တောင်ငူသား

..... စိမ်းလန်းပါစေ ကမ္ဘာမြေ ... ငြိမ်းချမ်းပါစေ ကမ္ဘာမြေ .....

Wednesday, July 8, 2009

ပန်းနုရောင် သစ်ကိုင်း

ရိုးရိုးလေး တွေးကြည့်မိတယ်။ ငှက်ကလေးတွေအတွက် အသိုက်ဆိုတာ အမြဲတမ်းနေတဲ့ ကိုယ်ပိုင်အိမ်လေး ဖြစ်မယ်ဆိုရင် သစ်ကိုင်းလေးတွေက အခိုက်အတန့် ခိုနားလို့ရတဲ့ အငှားအိမ်လေးတွေလို့ ဆိုရမယ်။ ပတ်ဝန်းကျင်တစ်ခွင် အစာရှာထွက်ရင်း၊ နယ်မြေသစ်ရှာဖွေရင်း ရောက်ရာအရပ်က ခေတ္တနားနေတဲ့ ကြုံရာသစ်ကိုင်းလေးတွေဟာ သူတို့တွေရဲ့ ယာယီအငှားအိမ်ကလေးတွေ ဖြစ်လာတော့တာပေါ့။

ကိုယ့်ကိုကိုယ် ငှက်ကလေးတစ်ကောင်လို့ တင်စားထင်မြင်ကြည့်လိုက်တော့ မိဘရိပ်ဖြစ်တဲ့ အိမ်ကနေ ပညာသင်ဖို့၊ လုပ်ငန်းခွင်ဝင်ဖို့ တိုးတက်ရာ တိုးတက်ကြောင်း ရုန်းကန်လှုပ်ရှားနေတဲ့ ကာလတွေ တစ်လျှောက်လုံး ယာယီနားခိုခဲ့တဲ့ နေရာလေးတွေ ရှိလာခဲ့ရတယ်။ ကျွန်တော့်ရဲ့ သစ်ကိုင်းလေးတွေပေါ့။ အဲဒီထဲကမှ မှတ်မှတ်ထင်ထင် သံယောဇဉ်ဖြစ်ကျန်ရစ်စေတဲ့ သစ်ကိုင်းလေးတစ်ခု ရှိခဲ့တယ်။

ကျောက်မြောင်းဆိုတာ ဆွေမျိုးအချို့ နေတာမို့ တောင်ငူကနေ ရန်ကုန်အလည်သွားတိုင်း အမြဲတည်းနေကျ နေရာ။ ကျောင်းတက်နေတုန်း နောက်တစ်တန်းအတွက် ကြိုတင်ပြီး ကျူရှင်လာတက်တော့လည်း နေဖြစ်တာက ကျောက်မြောင်း။ ကျောင်းပြီးလို့ ဘာညာသင်တန်းတက် နေဖြစ်တော့လည်း ကျောက်မြောင်း။ ဆိုရရင် တောင်ငူ၊ ပြည် ပြီးရင် ကျောက်မြောင်းဟာ ကျွန်တော့်ရဲ့ တတိယမြောက် မြို့ငယ်လေးတစ်ခုလို့ ဆိုရင် မမှားပါဘူး။ ကျောင်းတွေပြီးလို့ တောင်ငူမှာ အားရအောင် အနားယူပြီးတဲ့နောက် ရန်ကုန်ကို ထွက်လာခဲ့တော့တယ်။ ဘယ်အမျိုးအိမ်မှ မနေချင်တာကြောင့် သူငယ်ချင်းတွေနဲ့ တိုက်ခန်းငှားနေရင်း လူတွေလည်းပြောင်း၊ နေရာတွေလည်းပြောင်း။ နောက်ဆုံး ဒီသစ်ကိုင်းလေးရောက်မှ နေပျော်သွားတော့တယ်။

