တောင်ငူမှာ တစ်ခါမှ မရဖူးသေးတဲ့ မြန်မာတစ်နိုင်ငံလုံး ပထမဆုကိုတော့ ထ(၁)က ရသွားပါတယ်။ ဒီလိုနဲ့ ကျောင်းက ဆုပေးပွဲလုပ်တဲ့နေ့မှာ အခမ်းနားပြီးတော့ သူငယ်ချင်းတွေ နှုတ်ဆက်ကြ ကျောင်းကြီးကိုလည်း အလွမ်းပြေ လှည့်ကြည့်ကြနဲ့ လွမ်းမောဖွယ်ရာ ဖြစ်နေတုန်းမှာ သုံးဘာသာဂုဏ်ထူးရှင် တောင်ငူသားရဲ့ သူငယ်ချင်း (၁ တန်းထဲက လည်ပင်းဖက်ပေါင်းလာတာ)အရင်းခေါက်ခေါက်ကြီးက ရုတ်တရက် ဓါတ်ပုံတွဲရိုက်ဖို့ဆိုပြီး သူငယ်ချင်းတချို့ကို လက်တို့ခေါ်သွားပါတယ်။ ခေါ်သွားခြင်းခံရသူတွေကတော့ လေးဘာသာဂုဏ်ထူးရှင်ရယ် သုံးဘာသာဂုဏ်ထူးရှင်တွေရယ်ပါပဲ။ ငယ်ငယ်ကတည်းက လည်ပင်းဖက်ပေါင်းလာခဲ့တဲ့ အရင်းနှီးဆုံး သူငယ်ချင်းက ဂုဏ်ထူးတစ်လုံး လျှော့ခဲ့တဲ့ တောင်ငူသားကို ပြလိုက်တဲ့ ပညာပါးပါးလေး နံပါတ်တစ် ပါ။


ပညာပါးပါးလေး နံပါတ်နှစ်။ ပန်းနုရောင်သစ်ကိုင်းလေးမှာ စ နေတော့ တောင်ငူသားရယ် သူငယ်ချင်းတစ်ယောက်ရယ် စပ်ပြီး ငှားနေတာပါ။ အဲဒီသူငယ်ချင်းက တောင်ငူသားရဲ့ အမနှစ်ဝမ်းကွဲကနေ တဆင့် ဟိုအရင်ကတည်းက သိရတာပါ။ အနာဂတ်ကာလမှာ ယောက်ဖတော်ရမဲ့သူအဖြစ်တော့ မသိခဲ့သေးပါဘူး။ အဲဒီတိုက်ခန်းလေးမှာ တစ်နှစ်ခွဲလောက် နေခဲ့တာ ဒီနိုင်ငံ ထွက်မလာခင်ထိပါပဲ။ တခြားသူငယ်ချင်းတွေ တစ်ယောက်ဝင် တစ်ယောက်ထွက် လာနေကြပေမဲ့ စငှားကတည်းက ယောက်ဖလောင်းနဲ့ တောင်ငူသားကတော့ နေနေဆဲပါပဲ။ အတူနေတဲ့သူတွေမှာ ဖြစ်လေ့ရှိတဲ့ စကားနိုင်လုတာ ကတောက်ကဆ ဖြစ်တာလောက်တော့ အနည်းအကျဉ်းရှိတာပေါ့။ တစ်နေ့တော့ ယောက်ဖလောင်းက ဂျီတီစီကနေ ဘီအီးလဲ ရပြီဖြစ်လို့ သူ့အိမ်မှာပဲ သူပြန်နေတော့မယ်တဲ့။ သူက ရန်ကုန်ကပါပဲ။ ကျောင်းတက်နေတုန်းကို အပြင်မှာ ထွက်နေတာ။ တောင်ငူသားက အဲဒီအချိန်မှာ ဒီနိုင်ငံထွက်မယ် စိတ်ကူးပြီး အလုပ်ကထွက် သင်တန်းတွေ စုံစိနေအောင် လိုက်တက်နေတဲ့အချိန်။ ကိုယ့်အာရုံနဲ့ ကိုယ်မို့ တစ်အိမ်တည်း အတူနေနေတဲ့ သူငယ်ချင်း ဘာလလှုပ်ရှားနေတယ်ဆိုတာ လုံးလုံးမသိဘူး။ ဒါနဲ့ သူ့ပစ္စည်းတွေ အကုန်လုံးနီးပါးကို သူ့အိမ်ပြန်သယ်သွားပြီး ရက်နည်းနည်း ပျောက်နေသေးတယ်။ နက်ဖြန်ဆို သူ့အိမ် အပြီးပြန်တော့မယ်ဆိုပြီး နောက်ဆုံးညအဖြစ် တစ်ရက်လာအိပ်တယ်။ မနက်ရောက်တော့ ကျန်နေတဲ့ ပစ္စည်းလေးနည်းနည်းကို ယူပြီး တောင်ငူသားကို နှုတ်ဆက်သွားတယ်။ တာ့တာပေါ့။ ဒီလိုနဲ့ နှစ်ပါတ်လောက်နေတော့ တိုက်မှာနေကြတဲ့ လူတွေက တောင်ငူသားကို မေးကြတယ်။ အဲဒီကောင်လေး စင်္ကာပူမှာ အလုပ်ရပြီလား အဆင်ပြေလား ဘာဘာညာညာပေါ့။ တောင်ငူသားလည်း ရုတ်တရက် အူကြောင်ကြောင်ဖြစ်သွားတယ်။ ကိုယ်သိထားတာ သူ့အိမ်သူ ပြန်သွားတာလေ။ အကြောင်းစုံ မေးကြည့်တော့မှ အဲဒီမနက်က အိမ်ရှင်အဖိုးအဖွားတွေကို ဝင်ကန်တော့သွားတဲ့အကြောင်း တိုက်မှာနေကြတဲ့ သိတဲ့သူမှန်သမျှ အကုန်နှုတ်ဆက်သွားတဲ့အကြောင်း သူ ယခုနေ့လယ် လေယာဉ်နဲ့ စင်္ကာပူသွားတော့မှာ ဖြစ်တဲ့အကြောင်း သိလိုက်ရပါတော့တယ်။ အရင်ကတည်းက ခင်ပြီး တစ်နှစ်ခွဲလောက် အတူနေလာခဲ့တဲ့ ယောက်ဖလောင်း(နှစ်ဝမ်းကွဲ) သူငယ်ချင်း ဖြစ်ပါတယ်။ တစ်တိုက်လုံးက လူတွေကတော့ ဘာမှ မသိရှာသော သနားစရာ သတ္တဝါငယ်ကလေးအဖြစ် တောင်ငူသားကို ဂရုဏာတစ်ဝက် ရယ်တစ်ပြက်နဲ့ပေါ့....


တိုက်ဆိုင်မှုပါပဲ။ ဘယ်လိုမှ မအောက်မေ့ပါဘူး။ ဒီနိုင်ငံရောက်ပြီး ပထမဆုံးအကြိမ် မြန်မာပြည် ပြန်ဦးမယ်ဆိုတော့ ထုံးစံအတိုင်း သူ့လူကြုံ ကိုယ့်လူကြုံပေါ့။ သယ်ပေးပါတယ်။ ဒီတစ်ခါလည်း လာပြန်ပါပြီ။ အကိုဝမ်းကွဲရဲ့ သူငယ်ချင်းဆိုပေမယ့် တောင်ငူသားနဲ့လည်း ညီအကိုရင်းတမျှ ရင်းနှီးပါတယ်။ ပြောမနာ ဆိုမနာ ဆိုပါတော့။ သူ့အမေနဲ့ အမအတွက် လက်ကိုင်အိတ် နှစ်လုံးလောက်ထည့်ပေးပါရစေတဲ့။ အလတ်စားလေးပါ။ ဟုတ်ကဲ့ပေါ့။ ဟိုကနေ ပြန်တော့ သူ့အိမ်က မေတ္တာလက်ဆောင် ပြန်ထည့်ပေးပါတယ်။ ကိုယ့်အတွက် မဟုတ်ပါဘူး။ သူ့အတွက်ပါ။ ပုဇွန်ခြောက်ကြီးတွေ အထုပ်အကြီးကြီးတစ်ထုပ်ရယ်၊ ဥာဏ်တော် တစ်ပေလောက် ရှိမဲ့ ကျောက်ဆင်းတုတော်ရယ်ပါ။ ပုဇွန်ခြောက်ကိုတော့ အနံ့မထွက်အောင် အထပ်ထပ်လုံအောင်ထုပ်ပြီး အိတ်ထဲ ထည့်လို့ရပေမယ့် ဘုရားဆင်းတုတော်ကို အိတ်ထဲထိုးထည့်ဖို့ ကိုယ့်စိတ်က ခွင့်မပြုဘူး။ အဲဒီတော့ လက်ကနေပဲ မပြီး ပင့်လာရပါတယ်။ အဲ..ရန်ကုန်လေဆိပ်က လေယာဉ်ပေါ်တက်ခါနီးမှာ နောက်ဆုံးစစ်ဆေးရေးမှာ လက်ထဲက အထုပ်က ဘာလဲဆိုပြီး စက်ထဲကို ဖြတ်ခိုင်းပါတယ်။ ကိုယ်ကလဲ အဲဒီ စုံစီနဖာဖြတ်နေတဲ့ စက်ကြီးထဲကို ဘုရားဆင်းတုတော်ကို မဖြတ်စေချင်တာနဲ့ ကျောက်ဆင်းတုတော် ပင့်လာတာပါလို့ ပြောလိုက်တယ်။ ဒါဆို ကြည့်မယ်တဲ့။ ကျောက်စိမ်း ဖြစ်မှာစိုးလို့တဲ့။ တောင်ငူသားလဲ အဲဒီကျမှ လန့်သွားတယ်။ ပင့်သာ ပင့်လာတယ်။ ဘာကျောက်နဲ့ ထွင်းထုထားလဲ မသိဘူးလေ။ တော်သေးတာပေါ့။ စကျင်ကျောက် ဖြစ်နေလို့။ မဟုတ်လို့တော့ ဘာဖြစ်မလဲ မသိဘူး။ အဲဒီလို အသွားရော အပြန်ရောကို လူကြုံသယ်လာပေးတဲ့အပြင် ကိုးကွယ်ပူဇော်ဖို့ ဘုရားပါ ပင့်လာပေးခဲ့တဲ့ သူငယ်ချင်းကို တာဝန်ပြန်ကျေပုံက သူမြန်မာပြည် တစ်ခေါက် ပြန်သွားပြီး ဒီနိုင်ငံ ပြန်ရောက်လာမှ သိရပါတယ်ခင်ဗျား။ သူမပြန်ခင် မှာစရာရှိမလားလို့ ဖုန်းဆက်ပါတယ်တဲ့။ ဖုန်းခေါ် မရလို့ပါတဲ့။ ဟုတ်ကဲ့။ ရပါတယ်ခင်ဗျာလို့။ အိုင်တီခေတ်ကြီးမှာ ရလိုက်တဲ့ ပညာပါးပါးလေး သုံး ပေါ့ခင်ဗျာ။ onlineမသုံးတတ်ဘူး email မဖွင့်တတ်ဘူးလို့ပဲ မှတ်ထားလိုက်ပါ့မယ်လို့။ အမှတ်မရှိတဲ့ တောင်ငူသားက ဒုတိယအကြိမ် မြန်မာပြည်ပြန်တော့လည်း ချော့ကလက် နှစ်ကီလိုလောက်ကို သူ့ရဲ့ ချစ်သူခင်သူများအတွက် ထပ်မံ၍ သယ်သွားပေးခဲ့ပါသေးတယ်။


လူ့ပတ်ဝန်းကျင် အသိုင်းအဝိုင်းမှာ နေနေမှတော့ လူတွေနဲ့ ဆက်ဆံရာကနေ ကောင်းကျိုးဆိုးပြစ်ဆိုတာတွေ တွေ့ကြုံနေရမှာပါ။ တစ်ယောက်နဲ့ တစ်ယောက် အခန့်မသင့်လို့ အဆင်မပြေတာလေးတွေကို အစာကြေဆေးလေး စားနိုင်မယ်ဆိုရင် အားလုံး အေးချမ်းသွားပါလိမ့်မယ်။ မိတ်ဆွေအပေါင်းသင်းတွေ ကြားက ခလုတ်ကန်သင်းလေးတွေကို မှေးမှိန်သထက် မှေးမှိန်အောင် လျှော့ချသင့်ပါတယ်။ ခင်မင်မှုကို အလွယ်တကူ မပျက်စေချင်ပါဘူး။ တောင်ငူသား ပညာပါးပါးလေးတွေ ရခဲ့ဖူးသလို တောင်ငူသားကိုယ်တိုင်လည်း ပညာပါးပါးလေးတွေ ပြခဲ့ဖူးမှာပါပဲ။ ကိုယ့်အလှည့်မှာ သူများတွေ သည်းခံခဲ့ရသလို သူ့အလှည့်ကျရင်လည်း ကိုယ်က သည်းခံတတ်ဖို့လိုပါတယ်။ ဒါမှသာ သူငယ်ချင်း မိတ်ဆွေတွေကြားက ခင်မင်မှု အဓွန့်ရှည်မှာ မဟုတ်ပါလား။


ပညာပါးပါးတစ် က အခုဆိုရင် ဒိုက်ဦးမြို့နယ်ထဲက ရွာလေးတစ်ရွာမှာ တိုက်နယ်ဆရာဝန် ဖြစ်နေပါပြီ။ ဒီတစ်ခေါက် ပြန်ခါနီးမှ ဖုန်းဆက်လိုက်တော့ မြန်မာပြည် အကြာကြီး ပြန်လာတာတောင် သူ့ဆီ လာမလည်ရကောင်းလားဆိုပြီး စိတ်ဆိုးပါသေးတယ်။


ပညာပါးပါးသုံး က တချို့ကိစ္စတွေမှာ တောင်ငူသားရဲ့ consultant ဖြစ်သလို သူ့ဆီကနေ အဖိုးတန်တဲ့ data တွေ link တွေ မျှဝေလှူဒါန်းတဲ့ donor တစ်ဦးလဲဖြစ်ပါတယ်။


ပညာပါးပါးနှစ် ကတော့ အနာဂတ်မှာ အမျိုးတော်ရမဲ့သူ ဖြစ်သလို သူပြတဲ့ ပညာပါးပါးလေးက ဒီနိုင်ငံကို မြန်မြန်ထွက်လာဖြစ်စေဖို့ တွန်းအားတစ်ရပ် ဖြစ်ခဲ့တာကြောင့် သွယ်ဝိုက်သောကျေးဇူး တင်ထိုက်ပါတယ်။


တောင်ငူသား အစကတည်းက ပြောခဲ့ပါတယ်။ ဘယ်လိုမှ မအောက်မေ့ဘူး လို့။

Wednesday, July 8, 2009

ပန်းနုရောင် သစ်ကိုင်း

ရိုးရိုးလေး တွေးကြည့်မိတယ်။ ငှက်ကလေးတွေအတွက် အသိုက်ဆိုတာ အမြဲတမ်းနေတဲ့ ကိုယ်ပိုင်အိမ်လေး ဖြစ်မယ်ဆိုရင် သစ်ကိုင်းလေးတွေက အခိုက်အတန့် ခိုနားလို့ရတဲ့ အငှားအိမ်လေးတွေလို့ ဆိုရမယ်။ ပတ်ဝန်းကျင်တစ်ခွင် အစာရှာထွက်ရင်း၊ နယ်မြေသစ်ရှာဖွေရင်း ရောက်ရာအရပ်က ခေတ္တနားနေတဲ့ ကြုံရာသစ်ကိုင်းလေးတွေဟာ သူတို့တွေရဲ့ ယာယီအငှားအိမ်ကလေးတွေ ဖြစ်လာတော့တာပေါ့။

ကိုယ့်ကိုကိုယ် ငှက်ကလေးတစ်ကောင်လို့ တင်စားထင်မြင်ကြည့်လိုက်တော့ မိဘရိပ်ဖြစ်တဲ့ အိမ်ကနေ ပညာသင်ဖို့၊ လုပ်ငန်းခွင်ဝင်ဖို့ တိုးတက်ရာ တိုးတက်ကြောင်း ရုန်းကန်လှုပ်ရှားနေတဲ့ ကာလတွေ တစ်လျှောက်လုံး ယာယီနားခိုခဲ့တဲ့ နေရာလေးတွေ ရှိလာခဲ့ရတယ်။ ကျွန်တော့်ရဲ့ သစ်ကိုင်းလေးတွေပေါ့။ အဲဒီထဲကမှ မှတ်မှတ်ထင်ထင် သံယောဇဉ်ဖြစ်ကျန်ရစ်စေတဲ့ သစ်ကိုင်းလေးတစ်ခု ရှိခဲ့တယ်။

ကျောက်မြောင်းဆိုတာ ဆွေမျိုးအချို့ နေတာမို့ တောင်ငူကနေ ရန်ကုန်အလည်သွားတိုင်း အမြဲတည်းနေကျ နေရာ။ ကျောင်းတက်နေတုန်း နောက်တစ်တန်းအတွက် ကြိုတင်ပြီး ကျူရှင်လာတက်တော့လည်း နေဖြစ်တာက ကျောက်မြောင်း။ ကျောင်းပြီးလို့ ဘာညာသင်တန်းတက် နေဖြစ်တော့လည်း ကျောက်မြောင်း။ ဆိုရရင် တောင်ငူ၊ ပြည် ပြီးရင် ကျောက်မြောင်းဟာ ကျွန်တော့်ရဲ့ တတိယမြောက် မြို့ငယ်လေးတစ်ခုလို့ ဆိုရင် မမှားပါဘူး။ ကျောင်းတွေပြီးလို့ တောင်ငူမှာ အားရအောင် အနားယူပြီးတဲ့နောက် ရန်ကုန်ကို ထွက်လာခဲ့တော့တယ်။ ဘယ်အမျိုးအိမ်မှ မနေချင်တာကြောင့် သူငယ်ချင်းတွေနဲ့ တိုက်ခန်းငှားနေရင်း လူတွေလည်းပြောင်း၊ နေရာတွေလည်းပြောင်း။ နောက်ဆုံး ဒီသစ်ကိုင်းလေးရောက်မှ နေပျော်သွားတော့တယ်။

တိုက်အမှတ်(၄၂)၊ ခြောက်လွှာ(ယာ)၊ မလွှကုန်းလမ်း။ သစ်ကိုင်းလေးနဲ့ တစ်ခေါ်စာအကွာမှာ အချိန်မရွေး ကင်းလှည့်နိုင်ဖွယ်ရှိတဲ့ ဦးလေးအရင်းခေါက်ခေါက် နေတယ်။ သစ်ကိုင်းလေးရဲ့ ဘေးဖက်ခြမ်းက ပထမထပ်မှာ ဒါရိုက်တာ ဦးဟိန်းစိုးတို့ နေတယ်။ သစ်ကိုင်းလေးရဲ့ မြေညီထပ်က ဂိမ်းဆိုင်မှာ “ကြီးလွန်းတဲ့အဖွဲ့” က စောညီညီ ဂိမ်းလာကစားတတ်တယ်။ မျက်စောင်းထိုးတိုက်ရဲ့ မြေညီထပ် ကုန်စုံဆိုင်က တိုးတိုး အာလူးအစပ်ကြော် တခါတလေ ကုန်နေရင် လမ်းထိပ်နားက နောက်တစ်ဆိုင်မှာ သွားဝယ်လို့ရသေးတယ်။ ညာဖက် တစ်ခေါ်စာလောက်က ညပိုင်းမှ ဖွင့်တဲ့ဆိုင်မှာတော့ ဆွေဆွေအောင် ဝေဝေအောင်တို့ ရှိတတ်လို့ ဝေးဝေးမသွားနိုင်တဲ့နေ့တွေ ရောက်ဖြစ်တယ်။ သူ့ရှေ့မှာတော့ မီးပျက်ရင် စက်ထဲမှာ အိပ်တတ်တဲ့ ငွေကြယ်ပွင့်တွေ စုံတယ်။ အဖြူတွေ၊ ကိုရီးယားတွေလည်း ခြေချင်းလိမ်နေတာပဲ။

