တောင်ငူသား

..... စိမ်းလန်းပါစေ ကမ္ဘာမြေ ... ငြိမ်းချမ်းပါစေ ကမ္ဘာမြေ .....

Monday, October 13, 2008

မြန်မာ့ရုပ်ရှင်နေ့

မြန်မာနိုင်ငံမှာ ရုပ်ရှင်ဖလင်နဲ့ အစောဆုံးမှတ်တမ်းတင် ရိုက်ကူးနိုင်ခဲ့တာက လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းမှာ အထင်ကရ ပုဂ္ဂိုလ်ကြီးများဖြစ်ကြတဲ့ ဖေ၊ပု၊ရှိန်အဖွဲ့က ဦးထွန်းရှိန် ရဲ့ ဈာပနအခမ်းအနားမှတ်တမ်းပဲဖြစ်ပါတယ်။ မြန်မာရုပ်ရှင်ခေတ်ဦးအချိန်ဟာ အာရှမှာ အတော်စောခဲ့ပါတယ်။ ၁၉၂၀ အောက်တိုဘာလ ၁၃ ရက် နေ့ မှာတော့ မြန်မာ့ပထမဆုံးရုပ်ရှင်ဖြစ်တဲ့ “မေတ္တာနဲ့သူရာ” အသံတိတ်ဇာတ်ကားကို စတင်ပြသနိုင်ခဲ့ပါတယ်။ ဆရာကြီးပီမိုးနင်းရဲ့ ဇာတ်လမ်းကို ပထမဆုံးမြန်မာဒါရိုက်တာအဖြစ် ဦးအုန်းမောင်က စတင်ရိုက်ကူးခဲ့ခြင်းဖြစ်ပါတယ်။ ပထမဆုံးမင်းသားအဖြစ် ဦးညီပု နဲ့ အခြားသရုပ်ဆောင်တွေ ပါဝင်ကြပါတယ်။ ဗိုလ်ချုပ်ဈေးအနီးက ရွိုင်ရယ်ရုပ်ရှင်ရုံမှာ ပြသခဲ့ခြင်းဖြစ်ပါတယ်။ အဲဒီနေ့ကို မြန်မာ့ရုပ်ရှင်နေ့အဖြစ် သတ်မှတ်ခဲ့ပါတယ်။

၁၂ နှစ်အကြာ ၁၉၃၂ မှာတော့ ပထမဆုံး မြန်မာအသံထွက်ရုပ်ရှင်ကားဖြစ်တဲ့ “ငွေပေးလို့မရ” ဇာတ်ကားကို ဒါရိုက်တာဦးတုတ်ကြီးက စတင်ရိုက်ကူးနိုင်ခဲ့ပါတယ်။ အသံထွက်ကားတွေ မပေါ်ခင်က ရုပ်ရှင်ရုံထဲမှာ နောက်ခံတီးလုံးထွက်ဖို့ ဆိုင်းဝိုင်းကြီးတွေနဲ့ တီးခတ်ကြတယ်လို့ ကြားဖူးပါတယ်။ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကိုတော့ ၁၉၄၆ မတ်လ ၈ရက်နေ့မှာ စတင်ဖွဲ့စည်းနိုင်ခဲ့ပါတယ်။ မြန်မာ့ရုပ်ရှင်သမိုင်းပြတိုက်ကို ဝင်္ကာပါလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မှာ ၁၉၉၈ က ဖွင့်လှစ်ခဲ့ပါတယ်။ အဲဒီမှာ ခေတ်အဆက်ဆက် မြန်မာ့ရုပ်ရှင်သမိုင်းကို အတော် စုံစုံလင်လင်ကို လေ့လာနိုင်ပါတယ်။ စိတ်ဝင်စားဖို့ကောင်းပါတယ်။ ရှားပါးဓါတ်ပုံတွေလည်း တွေ့ရမှာပါ။

