တောင်ငူသား

..... စိမ်းလန်းပါစေ ကမ္ဘာမြေ ... ငြိမ်းချမ်းပါစေ ကမ္ဘာမြေ .....

Monday, August 4, 2008

တက္ကသီလာသွား တောလား

၂၀၀၂ ခုနှစ် ဧပြီလဆန်းရဲ့ မှောင်မှောင်မည်းမည်း ညကျဲကျဲထဲမှာ ရန်ကုန်-မန္တလေး အဝေးပြေးလမ်းမကြီး တစ်လျှောက် ဒိုင်နာကားတစ်စီး အရှိန်အဟုန်ဖြင့် မောင်းလာနေသည်။ ကားခေါင်မိုးပေါ်မှာတော့ သေတ္တာတွေနဲ့ စက်ဘီးတစ်ချို့ကို စီပြီး ကြိုးများဖြင့် ချည်နှောင်၍ တင်ဆောင်ထားသည်။ ကားနောက်ခန်း အတွင်းဖက်မှာတော့ သေတ္တာတွေကို တစ်ပြင်လုံးအပြည့်ခင်းထားပြီး အဲဒီအပေါ်မှာမှ အိပ်ယာထုပ်တွေကို ဖြည်ပြီး မွေ့ယာသဖွယ် ထိုင်လို့ရအောင် လုပ်ထားလေသည်။ အတွင်းထောင့်တစ်နေရာမှာ မြို့ပြ၊ ဗိသုကာနဲ့ စက်မှုသမားတွေရဲ့ လက်သုံးတော် T-square လေးငါးချောင်းကို စုချည်ထားရသေးသည်။ သူတို့တစ်ဖွဲ့လုံး ခုန်ပေါက်နေတဲ့ကားပေါ်မှာ ကောင်းကောင်းမအိပ်နိုင်ဘဲ ငိုက်မြည်းရင်းသာ ပါလာကြသည်။ ပဲခူးမရောက်ခင် ပျဉ်ပုံကြီးမှာ ကားခဏရပ်ပြီး နံနက်စာစားကြသည်။ ကားပြန်ထွက်တော့ အိပ်ချင်စိတ်မရှိကြတော့ပေမယ့် မှောင်နှင့်မည်းမည်းမို့ စကားသိပ်မပြောဖြစ်ကြဘဲ ကိုယ့်အတွေးနဲ့ကိုယ်သာ အဝေးကိုငေးမောနေမိကြသည်။


ကျွန်တော်တို့ တောင်ငူအဖွဲ့၏ တက္ကသီလာ ပြည်တော်သာသွား တောလားသည်ကား ဤသို့ပင် စတင်ခဲ့လေသည်။ ပထမနဲ့ ဒုတိယ နှစ်နှစ်ကို တောင်ငူကျောင်းတွင် အောင့်အီးမျိုသိပ် ကျိပ်မှိတ်တက်ခဲ့ရပြီးသကာလ တက္ကသိုလ်ဟူသော ကျောင်းတော်ကြီးနှင့် စတင်ထိတွေ့ရတော့မည့်အတွက် အားလုံးတက်ကြွရွှင်လန်းနေကြသည်။ ပြည်နည်းပညာတက္ကသိုလ်တွင် တတိယနှစ်ကို ဆက်လက်တက်ရောက်ရန် အကြောင်းကြားစာများ အသီးသီးရရှိကြပြီးနောက် ပြည်သို့မထွက်ခွာခင် တစ်ပတ်ခန့်အလိုကပင် စုရပ်ဖြစ်သော ကျွန်တော်၏အိမ်သို့ အားလုံးသော သူငယ်ချင်းထီး သူငယ်ချင်းမတို့၏ သေတ္တာ၊ အိပ်ရာလိပ်၊ စက်ဘီးပါမကျန် တိုတိုထွာထွာမှန်သမျှ အသီးသီး လာရောက်ပို့ထားကြလေရာ အိမ်ဘေးဂိုထောင်တွင် စုပုံနေတော့သည်။ မိန်းကလေးများက ပစ္စည်းကားနဲ့ မလိုက်ကြဘဲ Express ဖြင့် နောက်မှလိုက်လာကြမည်ဖြစ်သည်။ ညဦးပိုင်းထဲက သူငယ်ချင်းများအားလုံး အိမ်ရောက်နေကြပြီး ဒိုင်နာလာဆိုက်တော့ ကားပေါ်ဝိုင်းတင်ကြသည်။ ပစ္စည်းများအားလုံး ကားပေါ်တင်ပြီးလို့ မကြာခင်မှာဘဲ မောင်းလာကြလေသည်။ မြို့တွင်းမှ မထွက်ရသေးခင်မှာပဲ ချစ်လှစွာသော သူငယ်ချင်းများက ဖွက်ယူလာခဲ့သော ဗျစ်ရည်သံဗူးတွေကို ထုတ်လေသည်။ အဲဒီအချိန်မှာ ကားနောက်ခန်းထဲကို ဆိုင်ကယ်မီးရောင်တစ်ခု လှမ်းထိုးလိုက်သည်။ ကြည့်လိုက်တော့ ကျွန်တော့်အဖေ၊ နောက်မှာက ညီမလေး။ ဒီကောင်တွေ ဒါမျိုးကျတော့ လျင်သည်။ ဗူးတွေကို ဘယ်လိုသိမ်းလိုက်မှန်းမသိ။ အဖေက ဆိုင်ကယ်ဖြင့် မောင်းလိုက်လာရင်းမှ ကားပေါ်သို့ မုန့်ထုပ်တွေ၊ နေကြာစေ့ထုပ်တွေ၊ သကြားလုံးထုပ်တွေ တစ်ထုပ်ပြီးတစ်ထုပ် ပစ်ပစ်တင်ပေးသည်ကို လုဖမ်းကြရင်း ဆူညံနေတော့သည်။ မြို့အထွက်ခပေါင်းတံတားရောက်မှ အဖေလက်ပြပြီး လှည့်ပြန်သွားတော့တယ်။ မြို့ပြင်လည်းအရောက် ဗျစ်ရည်ဗူးလည်း အဖောက်ပဲ။ အာလူးကြော်ပါ အမြည်းရသွားတာကိုး။


