တောင်ငူသား

..... စိမ်းလန်းပါစေ ကမ္ဘာမြေ ... ငြိမ်းချမ်းပါစေ ကမ္ဘာမြေ .....

Sunday, July 6, 2008

Comment (ကွန်မန့်) ဘာလဲ? ဘယ်လဲ?

ဘလော့ဂ်ဆိုတဲ့ အဝန်းအဝိုင်းတစ်ခု ဘယ်လိုအနေအထားဖြင့် တည်ရှိသည်၊ ဘယ်လိုကူးလူး ဆက်သွယ်နေကြသည် ဆိုတာကို တစ်စွန်းတစ်စမျှ မသိခင်ကတည်းက ဘလော့ဂ်တွေကို ဖွင့်ဖတ်မိခဲ့ဖူးပါသည်။ အဲဒီအချိန်က မြန်မာလိုရေးသားထားသော အင်တာနက်စာမျက်နှာတစ်ခုဆိုသော အသိထက် မပိုသေးတာ အမှန်ပါ။ နောက်ပိုင်း ဘလော့ဂ်တွေ ဟိုတစ်စဒီတစ်စ ဖတ်မိလာရာမှ ဘလော့ဂ်တွေအကြောင်း သိလာရသည်။ ကိုယ်တိုင်ပါ ရေးချင်လာသည်။ ဒါပေမယ့် မြန်မာလိုလုံးဝမရိုက်တတ်သေးသည့်အတွက် လက်လျှော့ထားရသည်။ သူငယ်ချင်းကြီးရောက်လာမှ သူ့ကျေးဇူးနှင့် တောင်ငူ ဆိုတဲ့ဘလော့ဂ်လေးတစ်ခုကို ပိုင်ဆိုင်ခွင့်ရခဲ့သည်။

ယခုဆိုလျှင် တောင်ငူဘလော့ဂ်၏ သက်တမ်း ၅လသာရှိသေးသော ကာလအတွင်းမှာ ကိုယ်တိုင်လည်း အခါအားလျော်စွာ ရေးသလို အခြားသောဘလော့ဂ်များကိုလည်း မျက်နှာကြီးငယ်မဟူ(အသစ်အဟောင်းမရွေး) အဆင်သင့်လျှင်သင့်သလို လည်ပတ်ဖတ်ရှုခဲ့ပါသည်။ ယခုအကြောင်းအရာမတိုင်ခင်အထိ စီဘောက်စ်များတွင်ရေးသားခြင်း၊ ကွန်မန့်ရေးသားခြင်းတို့ကို တစ်ခါတစ်ရံ ပေါ့ပေါ့ပါးပါး၊ တစ်ခါတစ်ရံ လေးလေးနက်နက် ပြုလုပ်ခဲ့ပါသည်။ အချိန်အပိုင်းအခြားတစ်ခုကြာလာသောအခါ သိလာရသည်မှာ ထိုနေရာတို့တွင် ပြီးစလွယ်ဝင်ရေးခဲ့သောစာများထက် အပြုသဘောဆောင်သော ဝေဖန်ထောက်ပြခြင်းများ၊ ရေးသားဖော်ပြချက်များကို ပိုမို၍ ပြန်လည်ဖြေကြားခြင်း၊ တကူးတက (အိမ်တိုင်ယာရောက်) အကြောင်းပြန်ကြားခြင်းတို့ဖြင့် တုန့်ပြန်ကြသည်ကို တွေ့ရှိရပါသည်။

ကျွန်တော်တစ်ဦးတည်းအမြင်ဖြင့်ဆိုရလျှင်

C-Box (စီပုံး)ကို

- ဘလော့ဂ်ချစ်သူ(ရေးသူရော၊ ဖတ်သူပါ) အချင်းချင်း လာလည်ကြောင်း အိမ်ရှင်ကို အသိပေးနှုတ်ဆက်ခြင်း၊
- ခင်မင်စိတ်ဖြင့် ပျော်စေရန် စနောက်ကျီစယ်ခြင်း၊
- လက်ရှိတင်ထားသောပို့စ်များနှင့် မပက်သက်သောအကြောင်းအရာများအား ပြောကြားလိုခြင်း
အစရှိသည်တို့အတွက် သုံးစွဲသင့်သည်ဟု ယူဆလိုပါသည်။

