တောင်ငူသား

..... စိမ်းလန်းပါစေ ကမ္ဘာမြေ ... ငြိမ်းချမ်းပါစေ ကမ္ဘာမြေ .....

Sunday, June 8, 2008

Gtalk နဲ့ ချစ်သက်သေ မထူကြစေလို

Internet သုံးလေ့ရှိတဲ့လူတိုင်းမှာ email address အနည်းဆုံးတစ်ခုလောက်တော့ရှိကြပါတယ်။ အဲဒီထဲမှာ ကျွန်တော်တို့ မြန်မာတွေ အသုံးအများဆုံးကတော့ Gtalk ပဲဖြစ်မယ်ထင်ပါတယ်။ Gmail address တစ်ခုရှိတာနဲ့ Gtalk ကိုပါ သုံးစွဲနိုင်တာကြောင့် နိုင်ငံတကာရောက်သူတွေအတွက် မိသားစုတွေ၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့ ဆက်သွယ်ဖို့ရာ အလွန်အဆင်ပြေလှပါတယ်။ အရင်ကတော့ အပျော်သဘောနဲ့ chatting လုပ်ကြရာကနေ အခုအချိန်မှာတော့ တကယ့်ကို ဆက်သွယ်ရေးကွန်ယက်ကြီးတစ်ခုအဖြစ်ပါ အရေးပါအရာရောက်တာမို့ အင်မတန် အကျိုးကျေးဇူးကြီးလှပါတယ်။ အဓိကကတော့ အခမဲ့သုံးစွဲနိုင်တာပါပဲ။

ကျွန်တော်ကိုယ်တိုင်လဲ အိမ်မှာရှိတဲ့အချိန်တိုင်း Gtalk ထဲ ရှိနေတတ်ပါတယ်။ ကျွန်တော်က သူငယ်ချင်း ခင်တတ်တဲ့ အမျိုးအစားထဲ ပါပါတယ်။ ပေါင်းသင်းဆက်ဆံမှုနယ်ပယ်ကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ရှိချင်တာပါ။ Gtalk ကနေ နိုင်ငံတကာမှာ ရောက်နေကြတဲ့ မြန်မာသူငယ်ချင်းအသစ်တွေလည်း အများကြီးရပါတယ်။ ဒါကြောင့် Gtalk ကို အတော်ကို နှစ်သက်သလို စွဲစွဲလမ်းလမ်းလဲ သုံးနေဆဲပါ။ အသက်သွင်းပေးခဲ့တဲ့ သူတွေကိုလည်း ဒီနေရာကနေ ကျေးဇူးတင်ရပါတယ်။

ဒါပေမယ့် Gtalk ကို အသုံးပြုသူတစ်ချို့ကြောင့် စိတ်ကသိကအောက် ဖြစ်စရာကိစ္စတွေ တစ်ခါတစ်ရံ ကြုံတွေ့ရပါတယ်။ Gtalk account တစ်ခုကို လွယ်လွယ်လုပ်လို့ ရနိုင်ပါလျက်နဲ့ share သုံးကြတဲ့အခါ အဆင်မပြေမှုတွေ ကြုံရပါတယ်။ စတန့်ပဲထွင်သလား ဘယ်လိုသဘောလည်းမသိပါဘူး။ အထူးသဖြင့် သမီးရည်းစားစုံတွဲတွေပါ။ ကိုယ့်ရည်းစား ကောင်မလေးကို ကိုယ်ရိုးသားကြောင်း၊ online ပေါ်မှာ သက်သေထူချင်ကြတာနဲ့ တူပါတယ်။ တစ်ချို့သူငယ်ချင်းတွေက သူ့ကောင်မလေးကိုပါ password ပေးထားတယ်။ သူ online ပေါ်မရှိတဲ့ အချိန်မှာ ကောင်မလေးက အဲဒီ account နဲ့ ဝင်လာတယ်။ ကိုယ်က သူငယ်ချင်းမှတ်လို့ လှမ်းနှုတ်ဆက်တယ်။ တစ်ချို့ကတော့ ပိုင်ရှင်မဟုတ်ကြောင်း ဘယ်သူဘယ်ဝါဆိုတာ ပြန်ပြောတယ်။ ဒါဆိုကိစ္စမရှိဘူး။ တစ်ချို့က တော်တော်ဆိုးပါတယ်။ ခပ်တည်တည်နဲ့ မျှောပြီးဆက်ပြောတယ်။ အဲဒီတော့ မိန်းကလေးတစ်ယောက်ရှေ့မှာ မပြောသင့်တာတွေ ပြောကောင်းပြောမိနိုင်တယ်။ သူငယ်ချင်းအချင်းချင်းသာ သိထားသေးတဲ့ ကိစ္စမျိုးပြောမိရင် ဇာတ်လမ်းတွေ ရှုပ်ကုန်ရော။ မိန်းကလေးတွေလဲ အတူတူပါပဲ။ အင်မတန် သတိထားသင့်ပါတယ်။