ရုံးတက်ရက် မနက်ဆို နီးနီးနားနား တစ်အိမ်ကျော်ရှေ့မှာ တန်းစီစရာမလိုဘူး။ အကြော်နဲ့မှ နှစ်ရာပေမယ့် ဟင်းရည်အဆစ် ယူဦးမလား အမြဲမေးတော့ အားနာတာနဲ့ ယူယူနေရတယ်။ လဖေ့ရည် ဆိုတဲ့ စာလုံးပေါင်းအတိုင်း ဆိုင်းဘုတ်ရေးထားတဲ့ “Fame”က ဂျိုး ကို တနင်္ဂနွေမနက်တိုင်း ပါးစပ်ထဲ လောင်းထည့်မိတတ်တယ်။ သံလမ်းနားက မနက်ပိုင်းဈေးလေးရဲ့ “ဒံပေါက် ထမင်းကြော်ဆိုင်”မှာ ဆတ်သားမွကြော် အမြဲရတယ်။ ဆတ်မွေးမြူရေး စမ်းသပ်အောင်မြင်နေပြီလို့ ယူဆပြီး စုံမှိတ် ဝါးပစ်လိုက်တာများတယ်။

ညစာ စိုပြေဖို့ အတွက်တော့ “အိုကေ” ဖက်ကိုပဲ လှည့်ဖြစ်တယ်။ ဒေါ်ဝတုတ်က ဆိုင်ပြောင်းပေမယ့် ကျောက်မြောင်းလမ်းထဲပဲဆိုတော့ ငရံ့အူလေးနဲ့ မဝေးတော့ဘူးပေါ့။ လမ်းထောင့်က “ကျောက်ဖြူဆိုင်” ရဲ့ ရခိုင်ထောင်းလေး ခုတော့ မစပ်နိုင်တော့ဘူး။ ဒါပေမယ့် ဓါတ်တိုင်အောက်က ရွှေထမင်းနဲ့ မုန့်လိပ်ပြာကို တစ်ရာဖိုးစီ ထည့်ခိုင်းရင်တော့ ညစာမစားနိုင်ဘဲ နေလိမ့်မယ်။ “ဂရိတ်ဒိန်ချဉ်” ဘာဘူက ပူတင်းကို ဆိုင်းဘုတ်ပေါ်မှာပဲ အမြဲရောင်းတယ်။ ငုံးကြော်တစ်ကောင်ဝယ်ရင် အချဉ်ရည် ရွှဲရွှဲဆမ်းခိုင်းလိုက်ရမှ။ ထန်းညက်ရည်နဲ့ ရောင်းတာကို ရခိုင်မုန့်လက်ဆောင်းလို့ ခေါ်တယ်။ အစုံသုတ် ပါဆယ်ဆိုရင် ဟင်းခါးယူမလား ကောင်လေးတဲ့။ အော်ကေ့ကြည်ကို ဖရုံသီးနဲ့လုပ်ပြီုး အပ်ချည်ကြိုးနဲ့ လှီးတာဗျ။ ကေတုမတီမြို့သစ်က ပြောင်းလာတဲ့ ဝက်စွပ်ဆိုင်က အန်တီကြီးက ကျူရှင်ဆရာအကိုအိမ်ကို လာမိတာနဲ့ ကျွန်တော့်ကိုပါ ဆရာလို့ လာလာခေါ်နေတော့ ခက်ပြီ။ စာပေလောကရှေ့ကိုတော့ စောစောသွားမှ။ နို့မဟုတ်ရင် ဝက်သားလိပ်က မော်လမြိုင်ပြန်သွားရော။

လမ်းဆုံးရင် “ကြယ်ကိုးပွင့်”ကို တွေ့မယ်။ ငါးပွင့်လောက်ဆို သိပ်မထိုင်ချင်ဘူး။ နိမ့်သလားလို့။ ထိုင်ခုံမှာ မထိုင်ရသေးခင် ကိုယ့်ဇာတ်လိုက် တစ်ယောက်ယောက်ရဲ့ “စော်ကော်တစ်ခွက်ဟေ့” ဆိုတဲ့အသံ ထွက်လာမြဲ။ အမှုန့်စစ်ထားတဲ့ခွက်ကို လာချပြီဆိုရင်တော့ လှည့်မကြည့်နေနဲ့။ အဲဒီချာတိတ် လူသစ်ပဲ။ သတိပဌာန်ကို ကွေ့လိုက်ရင် ရွှေရောင်တစ်ဝင်းဝင်းနဲ့ နဂါးတစ်ကောင် အမောက်ထောင်နေတာ မြင်ရမယ်။ မကြောက်ပါနဲ့ဗျ။ နည်းနည်းစောင့်နိုင်ရင် အဲဒီနဂါးက ဆီချက်၊ ကြေးအိုးနဲ့ တရုတ်စာတွေ ချက်ပြုတ်ရောင်းပေးတယ်။ စားလို့မကုန်ရင် ဒီတိုင်းမထားခဲ့နဲ့။ ယူတတ်ရင် ကုသိုလ်တဲ့။ ထည့်ပေးလိုက်ပါ။

ဆက်လျှောက်ရင် မလိုင်ဖတ်တွေ တကယ်ကြီးထည့်ပေးတဲ့ မပူတဲ့ဆိုင် ရှိတယ်။ ပူချင်ရင်တော့ ဗညားဒလနဲ့ ဆုံတဲ့ထောင့်မှာ ချထားတဲ့ ပဲဟင်းအိုးကို သွားကိုင်ပေါ့။ သူ့ရှေ့က ဗန်းထဲမှာ အမြဲအိပ်ပျော်နေတဲ့ အောက်အီးအီအွတ် အပိုင်းအစတွေတော့ သွားမနှိုးမိစေနဲ့။ တစ်ခါနှိုး ငါးရာ။ “ရခိုင်မုန့်တီ ခင်ပြုံးရီ” တို့ဆိုင်မှာ ဝက်ဆီဖတ်နဲ့ မှာချင်ရင် ဒီညီမျှခြင်းကို သိထားသင့်တယ်။ ဝက်ဆီဖတ် = ကိစ္စ ။

----------~~~~~----------
စာကြွင်း။ ။ ဖတ်လို့ အဆင်ပြေရင် သစ်ကိုင်းကို ရေဆက်လောင်းပါ့မယ်။

Monday, June 8, 2009

ဖျားနေတဲ့ ကြောင်

တစ်ခါတုန်းက ငါးကြော်မကြိုက်ခဲ့တဲ့ ကြောင်မိုက်ကလေးတစ်ကောင်ဟာ မထင်မှတ်ဘဲ စားခဲ့မိတဲ့ ငါးကြော်ရဲ့ အရသာကို တပ်မက်စွဲလန်းသွားလို့ တမ်းတမ်းတတဖြစ်နေတုန်း ငါးကြော်စားရဖို့ကံက အကြောင်းဖန်လာတော့ မုတ်ဆိတ်ပျားစွဲ အဖျားသည်းတာကို အကြောင်းပြုပြီးသကာလ ကြွက်ခုတ်လည်း မထွက်၊ အိမ်မှာ လူမရှိတဲ့တစ်ရက်မှာ ငါးကြော်ခိုးစားမိပုံကို စာဆိုရှင် အမည်မသိ “တစ်တို့” က မည်သို့မည်ပုံ ပြောင်မြောက်စွာ တို့ထိလိုက်ပုံကို အောက်ပါအတိုင်း ရှုစားတော်မူကြပါ။


"ဖျားနေတဲ့ ကြောင်"


အိမ်မှာမွေးတဲ့ ကြောင်သူတော်
ငါးကြော်ဆာလို့ အော်။

တစ်နေ့သောခါ ထိုကြောင်ပါး
ခါးနာလို့ ဖျား။

အကြောင်းရှာလို့ ခွင့်စာတင်
ကြွက်ခုတ် မထွက်ချင်။

အိမ်မှလူများ အပြင်သွား
ငါးကြော် ခိုးကာစား။

ကြွပ်ကြွပ်မြည်အောင် ဝါး။
အားရှိတယ် ဗျား။
စာဆိုရှင် - တစ်တို့

Friday, June 5, 2009

နေမညိုခင်


ရေတံခွန်ကနေ ပြန်အတက် ရေတံခွန်ကျောင်းကို မသွားခင် တောင်ပေါ်ရေတင်တဲ့ ကန်ဖက်ကို သွားခဲ့သေးတယ်။ စမ်းချောင်းဘေးက တောလမ်းလေးအတိုင်း လျှောက်သွားတော့ စမ်းချောင်းတစ်နေရာမှာ ကိုရင်လေးတွေ ရေလာချိုးနေကြတာတွေ့လို့ ဓါတ်ပုံရိုက်မယ်လုပ်တော့ ကိုရင်တစ်ပါးက လှမ်းတားတယ်။ မကြိုက်လို့များလား ထင်မိတာ။ မဟုတ်ဘူးခင်ဗျ။ ခပ်လှမ်းလှမ်းရောက်နေတဲ့ ကိုရင်လေးတွေကိုပါ လှမ်းခေါ်ပြီး ကိုရင်တွေအားလုံး ဓါတ်ပုံရိုက်ခံချင်ကြတာဗျ။ တကယ်တော့ သိက္ခာပုဒ်တော်တွေနဲ့ သင်္ကန်းရုံထားလို့သာ ကိုရင်လေးတွေ ဖြစ်နေကြပေမယ့် ကလေးသဘာဝ ကလေးစိတ်လေးတွေ ရှိကြတုန်းဆိုတော့ ဓါတ်ပုံအရိုက်ခံရတာကို ပျော်နေကြရှာတယ်လေ။ အဲဒါကြောင့် အမှတ်တရအနေနဲ့ ဒီပုံလေးကို တင်ဖြစ်တာပါ။


ဒီနေရာက ရေတံခွန်ရှိတဲ့ ချောင်းရဲ့ အထက်ပိုင်းတစ်နေရာကို ဆည်ထားတဲ့ ကန်ပါ။ ဒီကန်ကနေ ပိုက်တွေ မော်တာတွေနဲ့ ရေလှောင်ကန် အဆင့်ဆင့်ကို ရေစုပ်တင် ဖြတ်ကျော်ပြီးမှ တောင်ပေါ်ကို ရေတင်ရပါတယ်။ ပုံထဲက ဒီနေရာနဲ့ တစ်ဆက်တည်းမှာ ကြည်လင်အေးစက်ပြီး ရေကန်လိုဖြစ်နေတဲ့ နေရာတစ်နေရာ ရှိတယ်။ နောက်ဆုံးအခေါက် ရောက်တုန်းက ရေတံခွန်ဆင်းတာ မျက်စိလည်ပြီး ဒီရေကန်နားကို ရောက်သွားတယ်။ ရေတံခွန်ကို ရှာမတွေ့ဘူး။ မိုးတွင်းမဟုတ်လို့ ရေတံခွန်မရှိတာလို့ ယူဆပြီး သယ်လာတဲ့ ခေါက်ဆွဲကြော်ဘူးတွေ ဖွင့်စား ရေစိမ်ပြီး ပြန်တက်ခဲ့ကြတာလေ။ မီးကြိုးတွေ ဆွဲထားတဲ့ တိုင်တွေ၊ လိုင်းတွေလည်း ရေတံခွန်ကျောင်းထဲကနေပဲ ဖြတ်သွားပါတယ်။

ရေကန်ကနေ ဆက်တက်လာတော့ ရေတံခွန်ကျောင်းလို့ ခေါ်ကြတဲ့ ဓါတ်ပေါင်းစုံ ကိုးနဝင်းကျောင်းရှိရာကို ရောက်ပါတယ်။ ကျောင်းဝင်းအတွင်းမှာ ဉာဏ်တော်အစားစားရှိတဲ့ စေတီတွေ အစီအရီတည်ထားတာ ဖူးရတယ်။ ဆန္ဒရှိလို့ စေတီလှူချင်တယ်ဆိုရင် အလှူငွေလှူပြီး ကမ္ဗျည်းထိုးလှူနိုင်သလို၊ မိမိတို့ ကိုယ်တိုင်ကိုယ်ကျ တစ်ပိုင်တစ်နိုင်လဲ လာတည်နိုင်တယ်လို့ ဆရာတော်က မိန့်ကြားပါတယ်။ ရေတံခွန်ကျောင်းကို လာရောက်တဲ့ ဘုရားဖူးမှန်သမျှ ယုတ်လတ်မြတ်မရွေး သတ်သတ်လွတ် ထမင်းဟင်းကို သုံးဆောင်နိုင်ပါတယ်။ ကျောင်းထဲမှာ အမောပြေ သွေးဆေးဗူးကြီးနဲ့ ရေနွေးကြမ်းလဲ ချပေးထားပါတယ်။ ရွှေတိဂုံကုန်းတော် ရေလှူအသင်းက လှူထားတဲ့ စတီးရေသန့်တိုင်ကီကြီးကလဲ သောက်ချင်စရာပါ။ လှူထားကြတဲ့ ဆန်အိတ်တွေလည်း မနည်းပါဘူး။


ကျောင်းဝန်းထဲက ရေကန်တစ်ကန်ကတော့ သဘာဝအတိုင်း စိမ့်နေတဲ့ သဲမြေထဲ ပိုက်ကို နှစ်ထားတာကနေ အလိုအလျောက် ရေတွေ တစက်စက်ကျနေတာ မြင်ရတာနဲ့ကို ရေချိုးချင်စရာ ကောင်းတယ်။ ကျောင်းကို ကျွန်တော်တို့ ရောက်တော့ ရေတံခွန်မှာတုန်းက ဆုံခဲ့ကြတဲ့ ဆေး-၁ က ညီငယ်ညီမငယ်များအဖွဲ့က ရောက်နှင့်နေပြီ။ ဘုရားကန်တော့ ဆရာတော်ကို ဦးချပြီး အလှူငွေကပ်ကြပါတယ်။ လမ်းတစ်လျှောက်က အလှူခံတွေနဲ့ ပက်သက်ပြီး စကားပြောဖြစ်ကြသေးတယ်။ ကျောင်းသားများအဖွဲ့ဖြစ်လို့ သူတို့လောလောလတ်လတ် အလှူခံ ကြုံခဲ့ရတာတွေ ပြန်ပြောပြလို့ ကျွန်တော်သိသလောက် ရှင်းပြခဲ့ပါသေးတယ်။
အမောပြေပြီဆိုတော့မှ ဆရာတော်ကို ဝတ်ချပြီး သူတို့အဖွဲ့နဲ့ တစ်ပေါင်းတည်းပဲ အတက်ခရီးကို စခဲ့ကြတယ်။ ဒီဖက်လမ်းက ပိုနီးပေမယ့် တချို့နေရာတွေ အတော်လေး မတ်ပါတယ်။ ဒါပေမယ့် လမ်းတလျှောက်လုံး တောရိပ်တောင်ရိပ်လေး ရှိသေးတော့ ဆင်းလာခဲ့တဲ့ ကျီးပါးစပ်လမ်းထက်စာရင် နေပူသက်သာသေးတယ်။ လမ်းမှာ ရေသွယ်တဲ့ပိုက်ကြီးတွေ၊ ရေတင်တဲ့ ရေစက်စခန်းတွေရှိပါတယ်။

ဒီအတက်လမ်းက ရင်ပြင်တော်ပေါ် ကျောက်သမ္ဗာန်စေတီလေးနားက လှေကားထစ်တွေဆီကို လမ်းပေါက်တယ်။ ရိုးရိုးလေးအဆင့်မြင့်တည်းခိုရိပ်သာ ရှေ့နားပါ။ ကျွန်တော်တို့က ကျိုက်ထိုဟော်တယ် ဆေးကျောင်းအဖွဲ့က ရိုးရိုးလေးမှာ တည်းတော့ တမင်တကာ ဒီလမ်းက ရွေးပြီး တက်လာကြတာ။ ဇာတ်လိုက်ပါပေလို့ပဲ။ ရောက်ခါနီးမှ ဟိုကွေ့ရမလို ဒီကွေ့ရမလို ဖြစ်နေသေးတယ်။ လမ်းမှာ ထင်းတွေ ခုတ်လာကြပြီး ထင်းစည်းတွေကို ဒီလိုပဲ ထားခဲ့ကြတယ်။ ဖြည်းဖြည်းချင်း သယ်မယ်ထင်တယ်။ ကျွန်တော် မ ကြည့်သေးတယ်။ မလွယ်ဘူးဗျ။ အချိန်တော်တော်စီးတယ်။

ကံကောင်းထောက်မစွာနဲ့ ဒီတစ်ခေါက်တော့ ရေတံခွန်ခရီးကို အောင်မြင်စွာ ဆင်းတက်နိုင်ခဲ့ပါတယ်။ ဟိုတယ်ပြန်ရောက်တော့ ခဏနား ရေချိုးပြီးတဲ့အချိန်မှာ နေက ဝင်ချင်နေပြီ။ တောင်ပေါ်ကနေ နေဝင်ချိန်လေးအမှီ ဓါတ်ပုံရိုက်လိုက်ချင်လို့ အိပ်ပျော်သွားတဲ့ သူငယ်ချင်းကို အတင်းနှိုးရတယ်။ သူရေချိုးပြီးတဲ့အထိ မစောင့်တော့ဘဲ ဟိုတယ်ဝန်းထဲမှာ လုပ်ပေးထားတဲ့ ရှုခင်းသာ နေရာကနေ ရသလောက်တော့ ကြိုးစားခဲ့တယ်။ ပုံထဲမှာ ဂျက်လေယာဉ်လား မသိဘူး ပျံနေတာ အဖြူရောင်တန်းလေးပါ ပါသေးတယ်။ ထုံးစံအတိုင်း အပျော်တမ်းကင်မရာဆိုတော့ အပျော်ပုံလောက်ပဲ ထွက်ပါတယ်။ အမှတ်တရပေါ့ဗျာ။

ညပိုင်းရောက်တော့ ရင်ပြင်တော်ပေါ်တက် ဘုရားဝတ်ပြုပြီး ဆေးကျောင်းအဖွဲ့နဲ့ ရင်ပြင်တော်ပေါ်မှာ တံမြက်စည်းလှည်းကြပါတယ်။ ပြီးတော့ ဂိမ်းကစားတယ်။ နည်းနည်းမိုးချုပ်မှ လမ်းခွဲပြီး ဟိုတယ်ပြန်ခဲ့ကြတော့တယ်။ နောက်နေ့နံနက်ဆိုရင် တောင်ပေါ်ကနေ ခြေလျင်ခရီးနဲ့ ပြန်ဆင်းပါပြီ။

