တောင်ငူသား

..... စိမ်းလန်းပါစေ ကမ္ဘာမြေ ... ငြိမ်းချမ်းပါစေ ကမ္ဘာမြေ .....

Saturday, March 28, 2009

ရသေ့တောင်မှ အတက်

ရသေ့တောင်တော်စခန်း

ရသေ့တောင်တော်စခန်းက ကားလမ်းခရီးတစ်ဆင့် ဂိတ်ဆုံးပါတယ်။ လေးဆယ့်ငါးမိနစ်လောက်ပဲ ကြာပါတယ်။ ကင်ပွန်းစခန်းကနေ ရသေ့တောင်စခန်းအထိကို ကားခက ၁၈၀၀ ကျပ် (နောက်ခန်း)ပါ။ ရသေ့တောင်ကနေ တောင်ပေါ်အထိကတော့ ၁၂၀၀ ကျပ်ပါ။ ဘုရားဖူးအများစုကတော့ ရသေ့တောင်ထိပဲ ကားနဲ့တက်ကြပြီး ရသေ့တောင်ကနေ တောင်ပေါ်ထိကိုတော့ ခြေလျင်တက်ကြလေ့ရှိပါတယ်။ တလောက သတင်းတစ်ပုဒ်မှာ ရသေ့တောင်ကနေ တောင်ပေါ်ထိ ဘုရားဖူးများကို ကားနဲ့ တက်ခွင့်မပြုတော့ဘဲ ကုန်ပစ္စည်းများတင်ဆောင်မှုသာ ခွင့်ပြုတော့တယ်လို့ ဖတ်လိုက်ရပါတယ်။


ကားပေါ်မှာ အဲဒီ အဘဝဝရဲ့ ဘေးမှာ ထိုင်မိတော့ ကားကွေ့တဲ့အခါ အဘဖက် စောင်းကွေ့ရင် ဆိုဖာကြီးလိုဖြစ်ပြီး ကျွန်တော့်ဖက် စောင်းကွေ့တဲ့အခါမှာတော့...

တောင်ပေါ်တက်တဲ့ကားပေါ်မှာ ကျွန်တော်တို့ရှေ့နား ထိုင်တဲ့လူတစ်ယောက်က ရသေ့တောင်ရောက်ရင် ကျွန်တော်တို့နှစ်ယောက်ရဲ့ အိတ်တွေ(ကျောပိုးအိတ်နှစ်လုံးထဲ)ကို သူထမ်းပါရစေတဲ့။ သူဟာ အထမ်းသမားဖြစ်တဲ့အကြောင်း တောင်ခြေခဏဆင်းရင်း အခုပြန်တက်လာတာဖြစ်ကြောင်း ပြောပါတယ်။ ကျွန်တော်တို့လည်း အထမ်းသမားတွေရဲ့ စည်းကမ်းတွေ ဘယ်လိုရှိတယ်ဆိုတာကို မသိတာမို့ သူ့ကမ်းလှမ်းချက်ကို လက်ခံလိုက်မိပါတယ်။ ရသေ့တောင်စခန်းရောက်တော့ အထမ်းသမားကွပ်ကဲရေးရုံးကျော်မှ သူထမ်းလို့ရမှာဖြစ်လို့ အဲဒီရုံးကျော်တဲ့အထိ တက်လာခဲ့ဖို့ ပြောပြီး တက်သွားပါတော့တယ်။ အဲဒီအချိန်မှာ အထမ်းသမားကွပ်ကဲရေးရုံးက အကျီမှာ နံပါတ်ပါသော အထမ်းသမားများကို ရုံးမှအစီအစဉ်ဖြင့် ငှားရမ်းသယ်ဆောင်မှသာလျှင် တစ်စုံတစ်ခု ဖြစ်ပါက ဖြေရှင်းပေးမည်ဖြစ်ကြောင်း ကြေညာသံကြားရတော့မှ ကျွန်တော်တို့လည်း ဆုံးဖြတ်ချက်စောသွားကြောင်း သိလိုက်ရတော့တယ်။ ရုံးကနေတဆင့် ငှားသယ်နိုင်ပေမယ့် ဟိုလူကို ပြောလိုက်မိတာကြောင့် အားနာလို့ရယ် ဟိုလူကလည်း သူစောင့်နေတဲ့ဆီကနေ လှမ်းကြည့်နေတာရယ်ကြောင့် မငှားဖြစ်ပဲ ဆက်တက်ခဲ့ကြတော့တယ်။ လမ်းဘေး သစ်ပင်အောက်လေးတွေမှာတော့ ဆယ်ကျော်သက်ဝန်းကျင် အထမ်းသမားလေးတွေ(သူတို့မှာ နံပါတ်တပ်ထားတဲ့ အကျီလေးတွေ ဝတ်ထားကြတယ်)က ကျောပိုးအိတ်တစ်လုံး သယ်ခ တစ်ထောင်ဖြစ်ကြောင်း ရုံးကနေတစ်ဆင့် ငှားရကြောင်း တတွတ်တွတ် ပြောသူက ပြောပေးနေကြပါတယ်။ ဟိုလူမထမ်းခင် ဈေးအရင်မေးကြည့်တော့ တစ်လုံးကို ကျပ်တစ်ထောင့်ငါးရာနဲ့ သုံးထောင်တောင်းပါတယ်။ လမ်းမှာ ကလေးတွေ ပြောနေတဲ့ ဈေးကို ကြားထားလို့ ဈေးဆစ်လိုက်တော့ တစ်လုံးတစ်ထောင်နဲ့ ရပါတယ်။ ပြီးတာနဲ့ ကျောပိုးအိတ်နှစ်လုံးကို ရှေ့နောက်တစ်လုံးစီလွယ်ပြီး ရှေ့ကနေတက်သွားလေရဲ့။ ဒါတောင် ကလေးတွေက လျှောက်ပြောနေတာ တကယ်ငှားတော့မယ်ဆိုရင် အဲဒီဈေးနဲ့ မရဘူးလို့လဲ ပြောပါသေးတယ်။
နံပါတ်တပ် အကျီနဲ့ အထမ်းသမားတစ်ဦး