တိုက်အမှတ်(၄၂)၊ ခြောက်လွှာ(ယာ)၊ မလွှကုန်းလမ်း။ သစ်ကိုင်းလေးနဲ့ တစ်ခေါ်စာအကွာမှာ အချိန်မရွေး ကင်းလှည့်နိုင်ဖွယ်ရှိတဲ့ ဦးလေးအရင်းခေါက်ခေါက် နေတယ်။ သစ်ကိုင်းလေးရဲ့ ဘေးဖက်ခြမ်းက ပထမထပ်မှာ ဒါရိုက်တာ ဦးဟိန်းစိုးတို့ နေတယ်။ သစ်ကိုင်းလေးရဲ့ မြေညီထပ်က ဂိမ်းဆိုင်မှာ “ကြီးလွန်းတဲ့အဖွဲ့” က စောညီညီ ဂိမ်းလာကစားတတ်တယ်။ မျက်စောင်းထိုးတိုက်ရဲ့ မြေညီထပ် ကုန်စုံဆိုင်က တိုးတိုး အာလူးအစပ်ကြော် တခါတလေ ကုန်နေရင် လမ်းထိပ်နားက နောက်တစ်ဆိုင်မှာ သွားဝယ်လို့ရသေးတယ်။ ညာဖက် တစ်ခေါ်စာလောက်က ညပိုင်းမှ ဖွင့်တဲ့ဆိုင်မှာတော့ ဆွေဆွေအောင် ဝေဝေအောင်တို့ ရှိတတ်လို့ ဝေးဝေးမသွားနိုင်တဲ့နေ့တွေ ရောက်ဖြစ်တယ်။ သူ့ရှေ့မှာတော့ မီးပျက်ရင် စက်ထဲမှာ အိပ်တတ်တဲ့ ငွေကြယ်ပွင့်တွေ စုံတယ်။ အဖြူတွေ၊ ကိုရီးယားတွေလည်း ခြေချင်းလိမ်နေတာပဲ။

ရုံးတက်ရက် မနက်ဆို နီးနီးနားနား တစ်အိမ်ကျော်ရှေ့မှာ တန်းစီစရာမလိုဘူး။ အကြော်နဲ့မှ နှစ်ရာပေမယ့် ဟင်းရည်အဆစ် ယူဦးမလား အမြဲမေးတော့ အားနာတာနဲ့ ယူယူနေရတယ်။ လဖေ့ရည် ဆိုတဲ့ စာလုံးပေါင်းအတိုင်း ဆိုင်းဘုတ်ရေးထားတဲ့ “Fame”က ဂျိုး ကို တနင်္ဂနွေမနက်တိုင်း ပါးစပ်ထဲ လောင်းထည့်မိတတ်တယ်။ သံလမ်းနားက မနက်ပိုင်းဈေးလေးရဲ့ “ဒံပေါက် ထမင်းကြော်ဆိုင်”မှာ ဆတ်သားမွကြော် အမြဲရတယ်။ ဆတ်မွေးမြူရေး စမ်းသပ်အောင်မြင်နေပြီလို့ ယူဆပြီး စုံမှိတ် ဝါးပစ်လိုက်တာများတယ်။

ညစာ စိုပြေဖို့ အတွက်တော့ “အိုကေ” ဖက်ကိုပဲ လှည့်ဖြစ်တယ်။ ဒေါ်ဝတုတ်က ဆိုင်ပြောင်းပေမယ့် ကျောက်မြောင်းလမ်းထဲပဲဆိုတော့ ငရံ့အူလေးနဲ့ မဝေးတော့ဘူးပေါ့။ လမ်းထောင့်က “ကျောက်ဖြူဆိုင်” ရဲ့ ရခိုင်ထောင်းလေး ခုတော့ မစပ်နိုင်တော့ဘူး။ ဒါပေမယ့် ဓါတ်တိုင်အောက်က ရွှေထမင်းနဲ့ မုန့်လိပ်ပြာကို တစ်ရာဖိုးစီ ထည့်ခိုင်းရင်တော့ ညစာမစားနိုင်ဘဲ နေလိမ့်မယ်။ “ဂရိတ်ဒိန်ချဉ်” ဘာဘူက ပူတင်းကို ဆိုင်းဘုတ်ပေါ်မှာပဲ အမြဲရောင်းတယ်။ ငုံးကြော်တစ်ကောင်ဝယ်ရင် အချဉ်ရည် ရွှဲရွှဲဆမ်းခိုင်းလိုက်ရမှ။ ထန်းညက်ရည်နဲ့ ရောင်းတာကို ရခိုင်မုန့်လက်ဆောင်းလို့ ခေါ်တယ်။ အစုံသုတ် ပါဆယ်ဆိုရင် ဟင်းခါးယူမလား ကောင်လေးတဲ့။ အော်ကေ့ကြည်ကို ဖရုံသီးနဲ့လုပ်ပြီုး အပ်ချည်ကြိုးနဲ့ လှီးတာဗျ။ ကေတုမတီမြို့သစ်က ပြောင်းလာတဲ့ ဝက်စွပ်ဆိုင်က အန်တီကြီးက ကျူရှင်ဆရာအကိုအိမ်ကို လာမိတာနဲ့ ကျွန်တော့်ကိုပါ ဆရာလို့ လာလာခေါ်နေတော့ ခက်ပြီ။ စာပေလောကရှေ့ကိုတော့ စောစောသွားမှ။ နို့မဟုတ်ရင် ဝက်သားလိပ်က မော်လမြိုင်ပြန်သွားရော။