Bonus

ရင်ပြင်တော်ပေါ်ကနေ ကျီးပါးစပ်ဖက်ကိုဆင်းတဲ့ လှေကားထိပ်နားမှာ လမ်းပြ ကလေးတွေ ရှိတတ်ပါတယ်။ သူကတော့ ကျွန်တော်တို့ ခေါ်သွားတဲ့ လမ်းပြဇာတ်လိုက်ပါ။ တစ်လမ်းလုံး ဘာကျွေးကျွေး မစားပါဘူး။ ဇာတ်လိုက်က သူ့အထာနဲ့ သူဗျ။ ရေတံခွန်ကျောင်း ရောက်တော့မှ ထမင်းစားပွဲ အုပ်ဆောင်းဖွင့်ပြီး အားပါးတရ တုတ်တော့တာပဲ။ ဆရာတော်က သူ့ကို ကောင်းကောင်းသိတယ်။ ဒီကောင် အမြဲအားပေးနေကြလို့ မိန့်တယ်။ ကျောင်းမှာဆိုတော့ အားမနာတမ်း ဝဝစားလို့ရတယ်လေ။ သူ့ပုံကို ရိုက်မှာစိုးလို့ ထွက်ထွက်ပြေးတဲ့ ဇာတ်လိုက်က သူများကို ဓါတ်ပုံရိုက်ပေးဖို့ ကင်မရာကိုင်ရမှာတော့ အတော်စိတ်ဝင်စားတယ်ဗျ။ လိုက်ပို့သမျှ ဘုရားဖူးတွေကို ဓါတ်ပုံရိုက်ပေးနေကြဆိုတော့လည်း ကင်မရာနဲ့ မစိမ်းလေဘူး။

Saturday, May 30, 2009

ရေတံခွန်ဆင်းပြီ


ကျီးပါးစပ်နားက အကြော်ဆိုင်ရဲ့ အောက်ဖက်ကနေ ရေတံခွန်ဆင်းတဲ့ ဖြတ်လမ်းကို ရောက်ပါတယ်။ အရင်က ဒီဖြတ်လမ်း မရှိသေးဘူးလို့ သိရတယ်။ တောထဲ ထင်းဝါးရှာသူတွေ သွားတဲ့လမ်းလို့ ပြောတယ်။ လမ်းက တောက်လျှောက် အဆင်းချည်းပါပဲ။ မတ်တဲ့နေရာက မတ်တယ်။ အပေါ်ကနေ ဆင်းရင် လမ်းတစ်ဝက်လောက်ထိက အရိပ်မရှိဘူး။ လမ်းလေးက လူတစ်ကိုယ်စာလောက်ပဲ။ ဘေးမှာက တောင်စောင်း ဆင်းလျှောတွေရှိတယ်။ အဝေးက မြင်နေရတဲ့ ရှုခင်းတွေကတော့ တော်တော်လှတယ်။

လမ်းမှာ တောထဲက အပင်တွေခုတ်ပြီး တောင်ပေါ်ကို ထမ်းတင်နေတာ တွေ့ခဲ့တယ်။ တောင်တက်လမ်းက ဈေးဆိုင်တွေကြတော့ အဲဒီမျှောတိုင်တွေနဲ့ပဲ တိုင်ထူကြတယ်။ ဒီခရီးကို ရိုးရိုးတက်ဖို့ မပြောနဲ့ အဆင်းတောင် သတိထားဆင်းရတယ်။ မတော်လို့ ချော်ကျရင် နောက်လူတွဲခေါ်ဖို့တောင် မလွယ်ဘူး။ သူတို့ခမျာတော့ အတက်ကို သစ်လုံးထမ်းပြီး တက်ရရှာတယ်။ အဲဒီသစ်တစ်လုံးကို တန်ဖိုးဘယ်လောက်လဲတော့ မမေးခဲ့မိဘူး။ အမျိုးသမီးပါ အမျိုးသားနဲ့တန်းတူ သယ်တာဗျ။

လမ်းတစ်ဝက်နားရောက်မှ တောထဲ အပင်တွေကြားထဲ ရောက်လာတယ်။ အရိပ်ရလာတယ်။ ရေတံခွန်က ပြန်တက်လာတဲ့ အဖွဲ့တချို့လည်း တွေ့တယ်။ သူတို့ တော်တော်ဟိုက်နေကြပြီ။ လမ်းက ဖြတ်လမ်းဖြစ်တာရယ် လူသိနည်းသေးတာရယ်ကြောင့် ရေတို့ အချိုရည်တို့ ရောင်းတဲ့ ဆိုင်တော့ သိပ်များများမရှိပါဘူး။ အရိပ်လေးတွေ ရှိတဲ့ နေရာတချို့မှာတော့ ဝါးထိုင်ခုံလေးတွေ လုပ်ထားတာတွေ့တယ်။ ဒါလည်း သိပ်တော့မများပါဘူး။

လမ်းတစ်နေရာက ကရင်မိသားစုဆိုင်လေးကို ဖြတ်တော့ သူတို့ တောထဲက အမဲလိုက်လာတာတဲ့။ ဖြူကောင် နှစ်ကောင်နဲ့ ချေ(ဂျီ)ပေါင်တစ်ဖက်။ နောက်တစ်နေရာမှာ သင်းခွေချပ်တစ်ကောင်လဲ တွေ့ခဲ့တယ်။ အရှင်တော့ မဟုတ်ဘူး။ အသေပဲ။

ရေတံခွန်နားနီးလာတော့ ရေသံတွေ ကြားရတယ်။ ရေတံခွန်ရဲ့ အပေါ်ပိုင်းကို အရင်ရောက်တယ်။ အဲဒီမှာက ကျောက်တုံးတွေနဲ့ စမ်းချောင်းလေး စီးနေတယ်။ ထမင်းဆိုင်တစ်ဆိုင်တော့ရှိတယ်။ တောဆိုင်လေးပေါ့။ စားတဲ့သူတော့ စားနေကြတာပဲ။ ရေတံခွန်ကိုတော့ မမြင်ရသေးဘူး။ အဲဒီနေရာကနေ ရေတံခွန် ထိပ်ပိုင်းကို သွားလို့ရတယ်။ တချို့တော့ ဓါတ်ပုံသွားရိုက်ကြတယ်။ ရေတံခွန်ရှိတဲ့ အောက်ပိုင်းကို သွားဖို့ တောင်နံရံဘေးမှာ ကပ်ပြီး ဖောက်ထားတဲ့ တစ်ကိုယ်စာလမ်းလေးကနေ ဆင်းရတယ်။ အောက်ခံမြေသားက စိုပြီး ချော်နေတော့ သတိထားရတယ်။ ဘေးမှာတော့ ချောက်ရှိတယ်။ နွယ်ကြိုးကို ကိုင်ပြီး ကျောက်တုံးတွေကြားကနေ ဖြည်းဖြည်းဆင်းရတယ်။

ကျွန်တော်တို့ သွားတဲ့အချိန်က ဒီဇင်ဘာလဆိုတော့ ရေနည်းနေပါပြီ။ ရေတံခွန်ဆိုတာက ရေများလေ ကြည့်လို့လှလေပါပဲ။ ရေတံခွန်ရှိတဲ့ အောက်ပိုင်းမှာ ပတ်ဝန်းကျင် တစ်ခုလုံးက သစ်ကြီးဝါးကြီးတွေနဲ့ အုံ့ဆိုင်းနေပေမယ့် နေရောင်တော့ ရပါတယ်။ ဓါတ်ပုံရိုက်လို့တော့ သိပ်မကောင်းဘူး။ အပျော်တမ်းကင်မရာ ဖြစ်နေတာလဲ ပါမယ်။

ရေတံခွန်က ရေကျတဲ့ နေရာတစ်ဝိုက်မှာ ရေအိုင်အသေးလေးလို ဖြစ်နေတယ်။ ဘေးတစ်ဖက်က ကျောက်တောင်နံရံနဲ့ နောက်တစ်ဖက်က ဆင်းလာခဲ့တဲ့ တောင်စောင်းပါ။ ရေတံခွန်က လွင့်လာတဲ့ ရေမှုန်မွှားလေးတွေ လာလာစင်တော့ အေးနေတာလေးက နေလို့ကောင်းတယ်။


ကျဉ်းနေတဲ့ တောင်နံရံနှစ်ခုကြားက ရေတံခွန်စီးသွားတဲ့ စမ်းချောင်းကို အပြည့်ပိတ်ပြီး ရေတံခွန် စားသောက်ဆိုင်ဆိုပြီး ဖွင့်ထားပါတယ်။ အဲဒီဆိုင်ဆီကို သစ်သားတံတားလေးနဲ့ ဆက်ထားတယ်။ ဘုရားဖူးတွေ အလာများတဲ့ ရာသီချိန်မှာပဲ ဒီဆိုင်က ဖွင့်တာပါ။ ဘုရားဖူးတစ်ရာသီ ကုန်တာနဲ့ ဆိုင်ဆောက်ထားတဲ့ တိုင်တွေ အခင်းတွေ သစ်သားချောင်းတွေ အကုန်လုံးကို ပြန်ဖျက်ပြီး သယ်ရပါတယ်တဲ့။


ဆိုင်မှာက ထမင်းကြော်၊ ဗူးသီးကြော်၊ ကော်ပြန့်ကြော်၊ စမူဆာနဲ့ အပူအအေး၊ ရေသန့် စတာတွေ ရပါတယ်။ ဆိုင်မှာတင် ကြော်ရောင်းတာပါ။ ရေသန့်ဘူးကတော့ ထားပါတော့။ အအေးပုလင်းတွေကို သယ်ရောင်းရတာတော့ မလွယ်ပါဘူး။ ပုလင်းခွံတွေကို တစ်ခါပြန်သယ်ရပါသေးတယ်။ ဆိုင်က ရောင်းပေးတဲ့ ဈေးကလည်း သိပ်တော့မများပါဘူး။ ဒီလိုနေရာမျိုးထိ လာရောင်းပေးတာကိုပဲ ကျေးဇူးတင်ရပါသေးတယ်။ ဒီဆိုင်ရောက်တော့လည်း ဇာတ်လိုက်ကျော် လမ်းပြဂိုက်က ဘာမှ ကျွေးမရပြန်ဘူးခင်ဗျ။ အအေးသောက်ဆိုတော့လည်း မသောက်ပါဘူး။ ရေတံခွန်က ပြန်တက်မှ ဇာတ်လိုက် ဘာမှ ကျွေးမရတဲ့အကြောင်း သိခဲ့ရတယ်။

“ရေတံခွန်စားသောက်ဆိုင်” ဆိုတဲ့ ဆိုင်းဘုတ်မှာ ရေးထားတဲ့ စာသားတစ်ကြောင်းကတော့ ထူးခြားတယ်ခင်ဗျ။
“အမျိုးကောင်းသား အမျိုးကောင်းသမီး ရတနာများ စားသုံးသည်” တဲ့။ ကျွန်တော်တို့လည်း အမျိုးကောင်းသားလေးတွေ ဖြစ်အောင် အားပေးခဲ့ပါတယ်။

Bonus
“Happy World” ကြော်ငြာ ပြက္ခဒိန်လေးတွေ သစ်ပင်တွေမှာ ကပ်ပေးသွားတာ တွေ့ခဲ့ရတယ်ခင်ဗျ။ တောထဲတောင်ထဲ ပြက္ခဒိန်ကြည့်ချင်ရင် အဆင်ပြေတာပေါ့။


ကျိုက်ထီးရိုးခရီးတစ်လျှောက် အတက်ရော အဆင်းရော တောထဲတောင်ထဲမှာရော အထူးသဖြင့် ဆိုင်သေးသေးလေးတွေပါမကျန် အများဆုံးရောင်းနေကြတဲ့ ရေသန့်ဗူးကတော့ “Alpine” သောက်ရေသန့်ပဲ ဖြစ်ပါတယ်။ ယခုကဲ့သို့ ကြုံကြိုက်တုန်း ကြော်ငြာဝင်ပေးရတဲ့ အကျိုးကြောင့် “Alpine” လို တောင်ပေါ်မြေပြန့် တောတောင်နေရာအနှံ့ အောင်မြင်မှုရှိတဲ့ လုပ်ငန်းမျိုး ပိုင်ဆိုင်နိုင်ရပါလို၏။း)

Tuesday, May 26, 2009

ကျီးပါးစပ်

ညဦးပိုင်း ရင်ပြင်တော်ပေါ်တက်ပြီး ဘုရားဝတ်ပြု၊ ပဋ္ဌာန်းရွတ်၊ ပရိတ်ရွတ်ပြီး အေးတာနဲ့ ဟိုတယ်ဖက် ပြန်လာခဲ့တယ်။ ဟိုတယ်နားက လက်ဖက်ရည်ဆိုင်မှာ ခဏထိုင်ပြီး နက်ဖြန်အတွက် ခွန်အားပြည့်အောင် စောစောအိပ်လိုက်တယ်။ မနက်နိုးတော့ ၈နာရီထိုးပြီးပြီ။ ဟိုတယ် မနက်စာ အချိန်ကျော်ရင် လွတ်သွားမှာမို့ သူငယ်ချင်းကို နှိုးပြီး မြန်မြန်ပြင်ဆင်ရတယ်။ မနက်စာ စားပြီးတာနဲ့ ရင်ပြင်တော်ပေါ်တက် ဘုရားကန်တော့ပြီး ကျီးပါးစပ်ဆင်းဖို့ ဦးတည်လိုက်တယ်။ ရေတံခွန်ကို သွားမယ် မသွားဘူးကို မနေ့ကတော့ သူငယ်ချင်းနဲ့ ငြင်းရသေးတယ်။ ဒီနေ့မနက်ကျတော့ အိပ်ရေးဝပြီး လန်းဆန်းနေလို့ ရေတံခွန်ထိ ဆင်းမယ်လို့ နှစ်ယောက်သား ဆုံးဖြတ်လိုက်ကြတယ်။

ရင်ပြင်တော်ကနေ ကျီးပါးစပ်သွားတဲ့ဖက် လှေကားနားရောက်တော့ ချာတိတ်လေးတစ်ယောက်က ရေတံခွန်ကို လမ်းပြလိုက်ပေးရမလားဆိုပြီး လာမေးတယ်။ နောက်ဆုံးတစ်ခေါက်တုန်းက ရေတံခွန်ဆိုပြီး ဆင်းသွားကြတာ တစ်ဖွဲ့လုံး မျက်စိလည်ပြီး ရေတံခွန်မရောက်ဘဲ ရေကန်ပဲ ရောက်ခဲ့တယ်။ ဒါက တစ်ချက်။ နောက်တစ်ချက်က လမ်းပြလုပ်တဲ့ ကလေးတွေခမျာ ဘုရားဖူးတွေလာမှ၊ ရေတံခွန်လည်းသွားမှ၊ သူတို့ကိုလည်း ခေါ်ဦးမှ မုန့်ဖိုးလေး ရရှာတာလေ။ နှစ်ယောက်တည်း သွားရမဲ့အတူတူ သူတို့ကို လမ်းပြခေါ်တော့ လမ်းမှာလည်း အဖော်ရတယ်၊ ခရီးလည်းတွင်တယ်၊ သူတို့လေးတွေလည်း မုန့်ဖိုးရတယ်ဆိုပြီး လိုက်ခဲ့ကွာဆိုပြီး ခေါ်လိုက်ပါတယ်။ ဂိုက်နဲ့ ရေတံခွန်ဆင်းခဲ့တာပေါ့။

ဇာတ်လိုက်ကို ကျီးပါးစပ်အရင် သွားမယ်ဆိုတော့ ရတယ်တဲ့။ ကျီးပါးစပ်ကနေ ရေတံခွန်ထိကို ဖြတ်လမ်းရှိတယ်၊ ပိုမြန်တယ်တဲ့။ အရင်က အပေါ်နည်းနည်းပြန်တက်ပြီးမှ ဘုန်းကြီးကျောင်းတွေ ဖြတ်ပြီး သွားရတာ။ အဲဒီလမ်းက လမ်းကြောရှည်ပေမယ့် လှေကားထစ်တွေ ရှိသလို နည်းနည်းလည်း ပြေတယ်ပြောရမယ်။ ရင်ပြင်တော်ကနေ ကျီးပါးစပ်သွားတဲ့ လမ်းတစ်လျှောက်မှာတော့ ဈေးဆိုင်လေးတွေ ခပ်စိပ်စိပ်တွေ့ရတယ်။ မူလတန်းကျောင်းလေးတစ်ကျောင်းလည်း တွေ့ခဲ့တယ်။


ကျီးပါးစပ်ရောက်တော့ ဂူထဲတော့ ဝင်လည်းဝင်ဖူးတဲ့အပြင် အကြောင်းသိပြီးသားမို့ မဝင်ဖြစ်တော့ဘူး။ အပြင်မှာပဲ အလှူငွေထည့်လိုက်တယ်။ ကျီးပါးစပ်ထဲ အကြွေစေ့ပစ်ဖို့ လဲတော့ တစ်ပုံကို ငါးရာဆိုလား။ အကြွေစေ့ငါးစေ့ပဲ ပါတယ်။ လှမ်းပစ်လို့ ကျောက်နံရံနဲ့ ထိပြီး ပြန်ကျလာရင် ခင်းထားတဲ့ သစ်သားပြားတွေကြားကနေ အောက်ကို မကျသွားခင် ပြန်ကောက်ရတယ်။ ဘယ်ရမလဲ ပြန်ကျလာရင် အကြွေစေ့ပစ်တဲ့ အခြားကလေးတွေနဲ့ လုကောက်ရတာပဲ။ ပျော်စရာကြီး။ အကြွေစေ့မဝင်ဘဲ ပြန်လှည့်မသွားချင်ဘူး။ အကြွေစေ့ ငါးစေ့ထဲနဲ့ ဝင်အောင်ပစ်နိုင်လို့ တော်သေးတယ်။း)


ကျီးပါးစပ်မရောက်ခင်နားမှာ အကြော်ဆိုင်တွေ ရှိတယ်။ ချောက်ကမ်းပါးဖက်ကို ထောက်နဲ့ လေသာဆောင်ထုတ်ပြီး ဆိုင်ဖွင့်ထားတာ။ ဆိုင်လေးကလည်း ထိုင်ချင်စရာ၊ အကြော်တွေကြည့်တော့လည်း ပူပူနွေးနွေးရှိတာနဲ့ ခဏထိုင်ဖြစ်တယ်။ ရှုခင်းကတော့ လေတဖြူးဖြူးနဲ့ တော်တော်ထိုင်လို့ကောင်းပါတယ်။ ဇာတ်လိုက်ကျော်ကတော့ အကြော်ခေါ်ကျွေးတာ မစားဘူးခင်ဗျ။ သြော် ဒီကလေးတွေ သူတို့ စည်းကမ်းလေးနဲ့ သူတို့ နေမှာပါလေလို့ ထင်မိပါတယ်။ စားကြည့်တော့မှ အကြော်ကတော့ စားလို့မကောင်းဘူး။ နှစ်ပြန်ကြော်တင် မကလောက်ဘူး ဘယ်နှစ်ပြန်လောက် ကြော်ပြီးပြီလဲမသိဘူး။ ဆီတွေ ဝနေတော့ တစ်ခုလောက်နဲ့တင် အီလိုက်တာ။ ဇာတ်လိုက်က အကြောင်းသိလို့ မစားတာဖြစ်မယ်။


