တောင်ငူသား

..... စိမ်းလန်းပါစေ ကမ္ဘာမြေ ... ငြိမ်းချမ်းပါစေ ကမ္ဘာမြေ .....

Saturday, September 13, 2008

မန်းရွှေစက်တော်

မောင်နှမကိုးယောက်ရှိတဲ့ အဖေတို့မိသားစုမှာ ကျွန်တော့်အဖေက နို့ညှာ။ အငယ်ဆုံးရဲ့ အထက်ကပေါ့။ မောင်နှမတွေအားလုံး အိမ်ထောင်ရက်သားကျလို့ အိမ်ခွဲနေသူကနေ၊ တစ်မြို့တစ်ရွာ ရောက်သူကရောက်ပေမယ့် ကျွန်တော့်အဖေကတော့ မိဘတွေနဲ့ ခွဲမနေခဲ့ပါဘူး။ အဖေနဲ့အမေ အိမ်ထောင်ကျတာ စောပါတယ်။ အခုကျွန်တော့်အရွယ်မှာ အဖေက သားတစ်ယောက်ရနေပါပြီ။ အဖိုးက လေဖြတ်သွားတဲ့အတွက် အဖွားနဲ့ဆိုင်လိုက်ထွက်ရာကနေ စီးပွားရေးအနေနဲ့ မိဘဆိုင်ကိုသာ ဆက်လက်လုပ်ကိုင်ခဲ့ပါတယ်။ အိမ်မှာ အဖိုးအဖွားရယ်၊ အဖိုးရဲ့ အဒေါ်(ကျွန်တော်တို့နဲ့ဆို အဘေးတော်မယ်)ရယ် လူကြီးတွေချည်းဖြစ်တာမို့ ကျွန်တော်တို့မိသားစုလည်း အတူနေဖြစ်ပါတော့တယ်။ အဲလိုအဖိုးအဖွားတွေနဲ့ နေရခြင်းဟာ ကျွန်တော့်ရဲ့ ခရီးသွားဝါသနာကို အစပျိုးပေးလိုက်သလို ဖြစ်လာရပါတယ်။

အဖိုးအဖွားတွေက ဆိုင်အပြင် သားအလတ်နှစ်ယောက်အတွက် ဟိုင်းလတ်ကားတစ်စီး ထောင်ပေးထားပြီး ပျဉ်းမနား-တောင်ငူယာဉ်ငယ်လိုင်းဆွဲစေပါတယ်။ အဖိုးက လေဖြတ်ထားလို့ အိမ်မှာချည်းနေရတဲ့အတွက် ဟိုဟိုဒီဒီအလွန်သွားချင်ပါတယ်။ အဲဒါကြောင့် ကားဆွဲရာက ရက်တိုနားရင် အနီးနားကောက်သွားတယ်။ ရက်ရှည်နားရင်တော့ မြန်မာပြည်ရဲ့ တန်ခိုးကြီးဘုရားစုံကို လှည့်ဖူးဖို့ စီစဉ်ပါတော့တယ်။ ဘယ်ဘုရားဖူးပဲထွက်ထွက် အတူနေမြေးဖြစ်တဲ့ ကျွန်တော်က အမြဲပါလေတော့ တောင်ငူသား ခရီးသွားခဲ့သည် ဖြစ်လာရတော့တာပေါ့။