သို့သော်
Comment (ကွန်မန့်) ကိုမူ တင်ထားသော ပို့စ်ကို ဖတ်ရှုမိပြီးနောက် ၎င်းနှင့်ပက်သက်၍

- ဖတ်ရှုသူ၏ ထင်မြင်ယူဆချက်၊
- အပြုသဘောဆောင်သော ကောင်းဆိုးဝေဖန်မှု၊
- အကယ်၍ ထောက်ပြစရာတွေ့ရှိပါက ဝင်ရောက်ဆွေးနွေးခြင်း

အစရှိသည်များကို ပြုလုပ်သင့်သည်ဟု ယူဆပါသည်။ အကြောင်းအမျိုးမျိုးကြောင့် သက်ဆိုင်ရာပို့စ်အတွက် ကွန်မန့်ပေးမည့်အစား စီပုံးတွင်းဝင်ရေးခဲ့ပါက နှမြောစရာကောင်းသည်ဟု ထင်ပါသည်။ အဘယ်ကြောင့်ဆိုသော် ကွန်မန့်တစ်ခုသည် အဆိုပါပို့စ်ရေးသားရာတွင် စိုက်ထုတ်အပ်သော ရေးသားသူ၏ ပေးဆပ်မှု (ဥပမာ- အချိန်)ကို လေးစားရာ၊ အသိအမှတ်ပြုရာရောက်သောကြောင့် အဖိုးတန်လှသလို၊ ဆက်လက်ရှင်သန်လိုစိတ်ကိုပါ ဖြစ်ပေါ်စေသည်ဟု ယုံကြည်ပါသည်။ ဘလော့ဂ်ရေးသားသူ အားလုံးနီးပါးမှာ အလုပ်တစ်ဖက်၊ ကျောင်းတစ်ဖက်နှင့် ရပ်တည်ကြသူများဖြစ်မည်ထင်ပါသည်။ ကျွန်တော့်အနေဖြင့် ကွန်မန့်ကို ဘလော့ဂ်အတွက်ပေးသော "စာမူခ" လို့တောင် တင်စားချင်ပါသည်။

အချို့ပို့စ်များသည် ကွန်မန့်ပေးခဲ့ရလောက်အောင် အကြောင်းခြင်းရာ မရှိပါဘဲလျက် ပေးနေတာကိုလည်း တွေ့ရပါသည်။ ကွန်မန့်ချန်ခဲ့ချင်လောက်အောင် နှစ်ခြိုက်မိပါလျက်နဲ့ အကြောင်းအမျိုးမျိုးကြောင့် မပေးခဲ့ကြတာတွေလည်း ရှိပေမည်။ ထို့ကြောင့် ကျွန်တော်ဖတ်ရှုမိသော ပို့စ်တိုင်းအား မနှစ်သက်ဘဲ ကွန်မန့်မပေးချင်သလို၊ ကျွန်တော်ပေးခဲ့သော ကွန်မန့်သည်လည်း ရေးသားသူကို စိတ်ကျေနပ်သွားစေရန်၊ ပျော်ရွှင်သွားစေရန်၊ အကျိုးတစ်စုံတစ်ရာဖြစ်ထွန်းစေရန်သာ ရည်ရွယ်လိုပါသည်။ ယခင်ပေးခဲ့သည်များတွင် အကျည်းတန်ခြင်းများ ပါကောင်းပါနိုင်ပါသည်။ ထိုအတွက်လည်း ရှက်မိပါသည်။

