တောင်ငူသား

..... စိမ်းလန်းပါစေ ကမ္ဘာမြေ ... ငြိမ်းချမ်းပါစေ ကမ္ဘာမြေ .....

Tuesday, May 26, 2009

ကျီးပါးစပ်

ညဦးပိုင်း ရင်ပြင်တော်ပေါ်တက်ပြီး ဘုရားဝတ်ပြု၊ ပဋ္ဌာန်းရွတ်၊ ပရိတ်ရွတ်ပြီး အေးတာနဲ့ ဟိုတယ်ဖက် ပြန်လာခဲ့တယ်။ ဟိုတယ်နားက လက်ဖက်ရည်ဆိုင်မှာ ခဏထိုင်ပြီး နက်ဖြန်အတွက် ခွန်အားပြည့်အောင် စောစောအိပ်လိုက်တယ်။ မနက်နိုးတော့ ၈နာရီထိုးပြီးပြီ။ ဟိုတယ် မနက်စာ အချိန်ကျော်ရင် လွတ်သွားမှာမို့ သူငယ်ချင်းကို နှိုးပြီး မြန်မြန်ပြင်ဆင်ရတယ်။ မနက်စာ စားပြီးတာနဲ့ ရင်ပြင်တော်ပေါ်တက် ဘုရားကန်တော့ပြီး ကျီးပါးစပ်ဆင်းဖို့ ဦးတည်လိုက်တယ်။ ရေတံခွန်ကို သွားမယ် မသွားဘူးကို မနေ့ကတော့ သူငယ်ချင်းနဲ့ ငြင်းရသေးတယ်။ ဒီနေ့မနက်ကျတော့ အိပ်ရေးဝပြီး လန်းဆန်းနေလို့ ရေတံခွန်ထိ ဆင်းမယ်လို့ နှစ်ယောက်သား ဆုံးဖြတ်လိုက်ကြတယ်။

ရင်ပြင်တော်ကနေ ကျီးပါးစပ်သွားတဲ့ဖက် လှေကားနားရောက်တော့ ချာတိတ်လေးတစ်ယောက်က ရေတံခွန်ကို လမ်းပြလိုက်ပေးရမလားဆိုပြီး လာမေးတယ်။ နောက်ဆုံးတစ်ခေါက်တုန်းက ရေတံခွန်ဆိုပြီး ဆင်းသွားကြတာ တစ်ဖွဲ့လုံး မျက်စိလည်ပြီး ရေတံခွန်မရောက်ဘဲ ရေကန်ပဲ ရောက်ခဲ့တယ်။ ဒါက တစ်ချက်။ နောက်တစ်ချက်က လမ်းပြလုပ်တဲ့ ကလေးတွေခမျာ ဘုရားဖူးတွေလာမှ၊ ရေတံခွန်လည်းသွားမှ၊ သူတို့ကိုလည်း ခေါ်ဦးမှ မုန့်ဖိုးလေး ရရှာတာလေ။ နှစ်ယောက်တည်း သွားရမဲ့အတူတူ သူတို့ကို လမ်းပြခေါ်တော့ လမ်းမှာလည်း အဖော်ရတယ်၊ ခရီးလည်းတွင်တယ်၊ သူတို့လေးတွေလည်း မုန့်ဖိုးရတယ်ဆိုပြီး လိုက်ခဲ့ကွာဆိုပြီး ခေါ်လိုက်ပါတယ်။ ဂိုက်နဲ့ ရေတံခွန်ဆင်းခဲ့တာပေါ့။

ဇာတ်လိုက်ကို ကျီးပါးစပ်အရင် သွားမယ်ဆိုတော့ ရတယ်တဲ့။ ကျီးပါးစပ်ကနေ ရေတံခွန်ထိကို ဖြတ်လမ်းရှိတယ်၊ ပိုမြန်တယ်တဲ့။ အရင်က အပေါ်နည်းနည်းပြန်တက်ပြီးမှ ဘုန်းကြီးကျောင်းတွေ ဖြတ်ပြီး သွားရတာ။ အဲဒီလမ်းက လမ်းကြောရှည်ပေမယ့် လှေကားထစ်တွေ ရှိသလို နည်းနည်းလည်း ပြေတယ်ပြောရမယ်။ ရင်ပြင်တော်ကနေ ကျီးပါးစပ်သွားတဲ့ လမ်းတစ်လျှောက်မှာတော့ ဈေးဆိုင်လေးတွေ ခပ်စိပ်စိပ်တွေ့ရတယ်။ မူလတန်းကျောင်းလေးတစ်ကျောင်းလည်း တွေ့ခဲ့တယ်။


ကျီးပါးစပ်ရောက်တော့ ဂူထဲတော့ ဝင်လည်းဝင်ဖူးတဲ့အပြင် အကြောင်းသိပြီးသားမို့ မဝင်ဖြစ်တော့ဘူး။ အပြင်မှာပဲ အလှူငွေထည့်လိုက်တယ်။ ကျီးပါးစပ်ထဲ အကြွေစေ့ပစ်ဖို့ လဲတော့ တစ်ပုံကို ငါးရာဆိုလား။ အကြွေစေ့ငါးစေ့ပဲ ပါတယ်။ လှမ်းပစ်လို့ ကျောက်နံရံနဲ့ ထိပြီး ပြန်ကျလာရင် ခင်းထားတဲ့ သစ်သားပြားတွေကြားကနေ အောက်ကို မကျသွားခင် ပြန်ကောက်ရတယ်။ ဘယ်ရမလဲ ပြန်ကျလာရင် အကြွေစေ့ပစ်တဲ့ အခြားကလေးတွေနဲ့ လုကောက်ရတာပဲ။ ပျော်စရာကြီး။ အကြွေစေ့မဝင်ဘဲ ပြန်လှည့်မသွားချင်ဘူး။ အကြွေစေ့ ငါးစေ့ထဲနဲ့ ဝင်အောင်ပစ်နိုင်လို့ တော်သေးတယ်။း)