ကျွန်တော်သိတတ်စအရွယ်မှာ ပထမဆုံးခရီးဝေးအဖြစ် ဘုရားဖူးထွက်တာက မကွေးတိုင်း၊ မင်းဘူးမြို့နယ်က ရွှေစက်တော်ရာဘုရားပါ။ ရသေ့ကြီးနဲ့ နဂါးမင်းတို့ရဲ့ တောင်းပန်လျှောက်ထားမှုကြောင့် မြတ်စွာဘုရားရှင်သည် တောင်ထိပ်တွင် အထက်စက်တော်ရာတစ်ဆူ၊ မန်းချောင်းနံဘေးတွင် အောက်စက်တော်ရာတစ်ဆူ ချန်ရစ်တော်မူပါတယ်။ မြတ်စွာဘုရားရှင်ရဲ့ ခြေတော်ရာမှ စက်လက္ခဏာတော် ၁၀၈ ပါးကို ရည်ညွှန်းလို့ စက်တော်ရာလို့ ခေါ်ဆိုပါတယ်။ ဧရာဝတီမြစ်ထဲစီးဝင်တဲ့ မန်းချောင်းဟာ ခြေတော်ရာနှစ်ဆူရှိတဲ့နေရာတွေကို ဦးတိုက်ရစ်ခွေစီးဆင်းတဲ့အတွက် မန်းရွှေစက်တော်ရာ လို့လည်း အမည်သညာတွင်ပါတယ်။ ဘုရားပွဲကို နှစ်စဉ်တပို့တွဲလဆန်းမှ စတင်ပြီး မြန်မာနှစ်ဆန်းတစ်ရက်နေ့ထိ ကျင်းပပါတယ်။ ဘုရားပွဲတော်ကျင်းပချိန်ကို သတင်းစာများမှာ ဂေါပကအဖွဲ့က ထည့်သွင်းနှိုးဆော်လေ့ရှိပါတယ်။ မြန်မာပြည်သူတွေရဲ့ သဒ္ဓါတရားထက်သန်စွာ လှူဒါန်းမှုကြောင့် ခြေတော်ရာနှစ်ဆူလုံးမှာ ရွှေစင်ရွှေသားများ အထပ်ထပ်တက်နေတာဖြင့်ရင် သပ္ပါယ်ကြည်ညိုဖွယ် ကောင်းလှပါတယ်။ ဘုရားပွဲတော်ပြီးဆုံးချိန်မှာတော့ မိုးတွင်းအခါ ပတ်ဝန်းကျင်ရေဝေကြောများက အလျှံပယ်စီးဆင်းတတ်တဲ့ တောင်ကျရေများဟာ အောက်ခြေတော်ရာတစ်ခုလုံးကို ဖုံးအုပ်လေ့ရှိလို့ သံအုပ်ဆောင်းအုပ်ပြီး သော့ခတ်ထားရပါတယ်။ ဘုရားပွဲဖွင့်ချိန်ရောက်လို့ အုပ်ဆောင်းပြန်ဖွင့်တဲ့အခါ ခြေတော်ရာထဲ တင်ကျန်နေရစ်တဲ့ရေကို အန္တရာယ်ကင်း အဆောင်အဖြစ်နဲ့ ယူဆောင်ကြလေ့ရှိပါတယ်။ ရွှေစက်တော်တောင်နဲ့ ပတ်ဝန်းကျင်မှာ မုဆိုးတောင်၊ သိကြားပုန်းတောင်၊ မြှားကျစေတီ၊ ရဟန္တာခြေတော်ရာ အစရှိတဲ့ ရွှေစက်တော်ဘုရားသမိုင်းဝင် အထင်ကရနေရာများမှာလည်း တောလမ်းအတိုင်း သွားဖူးရတာ တစ်မျိုးကြည်ညိုစရာပါ။

“ဘုရားလည်းဖူးရင်း လိပ်ဥလည်းတူးရင်း” ဆိုတဲ့ စကားလို လိပ်ဥမတူးနိုင်ပေမယ့် ရစ်ခွေစီးဆင်းနေတဲ့ မန်းချောင်းရေအလျဉ်ဟာ လိပ်ဥတူးရတာထက် ဘုရားဖူးတွေကို ပိုမိုဆွဲဆောင်နိုင်ပါတယ်။ တောင်တွေပတ်လည်ဝိုင်းနေတဲ့ ကြားမှာ ရစ်ခွေစီးဆင်းနေတဲ့ မန်းချောင်းရေဟာ ကြည်လင်အေးမြလို့နေပါတယ်။ မန်းချောင်းရဲ့အောက်ခံဟာ ကျောက်စရစ်ခဲတွေ ဖြစ်လို့ နင်းရတာ အညောင်းအညာပြေတဲ့အပြင် ရေအလျဉ်ဟာလည်း မပြင်းလွန်း မပျော့လွန်းပဲ အမြဲစီးဆင်းနေတာပါ။ ချောင်းရိုးတစ်လျှောက် လေထိုးဘောကွင်းတွေငှားပြီး မျှောချလိုက်ပါရင်း ဇိမ်ယူရတာဟာ အင်မတန်အရသာရှိပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ရေပက်ကစားကြ၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့စနောက်ကျရင်း ဗိုက်ဆာလာရင် ပြေးစားလိုက်ကြနဲ့ ရေထဲမှာတင် အချိန်အတော်များများ ကုန်မှန်းမသိကုန်သွားပါတယ်။ မန်းချောင်းရေဟာ မတိမ်လွန်းမနက်လွန်းတာကြောင့် ရေကစားဖို့ရာ အနေတော်ပါပဲ။ ရေနက်တဲ့နေရာတွေကိုလည်း သတိပေးတားမြစ်ထားပါတယ်။