မည်သည့်စိတ်ဆန္ဒဖြင့်မဆို ဖန်တီးတည်ဆောက်ထားရသော ဘလော့ဂ်များသည် ရေးသားသူအတွက် အနည်းဆုံး "အချိန်" ပေးနိုင်ရသလို၊ လာရောက်ဖတ်ရှုသူတွေအတွက်လည်း ထို "အချိန်" ပင်ပေးရပါသည်။ မိမိတို့၏ ဖဲ့ပေးရသော အချိန်များအတွက် ခံစားမှုတစ်ခု၊ ကျေနပ်မှုတစ်ခုကိုသော်မှ မရပါလျှင် ဆုံးရှုံးခြင်းတစ်မျိုးပင်ဖြစ်ပါသည်။ အပျော်တမ်းဖြစ်စေ၊ မိမိမှတ်တမ်းသဘောမျိုးဖြစ်စေ၊ ရောက်တတ်ရာရာဖြစ်စေ ရေးသားသော ပို့စ်များအတွက် ဖတ်သူရှိခြင်းမရှိခြင်းသည် အကြောင်းမထူးသော်လည်း၊ ကောင်းမွန်သောရည်ရွယ်ချက်ဖြင့် အကျိုးပြုဖွယ်ရှိသော ပို့စ်များအား ကျွန်တော်ကိုယ်တိုင်လည်း ဖတ်ရှုလိုစိတ်ရှိသလို အများသူငါတို့အားလည်း ဝေမျှခံစားစေချင်ပါသည်။

သို့အတွက် ကောင်းမွန်သင့်မြတ်သောပို့စ်များတွင် ကွန်မန့်လေးများဝေဆာနေစေရန် (သို့မဟုတ်) အားထုတ်ရေးသားသူတို့ "စာမူခ" မြိုးမြိုးမျက်မျက်ကလေး ရရှိနိုင်ကြစေရန်အလို့ငှါ ယခုကဲ့သို့ အကြံပြုချင်ပါတော့သည်။

18 comments:

ညီလေးရေ စာမူခလာပေးသွားတယ်။ မြိုးမြိုးမြက်မြက်ကလေး မဟုတ်ရင်တောင် စာဆက်ရေးနိုင်ဖို့ လုံလောက်တဲ့ စာမူခလေးဖြစ်သွားရင်ပဲ အကို ပျော်နေမှာပါ။ ဒီလိုမျိုး ပို့စ်ကောင်းလေးတွေ ရေးပါဦး။ ခင်မင်လျက်။
 
ကွန်မန့်အပေါ် ထားတဲ့ စိတ်ချင်းတူနေလို့ ဒီပိုစ့်ကို ထောက်ခံတယ်။ အားလုံးအတွက် အပြုသဘောဆောင်တဲ့ ပိုစ့်လို့မြင်မိပါတယ်။ ဘလော့ဂ်ပါအတွက် စာမူခလိုပါပဲဆိုတာကို နှစ်သက်မိတယ်။
ပျော်ရွှင်ပါစေဗျာ။
 
ကိုတောင်ငူ ကျွန်တော်ထားခဲ့တဲ့ကွန်မန့် တစ်ခုကို ဖျက်ပြီး စီဘောက်ပေါ်မှာပဲ တင်ခဲ့ပါတယ်.. ခင်မင်မှုနဲ့ ရေးပေမယ့် အကိုပို့ စ်ကို အကျည်းတန်စေမှာ မလိုလားလို့ ပါ.. အကို့ ရဲ့ ကွန်မန့် တွေအပေါ်ထားတဲ့ သဘောထားကို လေးစားတဲ့အနေနဲ့ ရောပေါ့..
 
“စာမူခ“ တွေ အများကြီး အိမ်တိုင်ရာေ၇ာက်လာပေးတဲ့ အတွက် ကျေးဇူးပါနော်။ ဘလော့ဂါတိုင်း ကိုယ့်ပို့စ်က ကွန်မန့်လေးတွေဖတ်ပြီး ပီတိဖြစ်ရတာပါ။
 
