တောင်ငူသား

..... စိမ်းလန်းပါစေ ကမ္ဘာမြေ ... ငြိမ်းချမ်းပါစေ ကမ္ဘာမြေ .....

Monday, October 20, 2008

ဆရာဖြစ်သွားသော တပည့်များ

ဆယ်တန်းအောင်စာရင်းတွေထွက်တော့ ဂုဏ်ထူးနှစ်ခုပဲပါတယ်။ အမှတ်စာရင်းမရသေးတဲ့အချိန်ထိ ကိုယ့်ကိုယ်ကို မကျေနပ်ဘူး။ ကြိုးစားခဲ့ပါလျက်နဲ့ ဂုဏ်ထူးနှစ်ခုပဲပါတာကို ဒေါသတွေထွက်နေတယ်။ အမှတ်စာရင်းတောင်းလို့ ရလာတော့မှ အရမ်းပျော်သွားတယ်။ သိပ်တက်ချင်နေတဲ့ RITမှတ်ကို မျက်စိမှိတ်ပြီး ဝင်နေပြီလေ။ ကျွန်တော်တို့နှစ်မှာ တောင်ငူက တစ်နိုင်ငံလုံး အမှတ်အများဆုံး ၁၀ယောက်ထဲ ဦးဦးဖျားဖျား စဝင်တဲ့နှစ်။ ရတာမှ တစ်နိုင်ငံလုံး ပထမရတာ။ ကျွန်တော်တို့ကျောင်းကတော့ မဟုတ်ဘူး။ ထ-၁ က။ ဒါပေမယ့် ကျွန်တော့်သူငယ်ချင်း အရင်းကြီးပါပဲ။ နောက် ၂၀၀၂ လား ၂၀၀၃ လားမမှတ်မိဘူး။ အဲဒီနှစ်မှာ တစ်နိုင်ငံလုံး ပဉ္စမ တစ်ခါထပ်ဝင်တယ်။ တခြားလူမဟုတ်ပြန်ဘူး။ ကျွန်တော့်ညီမဝမ်းကွဲ။ အဲသလို တောင်ငူသားရဲ့ ပတ်ဝန်းကျင်မှာ ထူးချွန်တဲ့သူတွေ ပေါများတာ။

သီတင်းကျွတ်ပြီး ဒီလိုအချိန်ဆို ဆယ်တန်းကလေးတွေအတွက် ဂိုက်ဇာတ်လမ်းတွေ ပိုပြီး သက်ဝင်လှုပ်ရှားလေ့ရှိတယ်။ ဘယ်အချိန်ကတည်းက ခေတ်စားခဲ့တဲ့ စာကျက်မှု အထောက်အကူပြု ဝန်ဆောင်မှုလည်းတော့ မသိပါဘူး။ ကျွန်တော် ၁၀တန်းရောက်တဲ့အချိန်မှာ အတော်ကို အရှိန်ရနေပါပြီ။ ကျွန်တော်လည်း ၁၀တန်းမှာ ဂိုက်တွေနဲ့ ကျက်ခဲ့တွက်ခဲ့တာပါပဲ။ အခုလည်း ကျွန်တော့်ကို ဆရာမက ဂိုက်မလုပ်သေးဘူးလားလို့ မေးနေပါပြီ။ ခက်တာက ကျွန်တော်က တခြားနေရာမှာသာ ဆရာလုပ်တတ်တာ လုပ်ချင်တာ။ စာသင်ဖို့ကိုတော့ နည်းနည်းလန့်နေတယ်။ ဒါပေမယ့် ကိုယ့်တုန်းကလည်း ဆရာမပဲ အဆင်ပြေအောင် ဂိုက်ရှာပေးထားတော့ ကျွန်တော်လည်း မငြင်းသာတော့ဘူး။