ဘုရားဖူးတွေတည်းခိုဖို့ကိုတော့ မန်းချောင်းကမ်းတစ်လျှောက် ကျောက်စရစ်မြေပေါ်မှာပဲ သစ်ဝါးတွေ မျှောတိုင်တွေနဲ့ ယာယီတဲတန်းကြီးတွေ အစီအရီထိုးထားတာဖြင့် တောင်ပေါ်ကကြည့်ရင် တစ်မျိုးကြည့်ကောင်းနေသေးတော့တယ်။ သောက်ရေသုံးရေအတွက်တော့ ရေတုံကင်တွေ ဟိုနားဒီနားမှာ တူးပေးထားပါတယ်။ စားသောက်ဆိုင်တန်းတွေမှာ ဝယ်စားကြသလို အချို့မိသားစုတွေကတော့ တည်းခိုရာအဆောင်ရှေ့မှာပဲ မီးမွှေးချက်ပြုတ်စားကြပါတယ်။ အထက်အညာ ဘုရားပွဲမို့ လက်ဆောင်ပစ္စည်းဆိုင်တွေကတော့ အညာဒေသထွက်အများဆုံးပါပဲ။ အများဆုံးတွေ့ရတတ်တဲ့ ဈေးသည်တွေကတော့ မျှစ်ခြောက်ရောင်းတဲ့သူတွေပါပဲ။ ထူးထူးဆန်းဆန်းရောင်းတာကတော့ တောထဲက ဖမ်းယူရရှိတဲ့ ကြက်တူရွေးတွေကို ဝါးနဲ့ယက်ထားတဲ့ လှောင်အိမ်လေးတွေနဲ့ ရောင်းတာပါပဲ။ ခွေးပေါက်လေးတွေရောင်းတဲ့ဆိုင်တွေလည်း ရှိပါရဲ့။ အမွေးအရောင်က စိုစိုပြေပြေမို့ အင်မတန်ချစ်ဖို့ကောင်းပါတယ်။ ချင်းတောင်ဖက်ကလို့ ပြောပါတယ်။

မပြန်ခင် နောက်ဆုံးနံနက်မှာတော့ အရုဏ်ဆွမ်းအမီထကြပြီး ဆွမ်းကပ်ကြပါတယ်။ ရွှေစက်တော်ဘုရားပတ်ဝန်းကျင်မှာ ဘုန်းကြီးကျောင်းတွေလည်းရှိပါတယ်။ နံနက်ခင်းတွေမှာ ယာယီတဲတန်းတွေတစ်လျှောက် ဆွမ်းခံကြွတဲ့ ကိုယ်တော်တွေလည်း လောင်းလှူကြပါတယ်။ ဆိုင်တန်းတွေမှာ သက်ဆိုင်ရာ လုံခြုံရေး၊ ဂေါပကအဖွဲ့တွေအပြင် ကျန်းမာရေးအတွက် တိုင်းရင်းဆေးအလှူကိုပါ တွေ့နိုင်ပါသေးတယ်။ တောတောင်တွေအလယ်မှာ သပ္ပါယ်စွာပူဇော်ထားတဲ့ စက်တော်ရာနှစ်ဆူကို သွားရောက်ဖူးမျှော်ရင်း မန်းချောင်းရေအေးအေးမှာ တစ်ဘဝစာအမောတွေကို ခဏတာမျှောချနိုင်ကြစေရန် မြန်မာပြည်အလယ်ပိုင်း မင်းဘူးမြို့နယ်ထဲက “မန်းရွှေစက်တော်ရာဘုရား” ကို တစ်ခါတစ်ခေါက်လောက်တော့ အရောက်သွားနိုင်ကြစေဖို့ တိုက်တွန်းလိုက်ရပါတယ်။


