တောင်ငူသား

..... စိမ်းလန်းပါစေ ကမ္ဘာမြေ ... ငြိမ်းချမ်းပါစေ ကမ္ဘာမြေ .....

Monday, June 8, 2009

ဖျားနေတဲ့ ကြောင်

တစ်ခါတုန်းက ငါးကြော်မကြိုက်ခဲ့တဲ့ ကြောင်မိုက်ကလေးတစ်ကောင်ဟာ မထင်မှတ်ဘဲ စားခဲ့မိတဲ့ ငါးကြော်ရဲ့ အရသာကို တပ်မက်စွဲလန်းသွားလို့ တမ်းတမ်းတတဖြစ်နေတုန်း ငါးကြော်စားရဖို့ကံက အကြောင်းဖန်လာတော့ မုတ်ဆိတ်ပျားစွဲ အဖျားသည်းတာကို အကြောင်းပြုပြီးသကာလ ကြွက်ခုတ်လည်း မထွက်၊ အိမ်မှာ လူမရှိတဲ့တစ်ရက်မှာ ငါးကြော်ခိုးစားမိပုံကို စာဆိုရှင် အမည်မသိ “တစ်တို့” က မည်သို့မည်ပုံ ပြောင်မြောက်စွာ တို့ထိလိုက်ပုံကို အောက်ပါအတိုင်း ရှုစားတော်မူကြပါ။


"ဖျားနေတဲ့ ကြောင်"


အိမ်မှာမွေးတဲ့ ကြောင်သူတော်
ငါးကြော်ဆာလို့ အော်။

တစ်နေ့သောခါ ထိုကြောင်ပါး
ခါးနာလို့ ဖျား။

အကြောင်းရှာလို့ ခွင့်စာတင်
ကြွက်ခုတ် မထွက်ချင်။

အိမ်မှလူများ အပြင်သွား
ငါးကြော် ခိုးကာစား။

ကြွပ်ကြွပ်မြည်အောင် ဝါး။
အားရှိတယ် ဗျား။
စာဆိုရှင် - တစ်တို့

Friday, June 5, 2009

နေမညိုခင်


ရေတံခွန်ကနေ ပြန်အတက် ရေတံခွန်ကျောင်းကို မသွားခင် တောင်ပေါ်ရေတင်တဲ့ ကန်ဖက်ကို သွားခဲ့သေးတယ်။ စမ်းချောင်းဘေးက တောလမ်းလေးအတိုင်း လျှောက်သွားတော့ စမ်းချောင်းတစ်နေရာမှာ ကိုရင်လေးတွေ ရေလာချိုးနေကြတာတွေ့လို့ ဓါတ်ပုံရိုက်မယ်လုပ်တော့ ကိုရင်တစ်ပါးက လှမ်းတားတယ်။ မကြိုက်လို့များလား ထင်မိတာ။ မဟုတ်ဘူးခင်ဗျ။ ခပ်လှမ်းလှမ်းရောက်နေတဲ့ ကိုရင်လေးတွေကိုပါ လှမ်းခေါ်ပြီး ကိုရင်တွေအားလုံး ဓါတ်ပုံရိုက်ခံချင်ကြတာဗျ။ တကယ်တော့ သိက္ခာပုဒ်တော်တွေနဲ့ သင်္ကန်းရုံထားလို့သာ ကိုရင်လေးတွေ ဖြစ်နေကြပေမယ့် ကလေးသဘာဝ ကလေးစိတ်လေးတွေ ရှိကြတုန်းဆိုတော့ ဓါတ်ပုံအရိုက်ခံရတာကို ပျော်နေကြရှာတယ်လေ။ အဲဒါကြောင့် အမှတ်တရအနေနဲ့ ဒီပုံလေးကို တင်ဖြစ်တာပါ။


ဒီနေရာက ရေတံခွန်ရှိတဲ့ ချောင်းရဲ့ အထက်ပိုင်းတစ်နေရာကို ဆည်ထားတဲ့ ကန်ပါ။ ဒီကန်ကနေ ပိုက်တွေ မော်တာတွေနဲ့ ရေလှောင်ကန် အဆင့်ဆင့်ကို ရေစုပ်တင် ဖြတ်ကျော်ပြီးမှ တောင်ပေါ်ကို ရေတင်ရပါတယ်။ ပုံထဲက ဒီနေရာနဲ့ တစ်ဆက်တည်းမှာ ကြည်လင်အေးစက်ပြီး ရေကန်လိုဖြစ်နေတဲ့ နေရာတစ်နေရာ ရှိတယ်။ နောက်ဆုံးအခေါက် ရောက်တုန်းက ရေတံခွန်ဆင်းတာ မျက်စိလည်ပြီး ဒီရေကန်နားကို ရောက်သွားတယ်။ ရေတံခွန်ကို ရှာမတွေ့ဘူး။ မိုးတွင်းမဟုတ်လို့ ရေတံခွန်မရှိတာလို့ ယူဆပြီး သယ်လာတဲ့ ခေါက်ဆွဲကြော်ဘူးတွေ ဖွင့်စား ရေစိမ်ပြီး ပြန်တက်ခဲ့ကြတာလေ။ မီးကြိုးတွေ ဆွဲထားတဲ့ တိုင်တွေ၊ လိုင်းတွေလည်း ရေတံခွန်ကျောင်းထဲကနေပဲ ဖြတ်သွားပါတယ်။

