တောင်ငူသား

..... စိမ်းလန်းပါစေ ကမ္ဘာမြေ ... ငြိမ်းချမ်းပါစေ ကမ္ဘာမြေ .....

Saturday, May 16, 2009

ကျောက်ထပ်ကြီးသို့


ဘုရားဝတ်ပြုပြီးတော့ ရင်ပြင်တော်ပေါ်ကနေ ထမင်းဆိုင်တန်းတွေဖက် ဆင်းခဲ့တယ်။ မနက်စာ အဝစားထားလို့ မွန်းတည့်ချိန် ကျော်နေပေမယ့် မဆာဘူးဖြစ်နေတယ်။ နေ့တစ်ဝက် အချိန်ရတုန်း ကျောက်ထပ်ကြီးဖက်ထိ သွားခဲ့လိုက်တယ်။ ဘုရားဖူးတွေအနေနဲ့ တောင်ပေါ်ရောက်လို့ ကျိုက်ထီးရိုးဘုရားကြီး ဖူးမျှော်ပြီးတာနဲ့ အချိန်ရရင် ရသလို ပတ်ဝန်းကျင်က တောင်စွယ်တောင်တန်းတွေပေါ်မှာ တည်ထားတဲ့ ဘုရားစေတီတွေဆီ ဘုရားလည်းဖူးရင်း တောတောင်သဘာဝလည်း ခံစားရင်း သွားကြလေ့ရှိပါတယ်။ အထူးသဖြင့် လူငယ်ပိုင်းတွေ တက္ကသိုလ်ကျောင်းသားအရွယ်တွေ အသွားအများဆုံးပါပဲ။ တောလမ်းခရီးတစ်လျှောက် တက်လိုက် ဆင်းလိုက် လှမ်းလျှောက်ရင်း လမ်းမှာ အမောပြေ နားနေစရာ အစားအသောက်ရောင်းတဲ့ ဆိုင်တွေ နီးနီးတစ်ခါ ဝေးဝေးတစ်လှည့် ရှိပါတယ်။ တောထဲတောင်ထဲမှာမို့ ရေတစ်ပေါက်ရဖို့ ခက်ခဲလှပေမယ့် တချို့ဆိုင်တွေက သပ်သပ်ယပ်ယပ် သန့်သန့်ရှင်းရှင်း ပြင်ဆင်ရောင်းချတာ တွေ့ရသလို၊ ဝင်နားချင်စရာ မကောင်းလောက်တဲ့ ဆိုင်အပြင်အဆင်တွေလည်း တွေ့ရတယ်။

ရင်ပြင်တော်ကနေ ကျောက်ထပ်ကြီးဖက်ကို သွားရင် တကယ် လမ်းဆုံးက ကျောက်ထပ်ကြီး မဟုတ်သေးဘဲ ဆက်သွားနိုင်သေးတယ်လို့ ကြားဖူးတယ်။ ကျွန်တော်တော့ ကျောက်ထပ်ကြီးအထိပဲ ရောက်ဖူးပါတယ်။ ကျောက်ထပ်ကြီးစေတီကို ကျောက်တုံးကြီးနှစ်တုံး ထပ်နေတဲ့ပေါ်မှာ တည်ထားတာ ဖူးတွေ့ရပါတယ်။ ဘုရားဖူးတွေအနေနဲ့ စေတီကို ရွှေသင်္ကန်းခုနစ်ဆိုင်းပြည့်အောင်လှူရင် ကြိုးမင်းသားဆိုတဲ့ ပုဂ္ဂိုလ်က လှေကားကတစ်ဆင့် ကြိမ်နွယ်ကြိုးကနေ ကျောက်တုံးကြီးပေါ် တက်သွားပြီး ရွှေသင်္ကန်းလှူပေးတယ်။ လှူပြီးရင် အဲဒီကျောက်တုံးကြီးပေါ်ကနေ လက်နှစ်ဖက်လွှတ်ပြီး ကြိမ်နွယ်ကြိုးနဲ့ အောက်ကို ဇောက်ထိုး လျှောဆင်းပါတယ်။ တစ်ဦးတည်းမဟုတ်လည်း ဘုရားဖူးအဖွဲ့တွေ စုပေါင်းပြီး ရွှေသင်္ကန်း ခုနစ်ဆိုင်းပြည့်အောင် လှူလည်း တက်လှူပေးပါတယ်။