ဆိုင်အဝမှာ ဗန်းတွေနဲ့ ဂျီသား၊ ဆတ်သား၊ တောကြက်နဲ့ ယုန်သား ဆိုပြီး အလေးချိန်နဲ့ ရောင်းတယ်။ ချက်ချင်းကြော်ပေးတယ်။ အခြားကောင်တွေထက် ကာလာကွဲနေတဲ့ ရွှေယုန်ကိုပဲ အစစ်လို့ ကိုယ့်ဘာသာ ယူဆပြီး ကြုံတုန်း မြည်းခဲ့တယ်။ အဲဒီတစ်ပန်းကန်ကို မြန်မာငွေ သုံးထောင်တဲ့။ တောင်ဂျင်းနဲ့ ကြော်ပေးတာတဲ့။ ဂျင်းနဲ့လေးကတော့ မွှေးနေတာပဲ။ ယုန်သားက ချိုတော့ ချိုတယ်ဗျ။ အသားကလည်း နုနုလေးပဲ။ စစ်မယ်ထင်တာပဲလေ။ စားတာပေါ့။

Saturday, May 16, 2009

ကျောက်ထပ်ကြီးသို့


ဘုရားဝတ်ပြုပြီးတော့ ရင်ပြင်တော်ပေါ်ကနေ ထမင်းဆိုင်တန်းတွေဖက် ဆင်းခဲ့တယ်။ မနက်စာ အဝစားထားလို့ မွန်းတည့်ချိန် ကျော်နေပေမယ့် မဆာဘူးဖြစ်နေတယ်။ နေ့တစ်ဝက် အချိန်ရတုန်း ကျောက်ထပ်ကြီးဖက်ထိ သွားခဲ့လိုက်တယ်။ ဘုရားဖူးတွေအနေနဲ့ တောင်ပေါ်ရောက်လို့ ကျိုက်ထီးရိုးဘုရားကြီး ဖူးမျှော်ပြီးတာနဲ့ အချိန်ရရင် ရသလို ပတ်ဝန်းကျင်က တောင်စွယ်တောင်တန်းတွေပေါ်မှာ တည်ထားတဲ့ ဘုရားစေတီတွေဆီ ဘုရားလည်းဖူးရင်း တောတောင်သဘာဝလည်း ခံစားရင်း သွားကြလေ့ရှိပါတယ်။ အထူးသဖြင့် လူငယ်ပိုင်းတွေ တက္ကသိုလ်ကျောင်းသားအရွယ်တွေ အသွားအများဆုံးပါပဲ။ တောလမ်းခရီးတစ်လျှောက် တက်လိုက် ဆင်းလိုက် လှမ်းလျှောက်ရင်း လမ်းမှာ အမောပြေ နားနေစရာ အစားအသောက်ရောင်းတဲ့ ဆိုင်တွေ နီးနီးတစ်ခါ ဝေးဝေးတစ်လှည့် ရှိပါတယ်။ တောထဲတောင်ထဲမှာမို့ ရေတစ်ပေါက်ရဖို့ ခက်ခဲလှပေမယ့် တချို့ဆိုင်တွေက သပ်သပ်ယပ်ယပ် သန့်သန့်ရှင်းရှင်း ပြင်ဆင်ရောင်းချတာ တွေ့ရသလို၊ ဝင်နားချင်စရာ မကောင်းလောက်တဲ့ ဆိုင်အပြင်အဆင်တွေလည်း တွေ့ရတယ်။

ရင်ပြင်တော်ကနေ ကျောက်ထပ်ကြီးဖက်ကို သွားရင် တကယ် လမ်းဆုံးက ကျောက်ထပ်ကြီး မဟုတ်သေးဘဲ ဆက်သွားနိုင်သေးတယ်လို့ ကြားဖူးတယ်။ ကျွန်တော်တော့ ကျောက်ထပ်ကြီးအထိပဲ ရောက်ဖူးပါတယ်။ ကျောက်ထပ်ကြီးစေတီကို ကျောက်တုံးကြီးနှစ်တုံး ထပ်နေတဲ့ပေါ်မှာ တည်ထားတာ ဖူးတွေ့ရပါတယ်။ ဘုရားဖူးတွေအနေနဲ့ စေတီကို ရွှေသင်္ကန်းခုနစ်ဆိုင်းပြည့်အောင်လှူရင် ကြိုးမင်းသားဆိုတဲ့ ပုဂ္ဂိုလ်က လှေကားကတစ်ဆင့် ကြိမ်နွယ်ကြိုးကနေ ကျောက်တုံးကြီးပေါ် တက်သွားပြီး ရွှေသင်္ကန်းလှူပေးတယ်။ လှူပြီးရင် အဲဒီကျောက်တုံးကြီးပေါ်ကနေ လက်နှစ်ဖက်လွှတ်ပြီး ကြိမ်နွယ်ကြိုးနဲ့ အောက်ကို ဇောက်ထိုး လျှောဆင်းပါတယ်။ တစ်ဦးတည်းမဟုတ်လည်း ဘုရားဖူးအဖွဲ့တွေ စုပေါင်းပြီး ရွှေသင်္ကန်း ခုနစ်ဆိုင်းပြည့်အောင် လှူလည်း တက်လှူပေးပါတယ်။


ရင်ပြင်တော်ကနေ ကျောက်ထပ်ကြီးထိ သွားတဲ့လမ်းတစ်လျှောက် ကျောက်တုံး ကျောက်ဆောင်တွေပေါ်မှာ စေတီတွေ တည်ထားတာ အများကြီးပါပဲ။ စေတီတိုင်းမှာ အလှူခံတွေ ရှိကြပါတယ်။ အချို့အလှူခံအဖွဲ့တွေမှာ လိုတာထက်ကို လူတွေ ပိုများနေတယ်လို့ ထင်နေမိတယ်။ အရင် ကျောင်းသားဘဝ သွားခဲ့စဉ်ကတော့ အကြောင်းမသိသေးလို့ စေတီတစ်ဆူ ဝင်ဖူးပြီးရင် တော်တော်နဲ့ နောက်ဆစ်ဆူဆီ မကူးနိုင်ကြပါဘူး။ သူငယ်ချင်း မိန်းကလေးတွေပါ သွားကြတုန်းကဆို သူတို့တွေ အားနာတတ်တာကြောင့် အလှူခံတွေ ပြောသမျှ ပြီးဆုံးအောင် နားထောင်နေရပါတယ်။ ကြုံဖူးခဲ့တာကတော့ စေတီတစ်ဆူရောက်လို့ ဝင်လိုက်တာနဲ့ အလှူငွေထည့်ဖို့ ပြောဟောပါတယ်။ ဘုရားကန်တော့ပြီးလို့ ကိုယ်တတ်စွမ်းသမျှ အလှူငွေထည့်တယ်ဆိုရင် ထည့်တဲ့ငွေပမာဏကို ကြည့်ပြီး ပိုမိုထည့်ချင်လာအောင် ပြောဆိုအလှူခံပါတယ်။ ဥပမာ နှစ်ရာကျပ် ထည့်မယ်လုပ်ရင် ရေတစ်ထမ်းကို သုံးရာပဲကျပါတယ်လို့ ငွေတစ်ရာ ပိုထည့်ချင်အောင် ပြောပါတယ်။ လှူတဲ့သူဖက်ကလည်း ငွေတစ်ရာ ပိုထည့်လိုက်ရုံနဲ့ ရေတစ်ထမ်းစာအလှူ ဖြစ်မြောက်သွားတယ်ဆိုတော့ သူသူကိုယ်ကိုယ် ထပ်ထည့်မိတော့တယ်။ ဒါက တစ်ဦးချင်းစီ ကြုံတွေ့ရတာပါ။



အဖွဲ့လိုက်သွားကြလို့ တစ်ယောက် တစ်ရာမျိုး နှစ်ရာမျိုး စုပေါင်းထည့်ကြလို့ အလှူငွေက တစ်ထောင်နှစ်ထောင်လောက် ဖြစ်သွားပြီဆို သုံးလေးထောင်လောက် လှူသွားအောင် တဖြည်းဖြည်းတိုးပြောပြီး အလှူခံကြပါတော့တယ်။ အလှူခံစားပွဲပေါ်မှာ တစ်ထောင်နှစ်ထောင်က စလို့ သောင်းဂဏန်းကြီးကြီးထိ အလှူခံစရာ အကြောင်းအရာတွေပါတဲ့ စာရွက်တွေကို ပလပ်စတစ်လောင်းထားတဲ့ ကတ်ပြားတွေ ရှိနေတတ်တယ်။ အဖွဲ့လိုက်သွားတဲ့အခေါက်က ကျီးပါးစပ်ဂူထဲကို ပထမဆုံး စဝင်ဖူးတယ်။ ဂူထဲမှာ နေရာမဆံ့လို့ အလှည့်ကျ တုံကင်နဲ့ ဝင်ရတယ်။ အထဲရောက်တော့ ဘုရားကန်တော့ပြီး အလှူငွေထည့်ကြဖို့ ငွေစုလိုက်တာနဲ့ ကတ်ပြားထုတ်ပါတော့တယ်။ သမိုင်းကြောင်းတွေ ဇာတ်လမ်းတွေနဲ့ ဘယ်လိုအကျိုးပေးထူးမှာ စသဖြင့် ပြောဟောလိုက်တာ အဖွဲ့ထဲက မိန်းကလေးတွေမှာ ချက်ချင်း ဘာလှူမယ် ညာလှူမယ်နဲ့ သောင်းဂဏန်းလောက် ကုန်ကျမယ့်အလှူတစ်ခု ထည့်မယ်ဖြစ်ကုန်တယ်။ ကျွန်တော်တို့ ယောက်ျားလေးတွေလည်း အဲဒီအချိန်က အဲဒီငွေဟာ မနည်းလွန်းတဲ့ ပမာဏမို့ အခြားသူငယ်ချင်းတွေ ဟိုတယ်မှာ ကျန်ခဲ့လို့ ပြန်တိုင်ပင်ဦးမယ် ဘာညာပြောပြီး အလှူငွေအချို့ထည့် အသာလက်ကုတ်ပြီး အမြန်ပြန်ထွက်ခဲ့ရတယ်။ အကြောင်းမသိသေးတဲ့ မိန်းကလေးတွေ နားလည်အောင် နောက်မှ ပြန်ရှင်းပြရတယ်။

အခုတစ်ခေါက်ကတော့ ငါးကြိမ်မြောက်ဖြစ်လို့ နည်းနည်းတော့ သဘောပေါက်သွားပါပြီ။ အဲဒါကြောင့် ရတဲ့ နေ့တစ်ဝက်အချိန်လေးကို ကိုယ်သွားမဲ့ ကျောက်ထပ်ကြီးထိ ဘယ်မှ မဝင်ဘဲ တောက်လျှောက်သွားမယ် ဆုံးဖြတ်လိုက်တယ်။ လမ်းမှာ ဖြတ်သွားတဲ့အခါမှာတော့ ထုံးစံအတိုင်း ဘုရားဝင်ဖူးဖို့ ခေါ်ပါတယ်။ အပြန်မှ ဝင်ဖူးပါမယ်ပြောပြီး ဆက်သွားတော့ သိပ်မကြည်လင်တဲ့ စကားတချို့ မကြားတကြား ထွက်လာပါသေးတယ်။


တောလမ်းခရီးတစ်လျှောက် ရှူးဖိနပ်စီးထားတာ အဆင်ပြေပေမယ့် စေတီတွေ ရှိတဲ့နေရာတွေကို ဖြတ်သွားတဲ့ အခါမှာတော့ အတော် ကသီပါတယ်။ အလှူခံအဖွဲ့က သွားလမ်းတစ်လျှောက်လုံးအပြည့် အခင်းတွေ ခင်း အမိုးတွေ မိုးထားတော့ ဖိနပ်မချွတ်ဘဲ ဖြတ်သွားဖို့ရာ မသင့်တော်ဘူးလေ။ အဲဒီတော့ တစ်လမ်းလုံး ခြေအိတ်ချွတ် ဖိနပ်ချွတ်၊ ခြေအိတ်ဝတ် ဖိနပ်ဝတ်နဲ့ အလုပ်များပါရော။ အကောင်းဆုံးကတော့ ပေါ့ပါးပြီး အလွယ်တကူ စီးနိုင် ချွတ်နိုင်တဲ့ ဖိနပ်တွေနဲ့ဆို အဆင်အပြေဆုံးပါပဲ။ အချိန်ကုန် သက်သာပါတယ်။


ကျောက်ထပ်ကြီးရောက်တော့ အခြားအဖွဲ့တွေပါ ရှိတာနဲ့ ရွှေဆိုင်း ခုနစ်ဆိုင်းစာ ပြည့်သွားလို့ ကြိုးမင်းသားရဲ့ စွန့်စားခန်းကို မြင်ခဲ့ရပါတယ်။ ဗွီဒီယိုင်ဖိုင်ကို နောက်မှ တင်ပေးပါမယ်။ လမ်းတစ်လျှောက်မှာ တည်ထားတဲ့ စေတီတွေက အများအပြားပါ။ စေတီတိုင်းမှာ အလှူခံအဖွဲ့တွေ ရှိကြပါတယ်။ အပြောအဟောလည်း ကောင်းသလို လှူချင်အောင်လည်း ပြောတတ်ပါတယ်။ ဒါပေမယ့် ကိုယ့်ရဲ့ သဒ္ဓါတရားနဲ့ တတ်နိုင်တဲ့ ဝန်အားကို ချိန်ဆပြီး လှူတတ်ဖို့တော့ လိုပါတယ်။ အလှူခံအဖွဲ့တွေ ဘာကြောင့် ဒီလောက် အားတက်သရော အလှူခံနေကြတာလဲ ဆိုတာကတော့ သူတို့ကိုယ်တိုင် အသိဆုံးဖြစ်ပါလိမ့်မယ်။


ညနေမစောင်းခင်မှာပဲ ရင်ပြင်တော်ဖက် ပြန်ရောက်ခဲ့တယ်။ “ကြူကြူဝင်း” ဆိုတဲ့ ဆိုင်မှာ နေ့လယ်စာနဲ့ ညစာ ပေါင်းစားလိုက်ရတယ်။ ထမင်းဆိုင်တွေက အတော်သန့်ရှင်း သပ်ယပ်နေပါပြီ။ လူခေါ်တဲ့နေရာမှာလည်း ဆိုင်တွေရဲ့ ရှေ့မှာ တားထားတဲ့ စည်းအတွင်းကပဲ ခေါ်ကြပါတယ်။ အတင်းကာရော ဆွဲခေါ်ရောင်းတာမျိုး လုံးဝ မတွေ့ရတော့ပါဘူး။ ထမင်းပူပူ ဟင်းရည်ပူပူ ငပိရည် တို့စရာ အသီးရွက် စုံလင်စွာနဲ့ တော်တော်လေး မြိန်ရှက်ခဲ့တဲ့ ထမင်းတစ်နပ် ဖြစ်ခဲ့ပါတယ်။

Saturday, April 25, 2009

ကျိုက်ထီးရိုး ဆံတော်ရှင်


ဘုရားဝတ်ပြုဖို့ ရင်ပြင်တော်ပေါ် တက်ခဲ့တယ်။ ကြည်ညိုဖွယ်ရာ ကျိုက်ထီးရိုးဘုရားရဲ့ သပ္ပါယ်မှုဟာ ဘယ်နှစ်ကြိမ်ဖူးဖူး အသစ်သစ်သော သဒ္ဓါပီတိစိတ်ကို ဖြစ်ပေါ်စေပါတယ်။ ဆယ့်ငါးနှစ်အတွင်း ငါးခေါက် ရောက်ခဲ့ရာမှာ တစ်ခေါက်ထက် တစ်ခေါက် အဆောက်အဦးတွေ တဖြည်းဖြည်း များပြားလာတယ်။ ရင်ပြင်တော်ပေါ် တက်လာတဲ့ လမ်းတစ်လျှောက်မှာရော ရင်ပြင်တော်နဲ့ တစ်ဆက်တည်းမှာရော ဂေါပက၊ ပုဂ္ဂလိက၊ ဌာနဆိုင်ရာ တည်းခိုဆောင်တွေ ဓမ္မာရုံတွေ အစီအရီ တွေ့ရတယ်။ နေ့ခင်းပေမယ့် တောင်ပေါ်လေ တဖြူးဖြူးနဲ့မို့ အပူဒဏ် မရှိသလောက်ပါပဲ။ နေ့ခင်းပိုင်းတော့ အာရုဏ်ခံတန်ဆောင်းထဲမှာ ဘုရားဖူးရှင်းပါတယ်။ ညပိုင်းတော့ အပြင်မှာက အေးလဲအေး၊ ပိုးကောင်တွေကလည်း များတော့ အချိန်ကြာကြာ ပုတီးစိပ်သူ တရားထိုင်သူများနဲ့ အပြည့်ပါပဲ။


အာရုဏ်ခံတန်ဆောင်း


Collection of Donation Boxes

ပင်မအလှူခံဌာနမှာ ရွှေသင်္ကန်း ဝယ်ယူပူဇော်နိုင်သလို ဘုရားသမိုင်းစာအုပ်၊ ဘုရားသမိုင်း ရုပ်ပြစာအုပ်များလည်း ဝယ်ယူနိုင်ပါတယ်။ ရေ၊ ကျောက်ပြား၊ အဆောက်အဦး၊ ကားလမ်း၊ လျှပ်စစ်မီး၊ ဘက်စုံ စသဖြင့်လည်း နှစ်သက်ရာ သီးသန့်လှူနိုင်ပါတယ်။ ဘေးမှာတော့ ကြေးဆည်းလည်း၊ မီးဆလိုက် အရွယ်စုံကို ဝယ်ယူလှူဒါန်းနိုင်ပါတယ်။ ကမ္ဗည်းလည်း ခဏအတွင်း ထိုးပေးပါတယ်။ ကြေးဆည်းလည်းလေးတွေကို ဘုရားကျောက်လုံးတော်ကြီးအနီးက စတီးလက်ရန်းများမှာ ကိုယ်တိုင်ချိတ်ဆွဲ လှူဒါန်းလို့ရပါတယ်။ ရွှေသင်္ကန်းတစ်ဆိုင်းကို ၉၀၀ ကျပ် ပေးရပြီး ထောင်တန်ပေးလိုက်လို့ ပြန်အမ်းဖို့လိုအပ်ရင် ငွေအကြွေအစား ဘုရားပုံ အသေးလေးတွေ ပြန်ရတတ်ပါတယ်။