ရန်ကုန်-ပြည်လမ်းပေါ် ရောက်တော့ အလင်းရောင်လည်း ကောင်းကောင်းရနေပြီဖြစ်တဲ့အပြင် လမ်းကလည်း အတော်ကောင်းတာမို့ "ကဲ သူငယ်ချင်းတို့ရေ လူစုံပြီလားဟေ့" ဆိုလိုက်တာနဲ့ အထုပ်ဖွင့်ပြီးသားဖြစ်နေပြီ။ အဲဒီအချိန်က ကျွန်တော်က လုံးဝမကစားတတ်သေးပါဘူး။ ဒါကြောင့် ဘေးနားမှာ ဖဲမီးလှုံရင်း နားကြပ်ကက်ဆက်ကလေးနဲ့ ငြိမ့်နေလိုက်တယ်။ လက်ပံတန်းတာဆုံရောက်တော့ တခဏထပ်နားကြပြန်တယ်။ အဲဒီမှာ ကျွန်တော်သိပ်ကြိုက်တဲ့ ပူပူနွေးနွေး ဆီထမင်းရယ်၊ စာကလေးကြော်၊ ငါးကြော်တွေရယ်ကို အမျိုးစုံလို့ အထမ်းလေးတွေနဲ့ ရောင်းကြတာ။ ကျွန်တော်က ဖေဖော်ဝါရီ လလယ်လောက်ကတည်းက အဆောင်ရှာဖို့ ပြည်ကို တစ်ခေါက်ရောက်ပြီးသားလေ။ လက်ပံတန်းက ဆီထမင်းနဲ့ စာကလေးကြော်ကို အဲဒီကတည်းက စွဲသွားလိုက်တာ နောက်ပိုင်းတောက်လျှောက် လက်ပံတန်းတာဆုံမှာ ကားနားတိုင်း အဲဒါပဲစားဖြစ်တော့တာ။ ကားတွေကတော့ ရောင်နီဦးမှာ ရပ်ကြတာများပါတယ်။ ကျွန်တော်က ဆိုင်ထဲက အစာတွေထက် ဆီထမင်းနဲ့ စာကလေးကြော်ကိုပဲ ပိုမက်စက်ပါတယ်။ ဆီထမင်းနဲ့ စာကလေးကြော်တစ်ပွဲကို ပါဆယ်ဝယ်လိုက်ပြီး ရောင်နီဦးဆိုင်ထဲမှာ လက်ဖက်ရည်ပေါ့ဆိမ့်တစ်ခွက်နဲ့ဆို အင်မတန်စားလို့ မြိန်လိုက်တာ ခုတောင်စားချင်လာရောပဲ။