ဒါနဲ့ပဲ ကျွန်တော့်ရဲ့ ပထမဆုံးဂိုက်လုပ်ပေးရမဲ့ တပည့်ကလေးရလာပါတယ်။ အ.ထ.က (၂) ကပါပဲ။ လူချင်းမခင်ပေမယ့် ၆တန်းလောက်ကတည်းက ကျောင်းမှာ မြင်တွေ့နေကြဆိုတော့ သူ့ကို သိပြီးသားပါ။ ကျွန်တော်သိထားတာက ဂိုက်တွေသည် တပည့်တွေရဲ့ အိမ်တွေမှာသာ လိုက်သင်ကြတာပါ။ ဒါပေမယ့် ကျွန်တော့်ရဲ့ ချစ်စွာသော တပည့်အသစ်စက်စက်က သူ့အိမ်မှာ စာမကျက်ချင်တဲ့သူမို့ ကျွန်တော့်အိမ်မှာပဲ လာကျက်ပါရစေတဲ့။ အဲဒီတော့လည်း ကိုယ်လည်း သွားရသက်သာတာပေါ့ဆိုပြီး အိမ်လာဖို့ မီးစိမ်းပြလိုက်ပါတယ်။


ကိုယ့်အိမ်လာကျက်မယ်ဆိုတော့ အဆင်ပြေအောင် ကိုယ်စာကျက်ခဲ့တဲ့ စားပွဲကြီးကိုပဲ အိမ်ပေါ်ထပ်မှာပြင် မီးချောင်းလည်းဆင်ပေါ့။ မီးကပျက်တော့ အင်ဗာတာမီးချောင်းနဲ့ အားလုံးအသင့်ပြင်ထားရတယ်။ ရေပုလင်းကအစပေါ့။ ကိုယ်လည်းအားလုံးပြီးစီးတော့ သူကရောက်လာပြီ။ ပထမဆုံးနေ့လည်းဖြစ် ကိုယ်လည်းတစ်ခါမှ မသင်ဖူးသေးတော့ ဘယ်ကဘယ်လို စဂိုက်ရမှန်းမသိဖြစ်နေတယ်။ အဲဒီတော့ တပည့်က ဆရာပြန်လုပ်တော့တယ်။ အစ်ကိုတဲ့ ကျွန်တော့်ကို ဒီစာရှင်းပြပါတဲ့။ ဘိုင်အိုထင်တယ်။ အဲဒါမှ ကျွတ်ကျဲတာပဲ။ သူလာမှာမို့ ခင်းကျင်းပြင်ဆင်နေရတာနဲ့ ကိုယ့်မှာ ဘယ်စာမှ ကြိုမဖတ်ထားရဘူးလေ။ အဲဒါကြောင့် ရူးချင်ယောင်ဆောင်ပြီး မှတ်မိသလောက်ရှင်းပြ ပြီးတာနဲ့ ဟိုဟာကျက် ဒီဟာကျက်ဆိုပြီး လမ်းကြောင်းလွှဲရတော့တယ်။ အဲဒါပထမဆုံး ဆရာဖြစ်သွားတဲ့ ကျွန်တော့် ဂိုက်တပည့်ပါပဲ။ ခုတော့ သူလည်း ဒီရောက်နေပါပြီ။


မကြာခင်မှာပဲ ဆရာမက ဒုတိယတစ်ယောက် ထပ်ပို့ပြန်ပါတယ်။ သူကလည်း သူ့အိမ်မှာ မကျက်ပါရစေနဲ့တဲ့။ ဆိုတော့ကာ အိမ်မှာပဲလာကျက်ပြန်တယ်။ သူကတော့ ခပ်အေးအေးပဲဆိုတော့ ဆရာ မဖြစ်လိုက်ပါဘူး။ တတိယနဲ့ စတုတ္ထမြောက်နှစ်ယောက်ကတော့ ဆရာအပီပြင်လုပ်ကြတဲ့တပည့်တွေပါပဲ။ တစ်ယောက်ကတော့ ကျွန်တော့်အိမ်နဲ့ နီးတယ်။ နောက်တစ်ယောက်ကတော့ လေးမိုင်ဖက်က အရာရှိကြီးတစ်ယောက်ရဲ့သား။ သူတို့သူငယ်ချင်းနှစ်ယောက်က အတူတူပဲ ကျက်ချင်တယ်ဆိုလို့ ထုံးစံဖြစ်သွားတဲ့ ကျွန်တော့်အိမ်ပဲ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပါတယ်။