ကျီးပါးစပ်မရောက်ခင်နားမှာ အကြော်ဆိုင်တွေ ရှိတယ်။ ချောက်ကမ်းပါးဖက်ကို ထောက်နဲ့ လေသာဆောင်ထုတ်ပြီး ဆိုင်ဖွင့်ထားတာ။ ဆိုင်လေးကလည်း ထိုင်ချင်စရာ၊ အကြော်တွေကြည့်တော့လည်း ပူပူနွေးနွေးရှိတာနဲ့ ခဏထိုင်ဖြစ်တယ်။ ရှုခင်းကတော့ လေတဖြူးဖြူးနဲ့ တော်တော်ထိုင်လို့ကောင်းပါတယ်။ ဇာတ်လိုက်ကျော်ကတော့ အကြော်ခေါ်ကျွေးတာ မစားဘူးခင်ဗျ။ သြော် ဒီကလေးတွေ သူတို့ စည်းကမ်းလေးနဲ့ သူတို့ နေမှာပါလေလို့ ထင်မိပါတယ်။ စားကြည့်တော့မှ အကြော်ကတော့ စားလို့မကောင်းဘူး။ နှစ်ပြန်ကြော်တင် မကလောက်ဘူး ဘယ်နှစ်ပြန်လောက် ကြော်ပြီးပြီလဲမသိဘူး။ ဆီတွေ ဝနေတော့ တစ်ခုလောက်နဲ့တင် အီလိုက်တာ။ ဇာတ်လိုက်က အကြောင်းသိလို့ မစားတာဖြစ်မယ်။


ဆိုင်အဝမှာ ဗန်းတွေနဲ့ ဂျီသား၊ ဆတ်သား၊ တောကြက်နဲ့ ယုန်သား ဆိုပြီး အလေးချိန်နဲ့ ရောင်းတယ်။ ချက်ချင်းကြော်ပေးတယ်။ အခြားကောင်တွေထက် ကာလာကွဲနေတဲ့ ရွှေယုန်ကိုပဲ အစစ်လို့ ကိုယ့်ဘာသာ ယူဆပြီး ကြုံတုန်း မြည်းခဲ့တယ်။ အဲဒီတစ်ပန်းကန်ကို မြန်မာငွေ သုံးထောင်တဲ့။ တောင်ဂျင်းနဲ့ ကြော်ပေးတာတဲ့။ ဂျင်းနဲ့လေးကတော့ မွှေးနေတာပဲ။ ယုန်သားက ချိုတော့ ချိုတယ်ဗျ။ အသားကလည်း နုနုလေးပဲ။ စစ်မယ်ထင်တာပဲလေ။ စားတာပေါ့။

5 comments:

ကိုတောင်ငူ ပါးစပ်ထဲက ရွှေယုန် ဖြစ်ရမှာ။ အကြော်ဆိုင်က ရှုခင်းက လှလိုက်တာ။ ဒါပေမဲ့ မတော် ဒေါက်ကျိုးသွားလို့ လေသာဆောင် ပြုတ်ကျသွားမှဖြင့် ...။ ကိုးရီးယား မင်းသား ပါတဲ့ ပုံတွေ တင်ပါဦး။ ကျိုက်ထီးရိုး ပို့စ်တွေ တင်တိုင်း လာဖတ်တယ်။ တခါမှ မရောက်ဘူးတော့ အားလုံး အထူး အဆန်းချည်းပဲ။
 
လာရောက်ဖတ်ရှုသွား ကြောင်းနှင့် ဆက်လက်စောင့်မျှော်နေပါကြောင်း
 
ယုံပါတယ်.. ကလေးတွေနဲ့ အပြိုင် အကြွေစေ့လုကောက်နေမယ်ဆိုတာ.. ဟီး.. ဟီး..
 
တို့လဲ ကျိုက်ထီးရိုး ကို သတိရလိုက်တာ၊
 
ရှုခင်းလှတာ အေးအေးဆေးဆေးခံစားချင်လို့ ထိုင်ဖြစ်ပေမယ့် ဒေါက်ကျိုးကျမှာတော့ ကြောက်တယ် မချိုရေ။ မြန်မာပြည်ပြန်ဖြစ်ရင် သွားဖူးဖြစ်အောင် ဖူးပါဦး။

ဆက်လက်မျှော်နေမယ့် ကိုမင်းအိမ်ဖြူကို ကျေနပ်စေရပါမယ်။

ပျော်စရာကောင်းတယ်ဗျ။ မယုံရင် လုကောက်ကြည့် မဗေဒါရဲ့။

ကျွန်တော်ဆို အများကြီးသတိရနေလို့ ပို့စ်တွေ အများကြီးတင်နေတာသာ ကြည့်တော့ မကောင်းကင်ရေ။
 

Popular Posts