လမ်းဆုံးရင် “ကြယ်ကိုးပွင့်”ကို တွေ့မယ်။ ငါးပွင့်လောက်ဆို သိပ်မထိုင်ချင်ဘူး။ နိမ့်သလားလို့။ ထိုင်ခုံမှာ မထိုင်ရသေးခင် ကိုယ့်ဇာတ်လိုက် တစ်ယောက်ယောက်ရဲ့ “စော်ကော်တစ်ခွက်ဟေ့” ဆိုတဲ့အသံ ထွက်လာမြဲ။ အမှုန့်စစ်ထားတဲ့ခွက်ကို လာချပြီဆိုရင်တော့ လှည့်မကြည့်နေနဲ့။ အဲဒီချာတိတ် လူသစ်ပဲ။ သတိပဌာန်ကို ကွေ့လိုက်ရင် ရွှေရောင်တစ်ဝင်းဝင်းနဲ့ နဂါးတစ်ကောင် အမောက်ထောင်နေတာ မြင်ရမယ်။ မကြောက်ပါနဲ့ဗျ။ နည်းနည်းစောင့်နိုင်ရင် အဲဒီနဂါးက ဆီချက်၊ ကြေးအိုးနဲ့ တရုတ်စာတွေ ချက်ပြုတ်ရောင်းပေးတယ်။ စားလို့မကုန်ရင် ဒီတိုင်းမထားခဲ့နဲ့။ ယူတတ်ရင် ကုသိုလ်တဲ့။ ထည့်ပေးလိုက်ပါ။

ဆက်လျှောက်ရင် မလိုင်ဖတ်တွေ တကယ်ကြီးထည့်ပေးတဲ့ မပူတဲ့ဆိုင် ရှိတယ်။ ပူချင်ရင်တော့ ဗညားဒလနဲ့ ဆုံတဲ့ထောင့်မှာ ချထားတဲ့ ပဲဟင်းအိုးကို သွားကိုင်ပေါ့။ သူ့ရှေ့က ဗန်းထဲမှာ အမြဲအိပ်ပျော်နေတဲ့ အောက်အီးအီအွတ် အပိုင်းအစတွေတော့ သွားမနှိုးမိစေနဲ့။ တစ်ခါနှိုး ငါးရာ။ “ရခိုင်မုန့်တီ ခင်ပြုံးရီ” တို့ဆိုင်မှာ ဝက်ဆီဖတ်နဲ့ မှာချင်ရင် ဒီညီမျှခြင်းကို သိထားသင့်တယ်။ ဝက်ဆီဖတ် = ကိစ္စ ။

----------~~~~~----------
စာကြွင်း။ ။ ဖတ်လို့ အဆင်ပြေရင် သစ်ကိုင်းကို ရေဆက်လောင်းပါ့မယ်။

13 comments:

လွမ်းနေသလား.
 
ပုစွန်ခွက်ကြော်သုတ်ဆိုင်ကတော့ လူအပြည့်
ကြာဇံဟင်းခါးနဲ့ ရွှေရင်အေးကို တွဲရောင်းတာမျိုးလည်းရှိတယ်။
အကြော်စုံတဲ့ ပြီးရင် မော်လမြိုင်စတိုင်ဆိုပြီး အချဉ်ရည်ထဲကို ပဲမုန့်လည်း ထည့်ပေးသေးတယ်။ လွမ်းသွားပြီ...

ရေဆက်လောင်းပါ
 
ရေဆက်လောင်းပါ။
နားမလည်တာတွေတော့ပါနေတယ်.. တောကပါဆိုနေမှ.. မြေနီကုန်းနဲ့ ပုစွန်တောင်ကလွဲလို့ ဘာမှ မသိဘူး။

ဗန်းထဲက အောက်အီအီးအွတ်က ဘာလဲ...။ဝက်ဆီဖတ်ညီမျှခြင်းလည်းနားမလည်ဘူး။
မေးရတာ အားနာပါတယ်..။
 
လမ်းဒေါင့်က မျိုးကြီးတို့ ထိုင်တဲ့ ဆိုင်နာမည်လေး မေ့နေတယ် ၊၊ ပြန်အစဖေါ်ပါ ၊၊ ရခိုင်ဆိုင်တော့ အခုတောင် သွားစားချင်မိ၏ ၊၊
 
အစားအသောက်ကောင်းတဲ့ ကျောက်မြောင်းက ကျွန်တော်အတွက်တော့ အိုကေမှာ စိုပြေပါပဲဗျာ။

yu ya
 
ဒီမှာ ရေ က ၀ယ်ရတာမို့ နှမျောရင်လည်း သောက်တော်ရေ စွန့်တာလေး လောင်းပါ ကိုတောင်ငူသားရေ...