ပင်မအလှူခံဌာန

မီးဆလိုက်၊ ကြေးဆည်းလည်းများ ပူဇော်ရန် အလှူခံဌာန


သိမ်တော်ကြီး

ရင်ပြင်တော် ဆေးပေးခန်း


ရင်ပြင်တော်ပေါ်အတက် အဝင်မုခ်ဦး

တောင်ပေါ်တက်တဲ့ ကားတွေနဲ့ ကင်ပွန်းစခန်းကနေ ရသေ့တောင်စခန်းအထိကို လူတစ်ဦး ၁၈၀၀ ကျပ်နှုန်းနဲ့ လိုက်ပါနိုင်ပါတယ်။ ရသေ့တောင်ကနေ ရင်ပြင်တော် မုခ်ဦးနားထိ (အထက်ပါပုံ) ကိုတော့ တစ်ယောက် ၁၂၀၀ ကျပ်နဲ့ ဆက်တက်လို့ရပါတယ်။ ဘုရားဖူး အများစုကတော့ ရသေ့တောင်ရောက်ရင် အထက်ကို ခြေလျင်ပဲ ဆက်တက်ကြပါတယ်။ ဒါကြောင့်လည်း ရသေ့တောင်နဲ့ ရင်ပြင်တော်မုခ်ဦးအထိ သွားတဲ့ လမ်းတစ်လျှောက်မှာ အတက်သမားရော အဆင်းသမားပါ တွေ့ရသလို ကျိုက်ထိုဟော်တယ်နား ရောက်တဲ့အထိ ဈေးဆိုင်တန်းတွေနဲ့ စည်ကားနေပါတယ်။ ကျိုက်ထိုဟော်တယ် အနားမှာ “Moutain Top” ဟိုတယ်နဲ့ မနီးမဝေးမှာ အခြားဟော်တယ်တစ်လုံးလည်း ရှိပါသေးတယ်။ ဟော်တယ်တွေက ဧည့်သည်တွေ ရင်ပြင်တော်ဖက်ထိ မသွားချင်ရင်ပဲဖြစ်ဖြစ်၊ အချိန်လင့်သွားရင်ပဲဖြစ်ဖြစ် အနီးနားက အစားအသောက်ဆိုင်တွေမှာ လမ်းလျှောက်ရင်း သွားထိုင်ကြပါတယ်။ ညလုံးပေါက် မဟုတ်တောင် တော်တော်ညဥ့်နက်တဲ့အထိ သီချင်းသံတွေနဲ့ပါ။ ဈေးတော့ နည်းနည်းကြီးတယ် ပြောရမယ်။

Thursday, April 9, 2009

သြော် နဂါးအိုင်

“သြော် နဂါးအိုင်” လေးကို စတွေ့တာက မနေ့ကမှဗျ။ “သြော် နဂါးအိုင်” သတင်း ကြားကြားချင်းပဲ ရောက်အောင် သွားဖြစ်လိုက်တယ်။ “သြော် နဂါးအိုင်” ကို ရောက်သွားတယ်ဆိုရင်ပဲ ကျွန်တော်တို့ မြန်မာတွေအတွက် အဆင်ပြေတယ်ဆိုတာ အသေအချာ သိလိုက်ရတယ်။

“သြော် နဂါးအိုင်” ဆိုတာက အလွယ်တကူမှတ်မိအောင် ကျွန်တော့်ဘာသာ ကြံဖန်မှတ်ထားတဲ့ စကားလုံးပါ။ ဘယ်နေရာရောက်ရောက် မြန်မာဖောင့်ရှိတဲ့ ကွန်ပြူတာဖြစ်ရုံနဲ့ လိုအပ်လာရင် အလွယ်တကူ ဖွင့်နိုင်အောင် စာလုံးပေါင်းကို မှတ်သားထားတာပါ။ နာမည်ဖျက်တာ မဟုတ်ရပါဘူးခင်ဗျာ။ ကျောင်းတုန်းက အရေးကြီးတဲ့စာတွေကို မမေ့မလျော့အောင် အတိုကောက်လေးတွေ၊ ကဗျာပိုင်းလေးတွေထုတ်ပြီး ကိုယ့်သင်္ကေတနဲ့ကိုယ် မှတ်သားကြတဲ့ သဘောမျိုးပါ။ “OR (သြော်)_NA ()_ GA( ဂါး) _I (အိုင်)” အဲလို ပေါက်ပေါက်ရှာရှာမှတ်လိုက်တာပါ။

သူ့ရဲ့ အမည်အပြည့်အစုံက http://www.ornagai.com/ ပါ။
သူ့အကြောင်းကို စသိခဲ့တာက ကိုမောင်လှ ဆီကပါ။
သူ့အကြောင်းကို ပိုသိသွားတာက ကိုဒီဘီအေ ဆီမှာပါ။

သူ့ဆီသွားလိုက်လို့ရှိရင် အင်္ဂလိပ်လိုရိုက်ပြီး မြန်မာလို အဓိပ္ပါယ်ရှာနိုင်တဲ့ “အင်္ဂလိပ်-မြန်မာ အဘိဓါန်” မြန်မာလိုရိုက်ပြီး အင်္ဂလိပ်စာလုံးကို ရှာနိုင်တဲ့ “မြန်မာ-အင်္ဂလိပ် အဘိဓါန်” ကို အလွယ်တကူသုံးလို့ရပါတယ် ။ ဘာ Software မှ Download ဆွဲစရာမလိုဘဲနဲ့ Internet ချိတ်ထားပြီး ဇော်ဂျီ font ရှိတဲ့ ကွန်ပြူတာတိုင်းမှာ သူ့ website ကို ဖွင့်လိုက်ရုံနဲ့တင် သုံးလို့ရတယ်။ စာလုံးတစ်လုံးကို ရိုက်ရှာလိုက်ရင် အဓိပ္ပါယ်ချင်း ဆက်စပ်တဲ့ စာလုံးတွေကိုပါ တဆက်တည်း ဖော်ပြပေးပါတယ်။

ဒါ့အပြင် ကိုယ် ရိုက်ရှာကြည့်တဲ့ စကားလုံး မရှိသေးဘူးဆိုရင်လည်း နောင်လာနောက်သားများအတွက် အဆင်ပြေအောင် စေတနာထား၍ ထည့်သွင်းပေးသွားလို့လဲ ရပါတယ်။ အနီးနားက အဘိဓါန်စာအုပ် တစ်အုပ်အုပ်ထဲက ရှာဖွေပြီးတော့ ထပ်ပေါင်းထည့်ပေးဖို့ပါ။ အဲဒါမှလည်း တဖြည်းဖြည်းနဲ့ စာလုံးရေတွေ များများလာပြီး လူတိုင်းအတွက် ပိုမိုအသုံးဝင်လာမှာဖြစ်ပါတယ်။

ကိုယ့်ရဲ့ Mobile handset လေးတွေထဲလည်း ထည့်သုံးနိုင်ပါသေးတယ်။ ဒါပေမယ့် handset တိုင်းတော့ မရပါဘူး။ http://www.ornagai.com/site/mobile ကို သွားရင်တော့ handset ထဲ ထည့်တဲ့အကြောင်းနဲ့ ဘယ် handset တွေမှာ သုံးလို့ရတယ် ဆိုတာလေးတွေပါ မြင်ရမှာပါ။

အဲဒီမှာ Download ဆွဲထားတဲ့ file ကို ပြန်ဖြည်ပြီး ကိုယ့်ရဲ့ handset ထဲကို ကူးထည့်လိုက်ပါ။ ကျွန်တော်ကတော့ application အောက်မှာ အဲဒီ file ကို သိမ်းလိုက်ပါတယ်။ ကူးပြီးပြီဆိုရင် အဲဒီကို သွားလိုက်ပြီး install ကို နှိပ်လိုက်ရင် သူ့ဟာသူ လုပ်သွားပါလိမ့်မယ်။ next next တောင် လုပ်နေဖို့ မလိုပါဘူး။ ပြီးပြီဆိုရင်တော့ start နှိပ်ပြီး တန်းသုံးလို့ရပါပြီ။ ဒါက သုံးလို့ရတဲ့ handset တွေမှာ ပြောတာပါ။ ကျွန်တော့် handset လေးကတော့ ကံကောင်းထောက်မစွာနဲ့ အဆင်ပြေသွားပါတယ်။


“သြော် နဂါးအိုင်” ရေ ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ။

Tuesday, April 7, 2009

တစ်ကျပ်ပေးပါ့မယ်


ကိုယ့်နိုင်ငံမှာဆိုရင်တော့ March လထဲ စဝင်ရင်ပဲ သင်္ကြန်အငွေ့အသက်လေးတွေ ရစပြုပြီ။ သင်္ကြန်တွေမှာ မိဘတွေနဲ့ ဘုရားဖူးမထွက်ဖြစ်ရင် တောင်ငူမှာပဲ နွှဲပါတယ်။ တောင်ငူသင်္ကြန်ကတော့ ကလေးဘဝတုန်းက သင်္ကြန်ကိုပဲ တမ်းတမိပါတယ်။

အိမ်က ဗိုလ်မှူးဖိုးကွန်းလမ်းမှာဆိုတော့ မစည်ဘူးဆိုတဲ့နှစ်တောင် ရေပက်ခံထွက်တဲ့သူက မပြတ်ပါဘူး။ မောင်နှမဝမ်းကွဲတွေအပြင် အိမ်နားနီးချင်းကလေးတွေပါ အိမ်မှာပဲ စုပက်ကြတာများတယ်။ သင်္ကြန်တိုင်းမှာ အကြိုနေ့မနက်ကနေ အတက်နေ့ညနေ မိုးစုပ်စုပ်ချုပ်တဲ့အထိ ရေပက်ရမှ ကျေနပ်ပါတယ်။ ခိုက်ခိုက်တုန်မှ သိမ်းပါတယ်။ အဖေက ရေကို ပီပါနဲ့ ကြိုဖြည့်ပေးထားတယ်။ ညနေပိုင်းတွေဆို ရေခဲတုံးတွေဝယ် ဇလုံကြီးထဲ ထည့်စိမ်ပြီး ပက်ကြတယ်။ ရေပက်ခံထွက်တဲ့သူတွေဆီက

“အောင်မလေး အေးလိုက်တာဗျ ရေခဲရေနဲ့ ပက်တယ်ဗျို့”

ဆိုတဲ့ အသံပြန်ကြားရရင် အရမ်းပျော်တယ်လေ။

အကြိုနေ့မတိုင်ခင် ပြင်ဆင်မှုအနေနဲ့ အချိုရည်သတ္တုဗူးခွံတွေကို သံမံတလင်းမှာ တိုက်သွေးပြီး အဝကို ဖောက်ထားပါတယ်။ ခွက်စောင်းခုတ်မလို့ပါ။ ဗူးထဲမှာ ရေသုံးပုံတစ်ပုံလောက်ထည့် အောက်ခြေက လက်တစ်ဖက်နဲ့ မြဲမြဲကိုင်ပြီး လူရှိရာကို ခုတ်ချရင် ရေအားက အသားအတော်နာပါတယ်။ အမူးသမားတွေ ရေလာလုရင် ဆော်ပလော်တီးဖို့ပါ။ အမတွေကို ရေလာလောင်းတဲ့ ငနဲသားတွေကို ပြန်ဆော်တဲ့ လက်နက်အဖြစ်လဲသုံးပါတယ်။

အကြိုနေ့နံနက်ကတည်းက ကျွန်တော်ကတော့ စပက်ပါပြီ။ Steel Pipe လေးနဲ့ပါ။ Steel Pipe မှာမှ တချို့က အားပိုကောင်းပြီး ရေအားစူးတဲ့ခေါင်းကို လဲတပ်ပြီး သုံးကြပါတယ်။ ကျွန်တော့်လက်စွဲတော် ပိုက်လေးကတော့ ရိုးရိုးပဲမို့ အပြိုင်ပက်ကြရင် သိပ်မတိုးပါဘူး။ ချာတိတ်တချို့က အဖွဲ့လိုက် ခြေလျင်ထွက်ကြတယ်။ အဲဒီကောင်တွေလာရင် ပိုက်နဲ့ ပြိုင်ထိုးကြတော့တာပဲ။ ပြိုင်ပက်လို့ မနိုင်ရင် ပီပါပုံးထဲ ရေဖြည့်တဲ့ ပိုက်နဲ့ပြန်ထိုးပါတယ်။ အဲဒါမှ မနိုင်ရင် ဘာလုပ်တယ်ထင်ပါသလဲ။ ခြံထဲဝင်ပြေးပါတော့တယ်။ အာဂ သတ္တိပါ။

ကျွန်တော်တို့ ရေအမြဲပက်နေကြ ဖောက်သည် ဦးလေးကြီးတစ်ယောက် ရှိတယ်။ ကလေးတွေဆိုတော့ ဖြတ်သွားတဲ့သူတိုင်းကို ရေစိုအောင်မပက်နိုင်ပါဘူး။ အဲဒီ ဦးလေးကြီးကတော့ တစ်ကိုယ်တော်လမ်းလျှောက်ပြီး အမြဲရေပက်ခံထွက်နေကြပါ။ သူလာရင် ကျွန်တော်တို့ စိတ်ကြိုက် ရွှဲနစ်နေအောင် ဝိုင်းပက်ကြပြီးမှ ဆက်သွားပါတယ်။ ခွက်စောင်းခုတ်လည်း ပြုံးပြုံးပါပဲ။ ကလေးတွေပေမယ့် ကြာတော့ ခွက်စောင်းခုတ်ရမှာ အားနာလာကြတယ်။

တစ်မနက်မှာတော့ အဒေါ်ကြီးတစ်ယောက် စက်ဘီးမှာ လက်ဆွဲခြင်းကြီးချိတ်ပြီး ဖြည်းဖြည်းလေး နင်းလာပါတယ်။ ရေပက်မလို့ အသင့်ပြင်ထားတဲ့ ကျွန်တော်တို့ ကလေးတစ်သိုက်ကိုလည်းမြင်ရော အဒေါ်ကြီးက ကြောက်အားလန့်အားနဲ့-

“မပက်ပါနဲ့ကွယ် ရပ်ပေးပါ့မယ်”

ဆိုပြီး သူ့စက်ဘီးလဲမှာစိုးလို့ ပြောတယ်။ အဲဒါကို ဟောဒီက ကျွန်တော်က

“မပက်ပါနဲ့ကွယ် တစ်ကျပ်ပေးပါ့မယ်”

လို့ နားကြားလွဲပါတယ်။ ပြီးတော့ ငြိမ်မနေသေးပါဘူး။

“ဟေ့ မပက်ကြနဲ့ကွ ဒီအဒေါ်က တစ်ကျပ်ပေးလိမ့်မယ်”

လို့လဲ အော်မိရော အားလုံးဝိုင်းရယ်ကြတော့တာပေါ့။ ဒီတော့မှ ကျွန်တော်လည်း ကိုယ့်ဟာကိုယ် မှားမှန်းသိပြီး ရှက်ရှက်နဲ့ အိမ်ထဲဝင်ပြေးတာ အဲဒီမနက်က ရေဆက်မပက်လိုက်ရပါဘူး။ ။
------------------------------------------------------------------------------------------------------
[ဒီပုံလေးကို ရက်ရောတဲ့ ကိုဆူး ဆီကနေ ခဏယူသုံးထားပါတယ်]

Saturday, April 4, 2009

တောင်ပေါ်က ကျိုက်ထိုဟော်တယ်

ကျိုက်ထိုဟော်တယ်ရောက်တော့ နေမွန်းတည့်လုပြီ


ဧည့်ကြိုဆောင်

booking ယူကတည်းက ငွေချေပြီးသားမို့ အခန်းမရမှာ မပူရတော့ဘူး။ ရန်ကုန်ရုံးမှာ အခန်းငှားတုန်းက အသက်သာဆုံးအခန်းကိုပေးပါ ဆိုတာတောင် တစ်ရက်ကို ကျပ်နှစ်သောင်းခွဲ ပေးရပါတယ်။ breakfast ပါပါတယ်။ ထမင်းကြော်+ ကြက်ဥကြော် ဒါမှမဟုတ် ပေါင်မုန့်မီးကင်+ယို၊ထောပါတ် နှစ်သက်ရာ ရွေးချယ်နိုင်ပါတယ်။ ကော်ဖီတစ်ခွက်ကတော့ လူတိုင်းသုံးဆောင်နိုင်သလို ရေနွေးကြမ်းလည်း တောင်းလို့ရပါတယ်။ အိပ်ရာထနောက်ကျရင်တော့ ထမင်းကြော်ကုန်သွားလို့ ခဏစောင့်နေရတာမျိုး ရှိနိုင်ပါတယ်။


ကျိုက်ထိုဟော်တယ်က နှစ်ထပ်တည်းခိုဆောင်

ရန်ကုန်ရုံးမှာ ငွေရှင်းထားတဲ့ ဘောက်ချာရယ် မှတ်ပုံတင်ရယ် ပေးလိုက်တော့ ဝန်ထမ်းတစ်ယောက်က နေရမယ့်အခန်းကို လိုက်ပို့တယ်။ နှစ်ထပ်ဆောင်ရဲ့ အောက်ထပ် အစွန်ဆုံးအခန်းရပါတယ်။ အောက်ထပ်ဖြစ်လို့ အပေါ်ထပ်က အသံတော့ နည်းနည်းရှိပါတယ်။ အခန်းက နှစ်ယောက်စာအတွက်ဆိုရင်တော့ အတော်ကို ကျယ်ပါတယ်။ ရေချိုးခန်း အိမ်သာက တွဲလျက်ပါပေမယ့် အခင်းကိုတော့ ကြွေပြားကပ်မထားပါဘူး။ ရေပူရေအေးပိုက် တပ်ထားပေမယ့် ကျွန်တော်တို့တည်းခဲ့တဲ့ နှစ်ရက်လုံးလုံး ရေအေးနဲ့သာ နှစ်ပါးသွားခဲ့ရပါတယ်။ အခန်းထဲမှာ ဓါတ်ဗူးအလွတ်နဲ့ ဖန်ခွက်တွေရှိပါတယ်။ ရေနွေးကြမ်းလိုရင်လည်း တောင်းလို့ရပါတယ်။ ရေသန့်ဗူးကတော့ တစ်ရက်ကို နှစ်ယောက်အတွက် ဘူးသေးနှစ်ဗူးပဲပေးပါတယ်။


ညပိုင်းတွေမှာတော့ မီးမလာတဲ့ အချိန်တွေဆိုလည်း မီးစက်နှိုးပေးထားပါတယ်။ ဧည့်သည်အရမ်းပါးတဲ့အချိန်တော့ မပြောတတ်ပါဘူး။ ကျွန်တော်တို့တည်းနေတဲ့ အချိန်ကတော့ အပြည့်အကျပ်မဟုတ်ပေမယ့် စည်စည်ကားကားပါပဲ။ အားလုံးခြုံကြည့်ရင် ကျိုက်ထိုဟော်တယ်မှာ တည်းရတာကို သဘောကျပါတယ်။ အခန်းခနှုန်းနဲ့ ဝန်ဆောင်မှုကို ကြည့်ရင် တောင်ပေါ်အနေအထားနဲ့ သင့်တင့်မျှတတယ်လို့ ပြောရပါမယ်။ နောက်ပြီး အင်တာနက်လည်း သုံးလို့ရပါသေးတယ်။ တစ်နာရီကို နှစ်ထောင်လို့ ထင်ပါတယ်။ မသုံးခဲ့လို့ အတိကျမမှတ်မိတော့ပါဘူး။ ဒီတစ်ခေါက်မှာ ကျိုက်ထိုဟော်တယ်က အခန်းတွေ အတော်ကို များနေပါပြီ။ အသစ်ထပ်ဆောက်ထားတဲ့ လုံးချင်းတွေလည်း မနည်းပါဘူး။


ကျိုက်ထိုဟော်တယ်ရှေ့က View Point ဆိုင်လေးကတော့ အေးစိမ့်စိမ့်လေတဖြူးဖြူးနဲ့ အဝေးက တောတောင်ရှုခင်းတွေကို ကြည့်ရင်း အရမ်းထိုင်လို့ကောင်းတဲ့ နေရာတစ်ခုပါ

Saturday, March 28, 2009

ရသေ့တောင်မှ အတက်

ရသေ့တောင်တော်စခန်း

ရသေ့တောင်တော်စခန်းက ကားလမ်းခရီးတစ်ဆင့် ဂိတ်ဆုံးပါတယ်။ လေးဆယ့်ငါးမိနစ်လောက်ပဲ ကြာပါတယ်။ ကင်ပွန်းစခန်းကနေ ရသေ့တောင်စခန်းအထိကို ကားခက ၁၈၀၀ ကျပ် (နောက်ခန်း)ပါ။ ရသေ့တောင်ကနေ တောင်ပေါ်အထိကတော့ ၁၂၀၀ ကျပ်ပါ။ ဘုရားဖူးအများစုကတော့ ရသေ့တောင်ထိပဲ ကားနဲ့တက်ကြပြီး ရသေ့တောင်ကနေ တောင်ပေါ်ထိကိုတော့ ခြေလျင်တက်ကြလေ့ရှိပါတယ်။ တလောက သတင်းတစ်ပုဒ်မှာ ရသေ့တောင်ကနေ တောင်ပေါ်ထိ ဘုရားဖူးများကို ကားနဲ့ တက်ခွင့်မပြုတော့ဘဲ ကုန်ပစ္စည်းများတင်ဆောင်မှုသာ ခွင့်ပြုတော့တယ်လို့ ဖတ်လိုက်ရပါတယ်။


ကားပေါ်မှာ အဲဒီ အဘဝဝရဲ့ ဘေးမှာ ထိုင်မိတော့ ကားကွေ့တဲ့အခါ အဘဖက် စောင်းကွေ့ရင် ဆိုဖာကြီးလိုဖြစ်ပြီး ကျွန်တော့်ဖက် စောင်းကွေ့တဲ့အခါမှာတော့...