ကလေးတွေက ကျောင်းပြီးတော့ ကျူရှင်၊ ကျူရှင်ပြီးတော့ အိမ်ထမင်းပြန်စား ပြီးတာနဲ့ ကျွန်တော့်ဆီလာဆိုတော့ နောက်ကျတတ်တယ်။ အချိန်မရတဲ့နေ့ကျတော့လည်း ထမင်းမစားလာရဘူး။ အဲဒီတော့ စာကျက်နေတုန်း “အကို ဗိုက်ဆာလို့”ဆိုရင် “အေး အေး” ဆိုပြီး အောက်ထပ်ဆင်း “အမေ ကလေးတွေက ဗိုက်ဆာလို့တဲ့” ဆိုတော့ အမေလည်း ရှိတဲ့မုန့် ထုတ်ပေး ကိုယ်လည်း ရေခဲရေပုလင်းနဲ့ ဖန်ခွက်ဆွဲပြီး တပည့်တွေကို ဧည့်ခံရတာပေါ့။ တစ်ခါတစ်လေတော့ အကြော်တို့ကောက်ညှင်းပေါင်းတို့ ဝယ်လာကြရှာတယ်။ “အကိုရေ ပန်းကန်လေး လုပ်ပါဦး” ဆိုတော့ ဟုတ်တာပေါ့ အချဉ်ရည်တွေဘာတွေနဲ့ ပန်းကန်နဲ့ထည့်မှ အဆင်ပြေမှာပေါ့။ ကိုယ်လည်း အလိုက်သိပါတယ်။ တစ်ခါတည်း အကြမ်းပန်းကန်နဲ့ ဓါတ်ဘူးပါ လက်ဖက်ခြောက်ခပ်လာခဲ့တယ်။ အဲဒီတော့လည်း အကိုက အရမ်းသဘောကောင်းတာပဲတဲ့။ လာသေးတယ်။ သူတို့ကချည်း ကိုယ့်ကို ပြန်ခိုင်းသွားတာချည်းပဲ။


ဇာတ်လိုက်တွေက ဗိုက်များပြည့်နေလို့ကတော့ စာမှ ကောင်းကောင်းမကျက်ရသေးဘူး။ အိပ်ငိုက်ကြပြီ။ မြန်မာကဗျာတွေလည်း စာကြောင်းတွေ ရှေ့ရောက်နောက်ရောက်။ အိပ်ငိုက်ပြီး ပေါက်ကရတွေ ဆိုနေကြတာလေ။ ခက်ဆစ်တွေဆို အနက်အသစ်တွေတောင် ထွက်တယ်။ အဲဒီတော့ ကိုယ်လဲအလိုက်တသိနဲ့ အိပ်ငိုက်ပြေအောင် အာရုံပြောင်းပြီး ရယ်စရာလေးဘာလေးပြော။ နည်းနည်းလေး ရွှင်လာတော့မှ စာဆက်ကျက်ခိုင်း တွက်စရာရှိတာတွက်ခိုင်းလုပ်ရတယ်။ နှစ်ယောက်ဆို ဆိုသလောက်ပဲ။ တစ်ယောက်က ဒီဟာဆို နောက်တစ်ယောက်က ဟိုဟာ။ ကိုယ်ခိုင်းတာထက် သူတို့လုပ်စေချင်တာပဲ ကိုယ်က လိုက်လျောနေရတယ်။


နောက်ဆုံးတစ်ယောက်ကတော့ အားလုံးထဲမှာ ဆရာအကျဆုံး။ သူနဲ့ကျမှ ကျွန်တော်လည်း ဂိုက်လုပ်ချင်စိတ်ကို ကုန်ရော။ ရန်ကုန်သားလေး။ တောင်ငူက အမျိုးတွေဆီမှာ ၁၀တန်းလာနေတာ။ ရုပ်ကလည်းဖြောင့် အပြောကလည်းကောင်းတော့ SKB (စော်ကြည်ဘဲ) ပေါ့။ ထုံးစံအတိုင်း ကျွန်တော့်အိမ်မှာပဲ လာကျက်တယ်။ သူလာပြီဆို ကျွန်တော့်မှာ ဘယ်လိုများ သူ့ကို စာကျက်ခိုင်းရမလဲ ကြိုတွေးပြီး လန့်နေရတယ်။ စာကျက်ဖို့ အခမ်းနားကို ဘယ်တော့မှ တော်တော်နဲ့ မစနိုင်ဘူး။ ကျောင်းမှာ ဘယ်ကောင်မလေးက ဘယ်လို။ ဘယ်ကောင်မလေးကဖြင့် သူ့ကို ခိုးကြည့်နေတာ။ သူနဲ့အဆင်ပြေသွားတဲ့ ကောင်မလေးအကြောင်း၊ ကျောင်းလှေကားကနေ လက်သန်းချင်း ချိတ်ပြီး ဆင်းကြတဲ့အကြောင်း။ အားပါး သူ့ရဲ့ ရင်ဖွင့်အချစ်တွေကို ကျွန်တော့်မှာ နေ့တိုင်း နားထောင်ပေးရတယ်။ သူပြောချင်တာမပြောရရင် စာကောင်းကောင်းမကျက်ဘူး။ ကျွန်တော့်ကို အမျိုးမျိုးလှည့်ပတ်ပြီး စာမကျက်ရအောင် လုပ်လုပ်သွားတာ။


