တောင်ငူသား

..... စိမ်းလန်းပါစေ ကမ္ဘာမြေ ... ငြိမ်းချမ်းပါစေ ကမ္ဘာမြေ .....

Sunday, June 22, 2008

ပိဋကတ်သုံးပုံဆိုသည်မှာ

ဘာသာရေးနှင့်ပက်သက်၍ ကျွန်တော် ဖတ်မှတ်မိဖူးသည်များကို ကျွန်တော့်လို လူငယ် လူရွယ်များအား သိရှိလိုစိတ် တစ်ခုတည်းနှင့်သာ မျှဝေရေးသားပါသည်။ ကျွန်တော် နားလည်ထားသလို ရေးသားတင်ပြခြင်းမျှသာ ဖြစ်သောကြောင့် ကွဲလွဲမှုများ၊ မှားယွင်းမှုများပါရှိပါက ဝေဖန်ထောက်ပြနိုင်ပါသည်။

ကျွန်တော်တို့ ပိဋကတ်သုံးပုံဆိုတာကို ကြားဖူးကြပါသည်။ မြတ်စွာဘုရားဟောကြားခဲ့သော တရားတော်များကို ပိဋကတ်သုံးပုံဟူ၍ ခေါ်ဆိုသည်ကိုလည်း သိကြပါသည်။ မြတ်စွာဘုရားဟောကြားတော်မူခဲ့သော တရားတော်များကို တူရာတူရာ စုစည်းလိုက်သောအခါ သုံးမျိုးသုံးစားရရှိပါသည်။ အစဉ်လိုက်အားဖြင့်-
၁။ ဝိနည်းပိဋက
၂။ သုတ္တန်ပိဋက
၃။ အဘိဓမ္မာပိဋက တို့ဖြစ်ကြပါသည်။


၁။ ဝိနည်းပိဋက

ဝိနည်းပိဋကဆိုသည်မှာ သာသနာ့ဝန်ထမ်းရဟန်းတော်များ လိုက်နာကျင့်ကြံရမည့် ကျင့်ဝတ်၊ စည်းကမ်းများကို စုစည်းဖော်ပြထားခြင်းဖြစ်ပါသည်။ သိက္ခာပုဒ်တော်ပေါင်း (၂၂၇)သွယ် ရှိပါသည်။ ဒီဆရာတော်ကြီးဟာ ဖြင့် ဝိနည်းနဲ့အရမ်းညီလိုက်တာတို့၊ ဝိနည်းတော်နှင့်အညီ ချုပ်ထားသော သင်္ကန်းတို့ ဆိုပြီး ကျွန်တော်တို့ ကြားဖူးနေကြ စကားတွေ ရှိတယ်မဟုတ်လား။ အဲဒါဟာ ယခု (၂၂၇)သွယ်သော စည်းကမ်းတွေကို လိုက်နာစောင့်ထိန်းတာကို ပြောတာပါ။ ဘဘဦးသုခရိုက်တဲ့ ရဟန်းစားသောဆွမ်းတနပ်"စတဲ့ ဇာတ်လမ်းတွေဟာ ယခုသိက္ခာပုဒ်တော်တွေ အကြောင်းကို ရိုက်ကူးတင်ပြထားတာပါ။ ကျွန်တော်တို့ ရဟန်းခံရာတွင်လည်း ဤသိက္ခာပုဒ်တော်များကို စောင့်ထိန်းကြရမှာပါ။