ခြေလျင်ခရီးဆိုပေမယ့် ကွန်ကရစ်ကားလမ်း အတိုင်းသာ တက်ကြတာပါ။ တောလမ်းက တက်ချင်တဲ့သူတွေအတွက်လည်း လမ်းညွှန်ထားတာရှိပါတယ်။ ရသေ့တောင်ကနေ တောင်ပေါ်အထိ ကားလမ်းတစ်လျှောက်မှာတော့ အတက်အဆင်း ဘုရားဖူးတွေနဲ့ စည်ကားပါတယ်။ ခြေလျင်တက်ပြီးမှ ဆက်မတက်နိုင်တော့လို့ လမ်းတစ်ဝက်ကနေ အထမ်းငှားချင်တဲ့သူတွေကို စောင့်ထမ်းပေးဖို့ အထမ်းစင်လေးတွေ နေရိပ်မှာ ချထားပြီး စောင့်နေတာမျိုးလည်းရှိပါတယ်။ လမ်းတစ်လျှောက်လုံး အစားအသောက်ဆိုင်တွေနဲ့ လက်ဆောင်ပစ္စည်းဆိုင်တွေ တော်တော်များများတွေ့ရတယ်။ ကျွန်တော်တို့တော့ ဖြည်းဖြည်းချင်းပဲ ဟိုကြည့်ဒီကြည့်လုပ်လိုက် ဓါတ်ပုံရိုက်လိုက်နဲ့တက်သွားတာ “ကျိုက်ထိုဟော်တယ်” ရောက်တဲ့အထိ တစ်နာရီတောင် ကြာသွားပါတယ်။ :D


ဒီအောက်က စာပိုဒ်လေးတွေကတော့ ပထမဆုံးအကြိမ် ရောက်ဖူးစဉ်က အကြောင်းလေးတွေကို ဖြည့်စွက်ရေးထားတာပါ။ ပုံတွေကတော့ အခုရိုက်ခဲ့တဲ့ပုံတွေပါ။