ရင်ပြင်တော်ကနေ ကျောက်ထပ်ကြီးထိ သွားတဲ့လမ်းတစ်လျှောက် ကျောက်တုံး ကျောက်ဆောင်တွေပေါ်မှာ စေတီတွေ တည်ထားတာ အများကြီးပါပဲ။ စေတီတိုင်းမှာ အလှူခံတွေ ရှိကြပါတယ်။ အချို့အလှူခံအဖွဲ့တွေမှာ လိုတာထက်ကို လူတွေ ပိုများနေတယ်လို့ ထင်နေမိတယ်။ အရင် ကျောင်းသားဘဝ သွားခဲ့စဉ်ကတော့ အကြောင်းမသိသေးလို့ စေတီတစ်ဆူ ဝင်ဖူးပြီးရင် တော်တော်နဲ့ နောက်ဆစ်ဆူဆီ မကူးနိုင်ကြပါဘူး။ သူငယ်ချင်း မိန်းကလေးတွေပါ သွားကြတုန်းကဆို သူတို့တွေ အားနာတတ်တာကြောင့် အလှူခံတွေ ပြောသမျှ ပြီးဆုံးအောင် နားထောင်နေရပါတယ်။ ကြုံဖူးခဲ့တာကတော့ စေတီတစ်ဆူရောက်လို့ ဝင်လိုက်တာနဲ့ အလှူငွေထည့်ဖို့ ပြောဟောပါတယ်။ ဘုရားကန်တော့ပြီးလို့ ကိုယ်တတ်စွမ်းသမျှ အလှူငွေထည့်တယ်ဆိုရင် ထည့်တဲ့ငွေပမာဏကို ကြည့်ပြီး ပိုမိုထည့်ချင်လာအောင် ပြောဆိုအလှူခံပါတယ်။ ဥပမာ နှစ်ရာကျပ် ထည့်မယ်လုပ်ရင် ရေတစ်ထမ်းကို သုံးရာပဲကျပါတယ်လို့ ငွေတစ်ရာ ပိုထည့်ချင်အောင် ပြောပါတယ်။ လှူတဲ့သူဖက်ကလည်း ငွေတစ်ရာ ပိုထည့်လိုက်ရုံနဲ့ ရေတစ်ထမ်းစာအလှူ ဖြစ်မြောက်သွားတယ်ဆိုတော့ သူသူကိုယ်ကိုယ် ထပ်ထည့်မိတော့တယ်။ ဒါက တစ်ဦးချင်းစီ ကြုံတွေ့ရတာပါ။



အဖွဲ့လိုက်သွားကြလို့ တစ်ယောက် တစ်ရာမျိုး နှစ်ရာမျိုး စုပေါင်းထည့်ကြလို့ အလှူငွေက တစ်ထောင်နှစ်ထောင်လောက် ဖြစ်သွားပြီဆို သုံးလေးထောင်လောက် လှူသွားအောင် တဖြည်းဖြည်းတိုးပြောပြီး အလှူခံကြပါတော့တယ်။ အလှူခံစားပွဲပေါ်မှာ တစ်ထောင်နှစ်ထောင်က စလို့ သောင်းဂဏန်းကြီးကြီးထိ အလှူခံစရာ အကြောင်းအရာတွေပါတဲ့ စာရွက်တွေကို ပလပ်စတစ်လောင်းထားတဲ့ ကတ်ပြားတွေ ရှိနေတတ်တယ်။ အဖွဲ့လိုက်သွားတဲ့အခေါက်က ကျီးပါးစပ်ဂူထဲကို ပထမဆုံး စဝင်ဖူးတယ်။ ဂူထဲမှာ နေရာမဆံ့လို့ အလှည့်ကျ တုံကင်နဲ့ ဝင်ရတယ်။ အထဲရောက်တော့ ဘုရားကန်တော့ပြီး အလှူငွေထည့်ကြဖို့ ငွေစုလိုက်တာနဲ့ ကတ်ပြားထုတ်ပါတော့တယ်။ သမိုင်းကြောင်းတွေ ဇာတ်လမ်းတွေနဲ့ ဘယ်လိုအကျိုးပေးထူးမှာ စသဖြင့် ပြောဟောလိုက်တာ အဖွဲ့ထဲက မိန်းကလေးတွေမှာ ချက်ချင်း ဘာလှူမယ် ညာလှူမယ်နဲ့ သောင်းဂဏန်းလောက် ကုန်ကျမယ့်အလှူတစ်ခု ထည့်မယ်ဖြစ်ကုန်တယ်။ ကျွန်တော်တို့ ယောက်ျားလေးတွေလည်း အဲဒီအချိန်က အဲဒီငွေဟာ မနည်းလွန်းတဲ့ ပမာဏမို့ အခြားသူငယ်ချင်းတွေ ဟိုတယ်မှာ ကျန်ခဲ့လို့ ပြန်တိုင်ပင်ဦးမယ် ဘာညာပြောပြီး အလှူငွေအချို့ထည့် အသာလက်ကုတ်ပြီး အမြန်ပြန်ထွက်ခဲ့ရတယ်။ အကြောင်းမသိသေးတဲ့ မိန်းကလေးတွေ နားလည်အောင် နောက်မှ ပြန်ရှင်းပြရတယ်။