၂။ သုတ္တန်ပိဋက

သုတ္တန်ပိဋက ဆိုသည်မှာ မြတ်စွာဘုရားရှင်သည် လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တဝါတွေရဲ့ အကျင့်စရိုက်၊ အသိဉာဏ်၊ အလိုဆန္ဒတို့နဲ့ သင့်မြတ်အောင် ဥပမာသာဓကများနှင့် ဟောကြားတော်မူထားတဲ့အတွက် လူများနဲ့ ပိုမိုနီးစပ်ပြီး နားလည် သဘောပေါက်လွယ်ကြပါသည်။ သာမန်ပုဂ္ဂိုလ်တို့အတွက် အသင့်လျော်ဆုံးတရားလည်းဖြစ်ပါသည်။ သုတ်တော်ပေါင်း (၁၇၅၀၅)သုတ် ရှိပါသည်။ သတိပဌာန်တရား၊ အာနာပါနရှုနည်းများ၊ ဈာန်ဝင်စားခြင်း အစရှိသည်တို့မှာ သုတ္တန်ပိဋကတ်တော်တွင် ပါဝင်ပါသည်။ ကျွန်တော်တို့ ရွတ်ဖတ်ကြသော ပရိတ်ကြီး (၁၁)သုတ်သည်လည်းကောင်း၊ မိဘဝတ်၊ သားသမီးဝတ် အစရှိသည်တို့သည်လည်းကောင်း သုတ္တန်ပိဋကတ်တော်မှပင် ဖြစ်ပါသည်။ မြန်မာ့ယဉ်ကျေးမှုအစဉ်အလာများသည် သုတ္တန်ပိဋကတ်တော်မှ ဆင်းသက်လာခြင်းလည်းဖြစ်ပါသည်။ သုတ္တန်တရားတော်များ အားလုံးကို အတိုအရှည်အလိုက်၊ တရားသဘောအလိုက် နိကာယ် (၅)ရပ် ဟူ၍ ခွဲခြားထားပါသည်။
၁။ ဒီဃနိကာယ်
၂။ မဇ္စျိမနိကာယ်
၃။ သံယုတ္တနိကာယ်
၎။ အဂုင်္တ္တရနိကာယ်
၅။ ခုဒ္ဒကနိကာယ် - တို့ ဖြစ်ကြပါသည်။ ဆရာတော်များ တရားဟောကြားရာတွင် - နိကာယ်၊ - သုတ်တော်မှာ လာသော - ဇာတ်ကြောင်းကို တန်ဆာဆင်ဟောကြားအပ်သော - တရားတော်ဟူ၍ နာကြားဖူးကြပါလိမ့်မည်။ (ဥပမာ- ဆရာတော် အရှင်ဆေကိန္ဒ၏ တရားတော်များ)

၃။ အဘိဓမ္မာပိဋက

အဘိဓမ္မာပိဋက ဆိုသည်မှာ ပုဂ္ဂိုလ်တို့၏ အလိုစရိုက်တို့ကို ဦးစားမပေးဘဲ ဓမ္မသဘာဝတို့ကို အရှိသဘောအတိုင်း ပြည့်စုံကုန်စင်အောင် ပညာသက်သက်ဖြင့် ဟောကြားတော်မူထားခြင်းဖြစ်ပါသည်။ အဘိဓမ္မာတရားတော်ကို မြတ်စွာဘုရားရှင်သည် မယ်တော်မာယာဒေဝီဖြစ်ခဲ့ဖူးသည့် နတ်သားအား မွေးကျေးဇူးဆပ်သည့်အနေဖြင့် နတ်ပြည်၌ ဝါတွင်းသုံးလပတ်လုံး ဟောကြားတော်မူခဲ့ပါသည်။ အဘိဓမ္မာပိဋက တွင်
၁။ ဓမ္မသင်္ဂဏီကျမ်း
၂။ ဝိဘင်္ဂကျမ်း
၃။ ဓါတုကထာကျမ်း
၎။ ပုဂ္ဂလပညတ်ကျမ်း
၅။ ကထာဝတ္ထုကျမ်း
၆။ ယမိုက်ကျမ်း
၇။ ပဌာန်းကျမ်း - ဟူ၍ ကျမ်းပေါင်း (၇)ကျမ်း ရှိပါသည်။ ကျွန်တော်တို့ ရွတ်ဖတ်ပူဇော်ကြသော ပဌာန်းတရားတော်မှာ အဘိဓမ္မာပိဋကမှ သတ္တမြောက်ကျမ်းပင်ဖြစ်ပါသည်။