တောင်ပေါ်တက်တဲ့ကားပေါ်မှာ ကျွန်တော်တို့ရှေ့နား ထိုင်တဲ့လူတစ်ယောက်က ရသေ့တောင်ရောက်ရင် ကျွန်တော်တို့နှစ်ယောက်ရဲ့ အိတ်တွေ(ကျောပိုးအိတ်နှစ်လုံးထဲ)ကို သူထမ်းပါရစေတဲ့။ သူဟာ အထမ်းသမားဖြစ်တဲ့အကြောင်း တောင်ခြေခဏဆင်းရင်း အခုပြန်တက်လာတာဖြစ်ကြောင်း ပြောပါတယ်။ ကျွန်တော်တို့လည်း အထမ်းသမားတွေရဲ့ စည်းကမ်းတွေ ဘယ်လိုရှိတယ်ဆိုတာကို မသိတာမို့ သူ့ကမ်းလှမ်းချက်ကို လက်ခံလိုက်မိပါတယ်။ ရသေ့တောင်စခန်းရောက်တော့ အထမ်းသမားကွပ်ကဲရေးရုံးကျော်မှ သူထမ်းလို့ရမှာဖြစ်လို့ အဲဒီရုံးကျော်တဲ့အထိ တက်လာခဲ့ဖို့ ပြောပြီး တက်သွားပါတော့တယ်။ အဲဒီအချိန်မှာ အထမ်းသမားကွပ်ကဲရေးရုံးက အကျီမှာ နံပါတ်ပါသော အထမ်းသမားများကို ရုံးမှအစီအစဉ်ဖြင့် ငှားရမ်းသယ်ဆောင်မှသာလျှင် တစ်စုံတစ်ခု ဖြစ်ပါက ဖြေရှင်းပေးမည်ဖြစ်ကြောင်း ကြေညာသံကြားရတော့မှ ကျွန်တော်တို့လည်း ဆုံးဖြတ်ချက်စောသွားကြောင်း သိလိုက်ရတော့တယ်။ ရုံးကနေတဆင့် ငှားသယ်နိုင်ပေမယ့် ဟိုလူကို ပြောလိုက်မိတာကြောင့် အားနာလို့ရယ် ဟိုလူကလည်း သူစောင့်နေတဲ့ဆီကနေ လှမ်းကြည့်နေတာရယ်ကြောင့် မငှားဖြစ်ပဲ ဆက်တက်ခဲ့ကြတော့တယ်။ လမ်းဘေး သစ်ပင်အောက်လေးတွေမှာတော့ ဆယ်ကျော်သက်ဝန်းကျင် အထမ်းသမားလေးတွေ(သူတို့မှာ နံပါတ်တပ်ထားတဲ့ အကျီလေးတွေ ဝတ်ထားကြတယ်)က ကျောပိုးအိတ်တစ်လုံး သယ်ခ တစ်ထောင်ဖြစ်ကြောင်း ရုံးကနေတစ်ဆင့် ငှားရကြောင်း တတွတ်တွတ် ပြောသူက ပြောပေးနေကြပါတယ်။ ဟိုလူမထမ်းခင် ဈေးအရင်မေးကြည့်တော့ တစ်လုံးကို ကျပ်တစ်ထောင့်ငါးရာနဲ့ သုံးထောင်တောင်းပါတယ်။ လမ်းမှာ ကလေးတွေ ပြောနေတဲ့ ဈေးကို ကြားထားလို့ ဈေးဆစ်လိုက်တော့ တစ်လုံးတစ်ထောင်နဲ့ ရပါတယ်။ ပြီးတာနဲ့ ကျောပိုးအိတ်နှစ်လုံးကို ရှေ့နောက်တစ်လုံးစီလွယ်ပြီး ရှေ့ကနေတက်သွားလေရဲ့။ ဒါတောင် ကလေးတွေက လျှောက်ပြောနေတာ တကယ်ငှားတော့မယ်ဆိုရင် အဲဒီဈေးနဲ့ မရဘူးလို့လဲ ပြောပါသေးတယ်။
နံပါတ်တပ် အကျီနဲ့ အထမ်းသမားတစ်ဦး

ခြေလျင်ခရီးဆိုပေမယ့် ကွန်ကရစ်ကားလမ်း အတိုင်းသာ တက်ကြတာပါ။ တောလမ်းက တက်ချင်တဲ့သူတွေအတွက်လည်း လမ်းညွှန်ထားတာရှိပါတယ်။ ရသေ့တောင်ကနေ တောင်ပေါ်အထိ ကားလမ်းတစ်လျှောက်မှာတော့ အတက်အဆင်း ဘုရားဖူးတွေနဲ့ စည်ကားပါတယ်။ ခြေလျင်တက်ပြီးမှ ဆက်မတက်နိုင်တော့လို့ လမ်းတစ်ဝက်ကနေ အထမ်းငှားချင်တဲ့သူတွေကို စောင့်ထမ်းပေးဖို့ အထမ်းစင်လေးတွေ နေရိပ်မှာ ချထားပြီး စောင့်နေတာမျိုးလည်းရှိပါတယ်။ လမ်းတစ်လျှောက်လုံး အစားအသောက်ဆိုင်တွေနဲ့ လက်ဆောင်ပစ္စည်းဆိုင်တွေ တော်တော်များများတွေ့ရတယ်။ ကျွန်တော်တို့တော့ ဖြည်းဖြည်းချင်းပဲ ဟိုကြည့်ဒီကြည့်လုပ်လိုက် ဓါတ်ပုံရိုက်လိုက်နဲ့တက်သွားတာ “ကျိုက်ထိုဟော်တယ်” ရောက်တဲ့အထိ တစ်နာရီတောင် ကြာသွားပါတယ်။ :D


ဒီအောက်က စာပိုဒ်လေးတွေကတော့ ပထမဆုံးအကြိမ် ရောက်ဖူးစဉ်က အကြောင်းလေးတွေကို ဖြည့်စွက်ရေးထားတာပါ။ ပုံတွေကတော့ အခုရိုက်ခဲ့တဲ့ပုံတွေပါ။

အထမ်းသမားလေးဦးထမ်းတဲ့ အထမ်းစင် (ဝါ) ဝေါယာဉ်

ပထမဆုံးအကြိမ် ရောက်ဖူးတုန်းက ကျွန်တော် ခြောက်တန်းနှစ်မှာ။ ကျွန်တော်တို့ရောက်တဲ့ မနက်က တောင်ပေါ်တက်တဲ့ကားလမ်း ဖွင့်ပွဲနေ့ (၁၉၉၂ ဇန်နဝါရီ ၄ ရက် ဖြစ်မယ်ထင်ပါတယ်)။ ဒါပေမယ့် ဖွင့်စမို့ ကားနဲ့ သိပ်မတက်ရဲကြသေးဘူး။ အတက်မှာ အမေက ကျန်းမာရေးကြောင့် ဝေါယာဉ်အထမ်းနဲ့ တက်ရတယ်။ ဝေါယာဉ်အထမ်းဆိုတာက သစ်သား ပက်လက်ကုလားထိုင်ကို ခပ်တောင့်တောင့် ဝါးလုံးကြီးနှစ်လုံး ဘေးတစ်ဖက်စီမှာ ကြိုးနဲ့ မြဲစွာဆိုင်းပြီး လူလေးယောက်က ထမ်းကြတာပါ။ အလေးချိန်နဲ့ပေမယ့် သူတို့တက်ကြတာ သာမန်နှုန်းနဲ့ တက်တဲ့ ဘုရားဖူးတွေထက် မြန်ပါတယ်။ ကျွန်တော်က အမေနဲ့ ကပ်လိုက်တယ်။ ကျွန်တော့်ကိုယ်က ပေါ့ပေါ့လေးပါ ;D အထမ်းပေါ်က ကျွန်တော်တို့သားအမိကို တောင်ပေါ်က ပြန်ဆင်းလာတဲ့ စနောက်တတ်တဲ့အဖွဲ့တွေက “ဟာ.. မယ်တော်ကြီး ကြွလာပြီ ဆားလှော်လေးလည်း ပါတယ်ဟေ့ မော်မဖူးကြနဲ့ ခလုပ်တိုက်မယ်” ဆိုပြီး စသွားကြတာ မှတ်မိနေသေးတယ်။


ခြင်းအထမ်းထဲက လိုက်တဲ့ ကလေးငယ်

တောင်ပေါ်က ပြန်အဆင်းမှာ ကျွန်တော်နေမကောင်းဖြစ်နေရော။ အဲဒီတော့ ပင်ပန်းမှာစိုးလို့ အဖေက ကျွန်တော့်ကို အထမ်းနဲ့ ဆင်းဖို့ စီစဉ်ပါတယ်။ ဒီအထမ်းကတော့ အခုပစ္စည်းတွေ သယ်နေကြတဲ့ ခြင်းကြားကြီးပါပဲ။ အဲဒီထဲမှာ ကန့်လန့်ဖြတ် သစ်သားပြားထိုးထားတယ်။ အဲဒီသစ်သားပြားပေါ်ထိုင်ပြီး ခြေထောက်က ခြင်းအောက်ခြေမှာချလို့ လိုက်ရပါတယ်။ အထမ်းသမားက သူ့နှုန်းနဲ့သူ ဆင်းတာကို သားတော်မောင် မတော်တဆ ပြုတ်ကျမှာစိုးတာရယ်၊ နေမကောင်းဖြစ်နေတာရယ်၊ ဂျီကျတတ်တာရယ်ကြောင့် အကြောင်းသိပြီးသား အဖေက ဘေးကနေ မျက်ခြေမပြတ်တမ်း လိုက်ဆင်းပါတယ်။ (ကျွန်တော်ကလည်း နေသာမကောင်းတယ် တစ်လမ်းလုံး နားတဲ့နေရာတိုင်း ဟိုဟာစားချင် ဒီဟာစားချင်ပါ)။


အဖွားပိန်ပိန်လေးတစ်ဦးလည်း ဒီလိုခြင်းတောင်းလေးထဲကနေ တောင်ပေါ်တက်တာ တွေ့ခဲ့တယ်

Thursday, March 26, 2009

တောင်ပေါ်တက် ကားလမ်းတလျှောက်

ကားပေါ်ကို အလွယ်တကူ တက်နိုင်အောင် ယခုလိုအဆောင်လေးတွေ လုပ်ပေးထားပါတယ်

ကင်ပွန်းစခန်းရဲ့ မနက်ခင်းက အေးအေးမြမြ။ ကိုယ်လက်သန့်စင် အဝတ်လဲပြီး “ပန်းမြို့သူ”ကို နှုတ်ဆက်ခဲ့တယ်။ ခြံထဲ တစ်ပါတ်ကြည့်လိုက်တော့ နောက်ဖက်မှာ ပိုကောင်းတဲ့ ဘန်ဂလိုတွေ ရှိသေးတာပဲ။ ဈေးတန်းအတိုင်း လျှောက်လာပြီး မနက်စာအတွက် “ကျိုက်ထိုဟော်တယ် စားသောက်ဆိုင်” ဆိုတာကို တွေ့တာနဲ့ အဲဒီမှာပဲ ထိုင်ဖြစ်လိုက်တယ်။ ဒီဆိုင်က တောင်ပေါ်က ကျိုက်ထိုဟော်တယ်က ဖွင့်ထားတာ။ သိပ်မကြာသေးဘူးလို့ ပြောတယ်။ ထမင်းကြော်နဲ့ ကြက်ဥကြော်အပြင် ရာချိုတစ်ခွက် ပါ သောက်ဖြစ်တယ်။ မနက်စာတော့ ဆာနေလို့လား မသိဘူး အတော်စားလို့ကောင်းတယ်။

တောင်ပေါ်တက်တဲ့ ကားဂိတ်ရောက်တော့ ထွက်မဲ့ကားပေါ်မှာ လူက ကျဲနေသေးတယ်။ နိုင်ငံခြားသားတွေလည်း တွေ့ရတယ်။ ဘုရားဖူးပါးတဲ့ ကြားရက်ဖြစ်တဲ့ပြင် အချိန်ကလည်း ကိုးနာရီကျော်ပြီဆိုတော့ ကားထွက်ဖို့ လူပြည့်အောင် နာရီဝက်လောက် စောင့်လိုက်ရတယ်။ ကားက လူမပြည့်ရင် မထွက်ပါဘူး။ နိုင်ငံခြားသားတစ်ယောက်က ကားပေါ်က မြန်မာကလေးလေးတစ်ယောက်ကို လှမ်းချီတယ်။ ကလေးကလည်း အေးအေးဆေးဆေးလိုက်တယ်။ ပြီးတော့ ပြုံးရယ်လိုက် မုတ်ဆိတ်မွေးကို သွားဆွဲလိုက်နဲ့ ကလေးက မြူးနေတယ်။ နိုင်ငံခြားသားကလည်း ကလေးချစ်တတ်ပုံရတယ်။ ကလေးကလည်း သူ့လက်ပေါ်မှာနေတော့ ကလေးကို အမေလက်ထဲ ပြန်ထည့်လိုက် တော်နေ ပြန်တောင်းချီလိုက်နဲ့ အဆင်ပြေနေတယ်။ ဓါတ်ပုံတွေလည်း ရိုက်လို့ပေါ့။ ခဏနေတော့ ဘုရားဖူးတစ်ဖွဲ့ အထုပ်ပိုးတွေနဲ့ ရောက်လာတယ်။ ကားပေါ်ကနေ အဲဒီနိုင်ငံခြားသားကြီးကပဲ တစ်ထုပ်ပြီးတစ်ထုပ် လှမ်းယူပေးတယ်။ ကားနောက်က ပစ္စည်းထည့်တဲ့ ခြင်းကြီးထဲမှာ နေရာချပေးနေတယ်။ နိုင်ငံခြားသား ဧည့်သည်တွေထဲမှာတော့ အတော် ဖော်ရွေတယ်လို့ ဆိုရမယ်။

ထွက်လို့ရပြီဆိုတဲ့အချိန် ကားပေါ်မှာ လူတွေ အပြည့်ဖြစ်နေပါပြီ။ လျှံအောင်တော့ မတင်ပါဘူး။ မပြည့်ရင်လည်း ဆန်ကောထဲ ဆီးဖြူသီးလှိမ့်သလို ဖြစ်နေမှာ။ နောက်ခန်းမှာ သစ်သားတန်းတွေကို ဘေးဘောင်နှစ်ဖက်ပေါ်တင်ပြီး ခုံအဖြစ်လုပ်ထားတယ်။ လူအပြည့် ထိုင်လိုက်တော့ ရှေ့ခုံတန်းကလူနဲ့ နောက်ခုံတန်းကလူ အစေ့ပဲ။ ဘေးအစွန်လူနှစ်ယောက်ပဲ လက်တန်းကိုင်စရာရှိတယ်။ နောက်မှီဖို့လည်း မရှိပါဘူး။ ဒီလိုကားမျိုးကို ဒီလို ခပ်ကြပ်ကြပ်စီးရတာကပဲ အတက်မတ်မတ် အဆင်းစောက်စောက် နေရာမျိုးတွေအတွက် အဆင်ပြေနေတာပါ။

ကားစထွက်တော့ မြေပြန့်ကတ္တရာလမ်းအတိုင်း နည်းနည်းမောင်းရသေးတယ်။ ပြီးမှ တဖြည်းဖြည်းချင်း စတက်တော့တာ။ နေပူပူအောက်မှာပေမယ့် လေတဖြူးဖြူးနဲ့မို့ အပူဒဏ်က သိပ်မသိသာလှပါဘူး။ ဦးထုပ်ဆောင်းထားတဲ့ သူငယ်ချင်းဖြစ်သူကို လွင့်ကျမယ်လို့ သတိပေးလိုက်သေးတယ်။ ရတယ်တဲ့။ ရတယ်ဆိုတဲ့ ဦးထုပ်က ရသေ့တောင်စခန်းလည်း ရောက်ရော ပါမလာတော့ပါဘူး။

လမ်းမှာ အတက်ကားနဲ့ အဆင်းကားကို ဆင်းနေတက်နေတုန်းမှာ မဆုံအောင် ခေတ္တထိန်းပေးထားတဲ့ ရပ်နားစခန်းရှိတယ်။ အဲဒီကျမှ ကားခကို ကောက်တယ်။ တရားရိပ်သာတစ်ခုကိုလည်း တွေ့ခဲ့ရတယ်။ ကားပေါ်မှာတော့ ကင်မရာတစ်လုံးနဲ့ ရသမျှ လိုက်ရိုက်သေးတယ်။ ရေတံခွန်နဲ့ စမ်းချောင်းပုံကတော့ ကားအရှိန် နှေးနေတုန်းမို့ အဆင်သင့်သွားတယ်။ ရေကျအားက သိပ်များတာ မတွေ့ရဘူး။ ဒီပုံတွေက တောင်ပေါ်တက် ကားလမ်းဘေးမှာ တွေ့ရတဲ့ ရေတံခွန်ပါ။ တောင်ပေါ်ရောက်မှ သပ်သပ်ထပ်ဆင်းသွားရတဲ့ ရေတံခွန်ပုံတွေက နောက်မှာ ပါလာပါမယ်။

တောင်တက်ကားလမ်းဘေးက စမ်းချောင်း

Sunday, March 15, 2009

ကင်ပွန်းစခန်းမှာ တစ်ညတာ

တောင်ခြေ ကင်ပွန်းစခန်းမှာ ဒီတစ်ညအတွက် တည်းဖို့က ထမင်းဆိုင်တွေမှာလည်း မတည်းချင်ဘူး။ သီးသန့်တည်းခိုခန်း သင့်တော်တာလေးမှာပဲ တည်းချင်တယ်။ အရင်အခေါက်တွေတုန်းက ကင်ပွန်းစခန်းမှာ ရေကူးကန်ရှိတဲ့နေရာကို ရောက်ဖူးထားတယ်။ အဲဒီမှာ တည်းခိုဆောင် ဘန်ဂလိုလေးတွေလည်း မြင်ထားခဲ့တော့ အဆင်ပြေမယ်ထင်ပြီး သွားစုံစမ်းကြည့်တယ်။ ရိုးရိုးခန်းကို တစ်သောင်းသုံးထောင်တဲ့။ ကြည့်လိုက်တော့ သစ်သားပြားတွေ ခင်းကာထားတဲ့ အခန်းတစ်ခန်းမှာ နှစ်ယောက်အိပ်ခုတင်တစ်လုံးနဲ့ စောင်၊ ခြင်ထောင်ပဲပါတယ်။ ဘယ်လိုမှ မခံစားနိုင်တာနဲ့ ပြန်ထွက်လာခဲ့တယ်။ ဒါတောင် တစ်သောင်းရမယ် လုပ်နေသေးတယ်။