တစ်ခါက ပြသနာဖြစ်ရပုံလေးကို ပြောပါဦးမယ်။ အဲဒီအကိုက ကျောင်းတုန်းက အဆောင်တစ်ဆောင်တည်းမှာ နေခဲ့တာပါ။ တစ်နေ့ Gtalk ပေါ်မှာတွေ့တော့ typing ရိုက်ပြီး ပြောကြရင်းနဲ့ အဆောင်မှာတုန်းက အကြောင်းလေးတွေ ရောက်သွားတယ်။ ကျွန်တော်လည်း သူ့အကြောင်းကိုယ့်အကြောင်းပြောနေရင်းနဲ့ စကားအရှိန်ရနေတာပေါ့။ သူ့နေရာမှာ သူ့မိန်းမဝင်လာတာကို မသိဘူးလေ။ ဟိုဖက်ကလည်း မပြောဘူး။ အဲဒီမှာ ကျောင်းသားဘဝက မိန်းမသဝန်တိုစရာကိစ္စတစ်ခုကို ပြောမိလိုက်တယ်။ သာမန်အားဖြင့် သူငယ်ချင်းအချင်းချင်း ပြောနေကြစကားပါ။ အဲဒီမှာ ဟိုဖက်ကနေ စိတ်ဆိုးမာန်ဆိုးနဲ့ ပြောဆိုပြီး ထွက်သွားတယ်။ ကျွန်တော်လည်း ဒီလူ စိတ်ဆိုးစရာလဲမပါပဲနဲ့ ဘာဖြစ်တာလဲပေါ့လေ။ ဒါနဲ့ နောက်တစ်နေ့ကျတော့ ကျွန်တော့်ဆီ ဖုန်းလှမ်းခေါ်တယ်။ အဲဒီနေ့က သူ rest roomခဏသွားလိုက်တုန်း သူ့မိန်းမဝင်လာတာဖြစ်ကြောင်း အဲဒီညက သူ့ကို စိတ်ဆိုးပြီး တစ်ညလုံး ကွိုင်ရှာနေကြောင်း ပြောပါတယ်။ ကျွန်တော်လည်း အဲဒီတုန်းက ပြောမိတာလေးတွေ ပြန်ပြောပြပြီး စိတ်မကောင်းကြောင်း ပြောရတာပေါ့။ တကယ်တော့ သူနဲ့ပြောနေတုန်း သူထွက်သွားမယ်ဆိုရင် ပြောသွားသင့်တာပေါ့။ အမျိုးသမီးလုပ်သူကလဲ ဘယ်သူမှန်းမသိဘဲ ဝင်မပြောသင့်ဘူးလေ။

အဲဒီတော့ ကျွန်တော် Gtalk သုံးသူတွေကို သတိထားဖို့ ပြောချင်တာက ကိုယ့်ချစ်သူကို ကိုယ့်ဇနီးကို ချစ်ခင်ကြရင် တစ်ခြားနည်းနဲ့ချစ်ကြပါ။ တစ်ခြားနေရာတွေမှာ ပွင့်လင်းကြပါ။ Gtalk account ကို အတူသုံးခြင်းနဲ့တော့ ရိုးသားမှုကို ချစ်သက်သေ မထူကြစေလိုပါ။ အခြားသော online သူငယ်ချင်းတွေကို စိတ်ကသိကအောက် မဖြစ်ကြစေလိုပါခင်ဗျား။

12 comments:

That 's right, bro!
 
အင်း..ဒါလည်း သတိချပ်စရာပါ ၊ :)
 
ဟုတ်ပ bro ရေ….တစ်ခါတစ်ခါ hi တောင်မလုပ်ရဲဘူး…:D
 
ဖြစ်တတ်ပါတယ် ...

ညီလေး (ကေတုမတီ သား) ကြီးရေ.
 
ကျနော်လည်းတစ်ခါဖြစ်ဖူးတယ်ဗျ တော်တော်ဆိုးတယ် သူကအရင်နှုတ်ဆက်လာတာ စိတ်တိုလိုက်တာ အရမ်းပဲဗျာ ။
 
ဖြစ်တာမှ ခဏခဏ ဖဲဗျာ။
 
မှန်တယ်
 
Absolutely Right ! But ... I've to share ... :P
 
ကိုစိုးထက်ကြီးပြောတာလဲ ဟုတ်သား
"i have to share"
ဟား ဟား
ခဏ ခဏ ကိုဖြစ်ပါတယ်။
 
ဖြစ်တတ်တာလေးကို ရှာရှာဖွေဖွေရေးထားတာ တကယ် သဘောကျမိပါတယ်။ အင်း... ချစ်သူတွေရဲ့ နှစ်ကိုယ်ကြားကိစ္စတစ်ခု ဆိုတော့ ဘာပြောရမှန်းတောင် မသိတော့ပါဘူး။ သူငယ်ချင်းကို စကားမပြောခင် စကားဝှက် အရင်ပြောလို့ ပြောရမလိုပဲ။ အင်း အဲဒီ စကားဝှက်ပါ ပြောပြထားရင်တော့ ခက်ပြီနော်း))
 
တော်ပြီ မshare တော့ဝူး နောက်ဆိုရင်။ သိသွားပြီ။ ကျေးဇူးပါကိုတောင်ငူသားရေ။
 
ဟားဟား...ကိုတောင်သူရေ မှန်ပါ့...
ရှင်းရှင်းတော့ခဏခဏ.. gtalk ပိုင်ရှင်ကောင်လေးရဲ့ကောင်မလေး အူတိုပြီးဆဲခံရတာ..

ရှင်းရှင်း
 

Popular Posts