ရေကန်ကနေ ဆက်တက်လာတော့ ရေတံခွန်ကျောင်းလို့ ခေါ်ကြတဲ့ ဓါတ်ပေါင်းစုံ ကိုးနဝင်းကျောင်းရှိရာကို ရောက်ပါတယ်။ ကျောင်းဝင်းအတွင်းမှာ ဉာဏ်တော်အစားစားရှိတဲ့ စေတီတွေ အစီအရီတည်ထားတာ ဖူးရတယ်။ ဆန္ဒရှိလို့ စေတီလှူချင်တယ်ဆိုရင် အလှူငွေလှူပြီး ကမ္ဗျည်းထိုးလှူနိုင်သလို၊ မိမိတို့ ကိုယ်တိုင်ကိုယ်ကျ တစ်ပိုင်တစ်နိုင်လဲ လာတည်နိုင်တယ်လို့ ဆရာတော်က မိန့်ကြားပါတယ်။ ရေတံခွန်ကျောင်းကို လာရောက်တဲ့ ဘုရားဖူးမှန်သမျှ ယုတ်လတ်မြတ်မရွေး သတ်သတ်လွတ် ထမင်းဟင်းကို သုံးဆောင်နိုင်ပါတယ်။ ကျောင်းထဲမှာ အမောပြေ သွေးဆေးဗူးကြီးနဲ့ ရေနွေးကြမ်းလဲ ချပေးထားပါတယ်။ ရွှေတိဂုံကုန်းတော် ရေလှူအသင်းက လှူထားတဲ့ စတီးရေသန့်တိုင်ကီကြီးကလဲ သောက်ချင်စရာပါ။ လှူထားကြတဲ့ ဆန်အိတ်တွေလည်း မနည်းပါဘူး။


ကျောင်းဝန်းထဲက ရေကန်တစ်ကန်ကတော့ သဘာဝအတိုင်း စိမ့်နေတဲ့ သဲမြေထဲ ပိုက်ကို နှစ်ထားတာကနေ အလိုအလျောက် ရေတွေ တစက်စက်ကျနေတာ မြင်ရတာနဲ့ကို ရေချိုးချင်စရာ ကောင်းတယ်။ ကျောင်းကို ကျွန်တော်တို့ ရောက်တော့ ရေတံခွန်မှာတုန်းက ဆုံခဲ့ကြတဲ့ ဆေး-၁ က ညီငယ်ညီမငယ်များအဖွဲ့က ရောက်နှင့်နေပြီ။ ဘုရားကန်တော့ ဆရာတော်ကို ဦးချပြီး အလှူငွေကပ်ကြပါတယ်။ လမ်းတစ်လျှောက်က အလှူခံတွေနဲ့ ပက်သက်ပြီး စကားပြောဖြစ်ကြသေးတယ်။ ကျောင်းသားများအဖွဲ့ဖြစ်လို့ သူတို့လောလောလတ်လတ် အလှူခံ ကြုံခဲ့ရတာတွေ ပြန်ပြောပြလို့ ကျွန်တော်သိသလောက် ရှင်းပြခဲ့ပါသေးတယ်။
အမောပြေပြီဆိုတော့မှ ဆရာတော်ကို ဝတ်ချပြီး သူတို့အဖွဲ့နဲ့ တစ်ပေါင်းတည်းပဲ အတက်ခရီးကို စခဲ့ကြတယ်။ ဒီဖက်လမ်းက ပိုနီးပေမယ့် တချို့နေရာတွေ အတော်လေး မတ်ပါတယ်။ ဒါပေမယ့် လမ်းတလျှောက်လုံး တောရိပ်တောင်ရိပ်လေး ရှိသေးတော့ ဆင်းလာခဲ့တဲ့ ကျီးပါးစပ်လမ်းထက်စာရင် နေပူသက်သာသေးတယ်။ လမ်းမှာ ရေသွယ်တဲ့ပိုက်ကြီးတွေ၊ ရေတင်တဲ့ ရေစက်စခန်းတွေရှိပါတယ်။