“ပန်းမြို့သူ” ဧည့်ရိပ်သာ (ကင်ပွန်းစခန်း)


ဂေါပကရုံးအလွန်နားက တည်းခိုခန်းကို စုံစမ်းမယ်ကြည့်ပြန်တော့ ခေါ်မရဘူး။ ကောင်းပါလေ့။ အဲဒီချိန်မှာ ဆိုင်တစ်ဆိုင်မှာ စကားပြောနေကြတဲ့ထဲက လူတစ်ယောက်က တည်းခိုးခန်း သန့်တာ တည်းချင်ရင် ပို့ပေးပါမယ်တဲ့။ ကျွန်တော်တို့လည်း လိုက်ကြည့်တာမမှားဘူးဆိုပြီး လိုက်သွားကြတယ်။ တောင်ပေါ်တက်တဲ့ ခြေလျင်လမ်းအတိုင်းသွားပြီး ဘယ်ဖက်တစ်နေရာရောက်တော့ ယိုစုံဆိုင်တန်းတွေကြား ဝင်ပေါက်ကနေ လှမ်းဝင်လိုက်ရင်ပဲ “ပန်းမြို့သူ”ဆိုတဲ့ နာမည်နဲ့ လိုက်အောင် သစ်ခွပန်းဥယျာဉ်ပေါက်စလေးနဲ့ တည်းခိုရိပ်သာလေးက ဆီးကြိုနေတယ်။ လိုက်ပို့တဲ့သူက ခေါ်ပေးတော့ ဦးလေးကြီးတစ်ယောက် ထွက်လာတယ်။ အခန်းတွေပြတော့ ပထမ ငါးထောင်ခန်းက ကုတင်နှစ်လုံးနဲ့ အိပ်ယာပဲ ပါတဲ့အပြင် သိပ်မသန့်သလို ဖြစ်လို့ သူ့ထက်ကောင်းတဲ့အခန်း ရှိသေးလားဆိုတော့ ခုနစ်ထောင်ခန်းကို လိုက်ပြတယ်။ ရေချိုးခန်း၊ အိမ်သာ တွဲလျက်ပါတဲ့အပြင် ခြင်လုံခန်းနဲ့ အိပ်ယာအိပ်ခင်းကလည်း သန့်ပြန့်တဲ့အတွက် ချက်ချင်းပဲ ရွေးလိုက်တော့တယ်။ လိုက်ပို့တဲ့သူကို ကျေးဇူးတင်ကြောင်း သေချာပြောပြီး အခန်းထဲဝင် ရေချိုးလိုက်တော့ လန်းသွားကြတယ်။


“မင်းသီတာ” လက်ဖက်ရည်နှင့် စားသောက်ဆိုင် (ကင်ပွန်းစခန်း)


မအိပ်ချင်သေးတာနဲ့ ဈေးတန်းဖက် လမ်းလျှောက်ထွက်ခဲ့တယ်။ ဂိမ်းဆိုင်တစ်ဆိုင်မှာတော့ ကစားတဲ့သူက ကစားနေတုန်းပဲ။ တည်းခိုခန်းလိုက်ရှာတုန်းက တွေ့ခဲ့တဲ့ “မင်းသီတာ” ဆိုတဲ့ လက်ဖက်ရည်ဆိုင်လေးကို သဘောကျလို့ အဲဒီမှာ သွားထိုင်ဖြစ်တယ်။ လိုက်ပို့ခဲ့တဲ့သူကို ကြည့်သေးတယ်။ လက်ဖက်ရည်လေး တိုက်မလို့ပါ။ သူပို့ပေးလို့ပဲ ကိုယ့်မှာ တစ်ညတာ တည်းရတာ အဆင်ပြေသွားတာ။ ဒါပေမယ့် မတွေ့တော့ဘူး။ မိုးလည်းချုပ်ပြီကိုး။ “မင်းသီတာ”က ညလုံးပေါက်ဖွင့်တဲ့ဆိုင်ဖြစ်မယ်။ ဆိုင်က သန့်သန့်ရှင်းရှင်းနဲ့ အစားအသောက်လည်း စုံတယ်ပြောရမယ်။ အပူအအေးအပြင် အကြော်အလှော်တချို့ပါ ရတယ်။ သီချင်းပုံမှန်လေးပဲ ဖွင့်ပေးထားတယ်။ ထိုင်နေတာတော့ ကျွန်တော်တို့ဝိုင်းနဲ့မှ နှစ်ဝိုင်းပဲရှိတယ်။ လလေးကသာ၊ ဆောင်းလေအေးက တဖြူးဖြူးနဲ့ လက်ဖက်ရည်လေးသောက် ရေနွေးလေးသောက်နဲ့ အတော်ကို လွမ်းမောဖွယ်ကောင်းခဲ့တဲ့ ကင်ပွန်းစခန်းက ညလေးတစ်ညပါပဲ။ အတော်ကြာ ထိုင်ဖြစ်ခဲ့ကြပြီးမှ ဈေးတန်းအတိုင်း တည်းခိုရိပ်သာရှိရာ လျှောက်လာပြီး အိပ်ယာဝင်ခဲ့ကြတယ်။

Friday, March 13, 2009

ရန်ကုန်-ကျိုက်ထို-ကင်ပွန်းစခန်း

တောင်ငူကနေ ရန်ကုန်ဆင်းလာကတည်းက အောင်မင်္ဂလာဂိတ်မှာ ကင်ပွန်းစခန်းထိ ရောက်တဲ့ Express ကားတွေကို လိုက်ကြည့်ပြီး ဖုံးနံပါတ်တွေ မှတ်လာခဲ့တယ်။ လက်မှတ်ကို တမင် ကြိုဝယ်မထားဘူး။ ဒီတစ်ခေါက်ကို လွတ်လွတ်လပ်လပ်နဲ့ ပေါ့ပေါ့ပါးပါးပဲ သွားချင်တယ်။ ဟိုလူစောင့် ဒီလူစောင့်တွေလဲ မလုပ်ချင်လို့ သူငယ်ချင်းနဲ့ နှစ်ယောက်ပဲ သွားဖြစ်တယ်။ တောင်ပေါ်ရောက်ရင် တည်းဖို့ကိုတော့ ကျိုက်ထိုဟော်တယ်ပဲ သဘောကျတယ်။ အရင်သွားတုန်းက booking လုပ်ပေးနေကြ သူငယ်ချင်းဆီ ဖုံးနံပါတ် လှမ်းတောင်းတယ်။ မြေနီကုန်းပလာဇာ အပေါ်မှာ ကျိုက်ထိုဟိုတယ် ရုံးခွဲရှိတယ်ဆိုတော့ အဆင်ပြေသွားတယ်။ တောင်ပေါ်ထိ booking လှမ်းပြီးတင်ရမယ် ထင်နေတာ။ အရင်အခေါက်တွေတုန်းက အဆင်သင့်လိုက်သွားရုံပဲဆိုတော့ မသိခဲ့ဘူး။ ဒါနဲ့ ဖုန်းဆက်ကြည့်တော့ သွားချင်တဲ့ရက် ရတယ်။ (တမင် လူရှင်းအောင် ကြားရက်ယူတာ)။ booking က ငွေလာသွင်းထားခိုင်းတယ်။ မသွင်းထားမိရင် တောင်ပေါ်ရောက်တဲ့အခါ အခန်းလက်ကျန်ရှိမှ ရနိုင်မယ်တဲ့။ သူငယ်ချင်းနှစ်ယောက် တစ်ချက်တိုင်ပင်လိုက်ပြီး နောက်တစ်ရက် နေ့လည်ပဲ သွားဖို့ ဆုံးဖြတ်လိုက်ကြတယ်။

နောက်နေ့မနက်ပိုင်းက ငွေနည်းနည်းသွားရောင်းတော့ ဈေးက စကျစပြုနေပြီ။ ရောင်းစရာရှိတာ ရောင်းပြီး အိတ်ပြန်ယူ ရေချိုး၊ ပြီးတဲ့အချိန်မှာပဲ သူငယ်ချင်းက ရောက်လာပြီ။ မြေနီကုန်းပလာဇာရောက်တော့ ဓါတ်လှေကား နည်းနည်းရှာလိုက်ရသေးတယ်။ အရင်က မရောက်ဖူးဘူး။ ဓါတ်လှေကားက ဒဂုံစင်တာဖက်အခြမ်းမှာ။ တက်သွားတော့ ကျိုက်ထိုဟော်တယ် ရုံးခန်းရောက်ပါတယ်။ နောက်တစ်နေ့ညအတွက် တစ်ရက်စာ ပိုက်ဆံရှင်းပြီးတာနဲ့ အောင်မင်္ဂလာကို တန်းဒိုးတယ်။ အောင်မင်္ဂလာရောက်တော့ ဘာကားစီးရမလဲ။ အချိန်တွေ တစ်ချက်ကြည့်လိုက်တော့ “ဝင်း” ကားက အနီးစပ်ဆုံးပဲ။ ညနေလေးနာရီခွဲကား။ တစ်နာရီလောက်လိုသေးတော့ ကားလက်မှတ်ဖြတ်ပြီး ဂိတ်မှာပဲ ခဏနားနေလိုက်တယ်။

ကားစထွက်တဲ့အထိ အေးဆေးပဲ။ ပဲခူးဝင်တော့ ကိုယ်ပေါ်မှာ ရွစိရွစိဖြစ်လာသလိုပဲဆိုပြီး ကြည့်လိုက်တော့။ ပုရွက်ဆိတ်တစ်ကောင်။ ဒါနဲ့ အသာပဲ ဖယ်လိုက်တယ်။ ခဏနေပြန်တော့ ဘေးက သူငယ်ချင်းက သူ့လဲ ကိုက်တယ်တဲ့။ ပြောနေရင်းပဲ နှစ်ကောင် သုံးကောင်တွေ့လာတယ်။ ဒါနဲ့ ဟိုဒီလှန်လှောရှာတော့မှ... လား...လား...။ ကူရှင်အစွပ်အောက်မှာ ကျေးဇူးရှင်တွေ။ ဒါနဲ့ အရေးပေါ်ဉာဏ်နီဉာဏ်နက်သုံးပြီး မလွှဲမရှောင်သာ ဖယ်ရှားလိုက်ရတယ်။ ပုရွက်ဆိတ်တစ်ရန် အေးပြန်တော့... ထိုင်ခုံ။ သူငယ်ချင်းက တံခါးဖက်အခြမ်း ထိုင်တယ်။ သူ့ထိုင်ခုံ ကူရှင်က တကယ့်ကို အရှင်ကြီး။ ရှင်လွန်းလို့ ခဏခဏပြုတ်ကျတယ်။ အောက်က သံဖရိန်နဲ့ ကူရှင်ကို ဘာမှ စွဲထားတာမရှိတော့ဘဲ လွတ်နေတော့ ကားသွားတဲ့အရှိန်နဲ့ နည်းနည်းကြာရင် တစ်ခါပြုတ်နဲ့ ကောင်းကောင်းကို ထိုင်လို့အဆင်မပြေဘူး။ ဒီတော့ ဒုတိယမြောက် ဉာဏ်နီဉာဏ်သုံးပြီး ကူရှင်ကို ကန့်လန့်ဖြတ်ထည့်လိုက်တော့မှ အဆင်ပြေသွားတယ်။ ဒီလိုနဲ့ နည်းနည်းမှောင်လာတော့ နောက်မော်ဒယ် ကျေးဇူးရှင်တစ်ကောင်က ထွက်လာပြန်တယ်။ ဘယ်သူမှတ်လဲ။ နှုတ်ခမ်းမွှေးကောင်လေ။ ပိုးဟပ်ပေါ့။ ဘယ်ကနေ ဘယ်လိုပါလာလဲမသိဘူး။ ဒါနဲ့ သူ့လည်းဖယ်ပြီးမှ အေးဆေးသွားတယ်။ သြော်.. ကျွန်တော်တို့ ရှေ့ထိုင်ခုံ အောက်က အင်ဂျင်ပေါက်ခေါ်မလား ဘီးပေါက်ခေါ်မလား အဲဒီနေရာကလဲ အဖုံးမပါဘူးခင်ဗျ။ အောက်က ကတ္တရာလမ်းကို လှမ်းမြင်နေရတော့ ကိုယ့်ပစ္စည်းပစ္စယ ထွက်မကျအောင် သတိထားနေရတယ်။


ညဖက် ကင်ပွန်းစခန်း ဈေးတန်းတစ်နေရာ


လမ်းမှာတစ်ထောက်နားတော့ သိမ်ဇရပ်ထင်တယ်။ ဗိုက်ဆာဆာနဲ့ ထမင်းကြော်ပူပူနွေးနွေးကို နှစ်ယောက်သား အဝတီးပြီး နွားနို့ပါ ဆွဲကြသေးတယ်။ နွားနို့ကလည်း ကောင်းတယ်။ ကျိုက်ထိုနားနီးလာတော့ “စိမ်းလဲ့တင်” ကို ဖြတ်လာခဲ့တယ်။ “ငွေမိုး ဆေးခန်း” အတွက် ခွဲခန်းစလောင်းသွားဆင်တုန်းက မော်လမြိုင်ကားရပ်တာနဲ့ စိမ်းလဲ့တင် မှာ တစ်ထောက်နားခဲ့ဖူးတယ်။ တော်တော်လေး သန့်ရှင်းသပ်ယပ်ပြီး အဆင်ပြေတယ်။ ကျိုက်ထိုရောက်တော့ ဝင်းကားဂိတ်မှာ ခဏရပ်ပြီး ကင်ပွန်းစခန်းထိ ဆက်မောင်းတယ်။ ကင်ပွန်းစခန်းဝင်တော့ ဆိုင်တွေတောင် အတော်ပိတ်ကုန်ပြီ။ လက်ဖက်ရည်ဆိုင်တချို့လောက်ပဲ ရှိတော့တယ်။ ကားပေါ်က ဆင်းဆင်းချင်း ဘယ်မှာ တစ်ညတာ တည်းရမလဲ စဉ်းစားရတယ်။

Friday, February 13, 2009

ထပ်တူကျခြင်း

အိမ်ဦးခန်းမှာ
အိမ်သားအိမ်သူမဟုတ်

သွေးမတော်သားမစပ်ဘဲ
ခန့်ခန့်ညားညား နေရာယူထားတဲ့ ဓါတ်ပုံတစ်ခု။

စိတ်အသွင်မှာ
တမင် ထည့်ထားခြင်းလည်းမရှိ
အစဉ် ပဲ့သွားခြင်းလည်းမရှိဘဲ
ဝံ့ဝံ့ကြွားကြွားနေရာယူထားတဲ့ ပုံရိပ်တစ်ခု။

အဲဒီနှစ်ခုဟာ တစ်ထပ်တည်းကျနေတယ်။

Thursday, January 29, 2009

သွားရည်ကျတဲ့ပုံပြင်

တစ်ခါတုန်းက လင်ဗန်းတိုင်းပြည်ကြီးမှာ ပေါင်မုန့်ဘုရင်ကြီးရယ် ကိတ်မုန့်မိဖုရားကြီးရယ် အုပ်ချုပ်သတဲ့ကွယ်။ သူတို့မှာ ဘီစကစ်သားတော်လေးတစ်ပါး ထွန်းကားတယ်။ ဘီစကစ်မင်းသားလေး အရွယ်ရောက်လာတော့ ဟိုဖက်တိုင်းပြည်က ကျောက်ကျောပါမောက္ခဆရာကြီးဆီမှာ ဓါးခုတ်၊ လှံထိုး၊ စက်ကြိုး၊ ယန္တရား၊ ဘာညာကွိကွ အစရှိတဲ့ အဌာရဿဆယ့်ရှစ်ရပ်ကို သွားရောက်သင်ကြားစေသတဲ့။ တကယ်တော့ မင်းသားလေးက ဂေါ်လီလုပ်လို့ကောင်းနေတုန်းအရွယ်ဆိုတော့ ပညာသင်မသွားချင်ဘူးလေ။ ဒါပေမယ့် ခမည်းတော်က တစ်ချက်လွှတ်အမိန့်ဆိုတော့လည်း သွားရတော့တာပေါ့။



အတိုင်းတိုင်းအပြည်ပြည်က မင်းညီမင်းသားတွေထဲမှာမှ ဘီစကစ်မင်းသားလေးက ဘာသာရပ်တိုင်းမှာ တကယ်ကို ထူးချွန်သတဲ့။ ကျောက်ကျောပါမောက္ခဆရာကြီးကို လာဘ်ထိုးပြီး အမှတ်ကောင်းအောင် လုပ်လို့လဲ မရဘူးလေ။ ဟိုက private ကျောင်းကိုး။ ဆရာကြီးမှာ အင်မတန်ချောမောလှပပြီး ယဉ်ကျေးသိမ်မွေ့လှတဲ့ ဟာလဝါသမီးလေးတစ်ယောက် ရှိတယ်လေ။ သူ့သမီးလေးက မင်းသားလေးနဲ့ အရွယ်တူဆိုတော့ ထိမ်းမြားပေးရင်ကောင်းမယ်လို့ ဆရာကြီးစဉ်းစားမိတယ်။ ဆရာကြီးအနေနဲ့ကလည်း မင်းသားတွေအများကြီးထဲက တစ်ယောက်မဟုတ် တစ်ယောက်နဲ့ ပေးစားလို့ရပေမယ့် ဘုရင့်သားတော်ဖြစ်တိုင်း အရည်အချင်းရှိတာမျိုးမှမဟုတ်ဘဲကိုး။ ဘီစကစ်မင်းသားလေးကတော့ တပည့်တွေထဲမှာ လိမ္မာရေးခြားလည်းရှိ ထူးလည်းထူးချွန်တော့ ဆရာကြီးက သဘောကျသတဲ့။ သူ့သမီးကိုသာ မင်းသားလေးနဲ့ ပေးစားနိုင်ရင် သူလည်း ပေါင်မုန့်ဘုရင်ကြီးနဲ့ ခမည်းခမက်ဖြစ်၊ သူ့သမီးလည်း အိမ်ရှေ့စံကတော်ဖြစ် နောက်ဆို မိဖုရားကြီးတောင်ဖြစ်မှာဆိုတော့ အဲဒီ projectကို မဖြစ်ဖြစ်အောင်စီစဉ်သတဲ့။