မြန်မာ blog တွေရဲ့ cbox နဲ့ comment ကို သုံးသပ်သွားတာ အရမ်းသဘောကျမိပါတယ်။ “ကျွန်တော့်အနေဖြင့် ကွန်မန့်ကို ဘလော့ဂ်အတွက်ပေးသော “စာမူခ“ လို့တောင် တင်စားချင်ပါသည်။” ဆိုတာကို အရမ်းကို လက်ခံသဘောကျမိပါတယ်။ မှန်ပါတယ်။ စာရေးတဲ့သူတွေ အတွက် အဲဒီ comment တွေ နောက် cbox မှာထားခဲ့တဲ့ လေးနက်မှုရှိတဲ့ မှတ်ချက်တွေကပဲ အားတွေရခဲ့ကြလို့ပါ။ နောက် ရေးသူ ဖတ်သူတွေရဲ့ အချိန်နဲ့ ပတ်သက်ပြီး ထားတဲ့သဘောထားလည်း တူတဲ့အတွက် ဒီပို့စ်ကို အရမ်းနှစ်သက်မိပါတယ်။ ပို့စ်ကောင်းပေါင်း မြောက်များစွာ ဆက်ရေးနိုင်ပါစေ။
 
ကိုတောင်ငူသားရေ ကျမလဲ ဘလော့တကာ လျှောက်ဖတ်ပေမယ့် တိတ်တဆိတ် ပြန်သွားတာ များတယ်။ "ကွန်မန့်ချန်ခဲ့ချင်လောက်အောင် နှစ်ခြိုက်မိပါလျက်နဲ့ အကြောင်းအမျိုးမျိုးကြောင့် မပေးခဲ့ကြတာတွေလည်း ရှိပေမည်" ဆိုတာလဲဟုတ်တယ်။ ကြိုက်ပေမယ့် ကိုယ်က ကွန့်မန့်သေချာမရေးတတ်ရင် ရေးသူကို မလေးမစားဖြစ်မှာ စိုးတယ်လေ။

ကျမဆီလာပြီး စာမူခပေးသွားတဲ့အတွက်လဲ ကျေးဇူးပါရှင် :)
 
စာမူခ.. အလုပ်တွေရှုပ်နေလို့ အခုမှ ရောက်ဖြစ်တယ်.. :)
 
ထပ်ပေးတယ်.. :) :P :D
ဟီး..
 
ဆီပုံးမှာပေးရတာထက် ပို့ စ်မှာပေးရတာ ပိုသဘောကျတယ် ပို့ စ်ပိုင်ရှင်အတွက် စာမူခပေါ့း)
 
ဟုတ် အစ်ကို
ဒါလည်း စာမူခပဲပေါ့
:)
 
အမယ်လေး ကိုတောင်ငူရာ
အခုမှပဲ ကျနော်လည်း သိတော့တယ်
ကျေးဇူးတင်တယ်ဗျို့...
ကျနော်လည်း တောင်ငူသူပဲဗျ..
ထန်းတပင်က...
blogger များသို့က ဗဟုသုတ အများကြီးရတဲ့ အတွက်
ကျေးဇူးအများကြီးတင်တယ်။
ကိုတောင်ငူ စာရေးကောင်းပုံနဲ့တော့ ကျနော့်ကိုယ် ကျနော် တောင်ငူ ပြန်ရောက်နေလား မှတ်တယ်။
ပျော်ရွှင်ပါစေဗျာ...
 
တောင်ငူသားရေ ...
ရွာသားလေးကတဆင့် ရောက်လာတာပါ။ စာမူခအကြောင်းသိချင်ရင် တောင်ငူသားလေးဆီမှာ သွားဖတ်တဲ့။
မှန်လိုက်လေဗျာ ... ကိုယ့်ပို့စ်ရဲ့ စာမူခ ဆိုတာ ကွန်မန့်ပါပဲ။ ကွန်မန့်မရှိတဲ့ပို့စ်ဆိုရင် မဂ္ဂင်းဇင်းတိုက်က ကိုယ့်ကဗျာကို ပယ်လိုက်သလို ခံစားရတယ်။
တောင်ငူသားလေး ဘလော့ဂ်ကို လင့်ခ်လိုက်ပြီဗျာ။ အမြဲတမ်း စာမူခ လာပေးနိုင်အောင်လို့ ....း)
 