ဒီလိုနဲ့ ကျွန်တော့်ရဲ့ ၁၀တန်းဂိုက် စာသင်ကြားမှု လုပ်ငန်းကြီးဟာ သိပ်မကြာလိုက်ဘဲ နှစ်လကျော် သုံးလလောက်မှာပဲ တပည့်တွေအားလုံးကို နှုတ်ဆက်လိုက်တော့တယ်။ ကျောင်းတွေတက်ရတော့မှာရယ်၊ ကိုယ်ကိုယ်တိုင်ကလည်း ကလေးမထိန်းတတ်တာရယ်ကြောင့် ဆက်မသင်ဖြစ်တော့ဘူး။ ဒါတောင် လာကြသေးတယ်။ ၁၀တန်းဖြေခါနီးတော့ အကိုရေ စာမေးပွဲအနီးကပ်လေး သင်ပေးပါဦးဆိုပြီး။ ဒါပေမယ့် ပထမဆုံးညီငယ်တစ်ယောက်ကိုပဲ ဆရာမအိမ်မှာ ခဏသွားကြည့်ပေးဖြစ်တော့တယ်။


ကျွန်တော့်ရဲ့ ဆရာဖြစ်လိုက်ရတဲ့ အချိန်လေးဟာ သိပ်မကြာခဲ့ပေမယ့် ပျော်စရာတော့ အတော်ကောင်းခဲ့ပါတယ်။ ပြန်တွေ့ရတဲ့ ညီငယ်တွေကလည်း ခုထိ သူငယ်ချင်းတွေအတိုင်းပါပဲ။ ခင်မင်ကြဆဲပါပဲ။ တစ်ခုပါပဲ။ ကျွန်တော်လုပ်လိုက်တာက ဆရာ၊ ကျွန်တော်ဖြစ်သွားရတာက သူတို့တပည့်ပါ။ နောက်ဆုံးတော့ ကနေဒါရောက်နေတဲ့ သူငယ်ချင်းညီငယ်တစ်ယောက်ပြောတာ သတိရသွားတယ်။ သူက ကျွန်တော့်ထက်ငယ်ပေမယ့် အတော့်ကို ပြောမနာဆိုမနာ ရင်းနှီးပါတယ်။ သူ့သူငယ်ချင်းတစ်ယောက်နဲ့ ဆုံတုန်းက ကျွန်တော့်ကို မိတ်ဆက်ပေးတယ်။ “ဒါ ငါ့ရဲ့ တပည့်ဆရာ” တဲ့။ တပည့်တွေထဲမှာ ဆရာကျလို့ဆိုပဲ။ ကောင်းပါလေ့ဗျာ။