အခုတစ်ခေါက်ကတော့ ငါးကြိမ်မြောက်ဖြစ်လို့ နည်းနည်းတော့ သဘောပေါက်သွားပါပြီ။ အဲဒါကြောင့် ရတဲ့ နေ့တစ်ဝက်အချိန်လေးကို ကိုယ်သွားမဲ့ ကျောက်ထပ်ကြီးထိ ဘယ်မှ မဝင်ဘဲ တောက်လျှောက်သွားမယ် ဆုံးဖြတ်လိုက်တယ်။ လမ်းမှာ ဖြတ်သွားတဲ့အခါမှာတော့ ထုံးစံအတိုင်း ဘုရားဝင်ဖူးဖို့ ခေါ်ပါတယ်။ အပြန်မှ ဝင်ဖူးပါမယ်ပြောပြီး ဆက်သွားတော့ သိပ်မကြည်လင်တဲ့ စကားတချို့ မကြားတကြား ထွက်လာပါသေးတယ်။


တောလမ်းခရီးတစ်လျှောက် ရှူးဖိနပ်စီးထားတာ အဆင်ပြေပေမယ့် စေတီတွေ ရှိတဲ့နေရာတွေကို ဖြတ်သွားတဲ့ အခါမှာတော့ အတော် ကသီပါတယ်။ အလှူခံအဖွဲ့က သွားလမ်းတစ်လျှောက်လုံးအပြည့် အခင်းတွေ ခင်း အမိုးတွေ မိုးထားတော့ ဖိနပ်မချွတ်ဘဲ ဖြတ်သွားဖို့ရာ မသင့်တော်ဘူးလေ။ အဲဒီတော့ တစ်လမ်းလုံး ခြေအိတ်ချွတ် ဖိနပ်ချွတ်၊ ခြေအိတ်ဝတ် ဖိနပ်ဝတ်နဲ့ အလုပ်များပါရော။ အကောင်းဆုံးကတော့ ပေါ့ပါးပြီး အလွယ်တကူ စီးနိုင် ချွတ်နိုင်တဲ့ ဖိနပ်တွေနဲ့ဆို အဆင်အပြေဆုံးပါပဲ။ အချိန်ကုန် သက်သာပါတယ်။


ကျောက်ထပ်ကြီးရောက်တော့ အခြားအဖွဲ့တွေပါ ရှိတာနဲ့ ရွှေဆိုင်း ခုနစ်ဆိုင်းစာ ပြည့်သွားလို့ ကြိုးမင်းသားရဲ့ စွန့်စားခန်းကို မြင်ခဲ့ရပါတယ်။ ဗွီဒီယိုင်ဖိုင်ကို နောက်မှ တင်ပေးပါမယ်။ လမ်းတစ်လျှောက်မှာ တည်ထားတဲ့ စေတီတွေက အများအပြားပါ။ စေတီတိုင်းမှာ အလှူခံအဖွဲ့တွေ ရှိကြပါတယ်။ အပြောအဟောလည်း ကောင်းသလို လှူချင်အောင်လည်း ပြောတတ်ပါတယ်။ ဒါပေမယ့် ကိုယ့်ရဲ့ သဒ္ဓါတရားနဲ့ တတ်နိုင်တဲ့ ဝန်အားကို ချိန်ဆပြီး လှူတတ်ဖို့တော့ လိုပါတယ်။ အလှူခံအဖွဲ့တွေ ဘာကြောင့် ဒီလောက် အားတက်သရော အလှူခံနေကြတာလဲ ဆိုတာကတော့ သူတို့ကိုယ်တိုင် အသိဆုံးဖြစ်ပါလိမ့်မယ်။