စာမူခ တဲ့။ လှလိုက်တဲ့ နံမည်လေး။
စိတ်အာဟာရ ဖြစ်စေတဲ့ စာမူခဆိုတော့ တန်ဖိုး မဖြတ်နိုင်ဘူးပေါ့။
ဒီပို့စ်လေး သဘောကျလို့ တို့လဲ စာမူခ လာပေးပါတယ်။
 
ခုမှ သိရပေမယ့် နောက်ကျတာက လုံးဝပေါ်မလာတာထက် ပိုကောင်းတယ်လို့ ယူဆပြီး “စာမူခ” လာပေးသွားပါတယ်။ ဒီ concept ကို အင်မတန် နှစ်သက်လို့ပါ။ လေးစားပါတယ်။
 
ပထမဆုံးပို့စ်လေးကို ဖတ်ရင်း ဒီပို့စ်ရောက်လာတယ်။ ကွန်မက် ဆိုတဲ့ အဓိပ္ပါယ်လေးက ထိမိတယ်။ တစ်လောက ကိုဒီဘီကြီးက ပို့စ်တစ်ခုမှာ စာမူခချီးမြှင့်သွားပါသည်ဆိုပြီး ကွန်မက်ဝင်ရေးတော့ ဘာကိုဆိုလိုမှန်း နားမလည်ခဲ့ဘူး။ အခုမှပဲ သိတော့တယ်။
 
စာမူခလာပေးသွားတယ်။
 
ဒီပိုစ့်လေးရဲ့ရည်ရွယ်ချက်လေးက တော်တော်ကောင်းပါတယ်.. မဗေဒါလဲ ပိုစ့်နဲ့ပတ်သတ်တဲ့စာကို ကွန်မန့်အောက်မှာရေးစေချင်ပြီး နှုတ်ဆက်ရုံနဲ့ ပိုစ့်နဲ့မပတ်သတ်တာတွေကို ဆီပုံးမှာရေးစေချင်တာပါ.. ချက်နဲ့လက်နဲ့ ကောင်းကောင်းထောက်ပြသွားနိုင်တဲ့အတွက် ကျေးဇူးတင်မိပါတယ်.. ကွန်မန့်လေးတွေကို စာမူခဆိုပြီးတင်စားသွားတာလေးက တော်တော်လှပါတယ်.. မဗေဒါမစဉ်းစားမိဖူးပါဘူး.. ဝင်ခံပါတယ်.. နောက်ဆို ဒီစကားလေးက ဘလော့ဂါလောကမှာ အသုံးအနှုန်းတစ်ခုအနေနဲ့ ရေပန်းစားလာမှာကို မြင်ယောင်နေပါတယ်.. အဲဒိအခါကျရင် ဒီစကားကို စခဲ့တာ ကိုတောင်ငူဆိုတာ အမြဲအမှတ်ရပေးနေမှာပါ.. ဒီပိုစ့်ကို ကွက်လပ်ကလေးဖြည့်မိတယ် ဆိုတဲ့ပိုစ့်ကနေ ရောက်ရှိဖတ်ရှူတာပါ... မဗေဒါရဲ့စိတ်ထဲ ရှိတာလေး နဲနဲကို ထိုပိုစ့်အောက်မှာ ကွန်မန့်သွားပါ့မယ်..
 
အကိုရေ... စာမူခတဲ့လား ကောင်းလိုက်တဲ့စိတ်ကူးလေးပါပဲ...
လာလည်သွားပါတယ်..လာလည်ရကျိုးနပ်ပါတယ်...
ကိုယ်မတွေ့မိတဲ့ အရာလေးတစ်ခုကို တန်ဖိုးရှိစွာရလိုက်လို့ပါပဲ...
အကို့ စာလေးတွေကို ဖတ်ချင်ပါတယ်..
အခါအားလျှော်စွာတင်တဲ့ စာလေးတွေကို ပို့ပေးပါလို့လဲတောင်းဆိုပါတယ်...ကျွန်တော့မေး(လ်)က
sailonnsl@gmil.com အကို..
ကျေးဇူးတင်ပါတယ်ခင်ဗျာ...

ဇေယျာ
 

Popular Posts