------------------------------------------------------------------------------------------------
GUIDE ဆိုတာ ကျောင်းသားတွေ (အထူးသဖြင့် ၁၀တန်း၊ အခုတော့ တက္ကသိုလ်ဝင်တန်း) ကို အိမ်တွေမှာ လာပြီး အတွက်အချက်၊ အဖတ်အကျက်၊ အဆွဲအလွဲတွေ အားလုံးကို အနီးကပ်ကြီးကြပ်ပေးတယ်။ မသိတာတွေရှင်းပြပေးတယ်။ လိုအပ်ရင် စာပါကူကျက်ပေးတယ်။ များသောအားဖြင့် ဂိုက်တွေဟာ ဘာသာစုံတာဝန်ယူပေးကြပေမယ့် သီးသန့်ဘာသာရပ်တွေအလိုက် သင်ကြတာမျိုးလည်းရှိပါတယ်။ ကျောင်းသားရဲ့လိုအပ်ချက်ကို ကြည့်ပြီး ပိုမိုတိုးတက်ကောင်းမွန်တဲ့ အခြေအနေရောက်အောင် တစ်ဖက်တစ်လမ်းကနေ ပံ့ပိုးပေးသူများဖြစ်လို့ မြန်မာ့ပညာရေးနယ်ပယ်မှာ အောင်မြင်စွာနဲ့ ဆက်လက်ချီတက်နေဆဲပါ။ တကယ်ကြိုးစားမှုရှိတဲ့ကလေးဟာ ဂိုက်ရဲ့ ပံ့ပိုးမှုကောင်းကောင်းကိုရရင် ပိုမိုအောင်မြင်နိုင်ပါတယ်။ ကျွန်တော့်ရဲ့ ဆရာ ဂိုက်တွေအကြောင်းလည်း ရေးပါဦးမယ်။ သုံးယောက်ကတော့ ဒီမှာပဲ ရှိနေပါတယ်။

10 comments:

Funny!
I like this one. A good post
 
ကိုတောင်ငူက တပည့်တွေ အများသား… ကျွန်မတို့ က ဂိုက်ခေတ်မမှီလိုက်ဘူး… ကျွန်မညီမလေးကတော့ ဂိုက်ရင်းဂိုက်ရင်းနဲ့  ပိန်ပိန်သွားတာ… နောက်ဆုံးမဂိုက်နဲ့ လို့  တားယူရတဲ့အထိပဲ… စိတ်ပင်ပန်းတာကို… စာသင်ရတာ ပျော်စရာကောင်းပါတယ်…ဒါကြောင့်ကိုတောင်ငူ ပျော်တာပေါ့… ဒါနဲ့ ကောင်မလေးတွေရော မဂိုက်ခဲ့ဘူးလား…
 
အင်း...ဒီပို့စ်စတင်လိုက်ကထဲတွေ့ပြီးဖတ်မိတယ်..ဒါပေမဲ့ကိုယ်မသိ..မထိတွေ့..မလိုက်နိုင်တဲ့..အသုံးအနှုန်းတွေဆိုတော့..comment မပေးရဲခဲ့ဘူး.ကျုရှင်ဆိုတာကတော့..ကြားမြင်နေတယ်..မသိဘူး..မတက်ဘူးဘူး..
ဂိုက်ဆိုတာကတော့..ပိုဆိုးပါတယ်...
ကိုယ့်ကိုကိုယ်..တွေးမိပါတယ်...ငါတော်တော်ခေတ်နောက်ကျပါလားလို့လေ...
 
သွန်းသွန်းလည်း ၁၀ တန်းဖြေပြီးတာနဲ့ ဂိုက်လုပ်ခဲ့တာပဲ။
" စာသင်ခြင်းဟာ လူကိုစိတ်တိုလာစေတတ်သလို စိတ်ရှည်လာအောင်လည်း သင်ကြားပေးတယ်"
 
ဂိုက်အကြောင်းလေးရေးပေးတော့ သိရတာပေါ့။ အစ်မတို့ ၉တန်း ၁၀တန်း လောက်မှာ ၀ိုင်းကျူရှင်ဆိုတာ စခေတ်စားတယ်။ ကျောင်းသား ၄, ၅, ၁၀ ယောက်က စိတ်ကြိုက်ဆရာ ခေါ်ပြီးသင်တာမျိုး။ (၁၉၈၀ ခု ကျော်ကျော် မှာ)။ ရိုးရိုးကျူရှင်က စာသင်ခန်းကျယ်ကြီးမှာ ကျောင်းသားက သွားတက်ရတာမျိုးကို။
 
တေးသံစဉ်သို့
အခုလို သဘောကျမှန်း သိရလို့ ဝမ်းသာရပါတယ်ဗျာ

အမကြီးတန်ခူးသို့
အမပြောတာဟုတ်တယ်ဗျ။ စာသင်ရတာက စေတနာပိုရင် ပိုသလောက် ပင်ပန်းကြတယ် အမရေ။ ကောင်မလေးတွေတော့ မဂိုက်ခဲ့ရဘူးခင်ဗျ။း)