အကယ်ဒမီလို့ သိကြတဲ့ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုကိုတော့ ၁၉၅၂ ခုနှစ်မှာ စတင်ချီးမြှင့်ခဲ့ပါတယ်။ စတင်ချီးမြှင့်စဉ်က ဇာတ်ကားဆု၊ မင်းသားဆု၊ မင်းသမီးဆု ဆိုပြီး အမျိုးအစားအနေနဲ့ သုံးမျိုးသာ ချီးမြှင့်ခဲ့ပေမယ့် ၁၉၉၄ ကစပြီး ၁၁ဆု အထိ တိုးချဲ့ချီးမြှင့်ခဲ့ပါတယ်။
အဲဒီဆုတွေကတော့-
၁။ ဇာတ်ကားဆု
၂။ ဒါရိုက်တာဆု
၃။ ဇာတ်ညွှန်းဆု
၎။ တည်းဖြတ်ဆု
၅။ အသံဆု
၆။ တေးဂီတဆု
၇။ ဓါတ်ပုံဆု
၈။ အမျိုးသားဇာတ်ပို့ဆု
၉။ အမျိုးသမီးဇာတ်ပို့ဆု
၁၀။ အမျိုးသားဇာတ်ဆောင်ဆု
၁၁။ အမျိုးသမီးဇာတ်ဆောင်ဆု တို့ ဖြစ်ကြပါတယ်။
အကယ်ဒမီသမိုင်းတလျှောက် ပထမဆုံး ထူးချွန်ဆုရ ဇာတ်ကားက အေဝမ်းဖလင်က ရိုက်ကူးတဲ့ “ချစ်သက်ဝေ” ဇာတ်ကားဖြစ်ပါတယ်။ ပထမဆုံးထူးချွန်ဆုရ အမျိုးသားဇာတ်ဆောင်က မာလာရီဇာတ်ကားမှ “ဦးကျော်ဝင်း” ဖြစ်ပြီး၊ အမျိုးသမီးဇာတ်ဆောင်က ချစ်သက်ဝေဇာတ်ကားမှ “ဒေါ်ကြည်ကြည်ဌေး” ဖြစ်ပါတယ်။


ထူးချွန်ဆုအရေအတွက် အများဆုံးရရှိသူတွေအနေနဲ့


ဦးညွှန့်ဝင်း (ဆုအရေအတွက် အများဆုံး ၇ ဆု၊ အမျိုးသားဇာတ်ဆောင်ဆု၊ ဇာတ်ပို့ဆုများ)
ဦးသုခ (ဒါရိုက်တာဆုအရေအတွက် အများဆုံး ၆ ဆု)
ရန်အောင် (အမျိုးသားဇာတ်ဆောင် (မင်းသား) ဆုအရေအတွက် အများဆုံး ၆ ဆု)
ဒေါ်မြင့်မြင့်ခင် (ဆုအရေအတွက် ၅ ဆု၊ အမျိုးသမီးဇာတ်ဆောင်ဆု၊ ဇာတ်ပို့ဆုများ)
မေသန်းနု (ဆုအရေအတွက် ၅ ဆု၊ အမျိုးသမီးဇာတ်ဆောင်ဆု၊ ဇာတ်ပို့ဆုများ)
ဦးတင်ဦး (ဒါရိုက်တာဆုအရေအတွက် ၅ ဆု)
ဦးကြည်စိုးထွန်း (ဆုအရေအတွက် ၅ ဆု၊ ဇာတ်ညွှန်းဆု၊ ဒါရိုက်တာဆုများ)




အထက်ပါ အနုပညာရှင် အတတ်ပညာရှင်များဟာ မြန်မာ့ရုပ်ရှင်သမိုင်းမှာ ထူးချွန်ဆုအရေအတွက် အများဆုံး ဆွတ်ခူးရရှိထားသူများဖြစ်ပါတယ်။ အသက်အရွယ်ရယ် သရုပ်ဆောင်မှုရယ်နဲ့ ကြည့်ရင်တော့ ရန်အောင်နဲ့ မေသန်းနုတို့ဟာ ထူးချွန်ဆု စံချိန်များကို ထပ်မံချိုးနိုင်ဖို့ အလားအလာတွေရှိပါတယ်။


အထူးဆုအဖြစ် ကလေးသရုပ်ဆောင်တွေကို ချီးမြှင့်ခဲ့တာ ၄ကြိမ်ရှိခဲ့ပါတယ်။ ၁၉၅၅ မှာ ဖိုးပြုံးချို ကားမှ မဝင်းမာ (ယခု ဒေါက်တာဝင်းမာ)၊ ၁၉၇၇ မှာ အဖေတစ်ခုသားတစ်ခု ကားမှ အောင်ထွန်းလေး၊ ၁၉၇၈ မှာ မေတ္တာရှင်မလေးငြိမ်းငြိမ်းအိ ကားမှ အင်္ဂလန်စိန် (ယခု အဆိုတော် ငြိမ်းငြိမ်းအိ)နဲ့ ၁၉၉၉ မှာ ရင်ထဲကဆောင်းရာသီ ကားမှ အိဖြူစိုး တို့ ရရှိထားကြပါတယ်။ ကလေးသရုပ်ဆောင်ထူးချွန်ဆုအနေနဲ့ ကြည့်ရင် အနှစ်နှစ်ဆယ်ကြာမှ တစ်ကြိမ်သာ ပေါ်ထွက်လာသလို ဖြစ်နေပါတယ်။