ကျောက်ကျောပါမောက္ခဆရာကြီးရဲ့ အစီအမံကောင်းမှုကြောင့် ဘီစကစ်မင်းသားလေးနဲ့ ဟလဝါမင်းသမီးလေးတို့လည်း ချစ်ကြိုက်သွားကြတော့တာပေါ့။ မင်းသားကလည်း မိန်းမကောင်းတို့ရဲ့ ကြန်အင်လက္ခဏာနဲ့ ပြည့်စုံနေတဲ့ဟာလဝါလေးကို စမြင်ကတည်းက ချစ်ကြိုက်မိနေတာတဲ့။ အတူပညာသင်ဖက်တွေထဲက ဆနွင်းမကင်းမင်းသားတို့၊ ရွှေကြည်မင်းသားတို့ဆိုရင် ဟာလဝါလေးကို အသည်းအသန် ကြွေနေကြရှာတာ။ ဆရာကြီး တင်းမှာစိုးလို့သာ ငြိမ်နေရတာ။ အခုတော့ ဆရာကြီးက အတိုင်းတိုင်းအပြည်ပြည်က ပညာလာသင်ကြတဲ့ တပည့်တွေထဲမှာမှ သူ့ကို လိုလိုလားလားဆိုတော့ သားသားကြိုက်ကြိုက်ပေါ့။ သူက ကံထူးရှင်ဖြစ်သွားတာကိုး။ ပညာစုံလို့ အိမ်အပြန်ခရီးမှာတော့ ဘီစကစ်မင်းသားလေးမှာ ပညာအပြင် ကြင်ယာပါ ရခဲ့တာပေါ့ကွယ်။



သြော်.. မင်းသားလေးက ပညာသင်ခရီးကို စထွက်လာကတည်းက မင်းသားတစ်ပါးရဲ့ အဆောင်အယောင်တွေ ကိုယ်ရံတော်တွေနဲ့ မလာခဲ့ဘူးတဲ့။ သူက အရည်အချင်းရှိတဲ့ ဘုရင့်သားတော်ဆိုတော့ သူ့အားသူကိုးပြီး သာမန်အရပ်သားလိုပဲ လာခဲ့တာ။ အခုအပြန်ခရီးမှာ ကြင်ယာတော်ပါ ပါလာပြီဆိုတော့ သူက တစ်မျိုးစဉ်းစားမိတယ်။ အလာလမ်းအတိုင်းပြန်ရင် ခရီးက နီးတယ်။ တိုင်းပြည်ပြန်ရောက်ရင်လည်း အိမ်ရှေ့စံအဖြစ်ကနေ ဘိသိက်ခံ ဘုရင်လုပ်ရတော့မှာဆိုတော့ ချစ်ချစ်နဲ့ ဟန်းနီးမွန်း သွားနိုင်တော့မယ်မထင်ဘူး။ အဲဒါကြောင့် အခုအပြန်ခရီးကို အခြားတစ်လမ်းကနေ သွားမယ်ဆိုပြီး မုန့်ဟင်းခါးဖတ်တောကြီးထဲကနေ ဖြတ်ပြန်ဖို့စီစဉ်တယ်။



မင်းသားလေးရဲ့ အကြံက မုန့်ဟင်းခါးဖတ်တောကြီးထဲမှာ ချစ်ချစ်နဲ့ နှစ်ယောက်တည်း တောတောင်သဘာဝတွေ ခံစားရင်း အေးအေးလူလူ နားနားနေနေ ပြန်ကြမယ်ပေါ့။ သူက လက်ရုံးရည်ရော နှလုံးရည်ရော ပြည့်စုံတဲ့သူဆိုတော့ ဘယ်သူ့အကူအညီမှ မယူဘဲ ကြင်ယာတော်ကို ကာကွယ်နိုင်ရမယ်လို့ သူ့ကိုယ့်သူ ယုံကြည်မှုအပြည့်ရှိတယ်လေ။ ဒီလိုနဲ့ မုန့်ဟင်းခါးဖတ်တောကြီးထဲမှာ တူနှစ်ကိုယ် ကလူကျီစယ်ရင်း ပြန်လာခဲ့ကြတယ်။ လမ်းခရီးတစ်ဝက်အရောက်မှာ တစ်ညတာ စခန်းချညအိပ်ကြသတဲ့။ မင်းသားလေးက မီးပုံလေးဖိုလိုက်ပြီး ချစ်သူလျောင်းစက်ဖို့ သူ့ပေါင်ကို ခေါင်းအုံးအဖြစ် အိပ်စေသတဲ့။ သူကတော့ မအိပ်ဘဲနဲ့ တစ်ညလုံး ထိုင်စောင့်နေသတဲ့။ အဲဒီညက တိုက်တိုက်ဆိုင်ဆိုင် လပြည့်ညတဲ့။ မိုးပေါ်က ထိန်ထိန်သာနေတဲ့ လမင်းကြီးရယ် မှိတ်တုတ်မှိတ်တုတ် ကြယ်လေးတွေရယ် အနီးနားက စမ်းရေစီးသံရယ် တောကောင်လေးတွေရဲ့ အော်သံရယ် ညက အတော်ကို ဆွတ်ပျံ့ကြည်နူးစရာကောင်းနေတယ်။ ဒါနဲ့ မင်းသားလေးကလည်း ရုတ်တရက် စိတ်မထိန်းဘဲနဲ့ သီချင်းလေး ညဉ်းမိတယ်တဲ့။ သီချင်းလေးက “အချစ်ညရင်ခုန်သံ”တဲ့။ နားထောင်ဖူးကြလားတော့ မသိဘူး။ တကယ့်ကို ရိုမန်တစ်သီချင်းလေးပေါ့။



မင်းသားလေးရဲ့ သီချင်းသံလေးကြားရတော့ ကြင်ယာတော်မင်းသမီးလေးလည်း နိုးလာတယ်။ မင်းသားလေးက အသံလည်းသာ အဆိုလည်းကောင်းတော့ မင်းသမီးလေးလည်း မနေနိုင်ဘူး ထလာတယ်။ ဒါနဲ့ မင်းသားလေးက “အိပ်လေ နှမတော်ရဲ့ စက်တော်ခေါ်လို့ မပျော်ဘူးလား” လို့ ကြင်ကြင်နာနာမေးလိုက်တယ်။ မင်းသမီးလေးက “အခုလို သာယာတဲ့ညလေးမှာ မောင်တော် တစ်ပါးတည်း စောင့်နေရတာ နှမတော်ဖြင့် ရွှေစိတ်တော်ပူလို့ စက်တော်ခေါ် မပျော်နိုင်ပါဘူး မောင်မောင်ရယ်”လို့ သံတော်ဦးတင်လိုက်တယ်။ ဒီလိုနဲ့ အိပ်မရကြမဲ့အတူတူ ချစ်သူနှစ်ဦးရဲ့ မင်္ဂလာဦးညလေးကို တစ်ယောက်မျက်နှာ တစ်ယောက် တစိမ့်စိမ့်ကြည့်ရင်းနဲ့ ကုန်ဆုံးခဲ့ကြသတဲ့။



နောက်နေ့နံနက် ခရီးဆက်တော့ တစ်နေရာအရောက်မှာ ရုတ်တရက် သူတို့ရှေ့မှာ ပေါက်ပေါက်ဆုပ်ဘီလူးညီနောင်“ပလွတ်”ဆို ရောက်လာသတဲ့။ ဖြတ်လတ်တဲ့ မင်းသားလေးက မုန့်လက်ညိုးဓါးကို အသင့်ထုတ်ပြီးသားပေါ့။ ဘလောင်နှစ်ကူးက “ဒီတောထဲက ဖြတ်သွားတဲ့သူမှန်သမျှ ငါတို့အစာပဲ”လို့ပြောပြီး ရန်မူဖို့ပြင်တယ်။ ဘယ်ရမလဲ မင်းသားလေးက ဇာတ်လိုက်လေ။ အဲဒီတော့ အဲဒီပေါက်ပေါက်ဆုပ်နှစ်ကောင်ကို မုန့်လက်ညှိုးဓါးနဲ့ ဆော်ပလော်တီးလိုက်တာ ဆေးရုံတောင် မရောက်သွားရှာဘူး။ မာလကီးယားသွားတော့တယ်။ တောထဲမှာဆိုတော့ ဆေးရုံလည်းမရှိပါဘူး။ အဲဒီအချိန်မှာ မုန့်ဆီကြော်ဘီလူးမကြီးက အုန်းမှုတ်ခွက် satellite ကနေ သူ့သားတွေ ဒီနေ့ဘာအစာရလဲဆိုပြီး လှမ်း check တယ်လေ။ အဲဒီတော့ သူ့သားနှစ်ကောင် ရှောနေတာကို တွေ့သွားပြီး ဒေါသထွက်ထွက်နဲ့ သူနေတဲ့ မုန့်စိမ်းပေါင်းတောင်ပေါ်ကနေ ဖနောင့်နဲ့ သုံးချက်ပေါက်လိုက်တော့ သာကူဆိုင်ကလုန်းက တိုက်ခတ်လာပါရော။



မင်းသားလေးက သတ္တဝါချင်းပဲ ယှဉ်နိုင်တာလေ။ အခုဟာက သာကူဆိုင်ကလုန်းဆိုတော့ သူလည်း မင်းသမီးလေးလက်ကို အမြန်လှမ်းဆွဲပြီး နီးရာသစ်ကိုင်းကို ဖမ်းဆုပ်ထားလိုက်တယ်။ ဒါပေမယ့် သာကူဆိုင်ကလုန်းက တော်တော်နဲ့ မရပ်တော့ ကြာရှည်မခံနိုင်တော့ဘဲ တကွဲတပြားစီ လွင့်ပါသွားတယ်။ မင်းသားလေးက ကော်ဖီချောင်းရေထဲ မျောပါသွားသလို မင်းသမီးလေးကလည်း လက်ဖက်ရည်ချောင်းထဲ မျောပါသွားတယ်။ အဲဒီကော်ဖီချောင်းနဲ့ လက်ဖက်ရည်ချောင်းက လင်ဗန်းတိုင်းပြည်ရဲ့ နယ်စပ်က နွားနို့ကန်ကြီးထဲကို စီးဝင်တယ်။



ကံကောင်းချင်တော့ နွားနို့ကန်ကြီးရဲ့ ကမ်းစပ်က မလှမ်းမကမ်းနေရာတွေမှာ သူတို့နှစ်ဦးလုံး တင်ကျန်ရစ်တယ်။ မသေဘူးပေါ့ကွယ်။ သေလို့လဲ မရဘူးလေ။ ဇာတ်လိုက်တို့စုံတွဲကိုး။ မေ့မျောနေတာပေါ့။ အဲဒီအချိန်ဟာ ပေါင်မုန့်ဘုရင်ကြီးနဲ့ ကိတ်မုန့်မိဖုရားကြီးတို့ တိုင်းခန်းလှည့်လည်ရင်း နွားနို့ကန်နားကို ရောက်လာတာနဲ့ တိုက်ဆိုင်နေတယ်တဲ့။ ဒီနေရာမှာ နည်းနည်းကျော်လိုက်မယ်။ ဟုတ်ပါတယ်။ အားလုံးထင်ထားကြတဲ့အတိုင်းပဲ ဇာတ်လိုက်မင်းသားလေးဟာ မင်းသမီးလေးနဲ့ ပျော်ရွှင်စွာပေါင်းဖက်ရင်း လင်ဗန်းတိုင်းပြည်ကြီးကို ဘုရင်အဖြစ် သက်ဆုံးတိုင် မင်းကျင့်တရားဆယ်ပါးနဲ့အညီ အုပ်ချုပ်သွားတော့သတဲ့ကွယ်။

ပုံပြင်လေးကတော့ ဒါပါပဲကွယ်။



(လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ဝန်းကျင်က လုံမလေးမဂ္ဂဇင်းပါ ပုံပြင်လေးတစ်ပုဒ်ကို တောင်ငူသား version နဲ့ အသက်ပြန်သွင်းထားတာပါ။ သားသားဂျူလိုင်ရေ ကျေနပ်ပါနော်)



အားလုံးကိုယ်စိတ်နှလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ။

Thursday, January 15, 2009

အကြွေးရှင်းတမ်း

ခရီးရောက်မဆိုက် ပို့အသစ်တင်ဖို့ ပျင်းနေတာကို အကြွေးလာတောင်းတဲ့သူက ရှိသေးတယ်။ ကျွန်တော်က စာရေးတာ ဝါသနာပါပေမယ့် ကိုယ်သန်ရာကိုပဲ ရေးချင်တယ်။ တစ်ချို့အကြောင်းအရာတွေကို မရေးတတ်ပါဘူး။ “အသွားမတော် တစ်လှမ်း အစားမတော် တစ်လုတ်”ဆိုသလိုပဲ အရေးမတော်တော့ တစ်ပုဒ်နဲ့ ဒုက္ခရောက်မှာ စိုးပါတယ်။ အဲဒါကြောင့် သွားသတိ စားသတိ ရေးသတိနဲ့ လုပ်နေရတယ်။


ခင်မင်ရာ ခင်မင်ကြောင်းတွေကို TAG ကမ္ဘာ TAG ရေစီးထဲကို ဆွဲဆွဲခေါ်ကြတဲ့ဓလေ့က ဘလော့ဂ်လောကမှာ အတော်တွင်ကျယ်ပါတယ်။ ကြီးကြီးငယ်ငယ် ရွယ်ရွယ်လတ်လတ် မျောပါလေ့ရှိပါတယ်။ ဒီရေစီးထဲကို လိုက်ပါစီးမျောဖို့ ပထမဆုံးများဆိုတဲ့ ခေါင်းစဉ်နဲ့ ပထမဆုံး ခင်မင်စွာ TAG သွားတဲ့သူကတော့ အစ်ကိုကြီး ကိုအောင်သာငယ် ပါ။ (အစ်ကိုကြီးခင်ဗျာ... ပထမဆုံးများကို ခေါင်းစဉ်ခွဲလေးများဖြင့် တင်မည့်အစား မှတ်မှတ်ရရဖြစ်ခဲ့ရသည့် ပထမဆုံးနဲ့ တစ်ကြိမ်တည်းသာ လုပ်ခဲ့ဖူးသော သတိုးသားအရံ ဆိုသည့်အကြောင်းကို အမြင်ပသာဒလှပအောင် အဆင်တန်ဆာစကားလုံးများနဲ့ တင်ဆက်ရေးသားထားပါတယ်။ အားပါးတရမဟုတ်ပေမယ့် ကျေနပ်နိုင်မှာပါ။ အားလုံးကုန်စင်အောင်ဖတ်ရှုပြီး စာမူခ ပါ ပြည့်ပြည့်ဝဝ ချီးမြှင့်ပေးစေလိုပါတယ်)


ဒုတိယမြောက် တွန်းချ (အဲ..)ဆွဲခေါ်တဲ့သူကတော့ မကြီးတန်ခူး ဖြစ်ပါတယ်။ အချစ်အကြောင်းကို ရေးခိုင်းခဲ့တာပါ။ အချစ်နဲ့ဝေးနေတဲ့အချိန်မှာ အချစ်အကြောင်းရေးခိုင်းတော့ “အလင်းပြန်နိယာမ”ဆိုတဲ့ အချစ်ပို့စ်လေးက သိပ်ပြီးမလှပလိုက်ဘူးလို့ထင်တယ်။ လှလားမလှလားတော့ မသိဘူး။ ရေးခိုင်းခဲ့တဲ့ မကြီးတန်ခူး ကိုယ်တိုင်တောင် စာမူခ လာပေးတာ မတွေ့ရဘူး။ (ကျွန်တော်ကလည်း ရေးပြီးကြောင်း သွားမပြောခဲ့ရပါဘူး)။ အခုတော့ ရန်ကုန်ပြန်တုန်းမှာ တောင်ငူသားတစ်ယောက် အချစ်နဲ့ တွေ့လိုက်ရတော့ ရေထိပန်းနှယ် လန်းဆန်းသွားတယ်။ အဲဒါကြောင့် မကြာခင် အချစ်အကြောင်းတွေ ထပ်ရေးဦးတော့မှာမို့ TAGထားဖူးတဲ့ မကြီးတန်ခူးရေ စာမူခတွေ မျှော်နေမယ်ဗျို့။


အခုနောက်ဆုံးအကြွေးလာတောင်းတဲ့ ပုဂ္ဂိုလ်လေးကတော့ သူငယ်နာမစင်သေးတဲ့ သားသားလေး ဂျူလိုင်အိပ်မက် ပါ။ ပေါက်ပေါက်ရှာရှာ ဒီကလေးနှယ်။ ဒီအရွယ်ကြီးကျမှ ကာတွန်းကားအကြောင်း ရေးပေးရဦးမတဲ့။ သူ့ဟာသူ ကလေးစိတ်မကုန်လို့ ကာတွန်းကြိုက်တာ ကြိုက်ပါဗျာ။ တစ်ချို့လည်း သူတို့ဝါသနာ သူတို့ဗီဇလေးတွေကို အသက်ဘယ်လောက်ကြီးကြီး မဖျောက်နိုင်ကြပါဘူး။ ဒါပေမယ့်ဗျာ ရည်းစားတောင် မရသေးတဲ့ အချိန်မှာ ကာတွန်းကားအကြောင်းတွေ လျှောက်ရေးနေရင် မကြီးမငယ်နဲ့ ကာတွန်းကားတွေ ကြိုက်နေတယ်ဆိုပြီး အဘယ်လုံမပျိုက ဒီသူငယ်ကို စိတ်ဝင်စားပါ့တော့မလဲ။


ဒါပေမယ့်လည်း ဒါပေမယ့်လည်းပေါ့ဗျာ။ ကလေးဆိုတာမျိုးက သူတို့လိုချင်တာမရရင် အင်မတန် ဂျီ ကျတတ်တာကလား။ အနည်းဆုံး ချောကလက်စားချင်နေတဲ့ ကလေးကို သကြားလုံးလောက်တော့ ပေးမှ တော်ပေလိမ့်မပေါ့။ အဲဒီတော့ သားသားဂျူလိုင်ရေ ကာတွန်းကားတော့ မလုပ်ပါနဲ့ကွယ်။ ဦးဦးတောင်ငူ ငယ်ငယ်က ကာတွန်းကားတွေ ကြည့်ခဲ့ကြိုက်ခဲ့ စွဲလန်းခဲ့တာမှန်ပေမယ့် ခုချိန်မှာတော့ အဘယ်ဇာတ်လမ်းကိုမှ တိတိပပ မမှတ်မိတော့လို့ပါ။ ကာတွန်းကားအစား ဒီဘလော့ဂ်ဖတ်မိသူ အများသူငါတွေလည်း မိမိတို့ရဲ့ ရင်သွေးငယ်များကို ပြန်ပြောပြနိုင်အောင်၊ လူပျိုကြီး အပျိုကြီးတွေလည်း တူငယ် တူမငယ်လေးတွေကို ပြန်ပြောပြနိုင်အောင် ဦးဦးတောင်ငူ မှတ်မိနေဆဲဖြစ်တဲ့ ဟိုးလွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ဝန်းကျင်က လုံမလေးမဂ္ဂဇင်းမှာပါခဲ့တဲ့ ပုံပြင်လေးတစ်ပုဒ်ကို တင်ပေးပါ့မယ်ကွယ်။ ပုံပြင်လေးဖတ်ပြီးရင် သားသားဂျူလိုင်အပါအဝင် ဘလော့ဂ်ချစ်ခင်သူအပေါင်း နှစ်သက်ပျော်ရွှင်ကြပါလိမ့်မယ်ကွယ်။ သြော် တစ်ခုတော့ရှိတယ်။ ဦးဦးတောင်ငူရဲ့ မူအတိုင်း တောင်ငူသား version နဲ့ ခပ်ပါးပါးလေးတော့ ဆန်းသစ်ပေးထားပါတယ်။ စောင့်မျှော်ဖတ်ရှု အားပေးကြပါခင်ဗျား။

Popular Posts