သံဃာတော်များ ပိဋကတ်သုံးပုံစာမေးပွဲ ဖြေဆိုကြသည်မှာ ဤပိဋကတ်သုံးပုံကို ရေးဖြေရော၊ အာဂုံ(အလွတ်ရွတ်ဆိုခြင်း)ပါ ဖြေဆိုကြခြင်းဖြစ်ပါသည်။

7 comments:

I really appreciate your post, bro. I've still got a little knowledge in Buddhism though I'm a Buddhist (in fact, a traditional Buddhist).
I've heard that Tipitaka (Three baskets) covers the ways of Buddha (even say it's the common core of Buddhism). Your post is very prompt & descriptive for me. I'll be waiting for your coming related posts.
Then, can you share others where we can get more details in such prompt descriptive pattern?
 
ကောင်းတယ်ဗျာ ဗုဒ္ဓဘာသာဝင်တွေ ဆိုပြီး ပိဋ္ဋကတ်သုံးပုံ ကိုဘာမှန်းမသိသူတွေ အများကြီးရှိတယ်ဗျ သူတို့တွေအတွက် ဒီပိုစ့်လေး က အများကြီး အကျိုးရှိမှာပါ
ဆက်လက် တင်ပြ နိုင်ပါစေ...။
 
ရှင်းရှင်းလင်းလင်းလေး ရှင်းပြရေးသားထားတာ ကောင်းတယ်ဗျာ။ အခုလိုမျှဝေပေးတာ ကျေးဇူးပါပဲ။
 
ဒီပို့စ်ကို bookmark သွားတယ်။ :)
 
တောင်ငူသားရေ ဒီလိုပို့စ်လေးတွေ ကောင်းတယ်ဗျာ။ လက်ဆက်ဝေမျှပါဦး
 
ကောင်းတယ်ဗျို့။
ဝိနည်းမှာ ၂၂၇ ခုက အကျဉ်းဗျ။ အကျယ်အားဖြင့် အသေးစိတ်ရင် ကုဋေ ကိုးထောင်ကျော်ရှိတယ်လို့ မှတ်သားရဖူးပါတယ်။ ဥပဒေမှာ အခန်းခွဲသလို ထပ်ပြီး စိပ်လိုက်တာပေါ့။

ပိဋကစာမေးပွဲမှာ အာဂုမ်က အရင် အကျယ်ရေးဖြေက နောက်မှ ဖြစ်ပါတယ်။ အာဂကိုယ်တော်တွေသာလျှင် အာဂုမ်ရော ရေးဖြေပါ တစ်နှစ်တည်းမှာ ၀င်နိုင်ပါတယ်။ အများအားဖြင့်တော့ အာဂုမ်တစ်နှစ် ရေးဖြေတစ်နှစ် ဖြစ်လေ့ရှိပါတယ်။

ခုလိုဝေမျှတာ သာဓုပါ။

သင်ကာ
 
ရောင်းရင်းရေ...အဘိဓမ္မာ ပိဋကတ်နဲ့ ပက်သက်လို့...အလျဉ်းသင့်ရင် ဖော်ပြပေးပါအုံး..
ခုခေတ် ကျနော်တို့ လူငယ်ထုက ဗုဒ္ဓဘာသာရဲ့ အခြေခံ အချက်တွေနဲ့ တော်တော်လေး ဝေးလာကြတယ်..
ဗဟုသုတ နည်းသူ အချို့က စဉ်းစားတတ်တဲ့ အရွယ်တွေရောက်မှ အခြားဘာသာတွေကို ပြောင်းသွားကြတာ
ဝမ်းနည်းဖွယ် တွေ့မြင်နေရလို့..တောင်းဆို လိုက်တာပါ...ရောင်းရင်းရဲ့ စာတွေက သာသနာ အတွက် တစ်တပ် တစ်အားပေါ့ဗျာ..
 

Popular Posts