နှစ်နှစ်ဆက်တိုက်ဆွတ်ခူးသူတွေ အများအပြားရှိပေမယ့် သုံးနှစ်ဆက်တိုက်ထူးချွန်ဆုရသူကတော့ ဇာတ်ညွှန်းဆု ၃ဆုရ ဦးငြိမ်းမင်း ဖြစ်ပါတယ်။ ဆုရရှိတာကို မသိလိုက်ရဘဲ ကွယ်လွန်သွားရှာတဲ့သူတွေကတော့ (ကျွန်တော်မှတ်မိသလောက်) ဓါတ်ပုံ ဦးချစ်မင်းလူနဲ့ ဦးဇော်လင်းတို့ ဖြစ်ကြပါတယ်။ ဦးဇော်လင်းဆိုရင် ကွယ်လွန်ပြီးမှသာ နှစ်နှစ်ဆက်တိုက်ဆုရပြီး ထပ်ဆင့်အကယ်ဒမီ ဖြစ်ရရှာပါတယ်။ အချို့သော သရုပ်ဆောင်ပညာရှင်တွေဟာ အနုပညာအရည်အသွေးပြောင်မြောက်ပေမယ့် ထူးချွန်ဆု ရမသွားဘဲ ကွယ်လွန်သွားတဲ့သူတွေ အများကြီးပါ။ ဥပမာ မင်းသားကြီး ဦးဇေယျ ဆိုရင် ထူးချွန်ဆု ရမသွားရှာပါဘူး။ မြန်မာသရုပ်ဆောင်တွေထဲမှာ ပထမဆုံး ကိုယ်ပိုင်မာစီဒီးကား စီးနိုင်ခဲ့တာက ဦးဖိုးပါကြီး ဖြစ်ပါတယ်။ (ဦး)မောင်သင် ကတော့ ဆရာဝန်၊ စာရေးဆရာ၊ ဒါရိုက်တာ၊ သရုပ်ဆောင် အစရှိတဲ့စွယ်စုံရ အနုပညာရှင်ကြီးဖြစ်ပါတယ်။ ဦးဝင်းဦးသည်လည်း စာရေးဆရာ၊ ဇာတ်ညွှန်းရေးဆရာ၊ ဒါရိုက်တာ၊ သရုပ်ဆောင်၊ အဆိုတော် စတဲ့ စွယ်စုံရ အနုပညာရှင်ပဲ ဖြစ်ပါတယ်။


-----------------------------------------------------------------------------------------


မြန်မာ့ရုပ်ရှင်နေ့ အမီတင်ချင်လို့ စုဆောင်းမှတ်သားထားတာလေးတွေ၊ မှတ်မိတာလေးတွေနဲ့ ဝီကီတို့ ဘာတို့မှာ ပြန်လည်ရှာဖွေတွေ့ရှိတာလေးတွေကို အမြန်ရေးတင်လိုက်ရလို့ အစီစဉ်မကျခဲ့တာ နားလည်ပေးကြပါ။ နောင်လည်း မြန်မာရုပ်ရှင်နဲ့ ဆိုင်တဲ့အကြောင်းလေးတွေ ကျွန်တော့်အမြင်လေးတွေကို ရေးပါဦးမယ်။ ကျွန်တော်က မြန်မာ့ရုပ်ရှင်ကို အခွင့်ရတိုင်း မလွတ်တမ်းကြည့်တဲ့သူပါ။ အရမ်းနှစ်သက်ပါတယ်။ ဘာကြောင့် အဲဒီလောက် ကြိုက်လဲဆိုတော့ မြန်မာ့ရုပ်ရှင်နေ့မှာ မွေးခဲ့လို့များလား....
(သီတင်းကျွတ်လပြည့်နဲ့ မြန်မာ့ရုပ်ရှင်နေ့က တစ်နှစ်မှာတော့ တစ်ရက်တည်းကျခဲ့ဖူးတယ်ဗျ)

8 comments:

မြန်မာ့ရုပ်ရှင်ကို အခွင့်ရတိုင်း မလွတ်တမ်းကြည့်တဲ့သူပါ။ အရမ်းနှစ်သက်ပါတယ်။ဆိုတော့- သရုပ်ဆောင်လုပ်ဖူးသေးလား?
 