ကျွန်တော် မန်းရွှေစက်တော်ရာဘုရားကို စုစုပေါင်း(၄)ကြိမ် ရောက်ခဲ့ပါတယ်။ အဖိုးအဖွားတွေနဲ့ လိုက်တုန်းက တစ်ကြိမ်ရယ်၊ ကျွန်တော်တို့ မိသားစုသုံးယောက်တည်း “မင်္ဂလာမောင်မောင် ဘုရားဖူးအဖွဲ့” ခေတ်စားစဉ်က နှစ်ကြိမ်ရယ်၊ ၁၀ တန်းဖြေပြီးလို့ သူငယ်ချင်းယောက်ျားလေးတွေချည်း စုပြီးသွားတုန်းက တစ်ကြိမ်ရယ်ပါ။ နောက်ဆုံးအခေါက်ကတော့ သူငယ်ချင်းတစ်ယောက်ရဲ့ ဘကြီးကောင်းမှုနဲ့ အထက်ဖက်အကျဆုံး အရာရှိရိပ်သာမှာ တည်းရပါတယ်။ ရေညာကမို့ ရေကသန့်ပေမယ့် ကိုယ့်တစ်ဖွဲ့တည်းဆိုတော့ နည်းနည်းတော့ ပျင်းဖို့ကောင်းတာပေါ့။ အပြန်မှာ သူငယ်ချင်းတွေ အပြိုင်ဝယ်ကြတာ ကြက်တူရွေးတွေချည်း ၇ ကောင်ပါတယ်။ လှောင်အိမ်တွေဆို တောင်းအေ့စ်ပစ်ကပ်နောက်ခန်းမှာ အစီအရီပဲ။ တစ်လမ်းလုံးကို တကွစ်ကွစ်နဲ့ ဆူညံနေတာ။ ဒါတောင် ခွေးလေးတွေ ဝယ်ချင်ကြသေးတာ။ နေရာမရှိတော့လို့။ တောင်ငူရောက်တော့ ၂ ကောင်လားပါတော့တာ။ လမ်းမှာ ခရီးပန်းပြီး သေတာရယ်၊ လှောင်အိမ်က လွတ်ထွက်သွားတာရယ်နဲ့ နောက်ဆုံးအဲဒီ ၂ကောင်လည်း သက်ဆိုးမရှည်ရှာပါဘူး။ သူတို့လည်း အညာမြေကို လွမ်းရှာပေမပေါ့။

5 comments:

ကိုတောင်ငူရယ် ခဏခဏရောက်ဖူးတာပါလား
ရွှေစက်တော်ဘုရားပွဲသွားကြတာ အင်မတန်ပျော်စရာကောင်းတယ်တဲ့နော်
ကြားဖူးတာ
နီးရက်နဲ့ မရောက်ဖူးဘူး
နောင်ခါတွေမှ သွားအုံးမယ်
အမတို့မြို့မှာတော့ လူငယ်တွေ ဆယ်တန်းဖြေပြီး သွားကြတာ တပျော်တပါး။
ခုတော့ တပျော်တပါးကြီး ဖတ်သွားတယ်
 
What a nostalgic post! Yes, I remember the crystal-clear water in the stream and extremely cute Chinn puppies so fondly and vividly, amongst other things. Thank you for bringing back nice memories and a brief history of that famous place of pilgrimage.
 
ရွှေစက်တော်ဘုရားပွဲ မရောက်ဖူးဘူး ။ အိမ်ကသွားတဲ့နှစ်က ၁၀ တန်း စာမေးပွဲနီးနေလို့ မလိုက်ရဘူး :( သွားချင်လိုက်တာ။ ကျောင်းတော်ရာက ငါးကြီးတွေဆီလည်းသွားချင်တယ် ။ ကျေးဇူးပါ :)
 
တို့လဲ တခါမှ မရောက်ဖူးဘူး။ ပျော်စရာကောင်းတယ်၊ ကြည်ညိုစရာကောင်းတယ် လို့ ရောက်ဖူးသူတိုင်း ပြောကြတယ်။
ရောက်ဖူးချင်လိုက်တာ။
 
လွမ်းသွားပြီ… အရမ်းကို လွမ်းသွားပြီ… ရွှေစက်တော်ပွဲတော်ရက်မှာ ဒီမှာက ပိတ်ရက်မရှိ… သိပ်ခံရခက်တဲ့ ဝေဒနာ… ကိုတောင်ငူက တခေါက်ပိုတယ်… တို့ က ၃ ခေါက်ပဲရောက်ဖူးတာ… ဓာတ်ပုံလေးတွေ ဝေေ၀ဆာဆာနဲ့  အသေးစိတ်ရေးပေးထားတာ ကျေးဇူးနော်…
 

Popular Posts