အမခင်မြတ်နွယ်သို့
ခုလို တောင်ငူသားရေးတဲ့ စာလေးတွေ ဖတ်တော့ အမကြီး ခေတ်နဲ့အညီ ခေတ်နဲ့အမီ ဖြစ်သွားတာပေါ့ခင်ဗျ

သွန်းသွန်းသို့
ညီမက ခုရော စာသင်ချင်စိတ်ရှိသေးလား။ စိတ်တို စိတ်ရှည်ပြီးတော့ စိတ်ရော မကုန်ဘူးလား။း) ဒီမှာ တချို့တွေ စာသင်နေကြတာ ကြားဖူးတယ်။ ဝင်ငွေ မဆိုးဘူးတဲ့။

အမကြီးသီတာသို့
ဒါဆို ဝိုင်းက ကျွန်တော့်ထက် အသက်ကြီးတယ် အမရဲ့။း) တောင်ငူမှာတော့ ကျွန်တော်တို့ ၁၀တန်းနှစ်မှာ ပုံစံသစ် စာသင်ဝိုင်းတွေ စခဲ့တာပဲ။ ကျွန်တော်တို့ ဝိုင်းအပါဝင်လေ။ ဒီတစ်ခုကနေ နောက် မကြာခင်လာမယ့် ပို့စ်တစ်ခုဖြစ်မယ် အမကြီးရ။း) ကြိုကြော်ငြာထားတာ

အသံတိတ်အားပေးသွားသူများအပါအဝင် အားလုံးကို ကျေးဇူးတင်ပါတယ်။ အေးချမ်းပျော်ရွှင်ကြပါစေ။

မေတ္တာဖြင့်
 
တောင်ငူသားရေ..
တို့လည်း ၁၀ တန်းအောင်တော့ ဂိုက်လုပ်ဖူးတယ်..
တစ်ယောက်တည်းပါ၊ သူကတော့ တစ်ဘာသာကို ၄၀ ကျော်ယုံလေးပဲ ရပြီးအောင်သွားရှာတယ်..
သူ့မိဘများကတော့ အကိုမရှိရင် ကျသွားနိုင်တယ်တဲ့ အောင်တာကိုပဲ ကျေးဇူးတင်သတဲ့...
 
ဖတ်ပြီး သဘောကျလို့ ပြုံးမိတယ်း)
 
အကိုရေ.. ဂိုက်က ကျွန်တော်လည်း လုပ်ဖူးတယ်ဗျ.. တကယ်က ကိုယ်လည်း စာဖတ်ချင်လို့ လုပ်တာ.. နောက်ပိုင်းကျ ကိုယ်က စာကို သိပ်များများ ဖတ်စရာမလိုဘူး.. ကိုယ်သိထားသလောက်ကိုတောင် တတ်အောင် မနည်းကို သင်ယူရတယ်.. အမှန်တော့ ဂိုက်ဆိုတာ စာကူကျက်ပေးဖို့၊ စာကျက်ရင်း၊ ပုစ္ဆာတွေ တွက်ချက်ရင်း နားမလည်တာတွေ ရှင်းပြနိုင်ဖို့၊ စနစ်တကျ ဇယားချ ကျက်မှတ်တတ်ဖို့စတာတွေ ထိန်းကျောင်းပေးဖို့လို့ ကျွန်တော်နားလည်ခဲ့ပေမယ့် တကယ်လက်တွေ့မှာတော့ 'က'ကနေ'အ'အထိ အစစအရာရာ ကိုယ်ပဲ သင်ပေးရတဲ့အတွက် အင်မတန်ကို ပင်ပန်းပါတယ်.. စေတနာ ထားရင်ထားသလောက် ရင်မောရပါတယ်.... ကိုယ်ချင်းစာပါတယ်ဗျာ..
 
တောင်ငူသားရဲ့ ပတ်ဝန်းကျင်မှာ ထူးချွန်တဲ့လူတွေ သိပ်များတာ အမှန်ပါပဲဗျာ။ တကယ်ကို ယုံပါတယ်။ အဟဲ...
 

Popular Posts