မြန်မာ ရုပ်ရှင်တော့ သိပ်မကြည့်ဖြစ်ဘူး။ ကြည့်ပြီးတဲ့ အထဲက ကြိုက်တာတွေ များတယ်။ ကြိုက်မယ် ထင်တာပဲ ကြည့်တာကိုး။ မြန်မာ ရုပ်ရှင်နဲ့ ပက်သတ်ပြီး မှတ်သားစရာကောင်းတဲ့ ပို့စ်လေးအတွက် ကျေးဇူးပါ။ Happy Birthday - BTW. :)
 
ကျေးဇူးပါ။ ဒီပို့စ်လေး

ဗဟုသုတ၇ပါတယ်။

happy birthday!
 
ကြည့်ရတာ...ရုပ်ရှင်မင်းသားလဲ..လုပ်ဦးမယ်ထင်တယ်..
 
ရုပ်ရှင်သမိုင်းပြတိုက် ဆိုတာကို ရောက်ခဲ့ဖူးပေမယ့် သေချာတော့ မမှတ်မိတော့ပါဘူး။
ခုလို အမှတ်တရ ပြောပြပေးတာ ကျေးဇူးပါ။

ပြီးတော့ Happy Birthday :-)
 
တောင်ငူသားရေ---
ဗဟုသုတတွေ ဖြန့်ဝေပေးတာ ကျေးဇူးပါနော်--
ဓါတ်ပုံတွေကလည်း တန်ဘိုးရှိလိုက်တယ်--
ရုပ်ရှင်မင်းသား ထင်တယ်---
ဆက်ရေးပါ---အားပေးနေပါတယ်--
ခင်မင်လျက်
 
ကိုယ့်နိုင်ငံရုပ်ရှင်အကြောင်းနဲ့ ပတ်သက်ပြီး အခုလို မှတ်တမ်းတွေသိရသာ ဗဟုသုတရပါတယ်ဗျာ...

ခင်မင်လျက်..
edu
 
အကိုအိုးဝေသို့
သရုပ်ဆောင်တော့ လုပ်ဖူးသေးဘူးဗျ။ ကမ်းလှမ်းထားတဲ့သူတွေတော့...

အကိုအန်ဒီမြင့်သို့
ကြိုက်မယ်ထင်တာတွေပဲ ရွေးကြည့်တော့ အချိန်ကုန်လည်းသက်သာ စိတ်လည်းကျေနပ်တာပေါ့ အကိုရာ။

မမမမြတ်နိုးသို့
ဗဟုသုတရတယ်ဆိုလို့ ကျွန်တော့်ရည်ရွယ်ချက်လေး အထမြောက်သွားတာပေါ့ မမနိုးရယ်

မမခင်မြတ်နွယ်သို့
ရုပ်ရှင်မင်းသားလုပ်ရင်တော့ မမမြတ်တို့က အားပေးဦးမှာပဲလားဗျ

ညီမရွှန်းမီသို့
ညီမကမှ ရောက်ဖူးသေးတယ်။ အကိုက အရမ်းသွားချင်ပေမယ့် အဖော်စပ်မရလို့ မရောက်သေးဘူး။

မမသက်ဇင်သို့
ကျွန်တော့်ကို ရုပ်ရှင်မင်းသားထင်တယ်တဲ့။ မမသက်သာ ကျွန်တော့်ကို မြင်ဖူးလိုက်ရင် ထင်တယ်တင်မကဘဲ ဟယ် ဟုတ်တယ်တော့ လို့တောင် ဖြစ်သွားဦးမယ်။း)

ညီလေးဒူဒူသို့
အစဉ်လာကြီးမားခဲ့တဲ့ မြန်မာ့ရုပ်ရှင်အကြောင်းကို အားလုံးသိစေချင်လို့ပါ ညီလေးရေ

အားလုံးကို ကျေးဇူးတင်ပါတယ်ဗျာ။
အေးချမ်းပျော်ရွှင်ကြပါစေ။
 

Popular Posts