booking ယူကတည်းက ငွေချေပြီးသားမို့ အခန်းမရမှာ မပူရတော့ဘူး။ ရန်ကုန်ရုံးမှာ အခန်းငှားတုန်းက အသက်သာဆုံးအခန်းကိုပေးပါ ဆိုတာတောင် တစ်ရက်ကို ကျပ်နှစ်သောင်းခွဲ ပေးရပါတယ်။ breakfast ပါပါတယ်။ ထမင်းကြော်+ ကြက်ဥကြော် ဒါမှမဟုတ် ပေါင်မုန့်မီးကင်+ယို၊ထောပါတ် နှစ်သက်ရာ ရွေးချယ်နိုင်ပါတယ်။ ကော်ဖီတစ်ခွက်ကတော့ လူတိုင်းသုံးဆောင်နိုင်သလို ရေနွေးကြမ်းလည်း တောင်းလို့ရပါတယ်။ အိပ်ရာထနောက်ကျရင်တော့ ထမင်းကြော်ကုန်သွားလို့ ခဏစောင့်နေရတာမျိုး ရှိနိုင်ပါတယ်။
ကျိုက်ထိုဟော်တယ်က နှစ်ထပ်တည်းခိုဆောင်
ရန်ကုန်ရုံးမှာ ငွေရှင်းထားတဲ့ ဘောက်ချာရယ် မှတ်ပုံတင်ရယ် ပေးလိုက်တော့ ဝန်ထမ်းတစ်ယောက်က နေရမယ့်အခန်းကို လိုက်ပို့တယ်။ နှစ်ထပ်ဆောင်ရဲ့ အောက်ထပ် အစွန်ဆုံးအခန်းရပါတယ်။ အောက်ထပ်ဖြစ်လို့ အပေါ်ထပ်က အသံတော့ နည်းနည်းရှိပါတယ်။ အခန်းက နှစ်ယောက်စာအတွက်ဆိုရင်တော့ အတော်ကို ကျယ်ပါတယ်။ ရေချိုးခန်း အိမ်သာက တွဲလျက်ပါပေမယ့် အခင်းကိုတော့ ကြွေပြားကပ်မထားပါဘူး။ ရေပူရေအေးပိုက် တပ်ထားပေမယ့် ကျွန်တော်တို့တည်းခဲ့တဲ့ နှစ်ရက်လုံးလုံး ရေအေးနဲ့သာ နှစ်ပါးသွားခဲ့ရပါတယ်။ အခန်းထဲမှာ ဓါတ်ဗူးအလွတ်နဲ့ ဖန်ခွက်တွေရှိပါတယ်။ ရေနွေးကြမ်းလိုရင်လည်း တောင်းလို့ရပါတယ်။ ရေသန့်ဗူးကတော့ တစ်ရက်ကို နှစ်ယောက်အတွက် ဘူးသေးနှစ်ဗူးပဲပေးပါတယ်။
ညပိုင်းတွေမှာတော့ မီးမလာတဲ့ အချိန်တွေဆိုလည်း မီးစက်နှိုးပေးထားပါတယ်။ ဧည့်သည်အရမ်းပါးတဲ့အချိန်တော့ မပြောတတ်ပါဘူး။ ကျွန်တော်တို့တည်းနေတဲ့ အချိန်ကတော့ အပြည့်အကျပ်မဟုတ်ပေမယ့် စည်စည်ကားကားပါပဲ။ အားလုံးခြုံကြည့်ရင် ကျိုက်ထိုဟော်တယ်မှာ တည်းရတာကို သဘောကျပါတယ်။ အခန်းခနှုန်းနဲ့ ဝန်ဆောင်မှုကို ကြည့်ရင် တောင်ပေါ်အနေအထားနဲ့ သင့်တင့်မျှတတယ်လို့ ပြောရပါမယ်။ နောက်ပြီး အင်တာနက်လည်း သုံးလို့ရပါသေးတယ်။ တစ်နာရီကို နှစ်ထောင်လို့ ထင်ပါတယ်။ မသုံးခဲ့လို့ အတိကျမမှတ်မိတော့ပါဘူး။ ဒီတစ်ခေါက်မှာ ကျိုက်ထိုဟော်တယ်က အခန်းတွေ အတော်ကို များနေပါပြီ။ အသစ်ထပ်ဆောက်ထားတဲ့ လုံးချင်းတွေလည်း မနည်းပါဘူး။
6 comments:
ငယ်ငယ်တုန်းကထက်စာရင်ထက် အများကြီးအဆင်ပြေပါတယ်နော်..
ကားတွေလည်းတောင်ပေါ်ထိရောက်တော့..။
ကျိုက်ထိုဟော်တယ်က ရင်ပြင်နဲ့ နည်းနည်းလေး လှမ်းလို့ တခါတလေ သွားရလာရ အဆင်မပြေသလိုပဲ။ ရင်ပြင်နဲ့ နီးတဲ့ တိဿဆောင်တွေမှာ အခုဆို ရေချိုးခန်း အိမ်သာ အပြည့်အစုံနဲ့ဆိုတော့ ဟိုတယ်ထက် ပိုကောင်းသလားပဲ။ ထမင်းစား ဆင်းရတာလည်း နီးတယ်။ ဒါပေမယ့် တည်းခိုခလည်း ဟိုတယ်ခလို ဈေးကြီးပါတယ်။
Post a Comment