(တောင်ငူ ရောက်ရင် အငူအငေါ်ကို ထူချင်တော့တာပဲးP)
 
ဖတ်လို့ ကောင်းလိုက်တာ… ရေလောင်းရမှာပျင်းရင် အိမ်က ပန်းပင်တွေ ရေလောင်းရင်း လာလောင်းပေးပါ့မယ်… ကျောက်မြောင်းကို ခဏခဏရောက်တယ်… ညနေခင်းတွေပေါ့.. ဒါပေမယ့် ကိုတောင်ငူ့ ဆိုင်တွေ မသိဘူး… အဲဒီမှာ မနေလို့ လဲပါမယ်… အမ အမြဲစားတတ်တာက လျှောက်သီးသုတ်နဲ့ ကြာဆံဟင်းခါး… ကြာဆံဟင်းခါးက ငရုတ်ကောင်းတွေအများကြီးပဲ… စားပြီးရင်ချွေးလေးတရွှဲရွှဲနဲ့  ရှူးရှဲ… ပြီးတော့ လှည်းလေးနဲ့  ရောင်းတဲ့ မုန့် ပျစ်သလက်… အဖြူအနီ နှစ်မျိုးလုံးရတယ်… နှမ်းထောင်းလေးနဲ့ မိုက်မှမိုက်… မနက်ဖက်ဆို မုန့် ဟင်းခါးလာစားဖြစ်တယ်… ခက်တာက ဆိုင်နာမည်တွေ အကုန်မေ့… သားကတော့ ပျော်တယ်… မြင်းစီးရလို့ … ကျောက်မြောင်းညနေခင်းတွေ လွမ်းတယ်…
 
တောင်ငူကေတုမတီမှာ ခရီးသွားရင်းကားပျက်လို့နားဖူးတယ်။
ကျောက်မြောင်းဆိုရင် ဘိန်းမုန့်တော်တော်ကောင်းတယ်နော်။
နောက်ဆုံးပိုင်းမှာ ရေးထားတာ သိပ်လိုက်မမီဘူးဖြစ်သွားတယ်၊ အသက်ကြီးပြီဆိုတော့ သိပ်မလိုက်နိုင်တော့ဘူး။
 
ကျောက်မြောင်း၊ တာမွေ ခြေလိမ်ဖူးတယ်.. အစားပိုင်းတော့ အဲ့လောက်မသိ.. ဘော်ဘော်အကိုတွေဆီသွားရင် သူတို့ထိုင်တဲ့ လက်ဖက်ရည်ဆိုင်မှာပဲ စတည်းချနေကြ။
ကျောက်မြောင်းက လူစုံ၊ ဘ၀စုံ၊ အမြင်စုံ၊ ဈေးစုံတယ်။ နေလို့လည်းကောင်းတယ်.. သွားလာရတာလည်း 24 hours ပဲ။ မနေဖူးပေမယ့် နေ့တိုင်းဖြတ်ခဲ့ရတာ။ စားချင်သောက်ချင်အောင် စာနဲ့တော်တော်ရေးနိုင်တာပဲ.. ငတ်သွားပါတယ်..း(
 
လမ်းနာမည်တွေက မဟာဆန်ဆန်၊ ပါဠိဆန်ဆန်၊ ရှေးဆန်ဆန်တွေတော့ မှတ်မိတယ် :D
 
အစ်ကိုတောင်ငူသားရေ
ကျောက်မြောင်းသူစစ်စစ် တည့်တည့်ရောက်လာပါတယ်။
သတိပဋ္ဌာန်၄၆လမ်းလက်ဖက်ရည်ဆိုင်က ရှယ်ပါဆယ် ကျစိမ့် ၁ ခွက်ရယ်။ ဆက်လျှောက်သွားရင် မနက်ပိုင်းရောင်းတဲ့ ပိတောက်ပင်ကြီးအောက်က မတုတ်အသုပ် တစ်ပွဲရယ် ဝယ်ခဲ့ပါအစ်ကိုရေ။ ဒါနဲ့ မော်လမြိုင်အအေးဆိုင်ကတော့ နာမည်ပြောင်းပြီဆိုပဲ။
ဘယ်လိုပဲပြောပြော ကျောက်မြောင်းကိုအလွမ်းဆုံးပဲ။
 
လာဖတ်တယ်ဗျာ
 
what is စော်ကော်?
 

Popular Posts