ညနေမစောင်းခင်မှာပဲ ရင်ပြင်တော်ဖက် ပြန်ရောက်ခဲ့တယ်။ “ကြူကြူဝင်း” ဆိုတဲ့ ဆိုင်မှာ နေ့လယ်စာနဲ့ ညစာ ပေါင်းစားလိုက်ရတယ်။ ထမင်းဆိုင်တွေက အတော်သန့်ရှင်း သပ်ယပ်နေပါပြီ။ လူခေါ်တဲ့နေရာမှာလည်း ဆိုင်တွေရဲ့ ရှေ့မှာ တားထားတဲ့ စည်းအတွင်းကပဲ ခေါ်ကြပါတယ်။ အတင်းကာရော ဆွဲခေါ်ရောင်းတာမျိုး လုံးဝ မတွေ့ရတော့ပါဘူး။ ထမင်းပူပူ ဟင်းရည်ပူပူ ငပိရည် တို့စရာ အသီးရွက် စုံလင်စွာနဲ့ တော်တော်လေး မြိန်ရှက်ခဲ့တဲ့ ထမင်းတစ်နပ် ဖြစ်ခဲ့ပါတယ်။

9 comments:

အကိုရေ ကျိုက်ထီးရိုးကို ၂ ခေါက်သုံးခေါက်လောက်ရောက်ဘူးတယ်ဗျ။ အခုလို အလွမ်းပြေ လေးတွေ ဖတ်ရ မြင်ရတော့ကြည်နူးမိပါတယ်ဗျာ။
 
အဲဒီကြူကြူဝင်းဆိုင်ပဲထင်တယ် အမလည်း စားခဲ့တာ။ သပ်ရပ်တယ်နော်။ စားလို့လည်း ကောင်းတယ်။ အလှူခံတွေပြောချင်ရာပြော ကိုယ်လည်းပြန်ပြေးလာတာပဲ။ ကျိုက်ထီးရိုးဘုရားကို နောက်ထပ်လည်းသွားချင်ပါသေးတယ်။
 
တောင်ငူသားကြီးရေ..
မတွေ့တာကြာပေါ့..
ကျိုက်ထီးရိုးကို တကယ်ရောက်သွားသလိုပါပဲ..း)
 
ကျောက်ထပ်ကြီးကတော့ မပြောင်းဘူးနော်… ကျွန်မရောက်ခဲ့တုန်းက အတိုင်းပဲ… ဒါပေမယ့် လွမ်းစရာကောင်းတယ်…
 
ဘာမှသိပ်မပြောင်းသေးဘူးပဲ
သွာခဲ့တဲ့ အချိန်လေးတွေကို လွမ်းသွားတယ်
 
လွမ်းတာဗျာ။
 
စုံနေတာပဲ.. ကိုတောင်သူသားနဲ့အတူ ဘုရားလိုက်ဖူးလိုက်ပြီ..
 
ကျွန်တော်လည်း အမှတ်တရဖြစ်အောင် မှတ်တမ်းလေးတင်ဖြစ်တာပါ မန်းသူရဲကောင်းရေ။

တိုက်တိုက်ဆိုင်ဆိုင် အားပေးခဲ့တဲ့ဆိုင်ချင်း တူနေတာကိုး မဇနိရ။

ဘုရားဖူးရအောင် အွန်လိုင်းကခေါ်သွားတာ ကိုနော်ရေ။

ကျောက်ထပ်ကြီးက ကြိုးမင်းသားနဲ့ သင်္ကန်းလှူပေးနေတုန်းပဲ အမတန်ခူးရ။

အလွမ်းလည်းပြေ ဘုရားလည်း ဖူးရအောင် ခေါ်သွားဖြစ်တာပါ ညီမနွေးနဲ့ ကိုရွာသားရေ။

ညီလေးခရေတွန် ဘုရားလိုက်ဖူးတော့ ကုသိုလ်ရတာပေါ့။ ကိုတောင်သူတော့ မလုပ်လိုက်ပါနဲ့ ညီလေးရယ်။ စပါးမစိုက်တတ်ဘူးကွဲ့။
 
ကျိက်ထီးရိုးကို ၂ခါရောက်ဖူးပေမယ့် တခါမှ ဒီလောက် မနှံ့ခဲ့ပါဘူး။ အခု ကျိုက်ထီးရိုးခရီးကို အသေးစိတ်ရေးထားတဲ့ ပို့စ်တွေကို ဖတ်ရတော့ အားကျမိပါတယ်။ ဦးသုမောင်နဲ့ စိုးစန္ဒာထွန်းတို့ရဲ့ ကျိုက်ထီးရိုးသီချင်းကို နားထောင်ရင်း တဝကြီးစာဖတ်ပြီး ဓာတ်ပုံတွေ ကြည့်သွားပါတယ်။ ကျေးဇူးတင်ပါတယ် မောင်လေး တောင်ငူသားရေ။
 

Popular Posts