တောင်ငူသား

..... စိမ်းလန်းပါစေ ကမ္ဘာမြေ ... ငြိမ်းချမ်းပါစေ ကမ္ဘာမြေ .....

Sunday, March 15, 2009

ကင်ပွန်းစခန်းမှာ တစ်ညတာ

တောင်ခြေ ကင်ပွန်းစခန်းမှာ ဒီတစ်ညအတွက် တည်းဖို့က ထမင်းဆိုင်တွေမှာလည်း မတည်းချင်ဘူး။ သီးသန့်တည်းခိုခန်း သင့်တော်တာလေးမှာပဲ တည်းချင်တယ်။ အရင်အခေါက်တွေတုန်းက ကင်ပွန်းစခန်းမှာ ရေကူးကန်ရှိတဲ့နေရာကို ရောက်ဖူးထားတယ်။ အဲဒီမှာ တည်းခိုဆောင် ဘန်ဂလိုလေးတွေလည်း မြင်ထားခဲ့တော့ အဆင်ပြေမယ်ထင်ပြီး သွားစုံစမ်းကြည့်တယ်။ ရိုးရိုးခန်းကို တစ်သောင်းသုံးထောင်တဲ့။ ကြည့်လိုက်တော့ သစ်သားပြားတွေ ခင်းကာထားတဲ့ အခန်းတစ်ခန်းမှာ နှစ်ယောက်အိပ်ခုတင်တစ်လုံးနဲ့ စောင်၊ ခြင်ထောင်ပဲပါတယ်။ ဘယ်လိုမှ မခံစားနိုင်တာနဲ့ ပြန်ထွက်လာခဲ့တယ်။ ဒါတောင် တစ်သောင်းရမယ် လုပ်နေသေးတယ်။


“ပန်းမြို့သူ” ဧည့်ရိပ်သာ (ကင်ပွန်းစခန်း)


ဂေါပကရုံးအလွန်နားက တည်းခိုခန်းကို စုံစမ်းမယ်ကြည့်ပြန်တော့ ခေါ်မရဘူး။ ကောင်းပါလေ့။ အဲဒီချိန်မှာ ဆိုင်တစ်ဆိုင်မှာ စကားပြောနေကြတဲ့ထဲက လူတစ်ယောက်က တည်းခိုးခန်း သန့်တာ တည်းချင်ရင် ပို့ပေးပါမယ်တဲ့။ ကျွန်တော်တို့လည်း လိုက်ကြည့်တာမမှားဘူးဆိုပြီး လိုက်သွားကြတယ်။ တောင်ပေါ်တက်တဲ့ ခြေလျင်လမ်းအတိုင်းသွားပြီး ဘယ်ဖက်တစ်နေရာရောက်တော့ ယိုစုံဆိုင်တန်းတွေကြား ဝင်ပေါက်ကနေ လှမ်းဝင်လိုက်ရင်ပဲ “ပန်းမြို့သူ”ဆိုတဲ့ နာမည်နဲ့ လိုက်အောင် သစ်ခွပန်းဥယျာဉ်ပေါက်စလေးနဲ့ တည်းခိုရိပ်သာလေးက ဆီးကြိုနေတယ်။ လိုက်ပို့တဲ့သူက ခေါ်ပေးတော့ ဦးလေးကြီးတစ်ယောက် ထွက်လာတယ်။ အခန်းတွေပြတော့ ပထမ ငါးထောင်ခန်းက ကုတင်နှစ်လုံးနဲ့ အိပ်ယာပဲ ပါတဲ့အပြင် သိပ်မသန့်သလို ဖြစ်လို့ သူ့ထက်ကောင်းတဲ့အခန်း ရှိသေးလားဆိုတော့ ခုနစ်ထောင်ခန်းကို လိုက်ပြတယ်။ ရေချိုးခန်း၊ အိမ်သာ တွဲလျက်ပါတဲ့အပြင် ခြင်လုံခန်းနဲ့ အိပ်ယာအိပ်ခင်းကလည်း သန့်ပြန့်တဲ့အတွက် ချက်ချင်းပဲ ရွေးလိုက်တော့တယ်။ လိုက်ပို့တဲ့သူကို ကျေးဇူးတင်ကြောင်း သေချာပြောပြီး အခန်းထဲဝင် ရေချိုးလိုက်တော့ လန်းသွားကြတယ်။