ဒီအတက်လမ်းက ရင်ပြင်တော်ပေါ် ကျောက်သမ္ဗာန်စေတီလေးနားက လှေကားထစ်တွေဆီကို လမ်းပေါက်တယ်။ ရိုးရိုးလေးအဆင့်မြင့်တည်းခိုရိပ်သာ ရှေ့နားပါ။ ကျွန်တော်တို့က ကျိုက်ထိုဟော်တယ် ဆေးကျောင်းအဖွဲ့က ရိုးရိုးလေးမှာ တည်းတော့ တမင်တကာ ဒီလမ်းက ရွေးပြီး တက်လာကြတာ။ ဇာတ်လိုက်ပါပေလို့ပဲ။ ရောက်ခါနီးမှ ဟိုကွေ့ရမလို ဒီကွေ့ရမလို ဖြစ်နေသေးတယ်။ လမ်းမှာ ထင်းတွေ ခုတ်လာကြပြီး ထင်းစည်းတွေကို ဒီလိုပဲ ထားခဲ့ကြတယ်။ ဖြည်းဖြည်းချင်း သယ်မယ်ထင်တယ်။ ကျွန်တော် မ ကြည့်သေးတယ်။ မလွယ်ဘူးဗျ။ အချိန်တော်တော်စီးတယ်။

ကံကောင်းထောက်မစွာနဲ့ ဒီတစ်ခေါက်တော့ ရေတံခွန်ခရီးကို အောင်မြင်စွာ ဆင်းတက်နိုင်ခဲ့ပါတယ်။ ဟိုတယ်ပြန်ရောက်တော့ ခဏနား ရေချိုးပြီးတဲ့အချိန်မှာ နေက ဝင်ချင်နေပြီ။ တောင်ပေါ်ကနေ နေဝင်ချိန်လေးအမှီ ဓါတ်ပုံရိုက်လိုက်ချင်လို့ အိပ်ပျော်သွားတဲ့ သူငယ်ချင်းကို အတင်းနှိုးရတယ်။ သူရေချိုးပြီးတဲ့အထိ မစောင့်တော့ဘဲ ဟိုတယ်ဝန်းထဲမှာ လုပ်ပေးထားတဲ့ ရှုခင်းသာ နေရာကနေ ရသလောက်တော့ ကြိုးစားခဲ့တယ်။ ပုံထဲမှာ ဂျက်လေယာဉ်လား မသိဘူး ပျံနေတာ အဖြူရောင်တန်းလေးပါ ပါသေးတယ်။ ထုံးစံအတိုင်း အပျော်တမ်းကင်မရာဆိုတော့ အပျော်ပုံလောက်ပဲ ထွက်ပါတယ်။ အမှတ်တရပေါ့ဗျာ။

ညပိုင်းရောက်တော့ ရင်ပြင်တော်ပေါ်တက် ဘုရားဝတ်ပြုပြီး ဆေးကျောင်းအဖွဲ့နဲ့ ရင်ပြင်တော်ပေါ်မှာ တံမြက်စည်းလှည်းကြပါတယ်။ ပြီးတော့ ဂိမ်းကစားတယ်။ နည်းနည်းမိုးချုပ်မှ လမ်းခွဲပြီး ဟိုတယ်ပြန်ခဲ့ကြတော့တယ်။ နောက်နေ့နံနက်ဆိုရင် တောင်ပေါ်ကနေ ခြေလျင်ခရီးနဲ့ ပြန်ဆင်းပါပြီ။

Bonus

ရင်ပြင်တော်ပေါ်ကနေ ကျီးပါးစပ်ဖက်ကိုဆင်းတဲ့ လှေကားထိပ်နားမှာ လမ်းပြ ကလေးတွေ ရှိတတ်ပါတယ်။ သူကတော့ ကျွန်တော်တို့ ခေါ်သွားတဲ့ လမ်းပြဇာတ်လိုက်ပါ။ တစ်လမ်းလုံး ဘာကျွေးကျွေး မစားပါဘူး။ ဇာတ်လိုက်က သူ့အထာနဲ့ သူဗျ။ ရေတံခွန်ကျောင်း ရောက်တော့မှ ထမင်းစားပွဲ အုပ်ဆောင်းဖွင့်ပြီး အားပါးတရ တုတ်တော့တာပဲ။ ဆရာတော်က သူ့ကို ကောင်းကောင်းသိတယ်။ ဒီကောင် အမြဲအားပေးနေကြလို့ မိန့်တယ်။ ကျောင်းမှာဆိုတော့ အားမနာတမ်း ဝဝစားလို့ရတယ်လေ။ သူ့ပုံကို ရိုက်မှာစိုးလို့ ထွက်ထွက်ပြေးတဲ့ ဇာတ်လိုက်က သူများကို ဓါတ်ပုံရိုက်ပေးဖို့ ကင်မရာကိုင်ရမှာတော့ အတော်စိတ်ဝင်စားတယ်ဗျ။ လိုက်ပို့သမျှ ဘုရားဖူးတွေကို ဓါတ်ပုံရိုက်ပေးနေကြဆိုတော့လည်း ကင်မရာနဲ့ မစိမ်းလေဘူး။

Popular Posts