ကျွန်တော်က အဆောင်နေကျောင်းသား သိပ်ဖြစ်ချင်တာ။ ဆယ်တန်းအောင်စာရင်းထွက်ပြီးလို့ ကျွန်တော့်အမှတ်ပေါင်းက YIT ကို သေချာပေါက်ဝင်မှန်းသိတဲ့အချိန်မှာ ပျော်လိုက်သည့်ဖြစ်ခြင်း။ တိုင်လုံးရှည်ရှည်ကြီးတွေနဲ့ အင်မတန်ခန့်ညားတဲ့ ရုရှကလာဆောက်ပေးထားတဲ့ တက္ကသိုလ်ကြီးမှာ တက်ရတော့မယ်ပေါ့လေ။ တက္ကသိုလ်တက်တဲ့အကြောင်းတွေပါတဲ့ စာအုပ်တွေ၊ ဝတ္ထုတွေဖတ်ရတာ သိပ်အရသာရှိတာပဲ။ ရုပ်ရှင်တွေ၊ ဗွီဒီယိုတွေဆိုလည်း မလွတ်တမ်းပဲ။ YIT ကြို့ကုန်းကျောင်းနောက်ခံနဲ့ ကြည့်ခဲ့တဲ့ တစ်ကားဆိုရင် သိပ်သဘောကျတာ။ ဇာတ်ကားနာမည်တော့မေ့နေပြီ။ ဒွေးနာမည်က အဲဒီကားမှာ ခိုင်မြဲကျော်စွာတဲ့။ (နောက်ပိုင်းတော့ MIT မှာရိုက်တဲ့ “ချစ်ခြင်းရင်ခုန်ယုံကြည်စွာဖြင့်“ ကားလည်း ကြိုက်တာပဲ၊ ရှုခင်းတွေက ရန်ကင်းတောင်နောက်ခံနဲ့ အရမ်းလှတယ်)။ ဒီလိုနဲ့ တကယ်တမ်း ဝင်ခွင့်ခေါ်စာတွေကျလာတော့ သတင်းပို့ခိုင်းတဲ့နေရာက ....တစ်နေရာရယ်လေ။ ကျွန်တော် တမ်းတခဲ့သလို မဖြစ်လာခဲ့ဘူး။


ကျွန်တော် အဆောင်သွားကြည့်တုန်းက ဆောင်းမကုန်သေးတော့ သိပ်မသိသာဘူး။ အသွားရောအပြန်ရော ညခင်းတွေလည်းဖြစ် လေအိတ်ကားနဲ့လည်းဖြစ်တော့ လမ်းတလျှောက် ပတ်ဝန်းကျင်ကိုလည်း မမြင်ဖြစ်ခဲ့ဘူး။ အခုကျတော့ ရာသီဥတုကလည်းပူ ဘေးဘီကိုကြည့်တော့လည်း ခြောက်ခြောက်သွေ့သွေ့နဲ့ဆိုတော့ ဒီအတိုင်းဆိုရင် ပြည်မှာကျောင်းတက်ရမှာ ပူပူလောင်လောင်နဲ့ ပျင်းစရာကြီးပဲဆိုပြီး ကျွန်တော်တို့အားလုံး စိတ်ပျက်သွားကြတယ်။ သူငယ်ချင်းတစ်ချို့ကတော့ အိမ်ထောင်စုအပြောင်းအရွှေ့တွေလုပ်ပြီး ရန်ကုန်နည်းပညာတက္ကသိုလ် (လှိုင်သာယာ) မှာတက်ကြတယ်။ ကျွန်တော်ကတော့ တက္ကသိုလ်ကျောင်းသား ဘဝကို ပြည်မှာတက်မှသာ အပြည့်အဝရမယ်လို့ (ကိုယ့်ဘာသာ) ဆုံးဖြတ်ပြီး ပြည်ကိုပဲ ရွေးချယ်ခဲ့တာပါ။ အဲ.. ဒီလိုနဲ့ စိတ်ပျက်လက်ပျက်ဖြစ်နေကြတဲ့ ကျွန်တော်တို့တစ်တွေဟာ ပြည်မြို့နား တဖြည်းဖြည်း နီးလာတဲ့ တစ်နေရာအရောက်မှာတော့ ရုတ်တရက်.......

2 comments:

အမဇနိ စီပုံးထဲရေးသွားတာပါ

5 Aug 08, 12:33
မဇနိ: ကျောင်းတက်ချိန်က အမှတ်တရများ ဖတ်လို့ ကောင်းလှတယ်
5 Aug 08, 12:33
မဇနိ: ကွန်းမန့်ပို့ရတာ မလုပ်တတ်ပါ
 
11 Aug 08, 23:12
MyaYwetWai: "ဗျစ်ရည်သံဗူး"တဲ့

7 Aug 08, 09:25
နိုဝင်ဘာ: ဓာတ်ပုံတွေပါတင်လေဟာ... မရှိရင် share လိုက်မယ် ... ကြိုးစားထား တောင်ငူသားရ

6 Aug 08, 09:47
နိုဝင်ဘာ: တော်ကြာနေ ဘော်ဒါတွေတောင်ဖြစ်ချင်ဖြစ်နေအုံးမယ်ထင်တယ်....မြွေပေါတဲ့အကြောင်းတွေ နှောကုန်း လက်ခုပ်ပင်အကြောင်းတွေ.. ဆင်းဧကရီဆောင်အကြောင်းတွေပါ သိရင် ထည့်ရေးပါဗျိုးးးးးးး

6 Aug 08, 09:41
နိုဝင်ဘာ: PTU ကိုသတိရသွားပြီ .. များများဆက်ရေးပါဗျိုး...

5 Aug 08, 22:39
tnlin: ဖတ်လို့ကောင်းတယ်.....သတိရမိတယ်ကျောင်းသားဘ၀......ဆက်ဖတ်ခြင်သေးတယ်
 

Popular Posts