အထမ်းသမားလေးဦးထမ်းတဲ့ အထမ်းစင် (ဝါ) ဝေါယာဉ်

ပထမဆုံးအကြိမ် ရောက်ဖူးတုန်းက ကျွန်တော် ခြောက်တန်းနှစ်မှာ။ ကျွန်တော်တို့ရောက်တဲ့ မနက်က တောင်ပေါ်တက်တဲ့ကားလမ်း ဖွင့်ပွဲနေ့ (၁၉၉၂ ဇန်နဝါရီ ၄ ရက် ဖြစ်မယ်ထင်ပါတယ်)။ ဒါပေမယ့် ဖွင့်စမို့ ကားနဲ့ သိပ်မတက်ရဲကြသေးဘူး။ အတက်မှာ အမေက ကျန်းမာရေးကြောင့် ဝေါယာဉ်အထမ်းနဲ့ တက်ရတယ်။ ဝေါယာဉ်အထမ်းဆိုတာက သစ်သား ပက်လက်ကုလားထိုင်ကို ခပ်တောင့်တောင့် ဝါးလုံးကြီးနှစ်လုံး ဘေးတစ်ဖက်စီမှာ ကြိုးနဲ့ မြဲစွာဆိုင်းပြီး လူလေးယောက်က ထမ်းကြတာပါ။ အလေးချိန်နဲ့ပေမယ့် သူတို့တက်ကြတာ သာမန်နှုန်းနဲ့ တက်တဲ့ ဘုရားဖူးတွေထက် မြန်ပါတယ်။ ကျွန်တော်က အမေနဲ့ ကပ်လိုက်တယ်။ ကျွန်တော့်ကိုယ်က ပေါ့ပေါ့လေးပါ ;D အထမ်းပေါ်က ကျွန်တော်တို့သားအမိကို တောင်ပေါ်က ပြန်ဆင်းလာတဲ့ စနောက်တတ်တဲ့အဖွဲ့တွေက “ဟာ.. မယ်တော်ကြီး ကြွလာပြီ ဆားလှော်လေးလည်း ပါတယ်ဟေ့ မော်မဖူးကြနဲ့ ခလုပ်တိုက်မယ်” ဆိုပြီး စသွားကြတာ မှတ်မိနေသေးတယ်။


ခြင်းအထမ်းထဲက လိုက်တဲ့ ကလေးငယ်

တောင်ပေါ်က ပြန်အဆင်းမှာ ကျွန်တော်နေမကောင်းဖြစ်နေရော။ အဲဒီတော့ ပင်ပန်းမှာစိုးလို့ အဖေက ကျွန်တော့်ကို အထမ်းနဲ့ ဆင်းဖို့ စီစဉ်ပါတယ်။ ဒီအထမ်းကတော့ အခုပစ္စည်းတွေ သယ်နေကြတဲ့ ခြင်းကြားကြီးပါပဲ။ အဲဒီထဲမှာ ကန့်လန့်ဖြတ် သစ်သားပြားထိုးထားတယ်။ အဲဒီသစ်သားပြားပေါ်ထိုင်ပြီး ခြေထောက်က ခြင်းအောက်ခြေမှာချလို့ လိုက်ရပါတယ်။ အထမ်းသမားက သူ့နှုန်းနဲ့သူ ဆင်းတာကို သားတော်မောင် မတော်တဆ ပြုတ်ကျမှာစိုးတာရယ်၊ နေမကောင်းဖြစ်နေတာရယ်၊ ဂျီကျတတ်တာရယ်ကြောင့် အကြောင်းသိပြီးသား အဖေက ဘေးကနေ မျက်ခြေမပြတ်တမ်း လိုက်ဆင်းပါတယ်။ (ကျွန်တော်ကလည်း နေသာမကောင်းတယ် တစ်လမ်းလုံး နားတဲ့နေရာတိုင်း ဟိုဟာစားချင် ဒီဟာစားချင်ပါ)။


အဖွားပိန်ပိန်လေးတစ်ဦးလည်း ဒီလိုခြင်းတောင်းလေးထဲကနေ တောင်ပေါ်တက်တာ တွေ့ခဲ့တယ်

3 comments:

စာပြန်ရေးနေတာ ၀မ်းသာတယ်။
ကိုယ့်တူမလေး နှစ်ယောက်ကတော့ အတူထိုင်တဲ့ ခြင်းထဲမှာ ကနာမငြိမ် ဆော့လိုက်ကြတာ အထမ်းသမား balance ပျက်ပြီး ချော်လဲပါလေရော။ သူတို့နှစ်ယောက်လည်း မြေကြီးပေါ် ငုတ်တုတ် ရောက်သွားတာပေါ့။ ကံကောင်းလို့ တောင်စောင်းက ချော်မကျတယ်။ စံပါပဲ။
 
သူ့အဖေသူ့ကို...ချစ်ကြောင်း...
သူဂျီကျတတ်ကြောင်း...
 
သွားလည်ချင်လိုက်တာ--
ပျော်ရွှင်ပါစေ--
 

Popular Posts