“မင်းသီတာ” လက်ဖက်ရည်နှင့် စားသောက်ဆိုင် (ကင်ပွန်းစခန်း)


မအိပ်ချင်သေးတာနဲ့ ဈေးတန်းဖက် လမ်းလျှောက်ထွက်ခဲ့တယ်။ ဂိမ်းဆိုင်တစ်ဆိုင်မှာတော့ ကစားတဲ့သူက ကစားနေတုန်းပဲ။ တည်းခိုခန်းလိုက်ရှာတုန်းက တွေ့ခဲ့တဲ့ “မင်းသီတာ” ဆိုတဲ့ လက်ဖက်ရည်ဆိုင်လေးကို သဘောကျလို့ အဲဒီမှာ သွားထိုင်ဖြစ်တယ်။ လိုက်ပို့ခဲ့တဲ့သူကို ကြည့်သေးတယ်။ လက်ဖက်ရည်လေး တိုက်မလို့ပါ။ သူပို့ပေးလို့ပဲ ကိုယ့်မှာ တစ်ညတာ တည်းရတာ အဆင်ပြေသွားတာ။ ဒါပေမယ့် မတွေ့တော့ဘူး။ မိုးလည်းချုပ်ပြီကိုး။ “မင်းသီတာ”က ညလုံးပေါက်ဖွင့်တဲ့ဆိုင်ဖြစ်မယ်။ ဆိုင်က သန့်သန့်ရှင်းရှင်းနဲ့ အစားအသောက်လည်း စုံတယ်ပြောရမယ်။ အပူအအေးအပြင် အကြော်အလှော်တချို့ပါ ရတယ်။ သီချင်းပုံမှန်လေးပဲ ဖွင့်ပေးထားတယ်။ ထိုင်နေတာတော့ ကျွန်တော်တို့ဝိုင်းနဲ့မှ နှစ်ဝိုင်းပဲရှိတယ်။ လလေးကသာ၊ ဆောင်းလေအေးက တဖြူးဖြူးနဲ့ လက်ဖက်ရည်လေးသောက် ရေနွေးလေးသောက်နဲ့ အတော်ကို လွမ်းမောဖွယ်ကောင်းခဲ့တဲ့ ကင်ပွန်းစခန်းက ညလေးတစ်ညပါပဲ။ အတော်ကြာ ထိုင်ဖြစ်ခဲ့ကြပြီးမှ ဈေးတန်းအတိုင်း တည်းခိုရိပ်သာရှိရာ လျှောက်လာပြီး အိပ်ယာဝင်ခဲ့ကြတယ်။

5 comments:

နေရာလေးတွေမှတ်ထားရမယ်။ သွားဖြစ်ရင် အဲလိုမျိုးလေးတွေ ရှာကြည့်ရမှာပေါ့နော်။
 
ကိုတောင်ငူရေ… နေရာလေးတွေက မြင်တာနဲ့  အေးချမ်းသွားတာပဲ… peak season ဆိုရင်တော့ နေရာရဖို့  အတော်ခက်မယ် ထင်တယ်နော်…
 
ကင်ပွန်းစခန်းမှာ တခါမှ မတည်းဖူးဘူး..မှတ်ထားရဦးမယ်..တကယ်ကို အေးအေးဆေးဆေးပဲနော်..
 
ဗဟုသုတတွေ လာကြည့်သွားပါတယ်--
 
အဟမ်း အဟမ်း ဘယ်သူနဲ့ လဲ၊ နှစ်ယောက်ထဲလား ၊ ဘာဝယ်ခဲလဲ၊ ဘာမြင်သေးလဲ။ ဘာလုပ်ခဲလဲ။ ဘုရားဖူးခဲ့တာလား။ လိပ်ဥကောတူးခဲ့ပါသလား။ ပျော်ခဲ့တယ်ပေါ့။ ဝမ်းသာပါတယ်...
 

Popular Posts